အခန်း ၈၇၆
Vol. 59 Ch. 876
အခန်း ( ၈၇၆ ) ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးကို တစ်ဦးတည်း ရင်ဆိုင်ခြင်း၊ ရွှေကျီးကန်းတစ်ကောင်၏ တန်ပြန်လမ်း။
ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် အားလုံး တိတ်ဆိတ်သွားသည်။
မထင်မှတ်ထားတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာခဲ့၏။
မဖြစ်သင့်သော လူတစ်ဦးမှ ကျွင်းရှောင်ယောက်ကို တိုက်ခိုက်လာခြင်း ဖြစ်တော့သည်။
"ဟာ..."
ကျွင်းလုံချန်း၊ ကျွင်းမိုရှောင်နှင့် အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။
ယင်းက သူတို့ မျှော်မှန်းထားသည်ထက် ကျော်လွန်သွားခဲ့ပြီ။
သူတို့အပြင် ကူတိကျစ်နှင့် ဆန့်ကျင်ခြင်းဧကရာဇ်များလည်း အနည်းငယ် အံ့အားသင့်သွားကြသည်။
အကြောင်းမှာ၊ ဧကရာဇ်ခုနစ်ပါး၏ လျှို့ဝှက်တွေ့ဆုံမှုအတွင်း နောက်ဆုံး ဝတ်ရုံနက်အမျိုးသား၏ အထောက်အထားကို မခန့်မှန်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။
ယခုတော့ ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးအနက် နောက်ဆုံးတစ်ဦး ထွက်ပေါ်လာခဲ့ပြီ။
ယွီဟွာနတ်ဘုရားမင်းဆက်၏ ယွီဟွာဝမ်။
"မဟုတ်ဘူး...မဖြစ်နိုင်ဘူး၊ ဒါက လုံးဝမဖြစ်နိုင်ဘူး။ ငါ့အစ်ကိုက ဧကရာဇ်ခုနစ်ပါးထဲက တစ်ယောက် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
လူအားလုံးထဲတွင် အတုန်လှုပ်ဆုံးက ယွှီယွင်ရှန့် ဖြစ်သည်။
သူမ၏ လှပသော မျက်နှာကလေးက ဖြူဖပ်ဖြူရော် ဖြစ်သွား၏။
သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်လာသလို မျက်လုံးများမှာလည်း အသက်မဲ့သွားတော့သည်။
ဤလူနှစ်ဦးတွင်...
တစ်ယောက်က သူမ ငယ်စဉ်ကတည်းက ချစ်ခင်လေးစားခဲ့ရသော သူ့အစ်ကို ဖြစ်သည်။
ကျန်တစ်ယောက်ကတော့ သူ့နှလုံးသားကို ပထမဆုံးအကြိမ် လှုပ်ရှားစေနိုင်ခဲ့သောသူ ဖြစ်၏။
ဘာကြောင့် ဤသို့ဖြစ်လာရသနည်း။
ယွီယွင်ရှန့် လုံးဝ လက်မခံနိုင်တော့ပေ။
ယွီဟွာဝမ်သည် ချောမောခန့်ညားပြီး ကျွင်းရှောင်ယောက်နီးနီးချောသည့် အင်မော်တယ်နယ်မြေကြီး၏ လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။
ဟုတ်၏၊ သူ၏ အင်အားကလည်း နားမလည်နိုင်ပေ။
ထိုလှံအလင်းက နှင်းဖြူငှက်မွှေးများရှိပြီး နတ်သံကြိုးများလည်း တဖျတ်ဖျတ်ခတ်နေသည်။
ယင်းက ယွီဟွာနတ်ဘုရားမင်းဆက်၏ ဧကရာဇ်လက်နက် နတ်ငှက်မွှေးလှံ ဖြစ်၏။
နတ်ငှက်မွှေးလှံဖြင့် ထိုးခံရပါက ငှက်မွှေးများအဖြစ် ပြောင်းလဲသွားကာ နောက်ဆုံး ငှက်မွှေးတစ်ခုအဖြစ်သာ ကျန်ရှိတော့မည်ဟူသော ကောလဟာလများ ရှိပေသည်။
ဟုတ်သည်၊ ယွီဟွာဝမ် ကိုင်ဆောင်ထားသည့် နတ်ငှက်မွှေးလှံက ဧကရာဇ်လက်နက်အစစ် မဟုတ်ပေ။ နတ်ငှက်မွှေးလှံ တံဆိပ်တစ်ခုသာ ဖြစ်သည်။ သို့တိုင် ၎င်း၏စွမ်းအားက အံ့မခန်း ဖြစ်နေသေးသည်။
ယွီဟွာဝမ်လည်း အနည်းငယ် အံ့သြသွားသည်။
သူ၏ နတ်ငှက်မွှေးလှံက ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို အမှန်တကယ် မထိုးဖောက်နိုင်ခဲ့ပါ။
ထို့အပြင် ကျွင်းရှောင်ယောက်၏ တုံ့ပြန်မှုအရ အံ့ဩနေပုံမရပေ။
"ဒါကို မင်းသိနေတာ ကြာပြီလား"
ယွီဟွာဝမ်က မေးသည်။
"ငါသိတယ်ဆိုရင် ဘာဖြစ်မလဲ၊ မသိရင်ကော ဘာဖြစ်လဲ"
ကျွင်းရှောင်ယောက် ပြုံးလိုက်၏။
ထိုအပြုံးက သရော်ခြင်းလား သို့မဟုတ် အခြားအရာတစ်ခုလားတော့ မသိရပေ။
ကျွင်းရှောင်ယောက်က တချို့အရာများကိုပင် ကောင်းစွာသိသည်။
ထုတ်မပြောခဲ့ခြင်းသာ ဖြစ်ချေသည်။
ကျွင်းရှောင်ယောက်က မြင့်မားလွန်းသဖြင့်...
သူ၏ သူငယ်ချင်းဖြစ်ရန် အရည်အချင်းပြည့်မီသူမှာ အလွန်နည်းသည်။
"အမှန်အတိုင်း ဝန်ခံရရင် ရွှေကျီးကန်း ဒသမမင်းသားနဲ့ တခြားသူတွေက ဧကရာဇ်သင်္ချိုင်းကြယ်မှာ မင်းကို ဝန်းရံကတည်းက ငါလှုပ်ရှားဖို့ အသင့်ဖြစ်နေပါပြီ"
"ဒါပေမဲ့ မင်းက သူတို့ကို လွယ်လွယ်ကူကူ အနိုင်ယူတာတွေ့တော့ မင်းအကြောင်းကို အရင်သိသင့်တယ်လို့ ငါတွေးခဲ့မိတယ်။ ဒီလိုဆိုရင် သူငယ်ချင်းဖြစ်ဖို့က အကောင်းဆုံး ရွေးချယ်မှုတစ်ခုပဲ"
ယွီဟွာဝမ်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"စိတ်မကောင်းစရာပဲ..."
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
"ဘာကို စိတ်မကောင်းစရာလဲ"
ယွီဟွာဝမ်က မေးသည်။
"မင်း ဆက်ပြီး ဖုံးကွယ်ထားရင် ငါ မသိချင်ယောင်ဆောင်ပေးနိုင်တယ်။ အခုတော့... သူငယ်ချင်းဆိုတာ တကယ်ကို ဇိမ်ခံပစ္စည်းတစ်ခုပါပဲ"
"ဒါပေမဲ့……"
"ငါ ကျွင်းရှောင်ယောက်က သစ္စာဖောက်တာကို ပိုမုန်းတယ်"
ကျွင်းရှောင်ယောက်၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာက တုန်ခါသွားပြီး ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့သည်။
ယွီဟွာဝမ်လည်း လေးနက်သော အမူအရာဖြင့် နောက်ပြန်ဆုတ်သွား၏။
"မဟုတ်ဘူး...အစ်ကို၊ မလုပ်ပါနဲ့"
ယွီယွင်ရှန့် လှမ်းအော်ပြောလိုက်သည်။
ဤမြင်ကွင်းမျိုးကို သူမ မမြင်ချင်ပေ။
"ယွင်ရှန့်၊ ဒီလောကထဲမှာ ငါတို့ မထိန်းချုပ်နိုင်တဲ့အရာတွေ အများကြီးရှိတယ်။ မင်း မတိုက်ခိုက်ဘူးဆိုရင် လောကဇာတ်ခုံကနေ ဖယ်ရှားခံရလိမ့်မယ်"
ယွီဟွာဝမ်က သူ့ဆုံးဖြတ်ချက်ကို နောင်တမရပါ။
မည်သူမျှ တိမ်မြှုပ်နေရင် ဆန္ဒမရှိပေ။
ကြီးကျယ်သော အပြိုင်ကမ္ဘာကြီးတွင် တိုက်ခိုက်ခြင်းဖြင့်သာ ထမြောက်နိုင်သည်။
ကူတိကျစ်၊ လင်ယွမ်၊ ကျိတောက်ရီ၊ လုံယောက်အာ၊ ရွယ်ယွဲ့၊ ကျွင်းရင်ဟွမ်နှင့် ယွီဟွာဝမ်။
သြဇာအရှိဆုံး ပါရမီရှင်ခုနစ်ဦးက ယခုအချိန်တွင် အတူတကွလုပ်ဆောင်နေကြပြီ။
ဤဖိအားက ပြင်းထန်လွန်းသဖြင့် ဖူယောင်ပင်လျှင် အမူအရာပြောင်းသွားနိုင်သည်။
"လာပါ၊ ကောင်းကင်ဘုံ ရွေးချယ်ထားတဲ့ စစ်တုရင် ခုနစ်ခုက ဘယ်လိုအစွမ်းမျိုး ရှိမယ်ဆိုတာ ဒီနတ်ဘုရားသားတော် မြင်ပါရစေ"
ကျွင်းရှောင်ယောက်က ခုနစ်ရောင် နဂါးချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး ပျက်စီးခြင်းလှံပုဆိန်ကို ဆွဲကိုင်လိုက်သည်။
သူ့နောက်တွင်၊ အင်မော်တယ်ဘုရင် လင်းကျိုးထျန်း ရူပါရုံတစ်ခု ရှိ၏။
ထို့နောက်၊ ယင်နှင့်ယန်က လည်ပတ်ပြီး သေခြင်းရှင်ခြင်းသဏ္ဍာန် ထွက်ပေါ်လာတော့သည်။
ဖရိုဖရဲစွမ်းအင်က လေထဲတွင် ပြည့်ပြီး မိုးပြာရောင်ကြာပန်းများလည်း ပွင့်လန်းလာခဲ့သည်။
ထို့အတူ သူတော်စင်တစ်သောင်း အရိုအသေပေးခြင်း ပုံရိပ်များလည်း ထွက်ပေါ်လာ၏။
ရှေးဟောင်းမြင့်မြတ်ခန္ဓာ ရူပါရုံကြီးလေးခုက တပြိုင်နက်တည်း ထွက်ပေါ်လာကြပြီ။
ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်က လူတစ်ဦးတည်း၏ စွမ်းအားဖြင့် ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးကို တိုက်ခိုက်နေပြီ ဖြစ်သည်။
"ကျွင်းရှောင်ယောက်၊ မင်းတစ်ယောက်တည်းနဲ့ ကမ္ဘာကြီးကို ပြောင်းလဲလို့မရဘူး"
ကူတိကျစ်၏ အသံက ဟိန်းထွက်လာခဲ့သည်။ ဖူရှီ ပါကွားပုံရိပ်က သူ့နောက်တွင် ထွက်ပေါ်လာ၏။
လင်ယွမ်လည်း သူမ၏နှုတ်ခမ်းကို မသိမသာ ကိုက်လိုက်လေသည်။ နတ်အလင်းများ ပျံ့နှံ့ပြီး သူ့နောက်ကွယ်တွင် ပုံရိပ်တစ်ခု ထပ်မံ ပေါ်လာခဲ့သည်။
ယင်းက လက်တစ်ဖက်ကိုမြှောက်ပြီး ကောင်းကင်ကို ပြုပြင်နေပုံရသော အမျိုးသမီးတစ်ယောက်ပုံ ဖြစ်၏။
ဝါဧကရီ မြင့်မြတ်ခန္ဓာ ရူပါရုံ၊ ကောင်းကင်ကို ပြုပြင်နေသော နုဝါ။
ထို့အပြင် ကျိတောက်ရီသည်လည်း သူ့နှလုံးသားထဲမှ အရှက်တရားနှင့် အမုန်းတရားများကို ထုတ်ဖော်လိုသည့်အလား သံရှည်ဆွဲ၍ အော်ဟစ်လိုက်သည်။
သူ့နောက်တွင်၊ အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာသကဲ့သို့ လူသားတစ်ဦးအသွင် ပေါ်လာခဲ့၏။
ကျန်သော လုံယောက်အာနှင့် အခြားသူတို့မှာလည်း ကိုယ်ပိုင် ဝှက်ဖဲများကို ထုတ်ဖော်လာတော့သည်။
ယင်းက အထွတ်အထိပ် တိုက်ပွဲတစ်ခုဖြစ်ပြီး အဇူရာဧကရာဇ်ကြယ်၏ မျက်နှာပြင်သည်ပင် အက်ကွဲစပြုလာတော့သည်။
အဇူရာဧကရာဇ်ကြယ်တွင် တိုက်ပွဲကြီးတစ်ခု စတင်တော့မည့်အချိန်...
အဇူရာဧကရာဇ်ကြယ်နှင့် မနီးမဝေး ကြယ်ကောင်းကင်မှာ...
လှပသော ပုံရိပ်တစ်ခုက လေထဲမှ ပျံသန်းသွားခဲ့သည်။
နတ်သူငယ်မလေးကဲ့သို့ လှပပြီး ပြီးပြည့်စုံသော ရုပ်သွင်ဖြင့် မိန်းကလေးတစ်ဦး ဖြစ်၏။
နတ်သမီးယွမ် ဖြစ်သည်။
ဤအခိုက်မှာတော့ တစ်စုံတစ်ခု ဆိုးဆိုးရွားရွား ဖြစ်တော့မည်ဟု ခံစားရကာ သူမ၏ရင်ထဲတွင် တထိတ်ထိတ် ဖြစ်နေတော့သည်။
"ကျွင်းသခင်လေး..."
နတ်သမီးယွမ်လည်း စိုးရိမ်ပူပန်စွာဖြင့် ကောင်းကင်ကို ဖြတ်ပျံသွားသည်။
သူမ တားဆီးရလိမ့်မည်။
သူမ၏ စွမ်းအားဖြင့် ဤတိုက်ပွဲကို မပြောင်းလဲနိုင်ပါ။
သို့သော်၊ သူ့မှာ အခြေအနေကို ပြောင်းလဲနိုင်သည့် တခြားနည်းလမ်းတစ်ခု ရှိသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်ကို သူမ ရှာရမည်။
နတ်သမီးယွမ်က အဇူရာဧကရာဇ်ကြယ်ဆီသို့ အမြန်ဆုံး ပျံသန်းနေချိန်တွင်...
အေးစက်စက် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"မင်းက နတ်သမီးယွမ်ပေါ့"
ထိုအသံကိုကြားတော့ နတ်သမီးယွမ်၏ အမူအရာ ပြောင်းသွားသည်။
သူမ အမြန် လှည့်ကြည့်လိုက်တော့ ဖရိဖရဲစွမ်းအင်များ တက်လာသည်ကို မြင်လိုက်ရ၏။
ပုံရိပ်တစ်ခု ထွက်လာတော့သည်။
"ရွှေကျီးကန်း ဒသမမင်းသား"
နတ်သမီးယွမ် မျက်နှာပျက်သွားသည်။
"မင်း ဘာဖြစ်လို့ ဒီလောက်အလျင်လိုနေရတာလဲ။ ကျွင်းရှောင်ယောက်ကို တွေ့ချင်လို့လား။ ကောင်းသားပဲ၊ သူ့ရှေ့မှာတင် မင်းကို သတ်လိုက်မယ်ဆိုရင် သူ နာကျင်မလား ငါသိချင်မိတယ်"
ရွှေကျီးကန်း ဒသမမင်းသားက သူ့လက်ကို မြှောက်လိုက်သည်။ ဖရိုဖရဲစွမ်းအင်များ တဟုန်ထိုးတက်လာပြီးနောက် နိယာမလက်ကြီးအဖြစ် ပြောင်းလဲကာ နတ်သမီးယွမ်ကို ဖမ်းဆုပ်လိုက်၏။
နတ်သမီးယွမ်၏ လှပသော မျက်နှာကိုကြည့်ရင်း ရွှေကျီးကန်း ဒသမမင်းသားမှာ ကျွင်းရှောင်ယောက်ကို ပို၍ မုန်းတီးလာတော့သည်။
အကြောင်းပြချက်က ရိုးရှင်းသည်။
ထိုအိပ်မက်ဆိုးပြီးနောက်၊ ရွှေကျီးကန်း ဒသမမင်းသားမှာ လုံးဝ ညှိုးနွမ်းသွားလေသည်။
နတ်သမီးယွမ်ကဲ့သို့ အလွန်တရာ လှပသူတစ်ဦးကို မြင်နေရချိန်မှာပင် မနိုးထနိင်တော့ပေ။
ယောင်္ကျားတစ်ယောက်၏ ဗီဇကို လုံးဝ ဆုံးရှုံးခဲ့ရသည်။
နတ်သမီးယွမ်ကို အရှက်ရစေမည့် အတွေးများပင် မထနိုင်တော့ပါ။
ယင်းက အဆိုးဆုံး ဖြစ်သည်။
ထို့ကြောင့် ဤအခိုက်တွင် ရွှေကျီးကန်းဒသမမင်းသား၏ စိတ်ထဲမှာ ကျွင်းရှောင်ယောက်ကို သူ့ထက် အဆထောင်ချီ ပြန်ခံစားစေလိုစိတ်များ ပြည့်နှက်နေတော့သည်။
"မဟုတ်ဘူး၊ ငါ့ကိုသုံးပြီး ကျွင်းသခင်လေးကို ခြိမ်းခြောက်ချင်ရင် မဖြစ်နိုင်ဘူး"
ဖမ်းဆီးခံလိုက်ရသော နတ်သမီးယွမ် မျက်နှာပျက်သွားသည်။
ကျွင်းရှောင်ယောက်၏ နှလုံးသားထဲမှာ သူမ၏တည်ရှိမှုက မနက်ရှိုင်းမှန်း သိသည်။
အလွန်ဆုံး ကျွင်းရှောင်ယောက်၏ နှလုံးသားထဲတွင် ခြေရာတစ်ခုချန်ထားခြင်းသာ ဖြစ်လိမ့်မည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က သူမ၏ဘဝတစ်ခုလုံးကို အလင်းရောင်ပေးလိုက်သူ ဖြစ်သည်။
"ဟားဟားဟား၊ ဒီပြပွဲကြီးကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး..."
ရွှေကျီးကန်း၏ ဒသမမင်းသားလေး၏ အမူအရာက အေးစက်နေခဲ့သည်။
ထို့နောက်တော့ အတောင်များကိုခတ်ကာ အဇူရာဧကရာဇ်ကြယ်ဆီသို့ ပျံသန်းသွားတော့သည်။
သို့သော် ရွှေကျီးကန်း ဒသမမင်းသား သတိမပြုမိခဲ့သော အရာတစ်ခု ရှိသည်။
သူထွက်သွားပြီး မကြာမီပင် ထိုနေရာမှာ လူရိပ်တစ်ခု ပေါ်လာသည်။
“အချိန်နီးနေပြီ…"
ထိုလူက ရေရွတ်လိုက်၏။
ရွှေကျီးကန်း ဒသမမင်းသားသာ ဤနေရာမှာရှိလျှင်တော့ အံ့ဩတုန်လှုပ်သွားမှာ သေချာသည်။
အကြောင်းမူကား၊ ဤလူရိပ်မှာ လျှို့ဝှက်ဆန်းကြယ်သော မျိုးစေ့အဆင့်ပါရမီရှင် ဖြစ်နေသောကြောင့်ပင်။