အခန်း ၈၂၉
Vol. 56 Ch. 829
အခန်း ( ၈၂၉ ) ကာကွယ်သူ မိသားစုကြီး သုံးခု၊ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သောသူ၊ ကြယ်တာရာ ကာကွယ်သူရှင်း။
"ဘာတွေဖြစ်နေတာလဲ"
ပါရမီရှင်များစွာတို့လည်း ထိုမြင်ကွင်းကြောင့် အံ့ဩသွားကြသည်။
သို့သော်လည်း သူတို့က ရူးရူးမိုက်မိုက် ရှေ့ကိုမတိုးခဲ့ပေ။
နောက်ဆုံးတွင်၊ ကာကွယ်သူမိသားစုက ရှေးဦးအင်ပါယာမြို့တော်မှာ နာမည်ကောင်းရှိသည်။
သူတို့က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ လေးစားရသည့် မိသားစုများဖြစ်ပြီး နယ်စပ်ကို ကာကွယ်ထားသော သူရဲကောင်းများ ဖြစ်ချေသည်။
ချိုင်မိသားစုကလည်း ကာကွယ်သူမိသားစုဖြစ်၍ သဘာဝအတိုင်း နာမည်ဂုဏ်သတင်း မြင့်မားသည်။ သူတို့ကို မည်သူမျှ မပစ်မှားချင်ပေ။
"နင် ဘာလုပ်တာလဲ၊ နင့်ရဲ့ ဧည့်သည်ဖြစ်ဖို့ စိတ်မဝင်စားဘူး"
ယွီချန်ကျွမ့် မျက်မှောင်ကြုတ်လိုက်သည်။
သူမက ဤသို့သော နှောင့်ယှက်မှုမျိုးကို ကျင့်သားရနေပြီ။
နောက်ဆုံးတွင်၊ ထိုက်ယင်မြင့်မြတ်ခန္ဓာက အန္တရာယ်ဖြစ်ရန် လွယ်ကူသည်။
ထို့ကြောင့်ပင် ချိုင်စုန့်က သူမ၏ ထိုက်ယင်မြင့်မြတ်ခန္ဓာကို ရည်ရွယ်ခြင်းဖြစ်မည်ဟု ယွီချန်ကျွမ့်၏ မသိစိတ်က ယုံကြည်ခဲ့သည်။
ချိုင်စုန့်က ခေါက်ယပ်တောင်ကို တစ်ချက်ခတ်ပြီး ပြောလိုက်သည်။
"မိန်းကလေးယွီ၊ မင်း ဒီလိုဖြစ်စရာမလိုပါဘူး။ ငါ မင်းကို ဘာမှမလုပ်ဘူး။ ငါက မင်းကို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ရုံပါပဲ"
"မြင့်မြတ်တဲ့သူလား"
ယွီချန်ကျွမ့်၏ မျက်နှာက အေးစက်နေဆဲပင်။
"ဟုတ်တယ်၊ သူက မြင့်မြတ်သူတစ်ယောက်ပါပဲ။ အဲဒီလူနောက်ကို လိုက်မယ်ဆိုရင် အနာဂတ်မှာ၊ အင်မော်တယ်နယ်မြေကြီးမှာ အခြားသူတွေထက် သာလွန်တဲ့ ခံစားချက်မျိုး ခံစားနိုင်လိမ့်မယ်"
ချိုင်စုန့်က ဆွဲဆောင်နေသောလေသံဖြင့် ပြောလိုက်သည်။
"စိတ်မရှိပါနဲ့၊ ငါ စိတ်မဝင်စားဘူး"
ယွီချန်ကျွမ့်က ပြတ်ပြတ်သားသား ငြင်းလိုက်၏။
နောက်ဆုံးတော့ သူမ၏စိတ်က ကျွင်းရှောင်ယောက်ပေါ်ကို လုံးဝ ညွတ်ဆင်းနေပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က သူမကို နောက်လိုက်ဖြစ်ရန် မတောင်းဆိုခဲ့သလို လက်ခံမည်ဟုလည်း မပြောခဲ့ပေ။
သို့သော်လည်း ယွီချန်ကျွမ့်ဟာ သူ့ကိုယ်သူ ကျွင်းရှောင်ယောက်၏လူဟု သတ်မှတ်ပြီးသား ဖြစ်သည်။
ထို့အပြင် မြင့်မြတ်သူများနှင့် ပတ်သက်လာလျှင် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးမှာ ကျွင်းရှောင်ယောက် လူမည်မျှ မြင့်မြတ်နိုင်မည်နည်း။
"ဒါက၊ မင်း နည်းနည်း ပညာမဲ့ရာကျပါလိမ့်မယ်"
ချိုင်စုန့်၏ အပြုံးက အနည်းငယ် မှိန်ဖျော့သွားသည်။
ထိုက်ယင်ကျောက်စိမ်းယုန်က သတ္တိမွေးကာ ဝင်ပြောလိုက်၏။
"နင်ပြောတဲ့ မြင့်မြတ်သူက ဘယ်သူဆိုတာ ငါ မသိဘူး။ ဒါပေမဲ့ ငါတို့နောက်မှာရပ်နေတဲ့ သခင်လေးက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ကျွင်းရှောင်ယောက်နော်"
ထိုစကားများပြောပြီးနောက် နေရာတိုင်းတွင် တိတ်ဆိတ်သွားခဲ့သည်။
ချိုင့်စုန့်လည်း မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။
ကျွင်းရှောင်ယောက်က ရှေးဦးအင်ပါယာမြို့သို့ မရောက်သေးပေ။
သို့သော်လည်း သူ့အကြောင်း သတင်းမျိုးစုံက ရှေးဟောင်းလမ်းတစ်လျှောက် ပျံ့နံ့နေပြီး လူတိုင်း သိကြသည်။
သို့ပေသော်ငြား၊ ထိုမြင့်မြတ်သူအကြောင်းကို တွေးမိလိုက်သောအခါ ချိုင်စုန့်၏ အမူအရာက ပြန်လည် ငြိမ်သက်သွားခဲ့သည်။
ထိုအချိန်တွင် အခြားတပ်သားတစ်စုက လမ်းတစ်ဖက်မှ ထွက်လာပြန်သည်။
ခေါင်းဆောင်လာသူက လူငယ်တစ်ဦးပင်။
"အဲဒါ ဖန်းမိသားစုရဲ့ သခင်လေး ဖန်းဖေးပဲ"
ပါရမီရှင်တစ်ဦးက အော်လိုက်သည်။
ဖန်းမိသားစုက အခြား ကာကွယ်သူမိသားစု ဖြစ်၏။
ထို့နောက် တတိယဇာအဖွဲ့ ပေါ်လာပြန်သည်။
ခေါင်းဆောင်လာသူက အနီရောင်ဝတ်စုံ ၀တ်ထားသော မိန်းကလေးတစ်ယောက်ပင်။
"အဲဒီသခင် ထွက်လာတဲ့အခါ မျိုးဆက်သစ်လူငယ်ဘုရင်က အပြောင်းအလဲဖြစ်လိမ့်မယ်။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ယာယီပဲ ထိပ်ဆုံးမှာ ရှိနေနိုင်မှာပါ"
အနီရောင်ဝတ်ထားသော ဤမိန်းကလေးက ဟုန်မိသားစုမှ သခင်မလေးဟုန်ချမ် ဖြစ်သည်။
သူကလည်း ကာကွယ်သူ မိသားစုမှ ဖြစ်၏။
ချိုင်မိသားစု၊ ဖန်မိသားစု၊ ဟုန်မိသားစု။
ယွီချန်ကျွမ့်အတွက် ကြီးမြတ်သည့် ကာကွယ်သူမိသားစုသုံးစုက အမှန်တကယ် စုရုံးလာကြပြီ ဖြစ်သည်။
အရပ်ရပ်မှ ပါရမီရှင်များ အနည်းငယ် အံ့အားသင့်သွား၏။
ယွီချန်ကျွမ့်လည်း မမျှော်လင့်ထားပေ။
သူသည် ရှေးဦးအင်ပါယာမြို့တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သော်လည်း အမှန်တကယ်ပင် ဤမျှ လှုပ်ခတ်မှုကြီးခဲ့သည်။
ထို့ပြင် ကာကွယ်သူမိသားစုကြီးသုံးခု၏ ပါရမီရှင်လူငယ်သုံးယောက်က သူ့ကို "သခင်"ဟု ခေါ်ရလောက်အောင် မည်သူဖြစ်မည်နည်း။
သူတို့က ကျွင်းရှောင်ယောက်ကို စော်ကားရန်ပင် မတွန့်ဆုတ်ခဲ့ပေ။
"ငါတို့နဲ့လိုက်ခဲ့။ စိတ်ချပါ၊ ငါတို့က မင်းကို ဘာမှလုပ်မှာမဟုတ်ဘူး။ မင်းရ အဲဒီသခင်အတွက် အသုံးဝင်နေသေးတယ်"
ချိုင်စုန့်က ပြုံးပြီး ပြောလိုက်သည်။
"ငါ လက်မခံရင် ဘယ်လိုလုပ်မလဲ"
ယွီချန်ကျွမ့်က သူမ၏ ငွေရောင်သွားများနှင့် တိတ်တဆိတ် အံကြိတ်ပြီး ပြောလိုက်သည်။
"လက်မခံရင်လား"
ချိုင်စုန့် အနည်းငယ်ပြုံးလိုက်၏။
"ဒုန်း၊ ဒုန်း..."
ခြေသံခပ်ပြင်းပြင်း ထွက်ပေါ်လာပြီး သံချပ်ကာဝတ် စစ်သည်များက ညီညာသော ခြေလှမ်းများဖြင့် တိုးလာကြတော့သည်။ သူတို့ထံမှ သတ်ဖြတ်ခြင်းသည့် အငွေ့အသက်များလည်း ထွက်လာခဲ့သည်။
ထိုသတ်ဖြတ်ခြင်း အငွေ့အသက်က လုပ်ယူ၍မရပေ။ ယင်းက ရက်စက်ကြမ်းကြုတ်သော စစ်မြေပြင်ကို အမှန်တကယ် ဖြတ်သန်းခဲ့သော စစ်သည်တစ်ဦး၏ သတ်ဖြတ်ခြင်း အငွေ့အသက် ဖြစ်သည်။
ထို့အပြင် သူတို့၏ ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားသည်။ အနည်းဆုံး၊ သူတို့ဟာ သူတော်စင်ဘုရင်အဆင့်များ ဖြစ်ချေသည်။
မဟာသူတော်စင်နယ်ပယ် ကျွမ်းကျင်သူများပင် ရှိသည်။
နောက်ဆုံးတွင်၊ ဤနေရာက နယ်စပ်နှင့် အနီးဆုံးမြို့ ဖြစ်၏။
ကာကွယ်သူမိသားစုများ၏ တပည့်ငယ်များမှလွဲ၍ ကျန်သူများမှာ ကျင့်ကြံခြင်းအခြေခံ မြင့်မားကြသည်။
ရှေးဦးအင်ပါယာမြို့တော်အတွင်း နက်ရှိုင်းသော အရပ်၌ အဓိပဓိ သို့မဟုတ် ဧကရာဇ်တစ်ပိုင်းအဆင့်မှ တည်ရှိမှုများပင် ရှိချေသည်။
ယွီချန်ကျွမ့်လည်း သူမ၏လက်ကို တင်းတင်းဆုပ်လိုက်သည်။
သူမ လွတ်မြောက်ချင်လျှင်ပင် မတတ်နိုင်တော့ပေ။
"စိတ်မပူပါနဲ့၊ ဒီသခင်က မမွေးသေးဘူး၊ ဒါကြောင့် မင်း အေးအေးဆေးဆေး အနားယူလို့ရတယ်။ ငါတို့ မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး"
ချိုင်စုန့်က ပြုံးလိုက်သည်။
"ဒါက ရှေးဦးအင်ပါယာမြို့တော်ပဲ၊ ဒီမှာ ဥပဒေမရှိဘူးလား"
ယွီချန်ကျွမ့် မကျေမနပ် ပြောလိုက်သည်။
"ဥပဒေလား"
တစ်ဖက်တွင် ဖန်းဖေးက ရယ်မောလိုက်၏။
"ငါတို့ ကာကွယ်သူမိသားစုတွေက နယ်စပ်ကို စောင့်ကြပ်နေကြတာ၊ ငါတို့ရဲ့ ဘိုးဘွားတွေက ဒီအတွက် သွေးသွန်းလောင်းခဲ့ရတယ်။ ဒီရှေးဦးအင်ပါယာမြို့တော်မှာ ငါတို့က ဥပဒေပဲ"
ဤစကားများက အလွန်ပြင်းထန်ပြီး သူ့ပတ်ဝန်းကျင်ရှိ ပါရမီရှင်များအားလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။
သူပြောတာမမှားပေ။
ထို့ကြောင့်ပင် ကာကွယ်သူမိသားစုများနှင့် မရှုပ်လိုကြခြင်း ဖြစ်သည်။
သူတို့၏ ဘိုးဘွားများက ကိုယ်ကျိုးမငဲ့ဘဲ နယ်စပ်ကို စောင့်ကြပ်ခဲ့၏။
ကာကွယ်သူမိသားစုထက် များစွာ တန်ခိုးကြီးမားသော အဓိပဓိ အင်မော်တယ်ခုံရုံးသည်ပင် သူတို့ကို လေးစားဆဲ ဖြစ်သည်။
ထို့အတွက်ကြောင့်၊ ဤအင်မော်တယ် အင်အားစုများ၏ မျိုးဆက်များက မလိုအပ်ဘဲ ကာကွယ်သူမျိုးဆက်များကို ပစ်မှားမည်မဟုတ်ပါ။
ကံမကောင်းစွာဖြင့်၊ ယွီချန်ကျွမ့်က မိမိဘာသာနေသော်လည်း အစပြု ရှာဖွေခြင်းကို ခံခဲ့ရသည်။
"သခင်လေး ငါတို့ကို လာပြီးကယ်မှာ သေချာတယ်။ နင်တို့ စောင့်နေ"
ထိုက်ယင်ကျောက်စိမ်းယုန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုစကားကိုကြားသော်လည်း ချိုင်စုန့်၊ ဖန်းဖေးနှင့် ဟုန်ချမ်တို့၏ အမူအရာက ပြောင်းလဲခြင်းမရှိပေ။
တကယ်တော့ ကျွင်းရှောင်ယောက်မှာ အထူးအဆင့်အတန်း ရှိသည်။
သို့ရာတွင် လာရှုပ်ဝံ့မှာလား။
ရှေးဦးအင်ပါယာမြို့၌ ၎င်းတို့၏ ကာကွယ်သူတပ်သားများကို တိုက်ခိုက်ဝံ့မည်လော။
လုံးဝ မဖြစ်နိုင်ပေ။
အကြောင်းမှာ၊ ယင်းက တားမြစ်ချက်တစ်ခု ဖြစ်သည်။
ထိုသို့ပြုမူခြင်းက ရှေးသူရဲကောင်းများ၏ သားမြေးများကို စော်ကားခြင်းနှင့် မခြားပေ။
ဤသတင်း ပျံ့နှံ့သွားပါက ကျွင်းရှောင်ယောက်၏ဂုဏ်သတင်း လုံးဝ ပျက်စီးသွားရမည် ဖြစ်သည်။
သူ့အထောက်အထားနှင့် ဂုဏ်သတင်းက မည်မျှ မြင့်မားသည်ဖြစ်စေ၊ အဆုံးမရှိ ကဲ့ရဲ့ခြင်းကို ခံရလိမ့်မည်။
ထို့ကြောင့်ပင် သူတို့က ယွီချန်ကျွမ့်ကို လမ်းမပေါ်တွင် ဗြောင်ကျကျ ဖမ်းဆီးဝံ့ကြခြင်း ဖြစ်သည်။
အဆုံးတွင်၊ ယွီချန်ကျွမ့်နှင့် ထိုက်ယင်ကျောက်စိမ်းယုန်တို့ကို ခေါ်ဆောင်သွားတော့သည်။
ယွီချန်ကျွမ့်နှင့် ထိုက်ယင်ကျောက်စိမ်းယုန်တို့ကို မိသားစုကြီးသုံးခု၏ လူများက ခေါ်ဆောင်သွားပြီးနောက်...
တစ်စုံယောက်က သေသေချာချာ စောင့်ကြည့်နေကာ လျှို့ဝှက်စွာ ပြန်ထွက်သွားလေသည်။
ထိုသူက နောက်ဆုံးတွင် ရှေးဦးအင်ပါယာမြို့တော်ရှိ နက်နဲသောနေရာမှ ရှေးဟောင်းအိမ်တစ်လုံးသို့ ရောက်လာခဲ့သည်။
အိမ်ထဲတွင် အဆုံးမဲ့အလင်းဖြင့် ရစ်ပတ်ထားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိ၏။
သတင်းသိရပြီးနောက်...
အမျိုးသားက ပြောလိုက်သည်။
"အဓိကလူ မပေါ်လာခင်မှာ နောက်လိုက်နောက်ပါတွေက အရင်လှုပ်ရှားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
"သူတို့ မကြာခင် ထွက်လာကြမှာပါ။ အချိန်ကျရင် ပြိုင်ဘက် ရာနဲ့ချီပြီး ထိပ်တန်းကမ္ဘာတွေကြားက တကယ့်တိုက်ပွဲ ဖြစ်လာလိမ့်မယ်"
အမျိုးသမီး၏ အသံက နူးညံ့ပြီး ညှို့ဓာတ်အပြည့် ရှိပေသည်။
"ကျွင်းရှောင်ယောက် ဘာလုပ်မယ်ဆိုတာ ငါသိချင်မိတယ်"
အမျိုးသားက ပြောသည်။
"ကာကွယ်သူမိသားစုက ဆက်ဆံရမခက်ပါဘူး၊ ဒါပေမဲ့လည်း ဆက်ဆံရခက်တယ်။ သတိမထားရင် နာမည် လုံးဝပျက်သွားလိမ့်မယ်။ သူလည်း သတိထားဖို့များပါတယ်"
"ငါတို့ စောင့်ကြည့်သေးတာပေါ့"
ထို့နောက် စကားသံများ တိတ်ဆိတ်သွားလေသည်။
တစ်ဖက်တွင်...၊ ချိုင်မိသားစု၏ နေအိမ်တစ်ခုမှာ...
ချိုင်စုန့်၊ ဖန်းဖေးနှင့် ဟုန်ချမ်က ငွေရောင်ဝတ်ရုံနှင့် အဖြူရောင်မျက်နှာဖုံးကို ၀တ်ဆင်ထားသည့် လူရှေ့တွင် တလေးတစား ရပ်နေကြသည်။
ထိုလူ၏ မျက်နှာဖုံးတွင် ကြယ်တစ်လုံး ရေးထွင်းထား၏။
သူ့အရှိန်အဝါကလည်း အလွန်နက်နဲကာ ထိပ်သီး တားမြစ်ပါရမီရှင်တစ်ဦးထက် မနိမ့်ကျပေ။
"ကြယ်တာရာ ကာကွယ်သူရှင်းကို နှုတ်ခွန်းဆက်ပါတယ်၊ ထိုက်ယင်မြင့်မြတ်ခန္ဓာ ယွီချန်ကျွမ့်ကို နေအိမ်အကျယ်ချုပ်ချထားပြီးပါပြီ"
ချိုင်စုန့်က စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားရသောလေသံဖြင့် ပြောလိုက်သည်။
"ကောင်းတယ်၊ မင်းတို့ စိတ်ချပါ။ ငါ့သခင်မွေးဖွားလာပြီး ထိုက်ယင်မြင့်မြတ်ခန္ဓာကို မြင်တဲ့အခါ မင်းကို တားမြစ်နိယာမတွေသင်ပေးပြီး သူ့နောက်လိုက်အဖြစ်တောင် သေချာပေါက် လက်ခံလိမ့်မယ်"
ကြယ်တာရာကာကွယ်သူရှင်းက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်သခင်ကြယ်တာရာကာကွယ်သူ"
သုံးယောက်စလုံး စိတ်လှုပ်ရှားစွာဖြင့် လက်ယှက်လိုက်လေသည်။
ဤကြယ်တာရာကွယ်သူက ထိုသခင်၏ နောက်လိုက်များထဲမှ တစ်ဦးဖြစ်သည်။
ထိုသခင်သည် မမွေးဖွားသေးသော်လည်း သူ မွေးပြီးသည်နှင့်...
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ မျိုးဆက်သစ် ပါရမီရှင် ဖွဲ့စည်းပုံ တစ်ခုလုံးကို ပြောင်းလဲလိမ့်မည်။
ထိုအချိန်တွင်၊ ထိပ်သီး တားမြစ်ပါရမီရှင်များသည်ပင် ရောင်ဝါ မှေးမှိန်သွားရမည် ဖြစ်သည်။