အခန်း ၈၆၉
Vol. 58 Ch. 869
အခန်း ( ၈၆၉ ) တိုင်းတပါးမှ မျိုးဆက်သစ် ဘုရင်ငယ်ဆယ်ပါး၊ ဖူမော့မျိုးနွယ်မှ ဖူယောင်။
မူလက ရှန်းရွှီကမ္ဘာသို့ ဤခရီးစဉ်တွင်၊ သူမက အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ တစ်ဦးတည်းသောသူဖြစ်မည်ဟု သူထင်ခဲ့သည်။
အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ အခြားပါရမီရှင်များ ထပ်မံ ရောက်ရှိလာဦးမည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့ပေ။
တုရှန်ရှောင်ရှောင်းက လှပသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
လူတစ်စု ရောက်လာကြ၏။
ခေါင်းဆောင်လာသူများ "နှင်းပွင့်များ" ဝိုင်းရံထားသော လူငယ်တစ်ဦး ဖြစ်သည်။
မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ပုံရိပ်ကိုလည်း သူ့နောက်ကွယ်တွင် ယောင်ဝါးဝါးမြင်နေရ၏။
သူ့ဘေးမှာတော့ အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်တချို့ ရှိပေသည်။
၎င်းတို့တွင် အားအနည်းဆုံးက တားမြစ်ပါရမီရှင် ဖြစ်သည်။
သူ့ဘေးတွင် တားမြစ်ပါရမီရှင်များပင် ရှိသေးသည်။
သို့သော်လည်း ယခုအချိန်တွင်၊ အင်မော်တယ်နယ်မြေကြီးမှ ထိုပါရမီရှင်အားလုံး ၎င်းတို့၏စိတ်များ ပျောက်ဆုံးသွားပုံရသည်။ ကြိုးတပ်ရုပ်သေးများကဲ့သို့ ဤလူငယ်၏ ခြယ်လှယ်ခြင်းကို ခံနေကြရပြီ။
"ဖူယောင်၊ နင် တကယ်ပေါ်လာခဲ့တာပဲ"
တုရှန်ရှောင်ရှောင်း အံ့အားသင့်သွားသည်။
တစ်ဖက်တွင် ဟွမ်နျဲ့ထျန်းနှင့် မျက်လုံးကိုးလုံး မိစ္ဆာနဂါးတို့မှာလည်း အံ့အားသင့်မှုတို့ ပေါ်လာခဲ့၏။
ဖူယောင် အမည်ရှိသော ဤလူတွင် ထူးခြားသော မူလဇစ်မြစ်ရှိသည်။
သူသည် တိုင်းတစ်ပါးမှ အင်မော်တယ်ဧကရာဇ်မျိုးနွယ်၊ ဖူမော့မျိုးနွယ်၏ ဘုရင်ငယ် ဖြစ်၏။
ဖူမော့မျိုးနွယ်က ထူးခြားဆန်းပြားသော အပင်မျိုးရိုးဖြစ်ပြီး ၎င်း၏အဓိကခန္ဓာမှာ ဖူနတ်ဆိုးသစ်ပင် ဖြစ်သည်။
ယင်းက ဤလူ၏နောက်ကွယ်တွင် မထင်မရှားပေါ်နေသော ရှေးဟောင်းသစ်ပင်ကြီးလည်း ဖြစ်ချေသည်။
ဖူမော့မျိုးနွယ်က အလွန်အစွမ်းထက်သည်။
ဖူမော့ဘုရင်က တိုင်းတပါးတွင် အကျော်ကြားဆုံးနှင့် အစွမ်းထက်ဆုံး အင်မော်တယ်ဘုရင်များထဲမှ တစ်ပါး ဖြစ်၏။
သူဟာ အသစ်တက်လာသော ချီရှောင်းဘုရင်ထက် ဝါစဥ်ကြီးသည်။
ဤမျိုးနွယ်စုက အစွမ်းထက်သလို သူတို့၏ နည်းလမ်းများကလည်း ထူးဆန်းပေသည်။
ဖူယောင်၏ ပတ်လည်တွင် လွင့်မျောနေသော "နှင်းပွင့်များ"က တကယ်တော့ ဖူမော့နတ်ဆိုးမျိုးစေ့များ ဖြစ်သည်။
ဤမျိုးစေ့များက ကပ်ပါးကောင်များကဲ့သို့ တစ်ဖက်လူ၏ဦးနှောက်ကို ခိုဝင်ကာ ရုပ်သေးတစ်ရုပ်ကဲ့သို့ ထိန်းချုပ်နိုင်ပေသည်။
၎င်းသည် သူ့ထက် သန်မာသော ကျွမ်းကျင်သူများကိုပင် တွယ်ကပ်စေနိုင်သည်။
ဤနည်းလမ်းက ကောင်းကင်ကိုပင် အံတုနေပေသည်။
ယခုလည်း ဖူယောင်၏နောက်တွင် ဖူမော့နတ်ဆိုးမျိုးစေ့မှ ကပ်ပါးကောင်များ ထိန်းချုပ်ခံထားရသည့် အဓိပဓိတစ်ပိုင်း အရှိန်အဝါများနှင့် အင်မော်တယ်နယ်မြေကြီး၏ စစ်သူရဲတစ်ဦး ရှိသည်။
"အိုး၊ ဒီမှာ တော်တော်အသက်ဝင်တာပဲ"
ဖူယောင်ဟုခေါ်သောလူက တည်ငြိမ်စွာ ပြုံးလိုက်သည်။
ယင်းက မြင့်မားသောခွန်အားမှ သယ်ဆောင်လာသော ယုံကြည်မှု ဖြစ်၏။
ဟွမ်နျဲ့ထျန်းနှင့် မျက်လုံးကိုးလုံး မိစ္ဆာနဂါးတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် လေးစားမှု အရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
အခြားကြောင့်တော့ မဟုတ်ပေ။ ဖူယောင်က ကောင်းကင်ဘုရင်ဆယ်ပါးထဲမှ တစ်ပါးဖြစ်သောကြောင့် ဖြစ်သည်။
ကောင်းကင်ဘုရင်ဆယ်ပါးက တိုင်းတစ်ပါးမှ မျိုးဆက်သစ်လူငယ်များကြားတွင် တန်ခိုးအကြီးဆုံး ပါရမီရှင်ဆယ်ဦး ဖြစ်၏။
သူတို့၏ ဂုဏ်သိက္ခာနှင့် အရည်အချင်းက အလွန်မြင့်မားသည်။
ဖူယောင်က ကောင်းကင်ဘုရင် ဆယ်ပါးတွင် အောက်ခြေ၌သာ ရှိနေသော်လည်း...
အလွန်အားကောင်းသည်။ အနည်းဆုံးတော့ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်မှ ဤပါရမီရှင်များထက် များစွာ အားကောင်းသေးသည်။
ထို့အပြင် သူ၏ ကျင့်ကြံခြင်းက အဓိပဓိတစ်ပိုင်းအဆင့်ကို ရောက်နေပြီ ဖြစ်သည်။
ဖူယောင်၏အသက်က တစ်ထောင်ကျော်ပြီဖြစ်သော်လည်း...
ဖူမော့မျိုးနွယ်အတွက်တော့ ဤအသက်အရွယ်မှာ အမှန်တကယ် ငယ်ရွယ်ပြီး လူငယ်တစ်ဦးဟု မှတ်ယူနိုင်သေးသည်။
သာမန် ကျင့်ကြံသူများအတွက်ပင် နှစ်ပေါင်းတစ်ထောင်က အမှန်တကယ် အသက်မကြီးသေးပါ။
အဓိပဓိတစ်ပိုင်းဖြစ်လာရန် နှစ်ထောင်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြရသူများနှင့် နှိုင်းယှဉ်လျှင် ဖူယောင်၏ အရည်အချင်းက အပြစ်ဆိုစရာမဟုတ်ပေ။
ဟုတ်သည်၊ အသက်နှစ်ဆယ်စွန်းစွန်းသာရှိသေးသော ကျွင်းရှောင်ယောက်နှင့်တော့ နှိုင်းယှဥ်မရပါ။
"ရှန်းရွှီကမ္ဘာလေးက နင့်ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ နင် နယ်စပ်စစ်မြေပြင်ကိုပဲ သွားမယ်လို့ ငါထင်ခဲ့တာ"
တုရှန်ရှောင်ရှောင်း ပြောလိုက်သည်။
"ဒါက ရှန်းရွှီကမ္ဘာသက်သက်ဖြစ်ရင်တော့ သဘာဝအတိုင်း ငါ လာဖို့ စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ကမ္ဘာသစ်ပင်ကို ထည့်လိုက်ရင်တော့ မတူတော့ဘူး"
ဖူယောင် အနည်းငယ် ပြုံးလိုက်၏။
တုရှန်တတိယမင်းသမီးအပေါ်မှာတော့ သူ၏ သဘောထားက အလွန်သိမ်မွေ့လေသည်။
"အိုး၊ ကမ္ဘာ့သစ်ပင်က အမြဲတမ်း အလုံပိတ်ထားတဲ့ အခြေအနေမှာ မဟုတ်ဘူးလား"
တုရှန်ရှောင်ရှောင်းက အနည်းငယ် မျက်ခုံးပင့်လိုက်သည်။
"ဒုစရိုက်ခုနစ်ပါးသာ တံဆိပ်ကို အောင်အောင်မြင်မြင် ချိုးဖျက်နိုင်ရင် ကမ္ဘာ့သစ်ပင်ရဲ့ တံဆိပ်ကိုဖွင့်ပြီး ငါ့အတွက် အခွင့်အလမ်း ဖြစ်လာလိမ့်မယ်”
ဖူယောင်က ပြော၏။
သူ့မျက်လုံးထဲမှာတော့ အရယူရန် ရည်မှန်းထားသော စိတ်ပိုင်းဖြတ်မှု အလင်းရောင်တစ်ခု ရှိနေတော့သည်။
အပင်အမျိုးအစား မိသားစု၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့်...
ဖူယောင်အပေါ် ကမ္ဘာ့သစ်ပင်၏ ဆွဲဆောင်မှုက ကြီးမားလွန်းလှသည်။
ကမ္ဘာ့သစ်ပင်ကို ရနိုင်သရွေ့ ဖူယောင်သည် အနာဂတ်တွင် ဖူမော့ဘုရင်ကဲ့သို့ တန်ခိုးကြီးမားသည့် အင်မော်တယ်ဘုရင်အဖြစ် ကြီးပြင်းလာမည်ဟု ယုံကြည်မှုရှိသည်။
"ဒါ့အပြင် အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က နည်းနည်း ရူးသွပ်တယ်လို့ ကြားတယ်။ သူဘယ်လိုလဲဆိုတာ ငါသိချင်မိတယ်"
ဖူယောင်က အထင်မြင်သေးဟန်ဖြင့် ပြုံးလိုက်သည်။
ထိုစကားကိုကြားတော့ တုရှန်ရှောင်ရှောင်း မသိမသာ မျက်မှောင်ကြုတ်လိုက်၏။
သူမက ကျွင်းရှောင်ယောက်နှင့် ပတ်သက်ပြီး အတွေးများ ရှိနေသေးသည်။
"ကောင်းပြီလေ၊ ဒုစရိုက်အတွေးတွေ တံဆိပ်ကို ချိုးဖျက်မှာကိုစောင့်ရင်း အဇူရာဧကရာဇ်ကြယ်ကို ငါတို့ တခါတည်းသွားကြရအောင်"
ဖူယောင် ပြောလိုက်သည်။
တိုင်းတပါးမှ ဤအဖွဲ့တွင် အင်မော်တယ်ဧကရာဇ်မျိုးနွယ်မှ ပါရမီရှင်နှစ်ဦးဖြစ်သည့် ဖူယောင်နှင့် တုရှန်ရှောင်ရှောင်းတို့ ရှိသည်။
ဟွမ်နျဲ့ထျန်းနှင့် မျက်လုံးကိုးလုံး မိစ္ဆာနဂါးကဲ့သို့ ဧကရာဇ်တစ်ပိုင်းမျိုးနွယ်မှ ပါရမီရှင်များလည်း ရှိ၏။
ထို့အပြင် တော်ဝင်မျိုးနွယ်မှ ပါရမီရှင်များစွာ ရှိသေးသည်။
ဤနောက်ဆုံးတိုက်ပွဲက မည်မျှပြင်းထန်မည်ကို တွေးကြည့်နိုင်သည်။
အချိန်ကြာလာသည်နှင့်အမျှ၊ အင်မော်တယ်နယ်မြေကြီးဘက်ရှိ အခြေအနေင ပို၍ ပို၍ အန္တရာယ်များလာတော့သည်။
.............
"ဝုန်း..."
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။
ကြယ်တစ်ပွင့်တွင် အခြား ဒုစရိုက်အတွေးတစ်ခုက တံဆိပ်ကို ချိုးဖျက်လိုက်သည်။
အပြာရောင်ကြာပန်းတစ်ပွင့် ပွင့်လာပြီး ဒုစရိုက်အတွေးလည်း ပေါ်လာခဲ့၏။
လောဘကို ကိုယ်စားပြုသော ငှက်မွေးပြာ ကြာပန်း ဖြစ်သည်။
"ဟင်း၊ ငါတို့ မတားနိုင်တော့ဘူး။ နောက်ဆုတ်ကြရအောင်"
အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမောသော ငွေရောင်ဆံပင်ပိုင်ရှင် အမျိုးသားက ခေါင်းကို အနည်းငယ်ခါယမ်းကာ သက်ပြင်းလိုက်သည်။
ယွီဟွာဝမ် ဖြစ်ချေသည်။
"ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ရှန်းရွှီကမ္ဘာကြီး တကယ်ပျက်စီးသွားတော့မယ်"
တစ်ဖက်တွင်၊ ယွီယွင်ရှန့်၏ လှပသော မျက်နှာလေးက စိုးရိမ်မှုတို့ ပေါ်လာသည်။
ရှန်းရွှီကမ္ဘာသို့ ရောက်ရှိလာသော အခါမှသာ ရက်စက်မှု၏ အဓိပ္ပါယ်ကို အမှန်တကယ် နားလည်ခဲ့ရသည်။
ဤသွေးထွက်သံယို တိုက်ပွဲမျိုးနှင့် နှိုင်းစာလျှင်...
မူလက ရက်စက်ကြမ်းကြုတ်သော အဆုံးစွန်ရှေးဟောင်းလမ်းက ကလေးကစားစရာကဲ့သို့ ခံစားခဲ့ရလေသည်။
"ကောင်းကင်ကြီးပြိုကျရင်တောင် အရပ်မြင့်တဲ့ လူက ထမ်းထားပါလိမ့်မယ်။ ဒါက ငါတို့ရဲ့စွမ်းအားနဲ့ ပြောင်းလဲနိုင်တာ မဟုတ်ဘူး"
ယွီဟွာဝမ် ပြောလိုက်သည်။
ထိုစကားကိုကြားတော့ အကြောင်းတစ်ခုခုကြောင့် အဖြူရောင် ဝတ်စုံဝတ် ရုပ်သွင်တစ်ခုက သူမ၏စိတ်ထဲတွင် ပေါ်လာလေသည်။
"မဟုတ်ဘူး၊ ကမ္ဘာကြီးကို သူ့ဘာသာသူ ပြောင်းလဲနိုင်တဲ့သူတစ်ယောက်တော့ ရှိနေတုန်းပဲ"
ယွီယွင်ရှန့်က အခိုင်အမာ ပြောလိုက်သည်။
"မင်းပြောတာ ညီနောင်ကျွင်းလား"
ယွီဟွာဝမ်၏ မျက်လုံးများက အရောင်လက်သွားသည်။
"အမှန်ပါပဲ၊ အစ်ကိုမကြားဘူးလား။ ကျွင်းသခင်လေးက တိုင်းတစ်ပါးရဲ့ တော်ဝင်မျိုးနွယ် ပါရမီရှင် ဆယ်ယောက်ကို သတ်ခဲ့ပြီး ဧကရာဇ်တစ်ပိုင်းမျိုးနွယ်က ပါရမီရှင်တစ်ဦးကိုတောင် သတ်ပစ်ခဲ့ပြီးပြီ"
ထိုအကြောင်းကို ပြောမိတော့ ယွီယွင်ရှန့်၏ လှပသောမျက်လုံးများက ဝင်းလက်လာလေသည်။
သူမသည် ဧကရာဇ်သင်္ချိုင်းကြယ်တွင် ရှိစဉ်ကတည်းက ကျွင်းရှောင်ယောက်အပေါ် တိမ်းညွှတ်နေပြီ ဖြစ်သည်။
ထို့ကြောင့် ဤသတင်းများကိုကြားတော့ စိတ်ထဲမှာ ကြည်နူးမိလေသည်။
ယွီယွင်ရှန့်၏ အမူအရာကိုကြည့်ရင်း ယွီဟွာဝမ် တိတ်ဆိတ်သွားသည်။
"မျှော်လင့်ပါတယ်..."
..............
လဝက်နီးပါး ကြာသွားပြီ။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က အဇူရာဧကရာဇ်ကြယ်သို့ ချဉ်းကပ်ခဲ့သည်။
အဝေးမှ ကျွင်းရှောင်ယောက်လည်း လေထုထဲ စိမ့်ဝင်နေသော ကမ္ဘာစွမ်းအားကို ခံစားလိုက်ရ၏။
ထိုကဲ့သို့သော ကမ္ဘာ့စွမ်းအားက အလွန်သန့်စင်သောကြောင့် ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာကိုပင် ရွေ့လျားသွားသလို ခံစားရစေခဲ့သည်။
ယခု၊ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာတွင် ဖန်ဆင်းခြင်း ကျောက်စိမ်းပြား၊ အသက်စမ်းရေ၊ အင်မော်တယ်အရင်းအမြစ် ဘိုးဘေးသွေးကြော အစရှိသည့် ရတနာများ ရှိနေပြီ ဖြစ်သည်။
အကယ်၍ ကမ္ဘာ့သစ်ပင်ကိုပါ ပေါင်းထည့်လိုက်လျှင် ကျွင်းရှောင်ယောက်၏ အစွမ်းသတ္တိက အရည်အသွေးအရ ပြောင်းလဲသွားလိမ့်မည်။
နယ်ပယ်ခုနစ်ခု အဓိပဓိအဆင့်သို့ပင် လျှောက်လှမ်းနိုင်လောက်သည်။
ခဏအကြာတွင် အဇူရာဧကရာဇ်ကြယ်က နောက်ဆုံး သူ့ရှေ့မှာ ပေါ်လာခဲ့သည်။
ယင်းမှာ စိမ်းလန်းစိုပြေပြီး တက်ကြွမှုအပြည့်ရှိသော ဂြိုလ်ကြီးတစ်ခု ဖြစ်၏။
ဂြိုလ်၏မျက်နှာပြင်ပေါ်မှာတော့ လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးသော ကမ္ပည်းအမျိုးမျိုးကို ကမ္ဘာ့လေထုနှင့်ဆင်တူသော ချိတ်ပိတ်အတားအဆီးတစ်ခုအဖြစ် ယောင်ဝါးဝါး မြင်နေရသည်။
ယခုအထိတော့ ဂြိုဟ်တစ်ခုလုံးကို အထဲမှာ တံဆိပ်ခတ်ထားပေသည်။
'ကမ္ဘာ့သစ်ပင်က ဒီကမ္ဘာထဲမှာ ရှိသင့်တယ်'
ကျွင်းရှောင်ယောက် သူ့ကိုယ်သူ တွေးလိုက်မိသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ အကြည့်ကတော့ အဇူရာဧကရာဇ်ကြယ် တစ်နေရာကို ကျရောက်သွား၏။
ကြာပန်းလေးပွင့်ကို လေထဲတွင် ဆိုင်းငံ့ထားသည်။
တပ်မက်ခြင်းကို ကိုယ်စားပြုသော ရွှင်လန်းခြင်း ပန်းနုရောင်ကြာပန်း။
မနာလိုခြင်းကို ကိုယ်စားပြုသည့် ခရမ်းရောင်ကြာပန်း။
လောဘကို ကိုယ်စားပြုသည့် ငှက်မွေးပြာ ကြာပန်း။
ပျင်းရိခြင်းကို ကိုယ်စားပြုသော ကြာဖြူပန်း။
ဒုစရိုက်အတွေး ခုနစ်ခုတွင် လေးခုကတော့ အဇူရာဧကရာဇ်ကြယ်သို့ ရောက်နေပြီ ဖြစ်သည်။
သို့သော်လည်း သူတို့က မလှုပ်ရှားကြသလို ကျွင်းရှောင်ယောက် ရောက်ရှိလာခြင်းကိုလည်း ဂရုပြုမိဟန်မတူပေ။
သို့ရာတွင် သူတို့ ဘာလုပ်နေကြမှန်း ကျွင်းရှောင်ယောက် သိသည်။
သူတို့ စောင့်ဆိုင်းနေကြခြင်း ဖြစ်ချေသည်။