အခန်း ၈၇၉
Vol. 59 Ch. 879
အခန်း ( ၈၇၉ ) ရွှေကျီးကန်းဒသမမင်းသား၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခြင်း။
ထိုအချိန်တွင် မြင်ကွင်းက ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
အခြေနေက ဤမျှ အလှည့်အပြောင်း များလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
ပထမဦးစွာ၊ ကျွင်းရှောင်ယောက်က တိုင်းတပါး ဧကရာဇ်တစ်ပိုင်းမျိုးနွယ်များမှ ပါရမီရှင်များကို ချေမှုန်းပစ်ခဲ့သည်။
ထို့နောက်တွင် ဧကရာဇ်ခုနစ်ပါးမှ ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ခြင်းဖြင့် အင်မော်တယ်နယ်မြေကြီးတွင် ပြည်တွင်းစစ် ဖြစ်လာခဲ့၏။
ယခုအခါတွင် နောက်ထပ်တစ်မျိုးကို ထည့်သွင်းထားပြီး၊ ရွေကျီးကန်း ဒသမမင်းသား ရောက်လာပြီ။
သူက ခြိမ်းခြောက်ရန်အတွက် နတ်သမီးယွမ်ကိုလည်း ဖမ်းဆီးထားခဲ့သည်။
လူအများ၏ မျက်လုံးအကြည့်များက ကျွင်းရှောင်ယောက်အပေါ် ကျရောက်လာသည်။
ကူတိကျစ်၏ မင်္ဂလာပွဲတွင် သတို့သမီးကို ကျွင်းရှောင်ယောက် ခေါ်ပြေးခဲ့ကြောင်း သူတို့အားလုံး သိကြသည်။
ဤလူနှစ်ယောက်ကြားတွင် ပတ်သက်မှုမရှိဘူးဟု ပြောပါက မည်သူမျှ ယုံမည်မဟုတ်ပေ။
"ရွှေကျီးကန်း ဒသမမင်းသား၊ ဒီနတ်ဘုရားသားတော်ကို ခြိမ်းခြောက်ဖို့ နတ်သမီးယွမ်ကို သုံးနိုင်မယ်ထင်ရင် မင်း လုံးဝမှားသွားပြီ..."
“ဒီနတ်ဘုရားသားတော်ကို ဘယ်အရာကမှ မခြိမ်းခြောက်နိုင်ဘူး"
ကျွင်းရှောင်ယောက်က သူ့အင်္ကျီလက်ကို ခါယမ်းပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။
ယောက်ျားတစ်ယောက်က ပိုအားကောင်းလေလေ၊ ခံစားချက်များကို လျစ်လျူရှုလာလေလေပင်။
ကျွင်းရှောင်ယောက်က အချိန်မြစ်ကြီးတွင် ရပ်တည်နိုင်သည့် အသန်မာဆုံးလူ ဖြစ်မလာသေးသော်လည်း...
စိတ်ဓာတ်ရေးရာမှာ အလွန်ခိုင်မာနေပြီ ဖြစ်သည်။
သူ့ကို တစ်စုံတစ်ခုနှင့် ခြိမ်းခြောက်ရန် မဖြစ်နိုင်ပေ။
"အိုး၊ တကယ်လား"
ရွှေကျီးကန်း ဒသမမင်းသား၏ နှုတ်ခမ်းပေါ်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာသည်။
သူက လေထဲကို ဖမ်းဆုပ်ဟန်ပြုလုပ်လိုက်သည်။ ဖရိုဖရဲစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော လက်ကြီးမှာလည်း အနည်းငယ် တင်းကြပ်သွား၏။
"ဖျစ်"
နတ်သမီးယွမ်၏ မျက်နှာက ရုတ်တရက် ဖြူဖျော့သွားသည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကလေးမှာလည်း အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။
ဤအခိုက်တွင် သူမ၏ ခန္ဓာကိုယ်က နုနယ်ပြီး ကွဲကြေလွယ်သော ကြကြွေထည်ကဲ့သို့ပင်။
"ရွှေကျီးကန်း ဒသမမင်းသား၊ ငါနင့်ကို ပြောနေတယ်နော်။ ရပ်လိုက်"
လင်ယွမ်၏ မျက်နှာက အေးစက်သွားသည်။
နတ်သမီးယွမ်၏ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကို ဆုံးဖြတ်နိုင်သူမှာ သူ လင်ယွမ် ဖြစ်သည်။
အခြားသူများက နတ်သမီးယွမ်ကို ထိခိုက်စေလိုပါက၊ သူမကို ဦးစွာမေးရမည်။
နောက်ဆုံးတော့ ခွေးကို ရိုက်နှက်ချင်လျှင်ပင် ခွေးရှင်မျက်နှာ ကြည့်ရမည်။
သို့ရာတွင်၊ ဤသည်မှာ နတ်သမီးယွမ်က လင်ယွမ်အတွက် ခွေးတစ်ကောင်မျှသာဟု ဆိုလိုခြင်း မဟုတ်ပါ။
သူမက သူ့အတွက် အလွန်အဖိုးတန်သော သက်ရှိကိရိယာတစ်ခု ဖြစ်သည်။
"ဟမ့်"
ရွှေကျီးကန်း ဒသမမင်းသားက သူ့ကို လုံးဝ လျစ်လျူရှုခဲ့သည်။
ယခင်ကတော့ အဓိပဓိအင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်အထောက်အထားကြောင့် လင်ယွမ်နှင့်ပတ်သက်ပြီး ရွှေကျီးကန်း ဒသမမင်းသားမှာ သူ့ကိုယ်သူ ချုပ်တည်းထားခဲ့သည်။
သို့သော်လည်း ထိုအိပ်မက်ဆိုးကြီးကို ရင်ဆိုင်ပြီးချိန်မှာတော့...
ရွှေကျီးကန်း ဒသမမင်းသား လုံး စိတ်ပြောင်းသွားခဲ့ပြီ။
ကျွင်းရှောင်ယောက်ကို လက်စားချေပြီး ဒုက္ခရောက်အောင် လုပ်နိုင်သရွေ့ သူဘာမဆို လုပ်နိုင်သည်။
သူ့ကို ဘယ်သူမှတားလို့မရပေ။
ရွှေကျီးကန်း ဒသမမင်းသားထံမှ ပြင်းထန်သော နာကြည်းမှုနှင့် ဖရိုဖရဲစွမ်းအင်များမှ ထွက်ပေါ်နေသော သေခြင်းအငွေ့အသက်တို့ကိုလည်း ခံစားကြရသည်။
ရုတ်တရက်၊ တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် အံ့အားသင့်မှုတစ်ခု ပေါ်လာခဲ့၏။
ထို့နောက်တော့ သူ့မျက်နှာတွင် ရယ်ချင်ပက်ကျိအမူအရာများ ဖြစ်ပေါ်လာတော့သည်။
"မင်းအတွက် ဖရိုဖရဲခန္ဓာကို လေ့ကျင့်ချင်ရင် ထိုက်ယင်မြင့်မြတ်ခန္ဓာနဲ့ နေမင်းမြင့်မြတ်ခန္ဓာကို ပေါင်းစပ်ဖို့လိုအပ်တယ်။ ဒါပေမဲ့ ငါသိသလောက်ဆိုရင် အခု အင်မော်တယ်နယ်မြေကြီးမှာ ထိုက်ယင်မြင့်မြတ်ခန္ဓာက တစ်ခုပဲ ရှိတယ် မဟုတ်လား"
ကျွင်းရှောင်ယောက်က ပြောဆိုပြီးနောက် အင်မော်တယ်နယ်မြေကြီးမှ လူများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ယွိချန်ကျွမ့်လည်း ဤနေရာတွင် ရှိနေခဲ့၏။
ဤအခိုက်တွင် ယွိချန်ကျွမ့်၏ ခန္ဓာကိုယ်ကလေးက အနည်းငယ် တုန်လှုပ်သွားသည်။ ရွှေကျီးကန်း ဒသမမင်းသားကို ဘယ်လိုလုပ်ပြီး ဖရိုဖရဲခန္ဓာအဖြစ် ပြောင်းလဲသွားမှန်း သူမ တကယ် နားမလည်ပေ။
"ဟမ့်၊ ဒီခွေးမ..."
ရွှေကျီးကန်း ဒသမမင်းသားက ယွိချန်ကျွမ့်ကို အေးစက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ရွှေကျီးကန်း ဒသမမင်းသားကို ညှဉ်းပန်းနှိပ်စက်ပြီးပါက ယွိချန်ကျွမ့်ကိုလည်း သဘာဝအတိုင်း အလွတ်မပေးနိုင်ပေ။
"ပြီးတော့ မင်းရဲ့ ဖရိုဖရဲ စွမ်းအင်တွေထဲမှာ သေခြင်းတရားရဲ့ အငွေ့အသက်တွေ လွင့်နေတယ်၊ ဖြစ်ကောင်းဖြစ်နိုင်တာက..."
ကျွင်းရှောင်ယောက်က တုံ့ဆိုင်းနေဟန်ဖြင့် ဆက်မပြောဘဲ ရပ်လိုက်သည်။
သို့ရာတွင် ဤနေရာမှလူတိုင်းက ထက်မြက်သူများဖြစ်၍ ကျွင်းရှောင်ယောက်၏ စကားအဓိပ္ပာယ်ကို မည်သို့ နားမလည်ဘဲ ဖြစ်မည်နည်း။
"နတ်ဘုရားသားတော်က ရွှေကျီးကန်း ဒသမမင်းသားကို အထူးနည်းလမ်းနဲ့ ဖရိုဖရဲခန္ဓာရရှိအောင် လေ့ကျင့်ထားတယ်လို့ ပြောချင်တာလား"
"ဖြစ်နိုင်တယ်၊ သင်္ချိုင်းဖောက်ပြီး သေဆုံးသွားတဲ့ ထိုက်ယင်မြင့်မြတ်ခန္ဓာကို တူးဖော်တာ ဖြစ်ဖို့များတယ်"
"ဟင်၊ အဲဒါက... ရက်စက်လွန်းတယ် မဟုတ်လား"
ထိုဖြစ်နိုင်ခြေကို တွေးမိသောအခါ လူတိုင်း တုန်လှုပ်သွားကြသည်။
ရွှေကျီးကန်း ဒသမမင်းသားက တကယ်ကို ပြတ်သားသူတစ်ဦးပင်။
ကူတိကျစ်နှင့် အခြားသူများလည်း အနည်းငယ် ထူးဆန်းသော အမူအရာများ ဖြစ်လာခဲ့ကြသည်။
လေထုတစ်ခုလုံးက ရုတ်တရက် ထူးဆန်းသောအခြေအနေကို ကျရောက်သွား၏။
ပတ်ဝန်းကျင်မှ ဆွေးနွေးသံများနှင့် လေထုကို ခံစားမိတော့ ရွှေကျီးကန်း ဒသမမင်းသားမှာ ဒေါသထွက်လွန်းသဖြင့် နဖူးကြောကြီးများ ထောင်ထလာတော့သည်။
ယင်းမှာ သူ အမြဲတမ်း လျှို့ဝှက်ထားသည့် လျှို့ဝှက်ချက်ဖြစ်သော်လည်း အမြင်စူးရှသော ကျွင်းရှောင်ယောက်က ချက်ချင်း သတိပြုမိသွားသည်။
"ရွှေကျီးကန်း ဒသမမင်းသား၊ မင်းမှာ ဒီလို အထူးဝါသနာပါရင် ထာဝရသင်္ချိုင်းမြေကို သွားသင့်တယ်"
ကျွင်းရှောင်ယောက်က ဓားနှင့်ခွဲပြီး ဆားသိပ်ပေးလိုက်သည်။
"ကျွင်း... ရှောင်... ယောက်"
ရွှေကျီးကန်း ဒသမမင်းသား ဒေါသချောင်းချောင်းထွက်ပြီး ဟိန်းဟောက်လိုက်သည်။ ဖရိုဖရဲစွမ်းအင် လက်ကြီးကလည်း အနည်းငယ် တင်းကြပ်သွား၏။
ညည်းညူသံနှင့် နတ်သမီးယွမ်၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။
နတ်သမီးယွမ်၏ အတွင်းအင်္ဂါများက စတင် ဖိချေခံနေရပြီ ဖြစ်သည်။
"ဒဿမမင်းသား၊ မင်း နောက်တစ်ကြိမ်လှုပ်ရှားဝံ့ရင် သေတာထက် ပိုဆိုးတဲ့ဘဝကို မင်းခံစားရလိမ့်မယ်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သွားသည်။
ကျွင်းရှောင်ယောက်သည် သူ့ကို မည်သည့်အရာမှ ခြိမ်းခြောက်ခြင်း မရှိသော်လည်း နတ်သမီးယွမ်ကို လျစ်လျူရှုထားနိုင်သည်ဟု မဆိုလိုပါ။
"ရွှေကျီးကန်း ဒသမမင်းသား၊ ငါ့ကို ဒေါသဖြစ်စေတဲ့ အကျိုးဆက်တွေကို နားလည်သင့်တယ်"
လင်ယွမ်ကလည်း အေးစက်စက်လေသံဖြင့် ဒေါသတကြီး အော်လိုက်သည်။
"ဟားဟားဟား၊ ငါမင်းကို ဒီလိုမြင်ရတာ ကြိုက်တယ်။ လာစမ်း၊ မင်း ပိုပြီး နာကျင်ရလေ ငါ စိတ်ချမ်းသာလေပဲ"
ကျွင်းရှောင်ယောက်၏ အမူအရာကိုမြင်တော့ ရွှေကျီးကန်း ဒသမမင်းသားက ရူးသွပ်စွာ ရယ်မောလိုက်သည်။
"ဒီကောင် ရူးနေပြီ"
ယွိချန်ကျွမ့်လည်း စိတ်တိုလွန်းသဖြင့် အံကို တင်းတင်းကိုက်လိုက်မိသည်။
သူမကို ရရှိဖို့အတွက် ရွှေကျီးကန်း ဒသမမင်းသားဟာ အင်မော်တယ်စစ်ပွဲကိုပင် ဆင်နွှဲပြီး သန်းနှင့်ချီသော အသက်များကို သေကြေပျက်စီးစေခဲ့သည်။
ယခုဆိုလျင် သူ့စရိုက်က ဆိုးရွားလာပြီး လုံးဝ ပုံမှန်မဟုတ်တော့ပေ။
ဤလူများက အနှေးနှင့်အမြန် ရူးသွပ်သွားကြမည် ဖြစ်သည်။
"ငါ အရူးတွေနဲ့ စကားမပြောဘူး"
ကျွင်းရှောင်ယောက်က အေးစက်စက် ပြောလိုက်သည်။
"တကယ်လား၊ ဒါဆိုရင် အခု မင်း အဲဒီနေရာမှာ လိမ်လိမ်မာမာရပ်ပြီး ငါတိုက်ခိုက်တာကို ခွင့်ပြုပါ။ မဟုတ်ရင် နတ်သမီးယွမ်ကို သတ်ပစ်မယ်"
ရွှေကျီးကန်း ဒသမမင်းသားက ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြည့်လိုက်သည်။
သူသည် ကျွင်းရှောင်ယောက်ကို သူ့လက်ဖြင့် တစ်စစီ ဆုပ်ဖြဲချင်သည်။
အရက်စက်ဆုံး နည်းလမ်းနှင့် လူတိုင်းရှေ့တွင် သေစေချင်၏။
လေထုက ခဏတာ အေးခဲသွားသည်။
ဤသို့ဖြစ်လာမည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
ကူတိကျစ်လည်း မျက်မှောင်ကြုတ်ပြီး မျက်လုံးများ အရောင်လက်သွားသည်။
ကျွင်းရှောင်ယောက်ကို သူ့လက်နှင့်သတ်ဖို့ အခွင့်အလမ်းရှာရန် စဉ်းစားလိုက်၏။
အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများ၊ တိုင်းတစ်ပါးပြည်၏ လူများ၊ ဧကရာဇ်ခုနစ်ပါးနှင့် လူတိုင်းက အခြေအနေအကြောင်း စဉ်းစားနေချိန်တွင်...
အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
နတ်သမီးယွမ် ဖြစ်၏။
သူမ၏ အတွင်းအင်္ဂါများ ကွဲအက်သွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သော်လည်း... သူ ပြုံးလိုက်သည်။
ယင်းက သွေးစွန်းနေသော အပြုံး တစ်ခုပင်။
"သခင်လေး... ယွမ်အတွက် စိတ်ပူနေတာလား"
ကျွင်းရှောင်ယောက်က ဆိတ်ဆိတ်နေပြီး ပြန်မပြောပေ။
ကျွင်းရှောင်ယောက်သည် သူမအတွက်ကြောင့် ရွှေကျီးကန်း ဒသမမင်းသားနှင့် အပေးအယူလုပ်မည်မဟုတ်ကြောင်း နတ်သမီးယွမ် သိသည်။
သို့သော်လည်း ကိစ္စမရှိပေ။
သူ့အတွက်တော့ ကျွင်းရှောင်ယောက်က သူ့ကို နည်းနည်းလောက် စိတ်ပူနေသရွေ့ ပျော်ရွှင်နိုင်သည်။
နောက်ဆုံးတွင်၊ နတ်သမီးယွမ်၏ အမှောင်ဖုံးနေသော ဘဝတွင်...
ကျွင်းရှောင်ယောက်၏ အသွင်အပြင်က တစ်ခုတည်းသော အလင်းရောင် ဖြစ်သည်။
"သခင်လေးနဲ့ တွေ့ရတာ ယွမ်အတွက် ကံကောင်းခြင်းတစ်ခုပါပဲ"
"သခင်ငယ်လေးနဲ့ မတွေ့ဆုံခင်က၊ ယွမ်ဟာ ကိုယ့်ကိုယ်ကိုယ် ဒီဘဝက တစ်စုံတစ်ယောက်ရဲ့ အရိပ်အဖြစ်နဲ့ သနားစရာအခြေအနေမှာပဲ အမြဲရှိနေမယ်လို့ ထင်ခဲ့တာ"
"ဒီကမ္ဘာကြီးမှာ ရှင်သန်နေထိုင်ခြင်းရဲ့ အဓိပ္ပာယ်ကိုလည်း အရင်က နားမလည်ခဲ့ပါဘူး"
"ဒါပေမဲ့ အခုတော့ ယွမ် နားလည်သွားပြီ"
"ယွမ် ရှင်သန်နေခဲ့ခြင်းရဲ့ အဓိပ္ပါယ်က သခင်ငယ်လေးနဲ့ တွေ့ဖို့ပဲ..."
နတ်သမီးယွမ်က ပြုံးလျက် ပြောလိုက်သည်။ သို့သော်လည်း သူမ၏ မျက်လုံးများမှာတော့ မျက်ရည်များ ဝဲနေခဲ့၏။
သူတို့နှစ်ယောက် ပထမဆုံး တွေ့ခဲ့သောအချိန်မှာ သူမက လရောင်အောက်မှ အဆောက်အဦပေါ်၌ ကခုန်ပြခဲ့သည်။
အဖြူရောင်ဝတ်စုံဖြင့် လူငယ်လေးကတော့ ကြည်လင်သော မျက်လုံးများဖြင့် သူမကခုန်နေတာကို ကြည့်နေခဲ့၏။
ယင်းမှာ နတ်သမီးယွမ်နှင့် ကျွင်းရှောင်ယောက်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
နောက်ပိုင်းမှာတော့ နှစ်ယောက်သား အတူတူ ခရီးဆက်ရင်း စွန့်စားခဲ့ကြသည်။
နောက်ပိုင်းတော့ နတ်သမီးယွမ်က ထွက်သွားတော့မည်။ ထိုအချိန်ခဏလေးတွင် သူမက ပျော်ရွှင်စွာကခုန်ရင်း အနမ်းတစ်ပွင့်ချန်ခဲ့သည်။
ထို့နောက်တွင် ကူတိကျစ်က သူမကိုလက်ထပ်ရန် ပြင်ဆင်ခဲ့သည်။
သို့ရာတွင် ကျွင်းရှောင်ယောက်က သူရဲကောင်းတစ်ဦးကဲ့သို့ တိုက်ရိုက် ဝင်ရောက်လာပြီး သူမကို ခေါ်ဆောင်သွား၏။
ထို့နောက် ကြယ်များကြားတွင် သူမနှင့်အတူ လမ်းလျှောက်ခဲ့လေသည်။
ထိုအချိန်က နတ်သမီးယွမ်၏ဘ၀တွင် အပျော်ဆုံးအချိန်များ ဖြစ်ခဲ့သည်။
ယခုလည်း သူမ အနှစ်သက်ဆုံး အဖြူရောင်ဝတ် လူငယ်လေးကို ပြန်မြင်နေရပြီ။
နတ်သမီးယွမ်လည်း မျက်ရည်ဝိုင်းသော မျက်ဝန်းဖြင့် ကြည့်ကာ ပြုံးလိုက်သည်။
"အမှောင်ထုအားလုံးကို အတိတ်မှာပဲ ထားခဲ့တယ်"
"သခင်လေးနဲ့ တွေ့ပြီးကတည်းက... နွေးထွေးတဲ့ နေအလင်းရောင်ကြောင့် ဆောင်းနှင်းတွေ အရည်ပျော်ကုန်သလို ကြယ်လေးတွေလည်း ပိုလို့ တောက်ပလာခဲ့ရပါတယ်"