အခန်း ၈၇၈
Vol. 59 Ch. 878
အခန်း ( ၈၇၈ ) အရှုံးမဲ့ စစ်နတ်ဘုရား ကျွင်းရှောင်ယောက်၊ မမျှော်လင့်ထားသော အခြေအနေ၊ နတ်သမီးယွမ်၏ စိတ်ဆန္ဒ။
ဤသို့ ပြင်းထန်သော တိုက်ခိုက်မှုမျိုးမှာ စိတ်ကူးကြည့်ရန်ပင် မလွယ်ပေ။
တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က လွမ်ကုပုဆိန်ကိုကိုင်ပြီး မေယုကမ္ဘာ နှစ်ရာ့ခြောက်ဆယ်စွမ်းအားဖြင့် အစွမ်းကုန် လုပ်ဆောင်နေသည်။
တစ်ဖက်မှာလည်း ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးတို့က ဧကရာဇ်လက်နက် တံဆိပ်များဖြင့် အဆုံးမဲ့စွမ်းအားကို ပြသနေကြ၏။
နှစ်ဖက် ထိပ်တိုက်တွေ့မိသည်နှင့် စူးရှသော အလင်းများ ဖြာထွက်လာတော့သည်။
ထို့နောက်တော့...
ကမ္ဘာကြီးတစ်ခုလုံး ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
နှစ်ဖက်စလုံးက အင်အားအပြည့်ဖြင့် တိုက်ခိုက်လိုက်ခြင်းဖြစ်သော်လည်း ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်ငြိမ်သက်သွားခြင်း ဖြစ်၏။
"မြန်မြန် နောက်ဆုတ်ကြ"
ယင်းကိုမြင်တော့ ဖူယောင်၏ မျက်လုံးများ တုန်လှုပ်သွားသည်။
ထိုတိတ်ဆိတ်သော ပေါင်းစပ်မှုနှင့် တိုက်မိမှုက မမျှော်မှန်းနိုင်အောင် အားကောင်းသည်။
တိုင်းတပါးမှ လူများလည်း ချက်ချင်း ဆုတ်သွားခဲ့ကြသည်။
အင်မော်နယ်မြေကြီးဘက်မှ အခြားသူများလည်း အလောတကြီး ဆုတ်သွားကြ၏။
"ဒုတ်၊ ဒုတ်၊ ဒုတ်"
ဤသို့ ခြောက်ခြားဖွယ်ကောင်းအောင် တိတ်ဆိတ်နေချိန်တွင် ကိုယ့်နှလုံးခုန်သံကတောင် ကျယ်လောင်စွာ မြည်ဟီးနေသလို လူတိုင်း ခံစားခဲ့ရသည်။
အသက်ရှူချိန် ဒါဇင်ချီ ကြာမြင့်ပြီးနောက်...
တိုက်ခိုက်မှု၏ အလယ်ဗဟိုက ပြင်းထန်စွာ ပေါက်ကွဲထွက်လာတော့သည်။
မျက်စိကျိန်းစပ်လောက်အောင် တောက်ပသော အလင်းများက လျင်မြန်စွာ ပြန့်ကားသွားခဲ့သည်။
"ဝုန်း..."
ရှေးနတ်ဘုရားတစ်ပါး ဒေါသတကြီး ဟိန်းဟောက်သကဲ့သို့ ဖော်မပြနိုင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။
ပါရမီရှင်များစွာမှာ အော်ဟစ်ပြီး သူတို့၏နားများကို လက်ဖြင့် အုပ်လိုက်မိကြသည်။
သို့တိုင် သူတို့၏ လက်ချောင်းများကြားမှ သွေးများ စီးကျလာတော့သည်။
သူတို့၏ နားစည်များ ကွဲအက်သွားကြခြင်း ဖြစ်သည်။
"ဝုန်း"
ပျက်စီးခြင်းလှိုင်းလုံးများက လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။ မည်သည့်နေရာသို့ ဖြတ်သန်းသွားသည်ဖြစ်စေ၊ ထိုနေရာမှာ ပျက်စီးသွားရ၏။
ဤကမ္ဘာကို ထိန်းချုပ်ထားသော ကမ္ဘာသစ်ပင်သည်ပင် ပြင်းထန်စွာ တုန်ခါစပြုလာတော့သည်။
ပေါက်ကွဲမှု၏ အလယ်ဗဟိုက ဖုန်းဆိုးမြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။
ပါရမီရှင်အချို့ဆိုလျှင် နောက်ဆုတ်ရန်ပင် အချိန်မမီတော့ဘဲ ပျက်စီးခြင်းလှိုင်းလုံးကြီး လွှမ်းခြုံမှုကို ခံလိုက်ရ၏။ သူတို့မှာ အော်ဟစ်ရန်ပင် မတတ်နိုင်တော့ဘဲ တိုက်ရိုက် ကြေမွသွားတော့သည်။
"ဒါက တကယ်ပဲ မျိုးဆက်သစ်လူငယ်တွေကြားက တိုက်ပွဲပဲလား"
ပါရမီရှင်များစွာလည်း အာခေါင်များ ခြောက်ကပ်လာကာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ကြသည်။
အဓိပဓိများ၏ တိုက်ပွဲပင်လျှင် ဤမျှ ကြောက်စရာမကောင်းလောက်ဘူး မဟုတ်လား။
ကမ္ဘာ့သစ်ပင်၏ ထိန်းချုပ်မှုကြောင့်သာမဟုတ်လျှင် အဇူရာဧကရာဇ်ကြယ်တစ်ခုလုံး ပေါက်ကွဲသွားနိုင်သည်။
"ရလဒ်က ဘာဖြစ်မလဲ"
လူတိုင်း၏ မျက်လုံးများက ပေါက်ကွဲမှု၏အလယ်ဗဟိုကို စိုက်ကြည့်လိုက်ကြသည်။
နောက်ဆက်တွဲ လှိုင်းများကပင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။
သို့ဖြစ်လျှင်၊ ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါးနှင့် ကျွင်းရှောင်ယောက်ကြားက မည်သို့ဖြစ်မည်နည်း။
ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမည်နည်း။
လူတိုင်း အသက်ကိုတောင် ပြင်းပြင်းမရှူဝံ့တော့ပေ။
အားလုံး၏ အာရုံစိုက်မှုအလယ်မှာ...
အခိုးအငွေ့များ တဖြည်းဖြည်း လွင့်ပျယ်သွားသည်။
ဧကရာဇ်ခုနစ်ပါး၏ ရုပ်သွင်က ပထမဆုံး ပေါ်လာခဲ့၏။
ကောင်းကင်မှ ခန့်အပ်ထားသော ဧကရာဇ် ခုနစ်ပါးဟာ တကယ်ကို အားကောင်းသည်ဟု ဆိုနိုင်သည်။
သူတို့အားလုံး၏ နှုတ်ခမ်းထောင့်တွင် သွေးစတချို့ရှိပြီး ဒဏ်ရာအနည်းငယ် ရရှိခဲ့သော်လည်း...
ခြုံငုံကြည့်ရလျှင်တော့ ဒဏ်ရာများက သိပ်ပြီး မပြင်းထန်ပေ။
အားလုံး ပူးပေါင်းလှုပ်ရှားပါက သက်ရောက်မှုများကို မျှဝေလျှော့ချပေးနိုင်သည်။
သို့သော်လည်း၊ ဤအခိုက်တွင် ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါး၏ မျက်လုံးများက ဆန့်ကျင်ဘက်ကို စိုက်ကြည့်နေကြသည်။
သူတို့က ခုနစ်ယောက်ဖြစ်၍ သက်ရောက်မှုကို ဝေမျှနိုင်သည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်ကတော့ အရာအားလုံးအတွက် တစ်ယောက်တည်း ခါးစည်းခံရမည် ဖြစ်၏။
သူဟာ ဧကရာဇ်ခုနစ်ပါး၏ တိုက်ခိုက်ခြင်းများကို ခံနိုင်ရည်ရှိရုံသာမက၊ ကြောက်စရာကောင်းသော နောက်ဆက်တွဲ သက်ရောက်မှုများကိုလည်း ရင်ဆိုင်ရမည် ဖြစ်သည်။
ဤကဲ့သို့ ပြင်းထန်သော ထိုးစစ်အောက်တွင် အဓိပဓိတစ်ပိုင်း ပုဂ္ဂိုလ်တစ်ဦးပင်လျှင် ပြင်းထန်စွာ ဒဏ်ရာရမည် သို့မဟုတ် သေအံ့ဆဲဆဲ ဖြစ်လိမ့်မည်။
ဤအခိုက်တွင် ဆန့်ကျင်ခြင်းဧကရာဇ်ခုနစ်ပါးနှင့် လူအားလုံး၏ မျက်လုံးများက တစ်နေရာကို ကျရောက်နေခဲ့ကြသည်။
"ခွပ်"
တစ်ခုခု ကွဲသွားသကဲ့သို့ အသံထွက်လာခဲ့သည်။
လူများစွာ တုန်လှုပ်သွားကြ၏။
ကျွင်းလုံခန်းနှင့် ကျွင်းမိုရှောင်တို့ဆိုလျှင် ပို၍ပင် စိုးရိမ်ပူပန်လာတော့သည်။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက်၏ ရုပ်သွင်ကို မြင်လိုက်ရသည်။
သူ့ခန္ဓာကိုယ်ပေါ်မှ ခုနစ်ရောင် နဂါးချပ်ဝတ်တန်ဆာက အက်ကြောင်းများဖြင့် ပြည့်နေသည်။
ထို့နောက် အသံတစ်ချက်ဖြင့် ကွဲအက်သွားပြီး အလင်းအမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွား၏။
သို့သော်လည်း ကျွင်းရှောင်ယောက်ကိုယ်တိုင်က ဖုန်မှုန့်များ မစွန်းထင်းသော အဖြူရောင်အဝတ်အစားများဖြင့် တည်တည်ငြိမ်ငြိမ် ရှိဆဲပင်။
သူ ဘဝပျက်မနေပေ။
ဒဏ်ရာလည်း မရပါ။
သွေးအိုင်ထဲ လဲနေရန်ဝေးစွ၊ ဘာဆိုဘာမှမဖြစ်ပါ။
တစ်ခုတည်းသော အပြောင်းအလဲဟူ၍ သူ့ကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာ ပျက်စီးသွားခြင်းသာ ရှိသည်။
ဧကရာဇ်ခုနစ်ပါး၏ ပြင်းထန်သော ပေါင်းစပ်တိုက်ခိုက်မှုက ကျွင်းရှောင်ယောက်၏ ခုနစ်ရောင် နဂါးချပ်ဝတ်တန်ဆာကိုသာ အမှန်တကယ် ကွဲကြေစေခဲ့ပေသည်။
"ဟင်"
"သေရော"
"ဒီ ကျွင်းရှောင်ယောက်က လူရောဟုတ်ရဲ့လား"
ပါရမီရှင်အချို့မှာ မျက်လုံးများ ကျွတ်ထွက်မတတ် ပြူးကျယ်သွားခဲ့သည်။
သူက ဒီလောက်တောင်ကြမ်းတာလား။
ပုံပြောသူတောင်မှ ဒီလောက် ကြွားလုံးထုတ်ဝံ့မည် မဟုတ်ပေ။
သို့သော်...
မျက်စိရှေ့တွင် အဖြစ်မှန်က ရှိနေပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က လက်တစ်ဖက်ကို နောက်ပစ်ပြီး ပျက်စီးခြင်းလှံပုဆိန်ကို ကိုင်ဆောင်ထားသည်။ အဖြူရောင် သူ့ဝတ်စုံက လေထဲတွင် တဖျတ်ဖျတ် လူးလွန့်နေ၏။
သူ့အသွင်မှာ ထာဝရ ရှုံးပွဲမရှိသော စစ်နတ်ဘုရားကဲ့သို့ပင်။
"ဒါက..."
ကူတိကျစ်ကဲ့သို့ အကြံအစည်ကြီးသူတစ်ယောက်ပင်လျှင် သဘာဝမကျသော အမူအရာများ ဖြစ်နေခဲ့သည်။
သူတို့က အကောင်းဆုံးကြိုးစားပြီး ဧကရာဇ်လက်နက်တံဆိပ်များကိုပင် အသုံးပြုခဲ့ကြပေသည်။
သို့ပေမည့် အဆုံးမှာတော့ ကျွင်းရှောင်ယောက်၏ ချပ်ဝတ်တန်ဆာကိုသာ ဖျက်ဆီးနိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်မှာတော့ ဒဏ်ရာဟူ၍ လုံးဝ မရှိခဲ့ပေ။
'သေစမ်း၊ သူက ဘယ်လို မကောင်းဆိုးရွားမျိုးလဲ'
ကျိတောက်ရီလည်း သူ့စိတ်ထဲမှာ မတည်ငြိမ်နိုင်တော့ပေ။
သူတို့ခုနစ်ဦးက အားထုတ်ပြီး တိုက်ခိုက်ခဲ့ကြသော်လည်း ကျွင်းရှောင်ယောက်ကို အနည်းငယ်မျှ မထိခိုက်စေနိုင်ခဲ့ပါ။
ယင်းက ဒေါသထွက်စရာကောင်းလွန်းသည်။
သို့သော်လည်း ဧကရာဇ်ခုနစ်ပါးနှင့် အခြားမည်သူမျှ မသိခဲ့ကြသည်မှာ...
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တွင်းမှ မေယုကမ္ဘာအချို့ ကွဲသွားခဲ့ရခြင်း ဖြစ်သည်။
မေယုကမ္ဘာက ခွန်အား၏ ထောက်ပံ့မှုသာမက အခိုင်မာဆုံး ကာကွယ်ရေးလည်း ဖြစ်ချေသည်။
ကျွင်းရှောင်ယောက်ကို ထိခိုက်စေလိုပါက မေယုကမ္ဘာ အလွှာများစွာကို ဦးစွာ ဖြတ်ကျော်ရမည် ဖြစ်သည်။
ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါး၏ ပေါင်းစပ်လုပ်ဆောင်မှုက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းပေသည်။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တွင်းမှ မေယုကမ္ဘာပေါင်း တစ်ရာကျော်က တိုက်ရိုက် အက်ကွဲသွားခဲ့သည်။
ယင်းကို အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်စေရန် နည်းလမ်းမရှိပါ။
သို့သော်လည်း ကျွင်းရှောင်ယောက်က ဂရုမစိုက်ပေ။
ရှင်သန်ခြင်းကျမ်းကို လေ့ကျင့်ထားသည့်အချက်အား ဘေးဖယ်ထားလျှင်ပင်...
သူ့ကိုယ်ခန္ဓာက ပုံမှန်မဟုတ်သော ပြန်လည်ကောင်းမွန်နိုင်စွမ်း ရှိသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်က လုံးဝ ဂရုမစိုက်ပါ။
"မင်းတို့ရဲ့ ဝှက်ဖဲအစစ်ကို ပြလိုက်ပါ။ ဒီလောက်နဲ့ ငါကို စိတ်ဝင်စားစေမှာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ပြောလိုက်သည်။
ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးတွင် အလွန်ကြောက်စရာကောင်းသော ပေါင်းစပ်တိုက်ခိုက်မှုတစ်ခုရှိကြောင်း ရွယ်ယွဲ့ထံမှ သိထား၏။
ယင်းက ကျွင်းရှောင်ယောက်ကို အနည်းငယ် စိတ်ဝင်စားစေသည်။
ကူတိကျစ်၏ အမူအရာက ပို၍ လေးနက်လာခဲ့သည်။
သူက လူတိုင်းကို အဆုံးစွန်နည်းလမ်းအတွက် အသိပေးတော့မည့်အချိန်တွင်...
အဝေးမှ အေးစက်စက်နှင့် ခက်ထန်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"ကျွင်းရှောင်ယောက်... ကျွင်းရှောင်ယောက်၊ နောက်ဆုံးတော့ မင်းကို ငါတွေ့ပြီ"
ဤအတန်ငယ်ရင်းနှီးသောအသံက ကျွင်းရှောင်ယောက်ကို မျက်ခုံးပင့်စေခဲ့သည်။
အားလုံးလည်း အသံလာရာကို တအံ့တဩ လှမ်းကြည့်လိုက်၏။
"ဒါက ရွှေကျီးကန်း ဒသမမင်းသားလား"
"ဘယ်လိုဖြစ်နိုင်မှာလဲ၊ ရွှေကျီးကန်း ဒသမမင်းသားက ကျွင်းရှောင်ယောက်ရဲ့ လက်ထဲမှာ ရက်ရက်စက်စက် ရှုံးနိမ့်ခဲ့ရတာ မဟုတ်ဘူးလား။ ဒီမှာ ဘာဖြစ်လို့ ပေါ်လာရတာလဲ"
"မဟုတ်သေးဘူး၊ သူ့တစ်ကိုယ်လုံးက ဖရိုဖရဲစွမ်းအင်တွေနဲ့ ပြည့်နေတယ်။ ရွှေကျီးကန်း ဒသမမင်းသားက ဖရိုဖရဲခန္ဓာကိုယ်ကို အမှန်တကယ် လေ့ကျင့်နိုင်ခဲ့ပြီလား"
"ကြည့်ကြစမ်း၊ သူ့ဘေးမှာ အကျဉ်းကျနေသူက နတ်သမီးယွမ်ပဲ"
ရွှေကျီးကန်း ဒသမမင်းသား ရောက်ရှိလာခြင်းက အားလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။
တကယ်တော့၊ လူတော်တော်များများက ရွှေကျီးကန်း ဒသမမင်းသားကို မေ့လုနီးပါးပင်။
ဧကရာဇ်သင်္ချိုင်းကြယ်တွင် သူက လူစုပြီး ကျွင်းရှောင်ယောက်ကို ဝိုင်းရံတိုက်ခိုက်ခဲ့သည်။
သို့သော်လည်း နောက်ဆုံးတွင် လူနှစ်ဦးသေဆုံးပြီး တစ်ဦးသာ ဒဏ်ရာအပြင်းအထန်ရပြီး လွတ်မြောက်ခဲ့ပေသည်။
နေနတ်ဘုရားတောင်၏ မင်းသားဆယ်ပါးမှာလည်း တစ်ဦးသာ ကျန်သည်။
သူ့အဖြစ်မှာ အလွန်တရာ သနားစရာကောင်းသည်ဟု ဆိုနိုင်ပေသည်။
နောက်ပိုင်းမှာတော့ ရွှေကျီးကန်းဒသမမင်းသားကြောင့် ဖြစ်ပေါ်လာသော လှိုင်းများကို မမြင်ရ မကြားရတော့ပါ။
သို့သော်လည်း ယခုအခါ ရွှေကျီးကန်းဒသမမင်းသားက ဖရိုဖရဲခန္ဓာဖြင့် ပြန်ပေါ်လာပြီ ဖြစ်သည်။ ယင်းက လူတိုင်း၏ မျှော်လင့်ချက်များကို ကျော်လွန်သွားသည်မှာ သံသယဖြစ်စရာ မလိုတော့ပေ။
"ရွှေကျီးကန်း ဒသမမင်းသား..."
ကျွင်းရှောင်ယောက်၏ အေးစက်စက် မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သူက ရွှေကျီးကန်း ဒသမမင်းသားကို ဂရုမစိုက်ပေ။
သူ့ဘေးတွင် ချုပ်နှောင်ခံထားရသောသူကိုသာ စိတ်ပူသည်။
သူမက နတ်သမီးယွမ်။
"ရွှေကျီးကန်း ဒသမမင်းသား၊ သူ့ကို လွှတ်လိုက်စမ်း"
လင်ယွမ်လည်း ယင်းကိုမြင်တော့ အေးစက်စက် လှမ်းအော်လိုက်သည်။
ရွှေကျီးကန်း ဒသမမင်းသားက ဂရုမစိုက်ဘဲ ဖရိုဖရဲစွမ်းအင် လက်ကြီးဖြင့် နတ်သမီးယွမ်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၏။
သူ့အင်အား အနည်းငယ်သုံးလိုက်ရုံဖြင့် နတ်သမီးယွမ်ကို အလွယ်တကူ သတ်နိုင်သည်။
"ကျွင်းရှောင်ယောက်၊ မင်းက ငါ့ညီနောင်ကိုးယောက်ကို သတ်လိုက်ပြီး ငါ့ကိုလည်း အရမ်းဆိုးရွားတဲ့ အခြေအနေကိုရောက်အောင် တွန်းပို့ခဲ့တယ်"
"ဒီမင်းသားရဲ့ အဖြစ်ဆိုးတွေအားလုံးက မင်းကြောင့်ဖြစ်ရတာပဲ"
"အခု မင်း စိတ်လိုက်မာန်ပါ မလုပ်ရင် ပိုကောင်းမယ်။ မဟုတ်ရင် ငါ သူ့ကို အခုချက်ချင်း အသေသတ်ပစ်မယ်"
ရွှေကျီးကန်း ဒသမမင်းသား၏ နှုတ်ခမ်းများက အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
ယခုအချိန်တွင် တစ်ခုတည်းသော သူ့ရည်ရွယ်ချက်မှာ ကျွင်းရှောင်ယောက်ကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နိုင်ရန် ဖြစ်၏။
ကျွင်းရှောင်ယောက်က ဖရိုဖရဲလက်ကြီးဖြင့် ဖမ်းဆုပ်ခံထားရသော နတ်သမီးယွမ်ကို လှမ်းကြည့်လိုက်သည်။
နတ်သမီးယွမ်လည်း ကြယ်ကလေးများကဲ့သို့ တောက်ပနေသော မျက်လုံးဖြင့် ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်၏။
သူမ၏ မျက်လုံးများက တောင့်တမှုတို့ ပေါ်လွင်နေသလို စိတ်ပိုင်းဖြတ်မှုများလည်း ဖြစ်ပေါ်နေတော့သည်။
သူမ ဆုံးဖြတ်ပြီးပြီ။