အခန်း ၈၄၅
Vol. 57 Ch. 845
အခန်း ( ၈၄၅ ) ကျယ်ပြောလှသော စကြဝဠာ၊ ရှန်းရွီကမ္ဘာထဲသို့ ဝင်ရောက်ခြင်း၊ ကမ္ဘာ့သစ်ပင်အကြောင်း သတင်း။
လင်ယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သူမ၏ အမူအရာမှာလည်း မပျော်ရွှင်သလို ဖြစ်သွား၏။
ရန်သူများက ဘယ်တော့မှ အတူမရှိနေသင့်ပေ။
သူမ၏ပေါင်ပေါ်မှ "ကျွင်း"စာလုံး အမှတ်အသားက သူမကို နာကျင်နေဆဲ ဖြစ်သည်။
"ကျွင်းသခင်လေး..."
ဘေးမှ နတ်သမီးယွမ်၏ မျက်လုံးများမှာလည်း စိုးရိမ်မှုတို့ ပေါ်လာလေသည်။
လင်ယွမ်၊ ကူတိကျစ်နှင့် အခြားသူများတွင် လျှို့ဝှက်အစီအစဉ်ရှိကြမည်မှန်း သူမ သိသည်။
ယခုကဲ့သို့ လင်ယွမ်က ကျွင်းရှောင်ယောက်နှင့် တစ်ဖွဲ့တည်း အတူရှိနေလျှင် သူ့ကိုလုပ်ကြံရန် ပို၍ လွယ်ကူတော့မည် မဟုတ်လော။
"အကြီးအကဲ၊ ဒါက မသင့်တော်ဘူးထင်တယ်။ ဘာဖြစ်လို့ မဲပြန်မဆွဲရမှာလဲ"
ကူတိကျစ်က အမာရွတ်လေးခု သခင်ကြီးကို ပြောလိုက်သည်။
သဘာဝအတိုင်း၊ လင်ယွမ်နှင့် ကျွင်းရှောင်ယောက်ကို တစ်ဖွဲ့တည်းတွင် မနေစေချင်ပေ။
"မရဘူး"
မုန့်ကျန်းက ချက်ချင်း ကန့်ကွက်လိုက်သည်။
ကြုံတောင့်ကြုံခဲ၊ လက်ရှိမျိုးဆက်၏ အသန်မာဆုံးလူငယ်နှစ်ဦးကို သူ၏အဖွဲ့တွင် တာဝန်ပေးအပ်ခံခဲ့ရခြင်း ဖြစ်၏။
သူ ဘယ်လိုလုပ်ပြီး လက်လွှတ်နိုင်မည်နည်း။
"စည်းမျဥ်းတွေကို ငါလည်း မပြောင်းနိုင်ဘူး"
အမာရွတ်လေးခု သခင်ကြီးက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"ကိစ္စမရှိပါဘူး၊ တခြားသူတွေထက် ငါက ဘယ်လိုလုပ်ပြီး အားနည်းနိုင်မှာလဲ"
လင်ယွမ်က မျက်ခုံးကိုပင့်ပြီး ပြောလိုက်သည်။
ကျွင်းရှောင်ယောက်နှင့် ဘယ်သူက ပိုသန်မာမလဲ သူ ယှဉ်ပြိုင်ချင်မိ၏။
"ဟင်း..."
ကျွင်းရှောင်ယောက်က သက်ပြင်းတစ်ချက်ချလိုက်သည်။
"နင် ဘာကိုဆိုလိုတာလဲ"
လင်ယွမ် မျက်ခုံးပင့်ပြီး အေးစက်စက်ဖြင့် ပြောသည်။
"ဝန်ထုပ်ဝန်ပိုးနဲ့ ပြဿနာတစ်ခု"
ကျွင်းရှောင်ယောက် အမှန်အတိုင်း ပြောလိုက်၏။
"နင်..."
လင်ယွမ် တိတ်တဆိတ် အံကြိတ်လိုက်သည်။
သူသည် လူတိုင်းနှင့် ဝေးကွာနေနိုင်သော်လည်း ကျွင်းရှောင်ယောက်ကတော့ သူမကို အမြဲတမ်း ဒေါသထွက်စေနိုင်သည်။
ထို့နောက် အဖွဲ့များ ခွဲလိုက်ကြလေသည်။
အသတ်ခံရသော တိုင်းတပါးသတ္တဝါများအား မှတ်တမ်းတင်ရန် အသုံးပြုသည့် ကုသိုလ်ကျောက်စိမ်းပြား တစ်ခုစီ လူတိုင်း ရရှိခဲ့သည်။
အဆင့်အမျိုးမျိုးရှိသော တိုင်းတပါး သတ္တဝါများတွင် မတူညီသော ကုသိုလ်အမှတ်များ ရှိကြသည်။
တိုင်းတပါး သတ္တဝါများက ပါရမီ မြင့်မားလေ သို့မဟုတ် အဆင့်အတန်း မြင့်မားလေ... ကုသိုလ်အမှတ်များက သဘာဝအတိုင်း ပိုများလေလေပင်။
"နတ်ဘုရားသားတော်၊ ဒီတစ်ခေါက် ရှန်းရွီကမ္ဘာမှာ တိုင်းတပါး တော်ဝင်မိသားစုရဲ့ သတ္တဝါတွေတောင် ပေါ်လာနိုင်ချေရှိပါတယ်။ သူတို့က သာမန် တိုင်းတပါးသတ္တဝါတွေထက် ပိုပြီး ကြောက်စရာကောင်းကြတယ်"
မုန့်ကျန်းက ပြောသည်။
သူဟာ တိုက်ပွဲရာပေါင်းများစွာကို ကိုယ်တိုင် ရင်ဆိုင်ခဲ့ဖူးသူဖြစ်၍ ကျွင်းရှောင်ယောက်နှင့် အခြားသော ပါရမီရှင်များထက် တိုင်းတစ်ပါးမှ အကြောင်းများကို သဘာဝအတိုင်း ပိုသိသည်။
"ဒါပေမဲ့ အလားတူပဲ ကုသိုလ်ရမှတ်တွေကလည်း ပိုများပါလိမ့်မယ်"
"ဒဏ္ဍာရီလာ အင်မော်တယ်ဧကရာဇ်မျိုးနွယ်စုရဲ့ သတ္တဝါတစ်ကောင်ကို သတ်လိုက်မယ်ဆိုရင် ကုသိုလ်ရမှတ်တွေက အံ့မခန်းပါပဲ"
မုန့်ချွမ်က နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။
သို့သော်လည်း သူက ဤအတိုင်းပြောလိုက်ခြင်း ဖြစ်ချေသည်။
အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ သတ္တဝါများက အလွန်အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားက အင်မော်တယ်နယ်မြေကြီးရှိ အဆင့်တူ ကျင့်ကြံသူများထက် များစွာမြင့်မားကြ၏။
မျိုးဆက်သစ် သတ္တဝါများပင်လျှင် အဓိပဓိတစ်ပိုင်းဖြစ်သော သူသတ်နိုင်သောအရာ မဟုတ်ပေ။
ထို့အပြင်၊ ဤပဋိပက္ခအဆင့်မှာတော့ အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ မည်သည့်သတ္တဝါမျှ မပေါ်လာသင့်ပါ။
"အင်မော်တယ်ဧကရာဇ်မျိုးနွယ်၊ သူတို့ ပေါ်လာမယ်လို့ ငါမျှော်လင့်ပါတယ်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
တိုင်းတပါးမှ မျိုးနွယ်စု အင်အားများ ခွဲခြားပုံက အင်မော်တယ်နယ်မြေကြီးရှိ အင်အားစုများနှင့် သိပ်မကွာပေ။
စစ်သူကြီးမျိုးနွယ်များ၊ ထိပ်တန်း တော်ဝင်မိသားစုများ၊ အင်မော်တယ်ဧကရာဇ်မျိုးနွယ်များ စသည်ဖြင့်...
ကျွင်းရှောင်ယောက်ကတော့ တိုင်းတပါးမှ အထွတ်အထိပ် မျိုးဆက်သစ် ပါရမီရှင်များနှင့် တွေ့ဆုံရန် မျှော်လင့်ထားခဲ့သည်။
သူတို့ ဘယ်လောက်ထိ သန်မာကြမလဲ သိချင်မိပေသည်။
"ကိုင်း၊ အားလုံး ထွက်ခွာဖို့ အချိန်တန်ပြီ"
အမာရွတ်လေးခု သခင်ကြီးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ့အမူအရာကတော့ အနည်းငယ် လေးနက်၏။
ရှန်းရွှီကမ္ဘာအတွင်းသို့ ဝင်လိုက်သည်နှင့် ဤပါရမီရှင်များ အားကိုးနိုင်သည့်အရာမှာ သူတို့ကိုယ်ကို ဖြစ်သည်။
ယခုအခါ တိုင်းတပါးပြည်က လှုပ်ရှားလာပြီဖြစ်သောကြောင့် အင်မော်တယ်နယ်မြေကြီးမှ ဤပါရမီရှင်များကို ဖန်အိမ်လေးထဲတွင် ဆက်မထားနိုင်တော့ပေ။
သွေးနှင့် မီး၏ စမ်းသပ်မခံဘဲ ဤခေတ်၏ အထွတ်အထိပ်တွင် မည်သို့ ရပ်တည်နိုင်မည်နည်း။
"ဝမ်"
စစ်သူရဲများက ကြယ်မြစ်ကို ဖြတ်သန်းကာ ရှန်းရွှီကမ္ဘာသို့ ဦးတည်သွားကြသည်။ ပါရမီရှင်များလည်း ပျံသန်းကာ လိုက်သွားကြ၏။
ဟင်းလင်းပြင်က တွန့်လိပ်သွားပြီးနောက် ရှန်းရွှီကမ္ဘာဖြစ်သော ဧရာမကြာပန်းကြီး၏ အတွင်းပိုင်းကို အားလုံး ရောက်သွားကြတော့သည်။
ကျွင်းရှောင်ယောက်နှင့် မုန့်မိသားစု၏ အဖွဲ့သည်လည်း ထိုထဲသို့ ဝင်ရောက်လာခဲ့သည်။
ဟင်းလင်းပြင်က တွန့်လိပ်ပြီးနောက် အလင်းရောင်များ စူးစူးရှရှ တောက်ပလာ၏။
အတန်ကြာမှ မျက်လုံးပြန်ဖွင့်နိုင်ကြလေသည်။ ထိုအခါ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ကြသည်။
ဤသည်မှာ မှောင်မိုက်ပြီး နက်နဲကာ တိတ်ဆိတ်နေသော ကြယ်ကောင်းကင်တစ်ခုပင်။
ကွဲကြေနေသော ကြယ်များက လေထဲတွင် ဆိုင်းငံ့ထားသည်။
သွေးစွန်းနေသော ကြယ်မျိုးစုံ၊ ကျိုးပဲ့နေသော လက်နက်များ၊ အရိုးစု အကြီးအသေး မျိုးစုံသည်လည်း ပြန့်ကျဲနေ၏။
ပျက်စီးခြင်း အငွေ့အသက်က လေထဲကိုပင် စိမ့်ဝင်နေခဲ့ပေသည်။
လူတိုင်းလိုလို လေထဲမှ သွေးနံ့ကို ခံစားလိုက်ရသည်။
"ဒါက ရှန်းရွှီကမ္ဘာလား"
ဤနေရာကို ပထမဆုံးအကြိမ် ရောက်လာကြသည့် ပါရမီရှင်များအားလုံး အံ့သြသွားကြသည်။
မူလက ရှန်းရွှီကမ္ဘာကို အောက်ကမ္ဘာရှိ တိုက်ကြီးဆယ်ခုကဲ့သို့ ကမ္ဘာတစ်ခု ဖြစ်ရမည်ဟု သူတို့ထင်ခဲ့သည်။
သို့ရာတွင် ဤသည်က ကျယ်ပြောလှပြီး အကန့်အသတ်မရှိသော စကြဝဠာကြီးဖြစ်ဟု မည်သူထင်ထားခဲ့မည်နည်း။
သေချာမခံစားပါက၊ ရှန်းရွှီကမ္ဘာနှင့် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကြားမှ ခြားနားချက်ကို နားလည်နိုင်မှာ မဟုတ်ပေ။
သို့သော်လည်း ခြားနားချက်မှာ ရှန်းရွှီကမ္ဘာ၏ နိယာမများမှာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးထက် များစွာအားနည်းခြင်း ဖြစ်သည်။
နိယာမများက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးလောက် ပြီးပြည့်စုံမှုမရှိဘဲ မတည်ငြိမ်ပေ။
သို့ရာတွင် ဤသည်ကပင် အလွန်ကြောက်စရာကောင်းနေပြီ ဖြစ်သည်။
"ဒါက ဒဏ္ဍာရီလာ ဧကရာဇ်မင်းတစ်ပါးရဲ့ အတွင်းစကြာဝဠာပဲလား။ ဒီလိုကမ္ဘာမျိုး ဘယ်တော့မှ ဒီဘုရင်မမှာ မွေးဖွားလာမှာလဲ"
လင်ယွမ်ပင်လျှင် အနည်းငယ် နိမ့်ကျသလို စိတ်ပျက်မှုကို ခံစားလိုက်ရသည်။ သူမက တစ်စုံတစ်ခုကို ခံစားနေသကဲ့သို့ လေထဲကို လက်ဝါးဖြန့်ကာ တဖြည်းဖြည်း ဖမ်းဆုပ်လိုက်လေသည်။
အခြားပါရမီရှင်များမှာလည်း အလားတူ ဖြစ်သည်။ ဤနေရာတွင် ဟန်မပျက်ဘဲ ပုံမှန်အတိုင်း ရှိနေသူဟူ၍ ကျွင်းရှောင်ယောက်တစ်ဦးသာ ရှိပေသည်။
"နတ်ဘုရားသားတော်က အံ့သြပုံမပေါ်ဘူး။ ရိုးရိုးသားသားပြောရရင် ငါဒီကို ပထမဆုံးအကြိမ်ရောက်လာတုန်းက ခဏတာ တုန်လှုပ်သွားခဲ့မိတယ်"
မုန့်ကျန်းက ပြုံးပြီး ပြောလိုက်သည်။
ကျွင်းရှောင်ယောက်ကတော့ ပြုံးရုံပြုံးကာ ဘာမျှ ပြန်မပြောပါ။
သဘာဝအတိုင်း၊ သူ့တွင် အတွင်းစကြာဝဠာရှိနေပြီဟူသော အကြောင်းကို လျှောက်ပြောနေမည် မဟုတ်ပေ။
နောက်ဆုံးတွင်၊ မုန့်ကျန်းကဲ့သို့ အဓိပဓိတစ်ပိုင်းပင်လျှင် အတွင်းစကြာဝဠာကို သူ့ခန္ဓာကိုယ်ထဲမှာ မမွေးဖွားနိုင်သေးချေ။
'အဇူရာဧကရာဇ်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ သူ့ရဲ့ အတွင်းစကြာဝဠာမှာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရဲ့ နိယာမတချို့ရှိပေမဲ့ ကိုယ်ပိုင်အဖြစ် ပြောင်းလဲနိုင်ခဲ့တယ်'
ကျွင်းရှောင်ယောက်က သေသေချာချာ ခံစားကြည့်ပြီးနောက် သူ့ဘာသာသူ တွေးလိုက်သည်။
အမှန်တော့ သမိုင်းတစ်လျှောက်တွင် ထိပ်သီး ကျွမ်းကျင်သူအားလုံး၏ အတွင်းစကြာဝဠာများက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ နိယာမများမှ တစ်ဆင့် ဆင့်ကဲပြောင်းလဲလာကြခြင်း ဖြစ်သည်။
နောက်ဆုံးတွင် လူတိုင်းက ကျွင်းရှောင်ယောက်ကဲ့သို့ ကိုယ်ပိုင်လမ်းကို မဖောက်နိုင်ကြပေ။
ကျွင်းရှောင်ယောက်က ကိုယ်ပိုင်တာအိုဖြင့် ကိုယ်ပိုင် အတွင်းစကြာဝဠာကို ဖန်တီးခြင်း ဖြစ်သည်။
အဇူရာဧကရာဇ်ကတော့ ရှေးဦးကစဉ့်ကလျားမှ မွေးဖွားလာသော မိုးပြာရောင် ကြာပန်း ဖြစ်၏။
အဇူရာဧကရာဇ်၏ အတွင်းစကြာဝဠာက အင်မော်တယ်နယ်မြေကြီး၏ နိယာမများမှ သဘာဝအတိုင်း ဆင့်ကဲပြောင်းလဲခဲ့ပေသည်။
သို့သော်လည်း အဇူရာဧကရာဇ်ဟာ အတွင်းစကြာဝဠာရှိ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ နိယာမများကို သူ့ကိုယ်ပိုင်အဖြစ်သို့ ဖြည်းညှင်းစွာ ပြောင်းလဲနိုင်ခဲ့သည်။
အသွင်ပြောင်းမှုက မပြီးပြတ်သေးသော်လည်း ကျွင်းရှောင်ယောက်ကို အတော် အထင်ကြီးစေခဲ့ပေသည်။
"အနာဂတ် အတွင်းစကြာဝဠာမှာ၊ နတ်ဘုရားတိုင်းပြည် ထူထောင်ပြီး ငါ့ကိုကိုးကွယ်မဲ့ သက်ရှိသတ္တဝါတွေ မွေးဖွားရလိမ့်မယ်"
လင်ယွမ်၏ လှပသော မျက်လုံးများက အရောင် တောက်ပနေခဲ့သည်။ သူမက ပြိုင်ဆိုင်လိုသော အကြည့်ဖြင့် ကျွင်းရှောင်ယောက်ကိုလည်း ကြည့်လိုက်၏။
ကျွင်းရှောင်ယောက်ကတော့ လျစ်လျူရှုထားခဲ့သည်။
သူသာ ပြိုင်ချင်ရင် လင်ယွမ် ရှုံးနိမ့်တာကြာပြီ။
ရှန်းရွှီကမ္ဘာတွင် အသက်ဓာတ်နိယာမများနှင့် ပြည့်စုံနေပြီ ဖြစ်သည်။ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာက နှိုင်းယှဉ်နိုင်ရန် ဝေးကွာသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ စိတ်က တည်ငြိမ်နေဆဲပင်။ လက်ရှိသူနှင့် အဇူရာဧကရာဇ်ကြားမှ ကွာဟချက်က တိုင်းတာမရနိုင်ကြောင်း သူသိသည်။
'ဒါနဲ့ ငါ့ရဲ့ အဓိက ရည်ရွယ်ချက်က ကမ္ဘာ့သစ်ပင်ပဲ'
ရုတ်တရက်၊ ကျွင်းရှောင်ယောက်ဟာ သူ့ရည်ရွယ်ချက်ကို တွေးလိုက်မိသည်။
ကမ္ဘာ့သစ်ပင်က သူ၏အတွင်းစကြာဝဠာ ကြီးထွားမှုအတွက် အလွန်အရေးကြီး၏။
သူက မုန့်ကျန်းကို လှည့်မေးလိုက်သည်။
"ခေါင်းဆောင်မုန့်ကျန်း၊ ရှန်းရွှီကမ္ဘာမှာ ကမ္ဘာ့သစ်ပင်ရှိတယ်လို့ ငါကြားတယ်။ အဲဒါက ဘယ်မှာများလဲ မသိဘူး"
ထိုစကားကိုကြားတော့ လင်ယွမ် လှည့်ကြည့်လိုက်၏။ သူသည်လည်း ကမ္ဘာ့သစ်ပင်ကို စိတ်ဝင်စားမိသည်။
မုန့်ကျန်းက ပြောသည်။
"အဲဒါက ရှန်းရွှီကမ္ဘာရဲ့ အလယ်ဗဟို အတွင်းပိုင်းမှာ ရှိတယ်လို့တော့ ကြားပါရဲ့။ ဒါပေမဲ့ အဇူရာဧကရာဇ် ချန်ထားခဲ့တဲ့ တံဆိပ်တော်ကြောင့် ဘယ်သူမှ ဝင်လို့မရဘူး"
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။ ထိုစကားကြောင့် သူ စိတ်မပျက်ပေ။
ကမ္ဘာ့သစ်ပင်ကိုသာ ယူရလွယ်ကူလျှင် သူ့အလှည့်သို့ ကျရောက်လာမည် မဟုတ်ပါ။
'ဝင်ဖို့မဖြစ်နိုင်ဘူးပေါ့။ ဒါဆို ဒီနည်းလမ်းကိုသုံးရင် သေချာပေါက်...'
တွေးရင်း ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာခဲ့သည်။
ရူးလောက်စရာ နည်းလမ်းတစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာပြီ။