အခန်း ၈၇၇
Vol. 59 Ch. 877
အခန်း ( ၈၇၇ ) ကြမ်းတမ်းစွာ တိုက်ခိုက်ကြခြင်း၊ ဧကရာဇ်လက်နက် တံဆိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
ဤအခိုက်တွင် အဇူရာဧကရာဇ်ကြယ်တဝိုက်မှာ တိုက်ပွဲမီးတောက်များ တောက်လောင်နေသည်။
အင်မော်တယ်နယ်မြေကြီးမှ စစ်သူရဲများ၊ နယ်ခြားစောင့်တပ်များက တိုင်းတပါးမှ တပ်များနှင့် ရင်ဆိုင်နေကြ၏။
အဇူရာဧကရာဇ်ကြယ်မှာတော့...
ကျွင်းရှောင်ယောက်က ဧကရာဇ်ခုနစ်ပါးကို တိုက်ခိုက်နေတော့သည်။
ကောင်းကင်ဘုံ ခန့်အပ်ထားသော ဧကရာဇ်ခုနစ်ပါးတွင် တစ်ဦးစီက အလွန်အားကောင်းသည်ဟု ဆိုနိုင်သည်။
အနာဂတ်မှာ သူတို့ ကြီးပြင်းလာပါက ဤခေတ်၏ ခေတ်ရေစီးကြောင်းကို ကိုင်လှုပ်နိုင်လိမ့်မည်။
သို့ရာတွင် ကျွင်းရှောင်ယောက်က သူ့တစ်ဦးတည်းအင်အားဖြင့် ထိုပါရမီရှင် ခုနစ်ဦးကို တွန်းလှန်နိုင်သည်။
တိုင်းတစ်ပါးမှ ပါရမီရှင်များပင် ဤကဲ့သို့ ရဲစွမ်းသတ္တိကြောင့် အထင်ကြီးသွားခဲ့ကြလေသည်။
"ကံကောင်းထောက်မလို့ ဒီလိုလူဟာ အင်မော်တယ်နယ်မြေကြီးမှာ ရှိနေခဲ့တယ်။ မဟုတ်ရင် ဘုရင်ငယ်ဆယ်ပါးကိုမပြောနဲ့၊ ဧကရာဇ်ခုနစ်ပါးတောင်မှ ဘုန်းအသရေ အများကြီး ပျောက်ကွယ်သွားမှာ ကြောက်ရတယ်"
ဖူယောင် သက်ပြင်းချလိုက်သည်။
တိုင်းတစ်ပါး၏ မျိုးဆက်သစ်လူငယ်များတွင် ထိပ်တန်းဘုရင်ဆယ်ပါးက အင်မော်တယ်နယ်မြေကြီး၏ မျိုးစေ့အဆင့် ပုဂ္ဂိုလ်များသာ ယှဉ်ပြိုင်နိုင်သည်။
ဧကရာဇ်ငယ်ခုနစ်ပါးကတော့ တိုင်းတပါးမှ မျိုးဆက်သစ်များထဲတွင် အသန်မာဆုံးမှ အတော်ဆုံး ဖြစ်၏။
သူတို့ကို အင်မော်တယ်နယ်မြေကြီး၏ ထိပ်တန်းမျိုးစေ့များပင် ယှဉ်ပြိုင်ရန်ခက်ခဲမှာကို ကြောက်ရသည်။
"ကျွင်းရှောင်ယောက်လို ယုတ္တိမတန်သူတစ်ဦးသာ ငါ့ တိုင်းတပါးမှာ မွေးဖွားလာရင် သူ့ကို စောစောစီးစီး မကျဆုံးရအောင် အစွမ်းကုန် ပျိုးထောင်ပေးကြမှာ သေချာတယ်"
"ဒါပေမဲ့ ရယ်စရာကောင်းအောင် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးက သူ့ကိုသတ်ဖို့ တတ်နိုင်သမျှ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေတာပဲ"
တုရှန်ရှောင်ရှောင်းက အထင်မြင်သေးခြင်း အရိပ်အမြွက်ဖြင့် ခေါင်းကိုခါယမ်းလိုက်သည်။
"ဒါကြောင့်ပဲ အင်မော်တယ်နယ်မြေကြီးကလူတွေကို အမြင်ကျဉ်းပြီး မိုက်မဲတယ်လို့ ပြောတာပေါ့။ ဒါပေမဲ့ ဒါလည်း ကောင်းတာပါပဲ။ အငှားလက်နဲ့ ငါတို့ကမ္ဘာအတွက် ကြီးမားတဲ့ လျှို့ဝှက်အန္တရာယ်ကို ဖယ်ရှားပစ်နိုင်တယ်"
ဖူယောင်က ပြောလိုက်၏။
ဤအခိုက်တွင် သူက အေးအေးဆေးဆေး ပွဲကြည့်နေချင်သည်။
ကမ္ဘာသစ်ပင်ကိုတော့...
ဖူယောင်က အမှန်တကယ် လိုချင်လျှင်ပင်၊ သူလှုပ်ရှားသရွေ့ အင်မော်တယ်နယ်မြေကြီးမှ လူများက လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
သို့ဖြစ်လျှင် ပြည်တွင်းတိုက်ပွဲများ ရပ်ဆိုင်းသွားမည်ဖြစ်ပြီး တိုက်ခိုက်မှု၏ပစ်မှတ်က သူ့ထံ ခေတ္တလှည့်သွားမည် ဖြစ်သည်။
ထို့ကြောင့် ဖူယောင်ဟာ မလှုပ်ရှားသေးဘဲ ရလဒ်ကို စောင့်မျှော်နေတော့သည်။
တိုင်းတပါးအတွက် အချိန်တစ်ခုသာ လိုသည်။
"ဝုန်း"
မြင်ကွင်းတွင် နတ်အမိန့်သံကြိုးများ ထွက်ပေါ်လာခဲ့သည်။ မဟာတာအိုအလင်းများလည်း တောက်ပလာ၏။
ဤတိုက်ပွဲအဆင့်က မျိုးဆက်သစ်လူငယ်များကြားတွင် အကြီးမားဆုံးဟု ဆိုနိုင်ကာ ခေတ်များစွာတွင် တစ်ကြိမ် တွေ့ရခဲလှသည်။
ကျွင်းရှောင်ယောက်က ခုနစ်ရောင် နဂါးချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားပြီး ပျက်စီးခြင်းလှံပုဆိန်ကို ကိုင်ဆောင်ထားသည်။ သူက မရှုံးနိမ့်သော စစ်နတ်ဘုရားကဲ့သို့ ပျက်စီးခြင်းလှံပုဆိန်ဖြင့် အရပ်ရပ်ကို လွှဲခုတ်လိုက်၏။
ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ထာဝရအင်မော်တယ်ခန္ဓာတို့၏ စွမ်းအားများ ပေါင်းစပ်မှုအောက်တွင်...
လှုပ်ရှားမှုတိုင်းက ကြောက်ခမန်းလိလိ ဖြစ်တော့သည်။
ဟုတ်သည်၊ ကူတိကျစ်နှင့် အခြားသူများကလည်း အားမနည်းပါ။
သူတို့တစ်ဦးစီက လူများကြားမှ နဂါးများဖြစ်ကြသည်။
"ခွန်ကွား၊ ကောင်းကင်ကို မြှုပ်နှံမဲ့ သဲရေတံခွန်"
ကူတိကျစ်က ပါကွားပုံကို ထပ်မံ ထုတ်ဖော်လိုက်သည်။
ရုတ်တရက်၊ ထူထဲသော သဲများက ရေတံခွန်ကဲ့သို့ ကျဆင်းလာပြီး ကျွင်းရှောင်ယောက်ကိုမြှုပ်နှံရန် ကြိုးစားလိုက်၏။
ကျွင်းရှောင်ယောက်၏ နောက်ကွယ်မှ ယင်နှင့်ယန် သေခြင်းရှင်ခြင်းပန်းချီကားက လည်ပတ်နေကာ အမိုးတစ်ခုပမာ သူ့ကို ကာဆီးသွားတော့သည်။
"မိုးနဲ့မြေကို တံဆိပ်ခတ်ထားတဲ့ နတ်သဏ္ဍာန်ကိုးခု"
လုံယောက်အာလည်း အသျှင်ခန္ဓာ၏ အဆုံးစွန်နည်းလမ်းကို အသုံးပြုလိုက်သည်။ နတ်သဏ္ဍာန်ကိုးခုက လှောင်အိမ်အဖြစ်သို့ ပြောင်းလဲသွားပြီး ကျွင်းရှောင်ယောက်ကို ချိတ်ပိတ်ရန် ကြိုးစားလိုက်၏။
ကျွင်းရှောင်ယောက်က ကောင်းကင်ကို ပြိုကျစေနိုင်သော လက်သီးချက်ဖြင့် ချေဖျက်ခဲ့ပေသည်။
"ကောင်းကင်တာအိုကျမ်း၊ ကြွေလွင့်အင်မော်တယ် လက်ချောင်း"
ကျိတောက်ရီ အော်ဟစ်လိုက်သည်။ အင်မော်တယ်စွမ်းအင်ဆယ်ခုက လက်ချောင်းတစ်ချောင်းအဖြစ် စုဖွဲ့လာ၏။ အင်မော်တယ်တစ်ပါး၏ လက်ချောင်းကဲ့သို့ ထွက်ပေါ်လာတော့သည်။
ကျွင်းရှောင်ယောက်က လက်ညိုးတစ်ချက်ညွှန်လိုက်ရာ မိုးကြိုးလျှပ်စီးတို့ဖြင့် လက်ချောင်းကြီး ထွက်ပေါ်လာခဲ့သည်။
မိုးကြိုးဧကရာဇ်၏ မဟာနတ်ဘုရားသိုင်း၊ မိုးကြိုးဧကရာဇ်၏ လက်ချောင်း။
ဧရာမလက်ချောင်းကြီးနှစ်ချောင်း ထိပ်တိုက်တွေ့ဆုံပြီးနောက် ပြင်းထန်သော ပေါက်ကွဲမှုလှိုင်းများ ဖြစ်ပေါ်လာခဲ့သည်။
"ယွီဟွာအင်မော်တယ်ကျမ်း"
ယွီဟွာဝမ်လည်း သူ၏ အဆုံးစွန်နည်းလမ်းကို ထုတ်ဖော်လိုက်သည်။
ဧကရာဇ်သင်္ချိုင်းကြယ်တွင် ယွီဟွာဝမ်သည် ယွီဟွာနတ်ဘုရားမင်းဆက်၏ ယွီဟွာအင်မော်တယ်ကျမ်းအမွေကို ရခဲ့သည်။
ယွီဟွာဧကရာဇ်က အလွန်နှိမ့်ချသောကြောင့် ဧကရာဇ်များကြားတွင် နာမည်ကျော်ကြားခြင်းတော့ မရှိပေ။
သို့ရာတွင် သူ့စွမ်းအားက ဧကရာဇ်များကြားတွင် အလွန် ကြောက်စရာကောင်းသည်။
သူချန်ထားခဲ့သော အမွေအနှစ်များကလည်း သဘာဝအတိုင်း ကြောက်စရာကောင်းအောင် အစွမ်းထက်ပေသည်။
ယွီဟွာဝမ်၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ကောင်းကင်အလင်းများ ပေါ်လာခဲ့သည်။
ကောင်းကင်အလင်းတိုင်းက သူတော်စင်များကို အလွယ်တကူ သတ်နိုင်လောက်၏။
မရေမတွက်နိုင်သော ကောင်းကင်အလင်းများက ကျွင်းရှောင်ယောက်ထံ ပျံသန်းလာတော့သည်။
ယင်းကိုမြင်တော့ ကျွင်းရှောင်ယောက်က အနှိုင်းမဲ့အရိုးကို လှုံ့ဆော်လိုက်၏။
သူ့ရင်ဘတ်ထဲတွင် တောက်လောင်နေသော နေတစ်စင်းကို ဖုံးကွယ်ထားသကဲ့သို့ပင်။ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ကောင်းကင်အလင်းက ကျွင်းရှောင်ယောက်၏ရင်ဘတ်မှ ထွက်ပေါ်လာကာ ကောင်းကင်အလင်းပျံများနှင့် တိုက်မိသွားတော့သည်။
ဤအခိုက်တွင် ကျွင်းရှောင်ယောက်က အတော်ပေါက်ကွဲနေပြီဟု ဆိုနိုင်သည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာအပြင် အနှိုင်းမဲ့အရိုးကိုပါ အသုံးပြုထား၏။
ခဏချင်းတော့ ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးဟာ ကျွင်းရှောင်ယောက်ကို မဖိနှိပ်နိုင်တော့ပေ။
"ဒါကြီးက ကြမ်းလိုက်တာ"
အင်မော်တယ်နယ်မြေကြီးမှ လူများကို မဆိုထားနှင့်၊ တိုင်းတပါးမှ လူများပင်လျှင် အနည်းငယ် အံ့ဩသွားကြသည်။
ကျွင်းရှောင်ယောက်၏ ခွန်အားက ကြောက်စရာကောင်းလွန်း၏။
ထိပ်သီး အဓိပဓိ တားမြစ်ပါရမီရှင်ခုနစ်ဦးနှင့် ရင်ဆိုင်နေရချိန်မှာပင် အားနည်းချက်မပြပါ။
ဆန့်ကျင်ဘက်အနေဖြင့် သူက အလွန် တည်ငြိမ်ပုံရသည်။
ယင်းကိုမြင်တော့ ကူတိကျစ်၏ မျက်လုံးများလည်း ကျဉ်းမြောင်းသွားသည်။
အမှန်တကယ်ပင် ကျွင်းရှောင်ယောက်၏အင်အားကို သာမန်အသိအမြင်နှင့် တိုင်းတာ၍မရပါ။
ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါး၏ ရိုးရိုးရှင်းရှင်း ပူးပေါင်းမှုက သူ့ကို မဖိနှိပ်နိုင်ပေ။
"လူတိုင်းပဲ၊ နောက်မဆုတ်တော့ဘဲ ကိုယ့်ရဲ့ အရည်အချင်းအစစ်ကို ပြလိုက်ကြပါတော့"
ကူတိကျစ်က ပြောလိုက်သည်။
ပြောဆိုပြီးနောက် သူ့ဝှက်ဖဲကို ဦးစွာ ထုတ်ဖော်လိုက်၏။
လေထဲတွင် အလွန် အားကောင်းသော အငွေ့အသက်များဖြင့် ကျောက်စာချပ်တစ်ခု ပေါ်လာတော့သည်။
ယင်းက ဖူရှီအင်မော်တယ်မျိုးရိုး၏ အမှတ်အသားဖြစ်သော ဖူရှီနဂါးကျောက်စာချပ် ဧကရာဇ်လက်နက် ဖြစ်သည်။
ဖူရှီနဂါးကျောက်စာချပ်က ဧကရာဇ်လက်နက်များကြားတွင် အလွန်ကျော်ကြား၏။
ယင်းက ဧကရာဇ်လက်နက်များကြားတွင် အထွတ်အထိပ်ဖြစ်သည့် အင်မော်တယ်တစ်ပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီဟု ကောလာဟလများရှိသည်။
ဖူရှီနဂါးကျောက်စာချပ်က မိုးနှင့်မြေကို ဖိနှိပ်နိုင်သော ပြင်းထန် အားကောင်းသည့် ဖိနှိပ်မှုစွမ်းအားများကို ထုတ်လွှတ်လာတော့သည်။
ယင်းကိုမြင်တော့ လင်ယွမ်လည်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
သူမ၏ ဖြူဖွေးသော မျက်ခုံးနှစ်ခုကြားတွင် တိမ်တိုက်များ ပေါ်လာခဲ့သည်။
အရောင်ငါးမျိုးရှိပြီး အဆုံးမဲ့ အလင်းတို့ဖြင့် ကျောက်တစ်လုံး ထွက်ပေါ်လာ၏။
အရောင်ငါးရောင်ရှိသော ထူးဆန်းသောကျောက်တုံးသည် အဆုံးမရှိသော တောက်ပမှု၊ ထောင်ပေါင်းများစွာသော ဘုရား၏တောက်ပမှုနှင့် ကောင်းသောအရောင်များ ထောင်ပေါင်းများစွာ ပွင့်သည်။
၎င်းက ဝါဧကရီအင်မော်တယ်မျိုးရိုး၏ ဧကရာဇ်လက်နက်၊ နုဝါတာအိုကျောက် ဖြစ်သည်။
ဖူရှီနဂါးကျောက်စာချပ်ကဲ့သို့ပင် နုဝါတာအိုကျောက်သည်လည်း အင်မော်တယ်တစ်ပိုင်း ရတနာအဆင့်သို့ ရောက်ရှိနေပြီဟု ကောလာဟလများ ရှိပေသည်။
ဟုတ်သည်၊ လင်ယွမ်က ကောင်းကင်ဧကရာဇ်၏ ပလ္လင် တံဆိပ်ကိုတော့ မထုတ်ဖော်ခဲ့ပေ။
ဘာကြောင့်မှန်းမသိသော်လည်း ကျွင်းရှောင်ယောက်ကို သူ မသတ်လိုခဲ့ပါ။
လုံယောက်အာသည်လည်း မြင့်မြတ်ခန္ဓာသွေးများ စွန်းထင်းနေသော ကြေးလှံကို ဆွဲကိုင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏လည်ပင်းတွင် ဆွဲထားသော ခေါင်းလောင်းလေးကို ဖြုတ်ယူလိုက်၏။
၎င်းက အသျှင်ဘိုးဘွားနန်းတော်၏ ဧကရာဇ်လက်နက် အသျှင်ခေါင်းလောင်း တံဆိပ်တစ်ခုပင်။
ယွီဟွာဝမ်က ဧကရာဇ်လက်နက် ယွီဟွာနတ်လှံတံဆိပ်ကို ထုတ်ယူလိုက်ည်။
ကျန်လူများကလည်း ကိုယ့်နည်းကိုယ့်ဟန်နှင့် ဖော်လိုက်၏။
တိုက်ပွဲက တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင်မှ အဖျက်စွမ်းအားများကို ခံစားမိတော့ ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။ အေးစက်ပြီး အထင်မြင်သေးသော အရိပ်အမြွက်တို့က သူ့မျက်လုံးများမှာ ပေါ်လာခဲ့၏။
ကျွင်းရှောင်ယောက်က သူ့လက်ကိုမြှောက်လိုက်တော့ သူ့လက်ဝါးထဲတွင် တံဆိပ်တစ်ခုက တောက်ပလာတော့သည်။
ထို့နောက်တွင် အလင်းက ပိုအားကောင်းပြီး ပုဆိန်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ဧကရာဇ်လက်နက်၊ လွမ်ကုပုဆိန် တံဆိပ်တော်။
လွမ်ကုပုဆိန်မှ အရပ်ရပ်ကို ဖျက်ဆီးလိုသော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြောက်စရာကောင်းသော တိုက်ခိုက်ချင်စိတ်တစ်ခု ဖြစ်ပေါ်လာ၏။
ယင်းက လွမ်ကုဧကရာဇ်၏ စိတ်ဆန္ဒ။
မိုးနှင့်မြေကို တိုက်ခိုက်လိုသော လွမ်ကုဧကရာဇ်၏ ထာဝရ စိတ်ဆန္ဒ ဖြစ်သည်။
ဤတိုက်ခိုက်ချင်စိတ်က ကျွင်းရှောင်ယောက်၏ လက်ရှိသတ္တိနှင့် ကိုက်ညီပေသည်။
ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ခြင်းက ပျော်စရာ ဖြစ်သည်။
"လာပါ၊ ငါ နတ်ဘုရားသားတော်ကို စိန်ခေါ်ဖို့ မင်းတို့ကို အခွင့်အရေးပေးမယ်"
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်အတွင်းမှ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။
မေယုကမ္ဘာစွမ်းအားများ ထွက်ပေါ်လာပြီး လွမ်ကုပုဆိန်ကို ထောက်ပံ့လိုက်၏။
ဟင်းလင်းပြင်က တွန့်လိပ်ပျက်စီးလာတော့သည်။
ဤသည်မှာ ကမ္ဘာကို ချေမှုန်းရန် လုံလောက်သည့် မေယုကမ္ဘာ နှစ်ရာ့ခြောက်ဆယ်၏ စွမ်းအား ဖြစ်သည်။
ကျွင်းရှောင်ယောက်က ပုဆိန်ဖြင့်ခုတ်ပြီး ကျယ်ပြောသော ကြယ်ကောင်းကင်ကို ဖျက်ဆီးပစ်လိုက်၏။
ကြီးကျယ်ခမ်းနားသော ပုဆိန်အလင်းက အရာအားလုံးကို ခွဲခြမ်းကာ ဟင်းလင်းပြင်ကို ပိုင်းဖြတ်ရန် ကြိုးစားလာတော့သည်။
ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးလည်း လှုပ်ရှားခဲ့ကြသည်။ အမျိုးမျိုးသော ဧကရာဇ်တစ်ပိုင်းလက်နက် တံဆိပ်များကလည်း ပြိုးပြိုးပြက်ပြက် တောက်ပလာသည်။
အင်အားကြီးနှစ်ခုက ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွား၏။
ကောင်းကင်ကြီး မှောက်လှန်ပြီး တောင်နှင့်မြစ်များ ပျက်သုဉ်းသွားတော့သည်။