← Chapters

အခန်း ၈၁၉

Vol. 55 Ch. 819

အခန်း ၈၁၉

Vol. 55 Ch. 819

အခန်း ( ၈၁၉ ) ဧကရာဇ်ခုနစ်ပါး စုဝေးရန်၊ နတ်သမီးယွမ် ပေါ်လာသည်။

ကူတိကျစ်၏ စကားကြောင့် အားလုံး တိတ်ဆိတ်သွားခဲ့သည်။

ယခုအခါ အဆုံးစွန်ရှေးဟောင်းလမ်းရှိ ကျွင်းရှောင်ယောက်၏ ဂုဏ်သတင်းက အထူးပြောနေရန် မလိုပေ။

သူဘယ်လောက် အစွမ်းထက်သည် ဆိုတာကိုလည်း ပြောစရာ မလိုပါ။

သို့သော်လည်း ကူတိကျစ်က နောက်ဆုံးစမ်းသပ်မှုတွင် ကျွင်းရှောင်ယောက်ကို သတ်ရန် နည်းလမ်းရှိနေသည်ဟု အမှန်တကယ် ပြောခဲ့သည်။

ယင်းက တကယ်ကို အံ့သြစရာပင်။

အဓိပဓိအင်မော်တယ်ခုံရုံး၏ ပါရမီရှင်အများစုက ကျွင်းရှောင်ယောက်ကို အသေရရ အရှင်ရရဖြစ်နေသော်လည်း မျိုးဆက်သစ်လူငယ်များကြားမှ သူ၏အစွမ်းသတ္တိကြောင့် သွားထိဝံ့သူ များစွာမရှိပေ။

"အိုး"

လင်ယွမ်၏ မျက်လုံးများက အရောင်လက်သွားသည်။

ကူတိကျစ်က အနိုင်ရရှိရန် ဤမျှ သေချာနေသလော။

"ဒါပေမဲ့၊ ဒါကို နောက်မှပဲ ဧကရာဇ်ငယ်နဲ့ အသေးစိတ် ဆွေးနွေးပါ့မယ်"

ကူတိကျစ်က ထူးခြားစွာ ပြုံးလိုက်သည်။

သဘာဝအတိုင်း သူ၏အစီအစဉ်ကို လူသိရှင်ကြား ထုတ်ပြနေမည် မဟုတ်ပေ။

"ကူတိကျစ်ရဲ့ အစီအစဥ်က ဘာလဲ၊ သူ့မှာ ဒီစွမ်းရည်မျိုး တကယ်ရှိတာလား"

ဝေချမ်ချမ်က ရေရွတ်လိုက်သည်။

"ဘာတုန်း၊ မင်းရဲ့လေသံက ကျွင်းရှောင်ယောက် တစ်ခုခုဖြစ်မှာကို မမြင်ချင်သလိုပဲ"

စန်းလီက ပြုံးစစဖြင့် ပြောလိုက်သည်။

"ဟွန့်၊ ဘာဖြစ်လဲ။ ဒီလောက်ချောတဲ့သူ ကျဆုံးသွားရင် စိတ်မကောင်းစရာပဲ မဟုတ်လား"

ဝေချမ်ချမ်က မသိချင်ဟန်ဆောင်ကာ ရေရွတ်လိုက်၏။

"ဟား၊ ဒီခေတ်က မျက်နှာကိုအဓိကထားနေကြတာပဲ..."

စန်းလီ ဆွံ့အသွားခဲ့သည်။

အဓိပဓိအင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်များကြား တိုက်ပွဲက ပြီးသွားပြီ။

အင်မော်တယ်ကျောက်သစ်တော၏ အခွင့်အလမ်းများကြောင့်လည်း အဓိပဓိ အင်မော်တယ်ခုံရုံး တစ်ခုလုံးမှ ပါရမီရှင်များ၏ ခွန်အားများမှာ အလွန် တိုးတက်ခဲ့ပေသည်။

အင်မော်တယ်မျိုးရိုးတစ်ခုစီ၏ ဆက်ခံသူတစ်ဦးစီ၏အင်အားက ယခင်ကထက် များစွာမြင့်မားလာသည်ဟု ဆိုနိုင်သည်။

လင်ယွမ်နှင့် ကူတိကျစ်၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ယခင်ကထက် နှစ်ဆတိုးလာခဲ့၏။

အထူးသဖြင့် လင်ယွမ်သည် အင်မော်တယ်ရတနာတံဆိပ်တော်ကို ရရှိပြီးနောက် သူမ၏ ခွန်အားက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု ဆိုနိုင်သည်။

အင်မော်တယ်ခုံရုံး၏ မျိုးဆက်အားလုံးက အဆုံးစွန်ရှေးဟောင်းလမ်းကို စိုးမိုးရန် လုံလောက်ပြီဟု ယုံကြည်နေတော့သည်။

အဆုံးစွန်သော စမ်းသပ်မှုမှာပင် အခြေအနေကို ထိန်းချုပ်နိုင်သည်။

သို့သော်လည်း အဓိပဓိအင်မော်တယ်ခုံရုံး၏ ပါရမီရှင်အားလုံး အင်မော်တယ်ကျောက်သစ်တော ဟင်းလင်းပြင်နေရာမှ ထွက်လာသည့်အခါ...

မာနကြီးသော အပြုံးများနှင့် သူတို့၏ မျက်နှာများကို အေးခဲသွားစေသည့် သတင်းတစ်ပုဒ်အား ကြားလိုက်ရသည်။

"ဘာ၊ ကျွင်းရှောင်ယောက်က ဧကရာဇ်သင်္ချိုင်းကြယ်မှာ လွမ်ကုဧကရာဇ်ရဲ့အမွေကို ရရှိခဲ့ပြီလား"

"ဒါတင်မကသေးဘဲ သူ့ရဲ့ ဓမ္မခန္ဓာက အသျှင်ခန္ဓာကို အကြာကြီး တိုက်ခိုက်နိုင်တယ်ပေါ့။ သူ့ရဲ့ မူလခန္ဓာက အသျှင်ခန္ဓာကို လုံးဝ ချေမှုန်းနိုင်တယ်လား"

"ထိုက်ရွှီရှေးနဂါးမျိုးနွယ်က ရှင်သန်ခြင်း‌ ကောင်းကင်ကျမ်းနဲ့ အသက်စမ်းရေကို ငွေညှစ်ယူလိုက်တယ်တဲ့လေ"

"ဒါ့အပြင် နတ်ဘုရင်ရှစ်ပါးထဲက တစ်ပါးက ကျွင်းရှောင်ယောက်ကြောင့် အသျှင်ခန္ဓာရဲ့ ဆန်းကျယ်ကောင်းကင်အဓိပဓိကို သတ်လိုက်တယ်ဆိုတော့"

ယခင်ကတော့ အင်မော်တယ်ခုံရုံး၏ ဤပါရမီရှင်များဟာ အင်မော်တယ်ကျောက်သစ်တောတွင် အမြဲ လေ့ကျင့်နေခဲ့သောကြောင့် အပြင်လောကမှ သတင်းများကို မသိခဲ့ရပါ။

ထို့ကြောင့် မိုးမြေတုန်ခါစေသော သတင်းများကို ကြားရသောအခါ သူတို့အားလုံး အံ့ဩလွန်းလို့ တဆတ်ဆတ်တုန်သွားကြသည်။

"အလို၊ ကျွင်းရှောင်ယောက်က သန်မာလွန်းလို့ အသျှင်ခန္ဓာက သူ့ရဲ့ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ခဲ့ဘူး ဆိုပါလား"

ဝေချမ်ချမ်၏ မျက်လုံးများက ဝိုင်းစက်ပြူးကျယ်သွားသည်။

အင်မော်တယ်ခုံရုံး၏ ဆက်ခံသူများလည််း တုန်လှုပ်သွားပြီး စိတ်ငြိမ်ငြိမ်ထားနိုင်ရန် ခက်ခဲခဲ့ပေသည်။

ကောင်းကင်အသျှင်ခန္ဓာသည် ယခင်က အလွန်လျှို့ဝှက်ဆန်းကြယ်စွာ နေခဲ့သော်လည်း၊ အဆုံးစွန် ရှေးဟောင်းလမ်းရှိ အစွမ်းအထက်ဆုံးသော တားမြစ်ပါရမီရှင်များထဲမှ တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်သည်။

သို့သော်လည်း အဆုံးမှာတော့ ကျွင်းရှောင်ယောက်ထံမှာ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ဆဲပင်။

"ကျွင်းရှောင်ယောက်..."

လင်ယွမ်၏ မျက်နှာမှာလည်း လေးနက်မှုအရိပ်အယောင်တို့ ပေါ်လာခဲ့သည်။

သူသည် အင်မော်တယ်ကျောက်သစ်တောကို ဖြတ်ကျော်ပြီး ကောင်းကင်ဧကရာဇ်၏ ပလ္လင်အမှတ်အသားကို ရရှိပြီးနောက်...

ကျွင်းရှောင်ယောက်ကို ပြန်တွေ့ရလျှင် အခက်အခဲသိပ်မရှိဘဲ ဖိနှိပ်နိုင်မည်ဟု ထင်ခဲ့သည်။

ယခုမူ၊ ကျွင်းရှောင်ယောက်က သူ့အပေါ် ကမ္ဘာကြီး၏ နားလည်မှုကို တစ်ဖန်ပြန်လည် ဆန်းသစ်စေခဲ့ပြီ။

ထိုယောက်ျားက အံ့ဖွယ်အမှုများကို တစ်ချိန်လုံး လုပ်ဆောင်နေပုံရသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ငါတို့ အစီအစဉ်ကို သေချာပေါက် အကောင်အထည် ဖော်ရမယ်။ ကျွင်းရှောင်ယောက်ကို တစ်ဦးချင်း တိုက်ခိုက်မယ်ဆိုရင် ငါတို့ အနိုင်ရဖို့ အခွင့်အလမ်းနည်းတယ်"

ကူတိကျစ်လည်း မျက်မှောင်ကြုတ်လိုက်သည်။

သူ့စကားများက အင်မော်တယ်ခုံရုံး၏ မျိုးဆက်တချို့ကို ပို၍ တုန်လှုပ်စေခဲ့ပေသည်။

ကူတိကျစ်သည် အင်မော်တယ်ခုံရုံး၏ အသန်မာဆုံး ပါရမီရှင်များထဲမှ တစ်ဦးဖြစ်ပြီး ဖူရှီမြင့်မြတ်ခန္ဓာလည်း ဖြစ်သည်။

သို့တိုင် သူတစ်ယောက်တည်းဖြစ်ပါက ကျွင်းရှောင်ယောက်ကို အနိုင်ယူရန် မသေချာဘူးဟု ပြောခဲ့ပေသည်။

"လင်ယွမ်၊ ခဏလောက် စကားပြောကြရအောင်"

ကူတိကျစ်က ပြောလိုက်သည်။

သီးခြားအခြေအနေမှာတော့ သူမကို ဧကရာဇ်ငယ်ဟု မခေါ်ပေ။

လင်ယွမ် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

အင်မော်တယ်ခုံရုံး၏ အခြား ပါရမီရှင်များ ထွက်ခွာသွားပြီးနောက် လင်ယွမ်က စကားစသည်။

"ဒါဆို နင့်ရဲ့ အစီအစဥ်က ဘာလဲ"

"ငါတို့ ဧကရာဇ်ခုနစ်ယောက်စလုံးကို အရင်ရှာသင့်တယ် ထင်တယ်"

ကူတိကျစ် ပြောလိုက်သည်။

"နင်က တစ်ယောက်တည်း မထိန်းနိုင်ဘူးထင်တာကြောင့် အဖွဲ့ဖွဲ့ဖို့ ဆုံးဖြတ်လိုက်တာပေါ့"

လင်ယွမ်က ပြော၏။

"ကောင်းကင်ဘုံက ဧကရာဇ်ခုနစ်ပါးကို ခန့်အပ်ထားတာကြောင့် ဒါဟာ လူတစ်ဦးတစ်ယောက်အတွက် ကျွင်းရှောင်ယောက်ကို အနိုင်ယူဖို့ ခက်ခဲဆိုတဲ့ အဓိပ္ပာယ်ပဲ"

ကူတိကျစ်က ပြောခြင်းပင်။

"နင် ကြောက်ရင်ကြောက်တယ်မပြောဘဲ လေသံကို အမြင့်စား ထုတ်နေတာ ရပ်လို့မရဘူးလား"

လင်ယွမ်၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုခြင်း အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။

ယခုအခါ သူမက ကူတိကျစ်နှင့် တစ်ဖက်တည်းတွင် ရှိနေသော်လည်း...

ကူတိကျစ်ဟာ ကျွင်းရှောင်ယောက်နှင့် မယှဉ်နိုင်ပဲ သူမ ဝန်ခံရလိမ့်မည်။

ယင်းက နယ်ပယ်ကွာဟချက် မဟုတ်ဘဲ စိတ်ဓာတ်နှင့် စိတ်နေစိတ်ထား ကွာဟခြင်း ဖြစ်သည်။

ကူတိကျစ်တွင် ဘုရင်တစ်ပါး၏ အသွင်အပြင်ရှိသော်လည်း ကျွင်းရှောင်ယောက်၏ မာနထောင်လွှားပြီး အနိုင်ယူနိုင်စွမ်းမရှိသောစိတ်ဓာတ်နှင့် နှိုင်းယှဉ်ပါက နောက်ကျကျန်နေသေးသည်။

"နောက်ဆုံးအချိန်အထိ ရယ်မောနိုင်သူသာ ဒီခေတ်ကို လွှမ်းမိုးပြီး ကံကြမ္မာကောင်းကို သိမ်းပိုက်နိုင်မှာ"

ကူတိကျစ်က အေးစက်စက်ပြုံးရင်း ပြောလိုက်သည်။

သူသည် ရည်မှန်းချက်ကြီးမားပြီး ပါးနပ်သူတစ်ဦးဖြစ်သလို လိုအပ်လျှင် နည်းလမ်းမျိုးစုံကိုလည်း အသုံးပြုနိုင်သည်။

ကျွင်းရှောင်ယောက်ကို ဖြုတ်ချနိုင်သရွေ့ မည်သည့်နည်းလမ်းကို အသုံးပြုရသည်ဖြစ်စေ၊ သူ တွန့်ဆုတ်နေမည် မဟုတ်ပေ။

"ဧကရာဇ်ခုနစ်ပါးက တစ်ယောက်နဲ့တစ်ယောက်ရဲ့ မသိပေမဲ့ တစ်ယောက်ရဲ့ တည်ရှိမှုကို ကျန်တစ်ယောက်က သိပါတယ်။ အနာဂတ်မှာ သူတို့နဲ့တွေ့ဆုံဖို့ အခွင့်အလမ်းတွေ ရှာတွေ့နိုင်လိမ့်မယ်"

"ဒါဆိုရင် အဆုံးစွန်စမ်းသပ်မှုမှာ ကျွင်းရှောင်ယောက်ကိုသတ်ဖို့ ခက်ခဲမှာမဟုတ်ဘူး"

ကူတိကျစ်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

ကူတိကျစ်က လင်ယွမ်အား အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းကို ပြောပြသော်လည်း အပြည့်အဝ အသိမပေးပါ။

သူက လင်ယွမ်ကို တစ်ရာရာခိုင်နှုန်း မယုံသေးကြောင်း ထင်ရှားသည်။

လင်ယွမ်ကလည်း ဂရုမစိုက်ပေ။

သို့သော်လည်း ကူတိကျစ်၏ အကြံအစည်အတိုင်း အားလုံးအဆင်ပြေသွားလျှင်...

ကျွင်းရှောင်ယောက် အမှန်တကယ် ကျဆုံးနိုင်သည်။

အကြောင်းပြချက်တစ်ခုခုကြောင့် လင်ယွမ်ဟာ ယင်းကိုတွေးလိုက်သောအခါ သူ့နှလုံးသားထဲတွင် စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။

'မဟုတ်ဘူး၊ ဒါက ဘဝတစ်ရာကံကြမ္မာကြောင့်ချည်း မဟုတ်ဘူး၊ အဲဒါက သူ့ကြောင့်လည်း ဖြစ်နေရတာပဲ...'

လင်ယွမ်၏ စိတ်ထဲတွင် လူတစ်ယောက်ကို တွေးလိုက်သည်။

ဘဝတစ်ရာ ချစ်ခြင်းမေတ္တာက သူ့ခံစားချက်များကို ထိခိုက်စေသော တစ်ခုတည်းသောအရာ မဟုတ်ပါ။

ထိုသို့တွေးမိသောအခါ လင်ယွမ်၏ မျက်လုံးက ကျဉ်းမြောင်းသွားပြီး ကောင်းကင်ဧကရာဇ်ရဲ့ ပလ္လင်ပေါ်မှာ ပြန်ထိုင်လိုက်သည်။

ဟင်းလင်းပြင်က တွန့်လိပ်လာပြီးနောက် သူမကို နတ်အလင်းများက ရစ်ပတ်ကာ နောက်ဆုံးတွင် နေရာမှ ပျောက်ကွယ်သွားတော့သည်။

............

တစ်ဖက်တွင်၊ ဝါဟွမ်အင်မော်တယ်မျိုးရိုး တည်ရှိရာ ရှေးဟောင်းနယ်မြေတစ်ခုတွင်...

ရှည်လျားသော တောင်တန်းများနှင့် မြက်ခင်းစိမ်းများက နေရာတိုင်းမှာရှိသည်။

ပန်းများပြည့်နေသော ချိုင့်ဝှမ်းမှာတော့ ထူးကဲစွာ လှပသော မိန်းကလေးတစ်ယောက် ကခုန်နေ၏။

မိန်းကလေး၏ ခြေလက်များက ပျော့ပျောင်းပြီး သူမ၏ ကခုန်နေသည့် ကိုယ်ဟန်အနေအထားမှာ အလွန်လှပသည့် နဂါးမလေးတစ်ကောင် ကူးခတ်နေသကဲ့သို့ပင်။

ထိုမိန်းကလေး၏ အသွင်အပြင်က လင်ယွမ်နှင့် အလွန်တရာ ဆင်တူသည်။

နတ်သမီးယွမ်။

နတ်သမီးယွမ်က လော့ရှန်းကျင်းဟုန် အကကို ကခုန်နေခြင်း ဖြစ်လေသည်။

ပတ်ဝန်းကျင်မှာလည်း မရေမတွက်နိုင်သော ပန်းပွင့်များပွင့်နေပြီး လိပ်ပြာမျိုးစုံတို့လည်း ပျံဝဲနေသည်။ မြင်ကွင်းက အိပ်မက်ဆန်ဆန် လှပလွန်းပေသည်။

ထိုစဉ်...

လေထဲမှ နတ်အလင်းများ ထွက်ပေါ်လာပြီး လက်ခုပ်သံများလည်း ထွက်ပေါ်လာခဲ့သည်။

"ယွမ်၊ မင်းရဲ့ အက က ပိုပြီးကောင်းလာပြီ"

ထိုစကားသံကိုကြားတော့ နတ်သမီးယွမ်က ရုတ်တရက် ရပ်လိုက်သည်။

လှပသော သူ့မျက်နှာပေါ်တွင် အေးစက်သောအကြည့်က ချက်ချင်း ပြန်ပေါ်လာခဲ့၏။

သူမ လှည့်ကြည့်လိုက်တော့ ကောင်းကင်တွင် အနည်းငယ် ထင်ယောင်ထင်မှားဖြစ်သော ပလ္လင်တစ်ခု ပေါ်လာတော့သည်။

ပလ္လင်ပေါ်တွင် လင်ယွမ်က ကျောက်စိမ်းလက်တစ်ဖက်ဖြင့် သူမ၏ မေးစေ့ကို ထောက်ထားပြီး ပျင်းရိပျင်းတွဲအမူအရာနှင့် ပလ္လင်ပေါ်တွင် ကျောမှီကာ တင်ပါးလွှဲထိုင်နေသည်။

"နင့်ရဲ့ ဆန္ဒအတိုင်း အောင်မြင်ခဲ့ပုံရတယ်"

နတ်သမီးယွမ်က အေးစက်စက်ဖြင့် ပြောသည်။

လင်ယွမ်၏ နှုတ်ခမ်းထောင့်မှ အပြုံးခပ်ယဲ့ယဲ့ ပေါ်လာခဲ့၏။

သူမက ကောင်းကင်ဧကရာဇ်ပလ္လင်မှ မတ်တတ်ထရပ်ပြီးနောက် ဘုရင်မတစ်ပါးကဲ့သို့ လေထဲတွင် ခြေလှမ်းကာ နောက်ဆုံးတွင် နတ်သမီးယွမ်ရှေ့သို့ ဆင်းသက်ခဲ့လေသည်။

"ဟုတ်တယ်၊ ငါအောင်မြင်ပြီး အင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ငယ် ဖြစ်လာခဲ့ပြီ။ အနာဂတ်မှာ ငါက အင်မော်တယ်ခုံရုံးရဲ့ အရှင်သခင် ဖြစ်လာနိုင်တယ်"

"ယွမ်၊ ငါ့ညီမလေး... နင် ငါ့အတွက် မပျော်ရွှင်သင့်ဘူးလား"

လင်ယွမ်က ရှေ့ကို တိုးလာ၏။ သူမက ကျောက်စိမ်းလက်များဖြင့် နတ်သမီးယွမ်၏ နှင်းဖြူမေးစေ့ကိုကိုင်ကာ မျက်နှာကို မော့စေလိုက်လေသည်။

All Chapters