အခန်း ၈၅၅
Vol. 57 Ch. 855
အခန်း ( ၈၅၅ ) ရွှင်လန်းခြင်း ပန်းနုရောင်ကြာပန်း၊ မိစ္ဆာအတွေး၏ စွမ်းအား၊ ချစ်ခြင်းမေတ္တာပန်းများ ပွင့်လန်းကြခြင်း။
နတ်ဘုရား၏ မိစ္ဆာအတွေးမှာ ဒဏ္ဍာရီလာဧကရာဇ်တစ်ပါးမှ ကျန်ရစ်ခဲ့သော စွဲလမ်းမှု ဖြစ်သည်။
ယေဘူယျအားဖြင့်၊ မိစ္ဆာအတွေးမှ တံဆိပ်ကို ချိုးဖျက်သည့်အခါတိုင်း ကြီးမားသော ဘေးဥပဒ်တစ်ခု ဖြစ်စေလိမ့်မည်။
နောက်ဆုံးတွင်၊ ဤမိစ္ဆာအတွေးအများစုက ဧကရာဇ်နယ်ပယ်တွင် ပုဂ္ဂိုလ်ကြီးများ၏ အဆိုးမြင်စိတ်များဖြစ်ကြသည်။
သူတို့ အသက်ရှင်စဉ်အခါက ဧကရာဇ်အဆင့် ပုဂ္ဂိုလ်ကြီးများမှာ သူတို့၏ အဆိုးမြင်စိတ်များကို ဖိနှိပ်နိုင်သည်။
သို့သော်လည်း သေဆုံးပြီးနောက်မှာတော့ အဆိုးမြင်စိတ်များက ပေါက်ကွဲထွက်ကာ နတ်ဘုရား၏ မိစ္ဆာအတွေးများ ဖြစ်လာကြတော့သည်။
ဟုတ်သည်၊ ငြိမ်းချမ်းရေး အတွေးတချို့လည်း ရှိသေးသည်။
သို့သော်လည်း ထိုကဲ့သို့သော အတွေးမျိုးက အလွန်နည်းပါးသည်။
အနည်းဆုံးတော့ ရှန်းရွှီကမ္ဘာမှ မိစ္ဆာအတွေးခုနစ်ခုက ထိုအမျိုးအစားမဟုတ်ကြပေ။
ထိုအချိန်တွင် ကြာပန်းကျောက်ရုပ်က ပြိုကျပြီး လှပသော ပန်းနုရောင်ကြာပန်းတစ်ပွင့် လေထုထဲတွင် ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက အရပ်ရပ်သို့ ဖြာထွက်လာ၏။
လင်ယွမ်လည်း ဤပန်းနုရောင်ကြာပန်းရှေ့တွင် စိတ်ပျက်အားငယ်မှုတစ်ခုကို ခံစားလိုက်ရသည်။
ဤအရှိန်အဝါရှေ့တွင် သူမကဲ့သို့ မာနကြီးသူတစ်ယောက်ပင်လျှင် လုံးဝ အရေးမပါတော့ဘဲ ဖုန်မှုန့်အဖြစ် ချက်ချင်း ပြောင်းလဲသွားတော့မည်ကဲ့သို့ ခံစားလိုက်ရလေသည်။
သူတို့က တူညီသောအဆင့်တွင် လုံးဝ မရှိတော့ပေ။
"ဒါက ဒဏ္ဍာရီလာ ဧကရာဇ်ရဲ့ အကြွင်းအကျန် အရှိန်အဝါပဲလား"
လင်ယွမ်၏ မျက်နှာလေးက စက္ကူကဲ့သို့ ဖြူဖျော့နေပြီး အရှိန်အဝါများပင် အနည်းငယ် မတည်မငြိမ် ဖြစ်ခဲ့သည်။
ဒဏ္ဍာရီလာ ဧကရာဇ်က တကယ်ကို ဒဏ္ဍာရီတစ်ခုပင်။
သူ့ထံမှ ကျန်ရစ်ခဲ့သော မိစ္ဆာအတွေး၏ အရှိန်အဝါတစ်ခုတည်းကပင် အဓိပဓိများကို ဖိနှိပ်ရန် လုံလောက်သည်။
"ငါဒီမှာသေရတော့မှာလား"
လင်ယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
သူမနှင့် ကျွင်းရှောင်ယောက်က ဤမိစ္ဆာအတွေးရှေ့တွင် ခုခံနိုင်စွမ်း လုံးဝ မရှိပါ။
ထိုသို့တွေးမိသောအခါ လင်ယွမ်လည်း ကျွင်းရှောင်ယောက်ကို လှပသော မျက်လုံးများနှင့် ကြည့်လိုက်မိသည်။
ထိုအခါ သူမစိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွား၏။
ကျွင်းရှောင်ယောက်၏ ချောမောခန့်ညားသော မျက်နှာပေါ်တွင် လှုပ်ရှားမှု အနည်းငယ်မျှ မရှိပေ။
ကောင်းကင်တိုင်ကြီး ပြိုကျလျှင်ပင် သူ့အမူအရာက ပြောင်းလဲမည်ဟု မထင်ပါ။
အခြေအနေက စိတ်ပျက်အားငယ်စရာဖြစ်သော်လည်း ကျွင်းရှောင်ယောက်၏ အမူအရာမှာ စိတ်ပျက်မှုတို့ ကင်းစင်နေခဲ့သည်။ သို့သော်လည်း တစ်ခုခုကို တွေးနေသလို မျက်မှောင်ကြုတ်လျက်ရှိ၏။
ဘာရယ်ကြောင့်မှန်း မသိရဘဲ၊ လင်ယွမ်မှာ ကျွင်းရှောင်ယောက်၏နောက်ကို အလိုအလျောက် ခိုဝင်လိုက်မိတော့သည်။
လင်ယွမ်က မြင့်မြတ်ပြီး မာနကြီးတာ မှန်သည်။
သို့ပေမည့်၊ သူမ မည်မျှ အေးစက်ပြီး ကြီးစိုးနေပါစေ အဆုံးမှာတော့ မိန်းကလေးတစ်ယောက် ဖြစ်နေသေးသည်။
ဤအခြေအနေမျိုးတွင် အားကိုးရမည့်လူကို အလိုအလျောက် ရှာဖွေမိသည်။
ကျွင်းရှောင်ယောက်ကတော့ အခိုင်မာဆုံးသော အထောက်အပံ့ဖြစ်မည်မှာ သေချာလှပေသည်။
သူက လူတိုင်းကို လုံခြုံမှုခံစားချက်အား အမြဲတမ်း ပေးနိုင်သည်။
နူးညံ့သော ခန္ဓာတစ်ခုက သူ့နောက်ကျောကို မှီခိုလာသလို ခံစားရသော်လည်း ကျွင်းရှောင်ယောက် ဂရုမစိုက်အားသေးပေ။
ဤအခိုက်တွင် ပန်းနုရောင် ကြာပန်းကိုသာ အာရုံစိုက်နေခဲ့သည်။
ဤအပြစ်ခုနစ်ခုက မူလ ဒုစရိုက်ခုနစ်ပါးကို ကိုယ်စားပြုပေသည်။
သူတို့ရှေ့မှ ရွှင်လန်းနေသော ပန်းနုရောင်ကြာပန်းကတော့ မူလ ဒုစရိုက်ခုနစ်ပါးအနက် တပ်မက်ခြင်းကို ကိုယ်စားပြုသည်မှာ သေချာသည်။
ဤအခိုက်တွင် အလင်းတန်းများနှင့် ပန်းနုရောင်ကြာပန်းအတွင်းမှ သွယ်လျသော ရုပ်သွင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ၏ ဆံပင်ရှည်များကိုတော့ ရေတံခွန်လှိုင်းများကဲ့သို့ ခြေကျင်းဝတ်အထိ ဖြန့်ချထား၏။
သူ့မျက်နှာကိုတော့ ဝေဝါးဝါး နတ်အလင်းများက ဖုံးလွှမ်ထားပြီး သေချာမမြင်ရပေ။
အဇူရာဧကရာဇ်က လိင်ကွဲပြားမှုမရှိမှန်း ကျွင်းရှောင်ယောက် သိသည်။
၎င်း၏ မူလခန္ဓာက ကစဉ့်ကလျား မိုးပြာရောင်ကြာပန်းဖြစ်သောကြောင့် အသွင်ပြောင်းပြီးနောက် အမျိုးသားနှင့် အမျိုးသမီးကြား ကွဲပြားခြင်းမျိုး မရှိပါ။
"ဘယ်နှစ်နှစ်တောင် ကြာသွားခဲ့ပြီလဲ..."
မှုန်ဝါးဝါးရုပ်သွင်မှ သက်ပြင်းချသံ ခပ်တိုးတိုး ထွက်ပေါ်လာခဲ့သည်။
အသံက ယောက်ျားလား၊ မိန်းမလား မပြောနိုင်ဘဲ ထူးထူးခြားခြားသာ ခံစားရလေသည်။
ဤရုပ်သွင်၏ အငွေ့အသက်ကတော့ အလွန်အားကောင်းပြီး ကောင်းကင်ကိုးခုကိုပင် ဖြတ်သန်းသွားခဲ့သည်။
ကျွင်းရှောင်ယောက်ပင်လျှင် အသက်ရှူကြပ်သွားသလို ခံစားလိုက်ရ၏။
သို့သော်လည်း ကျွင်းရှောင်ယောက်၏စိတ်က တည်ငြိမ်မှုရှိသည်။
သာမန်ပါရမီရှင်များဆိုပါက ဤအခြေအနေမျိုးတွင် စိတ်ဓာတ်ယိမ်းယိုင်ပြီး ဖုန်မှုန့်များထက် သေးငယ်သည်ဟု ခံစားရလိမ့်မည်။
ကျွင်းရှောင်ယောက်ကတော့ အပြောင်းအလဲမရှိပေ။
သူယုံကြည်မှုရှိသည်။
သူ့ကို အချိန်တစ်ခုပေးသရွေ့...
ဒဏ္ဍာရီလာ ဧကရာဇ်ကိုလည်း ကျော်ဖြတ်နိုင်ပေသည်။
"ဝမ်"
မှုန်ဝါးသောရုပ်သွင်က ကျွင်းရှောင်ယောက်နှင့် လင်ယွမ်ကို ပေါ့ပေါ့တန်တန် ကြည့်လိုက်သည်။
သူ့မျက်လုံးများကတော့ အလွန်အမင်း ဂရုမစိုက်ဘဲ လျစ်လျူရှုထား၏။
သူက ကျွင်းရှောင်ယောက်နှင့် လင်ယွမ်ကို လက်ညှိုးညွှန်ကာ သုတ်သင်ဖျက်ဆီးပစ်တော့မည်။
လင်ယွမ် အံကိုတင်းတင်းကြိတ်ပြီး ကျွင်းရှောင်ယောက်၏ နောက်ကျောကိုမှီကာ နောက်ဆုံးဝှက်ဖဲကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။
ကျွင်းရှောင်ယောက်လည်း သူ့အသိစိတ်ကို မြှင့်တင်ပြီး အဆုံးစွန်နည်းလမ်းကို ပြင်ဆင်လိုက်၏။
သူ့တွင် သေခြင်းတရားကို ထိုင်စောင့်နေတတ်သော အလေ့အကျင့်မရှိပေ။
ဤအခိုက်တွင် လေဟာပြင်ထဲမှ နိယာမများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နတ်သံကြိုးများကဲ့သို့ မိစ္ဆာအတွေးများကို ချုပ်နှောင်လိုက်၏။
"ဒါက ရှန်းရွှီကမ္ဘာမှာ အဇူရာဧကရာဇ် ချန်ထားခဲ့တဲ့ နိယာမတွေပဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
ရှန်းရွှီကမ္ဘာတွင် အဓိပဓိတစ်ပိုင်းအဆင့် ကျွမ်းကျင်သူကိုသာ ခွင့်ပြုပေသည်။
ဤမိစ္ဆာအတွေး၏ စွမ်းအားက အဓိပဓိတစ်ပိုင်းကို ကျော်လွန်နေသောကြောင့် ရှန်းရွှီကမ္ဘာ၏ တားမြစ်ချက် နိယာမများကို ဆွဲဆောင်ခဲ့သည်။
နိယာမများ၏ ဖိနှိပ်မှုအောက်တွင် ဤမိစ္ဆာအတွေး၏ အရှိန်အဝါသည် သိသိသာသာ ကျဆင်းသွားတော့သည်။
နောက်ဆုံး၊ အဓိပဓိတစ်ပိုင်းအဆင့်သို့ ရောက်ရှိမှသာ ရပ်တန့်သွားခဲ့သည်။
သို့သော်ငြားလည်း၊ ဤမိစ္ဆာအတွေး၏ စွမ်းအားက ယာရှမြွေနှင့် အခြားသော အဓိပဓိများထက် အဆပေါင်းများစွာ အားကောင်းနေသေးသည်။
သူညွှန်ပြသည်နှင့်တပြိုင်နက်၊ ကျွင်းရှောင်ယောက်၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာက ကြေမွလုနီးပါး ခံစားလိုက်ရသည်။
ကျွင်းရှောင်ယောက်လည်း အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို ထုတ်ဖော်လိုက်သည်။ ဤသည်မှာ အလွန်အားကောင်းပြီး ခိုင်မာသော ကာကွယ်ရေး ဖြစ်၏။
"ဒေါင်"
ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
မိစ္ဆာအတွေးက အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို ညွှန်ပြလိုက်၏။
အလွန်ပြင်းထန်သော တန်ပြန်တုန်ခါမှုစွမ်းအားကြောင့် ကျွင်းရှောင်ယောက်မှာ မီတာရာနှင့်ချီ၍ ဆုတ်ခွာသွားရသည်။ သူ့ခန္ဓာကိုယ်တွင်းရှိ သွေးများလည်း ဆူပွက်သွားပြီး အရိုးများပင် အက်ကွဲသွားလေသည်။
သူ့နောက်မှ လင်ယွမ်လည်း နောက်ပြန်ဆုတ်သွားရသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က တစ်ဆင့်ခံထားသောကြောင့် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကာ နှုတ်ခမ်းထောင့်မှ သွေးစတချို့ စီးကျလာခဲ့လေသည်။
နတ်ဘုရား၏ မိစ္ဆာအတွေးက ပန်းနုရောင် ကြာပန်းပေါ်တွင်ရပ်ကာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားခဲ့သည်။
'အခုတော့ နည်းနည်းပြဿနာရှိပြီ'
ကျွင်းရှောင်ယောက် သူ့စိတ်ထဲမှ တွေးလိုက်သည်။
နတ်ဘုရား၏မိစ္ဆာအတွေးက အလွန်အစွမ်းထက်သောကြောင့် ရှန်းရွှီကမ္ဘာတွင် ပြိုင်ဘက်ကင်းသလောက်ပင်။
အကယ်၍ မိစ္ဆာအတွေးခုနစ်ခုစလုံး တပြိုင်နက်တည်း လွတ်မြောက်လာလျှင် မည်သူမျှ တားဆီးနိုင်တော့မည် မဟုတ်ပါ။
နောက်ဆုံး မိစ္ဆာအတွေးခုနစ်ခု ပေါင်းစည်းသွားပါက ဧကရာဇ်တစ်ပိုင်း ကြွရောက်လာလျှင်ပင် တားဆီးရန်ခက်ခဲမည် ဖြစ်သည်။
မိစ္ဆာအတွေးက ကျွင်းရှောင်ယောက်တို့ကို ထပ်မံတိုက်ခိုက်တော့မည့်အချိန်တွင်...
ဤအရေးကြီးသော အခိုက်အတန့်မှာ...
ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာရှိ အသက်စမ်းရေတွင်းမှ ရှေးဦးကြာမျိုးစေ့ဟာ ပြင်းထန်စွာ တုန်လှုပ်စပြုလာသည်။
တောက်ပသောအလင်းများ ပျောက်ကွယ်သွားပြီး ကြာမျိုးစေ့မှ လျှို့ဝှက်ဆန်းကျယ်သော ပုံစံအမျိုးမျိုး ပေါ်လာခဲ့၏။
တစ်ခုခုကို အာရုံခံမိသကဲ့သို့ နတ်ဘုရား၏ မိစ္ဆာအတွေးမှာ ရုတ်တရက် ရပ်တန့်သွားသည်။
ထို့နောက် မိစ္ဆာအတွေးက ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် ကြည့်လိုက်၏။
ထိုအကြည့်တွင် တစ်စုံတစ်ခုကို စိတ်ပူနေသကဲ့သို့ ကြောက်ရွံ့မှု အရိပ်အမြွက်တစ်ခုပင် ရှိသေးသည်။
"မင်း တပ်မက်ခြင်း တဏှာထဲမှာ ထာဝရ နစ်မြုပ်နေရလိမ့်မယ်"
မိစ္ဆာအတွေးက ရေရွတ်လိုက်သည်။
ပြောဆိုပြီးနောက် မိစ္ဆာအတွေးက လက်ကိုမြှောက်ပြီး ဖမ်းဆုပ်ဟန်ပြုလိုက်၏။
ခဏချင်းမှာပင်...
ချိုင့်ဝှမ်းတစ်ခုလုံးရှိ ချစ်ခြင်းမေတ္တာပန်းများ အားလုံးက တစ်ပြိုင်နက်နီးပါး ပွင့်လန်းလာတော့သည်။
မရေမတွက်နိုင်သော ပန်းနုရောင်ဝတ်မှုန်များကလည်း ပန်းရောင်အခိုးအငွေ့များကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံးကို ပြည့်နှက်သွားသည်။
တစ်နေ့တာ ချစ်ခြင်းမေတ္တာက အနှစ်တစ်ထောင်ကြာသည်အထိ မပျောက်ကွယ်နိုင်ပေ။
ပန်းတစ်ပွင့်ကပင် လူများကို နစ်မြုပ်သွားစေနိုင်သည်။
ယခုကဲ့သို့ ချိုင့်ဝှမ်းတစ်ခုလုံး ပြည့်နှက်နေသော ချစ်ခြင်းမေတ္တာပန်းများက တပြိုင်နက်တည်း ပွင့်လန်းလာသောအခါမှာတော့... စစ်မှန်သော အဓိပဓိများပင်လျှင် အသိစိတ်ပျောက်ကွယ်ပြီး ပုံရိပ်ယောင်များထဲ ထာဝရ ပိတ်မိနေတော့မည် ဖြစ်သည်။
ကျွင်းရှောင်ယောက်နှင့် လင်ယွမ်လည်း ထူထဲသော ပန်းရောင်အခိုးအငွေ့များထဲတွင် ချက်ချင်း နစ်မြုပ်သွားကြ၏။
ယင်းကိုမြင်တော့ နတ်ဘုရား၏မိစ္ဆာအတွေးလည်း ရွှင်လန်းခြင်း ပန်းနုရောင်ကြာပန်းကိုစီးနင်းကာ ဤနေရာမှ ထွက်သွားတော့သည်။
ဤမိစ္ဆာအတွေးတွင် ပို၍အရေးကြီးသော တာဝန်တစ်ခု ရှိသည်။ ယင်းက မိစ္ဆာအတွေးခုနစ်ခုကို ပေါင်းစည်းနိုင်ရန်ပင်။
ချစ်ခြင်းမေတ္တာပန်းများ၏ ပန်းရောင်အခိုးအငွေ့များထဲတွင်...
ကျွင်းရှောင်ယောက်က သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ် ပျက်စီးသွားသလို ခံစားလိုက်ရကာ ငိုက်မျဉ်းစပြုလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဆန္ဒတစ်ခု ပေါ်လာခဲ့၏။
ကံကောင်းထောက်မစွာဖြင့်၊ ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်က အလွန်အစွမ်းထက်သည်။ အဓိပဓိအချို့ကိုပင် ကျွင်းရှောင်ယောက်နှင့် မနှိုင်းယှဉ်နိုင်ပေ။
ထို့ကြောင့် သူက ပို၍ကြာကြာ ထိန်းထားနိုင်ခဲ့သည်။
ထို့အပြင်၊ သူ၏ အတွင်းစကြာဝဠာအတွင်းမှ ရှေးဦးကြာမျိုးစေ့ကလည်း ပေါ့ပါးလန်းဆန်းစေသော လေကို ထုတ်လွှတ်ပြီး ကျွင်းရှောင်ယောက်ကို နိုးကြာကာ သတိရှိနေစေရန် ကူညီပေးလေသည်။
ထို့ကြောင့်၊ ကျွင်းရှောင်ယောက်က ယခုအခါ ကြည်လင်သောအသိစိတ်ကို ဆက်လက် ထိန်းထားနိုင်ခဲ့သည်။
'ငရဲဝိဥာဉ်နတ်ဆိုးပန်းကို သန့်စင်ပြီး ငါ့ရဲ့ ရှေးဦးဝိညာဉ်ကို ပိုအားကောင်းလာအောင် လုပ်ရမယ်။ ဒါမှပဲ ဒီအခြေအနေက ရုန်းထွက်နိုင်မှာ'
ကျွင်းရှောင်ယောက် စိတ်ထဲမှတွေးပြီး ငရဲဝိညာဉ်နတ်ဆိုးပန်းကို ထုတ်ယူရန် ပြင်လိုက်သည်။
သို့သော်လည်း ဤအခိုက်တွင် နွေးထွေးပြီး လေးလံသော အသံရှူသံကြောင့် ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်မိသည်။
သူ့နောက်ကျောကို မှီနေသော လင်ယွမ်က ဖြူနုပျော့ပျောင်းသော ကျောက်စိမ်းလက်များနှင့် ကျွင်းရှောင်ယောက်ကို ပွေ့ဖက်လိုက်၏။
"မင်း ဘာလုပ်မလို့လဲ"
ကျွင်းရှောင်ယောက် အေးစက်စက် ပြောလိုက်သည်။