အခန်း ၈၁၂
Vol. 55 Ch. 812
အခန် ( ၈၁၂ ) အသက်စမ်းရေကို ရရှိခြင်း၊ ရှေးသမိုင်းတွင် ကွယ်ပျောက်နေသော 'မျိုးစေ့'များ၊ အဆုံးစွန်စမ်းသပ်မှု ရောက်ရှိလာတော့မည်။
ပထမအနေဖြင့် အသက်စမ်းရေက ကျွင်းရှောင်ယောက် ရှင်သန်ခြင်းကျမ်းကို လေ့ကျင့်ရန် အလွန် အသုံးဝင်သည်။
လုံယောက်အာက ရှင်သန်ခြင်းကျမ်းကို ဤမျှမြန်မြန် နားလည်နိုင်ရခြင်း အကြောင်းရင်းမှာ အသက်စမ်းရေက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပေသည်။
ကျွင်းရှောင်ယောက်၏ နားလည်နိုင်စွမ်းနှင့် အသက်စမ်းရေကို ပေါင်းလိုက်ပါက...
အချိန်တိုတိုအတွင်း ရှင်သန်ခြင်းကျမ်းကို လေ့ကျင့်နိုင်ကာ နက်နဲသော အရာများကိုပင် နားလည်နိုင်မည် ဖြစ်သည်။
ဒုတိယအနေဖြင့်၊ အသက်စမ်းရေက ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာအတွက် များစွာ အထောက်အကူ ဖြစ်ပေသည်။
ယခုအချိန်ထိ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာက သက်ရှိသတ္တဝါများမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။
အကယ်၍ အသက်စမ်းရေတွင်းရှိလျှင်၊ ကျွင်းရှောင်ယောက်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာပြီး အတွင်းစကြာဝဠာအတွင်း၌ သက်ရှိသတ္တဝါများကို မွေးဖွားရန် လုံလောက်ပေလိမ့်မည်။
အသက်ရေက အသက်ဓာတ် လေ့ကျင့်ခြင်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုပင်။
ကျွင်းရှောင်ယောက်က အခြေအနေအားလုံးအတွက် ကြိုတင်ပြင်ဆင်နေခဲ့သည်။
ကျွင်းရှောင်ယောက်၏ အတွေးများကိုသာ တစ်စုံတစ်ယောက်မှ သိခဲ့ပါက သူတို့ အံ့ဩသွားလိမ့်မည်။
ကျွင်းရှောင်ယောက်က သူ့ကိုယ်ပိုင် လမ်းစဉ်အတွက် အလွန်ရှင်းလင်းသော ရည်မှန်းချက်နှင့် အစီအစဉ် ရှိသည်။
ခုနစ်ရက်အကြာတွင် လုံယွမ်က သုန်မှုန်နေသော မျက်နှာအိုကြီးဖြင့် ဧကရာဇ်သင်္ချိုင်းကြယ်သို့ ရောက်လာခဲ့သည်။
သူက ကျွင်းရှောင်ယောက်ကို အေးစက်စက်ကြည့်ပြီး ပြောလိုက်သည်။
"ဒီတစ်ခါတော့ မင်းစကားကို မပြောင်းတော့ဘူး မဟုတ်လား"
ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်က ညင်သာစွာပြုံးပြီး ပြောလိုက်လေသည်။
"ငါ နတ်ဘုရားသားတော်က အမြဲတမ်း ရိုးသားပြီး သဘောထားကြီးပါတယ်။ ဒါကြောင့် သဘာဝအတိုင်း ငါ ဒီလိုမျိုး မလုပ်ဘူး"
ချောင်ပိတ်တီးပါက ထိုက်ရွှီရှေးနဂါးများကို မဆိုထားနှင့်၊ ခွေးများပင် ပြန်ကိုက်တတ်သည်။
ကျွင်းရှောင်ယောက်က ညှိနှိုင်းရာတွင် ဘယ်အချိန်ရှေ့တိုးပြီး ဘယ်အချိန် နောက်ဆုတ်ရမည်မှန်း ကောင်းစွာသိပေသည်။
သို့သော်လည်း ဤစကားများထွက်လာသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်ရှိ ပါရမီရှင် အားလုံး၏ နှုတ်ခမ်းများက အနည်းငယ်တုန်ယင်သွားကြသည်။
ရိုးသားပြီး သဘောထားကြီးတယ်တဲ့လား။
ထိုစကားကိုကြားတော့ လုံယွမ်၏ မျက်နှာက ဒေါသကြောင့် မှုန်သိုးသွားသည်။
သူသည် ဂုဏ်သိက္ခာကြီးမားသည့် မဟာကောင်းကင်အဓိပဓိဖြစ်သော်လည်း ကျွင်းရှောင်ယောက်ကြောင့် သူ၏ တာအိုနှလုံးသား မတည်မငြိမ် ဖြစ်ခဲ့ရလေသည်။ သူ၏ တာအိုနှလုံးသားက ပြိုလဲလုနီး ဖြစ်နေပြီ ဖြစ်သည်။
"အစ်ကိုရှောင်ယောက်က သဘောထားအကြီးဆုံးပဲ"
ကျန်းလော့လီက လက်ခုပ်တီးပြီး ရယ်မောလိုက်သည်။
မဟာကောင်းကင်အဓိပဓိကို ဤသို့ဖြစ်စေနိုင်သူက ကျွင်းရှောင်ယောက် တစ်ဦးတည်းသာ ရှိဦးမည်။
"ယူလိုက်တော့"
လုံယွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ လေထုကာလှုပ်ရှားသွားပြီးနောက် သလင်းကျောက်တစ်ခုက ကျွင်းရှောင်ယောက် လက်ထဲကို ကျရောက်သွား၏။
ဂရုတစိုက် ကြည့်လိုက်ပြီးနောက် သလင်းကျောက်အတွင်း၌ ရေစက်တချို့ကို တွေ့လိုက်ရသည်။ ယင်းက နတ်ရေတွင်းကဲ့သို့ အခိုးအငွေ့တို့ ထွက်ပေါ်နေလေသည်။
ကျွင်းရှောင်ယောက်လည်း နတ်ဘုရားစိတ်အာရုံနှင့် အကဲခတ်ပြီးနောက် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ဤသည်က အမှန်တကယ် အသက်စမ်းရေပင်။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို ကြည့်လိုက်လျှင်ပင် များစွာ မတွေ့ရပေ။
ထိုက်ရွှီရှေးနဂါးမျိုးနွယ်စု၌ပင် များများ မရှိပါ။ ကျွင်းရှောင်ယောက်က အကြီးကြီး ဝါးမျိုခဲ့ခြင်းဟု ဆိုနိင်သည်။
"ကောင်းပြီ၊ သူ့ကို လွှတ်လိုက်တော့"
လုံယွမ်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က သူ့လက်ကို တစ်ချက်လှုပ်လိုက်ရာ သူ့လက်ထဲမှ ခွေးကြိုး ပျောက်ကွယ်သွား၏။
ဤတော့မှ လုံယောက်အာလည်း နောက်ဆုံးတွင် မတ်တပ်ရပ်နိုင်တော့သည်။
သူက အံကိုကြိတ်ပြီး ကျွင်းရှောင်ယောက်ကို လှည့်ကြည့်ကာ တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည်။
"အဓိပ္ပါယ်မရှိတဲ့ ခြိမ်းခြောက်စကားတွေကို မပြောတော့နဲ့။ မင်း ယုံထားလိုက်ပါ၊ နောင်တစ်ချိန်မှာ မင်းငါ့ကို ထပ်ပြီး နှိုးဆော်ဝံ့ရင် ခွေးတစ်ကောင်ဖြစ်တယ်ဆိုတာ ဘာမှန်း မင်းတကယ်နားလည်အောင် ငါပြရလိမ့်မယ်"
ကျွင်းရှောင်ယောက်၏ စကားများက လုံယောက်အာကို တိတ်ဆိတ်သွားစေခဲ့သည်။ သူမပြောလိုသည့် ခြိမ်းခြောက်စကားအားလုံး ထွက်မလာတော့ပါ။
"ဒါ့အပြင် မင်းမှာ ဘယ်လိုအခြေအနေရှိသေးလဲ ငါသိတယ်၊ ဒါကြောင့် ငါ့ကို ထပ်လာမနှောက်ယှက်ပါနဲ့"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက နက်နဲသွားသည်။
လုံယောက်အာ တုန်လှုပ်သွားပြီး တံတွေးတစ်လုတ်ကို မျိုချလိုက်၏။
ကျွင်းရှောင်ယောက်က ယင်းကို မြင်နေပြီးသား ဖြစ်ပုံရသည်။
မမှားပေ၊ လုံယောက်အာကလည်း ဧကရာဇ်ကိုဆန့်ကျင်သည့် ဧကရာဇ် ခုနစ်ပါးထဲမှ တစ်ယောက် ဖြစ်သည်။
မြင့်မြတ်ခန္ဓာဟ ရန်သူဟောင်း အသျှင်ခန္ဓာအနေဖြင့် လုံယောက်အာက ဧကရာဇ်ကိုဆန့်ကျင်သည့် ဧကရာဇ်ခုနစ်ပါးအနက်မှ တစ်ပါးဖြစ်လာသည်မှာ ကျိုးကြောင်းဆီလျော်မှုရှိပေသည်။
သို့သော်လည်း လင်ယွမ်ကဲ့သို့ပင် လုံယောက်မာက တာအိုသက်သေပြုခြင်း ဧကရာဇ်တံဆိပ်နှင့် မပေါင်းစပ်ရသေးပါ။
အကြောင်းမှာ သူမ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် ကျွင်းရှောင်ယောက်ကို အနိုင်ယူလိုသောကြောင့် ဖြစ်သည်။
ယခုတော့ သူဟာ နုံအသေးပုံပင်။
အင်မော်တယ်နယ်မြေကြီး၏ အလိုတော်က ဧကရာဇ်တစ်ပါးကိုဆန့်ကျင်ရန် ဧကရာဇ်ခုနစ်ပါးအထိ ရွေးထုတ်ရခြင်းကို ကြည့်ခြင်းအားဖြင့်၊ လူတစ်ဦးတည်းက ကျွင်းရှောင်ယောက်ကို အနိုင်ယူရန် ခက်ခဲမှန်း သိသာသည်။
လုံယောက်အာ ဘာမျှ မပြောတော့ဘဲ လုံယွမ်ဆီသို့ လျှောက်သွားတော့သည်။
ဤတိုက်ပွဲအပြီးတွင် ကျွင်းရှောင်ယောက်က သူမကို အမှန်တကယ် ကြီးပြင်းလာရန် သင်ပေးခဲ့သည်။
"ယောက်အာ၊ သွားကြရအောင်"
လုံယောက်အာ၏ အခြေအနေကိုမြင်တော့ လုံယွမ်လည်း သူ့စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။
ဤကိစ္စမျိုး ဖြစ်လာမည်ကို သူ စိတ်ပူသောကြောင့် လုံယောက်အာကို သူ အပြင်ထွက်ခွင့် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
အသျှင်ဘိုးဘွားနန်းတော်က အသျှင်ရှန်းဖေးနှင့် ကျွင်းရှောင်ယောက်ကို လုပ်ကြံသောအခါမှာလည်း လုံယောက်အာ မွေးဖွားခြင်းအတွက် လမ်းခင်းပေးရန် ခွင့်ပြုခဲ့ပေသည်။
ရလဒ်အနေဖြင့် ယခုတော့ အကြွင်းမဲ့အင်အားနှင့် ရင်ဆိုင်ရသည့်အခါ နည်းလမ်းအားလုံးက အသုံးမဝင်မှန်း ထင်ရှားသွားပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က သူတို့မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။
လုံယွမ်လည်း လုံယောက်အာကို ခေါ်ဆောင်ပြီး ထွက်ခွာသွားတော့သည်။
ဤတစ်ကြိမ်တွင် အသျှင်ဘိုးဘွားနန်းတော်နှင့် ထိုက်ရွှီရှေးနဂါးနန်းတော်က ကြီးမားသော တန်ကြေးကို ပေးဆပ်ခဲ့ရသည်။
ဘိုးဘွားနဂါးနန်းတော်က ဆန်းကျယ်ကောင်းကင်အဓိပဓိတစ်ပါး ကျဆုံးသွားခဲ့သည်။
ထိုက်ရွှီရှေးနဂါးမျိုးနွယ်ကမူ ရှင်သန်ခြင်းကျမ်းနှင့် အသက်ရေကို ဆုံးရှုံးခဲ့ရ၏။
ကျွင်းရှောင်ယောက်မူကား ဤတိုက်ပွဲအပြီးတွင် ဂုဏ်သတင်း ကျော်ဇောခြင်းနှင့် ကံကောင်းခြင်းများကို ရရှိခဲ့ပေသည်။
အဆုံးစွန်ရှေးဟောင်းလမ်းတစ်ခုလုံးတွင်၊ ဂုဏ်သိက္ခာရှိဆုံးသူပင် ကျွင်းရှောင်ယောက်ကို မကျော်လွန်နိုင်တော့ပါ။
လင်ယွမ်၊ ကူတိကျစ်နှင့် အခြား အင်မော်တယ်ခုံရုံး၏ အထွတ်အထိပ် ပါရမီရှင်များပင်လျှင် ဂုဏ်သိက္ခာအရ ယခု ကျွင်းရှောင်ယောက်လောက် မမြင့်မားပေ။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အမှန်တကယ် ကောင်းကင်ဘုံကို အန်တုနိုင်တာပဲ။ ကြီးကျယ်ခမ်းနားတဲ့ အပြိုင်ကမ္ဘာကြီးမှာ ဂုဏ်ကျက်သရေ အားလုံးက သူ့အပေါ်မှာ ကျရောက်နေပြီ"
ပါရမီရှင်များစွာတို့က လေးစားစွာဖြင့် ကြည့်လိုက်သည်။
ကျန်းစန်းယီနှင့် ကျန်းလော့လီလည်း ဂုဏ်ယူဝင့်ကြွားသော အပြုံးများဖြင့် ရှိနေတော့၏။
ဤသည်မှာ သူတို့ချစ်ရသူ ဖြစ်သည်။
"နတ်ဘုရားသားတော်က တကယ်ကို အမြင်ကျယ်စေခဲ့တာပဲ။ မင်းကို 'မျိုးစေ့'ဖြစ်လာဖို့ အရည်အချင်းပြည့်မီတယ်လို့ ပြောကြတာ အံ့ဩစရာ မရှိတော့ပါဘူး"
ရှေးဟောင်းလမ်း၏ တရားစီရင်သူလည်း သက်ပြင်းချလိုက်သည်။
“မျိုးစေ့…”
ကျွင်းရှောင်ယောက် သိလိုစိတ်ဖြင့် ကြည့်လိုက်၏။
"ရှေးသမိုင်းတစ်လျှောက် မှတ်တမ်းတင်ခဲ့ရတဲ့ နတ်ဆိုး ပါရမီရှင်တွေ၊ သူတို့ကို ခေတ်တစ်ခုစီရဲ့ အထွတ်အထိပ် ပါရမီရှင်တွေလို့ ခေါ်တယ်"
"သူတို့တွေက ဘာနဲ့တူသလဲဆိုရင် မျိုးစေ့ပျိုးပြီး အပင်ပေါက်ပြီး အပွင့်ပွင့်လာမဲ့အချိန်ကို စောင့်နေရသလိုပဲ"
တရားစီရင်သူက ရှင်းပြလိုက်သည်။
ခေတ်တိုင်း၏မျှော်လင့်ချက်၊ အမြင့်မားဆုံး ပါရမီရှိသည့် လူအုပ်စုကို မျိုးစေ့များဟု ခေါ်ပေသည်။
သူတို့က ရှေးဟောင်းလူထူးဆန်းများထက်ပင် ပို၍ ထူးကဲသည့် တည်ရှိမှုများ ဖြစ်သည်။
သူတို့က ရှေးဟောင်းသမိုင်းတွင် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်ဆုံး လူငယ် နတ်ဆိုးများပင်။
"ကျုပ်နားလည်ပါပြီ။ အနာဂတ်က သိပ်ပျင်းစရာကောင်းမှာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက်က ထူးခြားမှုမရှိသလို ပြုံးလိုက်သည်။
သူ၏ လက်ရှိ အရည်အချင်း၊ ခွန်အားများဖြင့် သူ့ကို ဤခေတ်၏ "မျိုးစေ့"ဟု ခေါ်နိုင်ပေသည်။
ကျွင်းရှောင်ယောက်လည်း အဆုံးစွန်ရှေးဟောင်းလမ်းကို လျှောက်ပြီးလျှင်ပင် နောက်ပိုင်း အချိန်များက ပျင်းစရာကောင်းတော့မည် မဟုတ်သလို ခံစားလိုက်ရသည်။
နောင်တွင်၊ ရှေးသမိုင်းခေတ်အမျိုးမျိုးတွင် မြှုပ်နှံထားသော “မျိုးစေ့များ” သည်လည်း တစ်ခုပြီးတစ်ခု ပေါ်လာလိမ့်မည်။
ဤအပြိုင်ခေတ်ကြီးတွင် သူတို့က အပွင့်ပွင့်ပြီးသော မျိုးစေ့များ ဖြစ်သည်။
နောက်တစ်ခုကတော့ "မျိုးစေ့"ခေတ်ပင်။
ထိုအချိန်တွင် အစွမ်းထက်မြက်သည့် လူအမျိုးမျိုးက လွတ်လပ်မှုအတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။
တိုက်ပွဲကို အနိုင်ရသူက ကမ္ဘာကြီးကို စိုးမိုးပြီး အထွတ်အထိပ်သို့ တက်နိုင်လိမ့်မည်။
"အင်း၊ ငါလည်း နတ်ဘုရားသားတော် ရှေးဟောင်းလမ်းရဲ့ အဆုံးကိုသွားပြီး နောက်ဆုံးစမ်းသပ်မှုမှာ ပါဝင်မဲ့အချိန်ကို စောင့်မျှော်နေတယ်။ အဲဒီအချိန်ကျရင် တိုင်းတစ်ပါးက ခွေးတွေကို အံ့အားသင့်စေလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
ရှေးဟောင်းလမ်း၏ တရားစီရင်သူက ပြင်းပြသောမျှော်လင့်ချက်တို့ တောက်ပနေသော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
သူဟာ ကာကွယ်သူမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး တိုင်းတစ်ပါးမှ မိစ္ဆာများကို အလွန်မုန်းတီးသူ ဖြစ်သည်။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် ကျွင်းရှောင်ယောက်ကဲ့သို့ ထာဝရတားမြစ်ချက်ကို မြင်တွေ့ရခြင်းက သူ့အား အလွန် ပျော်ရွှင်စေပေသည်။
ကျွင်းရှောင်ယောက်က တိုင်းတပါးမှ ရန်သူအားလုံးကို သွေးစွန်းစေပြီး အလျားလိုက်တွန်းပို့မည့် မြင်ကွင်းကို သူ အလွန် တွေ့ချင်ခဲ့မိသည်။
"အဆုံးစွန် စမ်းသပ်မှုလား"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာခဲ့သည်။
အဆုံးစွန်ရှေးဟောင်းလမ်း၏ အဆုံးသို့သွားပြီး စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်လျှင် အခွင့်အလမ်းကောင်းများ ရနိုင်သည်ဟု ယောင်ဝါးဝါး သူကြားဖူး၏။
သို့သော်လည်း ရှေးဟောင်းလမ်းမှ တရားစီရင်သူ၏ ပြောစကားအရ၊ ဤနောက်ဆုံးစမ်းသပ်မှုသည် တိုင်းတပါးမြေများနှင့် ဆက်သွယ်ရန် လိုအပ်နေသေးပုံ ရသည်။
ယင်းက စိတ်ဝင်စားဖို့ကောင်းပေသည်။
"အဆုံးစွန်စမ်းသပ်မှုက ဒဏ္ဍာရီလာဧကရာဇ်တစ်ပါးနဲ့ သက်ဆိုင်တယ်။ နတ်ဘုရားသားတော် ကံကောင်းမယ်ဆိုရင် ဒဏ္ဍာရီလာ ရတနာဖြစ်တဲ့ ကမ္ဘာ့သစ်ပင်ကိုတောင် ရနိုင်လိမ့်မယ်"
ရှေးဟောင်းလမ်း၏ တရားစီရင်သူက အနည်းငယ်ပြုံးလိုက်သည်။
"ဘာ"
ကျွင်းရှောင်ယောက် လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။