← Chapters

အခန်း ၈၀၈

Vol. 54 Ch. 808

အခန်း ၈၀၈

Vol. 54 Ch. 808

အခန်း ( ၈၀၈ ) ဧကရာဇ်တစ်ပိုင်း လှုပ်ရှားခြင်း၊ ကျွင်းမိသားစု၏ သတ္တမဘိုး‌ဘေး ကျွင်းထိုက်အ၊ ဆန်းကျယ်အဓိပဓိ ကျဆုံးခြင်း။

ကျွင်းရှောင်ယောက်၏ ယခင်မျိုးဆက်တွင် ကျွင်းမိသားစုတစ်ခုလုံးမှာ အံ့ဖွယ်အကောင်းဆုံးက နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့ဖြစ်မည်မှာ သေချာသည်။

သို့ရာတွင်၊ ဂုဏ်သတင်း ကျော်ဇောခြင်းက သူတစ်ဦးတည်း မဟုတ်ပါ။

သူ၏ နောက်လိုက် နတ်ဘုရင်ရှစ်ပါးကလည်း ထူးကဲသည်။

သူတို့တစ်ဦးစီက လူများကြားမှ လူစွမ်းကောင်းများဖြစ်ပြီး ကိုယ်ပိုင် အရည်အချင်းများနှင့် ထူးကဲကြပေသည်။

လူတစ်ယောက်အတွက်တော့ ထိုသို့ သစ္စာရှိသော နောက်လိုက်တစ်ဦးရှိရုံဖြင့် အတော်ဟုတ်နေပြီ ဖြစ်သည်။

ကျွင်းဝူဟွေ့မှာတော့ ရှစ်ယောက်တောင်မှ ရှိပေသည်။

ဤအခိုက်အတန့်တွင် မျက်နှာမှာ ဒဏ်ရာအမာရွတ်များရှိပြီး အဖြူရောင်ဆံပင်များနှင့် အရှိန်အဝါကြီးမားသော အမျိုးသားက...

နတ်မျိုးနွယ်ရှစ်ပါးထဲမှ ကောင်းကင်ဘုံကို အပြစ်ပေးသူ၊ စစ်နတ်ဘုရား ဖြစ်သည်။

'အဲဒါ ငါ့အဖေရဲ့ နောက်လိုက်ပဲ...'

ကျွင်းရှောင်ယောက်၏ မျက်လုံးများက လေးနက်သွားခဲ့သည်။

ယခုအချိန်အထိ၊ ကျွင်းရှောင်ယောက်ဟာ နတ်ဘုရားရှစ်ပါးမှ သုံးဦးနှင့် တွေ့ဆုံခဲ့ရပြီး ဖြစ်သည်။

နှစ်သွယ်မျက်လုံးနှင့် ကုချင်းမိန်းကလေး အားကျိုး။

နတ်ဆိုးဘုရင်၊ လီရှင်း။

ကောင်းကင်ဘုံကို အပြစ်ပေးသူ၊ စစ်နတ်ဘုရား။

အားကျိုးက သူ့ဘေးနားတွင် ဓမ္မကာကွယ်သူအဖြစ် အမြဲရှိနေခဲ့သည်။

လီရှင်းကတော့ ကျွင်းဝူဟွေ့နောက်သို့လိုက်ကာ ထာဝရသင်္ချိုင်းမြေကို တစ်ယောက်တည်း စောင့်ကြပ်ခဲ့၏။

ယခု၊ ဤကောင်းကင်ဘုံကို အပြစ်ပေးသူ၊ စစ်နတ်ဘုရားက အဘယ်ကလာသနည်း။

အကြောင်းတစ်ခုခုကြောင့် ကျွင်းရှောင်ယောက်ဟာ သူ့စိတ်ထဲတွင် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။

အခြားတစ်ဖက်တွင်၊ စကြဝဠာ၏နက်နဲရာမှာ...

ခန္ဓာကိုယ် အပိုင်းပိုင်းကွဲသွားသော ပါ့ထျန်းကြွယ်၏ ရှေးဦးဝိညာဉ်က ထွက်ပြေးသွားခဲ့သည်။

"ဒီကိစ္စကို ငါ့ အသျှင်ဘိုးဘွားနန်းတော်က မှတ်ထားတယ်၊ ငါ အလွတ်မပေးဘူး"

"ဟမ့်၊ သခင်လေးကို ကျိန်ဆဲပြီး ငါ့ နတ်ဘုရင်ရှစ်ပါးထဲကတစ်ဦးကို ထိခိုက်စေပြီးမှ လွတ်မြောက်ချင်သေးတာလား"

စစ်နတ်ဘုရားက အေးစက်စက်ဖြင့် ‌နှာခေါင်းရှုံ့ပြီး သူ့လက်ကို မြှောက်လိုက်သည်။ အဆုံးမဲ့ သားရဲအရိပ်များ ထွက်ပေါ်လာပြီးနောက် အားကောင်းသော သားရဲဒီရေအဖြစ် ပြောင်းလဲကာ ပါ့ထျန်းကြွယ်ကို တိုက်ခိုက်ရန် ကြိုးစားတော့သည်။

သို့သော်လည်း ထိုအချိန်တွင် စကြဝဠာတစ်ခုလုံးက ခဏတာ ပိတ်ပင်ခံလိုက်ရပုံရှိသည်။

ဖော်မ‌ပြနိုင်အောင် အမြင့်မြတ်ဆုံးသော စွမ်းအားတစ်ခုက ဧကရာဇ်သင်္ချိုင်းကြယ်တစ်စင်းလုံးနှင့် ပတ်ဝန်းကျင်စကြဝဠာတစ်ခုလုံးကို ဟင်းလင်းပြင်အလွှာပေါင်း ဘီလီယံနှင့်ချီ၍ လွှမ်းခြုံထား၏။

ဧကရာဇ်သင်္ချိုင်းကြယ်တစ်ခုလုံးမှ မကြုံစဖူး အလင်းတန်းများ ထွက်လာတော့သည်။

နိယာမအားလုံး ထွက်ပေါ်လာခဲ့သည်။

ဤအရာက ဧကရာဇ်သင်္ချိုင်းကြယ်၏ အမြင့်ဆုံး ကာကွယ်ရေး အခြေအနေတစ်ခုပင်။ တစ်နည်းပြောရလျှင်၊ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက ဤနေရာကို သက်ရောက်နေပြီ ဖြစ်သည်။

ဟုတ်ပေသည်၊ ဤအင်အားကို ခံစားရသူက စစ်နတ်ဘုရား ဖြစ်သည်။

အားကောင်းသော အရှိန်အဝါက သူ့ကို ပိတ်လှောင်ထားသလို ခံစားလိုက်ရသည်။ သူ၏ မျက်ခုံးနှစ်ခုကြားမှ‌ ကွဲထွက်တော့မလို ခံစားရကာ သွေးတစ်စက် ကျလာတော့သည်။

ဟင်းလင်းပြင်အလွှာပေါင်း ရာနှင့်ချီကာ ခြားထားသော စွမ်းအားက သူကဲ့သို့ ဆန်းကျယ်အဓိပဓိတစ်ပါး၏ ခံနိုင်ရည်ထက် ကျော်လွန်သည်။

သို့သော်၊ စစ်နတ်ဘုရားက ကြောက်ရွံ့မှုလုံးဝမရှိပေ။ သားရဲမျက်လုံးကဲ့သို့ သူ၏ ဒေါင်လိုက်မျက်လုံးက အေးစက်စက် သတ်ဖြတ်ချင်စိတ်တို့ ပြည့်သွားသည်။

"ဟားဟားဟား၊ ကောင်းတယ်..."

အသျှင်ပါ့ထျန်းကြွယ်လည်း အလွန်ဝမ်းသာနေပြီး သေခြင်းမှ ကပ်သီလေး လွတ်မြောက်သွားသလို ခံစားလိုက်ရလေသည်။

ယင်းမှာ အသျှင်ဘိုးဘွားနန်းတော်၏ ပုဂ္ဂိုလ်ကြီးတစ်ဦးမှ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

"ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးဝံ့ရင် မင်း သေချာပေါက်သေရမယ်"

အသျှင် ပါ့ထျန်းကြွယ်၏ ရှေးဦးဝိညာဉ်က ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့်‌ ပြောလိုက်သည်။

သို့သော်၊ ဤအခိုက်တွင်...

အခြား ရှေးကျပြီး ကြမ်းတမ်းသော ကြယ်စက်ဝိုင်းတစ်ခုတွင်...

လူသူကင်းမဲ့သော ရှေးဟောင်းကြယ်တစ်စင်း ရှိနေသည်။

ထိုရှေးဟောင်းကြယ်မှာတော့ ရှေးဦးသစ်ပင်တစ်စင်း ရှိပေသည်။ ထိုသစ်ပင်က မြင့်မားလွန်းသဖြင့် နဂါးငွေ့တန်းအထိ မြင့်မားစွာ ပေါက်ရောက်နေခဲ့သည်။

ဤသည်မှာ အဆုံးမဲ့အသက်အနှစ်သာရပါရှိသော ထာဝရရှေးဟောင်းသစ်ပင်သည်ပင်။

ယင်းက ကမ္ဘာ့သစ်ပင်ထက် နိမ့်ကျသော်လည်း အလွန်တရာ အဖိုးတန်သော ကမ္ဘာ့ ရှားပါးရတနာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

ထိုအချိန်တွင်၊ ထာဝရရှေးဟောင်းသစ်ပင်ပေါ်မှာ အဘိုးအိုတစ်ဦး တင်ပျဉ်ခွေထိုင်နေသည်။

အဘိုးအို၏ ဆံပင်များက ဖြူဆွတ်နေသော်လည်း သူ့မျက်နှာက ကလေးငယ်တစ်ဦးကဲ့သို့ တင်းရင်းပြီး ချောမွတ်နေဆဲပင်။ သူက ရှေးကျပြီး ညစ်ပေနေသော ၀တ်စုံကို ၀တ်ထားသည်။ သူ့ကို မည်သည့်ခေတ်မှဖြစ်သည်ဟုပင် ပြောရန်မလွယ်တော့ပေ။

မရေမတွက်နိုင်သော နှစ်များကို ဖြတ်ကျော်ခဲ့သလို သူ၏ မျက်လုံးများက သမိုင်း၏ အဆိုးအကောင်းများ စီးဆင်းနေခဲ့သည်။

ထိုအဘိုးအို သူ့လက်ထဲတွင် ဝါး ငါးမျှားတံကို ကိုင်ထားသည်။

ငါးမျှားတံက စင်စစ်အားဖြင့် မိုးနှင့်မြေ၏ နိယာမများမှ ပေါင်းစပ်ထားခြင်းဖြစ်ပြီး စကြဝဠာ၏ နက်နဲရာကို ချိတ်ဆွဲထားခဲ့သည်။

ဤအခိုက်အတန့်တွင် ထိုပုံရိပ်က အနည်းငယ် လှုပ်ရှားသွားသည်။

တည်ငြိမ်သော အဘိုးအို၏ မျက်နှာတွင် အပြုံးခပ်ယဲ့ယဲ့ ပေါ်လာခဲ့၏။

"ငါးမိပြီ"

"ဝုန်း"

အဘိုးအိုက ငါးမျှားတံကို သုတ်တင်လိုက်သည်။

စကြာဝဠာ၏ နက်နဲရာမှ ကြယ်မြစ်ကြီးက လှုပ်ရှားသွား၏။

အဖိုးအိုက အလွန်ကြီးမားသော ရှေးသားရဲတစ်ကောင်ကို စကြာဝဠာ၏ နက်နဲသောနေရာမှ ဖမ်းမိသွားခြင်း ဖြစ်တော့သည်။

ဤရှေးဟောင်းသားရဲက ရှေးဟောင်းကြယ်များထက် အဆများစွာ ကြီးမားသည်။ အနီးကပ်ကြည့်လျှင် ၎င်းက ရှေးဦး ကြယ်တာရာဝါးမျို သားရဲကြီးဖြစ်ကြောင်း တွေ့မြင်ရလိမ့်မည်။

ဤအချင်းရာကိုသာ တစ်ယောက်ယောက် မြင်တွေ့ပါက သွေးတက်သွားနိုင်သည်။

ရှေးဦးကြယ်တာရာဝါးမျို သားရဲကြီးက နေ၊ လ၊ ကြယ်များနှင့် သက်ရှိကြယ်များစွာကို ဝါးမြိုစားသောက်နိုင်သော စကြဝဠာတွင်းရှိ မကောင်းဆိုးဝါးကြီး ဖြစ်သည်။

အဓိပဓိကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် ရှေးဦး ကြယ်တာရာသားရဲကြီးနှင့် တွေ့ကြုံရပါက ချက်ချင်း ဝါးမျိုခံလိုက်ရလိမ့်မည်။

ယခုမူ၊ ဤအဖိုးအိုက အေးအေးဆေးဆေး အမူအရာဖြင့် ရှိနေခဲ့သည်။

သို့သော်လည်း အဘိုးအိုက သူ၏ အောင်မြင်မှုကို ရိတ်သိမ်းခါနီးအချိန်တွင်...

ရုတ်တရက် မျက်မှောင်ကြုတ်ပြီး သူ့ လှုပ်ရှားမှု အနည်းငယ် တုန်လှုပ်သွားသည်။

ဤအခိုက်တွင် ရှေးဦး ကြယ်တာရာဝါးမျို သားရဲကြီးကလည်း တုန်လှုပ်သွားခဲ့သည်။

ကြီးမားသော သူ့ခန္ဓာကိုယ်က မရေမတွက်နိုင်သော ကြယ်များကို ကွဲကြေကာ အပိုင်းအစများအဖြစ် ပြန့်ကျဲသွားစေခဲ့၏။

ရှေးဦးကြယ်တာရာဝါးမျို သားရဲကြီးမှာ စကြာဝဠာ၏ နက်နဲရာသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ယင်းကိုမြင်သော်လည်း အဘိုးအိုက ဒေါသမထွက်ပါ။ အဆုံးမဲ့ခေတ်များ၏ အကောင်းအဆိုးများ ယှက်သန်းနေသော သူ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"ဟင်း၊ ရေတက်လာတာနဲ့ ငါးတွေ၊ ပုစွန်တွေက မြူးလာပြီ"

"ဒါက အသျှင်ဘိုးဘွားနန်းတော်ပဲ။ ဒီကောင်လေးက ဧကရာဇ်တစ်ပိုင်းနယ်ပယ်ကို ဖြတ်ကျော်သွားတာနဲ့ ကျွင်းမိသားစုကို ရန်စနိုင်မယ် ထင်နေတာလား"

အဖိုးအိုက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

နောက်တော့ သူ့လက်ထဲမှ ငါးမျှားတံက လှုပ်ရှားသွား၏။

နိယာမများဖြင့် ဖွဲ့စည်းထားသော ငါးမျှားတံက ဝေးကွာသော ဟင်းလင်းပြင်ကိုဖြတ်ကျော်ကာ ရှေးကျသောနေရာကို ဖြတ်သန်းသွားတော့သည်။

"ဟမ့်"

အမှောင်ထဲမှ‌ အေးစက်စက် နှာခေါင်းရှုံ့သံ ထွက်ပေါ်လာခဲ့သည်။

"ကျွင်းမိသားစုရဲ့ သတ္တမမြောက် ဘိုးဘေး ကျွင်းထိုက်အ"

အမှောင်ထဲမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

တစ်ချိန်တည်းမှာပင် ကြောက်ရွံ့မှု အရိပ်အမြွက်တို့ ထွက်ပေါ်လာတော့သည်။

ဤအဘိုးအိုက ရှေးဟောင်းသစ်ပင်တွင် တိတ်တဆိတ် လေ့ကျင့်နေသော ကျွင်းမိသားစု၏ သတ္တမဘိုးဘေး ကျွင်းထိုက်အ ဖြစ်သည်။

ယခင်က၊ ကျွင်းမိသားစုက ပျက်စီးခြင်းကောင်းကင် အင်မော်နယ်နယ်မြေကြီးတွင် အင်မော်တယ်စစ်ပွဲ ဖြစ်ပွားနေခဲ့စဉ်မှာ...

အခြား အင်မော်တယ်နယ်မြေကြီးမှ ဧကရာဇ်တစ်ပိုင်းများ လှုပ်ရှားခဲ့သည်။

ရလဒ်အနေဖြင့်၊ စကြဝဠာ၏ ကြယ်မြစ်ထဲတွင် လွင့်မျောနေသော ကျွင်းမိသားစု၏ ဆဋ္ဌမမြောက်ဘိုးဘေး ကျွင်းထိုက်ရွှမ်က ပိတ်ဆို့ခဲ့ပေသည်။

ထို့နောက်တွင် ကျွင်းထိုက်ရွှမ်က ဘိုးဘွားနဂါးသိုက်ကို ဓားတစ်ချက်နှင့် ဖျက်ဆီးလိုက်သည်။

ယခု၊ နဂါးငွေ့တန်းအတွင်းမှ ငါးမျှားနေသော ကျွင်းမိသားစု၏ သတ္တမမြောက် ဘိုးဘေး ကျွင်းထိုက်အကလည်း ဆဋ္ဌမမြောက်ဘိုးဘေး ကျွင်းထိုက်ရွှမ်နှင့် မျိုးဆက်တူသော တည်ရှိမှုတစ်ခု ဖြစ်ချေသည်။

သူ၏ စွမ်းအားက သဘာဝအတိုင်း အားကောင်းပြီး ခန့်မှန်းမရပေ။

"ဟားဟားဟား... မင်းရဲ့ အသျှင်ဘိုးဘွားနန်းတော်က အသျှင်ခန္ဓာတစ်ဦး နိုးထလာမယ်ဆိုရင် ငါ မင်းကို သတိထားနေနိုင်ပေမဲ့ မင်းလို ကောင်စုတ်လေးကတော့..."

ကျွင်းထိုက်အက ရယ်မောလိုက်သည်။

ထိုအချိန်တွင် အသျှင်ဘိုးဘွားနန်းတော်က လှုပ်ရှားမှုမရှိတော့ပါ။

ဧကရာဇ်တစ်ပိုင်းကို ဖြတ်ကျော်သွားသော အသျှင်က ကျွင်းထိုက်အကို ကြောက်နေကာ နောက်ထပ် လှုပ်ရှားဝံ့ခြင်းရှိကြောင်း ထင်ရှားသည်။

ကျွင်းထိုက်အက နက်နဲသော မျက်လုံးများနှင့် အဝေးကို လှမ်းကြည့်လိုက်သည်။

"တိုင်းတပါးမှာ အချိန်သိပ်မရှိတော့ဘူး"

"ငါ့ ကျွင်းမိသားစုရဲ့ ဒီမျိုးဆက်က မျိုးစေ့ကို ကျွင်းရှောင်ယောက်လို့ ခေါ်တယ်။ သူက တကယ်ကို လူတော်တစ်ဦးပဲ..."

ကျွင်းထိုက်အက ကျေနပ်စွာဖြင့် ပြုံးရင်း စကြာဝဠာ၏ ကြယ်မြစ်ကြီးကို ကြည့်ရှုလိုက်လေသည်။

ဧကရာဇ်သင်္ချိုင်းကြယ်တွင်…

လူတိုင်းက အမှောင်ထဲမှ တန်ခိုးစွမ်းအားကို ခံစားလိုက်ရသည်။

"ဒါက နယ်ပယ်ခုနစ်ခုက ကျွမ်းကျင်သူတွေ ပိုင်ဆိုင်နိုင်တဲ့ စွမ်းအားမဟုတ်တော့ဘူး။ ဧကရာဇ်တစ်ပိုင်း၊ ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက် လျှို့ဝှက် လှုပ်ရှားသွားခဲ့ပြီ"

ပြပွဲကိုကြည့်နေသော ပုဂ္ဂိုလ်ကြီးတချို့ အံ့ဩသွားကြသည်။

မြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာ၏ တိုက်ပွဲက ဧကရာဇ်တစ်ပိုင်းတောင်မှ တိတ်တဆိတ် လှုပ်ရှားရသည်အထိ ကြီးမားသော အကျိုးသက်ရောက်မှုရှိမည်ဟု မမျှော်လင့်ခဲ့ပေ။

လူတိုင်း အသက်ရှူရခက်လာသလို ခံစားလိုက်ရသည်။

စစ်နတ်ဘုရားကဲ့သို့ သန်မာသတစ်ဦးပင်လျှင် ပြင်းထန်စွာ ဖိနှိပ်ထားသလို ခံစားရဆဲပင်။ သူ၏ မျက်ခုံးနှစ်ခုကြားမှ အက်ကွဲပြီး သွေးများ ယိုစီးလာခဲ့သည်။

ကျွင်းရှောင်ယောက်၏ အမူအရာကတော့ ပြောင်းလဲခြင်းမရှိပေ။ ကျွင်းမိသားစုက လျစ်လျူရှုနေမည်မဟုတ်မှန်း သူသိသည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ ခဏအတွင်းမှာပင် ထိုအရှိန်အဝါက ပျောက်ကွယ်သွားခဲ့သည်။

"နောက်ထပ် အစွမ်းထက်တဲ့ အင်အားတစ်ခု လှုပ်ရှားလိုက်ပြန်ပြီ။ ဒါက ကျွင်းမိသားစုရဲ့ ဧကရာဇ်တစ်ပိုင်းပဲ"

ကြယ်ကောင်းကင်မှ လျှို့ဝှက်နေသော ပုဂ္ဂိုလ်အများအပြား ထပ်မံ အံ့သြသွားကြသည်။

ကျွင်းမိသားစုသည် ယခင်ကကဲ့သို့ ခိုင်မာပြီး သူတို့၏ မိသားစုဝင်ကို အနိုင်ကျင့်ခွင့် မပြုပေ။

'ဟုတ်တာပေါ့၊ သူတို့ လှုပ်ရှားခဲ့တယ်။ ဒါက ဘယ်ရှေးဘိုးဘေးမှန်းတော့ မသိဘူး'

ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ ဤမြင်ကွင်းကို သူ ကြိုတင်မှန်းဆပြီးသားပင်။

အဝေးကိုထွက်ပြေးသွားသည့် ပါ့ထျန်းကြွယ်လည်း ဤအခြေအနေကြောင့် အံ့ဩသွားခဲ့သည်။

သူတို့ အသျှင်ဘိုးဘွားနန်းတော်၏ ဧကရာဇ်တစ်ပိုင်းက အမှန်တကယ်ပင် လှုပ်ရှားရန် ကြောက်နေခဲ့သည်။

"အခု မင်း ပြေးနိုင်သေးလား"

စစ်နတ်ဘုရားက အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ စစ်မီးတောက်များ တောက်လောင်လာခဲ့၏။ သားရဲပုံရိပ်များက တဟုန်ထိုး တက်လာပြီး ဒီရေကဲ့သို့ ပြေးထွက်သွားတော့သည်။

"မဟုတ်ဘူး"

ပါ့ထျန်းကြွယ် စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။

အဆုံးမရှိသော စွမ်းအင်ဒီရေလှိုင်းက သူ၏ ရှေးဦးဝိဉာဉ်ကို နစ်မြုပ်စေခဲ့၏။

အသျှင်ဘိုးဘွားနန်းတော်၏ ဆန်းကျယ်အဓိပဓိတစ်ပါး ကျဆုံးသွားခဲ့ပြီ။

All Chapters