အခန်း ၈၅၁
Vol. 57 Ch. 851
အခန်း ( ၈၅၁ ) ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ခြင်း၊ ကောင်းကင်နတ်ဆိုးလေးပါးနှင့် တိုက်ပွဲ။
"ဟင်၊ အဲဒါ အင်မော်တယ်နယ်မြေကြီးရဲ့ အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြောပဲ၊ တိုင်းတပါးသားကောင်တွေက အဲဒါကို တကယ်ကြီး ရှာတွေ့သွားကြတယ်"
ပုန်းကွယ်နေသော မုန့်ကျန်းမှာ ဤမြင်ကွင်းကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ကျွင်းရှောင်ယောက်လည်း အံ့အားသင့်သွား၏။ ဤနေရာတွင် အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြောကို ရှာတွေ့ရန် မမျှော်လင့်ခဲ့ပေ။
အင်မော်တယ်အရင်းအမြစ်က ထိပ်တန်း ကျင့်ကြံခြင်းပစ္စည်းဖြစ်ပြီး ကျင့်ကြံသူများကြားမှ ငွေကြေးတစ်မျိုးလည်း ဖြစ်သည်။
အင်မော်တယ်အရင်းအမြစ် သွေးကြောတစ်ခု ပေါ်လာပါက အင်မော်တယ်အင်အားစုများပင် ပြိုင်ဆိုင်မှုများ ပြုကြရပေသည်။
အင်မော်တယ်အရင်းအမြစ် ဝိညာဉ်သွေးကြောက အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြောနှင့် လုံးဝ မယှဉ်နိုင်ပါ။
အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြောတစ်ခုက ကျယ်ပြောသော မြေရိုင်းဒေသကို ကျင့်ကြံခြင်း၏ မြင့်မြတ်မြေအဖြစ် ပြောင်းလဲစေနိုင်သည်။
ရှေးခတ်ကကဲ့သို့ ကျင့်ကြံခြင်းပတ်ဝန်းကျင်ကိုအတိုင်းအတာတစ်ခုအထိ ပြန်လည်ထိန်းသိမ်းနိုင်ပေသည်။
ထို့ကြောင့်ပင် အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြောက အင်မတန် အရေးပါသော ထောက်ကူပစ္စည်းတစ်မျိုး ဖြစ်ခဲ့သည်။
အကယ်၍ အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြောသာ တိုင်းတစ်ပါး၏လက်ထဲသို့ ကျရောက်သွားခဲ့ပါက...
ထိပ်တန်းကျွမ်းကျင်သူအများအပြား ပေါ်ထွက်လာတော့မည်မှာ တွေးနေစရာပင် မလိုပေ။
"နတ်ဘုရားသားတော်၊ ဒါက ငါတို့ အင်မော်တယ်နယ်မြေကြီးရဲ့ ဘိုးဘေးသွေးကြောပဲ။ ဒါကို အဲဒီလူယုတ်မာ တိုင်းတစ်ပါးက မယူသွားစေရဘူး"
မုန့်ကျန်း အခိုင်အမာ ပြောလိုက်သည်။
"ဟုတ်တယ်"
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။
သူ၏ အတွင်းစကြာဝဠာမှာ ဝိညာဉ်စွမ်းအင်များ ကင်းမဲ့နေမည်ကို သူ အမြဲစိုးရိမ်နေခဲ့ရသည်။
အနာဂတ်တွင် သက်ရှိသတ္တဝါတစ်ဦးကို မွေးဖွားနိုင်လျှင်ပင် ၎င်း၏ ကျင့်ကြံခြင်းကို ထောက်ပံ့ပေးရန် လုံလောက်သော ဝိညာဉ်စွမ်းအင်များ ရှိမည်မဟုတ်ပေ။
ကျွင်းရှောင်ယောက်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံအရ အတွင်းစကြာဝဠာသို့ ဝိညာဉ်စွမ်းအင် ဖြည့်သွင်းရန်မှာလည်း မဖြစ်နိုင်ပါ။
ယခုတော့ အိပ်ချင်နေသောအခါတွင် ခေါင်းအုံးတစ်လုံး ပေးလာသကဲ့သို့ အဖြစ်မျိုး ကြုံနေရပြီ ဖြစ်သည်။
အကယ်၍ အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြော၏ ကြီးမားသောအပိုင်းကို အတွင်းစကြာဝဠာတွင် ထည့်သွင်းထားမည်ဆိုပါက...
အတွင်းစကြာဝဠာကို ဝိညာဉ်စွမ်းအင် ထောက်ပံ့ပေးနိုင်ရုံသာမက ကျွင်းရှောင်ယောက်ကိုလည်း ထောက်ပံ့နိုင်ပြီး သူ၏ ခွန်အားကို တစ်ဖန်တိုးတက်စေလိမ့်မည်။
တစ်ချိန်တည်းမှာပင်၊ သူ့တွင် မကုန်မခန်းနိုင်သော စွမ်းအင်ရင်းမြစ် အမှန်တကယ် ရှိလာမည် ဖြစ်သည်။
ဤရတနာမျိုးက အသက်စမ်းရေထက် အမှန်တကယ် မနိမ့်ကျပေ။
"ဒါပေမဲ့... ကောင်းကင်နတ်ဆိုးမျိုးနွယ်က ကျွမ်းကျင်သူတွေ ရှိနေတယ်"
မုန့်ကျန်းက တွေးတွေးဆဆ ပြောလိုက်သည်။
အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြော၏ အပြင်ဘက်တွင် ကောင်းကင်နတ်ဆိုးတော်ဝင်မျိုးနွယ်မှ အဓိပဓိတစ်ပိုင်းနှင့် ကောင်းကင်နတ်ဆိုးရှစ်ပါးမှ လေးဦးလည်း ရှိပေသည်။
အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြော၏အောက်တွင် အခြား ကျွမ်းကျင်သူများလည်း ရှိနိုင်သည်။
ထို့ကြောင့် သူတို့ အစီအစဉ်ချရန် လိုပေသည်။
"ငါ့မှာ အစီအစဉ်ရှိပါတယ်"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"နတ်ဘုရားသားတော်ကိုကြည့်ရတာ သေချာတဲ့ပုံပဲ"
မုန့်ကျန်း၏မျက်လုံးများက တောက်ပလာ၏။
သူ့အဖွဲ့တွင် ကျွင်းရှောင်ယောက် ပါဝင်ခဲ့ခြင်းက တကယ်ကို ကံကောင်းခြင်းဖြစ်သည်။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်က အကျဉ်းချုံး အစီအစဉ်တစ်ခု ပြုလုပ်ခဲ့ပြီး အားလုံး စတင်လုပ်ဆောင်ရန် ပြင်ဆင်ကြတော့သည်။
အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြောတွင် ကောင်းကင်နတ်ဆိုးလေးပါးအပြင်...
တစ်ကိုယ်လုံး အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေသော အဓိပဓိတစ်ပိုင်း ရှိပေသည်။
အမှန်တော့၊ မျိုးနွယ်တိုင်းလိုလိုတွင် အခြေအနေကို ထိန်းချုပ်ရန် အဓိပဓိတစ်ပိုင်း ကျွမ်းကျင်သူများ ကြသည်။ နောက်ဆုံးတွင်၊ ရှန်းရွှီကမ္ဘာ၏ အသန်မာဆုံး တိုက်ခိုက်နိုင်စွမ်းက အဓိပဓိတစ်ပိုင်း မဟုတ်လော။
"ဟမ်"
ရုတ်တရက်၊ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အဓိပဓိတစ်ပိုင်းက ထူးခြားမှုတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။
သူလှည့်ကြည့်လိုက်တော့ အဖြူရောင်ဝတ်စုံနှင့် လူရိပ်တစ်ခု လေထဲတွင်ပေါ်လာတာကို မြင်လိုက်ရ၏။
အတော်ကြည့်ကောင်းသော ဝတ်ရုံဖြူဝတ် လူငယ်က သူ့ဆီသို့ လက်ကိုဆန့်တန်းပြီး လေထဲကို ဆုပ်ကိုင်လိုက်တော့သည်။
"တားမြစ်အင်မော်တယ် စတုတ္ထတံဆိပ်"
"ဝုန်း"
သူ့စကားဆုံးသည်နှင့် မရေမတွက်နိုင်သော ကမ္ပည်းများက အဓိပဓိတစ်ပိုင်းပုဂ္ဂိုလ်၏ ပတ်ဝန်းကျင်တွင် ပေါ်လာတော့သည်။
ယင်းက ဝားမြစ်အင်မော်တယ် တံဆိပ်တော်၏ စတုတ္ထမြောက် တံဆိပ်တော် ဖြစ်သည်။
ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ အဓိပဓိတစ်ပိုင်း၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ခဏချင်း ခိုင်မာလာခဲ့သည်။
ယင်းက ခဏလောက်သာ ထိန်းထားနိုင်သော်လည်း လုံလောက်၏။
"ဝုန်း"
မုန့်ကျန်းနှင့် အခြား စစ်သူရဲက အသန်မာဆုံး နည်းလမ်းများနှင့် အဓိပဓိတစ်ပိုင်း ကောင်းကင်နတ်ဆိုးကို တိုက်ခိုက်ကြတော့သည်။
"ဖူး"
ကောင်းကင်နတ်ဆိုးတော်ဝင်မျိုးနွယ်၏ အဓိပဓိတစ်ပိုင်းလည်း ခဏချင်း ဒဏ်ရာပြင်းထန်စွာရခဲ့သည်။
"သေစမ်း၊ ရန်သူတိုက်ခိုက်နေပြီ"
အဓိပဓိတစ်ပိုင်း ကောင်းကင်နတ်ဆိုး ဒေါသတကြီးအော်လိုက်သည်။
"အင်မော်တယ်နယ်မြေကြီးက ကျင့်ကြံသူတွေပဲ"
"သခင်ကို တိုက်ခိုက်ဝံ့တယ်၊ သေချင်နေပြီ"
ပတ်ဝန်းကျင်မှ တိုင်းတပါးသားများ ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"သေစမ်း၊ သတ်ကြကွာ"
ယင်းကိုမြင်တော့ ကောင်းကင်နတ်ဆိုးရှစ်ပါးမှ လေးပါးလည်း မျက်လုံးများ အေးစက်သွားကြသည်။
ပေါက်ကွဲသံများကို ကြားလိုက်ရ၏။
မုန့်ကျန်းနှင့် အခြားသူများက ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော အဓိပတိတစ်ပိုင်းကို တိုက်ခိုက်နေကြပြီ ဖြစ်သည်။
ကျန်သော ကျင့်ကြံသူများကလည်း တိုင်းတပါး စစ်သည်များကို တိုက်ခိုက်နေပြီ။
ကျွင်းရှောင်ယောက်က ကောက်ပင်ရိတ်လှီးသကဲ့သို့ တိုင်းတပါးသားများကို သုတ်သင်နေပေရာ ကောင်းကင်နတ်ဆိုးလေးပါး ချက်ချင်း သတိပြုမိသွားကြသည်။
"မင်းတို့က ယာရှမြွေနတ်ဆိုးနဲ့ တခြားသူတွေကို အရင်က သတ်ခဲ့တဲ့သူတွေပဲ ဖြစ်ရမယ်။ တကယ်ကြီး ဒီအထိရောက်လာဝံ့တာပဲ"
ကောင်းကင်နတ်ဆိုးတစ်ပါးက အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
သူ့လက်ထဲတွင် လှံရှည်တစ်ချောင်း ပေါ်လာ၏။ သူက ရှေးဦးသားရဲကြီးတစ်ကောင်ကဲ့သို့ ခုန်ထွက်လာတော့သည်။
"ရွှစ်
"လှံရှည်က လေထုကိုထိုးဖောက်ပြီး အလွန်ထက်သော အငွေ့အသက်တို့ကို သယ်ဆောင်ကာ ကျွင်းရှောင်ယောက်၏ ရင်ဘတ်ကို ထိုးချလိုက်သည်။
ယင်းကိုမြင်သော်လည်း ကျွင်းရှောင်ယောက်က ထူးခြားမှုမရှိသလို လက်တစ်ဖက်နှင့် တွန်းဖယ်လိုက်၏။
"သေချင်နေတာပဲ"
ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုကိုမြင်တော့ ကောင်းကင်နတ်ဆိုးက လှောင်ပြောင်လိုက်သည်။
အင်မော်တယ်နယ်မြေကြီး၏ ဤလူငယ်က သူ့အထောက်အထားကို သိပုံမရပေ။
ငါ့ရဲ့ လက်နက်ကို လက်ဗလာနဲ့ ဘယ်လို တားဆီးဝံ့တာလဲ။
အဋ္ဌမကောင်းကင်နတ်ဆိုးက စိတ်ထဲမှ လှောင်ရယ်လိုက်ချိန်တွင်...
ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ကျွင်းရှောင်ယောက်က လှံရှည်ကို လက်ဝါးတစ်ဖက်နှင့် ရိုက်ချိုးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်ဖဝါးမှ အင်အားက အဋ္ဌမနတ်ဆိုးဆီသို့ ကျရောက်လာ၏။
"ခွမ်း"
အဋ္ဌမကောင်းကင်နတ်ဆိုး၏ အနက်ရောင် ချပ်ဝတ်တန်ဆာက ကွဲအက်သွားကာ သူ့ခန္ဓာကိုယ်လည်း အက်ကွဲသွားခဲ့သည်။ သူစီးနင်းထားသော ရှေးဦးသားရဲသည်ပင် သွေးမြူအဖြစ် ပေါက်ကွဲသွား၏။
ထို့နောက် ကျွင်းရှောင်ယောက်က လက်ညှိုးတစ်ချက်ညွှန်လိုက်ရာ ဓားအလင်းတစ်ခုက အဋ္ဌမကောင်းကင်နတ်ဆိုး၏ မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက်ထိုးဖောက်သွားလေတော့သည်။
ကောင်းကင်နတ်ဆိုး ရှစ်ပါးအနက် တစ်ဦးကျဆုံးသွားပြီ ဖြစ်သည်။
"အဋ္ဌမ"
ကျန်သုံးယောက်၏ အမူအရာများ ပြောင်းလဲသွားကြသည်။ တုန်လှုပ်သွားကြ၏။
ကောင်းကင်နတ်ဆိုးရှစ်ပါးက သူတို့၏ စွမ်းအားအလိုက် အဆင့်သတ်မှတ်ထားခြင်း ဖြစ်သည်။
အဋ္ဌမက နောက်ဆုံးလူဖြစ်သော်လည်း ယင်းမှာ အားနည်းသည်ဟု မဆိုလိုပေ။
အမှန်ဆိုလျှင် မဟာသူတော်စင်နယ်ပယ်မှာ အဋ္ဌမ၏ ပြိုင်ဘက်ဖြစ်နိုင်သူက ရှားပါးသည်။
ယခုတော့ ခဏချင်း သတ်ခံလိုက်ရပြီ။
"သူက အင်မော်တယ်နယ်မြေကြီးရဲ့ အဓိပဓိ တားမြစ်ပါရမီရှင်ပဲ"
သတ္တမနတ်ဆိုး အော်ဟစ်လိုက်သည်။
"သတ်၊ အဋ္ဌမအတွက် လက်စားချေစို့"
ပဉ္စမ ကောင်းကင်နတ်ဆိုးက ဟိန်းဟောက်လိုက်၏။ သူက ပုဆိန်ရှည်တစ်ချောင်းကို ကိုင်ဆောင်ကာ ကြမ်းကြုတ်သော စွမ်းအားများဖြင့် ကျွင်းရှောင်ယောက်ကို ခုတ်ပိုင်းလိုက်တော့သည်။
ဆဋ္ဌမကလည်း သွေးရောင်ဓားတစ်လက်ဖြင့် တိုက်ခိုက်လိုက်သည်။
သတ္တမကပါ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ကျွင်းရှောင်ယောက်ကို ဝန်းရံတိုက်ခိုက်လိုက်၏။
"သူတို့သုံးယောက်စလုံး လှုပ်ရှားနေပြီ"
တိုင်းတပါးမှ သတ္တဝါများ အံ့ဩဝမ်းသာ ဖြစ်သွားသည်။
ဤအခြေအနေမျိုးက အလွန်ရှားပေသည်။
ကောင်းကင်နတ်ဆိုးရှစ်ပါးတွင် တစ်ဦးစီက အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များစွာကို ဖိနှိပ်နိုင်သည်။
ယခုတော့ သူတို့သုံးယောက်က အတူတူ ပူးပေါင်းနေကြပြီ။
သို့သော်၊ ကျွင်းရှောင်ယောက်က ထူးခြားမှုမရှိပါ။ သူက ထာဝရအင်မော်တယ်ခန္ဓာကို အသက်သွင်းကာ ရုပ်ခန္ဓာနှင့် နတ်ဘုရားသိုင်းများကို ထောက်ပံ့လိုက်သည်။
သူ့ထံမှ တောက်ပသော အလင်းများ ထွက်ပေါ်လာ၏။
ကျွင်းရှောင်ယောက်က ခွန်ပန်အမြန်နှုန်းဖြင့် သတ္တမနတ်ဆိုးကို ဦးတည် တိုက်ခိုက်လိုက်သည်။
သတ္တမနတ်ဆိုးက ပါးစပ်ကိုဟပြီး ဟိန်းဟောက်လိုက်ရာ သဲမုန်တိုင်းကဲ့သို့ သဲစီးကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။
ယင်းက ကြယ်တာရာသဲမှုန်များ ဖြစ်သည်။ တော်ရုံ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် ဤသဲမှုန်များကို ရင်ဆိုင်တွေ့ရပါက ချက်ချင်း အမှုန်ဖြစ်သွားလိမ့်မည်။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် သေခြင်းရှင်ခြင်း အင်မော်တယ်စွမ်းအင် ထွက်ပေါ်လာခဲ့သည်။
သူ့လက်နှစ်ဖက်က သေမင်းနတ်ဘုရားကဲ့သို့ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းစွမ်းအားကို ထိန်းချုပ်ထား၏။
ကောင်းကင်အားလုံး၏ သေခြင်းရှင်ခြင်းဘီး။
ကျွင်းရှောင်ယောက်၏ လက်ဝါးများက ကမ္ဘာကြီးကို ဖြိုခွဲနိုင်ပုံရသော စွမ်းအားကို သယ်ဆောင်လာခဲ့သည်။ ဟင်းလင်းပြင်က တွန့်လိပ်ပြီး သေခြင်းရှင်ခြင်း၏ ထူးခြားသော ဖြစ်စဉ်များလည်း ပေါ်လာခဲ့၏။
သတ္တမနတ်ဆိုး၏ ကြယ်တာရာသဲက တိုက်ရိုက် ပြိုကျပျက်စီးသွားခဲ့သည်။ တချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်က မှုန့်မှုန့်ညက်ညက်ကြေသွား၏။ သေခြင်းရှင်ခြင်း စွမ်းအားအောက်တွင် ရှေးဦးဝိညာဉ်ပင်လျှင် ပျက်သုဉ်းပြီး ရှင်သန်ခြင်းမှ သေဆုံးခြင်းသို့ တိုက်ရိုက် ကျရောက်သွားတော့သည်။
"သတ္တမ"
ဆဋ္ဌမနှင့် ပဉ္စမတို့ နှစ်ယောက်စလုံး တုန်လှုပ်သွားပြီး မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ကြသည်။
ထို့နောက် ပဉ္စမနတ်ဆိုးက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
"မဟုတ်ဘူး၊ မင်းက တားမြစ်အင်မော်တယ်မဟုတ်ဘူးပဲ။ မင်းက အင်မော်တယ်နယ်မြေကြီးရဲ့ မျိုးစေ့ပဲ"
ထိုအသံက အခြား တိုင်းတပါးသားများကို တုန်လှုပ်သွားစေခဲ့သည်။
အင်မော်တယ်နယ်မြေကြီးမှ မျိုးစေ့များက သူတို့အတွက်တော့ အိပ်မက်ဆိုး ဖြစ်၏။
ကျွင်းရှောင်ယောက်က သူတို့နှင့် အပိုစကားများပြောရန် စိတ်မဝင်စားပေ။ ကောင်းကင်အားလုံး၏ သေခြင်းရှင်ခြင်းဘီးက ထပ်မံကျရောက်လာခဲ့သည်။
ဤအခိုက်တွင် သူက သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကို အုပ်စိုးထားသော သေမင်းနတ်ဘုရားကဲ့သို့ ဖြစ်၏။ ကျန်သော ကောင်းကင်နတ်ဆိုးနှစ်ပါးနှင့် စီးတော်များပင် တိုက်ရိုက် သေဆုံးသွားကြတော့သည်။