အခန်း ၈၆၄
Vol. 58 Ch. 864
အခန်း ( ၈၆၄ ) ကောင်းကင်ကျမ်းများထဲမှ တစ်ခု... ရှေးဦးဝိညာဉ်ကျမ်း၊ တုရှန်ဧကရာဇ်မျိုးနွယ်မှ တုရှန်ရှောင်ရှောင်း။
ကြီးစိုးသော အရှိန်အဝါက ကြယ်စက်ဝိုင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများက ဟင်းလင်းပြင်ကို တုန်လှုပ်စေခဲ့၏။
မုန်တိုင်းကဲ့သို့ ဖိအားလှိုင်းများ တက်လာပြီးနောက် မရေမတွက်နိုင်သော ကြယ်များ တခဏချင်း ကွဲအက်သွားတော့ည်။
အားနည်းသော လူတချို့မှာ ချက်ချင်း ပေါက်ကွဲသွားကြသည်။
"ဆုတ်ကြ"
ဤအခိုက်တွင်၊ တိုင်းတပါးကော အင်မော်တယ်နယ်မြေကြီးပါ ချက်ချင်း ဆုတ်သွားခဲ့ကြတော့သည်။
လှပသော ခရမ်းရောင်ကြာပန်းတစ်ပွင့်က လေထဲတွင် ထွက်ပေါ်လာခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော ရေခိုးရေငွေ့လှိုင်းများလည်း ကြာပန်းမှ လွင့်စဉ်နေ၏။
ကြာပန်းအပေါ်မှာတော့ ခရမ်းရောင်အဝတ်အစားဝတ်ထားသည့် လူရိပ်တစ်ခုက ရေနတ်ဘုရားကဲ့သို့ ရပ်နေပေသည်။
ဤသည်မှာ ဒုစရိုက်ခုနစ်ပါးထဲမှ မနာလိုခြင်းကို ကိုယ်စားပြုသော ခရမ်းရောင်ကြာပန်း ဖြစ်သည်။
"ဝုန်း"
ထိုစဉ်၊ ရှန်းရွှီကမ္ဘာ၏ နိယာမများ ဆင်းသက်လာပြီး ခရမ်းရောင်ကြာပန်းကို အဓိပဓိတစ်ပိုင်းအဆင့်အထိ ဖိနှိပ်လိုက်လေသည်။
သို့သော်လည်း ယင်းက အလွန်ကြောက်စရာကောင်းနေဆဲ ဖြစ်သည်။
သူ၏ ဖိအားတစ်ခုတည်းကြောင့် လူများစွာ သေဆုံးခဲ့ကြရပေသည်။
သို့သော်လည်း ခရမ်းရောင်ကြာပန်းက ဤပုရွက်ဆိတ်များနှင့် အချိန်ဖြုန်းရန် ရည်ရွယ်ချက်မရှိသည်မှာ ထင်ရှားသည်။
၎င်း၏ တစ်ခုတည်းသောရည်ရွယ်ချက်က မူလ အပြစ်ခုနစ်ပါးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး မိစ္ဆာနတ်ဘုရားအဖြစ်သို့ ပြောင်းလဲရန်ဖြစ်၏။
“သွားကြစို့"
ဒုစရိုက်အတွေးက လွတ်မြောက်သွားသည့်အတွင် အခြားသူများလည်း ဆက်လက်တိုက်ခိုက်နေရန် အကြောင်းမရှိတော့ပေ။ နှစ်ဖက်စလုံးက နောက်ဆုတ်သွားကြသည်။
သို့သော်၊ ကျွင်းရှောင်ယောက်၏ အမူအရာက မပြောင်းလဲဘဲ ထွက်ပြေးသွားသော ချီလင်ခုန်းနောက်ကို လိုက်သွားတော့သည်။
.............
အနီရောင် အလင်းတန်းများစွာက ကြယ်ကောင်းကင်တွင် လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။
ရှေ့ဆုံးမှလူဟာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ထွက်ပြေးနေသော ချီလင်ခုန်း ဖြစ်၏။ ပတ်ဝန်းကျင်မှာလည်း သူ့ကို ကာကွယ်ရန် ချီရှောင်းမျိုးနွယ်မှ သူတော်စင်သခင်များ ရှိသေးသည်။
"ချီးပဲ၊ ကျွင်းမိသားစုမှာ ဘာဖြစ်လို့ ဘီလူးတွေ ဒီလောက်များနေရတာလဲ။ ဒီကျွင်းရှောင်ယောက်ဆိုရင်လည်း ငါ့အစ်ကို မလာဘူးဆိုရင် သူ့ကို အနိုင်ယူဖို့ ခက်လိမ့်မယ်"
ချီလင်ခုန်း ရှက်ရွံ့ပြီး ဒေါသထွက်နေခဲ့သည်။
သူ့ဘဝတွင် ဤသည်က ပထမဆုံးအကြိမ် ဘဝပျက်ရခြင်းပင်။
ထိုအချိန်တွင်၊ အဝေးမှ ပေတစ်သောင်းရှည်လျားသော အင်မော်တယ်သတ်ဓားအလင်းက ဟင်းလင်းပြင်ခုန်ကျော်သကဲ့သို့ ဖြတ်လာသည်။
ချီရှောင်းမျိုးနွယ်မှ သူတော်စင်သခင်က ခုခံရန် ချက်ချင်း လှည့်လိုက်၏။
သို့သော်လည်း ဓားအလင်းက တိုက်ရိုက် ပိုင်းဖြတ်သွားကာ သွေးနှင့် အူကလီစာများ ထွက်ကျလာတော့သည်။
ဤမြင်ကွင်းကြောင့် ချီလင်ခုန်းမှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး ပို၍မြန်မြန် ပြေးသွားသည်။
"မင်း ထွက်ပြေးလို့ လွတ်မှာလား"
ကျွင်းရှောင်ယောက်က ကြွက်နှင့်ကစားနေသော ကြောက်ကဲ့သို့ လျစ်လျူရှုစွာ ကြည့်လိုက်သည်။
သူ သတ်ချင်ပါက၊ အသက်ရှင်ရိုး ထုံးစံမရှိပေ။
ကျွင်းရှောင်ယောက်ဟာ မဟာသူတော်စင်နယ်ပယ်တွင် ရှိစဉ်ကတည်းက ဟူတော်စင်သခင်များကို သတ်ခဲ့သည်။
ယခုဆိုလျှင် သူက သူတော်စင်သခင်နယ်ပယ်သို့ ရောက်နေပြီ။
တိုက်ခိုက်မှု နှစ်ကြိမ်၊ သုံးကြိမ်နှင့် အားလုံး သေဆုံးသွားကြသည်။
ချီလင်ခုန်းလည်း သွေးပျက်ကာ မျက်နှာက စက္ကူကဲ့သို့ဖြူဖျော့နေတော့သည်။
သူ့ဘဝတွင် ဤနေ့မျိုး ရောက်လာရမည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။
ဤမျှ စိတ်ပျက်အားငယ်ရသည့် အခြေအနေမျိုးတွင် အံကြိတ်ပြီး အသက်ကယ်ဝှက်ဖဲကို အသုံးပြုရန်သာ တတ်နိုင်တော့သည်။
"ကောင်းကင်ဝိညာဉ် ပြိုကွဲခြင်း"
ချီလင်ခုန်း အော်ဟစ်လိုက်သည်။
ချီလင်ခုန်းက သူ့ခန္ဓာကိုယ်ကို အမှန်တကယ်ပင် သူ့ဘာသာသူ ဖောက်ခွဲလိုက်၏။
အသွေးအသားအားလုံးသည် စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရှေးဦးဝိညာဉ်ကို ရစ်ပတ်ကာ အလွန်လျင်မြန်သော အရှိန်ဖြင့် ထွက်ပြေးသွားတော့သည်။
သို့သော်၊ ဤမြင်ကွင်းကို မြင်ရပြီးနောက် ကျွင်းရှောင်ယောက်၏ မျက်လုံးများက အံ့အားသင့်မှု အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
သူ့ကို အံ့အားသင့်စေသည်က ချီလင်ခုန်း၏ နည်းလမ်းမဟုတ်ပေ။
ထိုအစား ဤနည်းလမ်းက သူ့ကို ရင်းနှီးသော အငွေ့အသက်အား ခံစားရစေသည်။
ကောင်းကင်ကျမ်းကိုးအုပ်။
'ဒီလိုအတက်အကျမျိုးက... ကောင်းကင်ကျမ်း ကိုးခုထဲကတစ်ခုဖြစ်တဲ့ ရှေးဦးဝိညာဉ်ကျမ်းပဲ'
ကျွင်းရှောင်ယောက် သူ့စိတ်ထဲမှ တွေးလိုက်သည်။
ကောင်းကင်ကျမ်းကိုးအုပ်တွင် ခန္ဓာကျမ်းက ရုပ်ခန္ဓာ၏ အဆုံးစွန်လမ်းစဉ်ဖြစ်သည်ဟု ဆိုရလျှင်...
ထိုရှေးဦးဝိညာဥ်ကျမ်းက ရှေးဦးဝိညာဉ်၏လမ်းစဉ်၏ အဆုံးစွန်ဖော်ပြချက် ဖြစ်သည်။
ရှေးခေတ်က ရှေးဦးဝိညာဉ်ကျမ်းကို ရရှိပြီး လေ့ကျင့်ခဲ့သော ကျင့်ကြံသူများ ရှိခဲ့သည်။ နောက်ဆုံးတွင်၊ တာအိုအား သက်သေပြရန်နှင့် ကပ်ဆိုးမှ လွတ်မြောက်ရန် ၎င်းတို့၏ ရှေးဦးဝိညာဉ်များကို အသုံးပြုခဲ့၏။
အဆုံးတွင်၊ သူတို့က ရှေးဦးဝိညာဉ် ဧကရာဇ်ဖြစ်လာပြီး အံ့မခန်းစွမ်းရည်တို့ကို ပိုင်ဆိုင်ခဲ့ပေသည်။
အတွေးတစ်ခုဖြင့် ပင်လယ်ကို ခြောက်ခမ်းစေနိုင်ခဲ့သည်။
'ဒါပေမဲ့... ရှေးဦးဝိညာဉ်ကျမ်းက သူ့ခန္ဓာကိုယ်ပေါ်မှာ မရှိဘူး။ တစ်ယောက်ယောက်က သူ့ကို ရှေးဦးဝိညာဉ်ကျမ်းထဲက လွတ်မြောက်နည်းကို သင်ပေးထားတာ ဖြစ်ရမယ်'
ကျွင်းရှောင်ယောက် တိတ်တဆိတ် မှန်းဆလိုက်၏။
ဤတော့မှ သူ သတိရလာသည်။
အနှီချီလင်ခုန်းတွင် ချီဟုန်ယွိဟုခေါ်သော အစ်ကိုကြီးတစ်ယောက် ရှိသေးသည်။
မဟုတ်မှလွဲ၊ ရှေးဦးဝိညာဉ်ကျမ်းက သူ့လက်ထဲမှာ ရှိနေပါသလော။
ပထမတော့ ကျွင်းရှောင်ယောက်ဟာ ကောင်းကင်ကျမ်း ကိုင်ဆောင်ထားသူအားလုံးကို အဆုံးစွန်ရှေးဟောင်းလမ်းမှာ ရှာတွေ့နိုင်ပြီး ကောင်းကင်ကျမ်းအားလုံး ရနိုင်မည်ဟု ထင်ခဲ့သည်။
ယခုတော့ ကျွင်းရှောင်ယောက်ဟာ အရာများကို ရိုးရိုးရှင်းရှင်း တွေးနေမိပုံပင်။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် ကောင်းကင်ကျမ်းကိုးခုစလုံး မရှိပါ။
တိုင်းတပါး၊ သင်္ချိုင်းမြေများ၊ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး...
စသည်ဖြင့် ပြန့်ကျဲနေခဲ့သည်။
'ဒီလိုဆိုရင် ရှေးဦးဝိညာဉ်ကျမ်းက ချီရှောင်းမျိုးနွယ်ရဲ့လက်ထဲမှာ ဖြစ်ဖို့များတယ်။ ဧကန္တ တိုင်းတစ်ပါးကို ငါ သွားရတော့မှာလား'
ကျွင်းရှောင်ယောက် တွေးလိုက်မိသည်။
သူ တွေးနေစဉ်မှာပင် သူ့ခြေထောက်များက လင်းလက်လာ၏။
တယ်လီပို့သကဲ့သို့ သူ့ပုံရိပ်က ချီလင်ခုန်းနောက်ကို လိုက်သွားတော့သည်။
ဟင်းလင်းပြင်ကျမ်းက ကျွင်းရှောင်ယောက်အား ဟင်းလင်းပြင်ကို အဆုံးစွန်ထိ ထိန်းချုပ်နိုင်ရန် နည်းလမ်း ပေးခဲ့သည်။
ဟင်းလင်းပြင်ကျမ်းနှင့် ကိုယ်ဖော့နည်းကို ပေါင်းစပ်လိုက်သောအခါ သူ့အမြန်နှုန်းက တကယ်ကို အံ့မခန်းပင်။
တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က သူ့နောက်သို့ အလျင်အမြန် လိုက်လာနေသည်ကို မြင်သောအခါ ချီလင်ခုန်း ပို၍ ထိတ်လန့်သွားခဲ့သည်။
'ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါ သူ့ကို မချန်ထားနိုင်သေးဘူး'
ချီလင်ခုန်း စိတ်ဓာတ်ကျလာသည်။
သူ အလွန်အမင်း စိတ်ပျက်အားငယ်သွားချိန်တွင်...
ဂီတသံစဉ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
ယင်းမှာ အတော် ထူးဆန်း၏။
ရှန်းရွှီကမ္ဘာသည် သေမင်းတမန် တိုက်ပွဲနယ်မြေဖြစ်ကြောင်း ထင်ရှားသည်။
ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှု မီးတောက်များလည်း ပြည့်နေခဲ့ခြင်း ဖြစ်၏။
သို့တိုင် ဤနေရာမှာတော့ အလွန်ချိုသာပြီး နှလုံးသားကို ညှို့ယူနိုင်သော ဂီတသံ ရှိနေသည်။
ထိုသာယာသော သံစဉ်က သွေးသံတရဲရဲ စစ်မြေပြင်နှင့် လုံးဝ မသက်ဆိုင်ပေ။
"ဟင်"
ကျွင်းရှောင်ယောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဝေးကွာသောအရပ်မှ ကြယ်ကောင်းကင်တွင်၊ ကုချင်း တီးခတ်နေသည့် လှပသော ရုပ်သွင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ရေလှိုင်းပမာ အင်္ကျီလက်နှင့် စကတ်ရှည်ကို ဝတ်ဆင်ထားသော အသက် နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ချေသည်။
သူမ၏ခန္ဓာမှာ ပါးပါးလျားလျားဖြစ်ပြီး ကျောက်စိမ်းဖြင့် ထွင်းထုထားသည့် ပန်းပုလက်ရာကဲ့သို့ ဖြစ်သည်။
သူမ၏မျက်ခုံးက မိုးမခသစ်ရွက်ကဲ့သို့ ကွေးကွေးလေးဖြစ်ပြီး လှပသောမျက်လုံးများကလည်း ကြည်လင်လေသည်။ နှာတံလေးမှာလည်း သေးသွယ်ကာ ဖြောင့်စင်းသည်။
သူမ၏ အသားအရေကမူ နှင်းသားပမာ ဖြူစင်ပြီး နုဖက်နေသည်။
သူမ၏ နှင်းဖြူလက်ကောက်ဝတ်မှာတော့ အနီရောင် ပိုးကြိုးကလေးကို ခပ်ဖွဖွ ချည်ထား၏။
ထိုမိန်းကလေးက အမှန်တကယ် လှပသည်။ သူမ၏ မျက်လုံးနှင့် မျက်ခုံးက အမှန်တကယ် ဆွဲဆောင်မှုရှိလေသည်။
သို့သော်လည်း သူမ၏ အထောက်အထားကို ဖော်ပြနေသော နေရာနှစ်ခု ရှိနေသည်။
တစ်ခုက သူမ၏ ဆံနွယ်များအောက်မှ ထိုးထွက်နေသော မြေခွေးနားရွက်နှစ်ဖက်ဖြစ်ပြီး...
နောက်တစ်ခုကတော့ တင်ပါးပေါ်မှ တိုးထွက်နေသည့် နူးညံ့သော မြေခွေးအမြီး ကိုးခုပင်။
"မြေခွေးနားရွက်နဲ့ ဒီမိန်းကလေးက..."
ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွား၏။
မြေခွေးလူသားကို သူ တွေ့ဖူးသည်မှာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပေ။
ကောင်းကင်မြေခွေးမျိုးနွယ်မှ ပိုင်မေအာသည်လည်း မြေခွေးတစ်ကောင် ဖြစ်သည်။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင်လည်း အမြီးကိုးချောင်း နတ်ဆိုးမြေခွေးမျိုးနွယ် ရှိပေသည်။
သို့ရာတွင်၊ သူရှေ့တွင်ရှိသော မိန်းကလေးကတော့ အင်မော်တယ်နယ်မြေကြီးရှိ အမြီးကိုးချောင်း နတ်ဆိုးမြေခွေးမျိုးနွယ်မှ မဟုတ်သည်မှာ ထင်ရှားသည်။
မိန်းကလေးကိုမြင်တော့ ချီလင်ခုန်း၏ ရှေးဦးဝိညာဉ်က ဝမ်းသာသွားကာ ချက်ချင်း လှမ်းအော်လိုက်လေသည်။
"တုရှန်ဧကရာဇ်မျိုးနွယ်ရဲ့ တတိယမင်းသမီး၊ ငါ့ကို ကယ်ပါဦး"
ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများ တောက်ပလာခဲ့သည်။
တုရှန်ဧကရာဇ်မျိုးနွယ်။
ဤသည်မှာ တိုင်းတစ်ပါးမှ အင်မော်တယ်ဧကရာဇ်မျိုးနွယ်စု ဖြစ်သည်။
သို့သော်လည်း တတိယမင်းသမီးက တုံ့ပြန်ပုံမပေါ်ပေ။
ကျွင်းရှောင်ယောက်က ချီလင်ခုန်းကိုသတ်ရန် သူ့လက်ကို မြှောက်လိုက်သည်။
ယင်းကိုမြင်တော့ ချီလင်ခုန်း မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်၏။
"တတိယမင်းသမီး၊ ငါ့အစ်ကိုက မင်းကိုလက်ထပ်ခွင့်တောင်းဖို့ တုရှန်မျိုးနွယ်ကို လာဖူးတယ်လေ။ အဆုံးမှာ ပယ်ချခံခဲ့ရပေမဲ့ ငါတို့ကြားမှာ ပတ်သက်မှုရှိသေးတယ် မဟုတ်လား"
သို့တိုင် တတိယမင်းသမီးက မလှုပ်ရှားသေးဘဲ ငြိမ်နေသည်။
"ဝုန်း"
ထိုအချိန်တွင် ကျွင်းရှောင်ယောက်၏ လက်ဝါးကြီးက ကျရောက်လာခဲ့သည်။
နောက်ဆုံးတော့ ချီလင်ခုန်းမှာ မည်သို့မျှ မတတ်နိုင်တော့ဘဲ စိတ်ပျက်အားငယ်စွာဖြင့် သေဆုံးသွားတော့သည်။
သူ သေဆုံးသည်အထိ တတိယမင်းသမီးက တိုင်းတစ်ပါးမှ ဆင်းသက်လာသူချင်းအတူတူ သူ့ကို ကယ်တင်ရန် ငြင်းဆန်မည်ဟု မထင်ခဲ့ပေ။
ချီလင်ခုန်းကို ခြင်ရိုက်သလို ရိုက်သတ်ပြီးနောက် ကျွင်းရှောင်ယောက်က တုရှန်ဧကရာဇ်မျိုးနွယ်မှ တတိယမင်းသမီးကို ကြည့်လိုက်သည်။
တုရှန်မျိုးနွယ်အကြောင်း သူကြားဖူး၏။
နတ်ဆိုးမြေခွေးမျိုးနွယ်ကဲ့သို့ပင်၊ ၎င်းတို့က မြေခွေးမျိုးနွယ်၏ အဓိကကိုင်းခွဲတစ်ခု ဖြစ်သည်။
"မင်းတို့ တိုင်းတပါးမြေကလည်း အပြည့်အဝ မစည်းလုံးဘူးထင်တယ်"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"သူ့အစ်ကိုက အရမ်းစိတ်ညစ်ဖို့ကောင်းတယ်"
တတိယမင်းသမီးက နူးညံ့သော လေသံဖြင့် ပြောလိုက်၏။
ကျွင်းရှောင်ယောက် အံ့သြသွားသည်။
ယေဘုယျအားဖြင့် မြေခွေးမျိုးနွယ်ဝင်အများစုသည် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိကြသည်။
ဤတွင်၊ ဤတတိယမင်းသမီးကတော့ သူတို့ကြားမှာပင် ထူးခြားသူတစ်ဦးဖြစ်ပုံရသည်။
"သခင်လေးက အင်မော်တယ်နယ်မြေကြီးမှာ နာမည်ကျော်ကြားတွင် ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ကျွင်းရှောင်ယောက်ဖြစ်ရမယ်"
"ငါက တုရှန်မျိုးနွယ်က တုရှန်ရှောင်ရှောင်းပါ"
တုရှန်ရှောင်ရှောင်းက နူးညံ့စွာ ပြုံးလိုက်လေသည်။
"မင်းတိုက်ခိုက်ချင်ရင် ငါ မင်းကို အဆုံးထိ လိုက်ပို့ပေးနိုင်တယ်"
ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
တုရှန်ရှောင်ရှောင်းကို မိန်းမတစ်ယောက်ဖြစ်သောကြောင့် သူက ကရုဏာပြမည် မဟုတ်ပေ။
"ကျေးဇူးပြုပြီး သီချင်းနားထောင်ပေးပါဦးနော်"
တုရှန်ရှောင်ရှောင်းက ချစ်စဖွယ်ပြုံးရင်း ပြောလိုက်သည်။ ထို့နောက် သွယ်လျသော လက်ချောင်းကလေးများဖြင့် ကုချင်းကို စတင်တီးခတ်လိုက်၏။
ကုချင်းသံစဉ်က ချိုသာပြီး လူများကို အိပ်မက်ထဲတွင် ပိတ်မိနေသကဲ့သို့ ခံစားရစေသည်။
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက် တစ်ချက်ပြုံးလိုက်သည်။
ဂီတနှင့် ပတ်သက်လျှင်လည်း သူက နိမ့်ကျနေမည် မဟုတ်ပါ။
ကျွင်းရှောင်ယောက်က ကွက်လပ်တွင် တင်ပျဉ်ခွေထိုင်ကာ ရွှေနီရောင် ကြိုးခုနစ်ချောင်းတပ်ထားသော ကုချင်းကို ထုတ်ယူလိုက်သည်။
ယင်းက ဖီးနစ်ငိုကြွေးချီတောင်တန်း ဖြစ်၏။
ကျွင်းရှောင်ယောက်က ကုချင်းတစ်ခုကို ထုတ်ယူသည်အား မြင်ရသောအခါ တုရှန်ရှောင်ရှောင်း အံ့အားသင့်သွားသည်။
အင်မော်တယ်နယ်မြေကြီးမှ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်သည် တိုက်ခိုက်မှုစွမ်းရည်တွင် ထူးကဲသာလွန်သည့်အပြင် ဤသို့သော စွမ်းရည်မျိုးလည်း ရှိသေးပါသလော။
လောကကြီးတွင် ဤကဲ့သို့ ပြီးပြည့်စုံသော လူတစ်ယောက် အမှန်တကယ် ရှိနေပါ၏လော။