အခန်း ၈၄၃
Vol. 57 Ch. 843
အခန်း ( ၈၄၃ ) နယ်နိမိတ်မှ အက်ကြောင်းတစ်ခု၊ ထာဝရကောင်းကင်ပြာအတွင်းမှ ကြာပန်းတစ်ပွင့်၊ ကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားသော အဇူရာဧကရာဇ်။
လူငယ်များမှာ အံ့အားသင့်ပြီး မိန်းမောနေခဲ့သည်။
ဤပါရမီရှင်များဟာ နယ်စပ်က မည်မျှ ကျယ်ပြောသည်ဟူသော ကောလဟာလများအား အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြားခဲ့ဖူးသည်။
သို့ပေမည့် အမှန်တကယ် ကြုံတွေ့ကြရချိန်မှာတော့...
စိတ်နှလုံး တုန်လှုပ်ပြီး အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်နိုင်တော့ပေ။
ဤနယ်နိမိတ်မှာ ရှေးဦးနတ်ဘုရားများ ဖန်ဆင်းထားခဲ့သကဲ့သို့ ရှေးကျပြီး ကြီးကျယ်ခမ်းနားသည်။
မရေမတွက်နိုင်သော ဘိုးဘေးများ၏ စတေးခံမှုကို ဖော်ပြသည့်အလား၊ သွေးများလည်း စွန်းထင်းနေသေးသည်။
ကမ္ပည်းအမှတ်အသားများကလည်း နယ်နိမိတ်ပေါ်တွင် ယှက်သန်းကာ ပြိုးပြိုးပြက်ပြက် အလင်းရောင်များဖြင့် တောက်ပနေသည်။
ဤအခိုက်တွင် နယ်စပ်သို့ ပထမဆုံးအကြိမ် ရောက်လာကြသော ပါရမီရှင်များ အားလုံး တိတ်ဆိတ်သွားခဲ့ကြလေသည်။
လေးနက်သော အမူအရာများဖြင့် ထိုနေရာတွင် ရပ်နေခဲ့ကြသည်။
ကျွင်းရှောင်ယောက်လည်း စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။
သူသည် စိတ်လှုပ်ရှားလွယ်သူ မဟုတ်သော်လည်း ယခုအချိန်မှာတော့ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
'ဒါက ငါ့အဖေ စောင့်ကြပ်နေတဲ့ နယ်နိမိတ်ပဲလား'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။
သူကိုယ်တိုင်က သူရဲကောင်းတစ်ဦး မဖြစ်ချင်သလို ကယ်တင်ရှင်လည်း မဖြစ်ချင်ပေ။
သို့သော်လည်း ကျွင်းဝူဟွေ့ စောင့်ကြပ်နေသော နယ်နိမိတ်နှင့် စွန်းထင်းနေသော သွေးများကို မြင်လိုက်ရသောအခါ...
လက်ယှက်ပြီး လေးလေးစားစား ဦးညွတ်လိုက်မိသည်။
ယင်းကိုမြင်တော့ အခြားပါရမီရှင်များလည်း ကျွင်းရှောင်ယောက်နည်းတူ သွေးစွန်းနေသော နယ်နိမိတ်ကို ဦးညွတ်လိုက်၏။
ကျွင်းရှောင်ယောက်ကို ရန်လိုသော ကူတိကျစ်နှင့် အခြားသူများပင် ဤအခြေအနေမှာ လက်လျှော့၍ ဦးညွတ်လိုက်ကြသည်။
ကျွင်းရှောင်ယောက်က ဦးဆောင်ပြီး အရိုအသေပေးနေကြောင်း မြင်ရသောအခါ အမာရွတ်လေးခု သခင်ကြီး၏ မျက်လုံးများက ကျေနပ်အားရမှုတို့ ပေါ်လာခဲ့လေသည်။
'ကျေးဇူးရှင်၊ မင်းရဲ့သားက မင်းလိုပဲ ရိုးသားတဲ့ နှလုံးသားရှိတယ်'
အမာရွတ်လေးခု သခင်ကြီးလည်း စိတ်ထဲမှ ရေရွတ်ရင်း သက်ပြင်းချလိုက်သည်။
ကျွင်းရှောင်ယောက်၏ လုပ်ဆောင်မှုက နယ်ခြားစောင့် စစ်သူရဲများ၏ သူ့အပေါ် သဘောထားကို ပို၍ တိုးတက်ကောင်းမွန်စေခဲ့သည်။
"သခင်ဝူဟွေ့ရဲ့ သားက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူက တကယ်ကို ရိုးသားတယ်"
"အမှန်ပါပဲ၊ အနာဂတ်မှာ တိုင်းတပါးကို သုတ်သင်မဲ့ အဖြူရောင်ဝတ်စုံနဲ့ ဒုတိယမြောက် နတ်ဘုရားဘုရင်တစ်ပါး ဖြစ်ကောင်းဖြစ်လာနိုင်တယ်"
ကျွင်းရှောင်ယောက်ကတော့ သူ၏ စိတ်ဆန္ဒအလျောက် အပြုအမူက နယ်ခြားစောင့်စစ်သူရဲများ၏ သူ့အပေါ်အမြင်ကို တိုးတက်ကောင်းမွန်စေခဲ့မှန်း မသိပေ။
"ကောင်းပြီ၊ အားလုံး ငါနဲ့လိုက်ခဲ့ကြ"
အမာရွတ်လေးခု သခင်ကြီးက ရှေ့မှဦးဆောင်ကာ နယ်စပ်ကို ဖြတ်လျှောက်သွားသည်။
တစ်ချက်ကြည့်လိုက်ပါက နယ်စပ်၏အဆုံးကို မမြင်ရပေ။
တံတိုင်းတစ်ခုဟု ဆိုကြသော်လည်း အမှန်မှာ နယ်နိမိတ်တံတိုင်းထက် ကျယ်ဝန်းသည်။
ရံဖန်ရံခါ အရပ်ရပ်ကို စောင့်ကြည့် အကဲခတ်သော အားကောင်းသည့် နတ်ဘုရားစိတ်အာရုံများအား လူတိုင်း ခံစားကြရသည်။
"ဧကရာဇ်တစ်ပိုင်း"
လူများစွာ အံ့အားသင့်သွား၏။ ဤသည်မှာ ဧကရာဇ်တစ်ပိုင်းအဆင့် တန်ခိုးရှင်က နတ်ဘုရားစိတ်အာရုံဖြင့် ကင်းလှည့်နေခြင်း ဖြစ်သည်။
သို့သော်လည်း ယင်းကို နားလည်နိုင်ပေသည်။ နောက်ဆုံးတွင် ဤနေရာက ရှေ့တန်းနယ်စပ်ဖြစ်၍ ဧကရာဇ်တစ်ပိုင်းအဆင့် တန်ခိုးရှင်များ သဘာဝအတိုင်း ရှိသည်။
အတန်ကြာပြီးနောက် အမာရွတ်လေးခု သခင်ကြီးက ရပ်လိုက်သည်။
"ဒီမှာ မင်းတို့ရဲ့ နောက်ဆုံးစမ်းသပ်မှုနေရာ၊ ရှန်းရွှီကမ္ဘာပဲ"
လူငယ်များလည်း အမာရွတ်လေးခု သခင်ကြီး၏ နောက်ဘက်မှ မြင်ကွင်းကို လှမ်းကြည့်လိုက်၏။
သူတို့ရှေ့မှ မြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြတော့သည်။
အမြဲတည်ငြိမ်မှုရှိသည့် ကျွင်းရှောင်ယောက်၏ မျက်လုံးများမှာပင် ဤအခိုက်မှာ အံ့အားသင့်မှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
အကြောင်းမှာ၊ ဤမျှ ကြီးမားကျယ်ပြန့်သော နယ်နိမိတ်တွင် အမှန်တကယ် အက်ကွဲကြောင်းတစ်ခု ရှိနေသောကြောင့်ပင်။
ယင်းက ပါရမီရှင်အားလုံးကို တုန်လှုပ်ချောက်ချားကာ အသက်ပြင်းပြင်းရှူစေခဲ့သည်။
ကျယ်ပြောလှသော ရှေးဟောင်းနယ်နိမိတ်က အလွန်ခိုင်မာကာ နိယာမများ အပြည့်ရှိသည်။
ယုတ္တိဗေဒအရ၊ ယင်းမှာ ထာဝစဉ်တည်တံ့ပြီး ဘယ်သောအခါမှ မပြိုလဲသင့်ပေ။
ယခုမူကား၊ အက်ကွဲခြင်းနှင့် ကွာဟချက်တစ်ခု ရှိလာပြီ ဖြစ်သည်။
ဤအက်ကြောင်းက ရှေးဟောင်းကြယ်တစ်ခုကဲ့သို့ ကြီးမားသည်။
သို့သော်လည်း လူတိုင်းကို ထိတ်လန့်စေခဲ့သည်မှာ ဤအက်ကြောင်းကြောင့်သာ မဟုတ်ပေ။
အကြောင်းမှာ ဤအက်ကြောင်း၌ မိုးပြာရောင် ကြာပန်းတစ်ပွင့်ရှိနေခြင်းကြောင့် ဖြစ်သည်။
ယင်းက ရှေးဟောင်းကြယ်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သော အကန့်အသတ်မဲ့ ကြီးမားသည့် မိုးပြာရောင်ကြာပန်းတစ်ပွင့် ဖြစ်ချေသည်။
ဤကြီးမားသော မိုးပြာရောင်ကြာပန်းက မိုးနှင့်မြေကြားတွင် ပွင့်နေကာ ကစဉ့်ကလျားစွမ်းအင်များကလည်း ကြာပန်းအရွက်များမှ စီးကျနေခဲ့ပုံရသည်။
ယင်းက နဂါးငွေ့တန်းဂလက်ဆီတွင် စီးဆင်းနေသော ရေတံခွန်ကဲ့သို့ပင်။
ရှေးဟောင်းကြယ်များကလည်း သဲမှုန်များကဲ့သို့ ကြာပန်းအရွက်များ ပတ်ဝန်းကျင်တွင် တည်ရှိနေခဲ့သည်။
ဤပါရမီရှင်အများစုသည် အင်မော်တယ်အင်အားစုများမှဖြစ်၍ ထူးခြားဆန်းကျယ်သည့် မြင်ကွင်းများစွာကို မြင်တွေ့ဖူးကြသည်။
သို့သော်လည်း သူတို့ရှေ့မှ မြင်ကွင်းကို မြင်ရသောအခါ အကြီးအကျယ် ထိတ်လန့်နေရဆဲပင်။
မြို့ကြီးပြကြီးကို ယခုမှ ရောက်လာဖူးသော ကျေးတောသားလေးကဲ့သို့ပင် ဖြစ်သည်။
"မထူးဆန်းတော့ပါဘူး..."
ကျွင်းရှောင်ယောက်လည်း ဧကရာဇ်သင်္ချိုင်းကြယ်တွင် ရှေးဟောင်းလမ်း၏တရားစီရင်သူ ပြောခဲ့သည့်စကားကို ရုတ်တရက် သတိရသွားမိသည်။
အဆုံးစွန်စမ်းသပ်မှုက ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါးနှင့် ဆက်စပ်နေသည် ဟူ၏။ ဖြစ်ကောင်းဖြစ်နိုင်တာက...
ကျွင်းရှောင်ယောက်က အတွေးဝင်သွားချိန်တွင် အမာရွတ်လေးခု သခင်ကြီးက ပြောလိုက်သည်။
"သမိုင်းအရ၊ တိုင်းတပါးဟာ ငါတို့ရဲ့ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို တစ်ကြိမ်ထက်မက ကျူးကျော်ခဲ့ဖူးတယ်"
"အဲဒီအထဲမှာ အဆုံးရွားဆုံးကတော့ 'သဘာဝကပ်ဘေးအဆင့်' အင်မော်တယ် တစ်ပါးထက်မက ပေါ်ထွန်းလာပြီး ငါတို့ အင်မော်တယ်နယ်မြေကြီးကို တိုက်ခိုက်ခဲ့ကြတာပဲ"
"နယ်နိမိတ် တံတိုင်းကြီးတောင် ချိုးဖောက်ခံရပြီး အခုလို အက်ကြောင်းကြီးတစ်ခု ဖြစ်လာခဲ့ရတယ်"
အမာရွတ်လေးခု သခင်ကြီး၏ လေးနက်သော စကားသံက အရပ်ရပ်ကို ပျံ့နှံ့သွားခဲ့သည်။
ဤစကားကိုကြားပြီးနောက် ပါရမီရှင်များအားလုံး နှုတ်ဆိတ်သွားကြ၏။
ကျွင်းရှောင်ယောက်၏ မျက်လုံးများလည်း အရောင်လက်သွားသည်။
ဧကရာဇ်အဆင့် ကျွမ်းကျင်သူကို တိုင်းတစ်ပါးတွင် အင်မော်တယ်ဘုရင်ဟု ခေါ်သည်။
သို့ဆိုလျှင် 'သဘာဝကပ်ဘေးအဆင့်' အင်မော်တယ်က မည်မျှကြောက်စရာကောင်းသနည်း။
"အဲဒီတုန်းက နယ်နိမိတ်ကို ချိုးဖောက်ခံလိုက်ရတာကြောင့် အခြေအနေက အရမ်းအန္တရာယ်များခဲ့တယ်။ တိုင်းတပါးကသာ အပြည့်အဝ ကျူးကျော်လာပြီးပြီဆိုရင် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးအတွက် အခြေအနေကို ပြောင်းလဲဖို့ ခက်ခဲလိမ့်မယ်"
"နောက်ဆုံးတော့ ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါးက လှုပ်ရှားခဲ့တယ်။ သူက သူ့ခန္ဓာကိုယ်ကို မိုးပြာရောင်ကြာပန်းအဖြစ် ပြောင်းလဲပြီး အက်ကြောင်းကို ပိတ်ဆို့ခဲ့တယ်"
"အဲဒီသူက အဇူရာကြာပန်းဧကရာဇ်ပဲ"
အမာရွတ်လေးခု သခင်ကြီး၏ စကားများက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာလေသည်။
'တကယ်ပါပဲ၊ ဒါက ထာဝရ ကောင်းကင်ပြာက ကြာပန်းပဲ'
ကျွင်းရှောင်ယောက် ရုတ်တရက် သဘောပေါက်သွားသည်။
အဇူရာကြာပန်းဧကရာဇ်က ဒဏ္ဍာရီလာ ဧကရာဇ် ဖြစ်ချေသည်။
ကုရ်အာန်သူတော်စင်ဂိုဏ်းတွင် အလ္လာဟ်ရှိပြီး အမှောင်ဘုရင်မျိုးရိုးတွင် လက်တစ်ဖက်အမှောင်ဘုရင် ရှိခဲ့သည်။
အနောက်ဘက် ကောင်းကင်ဘုံတွင်လည်း ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါး ရှိ၏။
ကျွင်းမိသားစုမှာတော့ ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါး ရှိ၊ မရှိကို ကျွင်းရှောင်ယောက် မသိပါ။
ကျွင်းမိသားစုက ဘယ်တုန်းကမှ မကြေငြာဖူးပေ။
"အဇူရာဧကရာဇ်က ရှေးဦးကစဉ့်ကလျားကနေ မွေးဖွားလာတဲ့ မိုးပြာရောင်ကြာပန်းတစ်ပွင့်ပဲ။ နယ်နိမိတ်မှာ အန္တရာယ်ကျရောက်တဲ့အခါ အဇူရာဧကရာဇ်က သူ့ခန္ဓာနဲ့ အက်ကြောင်းကိုပိတ်ဆို့ပြီး သူ့ကိုယ်ပိုင်ကမ္ဘာကို တည်ဆောက်ခဲ့တယ်"
"အဲဒါက အခု မင်းတို့မြင်နေရတဲ့ မိုးပြာရောင် ကြာပန်းကြီးပဲလေ။ အဲဒါ အဇူရာဧကရာဇ်ရဲ့ အတွင်းစကြာဝဠာဖြစ်တဲ့ ရှန်းရွှီကမ္ဘာပဲ"
အမာရွတ်လေးခု သခင်ကြီး၏ စကားကြောင့် ကျွင်းရှောင်ယောက် အံ့အားသင့်သွားသည်။
ကျွင်းရှောင်ယောက်တွင် အတွင်းစကြာဝဠာတစ်ခုရှိသော်လည်း ၎င်း၏ လက်ရှိအကွာအဝေးက အလင်းနှစ် နှစ်နှစ်ဖြစ်သည်။
သို့ရာတွင် ယခုတော့ မိုးပြာရောင်ကြာပန်းကြီး တစ်ခုတည်းက အလင်းနှစ် နှစ်နှစ်ကျော်ခန့် ရှိ၏။
အတွင်းကို ဝင်သွားပြီးနောက် မည်မျှ ကျယ်ပြောမည်ကို တွေးကြည့်ရန်ပင် မလွယ်ပေ။
ကျွင်းရှောင်ယောက် စိတ်လှုပ်ရှားသွားသည်။
ရှန်းရွှီကမ္ဘာထဲသို့ ဝင်ရောက်ပါက၊ သူဟာ အဇူရာဧကရာဇ်၏ နိယာမများနှင့် ဖန်တီးမှုနည်းလမ်းများကို နားလည်နိုင်သည်။ ယင်းက သူ၏ အတွင်းစကြဝဠာ ဆင့်ကဲဖြစ်စဉ်အတွက် များစွာသော အထောက်အကူ ဖြစ်လိမ့်မည်။
ထိုအချိန်တွင် အမာရွတ်လေးခု သခင်ကြီး၏ အမူအရာက ပို၍ လေးနက်လာပြီး လည်ချောင်းတစ်ချက်ရှင်းကာ ပြောလိုက်သည်။
"လူတိုင်း သိကြတဲ့အတိုင်း ဒီနောက်ဆုံး စမ်းသပ်စစ်ဆေးမှုဟာ အရင်ကနဲ့ မတူဘူး"
"အကြောင်းကတော့ ဒီတစ်ခေါက်မှာ တိုင်းတပါးက ရှန်းရွှီကမ္ဘာမှာ ဆိုးရွားတဲ့ ချို့ယွင်းချက်တစ်ခုကို ရှာတွေ့ခဲ့လို့ပဲ။ ရှန်းရွှီကမ္ဘာ ပြိုကျသွားပြီဆိုရင် အက်ကြောင်းက ပြန်ပြီး ဖြစ်ပေါ်လာနိုင်တယ်"
အမာရွတ်လေးခု သခင်ကြီး၏ စကားက ငြိမ်သက်နေသော ကန်ရေပြင်ကို ကျောက်တုံးကြီးတစ်တုံး ကျရောက်သွား၍ လှိုင်းလုံးများ ဖြစ်လာသကဲ့သို့၊ လူများ၏ နှလုံးသားကို တုန်ခါသွားစေခဲ့သည်။
"ဘာ၊ အဇူရာဧကရာဇ် ဖန်တီးထားတဲ့ ရှန်းရွှီကမ္ဘာကြီး ပြိုလဲသွားနိုင်တာလား"
"ဒီလိုဖြစ်ရင် အက်ကြောင်းက ပြန်ပေါ်လာမှာ၊ ဒီအခါ တိုင်းတပါးက ကျူးကျော်မှုတွေ ပြန်စလာလိမ့်မယ်"
ဒယ်အိုးပူပူပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
အဇူရာဧကရာဇ်က သူ့ကိုယ်သူ မိုးပြာရောင်ကြာပန်းအဖြစ်သို့ ပြောင်းလဲခဲ့ပြီး နောက်ဆုံးတွင် တံတိုင်း၏အက်ကြောင်းကို ခက်ခက်ခဲခဲ ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်မှာသာ ထပ်မံ ပြိုကျခဲ့သည်ရှိသော် နောက်ဆက်တွဲ ဆိုးကျိုးများက မှန်းလို့မရပေ။
အက်ကြောင်းက ရှေးဟောင်းကြယ်တစ်ခုကဲ့သို့ ကြီးမားကြောင်း လူတိုင်း မြင်နိုင်သည်။
မဟုတ်ပါက၊ အက်ကြောင်းကိုပိတ်ရန် အခြား ဒဏ္ဍာရီလာဧကရာဇ်တစ်ပါးကို စတေးခံစေရလိမ့်မည်။
သို့ပေမည့် မေးစရာမှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။
နောက်ဆုံးတွင်၊ ဧကရာဇ်များပင်လျှင် မွေးဖွားလာခဲသည်။ ဒဏ္ဍာရီလာဧကရာဇ်များဆိုလျှင် ခေတ်များစွာတွင် တွေ့ရခဲ၏။
ဒဏ္ဍာရီဆိုသည်မှာ အဘယ်နည်း။
လုံးဝ နားမလည်နိုင်တော့သော တည်ရှိမှုကို ဒဏ္ဍာရီဟု ခေါ်သည်။
အကယ်၍ ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါးရှိလျှင်ပင်၊ ခြေတစ်လှမ်းဆုတ်ပြီး သူတို့၏ တာအိုသစ်သီးကို မည်သူက စတေးချင်မည်နည်း။
လူတိုင်းက အဇူရာဧကရာဇ်ကဲ့သို့ ကိုယ်ကျိုးမဖက်ဘဲ နေမည်မဟုတ်ပေ။
နောက်ဆုံးတွင်၊ ထိုအဆင့်ရှိ အကျော်အမော်က မှန်းဆ၍မရအောင် အလွန်အစွမ်းထက်နေပြီ ဖြစ်သည်။
အင်မော်တယ်နယ်မြေကြီး ပြိုကျသွားလျှင်ပင် သူတို့က တားမြစ်နယ်မြေတစ်ခုမှာ ရှင်သန်နိုင်သေးသည်။
ထိုအချိန်တွင် ပါရမီရှင်များအားလုံး၏ အမူအရာများ လေးနက်သွားခဲ့သည်။
ဤစမ်းသပ်မှုက ယခင်ကထက် ပိုရက်စက်ပေသည်။
"ဒါဆိုရင် အကြီးအကဲ၊ အဲဒါကို တားဆီးဖို့ နည်းလမ်းရှိလား”
ပါရမီရှင်တစ်ယောက်က လက်ကိုမြှောက်ပြီး မေးလိုက်သည်။
"ဒါပေါ့၊ နည်းလမ်းတစ်ခုရှိတယ်။ မဟုတ်ရင် ငါ မင်းတို့ကို အများကြီး ဘယ်ပြောပါ့မလဲ"
အမာရွတ်လေးခုသခင်ကြီးက ကျွင်းရှောင်ယောက်ကိုကြည့်ရင်း ပြောလိုက်၏။
သူက ကျွင်းရှောင်ယောက်ကို အလွန်အလေးထားပြီး သူ၏ မျှော်လင့်ချက်အားလုံး သူ့အပေါ်ပုံအောထားကြောင်း ထင်ရှားသည်။
ကျွင်းရှောင်ယောက်၏ စစ်မှန်သော စွမ်းအားက သူ့နယ်ပယ်ထက် အဆပေါင်းများစွာ သာလွန်ပေသည်။
သူက ရှန်းရွှီကမ္ဘာတွင် ကြီးမားသော အကျိုးသက်ရောက်မှု ရှိလိမ့်မည်။