အခန်း ၈၇၂
Vol. 59 Ch. 872
အခန်း ( ၈၇၂ ) အဆုံးစွန် ပဋိပက္ခ၊ ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စု၏ ပါရမီရှင်ကို ချေမှုန်းသည်၊ ကူတိကျစ် လှုပ်ရှားခြင်း။
ကမ္ဘာ့သစ်ပင်က မိုးနှင့်မြေကြားတွင် အဖိုးတန်ဆုံးရတနာ ဖြစ်သည်။
၎င်း၏ရှားပါးမှုက ဧကရာဇ်လက်နက်ထက်ပင် မြင့်မား၏။
အင်မော်တယ် ရတနာနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။
ဤအရာက ဧကရာဇ်များပင် လိုချင်တောင့်တရမည့် ရတနာ ဖြစ်သည်။၎င်းက အတွင်းစကြဝဠာကို ပုံဖော်ရာတွင် ကြီးမားသော အကူအညီဖြစ်ပြီး အလွန် တန်ဖိုးကြီးပေသည်။
ယခုဆိုလျှင် ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာမှာ အသက်စမ်းရေ၊ အင်မော်တယ် အရင်းအမြစ် ဘိုးဘေးသွေးကြောကဲ့သို့ ရှားပါးပြီး ဆန်းကျယ်သော အရာများ ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ခြုံငုံကြည့်ရလျှင်တော့ ကမ္ဘာ့သစ်ပင်လောက် အဖိုးမတန်သေးပေ။
ဤအချိန်တွင် ကျွင်းရှောင်ယောက် ခံစားလိုက်ရသည်။
အတွင်းစကြာဝဠာအတွင်းရှိ အသက်စမ်းရေတွင်းမှ ကြာမျိုးစေ့က တဖြည်းဖြည်း တုန်လှုပ်လာသည်။
မကြာခင် အက်ကွဲလာပုံရ၏။
"ဟားဟားဟား... ဒါက ကမ္ဘာ့သစ်ပင်လား။ ဒါက ကမ္ဘာနှစ်ခုလုံးမှာ ရှာရခက်တဲ့ ကောင်းကင်နဲ့မြေပြင်ရဲ့ ရတနာပဲ"
အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက် လှည့်ကြည့်လိုက်တော့ တိုင်းတပါးမှ ပါရမီရှင်အုပ်စုကို တွေ့လိုက်ရ၏။
စကားပြောလာသူမှာ ဖူယောင် ဖြစ်သည်။
တုရှန်ရှောင်ရှောင်း၊ ဟွမ်နျဲ့ထျန်းနှင့် မျက်လုံးကိုးလုံး မိစ္ဆာနဂါးတို့လည်း ဤနေရာတွင် ရှိနေကြပေသည်။
ထို့အပြင် တော်ဝင် ပါရမီရှင်များစွာလည်း ရှိသည်။
"ဟမ့်၊ ဘာပဲဖြစ်ဖြစ် ဒီလူသေရလိမ့်မယ်"
မျက်လုံးကိုးလုံး မိစ္ဆာနဂါးက အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
အမှောင်နဂါးစွမ်းအင် ပေါက်ကွဲထွက်လာပြီး ကမ္ဘာကြီးကို လွှမ်းခြုံသွား၏။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သွားသည်။
မိစ္ဆာနဂါးမျိုးနွယ်က တိုင်းတစ်ပါးတွင် အလွန်သြဇာကြီးသော ဧကရာဇ်တစ်ပိုင်း မျိုးနွယ်စု ဖြစ်သည်။
အမာရွတ်လေးခုသခင်ကြီး၏ မျက်နှာမှ အမာရွတ်ကိုလည်း မိစ္ဆာနဂါးမျိုးနွယ်၏ ကျွမ်းကျင်သူက ချန်ရစ်ခဲ့ခြင်း ဖြစ်ချေသည်။
"ကျွင်းရှောင်ယောက်၊ လာ... လာသေစမ်း"
မျက်လုံးကိုးလုံး မိစ္ဆာနဂါးက ပါးစပ်ကိုဟကာ ဟိန်းဟောက်လိုက်သည်။ အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် နဂါးသေးသေးလေးအသွင် ပြောင်းလဲသွား၏။
အနက်ရောင်နဂါးလေးက ချက်ချင်းဆိုသလို ငရဲမီးတောက်များဖြင့် လောင်ကျွမ်းနေသော နဂါးနက်ဓားအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
နဂါးနက်ဓားက ကျွင်းရှောင်ယောက်၏ ဦးခေါင်းကို ချိန်ရွယ်ခုတ်ပိုင်းချလိုက်သည်။
ကြောက်စရာကောင်းသော ဓားအလင်းက သူ့လမ်းကြောင်းမှ အရာအားလုံးကို ဖျက်ဆီးတော့မလို ထွက်ပေါ်လာ၏။
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က သူ့လက်တစ်ဖက်ကိုဆန့်ပြီး လက်ဗလာနှင့် နဂါးနက်ဓားကို ခုခံလိုက်တော့သည်။
အသံတစ်ချက်နှင့် မီးပွားများ ထွက်ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်၏လက်ထဲတွင် အဖြူနှင့်အမည်း အလင်းများက သေခြင်းရှင်ခြင်း အငွေ့အသက်များဖြင့် စီးဆင်းလာ၏။
ကောင်းကင်အားလုံး၏ သေခြင်းရှင်ခြင်းဘီး။
"ဝုန်း"
တစ်ချက် ထိုးနှက်လိုက်ရုံဖြင့် မျက်လုံးကိုးလုံး မိစ္ဆာနဂါးမှာ သူ့ခန္ဓာကိုယ် အပိုင်းပိုင်း ကွဲသွားသလို ခံစားလိုက်ရသည်။
နဂါးနက်ဓားက အပိုင်းပိုင်းကျိုးသွား၏။
"ဖောင်း"
မျက်လုံး ကိုးလုံး မိစ္ဆာနဂါး၏ ခန္ဓာကိုယ် တစ်ဝက်ခန့်မှာ သွေးများရွှဲလျက် အပိုင်းပိုင်း ကွဲသွားလေတော့သည်။
"သိပ်ပြီးမမောက်မာနဲ့"
ဟွမ်နျဲ့ထျန်းလည်း နတ်မီးတောက်များနှင့် ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ဤမျိုးနွယ်စုသည် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ ဖီးနစ်မျိုးနွယ်မှ ဆင်းသက်လာသည်ဟူသော ကောလာဟလများ ရှိပေသည်။
၎င်းတို့၏ သဘာဝ သွေးရောင်နတ်မီးတောက်များက သူတို့ကို ပြန်လည်မွေးဖွားစေနိုင်သလို ရန်သူများကိုလည်း လောင်ကျွမ်းပြာချပစ်နိုင်သည်။
သွေးရောင် နတ်မီးတောက်များက မီးလျှံသွေးဖီးနစ်အဖြစ်သို့ ပြောင်းလဲသွား၏။ သွေးဖီးနစ်က တစ်ချက်အော်မြည်ပြီး လျှပ်စီးလက်သလို ကျွင်းရှောင်ယောက်ထံ တိုးဝင်လာတော့သည်။
ကျွင်းရှောင်ယောက်က လက်ညှိုးတစ်ချက်ညွှန်ပြလိုက်သည်။ မိုးကြိုးဧကရာဇ်၏လက်ချောင်းက ရှေးမိုးကြိုးဧကရာဇ်ကိုယ်တိုင် လှုပ်ရှားလိုက်သကဲ့သို့ ထွက်ပေါ်လာ၏။ မိုးကြိုးလက်ချောင်းကြီးက မီးလျှံသွေးဖီးနစ်ကို ချက်ချင်း အမှုန့်ချေလိုက်တော့သည်။
ကျွင်းရှောင်ယောက်က အကြွင်းမဲ့ခွန်ပန်အမြန်နှုန်းဖြင့် ခြေလှမ်းကာ ဟွမ်နျဲ့ထျန်းရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။
ရွှေရောင် သွေးစွမ်းအင်က ကောင်းကင်သို့ ပျံတက်သွားသည်။
"ဝုန်း"
သူက လက်သီးတစ်ချက် ထုတ်ဖော်လိုက်၏။
ဟွမ်နျဲ့ထျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်း ပေါက်ကွဲသွားပြီး ရှေးဦးဝိညာဉ်ပင်လျှင် ပျက်သုဉ်းလုနီး ဖြစ်သွားတော့သည်။
သူ သေတော့မည်။
ဟွမ်နျဲ့ထျန်းက အလန့်တကြားအော်ဟစ်ပြီး တိုင်းတပါးမှ လူများဘက်ကို အသည်းအသန် ဆုတ်ပြေးသွားသည်။ ထို့နောက်တွင် သွေးရောင်မီးတောက်များက ဝုန်းခနဲ ထတောက်သွား၏။ မီးတောက်များကြားမှ သူ့ခန္ဓာကိုယ်က တစ်ဖန် ပြန်လည်ဖြစ်ပေါ်လာတော့သည်။
ဤသည်မှာ ကြွေလွင့်နတ်ဆိုးဖီးနစ်မျိုးနွယ်စု မည်မျှ အစွမ်းထက်ကြောင်း မီးမောင်းထိုးပြသလို ဖြစ်သည်။
သို့သော်လည်း ဟွမ်နျဲ့ထျန်း၏ မျက်နှာက အလွန်ဖြူဖျော့နေပြီး သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အမြွက်ပင် ရှိနေတော့သည်။
သူသည် ဧကရာဇ်တစ်ပိုင်းမျိုးနွယ်မှ ပါရမီရှင်ဖြစ်သော်လည်း ကျွင်းရှောင်ယောက်ရှေ့တွင် အနည်းငယ်မျှ ဖုန်မထနိုင်ပေ။
အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ လက်ရှိမျိုးဆက်မှာ ဘယ်လိုမကောင်းဆိုးရွားမျိုး ပေါ်လာတာလဲ။
ချက်ခြင်းဆိုသလိုပင်၊ တိုင်းတပါးမှ ပါရမီရှင်များစွာ၏ မျက်လုံးအကြည့်များက ဖူယောင်နှင့် တုရှန်ရှောင်ရှောင်းတို့အပေါ် ကျရောက်လာခဲ့သည်။
ဧကရာဇ်မျိုးနွယ်မှ ဤပါရမီရှင်များသာလျှင် ကျွင်းရှောင်ယောက်ကိုတိုက်ခိုက်ရန် အရည်အချင်းပြည့်မီမည်ကို ကြောက်ရလေသည်။
"စိတ်ဝင်စားစရာပဲ၊ ဒါပေမဲ့ ဒီနေ့ ငါကမ္ဘာ့သစ်ပင်ကို ယူရမယ်။ ဒီလိုပဲ မင်းလည်းသေရလိမ့်မယ်"
ဖူယောင်က အေးစက်စက် ပြောလိုက်သည်။
သူကိုယ်တိုင်က မလှုပ်ရှားသေးသော်လည်း သူ့ဘေးနားတွင် လူရိပ်များ ပေါ်လာကြ၏။
၎င်းတို့မှာ ဖူနတ်ဆိုးမျိုးစေ့များဖြင့် သူ ထိန်းချုပ်ထားသော အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များ ဖြစ်သည်။
သူတို့ထဲမှာ အဓိပဓိတစ်ပိုင်းအဆင့် စစ်သူရဲတစ်ဦးပင်လျှင် ရှိသေးသည်။
သူ့ဆီသို့ အပြေးအလွှား ပြေးလာကြသော ထိုလူများကိုမြင်တော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများက ပို၍ပင် အေးစက်လာခဲ့သည်။
ဖူမော့မျိုးနွယ်စုက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
ဖူမော့မျိုးနွယ်မှ ပုဂ္ဂိုလ်ကြီးများက ဖူနတ်ဆိုးမျိုးစေ့ကိုသုံးပြီး အင်မော်တယ်နယ်မြေကြီးမှ ဧကရာဇ်တစ်ပိုင်းများကိုပင် ထိန်းချုပ်နိုင်ပေသည်။
သမိုင်းမှတ်တမ်းများအရ မဟာဧကရာဇ်သည်ပင် တစ်ချိန်က ထိန်းချုပ်ခံခဲ့ရဖူးသည်။
ထိုမှ ဤမျိုးနွယ်စုဟာ မည်မျှအားကောင်းပြီး ကြောက်ရွံ့စရာကောင်းသည်ကို တွေ့မြင်နိုင်သည်။
ဖူမော့မျိုးနွယ်မှ လူတစ်ဦးစီက တပ်မဟာတစ်ခုဟု ဆိုနိုင်ပေသည်။ သူတို့တစ်ဦးစီက ရန်သူများစွာကို ထိန်းချုပ်ထားနိုင်သောကြောင့် အင်မော်တယ်နယ်မြေကြီးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာစေနိုင်သည်။
ကျွင်းရှောင်ယောက်က လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးသိုင်းကို ထုတ်ဖော်လိုက်သည်။ ပြန်လည်ဝင်စားခြင်း ရေဝဲခြောက်ခုက စကြဝဠာတစ်ခုကဲ့သို့ ထွက်ပေါ်လာ၏။
"ဝုန်း"
တန်ခိုးကြီးသော စွမ်းအားက ဟင်းလင်းပြင်ကို ပြိုကျသွားစေခဲ့သည်။
အဓိပဓိတစ်ပိုင်း စစ်သူရဲမှလွဲ၍ ကပ်ပါးကောင်ဖြင့် ထိန်းချုပ်ခံထားရသော ကျန်အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်အားလုံး လက်သီးအောက်တွင် အမှန်တကယ် ကြေမှုန့်သွားပေသည်။
ထိုကြီးစိုးသော ကိုယ်ဟန်အနေအထားက အရပ်ရပ်ကို တုန်လှုပ်စေခဲ့သည်။
ကျွင်းရှောင်ယောက်က ထိန်းချုပ်ခံထားရသော အဓိပဓိတစ်ပိုင်း စစ်သူရဲကို ထပ်မံ တိုက်ခိုက်လိုက်သည်။
ကျွင်းရှောင်ယောက်၏ခန္ဓာက တုန်ခါသွားပြီး ထာဝရအင်မော်တယ်ခန္ဓာနှင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာစွမ်းအားများ ထွက်ပေါ်လာ၏။
"ဝုန်း"
ထိုအဓိပဓိတစ်ပိုင်း စစ်သူရဲလည်း အနောက်ကို ဆုတ်သွားရတော့သည်။
"ဒါက... ကြောက်စရာလွန်းသွားပြီ မဟုတ်ဘူးလား။ သူတော်စင်သခင် နယ်ပယ်နဲ့ အဓိပဓိတစ်ပိုင်းကို တကယ် ဖိနှိပ်နိုင်တာလား"
တိုင်းတပါးမှ အခြားပါရမီရှင်များ တုန်လှုပ်သွားကြသည်။
သူတို့၏ ပျမ်းမျှတိုက်ခိုက်နိုင်စွမ်းက အင်မော်တယ်နယ်မြေကြီးမှ လူများထက် ပိုမြင့်မားမှန်း သူတို့သိပေသည်။
အဆင့်တူတွင် တိုင်းတပါးသားများက အင်မော်တယ်နယ်မြေကြီးမှ လူများထက် သေချာပေါက် အသာစီးရှိသည်။
ယခုတော့ ကျွင်းရှောင်ယောက်ကဲ့သို့ ဘီလူးကြီးကို မြင်နေရပြီ။ ကျွင်းရှောင်ယောက်၏ အင်အားကို သူ့နယ်ပယ်နှင့် တိုင်းတာလို့မရဘဲ မယုံနိုင်လောက်အောင် အားကောင်းသည်။
သူတော်စင်သခင်နှင့် အဓိပဓိတစ်ပိုင်းကြားတွင် ကြီးမားသောကွာဟချက်တစ်ခုရှိသော်လည်း ကျွင်းရှောင်ယောက်က ဖြည့်ဆည်းပေးနိုင်သည်။
"ကံကောင်းထောက်မလို့၊ ငါတို့ သူ့ကို အခုကြိုတွေ့ထားပြီ။ မဟုတ်ဘဲ၊ သူ့ကို နောက်ထပ် နှစ်နည်းနည်းကြာအောင် လေ့ကျင့်ပိုင်ခွင့်ပေးလိုက်ရင်၊ နောက်ထပ် အဖြူရောင်ဝတ် သတ်ဖြတ်ခြင်းနတ်ဘုရား ဖြစ်လာနိုင်တယ်"
ဖူယောင် ပြောလိုက်သည်။
ယနေ့တွင်၊ သူက ကျွင်းရှောင်ယောက်ကိုသတ်ရန် ဆုံးဖြတ်ထားပြီးပြီ။
တစ်ဖက်တွင်မူ၊ တုရှန်ရှောင်ရှောင်းက လှပသော မျက်လုံးများကို မှိတ်ထားပြီး အစီအစဉ်တစ်ခုအကြောင်း တွေးနေသည်။
ကျွင်းရှောင်ယောက်သည် သူမအတွက် အထူးအဓိပ္ပါယ်ရှိသောကြောင့် ဤအတိုင်း မသေစေချင်ပေ။
"ဝုန်း"
ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
ထိုစဉ်၊ စစ်သူရဲကြီး၏ မျက်လုံးများက ရုန်းကန်မှု အရိပ်အမြွက်တို့ပေါ်လာပြီး စကားအနည်းငယ် မြည်တမ်းလိုက်သည်။
"ကျေးဇူးပြုပြီး...ငါ့ကိုသတ်ပါ..."
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ပြန်လည်ဝင်စားခြင်းအင်မော်တယ်စွမ်းအင်က သူ့လက်တွင် ရစ်ပတ်လာပြီးနောက် လမ်းကြောင်းခြောက်သွယ် ဆမ်ဆာရာလက်သီးသိုင်းကို ထပ်မံ ထုတ်ဖော်လိုက်၏။
"ဝုန်း"
စစ်သူရဲကြီး၏ ရှေးဦးဝိညာဉ်ပါ ပေါက်ကွဲသွားတော့သည်။ သူသေခါနီးမှာတော့ သူ့မျက်လုံးများက အမှန်တကယ် စိတ်သက်သာရာရခြင်း၏ အရိပ်အယောင်များ ပေါ်လာခဲ့သည်။
ယင်းကြောင့် ဖူယောင်အပေါ် ကျွင်းရှောင်ယောက်၏ သတ်ဖြတ်ချင်စိတ်က ပို၍ အေးစက်လာတော့သည်။
"ကြည့်ရတာ ကမ္ဘာ့သစ်ပင်ကို မယူခင်မှာ မင်းတို့ ပုရွက်ဆိတ်တွေကို အရင်သတ်ရမဲ့ပုံပဲ"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာ ပြောလိုက်သည်။
တိုက်ပွဲကြီးတစ်ခု စတော့မည်။
"ဝှစ်... ဝှစ်... ဝှစ်"
သို့သော်လည်း ထိုအချိန်တွင် ပုံရိပ်အချို့ ထပ်မံရောက်ရှိလာသည်။
ယင်းက အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များ ဖြစ်၏။
ရှေးဦးအင်ပါယာမြို့တော်တွင် စုရုံးခဲ့ကြသော တားမြစ်ထားပါရမီရှင်အားလုံးနီးပါး ဤနေရာတွင် ရှိနေပြီ။
ကူတိကျစ်၊ လင်ယွမ်၊ ကျိတောက်ရီနှင့် လုံယောက်အာအပြင်၊ ကျွင်းရှောင်ယောက်နှင့် ဆန့်ကျင်ဘက်ဖြစ်သော အခြားသူများလည်း ရှိကြသည်။
ကျွင်းလုံခန်း၊ ကျွင်းမိုရှောင်နှင့် အခြားသူများကတော့ ကျွင်းရှောင်ယောက်အနားတွင် ဝင်ရပ်လိုက်၏။
ဤမြင်ကွင်းက တိုင်းတစ်ပါးမှ လူများကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
နောက်ဆုံးတွင်၊ ကျွင်းရှောင်ယောက် တစ်ဦးတည်းကတောင် ကြောက်စရာကောင်းပြီး မကျော်လွှားနိုင်လောက်အောင် ဖြစ်နေပြီ ဖြစ်သည်။
ယခုတော့ အင်မော်တယ်နယ်မြေကြီးမှ အခြား ထိပ်သီးပါရမီရှင်များ ရောက်ရှိလာကြပြီ။
သူတို့မှာ ဖူယောင်နှင့် တုရှန်ရှောင်ရှောင်းရှိသော်လည်း သတိထားကြရသည်။
"ကမ္ဘာ့သစ်ပင်......"
ကမ္ဘာ့သစ်ပင်ကိုမြင်တော့ ကူတိကျစ်နှင့် အခြားသူများလည်း မျက်လုံးများ အရောင်တဖိတ်ဖိတ်တောက်လာလေသည်။
နောက်တော့ မျက်လုံးအကြည့်များက ကျွင်းရှောင်ယောက်ဆီသို့ ကျရောက်လာကြသည်။
လေထုသည် ခဏချင်း တင်းမာသွား၏။
သို့သော်လည်း နောက်ဆက်တွဲ ဖြစ်လာသည်မှာ တိုင်းတပါးမှလူများ လုံးဝမမျှော်လင့်ထားသော အခြေအနေတစ်ခု ဖြစ်သည်။
ကူတိကျစ်က ကျွင်းရှောင်ယောက်ကို စိုက်ကြည့်ရင်း အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ကျွင်းရှောင်ယောက်၊ ဒါက မင်းရဲ့ဒဏ္ဍာရီ အဆုံးသတ်ရမဲ့ နေရာပဲ။ ဒါက မဆိုးဘူး မဟုတ်လား"