အခန်း ၈၈၅
Vol. 59 Ch. 885
အခန်း ( ၈၈၅ ) နတ်ဘုရား မိစ္ဆာအတွေး၏ ကြောက်မက်ဖွယ် စွမ်းအား၊ ကောင်းကင်ပြိုကျခြင်း၊ သုံးဆယ့်ခြောက်ဆင့် ကစဉ့်ကလျား မိုးပြာရောင်ကြာပန်း။
ပျက်စီးခြင်း၏ အရှိန်အဝါက အရပ်ရပ်သို့ ပျံ့လွင့်လာခဲ့သည်။
ယခုအချိန်တွင် ရှန်းရွှီကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမဖြစ်စပြုလာခဲ့၏။
ကြီးမားသော အက်ကြောင်းများကလည်း ဟင်းလင်းပြင်သို့ မိုင်ပေါင်း သန်းရာနှင့်ချီ ပျံ့နှံ့သွားတော့သည်။
ယင်းမှာ နတ်ဘုရား မိစ္ဆာအတွေး၏ ကြောက်မက်ဖွယ် စွမ်းအားကို မခံနိုင်ဘဲ ရှန်းရွှီကမ္ဘာတစ်ခုလုံး တဖြည်းဖြည်း ပြိုကွဲလာခြင်း ဖြစ်သည်။
ဤမိစ္ဆာအတွေးက ရှေးသမိုင်းမှ ထွက်လာသကဲ့သို့ပင်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက လူများကို ဒူးထောက်ပြိုလဲသွားစေနိုင်သည်။
ဧကရာဇ်တစ်ပါး၏ မိစ္ဆာအတွေးက အကန့်အသတ်မရှိသော ကပ်ဆိုးများနှင့် သွေးမြစ်များကို ဖြစ်စေနိုင်ပေသည်။
ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါးမှ အသွင်ပြောင်းသော မိစ္ဆာအတွေးကတော့ အထူးပြောနေရန်ပင် မလိုတော့ပါ။
ထိုစွမ်းအားက ကောင်းကင်ကိုပင် ဖြိုချပစ်နိုင်သည်။
စစ်မှန်သောဧကရာဇ်တစ်ပါး လှုပ်ရှားခဲ့လျှင်ပင် ၎င်းကို တားဆီးနိုင်မည် မဟုတ်ပေ။
ကြယ်ကောင်းကင်မှ လူတိုင်း ခေါင်းမွေးထောင်ထသွားသလို ခံစားလိုက်ရသည်။
တိုင်းတစ်ပါးမှ သတ္တဝါများပင် ကြောက်ရွံ့တုန်လှုပ်သွား၏။
ဒဏ္ဍာရီလာ ဧကရာဇ်တစ်ပါး၏ မိစ္ဆာအတွေးက အလွန်ကြောက်စရာကောင်းပြီး သူတို့အားလုံးကို အေးစက်သွားစေသည်။
အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများဆိုလျှင် မျက်စိမျက်နှာပျက်နေကြတော့သည်။
"ပြီးပြီ၊ အားလုံးပြီးပြီ..."
မုန့်ကျန်း၏ မျက်လုံးများက အသက်မဲ့သွားသည်။
သူတို့ဟာ ဒုစရိုက်အတွေးခုနစ်ခု ၎င်းတို့၏တံဆိပ်ကို ချိုးဖျက်ပြီး ပေါင်းစည်းခြင်းမှ တားဆီးရန် ရှန်းရွှီကမ္ဘာသို့လာခဲ့ကြသည်။
ရလဒ်အနေဖြင့် သူတို့ဟာ လုံးဝ မတားဆီးနိုင်ခဲ့ပေ။
ရှန်းရွှီကမ္ဘာတစ်ခုလုံး ဤမိစ္ဆာအတွေးကြောင့် ပျက်စီးသွားတော့မည် ဖြစ်သည်။
ထိုအချိန်တွင် တိုင်းတပါးမှ တပ်မဟာကြီးများက အလုံးအရင်းဖြင့် ချီတက်လာနိုင်လိမ့်မည်။
ဤအခိုက်တွင် အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူအားလုံး သွေးစမ်းမရတော့ပါ။
သူတို့၏ နှလုံးသားထဲတွင် စိတ်ပျက်အားငယ်စပြုလာသည်။
ယင်းမှာ သေခြင်းတရားနှင့် ရင်ဆိုင်ရသည့် စိတ်ပျက်အားငယ်ခြင်းတစ်မျိုးပင်။
ဤမိစ္ဆာအတွေးမှာ ကမ္ဘာကိုဖျက်ဆီးရန် ရည်ရွယ်ချက်တစ်ခုဖြင့် ဆင်းသက်လာခဲ့သည့် နတ်ဆိုးတစ်ပါးကဲ့သို့ ဖြစ်သည်။
ကူတိကျစ်လည်း ဤတော့မှ သူ အလွန်များသွားပြီဆိုတာကို သဘောပေါက်သွားသည်။
အခြေအနေကို လုံးဝ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပါက ကြီးမားသော သက်ရောက်မှုများ ရှိလိမ့်မည်။
ရှန်းရွှီကမ္ဘာ ပြိုကျသွားသည်နှင့် တပြိုင်နက် တိုင်းတပါး တပ်များက ချက်ချင်း ချီတက်လာတော့မည်။
ထိုအချိန်တွင်၊ ကမ္ဘာနှစ်ခုကြားမှ တကယ့်စစ်ပွဲနှင့် ကမ္ဘာ့ကပ်ဆိုးကြီးတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ဤစစ်ပွဲမျိုးက ခေတ်တစ်ခုကို လုံးဝ ပြောင်းလဲနိုင်ပေသည်။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်က တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်လိုက်သည်။
ဤနတ်ဘုရား၏ မိစ္ဆာအတွေးနှင့် ယှဉ်လျှင် ဧကရာဇ် ခုနစ်ပါးက လုံး၀ ဖော်ပြရန်ပင် မဖြစ်နိုင်ပါ။
သို့သော်...
ယခုအချိန်တွင်၊ ဤမိစ္ဆာအတွေးကို မည်သူမျှ မတားဆီးနိုင်တော့ပေ။
ကြယ်ကောင်းကင်တွင် နတ်ဘုရား၏မိစ္ဆာအတွေးများ၏ ပတ်ဝန်းကျင်မှ မဟာတာအို နိယာမများက ပြိုကျလာခဲ့သည်။
အမျိုးမျိုးသော အင်မော်တယ်များနှင့် နတ်ဘုရားများ ငိုကြွေးမြည်တမ်းကာ ကောင်းကင်ကြီးပြိုကျသွား၏။ သက်ရှိသတ္တဝါအားလုံး၏ သေဆုံးခြင်းနှင့် ကြောက်မက်ဖွယ်ရာ မြင်ကွင်းများလည်း ပေါ်လာတော့သည်။
နတ်ဘုရား၏ မိစ္ဆာအတွေးများက ဧကရာဇ်နယ်ပယ်အထက် ပုဂ္ဂိုလ်ကြီးများ၏ စွဲလမ်းမှု ဖြစ်သည်။
အသက်ရှင်ချိန်တွင် သန့်စင်သော်လည်း သေဆုံးပြီးနောက် ဆိုးရွားသောင်းကျန်းကြလိမ့်မည်။
အဇူရာဧကရာဇ်က သာမန်လူများကိုပင် ဂရုစိုက်ပြီး ကိုယ်ကျိုးမဖက်သော ချစ်ခြင်းမေတ္တာရှိသူ ဖြစ်သည်။
ထို့ကြောင့် သူ၏ မိစ္ဆာအတွေးကလည်း အကန့်အသတ်မဲ့ ဆိုးညစ်သော အတွေးများနှင့် နတ်ဆိုးသဘာ၀ကို ပိုင်ဆိုင်ထားကာ ပို၍ ကြောက်စရာကောင်းလာတော့သည်။
"ဝုန်း"
မိစ္ဆာအတွေးက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ကမ္ဘာ့သစ်ပင်ကို တိုက်ရိုက် လှမ်းဆွဲလိုက်သည်။
ကမ္ဘာသစ်ပင်က အလွန်ကြီးမားပြီး ကစဉ့်ကလျား စွမ်းအင်များ စီးဆင်းနေသည်။
ဤအခိုက်တွင် ကမ္ဘာ့သစ်ပင်က တုန်ခါပြီး အမျိုးမျိုးသော ကစဉ့်ကလျား နိယာမများနှင့် ကမ္ဘာစွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာ၏။
ကမ္ဘာသစ်ပင်တွင်လည်း ဗီဇတစ်မျိုးမျိုးရှိကာ နတ်ဘုရား၏မိစ္ဆာအတွေးကို လက်မခံလိုကြောင်း ထင်ရှားသည်။
"ဟမ့်..."
မိစ္ဆာအတွေးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
ရုတ်တရက်၊ မိုးကြိုးထစ်ချူန်းသလို ကောင်းကင်ကြီး ပပေါက်ကွဲသွား၏။
ထိုနေရာရှိ သတ္တဝါအားလုံး၏ သွေးများ ပွက်ပွက်ဆူလာကာ သွေးများ အန်ထွက်လာကြတော့သည်။
အားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
ပေါ့ပေါ့ပါးပါး နှာခေါင်းရှုံ့သံကိုပင် မခံနိုင်ဘဲ အားလုံး ထိခိုက်သွား၏။
ယင်းက မည်မျှကြောက်စရာကောင်းလိုက်ပါသနည်း။
မိစ္ဆာအတွေးက ကမ္ဘာ့သစ်ပင်ကို ဆက်လက် ဆုပ်ကိုင်လိုက်သည်။
ကစဉ့်ကလျား နိယာမများတုန်ခါပြီး ကမ္ဘာကြီး ပြိုကျသွား၏။
ဤကမ္ဘာကြီးက ရှေးဦးကစဉ့်ကလျား ပြန်ရောက်သွားသကဲ့သို့ပင်။
ဤမှ ကမ္ဘာ့သစ်ပင်၏စွမ်းအားကို မြင်နိုင်သည်။
သို့သော်လည်း ယခုအခါတွင် ကမ္ဘာ့သစ်ပင်က ပိုင်ရှင်မဲ့အရာတစ်ခုသာဖြစ်ပြီး နတ်ဘုရား၏ မိစ္ဆာအတွေးကို တွန်းလှန်ရန် မဖြစ်နိုင်သေးပေ။
စကြဝဠာကြီးတွင် ကြီးမားသော အက်ကြောင်းများ ပေါ်လာသည်။ နယ်စပ်တစ်ဖက်မှ အင်မော်တယ်နယ်မြေကြီးကိုပင် ယောင်ဝါးဝါး လှမ်းမြင်ရ၏။
ယခုအချိန်တွင်၊ ရှန်းရွှီကမ္ဘာအပြင်ဘက် နယ်စပ်မှာ...
အမာရွတ်လေးခုသခင်ကြီးနှင့် အခြား နယ်စပ်ရှိ စစ်မှုထမ်းဟောင်း ပုဂ္ဂိုလ်ကြီးအားလုံး မျက်နှာပျက်သွားခဲ့ကြသည်။
“နောက်ဆုံးတော့ ငါတို့ဘာမှ မလုပ်နိုင်သေးဘူးပေါ့"
အမာရွတ်လေးခုသခင်ကြီးက မျက်မှောင်ကြုတ်ထားရင်းမှ သက်ပြင်းချလိုက်သည်။
ရှန်းရွှီကမ္ဘာဖြစ်သော မိုးပြာရောင်ကြာပန်းက ယခုအခါ အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီ။
အက်ကြောင်းများမှ အလွန်ကြောက်စရာကောင်းသော မိစ္ဆာအတွေးဟာ ရှန်းရွှီကမ္ဘာကို ဖြတ်ကျော်သွားတော့မည်ကိုလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ကြသည်။
ထိုအချိန်မှာ၊ တိုင်းတပါး၏ ကျူးကျော်မှုကို ဘေးဖယ်ထားလျှင်ပင်...
ဤနတ်ဘုရား၏ မိစ္ဆာအတွေးသက်သက်က အကန့်အသတ်မရှိသော ဘေးဒုက္ခများကို ဖြစ်စေနိုင်သည်။
"အရာအားလုံးပြီးသွားပြီ"
နယ်စပ်မှ အကြီးအကဲ အဘိုးအိုတစ်ဦးက လေးတွဲ့စွာ ပြောလိုက်သည်။
"ကောင်းကင်ကိုးခု အင်မော်နယ်မြေကြီးက အင်မော်တယ် အင်အားစုအားလုံးကို စစ်ပွဲကြီးတစ်ခု စတင်တော့မယ် ဖြစ်ကြောင်း ငါတို့ အသိပေးကြစို့"
"နောက်ပြီးတော့ မိစ္ဆာအတွေးကို ထိန်းချုပ်ထားဖို့လိုတယ်။ မဟုတ်ရင် သူက သက်ရှိတွေအတွက် ကပ်ဆိုးတစ်ခု ဖြစ်လာစေမှာ သေချာတယ်"
အကြီးအကဲအားလုံး၏ မျက်နှာပေါ်တွင် စိုးရိမ်သောကအမူအရာများ အထင်အရှား ပေါ်လွင်နေခဲ့သည်။
"ဟင်း၊ အဲဒါက မလွယ်ပါဘူး။ မင်း ဒီနတ်ဘုရားရဲ့ မိစ္ဆာအတွေးကို ထိန်းထားချင်ရင် ဧကရာဇ်တစ်ပါးထက် ပိုလိုတယ်"
"ရှေးက ပဋိညာဉ်ကြောင့်၊ အခု ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးမှာ ဧကရာဇ်တွေက အရမ်းနည်းနေပြီလေ။ အချိန်တိုအတွင်းမှာ ဧကရာဇ်နည်းနည်းကို ဘယ်မှာ ရှာတွေ့နိုင်မှာလဲ"
အမာရွတ်လေးခု သခင်ကြီးက ခေါင်းခါယမ်းလိုက်သည်။
ထိုအချိန်တွင်... ကြယ်ကောင်းကင်မှာ...
အားကောင်းသော အရှိန်အဝါများနှင့် လူရိပ်များ ထွက်ပေါ်လာခဲ့သည်။
၎င်းတို့က နယ်စပ်တွင် တစ်နှစ်ပတ်လုံး တပ်စွဲထားသည့် ဧကရာဇ်တစ်ပိုင်းတချို့ ဖြစ်ချေသည်။
“အခြေအနေက မကောင်းတော့ဘူး"
ဧကရာဇ်တစ်ပိုင်း အကျော်အမော်တစ်ဦးက ခပ်တိုးတိုး ပြောလိုက်သည်။
"နတ်ဘုရားရဲ့ မိစ္ဆာအတွေး ထွက်လာပြီဆိုရင် ငါတို့ လူနည်းစုနဲ့ ဖိနှိပ်ထားဖို့ လုံးဝ မဖြစ်နိုင်ဘူး"
"အံ့ဖွယ်တစ်ခုခု ဖြစ်လာနိုင်ဦးမလား"
.................
နယ်စပ်ရှိ အကျော်အမော်များက အလွန်စိုးရိမ်နေကြချိန်...
ရှန်းရွှီကမ္ဘာတွင်။
စကြဝဠာကြီး တုန်လှုပ်သွားသည်။
ကောင်းကင်ကြီးက အုတ်ကြွပ်များကဲ့သို့ ပြိုကျလာ၏။
နတ်ဘုရား၏မိစ္ဆာအတွေးက ကမ္ဘာကိုဖြတ်သန်းပြီး ပြင်ပကမ္ဘာသို့သွားလိုသည်မှာ ထင်ရှားသည်။
နေရာတွင်ရှိသော တိုင်းတစ်ပါး သတ္တဝါများစွာတို့ကတော့ စိတ်လှုပ်ရှားမှုများ ဖြစ်လာကြ၏။
သူတို့၏ ရည်မှန်းချက်တို့ ပြီးမြောက်ခဲ့ပြီ။
ဤအခိုက်တွင် ကျွင်းရှောင်ယောက် မျက်မှောင်ကြုတ်လိုက်သည်။
သူ့အတွင်းစကြာဝဠာထဲမှာ...
အသက်စမ်းရေတွင်းတွင် နှစ်မြုပ်ထားသော ရှေးဦးကြာမျိုးစေ့က နတ်ဘုရား၏မိစ္ဆာအတွေးကို ခံစားသိရှိပုံရသည်။
ကြာစေ့ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းများ ပိုများလာ၏။
အဆုံးမှာတော့ မရေမတွက်နိုင်သော ကစဉ့်ကလျား နိယာမများ ထွက်လာတော့သည်။
"ဒါက..."
ကျွင်းရှောင်ယောက်လည်း ဝိညာဉ်အသိဖြင့် သတိပြုမိခဲ့ပြီး အံ့သြသွားမိသည်။
ကျွင်းရှောင်ယောက်လည်း ရွှေကျီးကန်းဒသမမင်းသားကို ရင်ဆိုင်ဖူး၏။
သို့သော်လည်း ရွှေကျီးကန်း ဒသမမင်းသားက ဖရိုဖရဲခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားလျှင်ပင်...
သူထိန်းချုပ်ထားသော ကစဉ့်ကလျားစွမ်းအားက လက်ရှိ ကစဉ့်ကလျားစွမ်းအားထက် များစွာ နိမ့်ကျနေသည်။
ဤကစဉ့်ကလျား စွမ်းအားမျိုးက အလွန်သန့်စင်ပြီး ရှေးဦးကစဥ့်ကလျားမှ အမှန်တကယ် ပေါ်လာခဲ့ပုံရပေသည်။
ရှေးဦးကြာပန်းမျိုးစေ့များ ကွဲအက်ခြင်းနှင့်အတူ...
မိုးပြာရောင် ကြာပန်းတစ်ပွင့် ပေါ်လာသည်။
ဤကြာပန်းတွင် စုစုပေါင်း သုံးဆယ့်ခြောက်ရွက်ရှိပြီး ကစဉ့်ကလျားစွမ်းအင်များဖြင့် ဝန်းရံထား၏။
ရှေးဦးကစဉ့်ကလျားမှ ဖြစ်ပေါ်လာသည့် ပြီးပြည့်စုံသော နိယာမများပင် ရှိသေးသည်။
"ဒါက..."
ကျွင်းရှောင်ယောက် တကယ်ကို အံ့သြပြီး မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
ကျွင်းရှောင်ယောက် ခန့်မှန်းထားတာ မမှားပေ။
ဤသည်မှာ သုံးဆယ့်ခြောက်ဆင့် ကစဉ့်ကလျား မိုးပြာရောင်ကြာပန်း ဖြစ်သင့်သည်။
ယခင် မိစ္ဆာအတွေးခုနစ်ခုကတော့ ဆယ့်နှစ်ဆင့်ဟုသာ မှတ်ယူနိုင်၏။
သူတို့က တူညီသောအဆင့်တွင် လုံးဝမရှိပါ။
မိုးပြာရောင်အလင်းနှင့် ကစဉ့်ကလျားစွမ်းအင်များ တက်လာခဲ့သည်။
သုံးဆယ့်ခြောက်ဆင့် ကစဉ့်ကလျား မိုးပြာရောင်ကြာပန်းပေါ်တွင် မိုးပြာရောင်ဝတ် ရုပ်သွင်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။
မြင့်မားသည်။
အနှိုင်းမဲ့သည်။
ဒဏ္ဍာရီထဲမှ ထွက်ပေါ်လာပုံရ၏။
ယင်းက... အဇူရာဧကရာဇ်ဖြစ်တော့သည်။