အခန်း ၈၂၀
Vol. 55 Ch. 820
အခန်း ( ၈၂၀ ) အင်မော်တယ်နတ်ဘုရားကျင့်စဉ်၊ ဧကရာဇ် ခုနစ်ပါးက ငယ်လွန်းသေးတယ်၊ သနားစရာ ရွှေကျီးကန်း ဒသမမင်းသား။
"ညီမလေးတဲ့လား"
နတ်သမီးယွမ် ပြုံးလိုက်သည်။
လွန်စွာ မထင်မှတ်ထားသော အပြုံးတစ်ခု ဖြစ်၏။
"နင်နဲ့ငါက ခန္ဓာတစ်ခုတည်းမှာ ဖြစ်တည်ခဲ့မိတဲ့ ဝိညာဉ်နှစ်ခုပဲ။ ဒါပေမဲ့နင်က ငါ့ကို မဖြစ်တည်သင့်တဲ့ တည်ရှိမှုတစ်ခုလိုပဲ အမြဲမှတ်ယူခဲ့တယ်"
"ငါ့အတွက် ခန္ဓာအသစ်တစ်ခု ဖန်တီးပေးတာကလည်း ငါ့ကို ကျွန်အဖြစ်အသုံးချဖို့ပဲ။ နင် ငါ့ကို နင့်ညီမလို့ ဘယ်တုန်းက ဆက်ဆံခဲ့ဖူးလို့လဲ"
နတ်သမီးယွမ်က ရေခဲတမျှ အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
နတ်သမီးယွမ်သည် သူ့အား ကျင့်ကြံခြင်းအတွက် သက်ရှိကိရိယာတစ်ခုအဖြစ်သာ အမြဲမှတ်ယူခဲ့သည်။
သူမအတွက် စိတ်ခံစားမှုလား။
လုံးဝ မရှိပေ။
"ယွမ်၊ နင်မှားနေပြီ၊ ငါနင့်ကို အရမ်းချစ်ပါတယ်"
လင်ယွမ်က နတ်သမီးယွမ်၏ လှပသော မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။
"တကယ်ပဲလား၊ ဒါဆိုရင် နင် ငါ့ကို ကူတိကျစ်နဲ့ ဘာဖြစ်လို့ လက်ထပ်စေချင်ခဲ့တာလဲ"
နတ်သမီးယွမ်က သရော်ဟန်ဖြင့် ပြောလိုက်၏။
"ငါလည်း ဒီလိုလုပ်ဖို့ အရမ်းဝန်လေးခဲ့ပါတယ်။ ဒါပေမဲ့ အင်မော်တယ်ခုံရုံးရဲ့ ဖိအားကြောင့် ဒီလိုလုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး"
"ဒါပေမဲ့ အဲဒီအမှိုက် ကူတိကျစ်က နင့်ကို မကာကွယ်နိုင်ဘဲ ကျွင်းရှောင်ယောက် လုယူသွားတာကို ခံလိုက်ရမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ"
ထိုအကြောင်းကို ပြန်တွေးမိတိုင်း လင်ယွမ်ဟာ ကူတိကျစ်အစား ရှက်မိသည်။
သူ့မျက်နှာအပြင် အင်မော်တယ်ခုံရုံးတစ်ခုလုံး မျက်နှာပျက်ခဲ့ရပေသည်။
"ဟုတ်ပါတယ်၊ အဲဒါကတော့ ငါ့ဘဝရဲ့ တစ်ခုတည်းသော အဖိုးတန်အမှတ်တရပဲ။ ကျွင်းသခင်လေးကပဲ ငါ့ကို ရိုးရိုးသားသား ဆက်ဆံတယ်။ သူက ငါမလိုချင်တဲ့ လက်ထပ်ပွဲကို ဖျက်သိမ်းပြီး ငါ့ကို ခေါ်ထုတ်သွားခဲ့တာ"
ထိုအကြောင်းများကို တွေးလိုက်သောအခါတွင် နတ်သမီးယွမ်၏ လှပသော မျက်လုံးများတွင် မကြုံစဖူး နူးညံ့မှုတစ်ခု ပေါ်လာခဲ့သည်။
သူမနှင့် အရင်းနှီးဆုံးဟု ယူဆနိုင်သည့် လင်ယွမ်က သူမကို ကိရိယာတစ်ခုအဖြစ် မှတ်ယူသည်။
တစ်ဖက်တွင်၊ သူမနှင့် ဆန့်ကျင်ဘက်အင်အားစုမှာရှိနေသော ကျွင်းရှောင်ယောက်က လက်ထပ်ပွဲကိုဖျက်သိမ်းပြီး သူမအား ဒုက္ခပင်လယ်ထဲမှ ဆွဲထုတ်ရန် လာရောက်ခဲ့ပေသည်။
ဒါက ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ။
ထိုစကားကိုကြားတော့ လင်ယွမ်ဟာ သူမ၏ ပေါင်ပေါ်မှ အမှတ်အသားနှင့် ဘဝတစ်ရာ ချစ်ခြင်းမေတ္တာအား ပြန်လည် အမှတ်ရသွားခဲ့သည်။
စိတ်ထဲမှာလည်း အမျိုးအမည်မသိသော မီးတောက်တစ်ခုက ရုတ်တရက် ပေါ်လာခဲ့၏။
"ဖြန်း"
နတ်သမီးယွမ်၏ ပါးကို ရိုက်လိုက်တော့သည်။
နတ်သမီးယွမ်၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။
သို့သော်လည်း သူမက ပါးပြင်ကို လက်နှင့်အုပ်ပြီး ပြုံးကာ ဆက်ပြောလိုက်သည်။
"ဘာလဲ၊ နင် စိတ်ဆိုးနေတာလား။ ဒီလိုဆိုရင်တောင် ကျွင်းသခင်လေးနဲ့ ငါ့ရဲ့ အဖိုးတန် အမှတ်တရတွေကို နင် ဖျောက်ဖျက်လို့ မရဘူး"
နတ်သမီးယွမ်၏ စကားကြောင့် လင်ယွမ်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တို့ လင်းလက်လာခဲ့သည်။
နတ်သမီးယွမ်နှင့် ကျွင်းရှောင်ယောက်တို့၏ အတွေ့အကြုံများကို ကြားရပြီးနောက် သူမ စိတ်ထဲမှာ မသက်မသာ ခံစားလိုက်ရသည်။
ဘဝတစ်ရာ ချစ်ခြင်းမေတ္တာကလည်း သူမကို သိမ်မွေ့စွာ တိုက်စားနေသေးသည်။
နတ်သမီးယွမ်သည်လည်း မူလက သူမနှင့် ခန္ဓာတစ်ခုတည်းဖြစ်ခဲ့၍ သူမကို လျှို့ဝှက်စွာ လွှမ်းမိုးနိုင်သည်။
သို့သော်လည်း တစ်ခုခုကို တွေးမိသကဲ့သို့ လင်ယွမ်၏ နှုတ်ခမ်းထောင့်စွန်းက လှောင်ပြောင်မှု အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
သူမက ကျောက်စိမ်းလက်ဖြင့် နတ်သမီးယွမ်၏ နှုတ်ခမ်းထောင့်မှ သွေးများကို ညင်သာစွာ သုတ်လိုက်လေသည်။
"ယွမ်၊ နင်ငါ့ကို စိတ်ဆွပေးနေစရာ မလိုပါဘူး။ နောက်ကျရင် နင့်ကို ကျွင်းရှောင်ယောက်နဲ့ သွားတွေ့ဖို့ ခေါ်သွားမယ်"
လင်ယွမ် ပြောလိုက်သည်။
"ဘာ"
နတ်သမီးယွမ်၏ အမူအရာက ရုတ်တရက် ပြောင်းသွားသည်။ သူမ စိတ်မတည်ငြိမ်နိုင်တော့ပေ။
သူမ၏ နှလုံးသားထဲမှ ကျွင်းရှောင်ယောက်ကို လွမ်းဆွတ်မှုဟာ ဖိနှိပ်ရခက်သော မြစ်တစ်စင်းကဲ့သို့ သူမ၏ နှလုံးသားထဲတွင် စီးဆင်းနေခဲ့သည်။
သို့သော်လည်း လင်ယွမ် သူမ၏ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကို ထိန်းချုပ်ထားသောကြောင့် ကျွင်းရှောင်ယောက်ကိုရှာရန် ဤနေရာမှ မထွက်ခွာနိုင်ခဲ့ပါ။
သို့သော်လည်း ယခုတော့ လင်ယွမ်ဟာ သူမကို ကျွင်းရှောင်ယောက်နှင့်တွေ့ရန် ခေါ်သွားတော့မည်ဟု ပြောလာသည်။
မယုံနိုင်စရာပါပင်။
မျှော်လင့်ထားသည့်အတိုင်း နောက်အခိုက်အတန့်တွင် လင်ယွမ်က အေးစက်စက် ပြောလိုက်သည်။
"ဒါပေမဲ့ ငါနင့်ကိုခေါ်သွားမှာက ကျွင်းရှောင်ယောက်ရဲ့ သေဆုံးခြင်းကို နင့်မျက်လုံးနဲ့ သက်သေခံဖို့ပဲ"
"အဆုံးစွန် စမ်းသပ်မှုနေရာမှာ သူ ကျဆုံးလိမ့်မယ်"
"မဟုတ်ဘူး... မဖြစ်နိုင်ဘူး၊ ကျွင်းသခင်လေးက သူနဲ့ ရွယ်တူတွေကြားမှာ ပြိုင်ဘက်ကင်းတယ်။ နင် သူ့ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး"
နတ်သမီးယွမ်က မယုံကြည်ဘဲ ခေါင်းခါယမ်းလိုက်သည်။
"တကယ်လား၊ ဧကရာဇ်ကိုဆန့်ကျင်မဲ့ ဧကရာဇ် ခုနစ်ပါး အတူတူ လှုပ်ရှားမယ်ဆိုရင် ဘာဖြစ်မလဲ"
လင်ယွမ် မေးလိုက်၏။
နတ်သမီးယွမ်၏ မျက်လုံးများက လှုပ်ရှားသွားပြီးနောက် စကားမပြောနိုင်တော့ပေ။
အင်မော်တယ်နယ်မြေကြီး၏ အလိုတော်က ခန့်အပ်ထားသော ဧကရာဇ်ခုနစ်ပါးသာ ကျွင်းရှောင်ယောက်ကို ပူးပေါင်းတိုက်ခိုက်မည်ဆိုပါက...
အဆုံးသတ်ကို ကြိုပြောရန်မှာ ခက်ခဲသည်။
တိတ်ဆိတ်နေသော နတ်သမီးယွမ်ကိုမြင်တော့ လင်ယွမ်က ပြုံးပြီး ကျောက်စိမ်းလက်ဖြင့် သူမ၏ ပါးပြင်တစ်ဖက်ကို ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်သည်။
"စိတ်မပူပါနဲ့၊ ကျွင်းရှောင်ယောက် ကျဆုံးတဲ့အခါ နင့်ရဲ့ နှလုံးသားထဲက စွဲလမ်းမှုတွေ ပျောက်ကွယ်သွားနိုင်တယ်။ ဒီအခါ ငါ့အတွက်ပဲ ပိုင်ဆိုင်နေတုန်းပဲ"
လင်ယွမ် ပြောလိုက်သည်။ သူ့တွင် ဆက်မပြောဖြစ်သည့် စကားတချို့ ရှိသေးသည်။ ယင်းမှာ သူ့နှလုံးသားထဲမှ ဘဝတစ်ရာချစ်ခြင်းမေတ္တာကိုလည်း ဖျောက်ဖျက်ပစ်နိုင်ခြင်းပင်။
လင်ယွမ်က လှည့်ပြီး ထွက်သွားရန် ဟန်ပြင်လိုက်သည်။
"နင်အောင်မြင်မှာ မဟုတ်ဘူး။ ကျွင်းသခင်လေး... သူက အံ့ဩစရာတွေကို အမြဲ ဖန်တီးနိုင်တဲ့ သူတစ်ယောက်ပဲ"
နတ်သမီးယွမ် အခိုင်အမာ ပြောလိုက်၏။
"ဒါဆို စောင့်ကြည့်ကြတာပေါ့"
လင်ယွမ်က ကောင်းကင်ဧကရာဇ်ရာဇပလ္လင်ပေါ်တွင် ထိုင်ကာ နောက်ပြန်မလှည့်ဘဲ တိုက်ရိုက်ထွက်ခွာသွားတော့သည်။
"ကျွင်းသခင်လေး..."
နတ်သမီးယွမ်လည်း မျက်ရည်အဝိုင်းသားဖြင့် မြေပြင်ပေါ်တွင် အားမရှိတော့သလို ထိုင်ချလိုက်သည်။
"ယွမ်... နင့်ကို လွမ်းတယ်"
............
ဧကရာဇ်သင်္ချိုင်းကြယ်ရှိ ရှေးဟောင်းဂူတွင်...
ကျွင်းရှောင်ယောက်က တင်ပျဉ်ခွေထိုင်နေသည်။ သူ့ပတ်ဝန်းကျင်မှာလည်း ကြယ်ကြီးများကဲ့သို့ မရေမတွက်နိုင်သော ရှေးဟောင်းစာလုံးများ အဆုံးမရှိသလို လှည့်ပတ်နေ၏။
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော ကျမ်းများ ထွက်ပေါ်လာခဲ့သည်။
သူက ရှင်သန်ခြင်းကျမ်းကို အချိန်အတော်ကြာ လေ့လာခဲ့ပေသည်။
သူ့ရှေ့မှ လေထဲမှာတော့ ရှင်သန်ခြင်းကျမ်းအပြင် သလင်းကျောက်တစ်ခု လွင့်မျောနေသည်။
သလင်းကျောက်ထဲတွင် ချိတ်ပိတ်ထားတာက အသက်စမ်းရေ ဖြစ်၏။
ဤအခိုက်အတန့်တွင်၊ ကြည်လင်ပြတ်သားသော စမ်းရေတစ်စက်က သလင်းကျောက်ကိုဖြတ်၍ အင်မော်တယ်စွမ်းအင်များ စီးဆင်းနေသကဲ့သို့ ထွက်ပေါ်လာပြီး ကျွင်းရှောင်ယောက်၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားလေသည်။
ဤအခိုက်တွင် ကျွင်းရှောင်ယောက်၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။
သူ့ခန္ဓာကိုယ်က အလင်းရောင်များ တောက်ပနေသည်။
ခန္ဓာကိုယ်အတွင်း၌ ကျမ်းစာရွတ်ဆိုသံများ ထွက်ပေါ်လာ၏။
မရေမတွက်နိုင်သော ဗုဒ္ဓများနှင့် ရှေးဗုဒ္ဓရုပ်ပွားတော်များက ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တွင် တင်ပျဉ်ခွေထိုင်ကာ အင်မော်တယ်ကျမ်းဂန်များကို ရွတ်ဆိုနေသကဲ့သို့ပင်။
"အင်မော်တယ်ဝိညာဥ်ကျင့်စဉ်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပစွာ လင်းလက်သွားခဲ့သည်။
ရှင်သန်ခြင်းကျမ်းမှ အင်မော်တယ်ဝိညာဥ်ကျင့်စဉ်ဟုခေါ်သော ကြီးမြတ်သည့် တားမြစ်နည်းလမ်းကို သူ နားလည်ခဲ့ပေသည်။
ဤကျင့်စဉ်ကို ပြီးမြောက်သည်နှင့် မပျက်စီးနိုင်သူ၊ အင်မော်တယ်ဟု ဆိုကြပြီး နတ်ဘုရားများသည်ပင် ဖျက်ဆီး၍မရပေ။
"သေချာတာပေါ့၊ ဒီကျင့်စဉ်က ရုပ်ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်စေရုံသာမက ပျက်စီးသွားတဲ့ ရှေးဦးဝိညာဉ်ကိုလည်း ပြန်လည်ရရှိစေနိုင်တယ်။ စိတ်ဝိညာဉ်ကို အထူးကာကွယ်ပေးတဲ့ လွမ်ကုဧကရာဇ်အဆောင်နဲ့သာ တွဲလိုက်လို့ကတော့..."
"အဓိပဓိနယ်ပယ်အောက်က မပြောနဲ့၊ အဓိပဓိတွေတောင် ငါ့ကို သတ်နိုင်ဖို့ မလွယ်တော့ဘူး"
ကျွင်းရှောင်ယောက် ကျေနပ်စွာ ပြုံးလိုက်သည်။
အင်မော်တယ်ဝိညာဉ်ကျင့်စဉ်၊ သဘာဝလွန် ပြန်လည်ကောင်းမွန်နိုင်စွမ်းရှိသည့် ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် လွမ်ကုဧကရာဇ်အဆောင်။
ဤအခြေအနေများဖြင့် မျိုးဆက်သစ်လူငယ်များတွင် မည်သူက သူ့ကို သတ်နိုင်မှာလဲ။
ရှေးသမိုင်းမှာ မြှုပ်နှံထားသည့် မျိုးစေ့အဆင့် တည်ရှိမှုများ ထွက်လာလျှင်ပင် သူ့ကို ဘာမှ လုပ်နိုင်ကြမည် မဟုတ်ပေ။
ဤသည်မှာ ကျွင်းရှောင်ယောက်၏ ယုံကြည်မှု ဖြစ်သည်။
"ရှေးဟောင်းလမ်းက ဆုံးတော့မယ်။ ဧကရာဇ်ခုနစ်ပါးနဲ့ တခြားသူတွေလည်း နည်းနည်းတော့ စိတ်မရှည်တော့ဘူး ထင်ပါရဲ့"
"ဖြစ်ကောင်းဖြစ်နိုင်တာက... အဆုံးစွန်စမ်းသပ်မှုမှာ ငါ့ကို တစ်ခါတည်း သတ်ပစ်ဖို့နဲ့ ကောင်းကင်ဆုလာဘ်ကို ဘယ်ပုံဘယ်နည်း ရယူမယ်ဆိုပြီး စီစဉ်နေကြလိမ့်မယ်"
"ဒါပေမဲ့၊ စိတ်မကောင်းစရာက..."
"မင်းတို့တွေက ငယ်လွန်းသေးတယ်"
ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်သည်။
ကူတိကျစ်နှင့် ဧကရာဇ် ခုနစ်ပါးတို့က သူ့ကို မည်သို့မည်ပုံ ကိုင်တွယ်ရမည်ကို တွေးတောနေခဲ့ကြချိန်တွင်...
ကျွင်းရှောင်ယောက်၏ အမြင်က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးမှ ထွက်သွားပြီ ဖြစ်သည်။
တိုင်းတပါးမြေ၊ ထာဝရ သင်္ချိုင်းမြေ၊ အကန့်အသတ်မဲ့ပင်လယ်၊ အသက်တားမြစ်နယ်မြေ...
ဤအင်မော်တယ်နယ်မြေကြီးအပြင်ဘက်မှ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းသော နေရာများသာ သူ့ပန်းတိုင်များ ဖြစ်သည်။
ဧကရာဇ်ခုနစ်ပါး၏ တည်ရှိမှုက သူ့အတွက် ဘာများဖုန်ထစေနိုင်မည်နည်း။
"အသက်စမ်းရေကို အတွင်းစကြဝဠာထဲ ဖြည့်သွင်းလိုက်တဲ့အခါ၊ ငါ့ရဲ့ခွန်အားအဆင့်က တစ်ဖန်ပြန်မြင့်လာမှာသေချာတယ်"
"အချိန်ကျရင် နောက်ဆုံး စမ်းသပ်မှုနေရာမှာ မျက်စိမပါတဲ့ ကောင်တွေအကုန်လုံးကို သတ်မယ်"
ကျွင်းရှောင်ယောက်က အရိုးရှင်းဆုံးအရာများအကြောင်း ပြောနေသလို ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်သည်။
သူက အသက်စမ်းရေကို စတင်သန့်စင်ခဲ့သည်။
............
တစ်ချိန်တည်းမှာပင် နေတစ်စင်းကဲ့သို့ ပူပြင်းသော ရှေးဟောင်းကြယ်တစ်စင်းပေါ်တွင်...
ထိုနေရာတွင် ပုံရိပ်များစွာ ရှိနေသည်။
ရွှေရောင်ဆံပင်များကို ဖြန့်ချထားပြီး ရွှေရောင်မျက်လုံးအစုံရှိသည့် လူငယ်တစ်ဦးလည်း ရှိ၏။
သူ့တစ်ကိုယ်လုံးက နနေနတ်ဘုရားကဲ့သို့ နေအလင်းများ တဟုန်းဟုန်းတောက်နေလေသည်။
ရွှေကျီးကန်း ဒသမမင်းသား ဖြစ်သည်။
သူဟာ ဧကရာဇ်သင်္ချိုင်းကြယ်တွင် ကျွင်းရှောင်ယောက်၏လက်မှာ ဘဝပျက်လုနီး ဖြစ်ခဲ့သည်။
ရွှေကျီးကန်း ညီနောင်ဆယ်ယောက်မှပင် ယခုအခါ သူတစ်ဦးတည်း ကျန်တော့သည်။
သို့သော်လည်း ရွှေကျီးကန်း ဒသမမင်းသားသည် ဇွဲလုံ့လရှိသောနှလုံးသားဖြင့် ထိပ်တန်းပါရမီရှင်ဖြစ်ထိုက်သူ ဖြစ်သည်။ ဆိုးရွားသော လောကဓံက သူ့အား စိတ်ဓာတ်ကျစေခြင်း မရှိပေ။
ထိုအစား သူ့အမုန်းတရားကို လှုံ့ဆော်မှုအဖြစ် ပြောင်းလဲပြီး ကျွင်းရှောင်ယောက်အား သူ့လက်နှင့် ကိုယ်တိုင်သတ်မည်ဟု ကတိပြုခဲ့သည်။
နေနတ်ဘုရားတောင်က အခြား ထိုက်ယင်မြင့်မြတ်ခန္ဓာကို တွေ့ရှိကြောင်း သူ ပထမဆုံး ကြားရပြီးနောက် အလွန် စိတ်လှုပ်ရှားသွားသည်။
ရှေးဦးဖရိုဖရဲခန္ဓာကို လေ့ကျင့်နိုင်သရွေ့ သူ၏ လက်စားချေရန် မျှော်လင့်ချက်က အပြည့်အဝနီးပါး ဖြစ်လိမ့်မည်။
ရှေးဦးဖရိုဖရဲခန္ဓာသည် ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး တာအိုခန္ဓာများထဲမှ တစ်ခုဖြစ်သည်။ ယင်းက ပုံဖော်ထားသော ခန္ဓာတစ်ခုသာဖြစ်လျှင်ပင် အရာအားလုံးကို အလျားလိုက်တွန်းနိုင်ပြီး တုနှိုင်းမရပေ။
"အကြီးအကဲတို့၊ ထိုက်ယင်မြင့်မြတ်ခန္ဓာက ဘယ်မှာလဲ”
ရွှေကျီးကန်း ဒသမမင်းသားက စိတ်အားထက်သန်စွာ မေးလိုက်သည်။
သူ အမှန်တကယ် မစောင့်နိုင်တော့ပေ။ ထိုက်ယင်မြင့်မြတ်ခန္ဓာနှင့် တူနှစ်ကိုယ်လေ့ကျင့်ပြီး ရှေးဦးဖရိုဖရဲခန္ဓာ ဖြစ်လာပြီးနောက် ကျွင်းရှောင်ယောက်ကို သူ့လက်ဖြင့် သတ်ပစ်ချင်ခဲ့သည်။
"အဟမ်း... အဟမ်း၊ တွန်းလာခဲ့တော့"
နေနတ်ဘုရားတောင်မှ အကြီးအကဲတစ်ဦးက ခြောက်ကပ်ကပ်ဖြင့် ချောင်းဟန့်လိုက်သည်။
"တွန်းလာမှာလား"
ရွှေကျီးကန်း ဒသမမင်းသား ခဏမျှ အံ့အားသင့်သွား၏။
မကြာမီ အကြီးအကဲတစ်ယောက်က ခေါင်းတလားတစ်ခုကို တွန်းထုတ်လာတော့သည်။
"အရှင်မင်းသား၊ ရောက်ပါပြီ"
အကြီးအကဲက သဘာဝမကျသော အမူအရာဖြင့် ပြောလိုက်သည်။
"လူကော... လူဘယ်မှာလဲ"
ရွှေကျီးကန်း ဒသမမင်းသား လုံးဝစိတ်ရှုပ်ထွေးပြီး ဆွံ့အသွားခဲ့သည်။
"အထဲမှာ သူ လဲလျောင်းနေပါတယ်..."
"ဘာ၊ ခင်ဗျား... ခင်ဗျားတို့ ကျုပ်ကို လာနောက်နေတာ မဟုတ်တာ သေချာရဲ့လား"
ရွှေကျီးကန်း ဒသမမင်းသား နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ နေ့ခင်းကြောင်တောင် သရဲခြောက်ခံရသလို သူ ကြက်သေသေသွား၏။ သူ့ဝိညာဉ် လွင့်စဉ်သွားသလို ခံစားရကာ ကောင်းကင်သို့ပင် ပျံသန်းတော့မည်။
"အရှင်မင်းသား၊ ထိုက်ယင်မြင့်မြတ်ခန္ဓာက ရှားပါးလွန်းပါတယ်။ ငါတို့ နေတတ်ဘုရားတောင်က နောက်ဆုံးမှ ဒီအလောင်းကို ရှေးသင်္ချိုင်းတစ်ခုကနေ တူးဖော်တွေ့ရှိခဲ့တာ"
"ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါတို့ စစ်ဆေးပြီးပြီ။ ဒီထိုက်ယင်မြင့်မြင့်ခန္ဓာကို ဆန်းကျယ်ရေခဲခေါင်းထဲမှာ ချိတ်ပိတ်ထားတာ၊ နဂိုအတိုင်း နည်းနည်းမှ မပျက်စီးသေးဘူး"
"အနည်းဆုံးတော့၊ ဟို... အသုံးပြုလို့ရသေးတယ်"