← Chapters

အခန်း ၈၁၃

Vol. 55 Ch. 813

အခန်း ၈၁၃

Vol. 55 Ch. 813

အခန်း ( ၈၁၃ ) အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ် ရွေးချယ်ပွဲ၊ ကျွင်းဝူဟွေ့၏ သတင်း၊ တိုင်းတပါးတွင် ဧကရာဇ်အသစ် မွေးဖွားခြင်း။

အကယ်၍ ယခုအချိန်တွင် ကျွင်းရှောင်ယောက် အစိုးရိမ်ဆုံးအရာတစ်ခုရှိပါက ယင်းမှာ အတွင်းစကြာဝဠာပင်။

ကျွင်းရှောင်ယောက်သည် မကောင်းဆိုးရွား ပါရမီရှင်တစ်ဦးဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းတွင် ပိတ်ဆို့မှုများ မရှိသလောက် ဖြစ်သည်။

အခြားသူများအတွက် ဖြတ်ကျော်ရန် ခက်ခဲသော နယ်ပယ်များကို ကျွင်းရှောင်ယောက်က ထမင်းစားရေသောက်ကဲ့သို့ ဖြတ်ကျော်နိုင်စွမ်းရှိ၏။

သို့သော်လည်း ကျွင်းရှောင်ယောက်တွင် ပိတ်ဆို့မှုတစ်ခု ရှိနေသည်။ ယင်းက အတွင်းစကြာဝဠာပင်။

ယေဘူယျအားဖြင့်၊ အဓိပတိများထဲမှ ထိပ်တန်းကျွမ်းကျင်သူများသာ ကမ္ဘာငယ်သဏ္ဍာန်နှင့် ကနဦး ထိတွေ့နိုင်စွမ်းရှိမည် ဖြစ်သည်။

ဧကရာဇ်တစ်ပိုင်းနှင့်အထက် ကျွမ်းကျင်သူသာလျှင် သင့်တင့်လျောက်ပတ်သော အတွင်းကမ္ဘာ သို့မဟုတ် အတွင်းစကြာဝဠာကို ဖန်တီးနိုင်စွမ်း ရှိ၏။

သို့ရာတွင် ကျွင်းရှောင်ယောက်က ဘယ်လိုလဲ။

ယခုမှ မဟာသူတော်စင်နယ်ပယ်၌သာ ရှိသေးသည်။

မဟာသူတော်စင်နယ်ပယ်နှင့် အတွင်းစကြာဝဠာတစ်ခု ရှိသည်။

ကျွင်းရှောင်ယောက်က ကိုယ်ပိုင်လမ်းစဉ် လျှောက်သောကြောင့် အတွင်းစကြာဝဠာကို စောစောဖွင့်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့အပြင်၊ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာက သူ့အတွက် သီးသန့်ဖြစ်ပြီး ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ စည်းမျဉ်းများနှင့် ဘာမှမဆိုင်ပါ။

ထို့ကြောင့် အတွင်းစကြာဝဠာကို ချဲ့ထွင်ရန်မှာ သဘာဝအားဖြင့် ပို၍ခက်ခဲသည်။

သာမန်ကျင့်ကြံသူများ၏ အတွင်းကမ္ဘာထက် အဆများစွာ ပိုခက်ခဲပေသည်။

ဤသည်ကပင် ကျွင်းရှောင်ယောက်က အတွင်းစကြာဝဠာအတွက် အသက်ဓာတ်ဖြည့်ပေးနိုင်သည့် အသက်စမ်းရေကို ရယူလိုသော အကြောင်းရင်း ဖြစ်သည်။

သို့ရာတွင်၊ ကမ္ဘာပေါ်မှာ ဘယ်ရတနာက အကောင်းဆုံးဖြစ်မည်နည်း။

ယင်းက ကမ္ဘာ့သစ်ပင်ဆိုတာ သံသယဖြစ်စရာမလိုပေ။

ဤအရာက ဧကရာဇ်များကိုပင် စိတ်လှုပ်ရှားစေမည့် အရာဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း နောက်ဆုံးစမ်းသပ်မှုတွင် ထိုသို့သောရတနာတစ်ခု ပေါ်လာလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားပေ။

သူ့စိတ်ထဲတွင် နောက်ဆုံးအစမ်းခန့်အတွက် မျှော်လင့်ချက်တို့ ပြည့်လာခဲ့သည်။

ကမ္ဘာ့သစ်ပင်ကို သူရရမယ်။

"ကောင်းပြီ၊ နတ်ဘုရားသားတော် ရှေးဟောင်းလမ်းရဲ့အဆုံးကို ရောက်သွားရင်၊ တစ်ယောက်ယောက်က မင်းကို အဆုံးစွန်စမ်းသပ်မှုနေရာဆီ သဘာဝအတိုင်း ခေါ်သွားလိမ့်မယ်။ ဒါကြောင့် အခုတော့ ငါ သွားပါဦးမယ်"

ရှေးဟောင်းလမ်း၏ တရားစီရင်သူက လက်ယှက်ပြီး အနည်းငယ် ဦးညွှတ်ပြလိုက်သည်။

ကျွင်းရှောင်ယောက်လည်း လက်ယှက်ပြလိုက်လေသည်။

"ညီနောင်ကျွင်း၊ မင်း ငါတို့ကို တကယ် အမြင်ကျယ်စေခဲ့တာပဲ။ ရှေးဟောင်းလမ်းရဲ့ အဆုံးမှာ ငါ မင်းနဲ့ ထပ်တွေ့ရဖို့ မျှော်လင့်တယ်"

ယွီဟွာဝမ်က အနားသို့လျှောက်လာကာ ပြုံးလျက် ပြောလိုက်သည်။

သူသည်လည်း ယွီဟွာဧကရာဇ်၏ အမွေတချို့ကို ချေဖျက်ရန်အတွက်လည်း တံခါးပိတ် ကျင့်ကြံရဦးမည်။

ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ဒါနဲ့ ညီနောင်ကျွင်း၊ ဧကရာဇ်သင်္ချိုင်းကြယ်မှာ အဓိပဓိ အင်မော်တယ်ခုံရုံးရဲ့ သားမြေးတွေကို မတွေ့ရဘူးနော်။ ဒါက ဘာကြောင့်လို့ ထင်လဲ"

ယွီဟွာဝမ်က ရုတ်တရက် ပြောလိုက်သည်။

"ညီနောင်ယွီဟွာများ တစ်ခုခု သိထားလို့လား"

ကျွင်းရှောင်ယောက်က မေးလိုက်၏။

"ငါသိတာတစ်ခုတော့ ရှိပါတယ်။ အင်မော်တယ်ခုံရုံးက တပည့်တွေဟာ အဓိပဓိ အင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ငယ်အတွက် တိုက်ပွဲဝင်နေပုံရတယ်"

ယွီဟွာဝမ်က ပြောလိုက်သည်။

"ဒီလိုပဲ"

ကျွင်းရှောင်ယောက် ရုတ်တရက် သဘောပေါက်သွား၏။

ဧကရာဇ်သင်္ချိုင်းကြယ်တွင် အဓိပဓိ အင်မော်တယ်ခုံရုံးမှ လူများ အဘယ်ကြောင့် မရှိရသနည်းဟု သူလည်း တွေးခဲ့ဖူးသည်။

ယခုတော့ ဧကရာဇ်ငယ်ကို ရွေးချယ်နေခြင်းဖြစ်ကြောင်း သိသာထင်ရှားနေပြီ။

"အဓိပဓိ အင်မော်တယ်ခုံရုံးက ဧကရာဇ်ငယ် ရွေးချယ်တဲ့နေရာဟာ အင်မော်တယ်ကျောက်စာတောလို့ ခေါ်တဲ့ နေရာတစ်ခုပဲ။ အဲဒီက အခွင့်အလမ်းတွေဟာ ဧကရာဇ်သင်္ချိုင်းကြယ်ထက် မနိမ့်ကျဘူး"

"ညီနောင်ကျွင်းက အဓိပဓိ အင်မော်တယ်ခုံရုံးရဲ့ အမွေဆက်ခံသူတချို့နဲ့ ပြဿနာရှိပုံရတယ်။ အဓိပဓိ အင်မော်တယ်ခုံရုံးဟာ ရေစူးနက်လွန်းတာကြောင့် သူတို့ကို သတိထားဖို့ သတိပေးချင်တယ်။ လင်ယွမ်၊ ကူတိကျစ်နဲ့ တခြားသူတွေက လျှော့တွက်လို့မရပါဘူး"

ယွီဟွာဝမ်က ရိုးရိုးသားသား သတိပေးလိုက်သည်။

"သတိပေးတာ ကျေးဇူးတင်ပါတယ် ညီနောင်ယွီဟွာ"

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။

သဘာဝအတိုင်း၊ သူက အဓိပဓိအင်မော်တယ်ခုံရုံးကို လျှော့တွက်ထားမည်မဟုတ်ပေ။

နောက်ဆုံးတွင်၊ ဤအင်အားစုမှာ တစ်ချိန်က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို အုပ်စိုးခဲ့သူဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော နောက်ခံကို ပိုင်ဆိုင်ထားသည်။

ကျွင်းမိသားစုကဲ့သို့ သန်မာသူပင်လျှင် သူတို့နှင့် ထိပ်တိုက်မတွေ့ချင်သေးပေ။

ဤအချိန်တွင် ကျွင်းမိသားစုနှင့် အဓိပဓိအင်မော်တယ်ခုံရုံး စစ်ဖြစ်မည်ဆိုပါက သက်ရောက်မှုမှာ အလွန်ကြီးမားမည် ဖြစ်သည်။

ယင်းက သာမန် အင်မော်တယ်စစ်ပွဲများထက် ကြီးမားသော အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပြီး ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို ထိခိုက်စေကာ ကမ္ဘာကြီးကို ပြောင်းပြန်လှန်လိမ့်မည်။

အတိအကျပြောရသော်၊ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောများက ဤတိုက်ပွဲကို သဘောမတူဘဲ ခွဲထွက်သွားသူများ ဖြစ်သည်။

ကျွင်းရှောင်ယောက်ဟာ ထိုအင်မော်တယ်ခုံရုံး၏ မျိုးဆက်များကို ဘယ်သောအခါမှ လျှော့မတွက်ခဲ့ပေ။

အဓိပဓိအင်မော်တယ်ခုံရုံးသာ ဧကရာဇ်ငယ်ကို ရွေးချယ်ပြီးပါက၊ အင်မော်တယ်ခုံရုံး၏ အမွေဆက်ခံသူများ စည်းလုံးသွားလိမ့်မည် ဖြစ်သည်။ ယင်းမှာ ကျွင်းရှောင်ယောက်အတွက် သဘာဝအတိုင်း အဆင်မပြေနိုင်ပေ။

သို့သော်လည်း ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။ သူ၏ အကြွင်းမဲ့ ခွန်အားက သူ့ကို အကြောက်တရား ကင်းမဲ့စေပေသည်။

"အင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ငယ်က လင်ယွမ်နဲ့ ကူတိကျစ်ကြားမှာ မွေးဖွားလာလိမ့်မယ်။ ဒါက ဘယ်သူဖြစ်နိုင်မလဲ"

ကျွင်းရှောင်ယောက် အနည်းငယ် သိချင်လာမိသည်။

ထို့နောက် ယွီဟွာဝမ် ထွက်ခွာသွားပြီး ယွီယွင်ရှန့်လည်း လိုက်သွားခဲ့ရလေသည်။

ထွက်ခွာမသွားခင် သူမက ကျွင်းရှောင်ယောက်ကို တုံ့ဆိုင်းပြီး လွမ်းဆွတ်မှုတို့ ပြည့်နှက်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်နှင့် သူမက အချိန်အကြာကြီး မရှိခဲ့သလို စကားလည်း များများ မပြောခဲ့ဖူးပေ။

သို့ရာတွင် ကျွင်းရှောင်ယောက်က လှပပြီး မြင့်မြတ်သော မင်းသမီးလေးကို အနိုင်ယူပြီးသွားပြီ ဖြစ်သည်။

"သခင်လေး၊ ယွင်ရှန့်က နင်နဲ့ ပြန်တွေ့ရဖို့ မျှော်လင့်နေတယ်"

ယွီယွင်ရှန့်၏ ပါးပြင်နှစ်ဖက်က နီရဲနေလေသည်။ သူမက ယွီဟွာဝမ်နှင့် မသွားမီ ကျွင်းရှောင်ယောက်ကို တစ်ဖန်ပြန်လှည့်ကြည့်လိုက်သည်။

'ပြန်တွေ့ဦးမှာလား'

ကျွင်းရှောင်ယောက်၏ မျက်လုံးများက လေးနက်သွားသည်။

သို့သော်လည်း သူ့အကြည့်က ယွီယွင်ရှန့်ကို မဟုတ်ပေ။

ယင်းအစား၊ ယွီဟွာဝမ်အပေါ်သို့ ကျရောက်ခဲ့သည်။

သူက နက်နက်နဲနဲ ဖုံးကွယ်ထားနိုင်ပေသည်။

တစ်ဖက်တွင်၊ ကျန်းလော့လီက အန္တရာယ်ကို ခံစားမိသော ယုန်ငယ်လေးကဲ့သို့ သူမ၏ နှာခေါင်းကို ရှုံ့လိုက်သည်။

"အစ်ကိုရှောင်ယောက်က ထူးချွန်လွန်းတော့ သူ့ကိုကြိုက်နေတဲ့ မိန်းမတွေ ပိုပြီးများလာပြီ"

ကျန်းလော့လီက ရေရွတ်လိုက်သည်။

ယခုတော့ သူမ အနည်းငယ် နောင်တရနေပြီ။

ထိုစဉ်က သေခြင်းရှင်ခြင်းတံခါးအတွင်း၌ ရှိခဲ့စဉ်မှာ...

သူ ဘာဖြစ်လို့ အဲ့လောက်ရှက်နေခဲ့တာလဲ။

ဘာဖြစ်လို့ မရဲတင်းခဲ့တာလဲ။

"ဘာမှမဖြစ်ပါဘူး၊ ရှောင်ယောက်က သားသမီးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ လိုက်လျောညီထွေ ရှိနေမဲ့လူ မဟုတ်ဘူး။ သူက အနာဂတ်မှာ ဘုရင်ဖြစ်လာဖို့ ရည်မှန်းထားတယ်"

ကျန်းစန်းယီက ရေရွတ်လိုက်သည်။

ထို့နောက်မှာတော့ လူအုပ်ကြီးက တဖြည်းဖြည်း လူစုခွဲသွားပြီး ဤနေရာမှ သတင်းများကို စတင်ဖြန့်ဝေကြတော့သည်။

လက်ကိုးချောင်း သူတော်စင်နဂါးဧကရာဇ်၏ အခွင့်အရေးကိုတော့ မည်သူမျှ မတွေးဝံ့ကြပါ။

ကြယ်ကောင်းကင်မှ ပုဂ္ဂိုလ်ကြီးများလည်း စတင် ထွက်ခွာသွားခဲ့သည်။ တချို့ကလည်း ကျွင်းမိသားစုနှင့် သူတို့၏ ဆက်ဆံရေးကို ပြန်လည်သုံးသပ်လာတော့သည်။

ကျွင်းရှောင်ယောက်သာ မကျဆုံးပါက ခေတ်အဆက်ဆက် အုပ်စိုးပြီး အချိန်မြစ်ကြီးတွင် ရှည်ကြာစွာ ရပ်တည်နိုင်မည့် ထိပ်သီး ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာမည် ဖြစ်သည်။

ထိုအချိန်တွင် ကျွင်းမိသားစုနှင့် ပတ်သက်မှုကို ကိုင်တွယ်ရန် ခက်ခဲလိမ့်မည်။

အားလုံး လူစုခွဲသွားတော့မှ ကျွင်းရှောင်ယောက်က စစ်နတ်ဘုရားဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

"အကြီးအကဲ စစ်နတ်ဘုရား၊ ခင်ဗျားက တိုင်းတပါးနယ်စပ်ကနေ ပြန်လာတာလို့ အားကျိုးက ပြောတယ်။ အဖေ..."

ကျွင်းရှောင်ယောက်က တစ်ခုခုပြောရန် ဟန်ပြင်ပြီးမှ ရပ်လိုက်၏။

ကျွင်းရှောင်ယောက်က ချီတစ်ခုကို သုံးခုပြောင်းနည်းဖြင့် တားမြစ်နယ်မြေသုံးခုကို ထိန်းချုပ်နေမှန်း သူ သိသည်။

ထို့ကြောင့် ကျွင်းဝူဟွေ့၏ အခြေအနေကို အလွန်စိုးရိမ်ပေသည်။

သူ့ဖခင်ကို တစ်ခါမျှ မတွေ့ဖူးသလို ဖခင်တစ်ယောက်၏မေတ္တာကိုလည်း သူ မခံစားဖူးပါ။

သို့သော်လည်း ကျန်းရို့ဟာ ကျွင်းရှောင်ယောက်ငယ်စဉ်က အကြိမ်ကြိမ် ပြောဖူးသည်။

'မင်းရဲ့အဖေက မိုးနဲ့မြေကို ထောက်ပံ့ထားတဲ့ သူရဲကောင်းတစ်ယောက်ပါ။ ဒါကြောင့် မင်းနဲ့ အဖော်မပြုနိုင်လို့ သူ့ကို အပြစ်မမြင်ပါနဲ့ သားလေး"

ကျွင်းရှောင်ယောက်က သူ့အဖေကို အပြစ်မမြင်ပါ။ ထို့အပြင် အချိန်ခရီးသွားတစ်ယောက်အနေဖြင့် သူ့စိတ်က အလွန်ရင့်ကျက်ကာ သဘာဝအတိုင်း ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေမည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ကျွင်းရှောင်ယောက်က ကျွင်းဝူဟွေ့ကို လေးစားသည်။

အနည်းဆုံးတော့ ကျွင်းရှောင်ယောက် ကိုယ်တိုင်ကတောင် တစ်ကိုယ်ကောင်းဆန်စိတ် ရှိသေးသည်။

“သခင်၊ သခင်၊ သူ...”

စစ်နတ်ဘုရားက စကားမဆက်မနိုင်သေးပါ။ သူမ၏ မျက်လုံးများကလည်း အနည်းငယ် မှိုင်းညှို့လာသည်။

ကျွင်းရှောင်ယောက် အသက်ကို ပုံမှန်ရှူရင်း ပြောသည်။

"အကြီးအကဲ၊ ပြောသာပြောပါ"

"သခင်... သူ့ရဲ့ အငွေ့အသက်... ပျောက်ကွယ်သွားပြီ..."

စစ်နတ်ဘုရားက လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"ဘာ"

အားကျိုး၊ ကျန်းစန်းယီ၊ ကျန်းလော့လီနှင့် အခြားသူများ မျက်နှာပျက်သွားကြ၏။

မမျှော်လင့်ဘဲ၊ စစ်နတ်ဘုရားက ထိုကဲ့သို့သောသတင်းကို အမှန်တကယ် ပြောလာသည်။

"အဖေရဲ့ အရှိန်အဝါ ပျောက်ကွယ်သွားပြီလာ"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အနည်းငယ် တုန်ခါသွားပြီး တည်ငြိမ်မှု မရှိတော့ပေ။

ကျွင်းရှောင်ယောက်၏ အေးစက်မှုနှင့် အကြင်နာကင်းမဲ့ခြင်းက သူ့ရန်သူများအပေါ်၌သာ ဖြစ်သည်။

သူ့မိသားစုဝင်များအပေါ်မှာတော့ အလွန်စိုးရိမ်ပြီး ဂရုစိုက်လေသည်။

"သခင်က တိုင်းတပါးကို နက်နက်နဲနဲ ဝင်သွားတဲ့အတွက် ငါလည်း အတိအကျတော့ မသိဘူး။ သူ တစ်ယောက်တည်းက အကြီးမားဆုံး အတားအဆီးတစ်ခုပဲလေ"

"ဒါပေမဲ့ တိုင်းတပါးမှာ နယ်စပ်အထိ လာရောက်ရိုက်ခတ်တဲ့ ကြောက်စရာကောင်းတဲ့ တာအိုသံစဉ်တွေ ထွက်ပေါ်လာခဲ့တယ်။ မဟာဧကရာဇ်ရဲ့ အလင်းရောင်ကလည်း ကောင်းကင်ကိုးခုမှာ လင်းဖြာနေခဲ့သလိုပဲ"

"ဖြစ်ကောင်းဖြစ်နိုင်တာက တိုင်းတပါးမှာ ဧကရာဇ်တစ်ပါး မွေးဖွားလာခဲ့ပြီ"

စစ်နတ်ဘုရားက အလွန်လေးနက်ပြီး အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

All Chapters