အခန်း ၈၂၁
Vol. 55 Ch. 821
အခန်း ( ၈၂၁ ) ရွှေကျီးကန်း ဒသမမင်းသားက တကယ် ပြတ်သားတဲ့သူပဲ။
ရွှေကျီးကန်း ဒသမမင်းသား၏ မျက်နှာအမူအရာမှာ ပထမတော့ ကြက်သေသေသွားသည်။
နောက်တော့ နီရဲလာပြီး နောက်ဆုံး ခရမ်းရောင် ဖြစ်သွားတော့သည်။
အကယ်၍ ရောက်ရှိနေကြသူများက နေနတ်ဘုရားတောင်၏ အကြီးအကဲများ မဟုတ်ပါက...
ရွှေကျီးကန်း ဒသမမင်းသားဟာ သေချာပေါက် အော်ဟစ်ကြိမ်းမောင်းပြီး ချက်ချင်း ရိုက်သတ်မိလိမ့်မည် ဖြစ်သည်။
"အကြီးအကဲတို့၊ ခင်ဗျားတို့ ကျုပ်ကို လာနောက်နေတာလား။ ဒါ... အလောင်းကြီးပဲဗျ"
ရွှေကျီးကန်း ဒသမမင်းသား အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်သည်။
ယခင် သတင်းကြားရစဉ်ကတည်းက တစ်ခုခုမှားနေပြီဟု သူ ယောင်ဝါးဝါး ခံစားခဲ့ရသည်။
သို့သော်လည်း ထိုစဉ်ကတော့ သူဟာ အရမ်းကြီး မတွေးခဲ့မိပေ။
ထို့ပြင် လူသေကောင်ကြီး ဖြစ်နေမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
"အရှင်မင်းသား၊ ဒါက အလောင်းတစ်လောင်းဖြစ်ပေမဲ့ ထိုက်ယင်စွမ်းအားတွေ မပျောက်ကွယ်သေးတာကြောင့် ဖရိုဖရဲခန္ဓာကို လေ့ကျင့်ဖို့ အခွင့်အရေးရှိပါသေးတယ်"
အကြီးအကဲတစ်ဦးက ပြောလိုက်သည်။
"ဒါဖြင့် ထိုက်ယင်စွမ်းအားကို ဆွဲထုတ်လိုက်ပါ"
ရွှေကျီးကန်း ဒသမမင်းသားက အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည်။
"မဟုတ်သေးဘူး၊ ဖရိုဖရဲခန္ဓာဆိုတာ ယင်နဲ့ယန်ရဲ့ သဟဇာတဖြစ်ခြင်းကနေ ဆင်းသက်လာခဲ့တာပါ။ အဲဒီအတွက် ပုံမှန်လုပ်ရိုးလုပ်ထုံးကို ဖြတ်သန်းရလိမ့်မယ်။ မဟုတ်ရင် အောင်မြင်နိုင်ချေ အရမ်းနည်းပြီး ဖြုန်းတီးရာကျလိမ့်မယ်"
အကြီးအကဲအချို့က အလေးအနက် ပြောကြ၏။
“ဒါပေမဲ့…”
ရွှေကျီးကန်း ဒသမမင်းသားက တစ်ခုခု ပြောချင်နေဆဲပင်။
ထိုအခါ အကြီးအကဲတစ်ယောက်က လေးလေးနက်နက် ဝင်ပြောလိုက်သည်။
"အရှင်မင်းသား၊ ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ဆောင်ရွက်မဲ့ပုဂ္ဂိုလ်က အသေးအဖွဲကိစ္စတွေကို ဂရုမစိုက်ပါဘူး"
"မင်း အလောင်းတွေကိုတောင် ကြောက်နေရင် အထွတ်အထိပ်ကို တက်ရောက်ဖို့ ဘယ်လိုလုပ်ပြီး အရည်အချင်းရှိမှာလဲ"
ထိုအကြီးအကဲ၏ စကားများက လူတစ်ယောက်ကို အမှန်တကယ် သွေးဆူလာစေနိုင်သည်။
သို့သော်၊ သေချာတွေးကြည့်ပြီးနောက်မှာတော့ ယင်းက နည်းနည်းလွဲနေသည်။
ထိပ်ဆုံးကို တက်ရောက်နိုင်ဖို့ ဒီလို ခက်ခဲတဲ့အရာတွေကို တကယ်ပဲ ခံစားကြရမှာလား။
ဒါက ဘယ်လိုယုတ္တိဗေဒမျိုးလဲ။
"အကြီးအကဲဆိုရင်ကော ဘယ်လိုလဲ"
ရွှေကျီးကန်း ဒသမမင်းသား မေးလိုက်သည်။
"အဟမ်း... ငါက အသက်ကြီးပြီး အရည်အချင်းလည်း မရှိတော့ပါဘူး။ ဒါပေမဲ့ အရှင်မင်းသားက မတူဘူး၊ ငယ်ရွယ်နုပျိုပြီး အားအင်အပြည့် ရှိသေးတယ်။ နောက်ပြီးတော့ လက်စားချေစရာကြီးလည်း ရှိသေးတယ်"
ထိုအကြီးအကဲက အဆင်မပြေသလို ချောင်းဟန့်ပြီးမှ ပြောလေသည်။
"လက်စားချေစရာကြီးရှိသေးတယ်"ဟူသော စကားကိုကြားတော့ ရွှေကျီးကန်း ဒသမမင်းသား တိတ်ဆိတ်သွားသည်။
အမှန်ပင်၊ ကျွင်းရှောင်ယောက်က သန်မာလွန်း၏။
ယခင်ကလည်း ရွှေကျီးကန်း ဒသမမင်းသားသည် ကျွင်းရှောင်ယောက်က အသျှင်ခန္ဓာကို ချေမှုန်းလိုက်ကြောင်း သတင်းများ ကြားခဲ့ရသေးသည်။
သူတို့နှင့် တိုက်ခိုက်စဉ်မှာလည်း ကျွင်းရှောင်ယောက် သူ့အင်အားအပြည့် မသုံးခဲ့ကြောင်း သူ သိခဲ့ရသည်။
ဤအခြေအနေမျိုးတွင်၊ ဖရိုဖရဲခန္ဓာကို လေ့ကျင့်ခြင်းမှတစ်ပါး...
ရွှေကျီးကန်း ဒသမမင်းသားသည် ကျွင်းရှောင်ယောက်နှင့် ရင်ဆိုင်ရန် မည်သည့်နည်းလမ်းကိုမျှ မတွေးတတ်တော့ပေ။
"အရှင်မင်းသား၊ အခုအချိန်မှာ မင်း ကြိုးစားအားထုတ်ပြီး အရှက်တရားတွေကို သည်းခံလိုက်တာနဲ့ အနာဂတ်မှာ ဖရိုဖရဲခန္ဓာရဲ့စွမ်းအားက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို သေချာပေါက် လွှမ်းမိုးနိုင်ပါလိမ့်မယ်"
အကြီးအကဲတစ်ဦးကလည်း အကြံပေးလိုက်သည်။
"အရှင်မင်းသား၊ မင်းအတွက် အရမ်းအေးရင်လည်း အရင်ဆုံး အပူပေးလို့ ရပါတယ်"
အခြား အကြီးအကဲကလည်း အကြံပြုလိုက်၏။
"တော်ကြပါတော့ဗျာ"
ရွှေကျီးကန်း ဒသမမင်းသား မျက်စိမျက်နှာပျက်ပြီး သူ့လက်ကို ခါယမ်းလိုက်သည်။
နေနတ်ဘုရားတောင်၏ အကြီးအကဲများလည်း သက်ပြင်းချလိုက်ကြလေသည်။
ရွှေကျီးကန်း ဒသမမင်းသား မလိုချင်ပါက သူတို့ ဘာမှ မတတ်နိုင်တော့ပေ။
ယခုအခါ၊ အဆုံးစွန်စမ်းသပ်မှု စတင်တော့မည်ဖြစ်၍ ယွိချန်ကျွမ့်ကို ဖမ်းဆီးရန်မှာ ခက်ခဲသည်။
ထိုအခါ ဤအလောင်းတစ်ခုသာ ရှိတော့သည်။
ယင်းကို စွန့်လွှတ်လိုက်ပါက၊ ရွှေကျီးကန်း ဒသမမင်းသားအနေဖြင့် ဖရိုဖရဲခန္ဓာအား လေ့ကျင့်နိုင်တော့မည် မဟုတ်ပေ။
အနာဂတ်မှာ ရှာတွေ့ရန် အခွင့်အလမ်းရှိလျှင် အချိန်အတော်ကြာဦးမည် ဖြစ်သည်။
အချိန်နှင့်ဒီရေက လူကိုမစောင့်ပေ။
ကြီးကျယ်ခမ်းနားသော ပြိုင်ဆိုင်မှုကမ္ဘာတွင် အနိုင်ရလိုပါက အချိန်တိုင်းကို ကောင်းကောင်းအသုံးချရမည် ဖြစ်သည်။
ခြေတစ်လှမ်းနောက်ကျပါက ခြေတစ်လှမ်းအမြဲ နောက်ကျမည်။ အဆုံးမှာ လူများကြားမှပင် ပျောက်ကွယ်သွားနိုင်ပေသည်။
"ကျုပ်... လက်ခံတယ်"
ရွှေကျီးကန်း ဒသမမင်းသား လွန်စွာ ခြောက်ကပ်နေသော လေသံဖြင့် ပြောလိုက်သည်။
သူ ဘာကြောင့် ဒီလိုစကားတွေ ပြောလိုက်မှန်းတောင်မသိတော့ပါ။
ဖြစ်ကောင်းဖြစ်နိုင်သည်က ကျွင်းရှောင်ယောက်ကို မုန်းတီးလွန်းသောကြောင့် ဖြစ်မည်။
"ညီနောင်ကိုးယောက်ရဲ့ သွေးကြွေးကို ကျုပ် တာဝန်ယူတယ်။ သူတို့အတွက် ကျုပ် လက်စားချေရမယ်"
ရွှေကျီးကန်း ဒသမမင်းသား ဟိန်းဟောက်လိုက်သည်။
"ကောင်းတယ်"
နေနတ်ဘုရားတောင်မှ အကြီးအကဲများလည်း စိတ်လှုပ်ရှားသွားကြလေသည်။
အကြီးအကဲတစ်ဦးက ခေါင်းတလားအဖုံးကို တွန်းဖွင့်လိုက်ရာ အတွင်းမှ သွယ်လျသောရုပ်သွင်တစ်ခု ပေါ်လာခဲ့သည်။
သူက အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားသည်။ သူ့မျက်နှာကလည်း ပန်းချီလက်ရာကဲ့သို့ ကြည့်ကောင်းသည့်အထဲ ပါလေသည်။
သို့သော်လည်း အနက်ရောင် ရေခဲခေါင်းတလားထဲမှာ ဘယ်လောက်ကြာကြာ အေးခဲနေမှန်း မသိရဘဲ သူ့အရေပြားက သွေးမရှိသကဲ့သို့ ဖြူဆုပ်ကာ တကိုယ်လုံး အေးစက်နေသည်။
ရွှေကျီးကန်း ဒသမမင်းသားလည်း အလောင်းကိုမြင်မှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
အနည်းဆုံးတော့ သူစိတ်ကူးထားသလို ပုပ်ပွနေသည့် အလောင်းတစ်လောင်း မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် သူသုံးလို့ရသည်။
"အရှင်မင်းသား၊ ငါတို့ အရင်သွားပါတော့မယ်"
အကြီးအကဲများက ထွက်သွားရန် ပြင်လိုက်ကြသည်။
"ဟင်၊ မဟုတ်သေးဘူး"
ရွှေကျီးကန်း ဒသမမင်းသား၏ အမူအရာက ရုတ်တရက် ပြောင်းသွားသည်။
"ဘာဖြစ်လို့ သူ့လည်ပင်းမှာ စလုပ်ကြီး ရှိနေတာလဲ"
"ရင်ဘတ်ကလည်း ပြားလွန်းတယ်"
"ဘာဖြစ်လို့ မဖြစ်သင့်တာတွေ ဖြစ်နေတာလဲ"
ရွှေကျီးကန်း ဒသမမင်းသား အသက်ရှူရန် မေ့သွားသည်။ နေရာတွင်ပင် အေးခဲသွား၏။
အကြီးအကဲတစ်ဦးက မျက်နှာကို အတင်းတည်ကြည်စေရင်းမှ ပြောလိုက်သည်။
"အရှင်မင်းသား၊ ရလောက်ပါတယ်။ အနည်းဆုံးတော့ လူသားတစ်ယောက် ဖြစ်နေတုန်းပဲ"
"ဟုတ်ပါတယ်၊ ကျား မ လိင်နဲ့ပတ်သက်ပြီး အရမ်း တင်းကျပ်နေစရာမလိုဘူး။ မင်းရဲ့ လေ့ကျင့်ရေး ကိရိယာတစ်ခုလိုပဲ သဘောထားပါ"
နောက်တစ်ဦးကလည်း ဝင်ဖျောင်းဖျ၏။
"အား..."
ရွှေကျီးကန်း ဒသမမင်းသား ရူးချေပြီ။ သူ ရူးတော့မည်။ အဲကိုတင်းတင်းကြိတ်ထားရင်းမှ လည်ပင်းသွေးကြောများ ထောင်ထလာသည်။
"အရှင်မင်းသား၊ မင်းရဲ့ ညီနောင်ကိုးယောက်အတွက် လက်စားချေဖို့ကို စဉ်းစားကြည့်စမ်း"
"မင်း လက်စားချေချင်တာ မဟုတ်ဘူးလား။ ကျွင်းရှောင်ယောက်ကို ကိုယ့်ရဲ့လက်နဲ့ မသတ်ချင်ဘူးလား"
အကြီးအကဲတစ်ဦးက နားစည်ကွဲမတတ် အသံမျိုးဖြင့် အော်ပြောလိုက်သည်။
ရွှေကျီးကန်း ဒသမမင်းသား၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပေသည်။ သူ့မျက်နှာက ခရမ်းရောင်ဖြစ်နေပြီး သူ့နှလုံးသားများ ပေါက်ကွဲထွက်တော့မည် ဖြစ်သည်။
အလောင်းဖြစ်ခြင်းကို မေ့ထားလျှင်ပင်...
ယောက်ျားကြီး ဖြစ်နေခြင်းကတော့...
ဤအခြေအနေမှာ ကြေကွဲစရာဟူသော စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်တော့ပေ။
"ကျွင်းရှောင်ယောက်၊ မင်းသေရမယ်"
ရွှေကျီးကန်း ဒသမမင်းသား အာခေါင်ခြစ်ပြီး အော်လိုက်သည်။
ကျွင်းရှောင်ယောက်ကြောင့်သာ မဟုတ်ပါက သူ့လက်ထဲကို ယွိချန်ကျွမ့် ရောက်နေပြီးလောက်ပြီ။
ပြီးပြည့်စုံသည့် အသွင်အပြင်နှင့် နူးညံ့ပျော့ပျောင်းသော မိန်းကလေးကို ပွေ့ဖက်ရတာက အဘယ်မျှ ကောင်းလိုက်ပါမည်နည်း။
သို့သော်လည်း ယွိချန်ကျွမ့်ကို ကျွင်းရှောင်ယောက်မှ ခေါ်ဆောင်သွားခဲ့သည်။
ရွှေကျီးကန်း ဒသမမင်းသားသည် ကျွင်းရှောင်ယောက်က ယွိချန်ကျွမ့်နှင့် တူနှစ်ကိုယ် ကျင့်ကြံပြီးပြီဟုပင် လွဲမှားစွာတွေးခဲ့သည်။ မဟုတ်ပါက သူ့တွင် ထိုက်ယင်၏ သန့်စင်သောစွမ်းအား ပိုင်ဆိုင်ထားရန် မဖြစ်နိုင်ပေ။
"ကျွင်းရှောင်ယောက်၊ ငါ့ကိုစောင့်နေပါ။ ခွေးမ ယွိချန်ကျွမ့်လည်း နေနှင့်ဦး။ ငါ ဖရိုဖရဲခန္ဓာကို လေ့ကျင့်ပြီးတဲ့အခါ မင်းကို ငါနဲ့ထပ်တူ နာကျင်မှုမျိုး ခံစားရစေမယ်"
ရွှေကျီးကန်း ဒသမမင်းသားက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
နောက်ဆုံးတော့ သူ့မျက်လုံးမှာ မျက်ရည်များ ဝဲလာတော့သည်။
"ဝုန်း"
ရှေးဟောင်းကြယ်တစ်ခုလုံးကို နေရောင်ခြည်နှင့် လ၏ သန့်စင်သောစွမ်းအားက ရစ်ပတ်သွားသည်။
သို့သော်လည်း ထိုက်ယင်မြင့်မြတ်ခန္ဓာ၏ စွမ်းအားက တက်ကြွမှုမရှိဘဲ သေခြင်း အငွေ့အသက်တို့ကို သယ်ဆောင်လာပေသည်။
နေနတ်ဘုရားတောင်၏ အကြီးအကဲများကတော့ ဤကြယ်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။
“ဒီနေ့ ဖြစ်သွားတာတွေ အပြင်ကို ဖြန့်မပြရဘူး”
အကြီးအကဲတစ်ဦးက လေးလေးနက်နက် ပြောလိုက်သည်။
"ဟုတ်တယ်"
ကျန်အကြီးအကဲများ ခေါင်းညိတ်လိုက်၏။
ဤသတင်း ပျံ့နှံ့သွားပါက နေနတ်ဘုရားတောင်တစ်ခုလုံး မျက်နှာပျက်ရပေလိမ့်မည်။
"ဒါပေမဲ့၊ အရှင်မင်းသား...၊ သူ တကယ်လုပ်ခဲ့တယ်"
အကြီးအကဲတစ်ဦးက သက်ပြင်းချလိုက်သည်။
"သူက တကယ်ပြတ်သားတဲ့လူပဲ"
အခြား အကြီးအကဲများလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စိတ်လှုပ်ရှားမှုဖြင့် ခေါင်းညိတ်လိုက်လေသည်။
ရွှေကျီးကန်း ဒသမမင်းသားသည် သူ့ကိုယ်ပိုင်အကန့်အသတ်ကို ဖြတ်ကျော်သွားသည့် အရာအချို့အား ပြုလုပ်ခဲ့သည်။
သို့သော်လည်း သက်ရောက်မှုကတော့ ရှိသေးသည်ဟု ဆိုရမည်။
နေမင်း စန့်စင်သောစွမ်းအားနှင့် လမင်း သန့်စင်သောစွမ်းအားက ရောထွေးကာ ရစ်ပတ်လာခဲ့သည်။
အကြီးအကဲအားလုံး၏ မျက်လုံးများလည်း ဝင်းလက်လာကြ၏။
ရှေးဟောင်းကြယ်တစ်ခုလုံးကို ဥတစ်လုံးကဲ့သို့ နေ၏ သန့်ရှင်းသော စွမ်းအားနှင့် လ၏ သန့်ရှင်းသော စွမ်းအားက ရစ်ပတ်ထားသည်။
အံ့မခန်း ဖြစ်တည်မှုတစ်ခု မွေးဖွားလာတော့မည်။
ဤတည်ရှိမှုက လှိုင်းကြီးနေပြီးဖြစ်သော အဆုံးစွန်စမ်းသပ်မှုကို ပို၍ လှိုင်းထစေရန် ရည်ရွယ်ထားသည်။
အကြောင်းမူ၊ မွေးဖွားလာမည့်အရာက လက်စားချေခြင်း၏ ရန်ငြိုးနတ်ဘုရား ဖြစ်နေသောကြောင့်ပင်။
............
ကျွင်းရှောင်ယောက်ကြောင့် စိတ်ဒဏ်ရာရခဲ့သူက ရွှေကျီးကန်း ဒသမမင်းသား တစ်ဦးတည်းတော့ မဟုတ်ပါ။
ဟင်းလင်းပြင်နယ်မြေအတွင်း၌...
လူရိပ်နှစ်ခု ရှိနေသည်။
လုံယွမ်နှင့် လုံယောက်အာတို့ ဖြစ်ချေသည်။
"ယောက်အာ၊ မင်းဒီကိစ္စကို သေချာ စဉ်းစားပြီးပြီလား"
လုံယွမ်က လေးလေးနက်နက် ပြောလိုက်သည်။
"ယောက်အာ သေချာစဉ်းစားပြီးပါပြီ"
လုံယောက်အာ၏ မျက်နှာအမူအရာကလည်း ယခင်ကထက် ပိုမိုလေးနက်နေပေသည်။
ယခင်က သူဟာ မရင့်ကျက်သေးသည့် ကလေးတစ်ယောက်ကဲ့သို့ ဖြစ်ခဲ့သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်မှ ရိုက်နှက်ဆုံးမပြီးနောက်မှာတော့...
သူမ၏စိတ်က အတော် ရင့်ကျက်သွားခဲ့ပြီ။
အားနည်းပါက ရိုက်ခံရမည်။
ဒါက လုံယောက်အာ၏ ဘဝနှင့်ရင်းရသည့် သင်ခန်းစာတစ်ခုပင်။
သူမက အားမနည်းသော်လည်း ကျွင်းရှောင်ယောက်နှင့်ယှဉ်လျှင် အားနည်းနေဆဲ ဖြစ်သည်။
ထိုတိုက်ပွဲက သူမအတွက် အရှက်ရစရာပင်။
"နဂါးသတ်လိုဏ်ဂူကို ဖောက်ဝင်ဖို့က ဒီလောက်မလွယ်ဘူး"
လုံယွမ် သက်ပြင်းချလိုက်သည်။