အခန်း ၈၆၈
Vol. 58 Ch. 868
အခန်း ( ၈၆၈ ) ရွယ်ယွဲ့၏ လေးလံသောအတိတ်၊ ငါ ကျွင်းရှောင်ယောက်က ဘယ်သူ့နေရာကိုမှ အစားမထိုးဘူး၊ တိုင်းတပါးသားများ စုရုံးကြပြီ။
ဟိုးရှေးရှေးတုန်းက တိုင်းတပါး၏ ဝေးလံခေါင်သီသောနေရာမှာ...
တိုင်းပြည်လေးတစ်ခု ရှိသည်။
ဤတိုင်းပြည်လေးမှ မိသားစုတစ်စုတွင် မောင်နှမနှစ်ယောက် ရှိကြ၏။
သူတို့နှစ်ဦးစလုံး၏ မျက်လုံးထောင့်များတွင် သွေးမျက်ရည်မှဲ့များ ရှိသည်။
ဤတိုင်းပြည်တွင် သွေးမျက်ရည်မှဲ့များက ဆိုးရွားသောလက္ခဏာနှင့် ဘေးဥပဒ်၏သင်္ကေတအဖြစ် မှတ်ယူကြသည်။
ထို့ကြောင့်ပင် သူတို့နှစ်ဦးမှာ ငယ်စဉ်ကတည်းက အနိုင်ကျင့်ခံခဲ့ရသည်။
သူတို့၏ မိဘများပင်လျှင် ဘာမျှမတတ်နိုင်ခဲ့ပေ။
လူများ၏ နှလုံးသားမှ အစွဲအလမ်းများဟာ ကြီးမားလာပြီဆိုပါက၊ မည်မျှပင် ကြိုးစားနေစေကာမူ မဖယ်ရှားနိုင်တော့ပါ။
သို့ရာတွင်၊ ဤရက်စက်ကြမ်းကြုတ်သော ပတ်ဝန်းကျင်မှာပင် အစ်ကိုဖြစ်သူက သူ့ညီမကို အမြဲကာကွယ်ပေးခဲ့သည်။
သူတို့နှစ်ဦးသာ ဆွေမျိုးများပမာ ဖြစ်ခဲ့၏။
နောက်ပိုင်းတွင် မောင်နှမနှစ်ယောက်လည်း အနိုင်ကျင့်ရိုက်နှက်ခြင်းများကို မခံနိုင်တော့ဘဲ မိသားစုမှ ထွက်ပြေးခဲ့ကြသည်။
နေရာအနှံ့ လျှောက်သွားခဲ့ကြ၏။
တိုင်းတစ်ပါးတွင်၊ အင်အားကြီးသူသာ ရှင်သန်နိုင်သော နိယာမက ပို၍ထင်ရှားသည်။
သူတို့မောင်နှမအတွက် ရှင်သန်ရန် မည်သို့ ရုန်းကန်ခဲ့ရသည်ကို တွေးကြည့်ရန်ပင် မလွယ်ပေ။
နောက်ပိုင်းတွင် သူတို့ကို မြေအောက်သတ်ဖြတ်ရေးကွင်းမှ သိမ်းပိုက်ခံခဲ့ရပြီး ကျွန်များ ဖြစ်လာခဲ့ကြသည်။
သူတို့မောင်နှမလည်း ကွဲကွာသွားပြီး ရက်ရက်စက်စက် လေ့ကျင့်မှုများ လုပ်ခဲ့ကြရပေသည်။
မြေအောက် တိုက်ခိုက်ရေးကွင်းတွင် တိုက်ပွဲတစ်ရာကို အနိုင်ရရှိလျှင်တော့ လွတ်လပ်မှုကို ပြန်ရနိုင်သည်ဟု တစ်စုံတစ်ယောက်က ပြောခဲ့သည်။
အခြေအနေများမြှင့်တင်ရန် ညှိနှိုင်းနိုင်ပြီး ရက်ရောသော ဆုလာဘ်များပင် ရယူနိုင်သေးသည်။
ထိုနေ့မှစ၍ လေ့ကျင့်မှုများက မည်မျှပင် ရက်စက်ခဲ့ပါစေ၊ ရွယ်ယွဲ့ ဆက်လက်အံကြိတ်ခံခဲ့သည်။
အကြောင်းမှာ၊ တိုက်ပွဲတစ်ရာကို အနိုင်ယူပြီးနောက် အစ်ကိုဖြစ်သူနှင့် ထွက်ခွာသွားနိုင်မည်ဟု ယုံကြည်နေသောကြောင့်ပင်။
တိုက်ပွဲပေါင်းများစွာကို သူမ ရင်ဆိုင်ခဲ့သည်။ တိုက်ပွဲကို ရင်ဆိုင်ရသူတိုင်း နှစ်ဖက်စလုံးက မျက်နှာဖုံးများ ဝတ်ဆင်ထားကြရ၏။
သူတို့က လှောင်အိမ်ထဲမှ သားရဲများကဲ့သို့ အချင်းချင်း တိုက်ခိုက်ကာ လူများအတွက် ဖျော်ဖြေစရာများ ဖြစ်လာခဲ့ကြသည်။
နောက်ဆုံးတွင်၊ ကိုးဆယ့်ကိုးပွဲတိတိ နောက်ဆုံးပွဲသို့ ရောက်ခဲ့ပြီ။
ဤတိုက်ပွဲကို အောင်နိုင်သရွေ့ သူမ၏ လွတ်လပ်မှုကို ပြန်လည်ရရှိပြီး အစ်ကိုဖြစ်သူနှင့်အတူ ထွက်ခွာသွားနိုင်သည်။
ထိုအချိန်တွင် ပြိုင်ဘက်ကိုသတ်ပြီး တိုက်ပွဲကွင်းမှ အစ်ကိုနှင့်အတူ ထွက်ခွာသွားရန်သာ သူမ၏စိတ်ထဲမှာ ရှိတော့သည်။
သို့သော်လည်း ရွယ်ယွဲ့ အံ့သြသွားရသည်။
ပွဲတစ်ရာမြောက် သူမ၏ပြိုင်ဘက်က မျှော်လင့်ထားသည်ထက် များစွာ အားနည်းခဲ့၏။
ဝမ်းသာအားရဖြင့် သူမလက်ထဲက ဓားမြှောင်ကို ပြိုင်ဘက်၏ရင်ဝသို့ ထိုးစိုက်ချလိုက်သည်။
သို့သော် အနည်းငယ်ရင်းနှီးသော ချောင်းဆိုးလိုက်သံကြောင့် ရွယ်ယွဲ့ ထုံကျဉ်သွားသည်။
တုန်ရီနေသောလက်များဖြင့် ထိုလူ၏မျက်နှာမှ မျက်နှာဖုံးကို ချွတ်လိုက်၏။
ရင်းနှီးပြီးသား ချောမောသော မျက်နှာတစ်ခု ပေါ်လာတော့သည်။
"အ... အဟွတ်၊ ယွဲ့အာ... မင်း အရမ်းသန်မာလာပြီ။ အစ်ကိုလည်း စိတ်ချနိုင်ပါပြီ"
"အခုမှစပြီး အနာဂတ်မှာ မင်းတစ်ယောက်တည်းလည်း နေနိုင်ပြီ"
ပွဲတစ်ရာမြောက်မှ သူမ၏ပြိုင်ဘက်မှာ သူမ၏အစ်ကို ဖြစ်သည်။
သူ့အစ်က မှတ်မိနေသောကြောင့် သူမကို တစ်ချိန်လုံး ပြန်မတိုက်ခဲ့ပေ။ နောက်ဆုံး သူ့ရင်ဝကိုပင် ဓားနှင့် အလွယ်တကူ ထိုးခွင့်ပြုခဲ့သည်။
ယခုတော့ သူ့အစ်ကိုကို သူ့လက်နှင့် သတ်လိုက်မိပြီ။
သူ့အတွက် တစ်ဦးတည်းသော ဆွေမျိုးကို သတ်လိုက်ခြင်း ဖြစ်သည်။
ထိုအချိန်မှစ၍ ရွယ်ယွဲ့၏ နှလုံးသားလည်း သေဆုံးသွားတော့သည်။
နောက်ပိုင်း ဘာဆက်လုပ်ခဲ့မိမှန်း သူမ မသိတော့ပါ။
သတိပြန်ဝင်လာတော့ မြေအောက်တိုက်ပွဲကွင်းမှ လူများအားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ရုပ်ပျက်ဆင်းပျက် သေဆုံးနေသော အလောင်းများသာ မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့ပေသည်။
သူမ၏ မျက်လုံးများက သွေးရောင်ပြောင်းပြီး အနက်ရောင် ဆံပင်များပင် အနီရောင်ဖြစ်သွားသည်။
ယင်းက မျက်လုံးထောင့်မှ သွေးမျက်ရည်မှဲ့နှင့် ပို၍ လိုက်ဖက်ခဲ့ပေသည်။
"သနားစရာကောင်းတဲ့ ကောင်မလေးပဲ"
မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။
"မင်း ပိအန်းအဖွဲ့အစည်းမှာ ပါဝင်ဖို့ ဆန္ဒရှိရဲ့လား။ မင်းအစ်ကိုကို လူဝင်စားဖို့ နည်းလမ်းတစ်ခုတောင် ရှိကောင်းရှိနိုင်တယ်"
အမျိုးသမီးက အကြံပြုလိုက်၏။
နောက်ပိုင်းတွင် ရွယ်ယွဲ့က ပိအန်းအဖွဲ့အစည်းသို့ ဝင်ရောက်ခဲ့သည်။
ထိုမှတဆင့် ကျူးရှန်းဓားပြ ဆယ့်သုံးဦး၏ ခေါင်းဆောင် ဖြစ်လာခဲ့ပေသည်။
ဇာတ်လမ်းက ပြီးသွားပြီ။
ဤပုံပြင်ကို ကြားရပြီးနောက် ကျွင်းရှောင်ယောက် ငြိမ်သက်သွားခဲ့သည်။
ရွယ်ယွဲ့၏ သူ့အပေါ် အလွန်ထူးခြားသော တုံ့ပြန်မှုကိုလည်း ယခုမှ သဘောပေါက်လာခဲ့၏။
သူမက သူ့အစ်ကို၏ပုံရိပ်ကို သူ့အပေါ်တွင် မြင်တွေ့ခဲ့ကြောင်း သိသာထင်ရှားသည်။
ယင်းက သရဲမျက်နှာသုသာန်ဧကရီကိုပင် သတိရသွားစေခဲ့လေသည်။
ပိအန်းအဖွဲ့အစည်း၊ ပိအန်းမျိုးနွယ်၊ သရဲမျက်နှာ သုသာန်ဧကရီ၊ ပြန်လည်ရှင်သန်ခြင်း လီလီပန်း။
ဤသဲလွန်စများကြားမှ ဆက်စပ်မှုက အဘယ်နည်း။
ကြေးအင်မော်တယ်နန်းတော်မှ သရဲမျက်နှာ အမျိုးသမီးနှင့် ပိအန်းမျိုးနွယ်စုက မည်သို့ရှိသနည်း။
ထိုစဉ်က ကျွင်းရှောင်ယောက်၏ စိတ်ထဲမှာ ပဟေဠိများ များစွာရှိခဲ့သည်။
ဤပဟေဠိများကို ဖြေရှင်းရမည်ဟု သူခံစားမိ၏။
ဤအတွက် တစ်ခုတည်းသော နည်းလမ်းမှာလည်း တိုင်းတစ်ပါးသို့သွား၍ အမှန်တရားကိုရှာဖွေရန် ဖြစ်နေသည်။
လူအနည်းငယ်သာ ဤကဲ့သို့သောအမှုမျိုးကို ပြုလုပ်ဝံ့ပေသည်။
နောက်ဆုံးတွင်၊ တိုင်းတစ်ပါးက အန္တရာယ်များလွန်းပြီး အင်မော်တယ်နယ်မြေကြီးမှ အရှိန်အဝါကိုလည်း ဖုံးကွယ်ထားရန် ခက်ခဲသည်။
ယင်းက အလွန်အန္တရာယ်များသည်ဟု ဆိုနိုင်ပေသည်။
"ဒါဆို မင်းအစ်ကိုရဲ့အရိပ်ကို ငါ့ဆီမှာတွေ့ရလား"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
ရွယ်ယွဲ့က ဘာမျှပြန်မပြောပေ။ ဤသည်ကပင် အဖြေဖြစ်ကြောင်း ထင်ရှားသည်။
ကျွင်းရှောင်ယောက် လျစ်လျူရှုစွာ ပြောဆိုလိုက်သည်။
"ဒါဆိုရင်တော့ မင်းစိတ်ပျက်ရမှာ ငါကြောက်တယ်။ မင်းရဲ့ဇာတ်လမ်းက ပြောင်းလဲနေနိုင်ပေမယ့် ငါ ကျွင်းရှောင်ယောက်က ဘယ်သူ့အတွက်မှ အစားမထိုးဘူး"
ရှေးသမိုင်းမှ လျှို့ဝှက်ဆန်းကြယ်သော သရဲမျက်မျက်နှာနှင့် အမျိုးသမီးဖြစ်စေ...
သူ့ရှေ့မှ ရွယ်ယွဲ့ပင် ဖြစ်ပါစေ...
သူတို့အားလုံးက ကျွင်းရှောင်ယောက်ကို တစ်စုံတစ်ယောက်၏ အစားထိုးမှုဟု မှတ်ယူကြသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က ကျွင်းရှောင်ယောက်ဖြစ်ပြီး မည်သူမှမဟုတ်ပေ။
"ငါသိပါတယ်"
ရွယ်ယွဲ့ ပြောလိုက်သည်။
သူမအပေါ် ကျွင်းရှောင်ယောက်၏ သဘောထား ပြောင်းလဲလာမည်ဟု သူမလည်း အမှန်တကယ် မမျှော်လင့်ခဲ့ပေ။
"အခု နင် ရှန်းရွှီကမ္ဘာကနေ ထွက်သွားဖို့ ရွေးချယ်နိုင်တယ်"
ရွယ်ယွဲ့ ပြောလိုက်သည်။
ယခုကဲ့သို့ ဝန်ခံခြင်းက ပိအန်းအဖွဲ့အစည်းနှင့် တိုင်းတစ်ပါးကို သစ္စာဖောက်ခြင်းနှင့် မခြားပေ။
သို့သော်လည်း ရွယ်ယွဲ့၏ နှလုံးသားထဲမှာ ရုန်းကန်နေရသည်။ ကျွင်းရှောင်ယောက်ကို နောက်တစ်ကြိမ် နာကျင်စေရန် သူမအတွက် အလွန်ခက်ခဲ၏။
ယင်းက သူမ၏"အစ်ကို" ကို ဒုတိယအကြိမ် သတ်လိုက်တာနှင့် အတူတူဘဲ ဖြစ်မလား။
"ဒါအတွက် မင်း စိတ်ပူစရာမလိုပါဘူး။ အခုလို သတင်းပေးတဲ့အတွက် မင်းကို တစ်ကြိမ်လွှတ်ပေးလိုက်မယ်"
"ဒါပေမဲ့... နောက်တစ်ခါ ပြန်ဆုံရင်တော့ မင်းနဲ့ငါ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ရလိမ့်မယ်"
ကျွင်းရှောင်ယောက်၏ လေသံက အေးစက်နေပြီး သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့သည်။
"ဘာကြောင့်လဲ..."
ရွယ်ယွဲ့ သေမင်းတံစဉ်ကောက်ကို တင်းတင်းကြကြပ် ဆုပ်ကိုင်လိုက်မိသည်။
"အစ်မစန်းယီကို နာကျင်စေတဲ့အတွက်၊ မင်း သူ့ရဲ့ တာအိုသန္ဓေကို ဖမ်းဆုပ်ဖို့ ကြိုးစားပြီး သေလုနီးပါး ဖြစ်စေခဲ့တယ်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလွန်အေးစက်နေဆဲပင်။
သူသာ အချိန်မီမရောက်ပါက၊ ထိုစဉ်က သင်္ချိုင်းဧကရာဇ်ကြယ်မှာ...
ရွယ်ယွဲ့က ကျန်းစန်းယီကို ကတယ်သတ်ပြီး သန္တောစွမ်းအင် တာအိုသန္ဓေအား သန့်စင်သွားမှာ ကြောက်ရသည်။
ရွယ်ယွဲ့၏ ကံကြမ္မာက အလွန်ဝမ်းနည်းဖွယ်ကောင်းသော်လည်း...
ထိုအကြောင်းကြောင့် သူမကို အလွတ်ပေးမည် မဟုတ်ပေ။
'အဲဒီမိန်းမပဲ ဖြစ်ပြန်ပြီ...'
ရွယ်ယွဲ့ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ လက်သည်းများက လက်ဖဝါးကို ထိုးဖောက်သွားသဖြင့် သွေးများပင် စိမ့်ထွက်လာခဲ့၏။
အကြောင်းတစ်ခုခုကြောင့် သူမ အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။
သူ့နှလုံးသားထဲမှ အဖိုးတန်ဆုံးအရာကို တခြားမိန်းမတစ်ယောက်က လုယူသွားသကဲ့သို့ပင်။
"သွားပါ၊ နောက်တစ်ခါဆိုရင် ငါမင်းကို လွှတ်ပေးတော့မှာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက် ခေါင်းကိုအနည်းငယ်ခါယမ်းကာ လှည့်ထွက်သွားသည်။
ကျွင်းရှောင်ယောက်၏ နောက်ကျောကိုလှမ်းကြည့်ရင်း ရွယ်ယွဲ့ နှုတ်ခမ်းကို ကိုက်လိုက်၏။
ရုတ်တရက်၊ သူမ၏ပါးပြင်များ စိုစွတ်လာသလို ခံစားလိုက်မိသည်။
သူ ငိုနေတာလား။
ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။
သူမ ငိုကြွေးရန်ပင် မေ့သွားပြီဟု ထင်ခဲ့သည်။
သို့ရာတွင် သူမ၏ သေဆုံးပြီးသား နှလုံးသားက အဘယ်ကြောင့် အသက်ဝင်ပြီး ခုန်လာရသနည်း။
.............
ရွယ်ယွဲ့၏ အဖြစ်အပျက်မှာ ကြားဖြတ်ပိုင်းတစ်ခုမျှသာ ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ ပန်းတိုင်ကို ဘယ်သူကမှ ယိမ်းယိုင်စေနိုင်မည် မဟုတ်ပေ။
ကျွင်းရှောင်ယောက်က အဇူရာဧကရာဇ်ကြယ်ဆီသို့ ဦးတည်သွားနေသကဲ့သို့ပင်...
အခြားကြယ်တစ်ပွင့်မှာ...
တိုင်းတပါးသား အများအပြား ဤနေရာတွင် စုဝေးနေကြသည်။
ထိုအထဲတွင် တိုင်းတပါး တော်ဝင်မိသားစုက အဖွဲ့များ ဒါဇင်နှင့်ချီကာ ရှိသည်။
ထို့အပြင်၊ သြဇာအာဏာအရှိဆုံး ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စု အများအပြားလည်း ရှိသေးသည်။
လေဟာပြင်က တွန့်လိပ်သွားကာ ရေလှိုင်းလက်ရှည်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး ရုတ်တရက် ပေါ်လာခဲ့သည်။
တုရှန်ရှောင်ရှောင်း ဖြစ်၏။
တစ်ဖက်မှာလည်း ပုံရိပ်နှစ်ခု ပေါ်လာသည်။
တစ်ဦးက သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့နောက်ကျောမှာလည်း သွေးရောင် ဖီးနစ်တောင်ပံတစ်စုံ ရှိ၏။
အခြားသူတစ်ဦးက ဦးခေါင်းပေါ်တွင် နက်မှောင်သော နဂါးဦးချိုများရှိပြီး ထူးထူးဆန်းဆန်း မျက်လုံးကိုးလုံးရှိသော လူငယ်တစ်ဦး ဖြစ်သည်။
"ကြွေလွင့်ဖီးနစ် နတ်ဆိုးမျိုးနွယ်က ဟွမ်နျဲ့ထျန်းနဲ့ မိစ္ဆာနဂါးမျိုးနွယ်က မျက်လုံးကိုးလုံး မိစ္ဆာနဂါး"
ထိုလူနှစ်ယောက်ကို ကြည့်ပြီး တုရှန်ရှောင်ရှောင်း အနည်းငယ် အံ့သြသွားသည် ။
ကြွေလွင့်ဖီးနစ်နတ်ဆိုး မျိုးနွယ်နှင့် မိစ္ဆာနဂါးမျိုးနွယ် နှစ်ခုစလုံးက တိုင်းတစ်ပါးတွင် ကျော်ကြားသော ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စုများ ဖြစ်သည်။
ထိုဧကရာဇ်တစ်ပိုင်း မျိုးနွယ်များမှ ဤပါရမီရှင်နှစ်ဦးက အလွန်အစွမ်းထက်ပြီး အင်မော်တယ်ဧကရာဇ်မျိုးနွယ်၏ ပါရမီရှင်များထက် များစွာ အားမနည်းပေ။
"တုရှန်တော်ဝင်မျိုးနွယ်ရဲ့ မြင့်မြတ်တဲ့ တတိယမြောက် မင်းသမီးလေး ပေါ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"
တုရှန်ရှောင်ရှောင်းကိုမြင်တော့ ဟွမ်နျဲ့ထျန်း၏ မျက်လုံးများက အရောင်လက်သွားသည်။
"ဒီတစ်ခေါက် အင်မော်တယ်နယ်မြေကြီးကနေ အရူးတစ်ယောက် ပေါ်လာခဲ့တယ်။ သူက ငါတို့ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်ဖြစ်တဲ့ ချီရှောင်းမျိုးနွယ်က ချီလင်ခုန်းကို သတ်လိုက်တယ်တဲ့။ အဲဒီလူကို ငါတွေ့ချင်တယ်"
မျက်လုံးကိုးလုံး မိစ္ဆာနဂါးက အေးစက်စက် ပြောလိုက်သည်။
တိုင်းတစ်ပါးမှ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်စု၏ ပါရမီရှင် အသတ်ခံရသည်မှာ အရှက်ရစရာဖြစ်ပြီး ဆေးကြောပစ်ရန် လိုအပ်သည်။
"စိတ်မပူပါနဲ့၊ အချိန်တန်ရင် အခွင့်အလမ်းရှိလာမှာပါ"
တုရှန်ရှောင်ရှောင်း ပြောလိုက်သည်။ သို့သော်လည်း သူ့မျက်လုံးများက အရောင်လက်သွား၏။
သူမတွင် ကိုယ်ပိုင်အစီအစဉ် ရှိသည်။
ဤအခိုက်တွင် အဝေးမှ အားကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြန်သည်။
"အိုး၊ နောက်ထပ် အင်မော်တယ်ဧကရာဇ်မျိုးနွယ်က ရောက်လာနေပြီလား"
တုရှန်ရှောင်ရှောင်း အံ့သြသွားလေသည်။