အခန်း ၈၁၄
Vol. 55 Ch. 814
အခန်း ( ၈၁၄ ) ကျန်းစန်းယီ၏ ဝန်ခံခြင်း၊ နူးညံ့သော အခိုက်အတန့်များ။
"တိုင်းတပါးမှာ ဧကရာဇ်အသစ် မွေးဖွားတာ"
ကျွင်းရှောင်ယောက် တိတ်ဆိတ်သွားသည်။
နက်မှောင်သော ဆံပင်များက နက်နဲသော သူ့မျက်လုံးနက်ကို အနည်းငယ်ဖုံးအုပ်ထား၏။
ဤအခိုက်တွင် ကျွင်းရှောင်ယောက် ဘာတွေစဉ်းစားနေမှန်း မည်သူမျှ မသိပေ။
သို့သော်လည်း ကျွင်းဝူဟွေ့၏ အရှိန်အဝါ ပျောက်ကွယ်သွားခြင်းနှင့် တိုင်းတပါးတွင် ဧကရာဇ်တစ်ပါး မွေးဖွားလာခြင်းတို့ကို တွေ့ကြည့်ပါက...
နှစ်ခုကြား ဆက်စပ်မှု သေချာပေါက်ရှိနေမည်မှန်း အရူးတောင်မှ တွေးနိုင်သည်။
"ရှောင်ယောက်..."
"အစ်ကိုရှောင်ယောက်..."
ကျန်းလော့လီနှင့် ကျန်းစန်းယီလည်း ရှေ့သို့လှမ်းပြီး ကျွင်းရှောင်ယောက်၏ ဘေးတစ်ဖက်စီတွင် ရပ်လိုက်သည်။ သူတို့ မျက်နှာများမှာလည်း စိုးရိမ်ပူပန်မှု၊ စိတ်မကောင်းခြင်းတို့ ပေါ်လွင်နေတော့သည်။
ကျွင်းရှောင်ယောက်က သူ့အဖေကို လူချင်းမတွေ့ဖူးသေးပါ။
ယခုတော့ ကျွင်းဝူဟွေ့အကြောင်း နောက်ဆုံးကြားရသည့်သတင်းက ဤသို့ဖြစ်နေသည်။
ယင်းက မည်သူ့အတွက်မဆို လက်ခံနိုင်ရန် မလွယ်ပေ။
ကျန်းစန်းယီ အနည်းငယ်စိုးရိမ်သွားပြီး ကျန်းလော့လီ၏ မျက်လုံးဝိုင်းဝိုင်းလေးမှာလည်း အနည်းငယ်နီနေခဲ့သည်။
"ဘာမှမဖြစ်ပါဘူး"
ကျွင်းရှောင်ယောက်က သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ သူ့အမူအရာက မပြောင်းလဲသလို မျက်လုံးများကလည်း ညအမှောင် ကောင်းကင်ယံကဲ့သို့ နက်နဲနေဆဲပင်။
"သခင်လေးက မျှော်လင့်ထားတဲဲ့အတိုင်းပါပဲ၊ ဒီလို စိတ်ဓာတ်မျိုးက..."
စစ်နတ်ဘုရားလည်း နှလုံးသားထဲမှ ရေရွတ်လိုက်သည်။
ကျွင်းရှောင်ယောက်၏ တည်ငြိမ်မှုက ကျွင်းဝူဟွေ့ကို ဂရုမစိုက်သောကြောင့်မဟုတ်ဘဲ သူ့ခံစားချက်များကို ထိန်းချုပ်နိုင်သောကြောင့် ဖြစ်ချေသည်။
စိတ်ဓာတ်ခိုင်မာမှုက ပါရမီ သို့မဟုတ် ကျင့်ကြံခြင်းထက် ပို၍ အရေးကြီးသည်။
"သခင်လေး၊ စိတ်မပူပါနဲ့။ အားကျိုးအထင် သခင်ရဲ့ အရှိန်အဝါပျောက်ကွယ်သွားတယ်လို့ ခံစားရပေမဲ့ တကယ့် မတော်တဆမှုတော့ မဟုတ်လောက်ပါဘူး"
အားကျိုးက ရှေ့သို့လှမ်းကာ နှစ်သိမ့်ပေးလိုက်သည်။
"မှန်ပါတယ်... သခင်လေး၊ သခင်ရဲ့ မှန်းဆလို့မရတဲ့ စွမ်းအားကို မပြောနဲ့ဦး၊ တကယ်တမ်း မတော်တဆ တစ်ခုခုဖြစ်ရင်တောင် အဲဒါက သခင်ရဲ့ ကိုယ်ပွား သုံးခုထဲက တစ်ခုပဲ"
စစ်နတ်ဘုရားက ပြောလိုက်၏။
သူ အလွန်အမင်းစိတ်မပူရခြင်း၏ အကြောင်းရင်းမှာ တိုင်းတပါးတွင်နေထိုင်သော ကျွင်းဝူဟွေ့က ကိုယ်ပွားသုံးခုထဲမှ တစ်ခုသာဖြစ်သောကြောင့် ဖြစ်သည်။
မတော်တဆမှု တစ်ခုခုဖြစ်ခဲ့လျှင်ပင် ကျွင်းဝူဟွေ့ကို သေစေနိုင်သည့် သက်ရောက်မှုမျိုး ရှိမည်မဟုတ်ပေ။
"ကျွန်တော် နားလည်ပါတယ်၊ သတင်းအတွက်လည်း စီနီယာ စစ်နတ်ဘုရားကို ကျေးဇူးတင်ပါတယ်"
ကျွင်းရှောင်ယောက်က လက်ယှက်ပြလိုက်သည်။
“ဒီတစ်ခေါက် နယ်စပ်က ပြန်လာတာ သခင်လေးကို သတင်းပေးဖို့ သက်သက်မဟုတ်ဘူး"
"သခင်က ဒါဟာ တိုင်းတပါးရဲ့ မငြိမ်သက်မှုအစလို့ ပြောဖူးတယ်။ အနာဂတ်မှာ လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်လာပြီး ဖရိုဖရဲကမ္ဘာကြီး စတင်လိမ့်မယ်"
"ဒါကြောင့် ငါ ကျွင်းမိသားစုကိုပြန်သွားပြီး တချို့အရာတွေကို သတင်းပို့ရမယ်။ ဒါမှ ကျွင်းမိသားစုက ဒါကို ဖြေရှင်းပေးဖို့ အစီအမံတွေ လုပ်နိုင်မှာ"
စစ်နတ်ဘုရားက လေးလေးနက်နက် ပြောလိုက်သည်။
"ကောင်းပါပြီ၊ ဒါဆိုရင် စီနီယာကိုပဲ ဒုက္ခပေးရတောပမယ်"
ကျွင်းရှောင်ယောက်က လက်ယှက်ပြီး လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
စစ်နတ်ဘုရားကြောင့်သာမဟုတ်လျှင် ဤသတင်းကို သူသိရမည် မဟုတ်ပေ။
"ဒါဆိုရင် သခင်လေး ဂရုမစိုက်ပါ။ ဒါနဲ့... သခင်က အားလပ်ချိန်တွေမှာ တစ်ယောက်တည်းထိုင်ပြီး ဦးတည်ရာ တစ်ခုတည်းကို ကြည့်နေတတ်တယ်"
"အဲ့ဒါက ကျွင်းမိသားစုပဲ"
စစ်နတ်ဘုရားက ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် ဦးညွှတ်ပြပြီးနောက် တိုက်ရိုက်ထွက်ခွာသွားတော့သည်။
သူ ချန်ရစ်ခဲ့သော စကားလုံးများက ကျန်းလော့လီ၊ ကျန်းစန်းယီနှင့် အခြားအမျိုးသမီးများ၏ နှလုံးသားထဲတွင် ဝမ်းနည်းကြေကွဲမှုကို ခံစားရစေပြီး သူတို့၏ မျက်လုံးများ အနည်းငယ်နီရဲသွားခဲ့ကြလေသည်။
သူရဲကောင်းများမှာလည်း နူးညံ့သော ခံစားချက်များ ရှိကြသည်။
ကျွင်းဝူဟွေ့က သူ့ဇနီးနှင့် ကလေးကို ဂရုမစိုက်ချင်တာ မဟုတ်ပေ။
သူ့မှာ ပိုအရေးကြီးသော လုပ်စရာများ ရှိသည်။
ဇနီးနှင့် လူများကြားမှာ လိုက်လျောညီထွေနေရန် ခက်ခဲလှပေသည်။
ထာဝရဧကရာဇ်ကဲ့သို့ တန်ခိုးကြီးသူပင်လျှင် နှစ်မျိုးလုံးကို မရနိုင်ပေ။
ကျွင်းရှောင်ယောက်လည်း လက်နှစ်ဖက်ကို နောက်ပစ်ပြီး တစ်ယောက်တည်း ထွက်သွားသည်။
"ရှောင်ယောက်..."
ကျန်းစန်းယီ လှမ်းခေါ်လိုက်၏။
"မလာနဲ့၊ ကျွန်တော်တစ်ယောက်တည်း ခဏလောက် နေပါရစေ"
ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ကျန်းစန်းယီိနှင့် ကျန်းလော့လီလည်း သူ့နောက်ကျောကိုကြည့်ရင်း သူတို့၏ နှလုံးသားထဲတွင် စိတ်မကောင်းမှုဖြင့် နာကျင်သွားခဲ့ကြလေသည်။
အားကျိုးလည်း သက်ပြင်းအနည်းငယ်ချလိုက်ပြီးမှ ပြောလိုက်သည်။
"မင်းတို့ အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး။ သခင်လေးကို ယုံတယ်"
"ရှောင်ယောက်...၊ သူ အရမ်းပင်ပန်းနေပြီ"
ကျန်းစန်းယီ၏ လေသံက သနားကြင်နာမှုတို့ ပြည့်နေလေသည်။
ကမ္ဘာကြီးက အဆုံးမဲ့ ရှေးဟောင်းလမ်းတွင် တောက်ပနေသည့် ကျွင်းရှောင်ယောက်၏ အပြင်ပန်းပုံစံကို မြင်ကြသည်။
သို့ပေမည့် သူ့နှလုံးသားထဲမှ အထီးကျန်မှုနှင့် ဖိအားများကိုတော့ မည်သူမျှ မမြင်နိုင်ကြပေ။
တစ်ယောက်တည်း ကောင်းကင်ကို ယှဉ်ပြိုင်ကစားသည်။
ရှေးဟောင်းလမ်းတွင် သူတစ်ယောက်တည်း လျှောက်လှမ်းစဉ်က ချန်ရစ်ခဲ့သည့် စကားများမှာ...
ငါ အင်မော်တယ် ဖြစ်လာတဲ့အခါ နေနဲ့လကို ပြောင်းလဲပြီး ကောင်းကင်ကြီးကို ပြောင်းလဲမယ်။
ကျွင်းရှောင်ယောက်ကိုယ်တိုင် ချမှတ်ထားသည့် ရည်မှန်းချက်များက မြင့်မားလွန်းပေသည်။
ယင်းက မြင့်မားလွန်းသဖြင့် သာမန်ပါရမီရှင်များမှာ လုံးဝ တွေးတောင်မတွေးဝံ့ကြပေ။
လူတစ်ယောက်က ထိပ်ဆုံးမှာ ရပ်တည်နိုင်သည့်အခါ...
သူကြုံတွေ့ခဲ့ရသည်များက မခံမရပ်နိုင်တာမျိုး ဖြစ်ရုံသာမက အထီးကျန်ခြင်းလည်း ဖြစ်နိုင်သည်။
သန်မာသူများက အမြဲတမ်း တစ်ယောက်တည်းပင်။
ဤသည်ကပင် ကျန်းစန်းယီ ကြိုးကြိုးစားစား လေ့ကျင့်နေရခြင်း၏ အကြောင်းရင်း ဖြစ်သည်။
သူမက မီးအလင်းတစ်ခုဖြစ်လာပြီး ကျွင်းရှောင်ယောက်၏ အထီးကျန်ပြီး အေးစက်သောနှလုံးသားကို နွေးထွေးစေရန် မျှော်လင့်ခဲ့သည်။
ဆယ်ရက် ပြည့်ချေပြီ။
ကျွင်းရှောင်ယောက်က ရှေးဟောင်းဂူတစ်လုံးတွင် တစ်ယောက်တည်း နေခဲ့သည်။
ဤအချိန်အတောအတွင်း လေ့ကျင့်ခြင်းမပြုသလို စာပေများလည်း မဖတ်ပါ။ ဘာဆိုဘာမျှ မလုပ်ခဲ့ပေ။
စိတ်လွတ်ကိုယ်လွတ် ဘာမှမတွေးဘဲ၊ ဘာမှမလုပ်ဘဲ နေခဲ့ခြင်း ဖြစ်သည်။
စိတ်အခြေအနေက တခြားအရာများထက် ပိုအရေးကြီးမှန်း ကျွင်းရှောင်ယောက် နားလည်ပေသည်။
"ငါ အရမ်းအားနည်းနေသေးတယ်"
ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်သည်။
တခြား ပါရမီရှင်များသာ ယင်းကိုကြားလျှင် ငိုကြွေးကြလိမ့်မည်။
သူ့ကို အားနည်းသူဟုဆိုလျှင် ဤခေတ်မှ အခြားပါရမီရှင်များ ရှက်လွန်း၍ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလောက်သည်။
ကျွင်းရှောင်ယောက်က အလွန်ငယ်ရွယ်ပြီး အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိသေးသည်။
ဤမျှ အသက်ငယ်ငယ်နှင့် ဤခွန်အားမျိုး ရှိနေခြင်းက ရှေးသမိုင်းမှာပင် ထူးခြားနေပြီ ဖြစ်သည်။
ယခုဆိုလျှင် အဓိပဓိနယ်ပယ်အောက်မှ လူ ဘယ်လောက်များများက ကျွင်းရှောင်ယောက်ကို ရင်ဆိုင်နိုင်လို့လဲ။
"ရှောင်ယောက်၊ ငါဝင်လာလို့ရမလား"
ရှေးဟောင်းဂူအပြင်ဘက်မှ ကျန်းစန်းယီ၏ နူးညံ့သည့်အသံ ထွက်လာသည်။
ကျွင်းရှောင်ယောက်က ရှေးဟောင်းဂူထဲတွင် ဆယ်ရက်ရှိပြီဖြစ်၍ သူတို့ အနည်းငယ် စိတ်ပူလာမိသည်။
ကျန်းလော့လီက အလွန်စိုးရိမ်နေသော်လည်း မည်သို့နှစ်သိမ့်ရမည်မှန်း မသိသောကြောင့် ကျန်းစန်းယီ လာရောက်ခဲ့ခြင်း ဖြစ်ချေသည်။
"ဝင်လာပါ အစ်မစန်းယီ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ကျန်းစန်းယီ ဝင်ရောက်လာတော့ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ကျွင်းရှောင်ယောက်ကို တွေ့လိုက်ရသည်။
သို့ရာတွင်၊ သူ ထင်ထားသကဲ့သို့ စိတ်ဓာတ်ကျခြင်းနှင့် ဆုံးရှုံးမှုက ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်တွင် မမြင်ရပေ။
"ဘာဖြစ်လို့လဲ အစ်မစန်းယီ၊ ကျွန်တော် တစ်ယောက်တည်း ဒီမှာ လာပုန်းပြီး ငိုနေတယ်လို့ ထင်လို့လား"
ကျွင်းရှောင်ယောက်က ပြုံးပြီး ရွတ်နောက်နောက်ဖြင့် ပြောလိုက်သည်။
ကျန်းစန်းယီ သက်ပြင်းတစ်ချက်ချလိုက်၏။
ကျွင်းရှောင်ယောက်က သက်ရောက်မှု မရှိသလိုဟန်ဖြင့် ဟသလုပ်ပြီး ပြောဆိုနေသေးသည်။
"ငါတို့အားလုံး မင်းအတွက် စိတ်ပူနေကြတယ်"
ကျန်းစန်းယီက ပြောလိုက်သည်။
"ကျွန်တော် ဘာမှမဖြစ်ပါဘူး၊ ခဏလောက် အနားယူချင်ရုံပဲ။ ပြီးရင် အဆုံးစွန်စမ်းသပ်မှုနေရာကို ဆက်သွားမယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ကျန်းစန်းယီက ကျွင်းရှောင်ယောက်ကို ကြည်လင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထို့နောက် ကျွင်းရှောင်ယောက် အနားတွင် ကျုံ့ကျုံ့ထိုင်ချလိုက်၏။
"မင်း အနားယူချင်ရင် လှဲအိပ်လိုက်ပါ"
ကျန်းစန်းယီက သူမ၏ပေါင်ကို သူ့လက်ဖြင့် ပုတ်ပြလိုက်သည်။
ကျွင်းရှောင်ယောက်လည်း ခဏတာ အံ့ဩသွားပြီးသည်။ ထို့နောက်မှာတော့ ပြုံးကာ သူ မယဉ်ကျေးတော့ပေ။
ကျန်းစန်းယီ၏ အိစက်ပြီး ပြည့်ဖြိုးသော ပေါင်ပေါ်မှာ ဦးခေါင်းတင်ပြီး လဲလျောင်းလိုက်သည်။
ဤအခါ အထိအတွေ့က အံ့ဩဖွယ်ရာပင်။
ရှေးဟောင်းလမ်းရှိ မရေမတွက်နိုင်သော အမျိုးသားများကျင့်ကြံသူများ၏ နတ်ဘုရားမအဆင့် တည်ရှိမှုက ယခုအခါ ခေါင်းအုံးရန် အခွင့်အရေးပေးနေပြီ ဖြစ်သည်။ ယင်းကို မည်သူက ငြင်းဆန်နိုင်မည်နည်း။
"အမှန်အတိုင်း ပြောရရင် ကျွန်တော်က ငါးဆားနယ်တစ်ကောင်ပါပဲ။ ကျွန်တော်ရဲ့ အဖေလိုမျိုး သူရဲကောင်း မဖြစ်ချင်ဘူး"
"အခြားသူတွေရဲ့ သေခြင်းရှင်ခြင်းက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်က လူတွေ လုံခြုံမှုရှိပြီး ပျော်ရွှင်နေသရွေ့ လုံလောက်ပြီ"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
ဤအကြံမှာ တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဒီလိုလူမျိုးပင်။
သူနှင့် မသက်ဆိုင်သော လူများအတွက် စတေးခံမည် မဟုတ်ပါ။
"ရှောင်ယောက်၊ သူရဲကောင်းတွေကို အချိန်က မဖန်တီးနိုင်ပါဘူး၊ ဒါပေမဲ့ အခြေအနေတွေက သူရဲကောင်းတွေကို ပေါ်ပေါက်လာစေတယ်"
"ဒီအပြိုင်ကမ္ဘာကြီးမှာ တစ်စုံတစ်ယောက်က ရန်သူအားလုံးကို နှိမ်နှင်းပြီး အားလုံးရှေ့မှာ ထာဝရရပ်တည်နိုင်ဖို့ ရည်မှန်းထားတယ်"
"ပြီးတော့ အဲဒီလူက မင်းပဲ ရှောင်ယောက်။ မင်းက သူရဲကောင်းတစ်ယောက်ဖြစ်ဖို့ ရည်မှန်းထားတဲ့သူ"
ကျန်းစန်းယီက ခပ်တိုးတိုး ပြောလိုက်သည်။ သူမ၏ နူးညံ့သောလက်ဝါးနှင့် ကျွင်းရှောင်ယောက်၏ပါးပြင်ကို ထိတို့လိုက်၏။ သူမ၏ မျက်လုံးများမှာတော့ ရှုပ်ထွေးမှုတို့ ဖြစ်ပေါ်နေလေသည်။
အမှန်တော့ မည်သည့် အမျိုးသမီးကမှ သူတို့ချစ်ရသူကို သူရဲကောင်းတစ်ဦး ဖြစ်စေချင်မှာ မဟုတ်ပါ။
သူရဲကောင်းများက သွေးခင်းလမ်းကိုလျှောက်လှမ်းပြီး အရာများစွာကို စတေးရသည်။
ထိုအခြေအနေများကို သူမ မခံရပ်နိုင်ပေ။
"သူရဲကောင်းလား..."
ကျွင်းရှောင်ယောက် ရေရွတ်လိုက်၏။
သူ၏ ယခင်ဘဝက ကျော်ကြားခဲ့သော စကားတစ်ခွန်းကို ရှင်းရှင်းလင်းလင်း သူ မှတ်မိသည်။
စွမ်းအားကြီးလေလေ၊ တာဝန် ပိုကြီးလေလေပင်။
ကျွင်းဝူဟွေ့မှာတော့ ဤယုံကြည်မှုမျိုး ရှိကောင်းရှိနိုင်သည်။
"ကျေးဇူးတင်ပါတယ် အစ်မစန်းယီ၊ ကျွန်တော် အတော်လေး သက်သာသွားသလို ခံစားရတယ်"
ကျွင်းရှောင်ယောက် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
သူ့စိတ်ထဲတွင် ကြီးကြီးမားမား ထိခိုက်မှုမရှိသော်လည်း ကျန်းစန်းယီနှင့် စကားစမြည်ပြောခြင်းက သူ့စိတ်နှလုံးကို အလွန်သာယာစေသည်။
ကျန်းစန်းယီက ထိုလူမျိုးပင်။
သူမသည် နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းသည့် ဘေးအိမ်မှ မမတစ်ယောက်ကဲ့သို့ပင်။ ဉာဏ်ပညာကြီးပြီး ရင့်ကျက်ကာ လှပသည်။
"ဒါနဲ့၊ ရှေးဟောင်းလမ်းကို လျှောက်လှမ်းပြီးရင် မင်းကို ကတိတစ်ခုပေးမယ်လို့ ကျွန်တော် ပြောခဲ့တယ်..."
ကျွင်းရှောင်ယောက်က ရုတ်တရက် ပြောလိုက်သည်။
မမျှော်လင့်ဘဲ ကျန်းစန်းယီက ကျောက်စိမ်းလက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများကို ပိတ်ထားလိုက်သည်။
"ရှောင်ယောက်၊ ထပ်ပြောစရာ မလိုပါဘူး။ အထူးသဖြင့် မင်းအဖေအကြောင်း သိပြီးနောက်မှာ မင်းသွားရမဲ့ ခရီးက ဝေးနေသေးတာကို ငါသိတယ်"
ကျန်းစန်းယီက နားလည်တတ်စွာ ပြောလိုက်သည်။
ကျွင်းဝူဟွေ့အကြောင်း သိရပြီးနောက် ကျွင်းရှောင်ယောက်မှာ ဖိအား ပို၍ များလားသည်။ သဘာဝအတိုင်း၊ သူ လေ့ကျင့်ပြီး ပို၍ သန်မာလာချင်၏။
သူ့တွင် ချစ်ခြင်းမေတ္တာအတွက် အချိန်ပို သို့မဟုတ် တွေးတောစရာ မရှိသေးပါ။
"ဒါပေမဲ့..."
ကျွင်းရှောင်ယောက် တုံ့ဆိုင်းသွားသည်။
"ကိစ္စမရှိပါဘူး၊ ဆယ်နှစ်၊ အနှစ်တစ်ရာ၊ အနှစ်တစ်ထောင်၊ ဒါမှမဟုတ် နှစ်တစ်သောင်း စောင့်ရမှာလား၊ ကိစ္စမရှိပါဘူး"
"နောက်ဆုံးလူက မင်းဖြစ်နေသရွေ့ အဆင်ပြေပါတယ်။"
ကျန်းစန်းယီက ညင်သာစွာပြုံးလိုက်သည်။ ထိုအပြုံးက အလွန်လှပလေသည်။
သူမ၏ စကားများက အလွန်ရိုးရှင်းသည်။ ယင်းက ဝန်ခံလိုက်ခြင်းနှင့် မခြားပေ။
အခြေအနေအမျိုးမျိုးကို ဖြတ်သန်းခဲ့ရပြီးနောက် ကျန်းစန်းယီဟာ သူမ၏ နှလုံးသားကို နားလည်နေခဲ့ပြီ ဖြစ်သည်။
သူ့ဘဝမှာ ကျွင်းရှောင်ယောက်သာ ရှိ၏။
သူမ၏ နှလုံးသားထဲတွင် ရှိပြီးသားမို့ ဘာကြောင့် စိတ်ရှုပ်ခံနေရမည်နည်း။
ကျွင်းရှောင်ယောက်လည်း ထိုစကားများကို ကြားရပြီးနောက် တိတ်ဆိတ်သွားပြီး ရုတ်တရက် ထထိုင်လိုက်သည်။
ထို့နောက်မှာတော့ အံ့ဩသွားသော ကျန်းစန်းယီ၏ အကြည့်အောက်မှာပင် သူမ၏ ပတ္တမြားသဖွယ် အနီရဲရဲနှုတ်ခမ်းကို နမ်းလိုက်တော့သည်။
"ရှောင်ယောက်၊ အာ့..."
ကျန်းစန်းယီ စကားဆုံးအောင် မပြောနိုင်ဘဲ ရပ်တန့်သွားခဲ့သည်။
သူမ၏စိတ်က မငြိမ်မသက်ဖြစ်ပြီး ရင်ထဲတွင် လှုပ်ရှားသွား၏။ ကျွင်းရှောင်ယောက်ကို ဤသို့ပြုလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ကျွင်းရှောင်ယောက်၏စရိုက်က အမြဲတမ်းအေးစက်ပြီး လျစ်လျူရှုထားကြောင်း သိထားကြရမည် ဖြစ်သည်။
နှလုံးသားရေးရာနှင့် ပတ်သက်လာလျှင် သူ လျစ်လျူရှုခဲ့၏။
သူသည် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များကို အလွန်အမင်း လျစ်လျူရှုပြီး လိုက်စားခြင်းမရှိသည့်ဘဲ သဘာဝတရား၏ လမ်းစဉ်အတိုင်းသာ လိုက်ပါခွင့်ပြုခဲ့သည်။
ကျွင်းရှောင်ယောက်ကို နှစ်သက်သဘောကျသည့် မိန်းကလေး များစွာရှိသည်။
သို့ပေမည့် ကျွင်းရှောင်ယောက်၏ တုံ့ပြန်မှုကို ဘယ်အမျိုးသမီးမှ မရရှိခဲ့ပေ။
ယခုမူ ကျွင်းရှောင်ယောက်က အမှန်တကယ် အစပြုနေပြီ ဖြစ်သည်။
ယင်းက ရိုးရိုးရှင်းရှင်း မကြုံစဖူးဖြစ်ပြီး ပထမဆုံး အကြိမ်ပင်။
ကျန်းစန်းယီ၏ မျက်လုံးထောင့်မှ ကြည်လင်သော ရေတစ်စက် လွင့်သွားခဲ့လေသည်။ သူမ အလွန် ပျော်ရွှင်သွားမိသည်။
သူမ၏စိတ်ထဲတွင် ဘာကိုမှ မတွေးတော့ပါ။ သူမ၏ လှပသော မျက်လုံးများကိမှိတ်ထားရင်း မျက်တောင်များ အနည်းငယ်တုန်ခါလာသည်။ ဤနူးညံ့သိမ်မွေ့မှုတွင် သူမ ယစ်မူးသွား၏။
သူမ၏ နှုတ်ခမ်းကို အနည်းငယ်ဟပြီး ကျွင်းရှောင်ယောက်ကို စိတ်ပါလက်ပါ တုံ့ပြန်လိုက်တော့သည်။
ဤနွေးထွေးပြီး တိတ်ဆိတ်မှုမျိုးတွင်...
ကြည်လင်သော အသံစာစာလေးတစ်ခု ထွက်ပေါ်လာသည်။
"အစ်မစန်းယီ၊ အစ်ကိုရှောင်ယောက်၊ အပြင်မှာ တစ်ယောက်ယောက်က နင့်ကို လာရှာနေတယ်..."
ကျန်းလော့လီက အော်ပြီး ဝင်လာခဲ့၏။ သူမ ရှေးဟောင်းဂူထဲသို့ ဝင်လိုက်သည်နှင့် နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် နမ်းနေသည်ကို တွေ့လိုက်ရတော့သည်။