အခန်း ၈၈၇
Vol. 60 Ch. 887
အခန်း ( ၈၈၇ ) အလွန်အမင်း ဆိုးရွားသော အကျပ်အတည်း။
ရှေးဦးကစဉ့်ကလျားစွမ်းအင်က ကျွင်းရှောင်ယောက်၏ ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်။
အားကောင်းသော ကစဉ့်ကလျားစွမ်းအင်က တဟုန်ထိုးထွက်လာပြီး သူ့ကို ဖုံးအုပ်သွား၏။
သူ့အရှိန်အဝါများက လူတိုင်းကို တုန်လှုပ်စေအောင် မြင့်မားသော အရှိန်ဖြင့် တဟုန်ထိုး တိုးတက်လာတော့သည်။
"ဘာတွေဖြစ်နေတာလဲ"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ဘာဖြစ်သွားတာလဲ"
အရပ်ရပ်မှလူတိုင်း အလွန်အံ့သြတုန်လှုပ်သွားကြသည်။ အံ့ဩလွန်းသဖြင့် ကြက်ဥတစ်လုံး ချောင်ချောင်ချိချိ ဝင်နိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
ယခုအချိန်တွင် ကျွင်းရှောင်ယောက်ထံမှ ဖြာထွက်နေသော အရှိန်အဝါများက ကြောက်စရာကောင်းလွန်းသည်။
ယင်းမှာ ရှေးဦးကစဉ့်ကလျားခေတ်မှ ပြန်နိုးထလာသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
"ဒါမဖြစ်နိုင်ဘူး"
ကူတိကျစ်က ပထမဆုံး သတိဝင်လာကာ အော်ဟစ်လိုက်သည်။ သူ ဣန္ဒြေမရှိနိုင်တော့ဘဲ မျက်စိမျက်နှာပျက်နေတော့သည်။
မူလက သေချာနေသည့် အောင်ပွဲမှာ ယခုတော့ ပြောင်းပြန်ဖြစ်တော့ပါမည်လော။
ကျွင်းရှောင်ယောက်မှာ အခြား နည်းလမ်းများ ရှိသေးပါသလော။
သူက တကယ်ပဲ နတ်ဘုရားလား။
ကျွင်းရှောင်ယောက်ကို ဘယ်လိုနည်းနဲ့မှ မဖယ်ရှားနိုင်တော့ဘူးလား။
ဤအခိုက်တွင် ကူတိကျစ်၏ စိတ်ဓာတ်က အနည်းငယ် ယိုင်နဲ့လာခဲ့သည်။
ကျွင်းရှောင်ယောက်ထံမှ ဖြာထွက်နေသော ကြောက်မက်ဖွယ် အငွေ့အသက်က သူ့ကိုယ်ပိုင်နယ်ပယ်ကို လုံးဝကျော်လွန်သွားခဲ့ပြီ။
ယင်းမှာ ရှေးသမိုင်းမှ နတ်ဘုရား၏ ရှင်ပြန်ထမြောက်ခြင်းနှင့် တူလှသည်။
"မဟုတ်သေးဘူး။ တစ်ခုခု ထူးနေတယ်၊ ဒါက သူ့ကိုယ်ပိုင်စွမ်းအားမဟုတ်ဘူး..."
ထိုနေရာရှိ တိုင်းတစ်ပါး၏ အဓိပဓိတစ်ပိုင်းပုဂ္ဂိုလ်က အံ့အားသင့်စွာ တီးတိုးပြောလိုက်သည်။
အင်မော်တယ်နယ်မြေကြီးမှ လူငယ်တစ်ဦးကို အချိန်တိုအတွင်း ဤမျှ အားကောင်းလာမည်ဟု သူတို့ ဘယ်သောအခါမှ မယုံကြည်ပေ။
အကြောင်းမှာ...
ကျွင်းရှောင်ယောက်၏ အရှိန်အဝါများက နတ်ဘုရား၏မိစ္ဆာအတွေး ထုတ်လွှတ်နေသော အရှိန်အဝါများနှင့် ထပ်တူနီးပါး တူညီနေသောကြောင့် ဖြစ်သည်။
"ဟမ်"
ကြယ်ကောင်းကင်ထက်မှ နတ်ဘုရား၏ မိစ္ဆာအတွေးလည်း ကျွင်းရှောင်ယောက်ကို သတိထားမိသွားသည်။
သွေးပင်လယ်နှင့် အလောင်းပင်လယ်များကို လျှို့ဝှက်ထားပုံရသော မျက်လုံးတစ်စုံက ကျွင်းရှောင်ယောက်ကို အေးစက်စက် ကြည့်လာ၏။
ထို့နောက်တော့ နတ်ဘုရား၏ မိစ္ဆာအတွေးက ကောင်းကင်ကို လွှမ်းမိုးထားပုံရသော ဧရာမလက်ကြီးတစ်ဖက်ကို ဆန့်ထုတ်လာတော့သည်။
ရုတ်တရက်၊ ကြယ်ကောင်းကင်တစ်ခုလုံးမှာ အဆုံးမဲ့ အမှောင်ထုထဲသို့ ထိုးကျသွားခဲ့ပုံရသည်။ အမှောင်ထုနိယာမများလည်း ထွက်ပေါ်လာ၏။
ယင်းက ဤကမ္ဘာကြီးကို ထာဝရအမှောင်ထုထဲသို့ ဆွဲသွင်းနေသကဲ့သို့ပင်။
"ရှောင်ယောက်"
"သခင်လေး"
ကျွင်းမိုရှောင်၊ ကျွင်းလုံခန်း၊ ယွိချန်ကျွမ့်နှင့် အခြားသူများအားလုံး ယင်းကိုမြင်တော့ မနေနိုင်ဘဲ အော်ဟစ်လိုက်ကြသည်။
သူတို့အားလုံး ကူညီချင်ကြသော်လည်း စွမ်းအားမရှိပေ။
ဤအဆင့်တိုက်ပွဲတွင် အဓိပဓိတစ်ပိုင်းများပင်လျှင် ဝင်ရောက်စွက်ဖက်ပါက လှုပ်ရှားရန် အခွင့်အရေးမရှိပဲ ချက်ချင်း ပေါက်ကွဲသွားရမည် ဖြစ်သည်။
ရှန်းရွှီကမ္ဘာအပြက်ဘက်တွင်....
အမာရွတ်လေးခုသခင်ကြီးနှင့် ရှန်းရွှီကမ္ဘာ၏မြင်ကွင်းကို အက်ကြောင်းမှတဆင့် ကြည့်နေကြသူများလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
"မကောင်းတော့ဘူး၊ နတ်ဘုရားသားတော် အန္တရာယ်ရှိနေပြီ"
အမာရွတ်လေးခုသခင်ကြီး ဂနာမငြိမ်တော့ပေ။
ကျွင်းရှောင်ယောက် သေဆုံးသွားပါက ကျွင်းမိသားစုမှ မည်သို့တုံ့ပြန်မည်ကို သူ စိတ်ကူးမယဉ်နိုင်ပါ။
ကျွင်းမိသားစုသာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို ဖယ်ကျဉ်ပြီး စစ်ကြေညာလိုက်ပါက...
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၏ အခြေအနေက ပို၍ စိုးရိမ်စရာဖြစ်မည်မှာ သေချာသည်။
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးအတွက် ကျွင်းမိသားစုကဲ့သို့ ဘီလူးကြီးများ မရှိ၍မရပေ။
"မကောင်းတော့ဘူး..."
ကြယ်ကောင်းကင်ရှိ ဧကရာဇ်တစ်ပိုင်းများပင်လျှင် မျက်မှောင်ကြုတ်လိုက်ကြသည်။
ကျွင်းရှောင်ယောက် ကျဆုံးသွားပါက သက်ရောက်မှု အလွန်ကြီးမားမည်ဖြစ်ကာ အနာဂတ် ကမ္ဘာတည်ဆောက်ပုံကို ထိခိုက်စေလိမ့်မည်။
သို့သော်၊ နောက်အခိုက်အတန့်မှာ...
နယ်စပ်ကို စောင့်ကြပ်နေသည့် ဧကရာဇ်တစ်ပိုင်းများ၏ အမူအရာများပင် ပြောင်းလဲသွားကြသည်။
သူတို့တင်မကဘဲ အမာရွတ်လေးခုသခင်ကြီးနှင့် တခြား နယ်ခြားစောင့် ပုဂ္ဂိုလ်များလည်း အံ့ဩတကြီး ဖြစ်သွားကြတော့သည်။
ရှန်းရွှီကမ္ဘာအတွင်းမှာ...
မုန့်ကျန်းနှင့် အခြား စစ်သူရဲများ၊ ကူတိကျစ်နှင့် ဧကရာဇ်ခုနစ်ပါး၊ ကျွင်းမိုရှောင်နှင့် အခြားသူများ...
တိုင်းတစ်ပါးမှ ဖူယောင်၊ တုရှန်ရှောင်ရှောင်းနှင် အခြားသူများ...
လူတိုင်း အံ့ဩသွားကြသည်။
သူတို့ ဘာမြင်ခဲ့သနည်း။
ကျွင်းရှောင်ယောက်၏ နောက်ကွယ်တွင် အဆုံးမဲ့ ကစဉ့်ကလျားအလင်းများ ထွက်ပေါ်လာသည်။
လူရိပ်တစ်ခုကလည်း ကျွင်းရှောင်ယောက်၏နောက်ကွယ်မှာ တဖြည်းဖြည်း ထွက်ပေါ်လာ၏။
"ဟင်း..."
လူရိပ်က သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဝုန်း"
ထောင်ပေါင်းများစွာသော လောကနိယာမများ ထွက်ပေါ်လာ၏။ ယင်းက မရေမတွက်နိုင်သော ကစဉ့်ကလျားကြိုးများအဖြစ်သို့ ပြောင်းလဲကာ မိစ္ဆာအတွေးကို ချည်နှောင်ရန် ကြိုးစားလာကြတော့သည်။
"ဂါး"
နတ်ဘုရား၏ မိစ္ဆာအတွေးက မုန်ယိုနေသော ဆင်တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။ ပို၍ ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး ကောင်းကင်မှ ကြယ်များ ပေါက်ကွဲသွား၏။
သို့သော်လည်း ကစဉ့်ကလျား နတ်သံကြိုးများက မိစ္ဆာအတွေးကို တင်းတင်းကျပ်ကျပ် ရစ်ပတ်ကာ ကျွင်းရှောင်ယောက်ဆီသို့ ဆွဲခေါ်လာတော့သည်။
ကျွင်းရှောင်ယောက်၏ အမူအရာက ယခင်ကနှင့်မတူဘဲ ထူးထူးခြားခြား လေးနက်နေခဲ့သည်။
ဤသည်က သူ့ဘဝတွင် အကြီးမားဆုံးနှင့် အန္တရာယ်အရှိဆုံး လောင်းကစားတစ်ခုဟု ဆိုနိုင်ပေသည်။
"လာစမ်းပါ၊ ငါ ကျွင်းရှောင်ယောက်က ဘာကိုမှ မကြောက်ဘူး"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တင်းမာပြတ်သားမှုတို့ ပေါ်လာခဲ့သည်။
သူ့အဘိဓာန်မှာ အကြောက်တရား မရှိပါ။
"ဝုန်း"
လူအားလုံး၏ တုန်လှုပ်နေသော အကြည့်များအောက်တွင်၊ နတ်ဘုရား၏မိစ္ဆာအတွေးက နောက်ဆုံးမှာ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် နစ်မြုပ်သွားခဲ့သည်။
တခဏချင်းမှာပင်၊ အကန့်အသတ်မဲ့ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ ကျွင်းရှောင်ယောက်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သွေးများ ယိုစီးနေသော အက်ကြောင်းများ ဖြစ်ပေါ်လာတော့သည်။
ကျွင်းရှောင်ယောက်က ခန္ဓာဧကရာဇ်ဖြစ်ရန်ပင် အရည်အချင်းရှိသူဖြစ်ကြောင်း သိထားကြရမည် ဖြစ်သည်။
ယခုတော့ သူ့တကိုယ်လုံး အက်ကွဲပြီး သွေးများ စီးကျလာခဲ့ပြီ။
ထိုမှ နတ်ဘုရား၏မိစ္ဆာအတွေးကို တံဆိပ်ခတ်ခြင်းမှာ မည်မျှအန္တရာယ်ရှိမှန်း တွေ့မြင်နိုင်သည်။
အမှန်တော့၊ နတ်ဘုရား၏မိစ္ဆာအတွေးအပြင် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းခံရသည်မှာ ကမ္ဘာ့သစ်ပင်လည်း ရှိသေးသည်။
ကမ္ဘာ့သစ်ပင်နှင့် နတ်ဘုရား၏ မိစ္ဆာအတွေးက ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာအတွင်းသို့ အတူတကွ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်တွင် ကြယ်ကောင်ကင်တစ်ခွင်မှ လူတိုင်း အံ့ဩသွားကြသည်။
ရှန်းရွှီကမ္ဘာအပြင်ဘက်မှ အမာရွတ်လေးခုသခင်ကြီးနှင့် အခြားသူများလည်း အံ့ဩတကြီး ဖြစ်ကုန်ကြ၏။
ဤအခြေအနေမျိုး ဖြစ်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
"အဲဒီ... အဲဒီအရိပ်က အဇူရာဧကရာဇ်...."
အင်မော်တယ်နယ်မြေကြီးဘက်တွင်၊ လူအားလုံး၏ မျက်လုံးအကြည့်က ကျွင်းရှောင်ယောက်၏ နောက်ကွယ်မှ လူရိပ်အပေါ်သို့ ကျရောက်လာခဲ့သည်။
အလွန်တရာ ကြီးမြတ်သော အငွေ့အသက်ဖြင့် ထိုလူရိပ်က အဇူရာဧကရာဇ်မှတပါး မည်သူဖြစ်နိုင်ဦးမည်နည်း။
သို့သော်လည်း နောက်အခိုက်အတန့်တွင် အဇူရာဧကရာဇ်၏ အရိပ်က ပျောက်ကွယ်သွားသည်။
အကြောင်းမှာ၊ နတ်ဘုရား၏မိစ္ဆာအတွေးကို ဖိနှိပ်ရန် အဇူရာဧကရာဇ်ကိုယ်တိုင် အစွမ်းကုန် ကြိုးစားရန် လိုအပ်သောကြောင့် ဖြစ်သည်။
အဇူရာဧကရာဇ်အစစ် ပေါ်လာပါက၊ ဤနတ်ဘုရား၏မိစ္ဆာအတွေးကို အလွယ်တကူ ဖိနှိပ်နိုင်သည်။
သို့ရာတွင်၊ လက်ရှိ အဇူရာဧကရာဇ်ကတော့ သုံးဆယ့်ခြောက်ဆင့် ကစဉ့်ကလျား မိုးပြာရောင်ကြာပန်းတွင် ချန်ထားခဲ့သော အကြွင်းအကျန်ဝိညာဉ်တစ်ခုမျှသာ ဖြစ်၏။
ထို့ကြောင့် နတ်ဘုရား၏မိစ္ဆာအတွေးကို ဖိနှိပ်ရန် အစွမ်းကုန်လုပ်ဖို့ လိုသည်။
"ဘာတွေဖြစ်နေတာလဲ၊ နတ်ဘုရားသားတော်က မိစ္ဆာအတွေးကို တံဆိပ်ခတ်ဖို့ သူ့ကိုယ်ခန္ဓာကို အသုံးပြုခဲ့တာလား"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
"ဒီလိုလုပ်ဖို့ဆိုရင် နတ်ဘုရားသားတော်မှာ အတွင်းစကြဝဠာတစ်ခု ဒါမှမမဟုတ် ကမ္ဘာငယ်လေးတစ်ခု ရှိမှကိုရမှာ၊ ဒါပေမဲ့ သူက သူတော်စင်သခင်နယ်ပယ်မှာပဲ ရှိနေသေးတယ် မဟုတ်လား"
အရပ်ရပ်မှ လူအားလုံး အံ့အားသင့်ပြီး တိတ်ဆိတ်သွားကြသည်။
ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုက လူတိုင်းကို မယုံနိုင်လောက်အောင် ဖြစ်စေခဲ့ပေသည်။
တချိန်တည်းမှပင် အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူတိုင်း တုန်လှုပ်သွားကြသည်။
ယင်းက မည်သို့သော ကိုယ်ကျိုးစွန့်စိတ်ဓာတ်မျိုး ဖြစ်သနည်း။
"နတ်ဘုရားသားတော်က တကယ်ကို သခင်ဝူဟွေ့နဲ့ တူတယ်။ သူတို့ သားအဖနှစ်ယောက်စလုံးက အင်မော်တယ် နယ်မြေကြီးအတွက် ရိုးသားလွန်းကြတယ်"
မုန့်ကျန်းကဲ့သို့ ယောက်ျားရင့်မာကြီးတစ်ယောက်ပင်လျှင် မျက်လုံးများ အနည်းငယ် နီလာခဲ့သည်။
ကျွင်းရှောင်ယောက်၏ ကိုယ်ကျိုးမဖက်သော လုပ်ရပ်က အင်မော်တယ်နယ်မြေကြီးဘက်ကို ပြင်းထန်စွာ ကိုင်လှုပ်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
ယခုအချိန်တွင် ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာမှာ၊ အဇူရာဧကရာဇ်က နတ်ဘုရား၏မိစ္ဆာအတွေးကို အတွင်းစကြာဝဠာ၏ အနက်ရှိုင်းဆုံးသော အစိတ်အပိုင်းတွင် ချုပ်နှောင်ထားလိုက်သည်။
ဟုတ်ပေသည်၊ ယင်းက ကျွင်းရှောင်ယောက်အတွက် အလွန်အန္တရာယ်များသည်။
ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာတွင် ကိုယ်ပိုင် နိယာမများ ရှိသော်လည်း အချိန်က တိုတောင်းလွန်းကာ ကြီးထွားမှု အဆင့်တွင်သာ ရှိသေးသည်။
အချင်းအကွာအဝေး အလင်းနှစ် နှစ်နှစ်သာ ရှိသည်။
ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာအတွင်းသို့ နတ်ဘုရား၏မိစ္ဆာအတွေးကို ထည့်လိုက်ခြင်းမှာ၊ ငါးကန်အတွင်းသို့ ငါးမန်းတစ်ကောင် ဝင်ရောက်လာသကဲ့သို့ ဖြစ်တော့သည်။
အကယ်၍ သတိမထားမိပါက နတ်ဘုရား၏မိစ္ဆာအတွေး တုံ့ပြန်မှုကြောင့် အတွင်းစကြာဝဠာ ပြိုကွဲသွားလိမ့်မည်။
ထိုသို့ဖြစ်ပါက ကျွင်းရှောင်ယောက်၏ ကျင့်ကြံခြင်းအခြေခံ ပျက်စီးမည့်အပြင်၊ သူ့အသက်အန္တရာယ်ပါ ကျရောက်နိုင်သည်။
ယင်းကလည်း ရှေ့တွင် အဇူရာဧကရာဇ် သတိပေးထားသော အကြောင်းရင်းတစ်ခု ဖြစ်ချေသည်။
ဤအခိုက်အတန့်တွင် အပြင်လူများအမြင်မှာ ကျွင်းရှောင်ယောက်၏ တစ်ကိုယ်လုံးက သွေးများစီးကျနေခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားနှစ်ပါး တိုက်ခိုက်နေပုံ ရ၏။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက ကြည်လင်နေသော်လည်း ရံဖန်ရံခါ ကြီးမားသော မိစ္ဆာဆန်ဆန် အငွေ့အသက်များ ထွက်ပေါ်လာခဲ့ပေသည်။
အတွေးတစ်ခုက နတ်ဘုကားဖြစ်ပြီး နောက်တစ်ခုကတော့ နတ်ဆိုး ဖြစ်သည်။
အကယ်၍ အဇူရာဧကရာဇ်သာ နတ်ဘုရား၏မိစ္ဆာအတွေးကို မဖိနှိပ်နိုင်ပါက၊ ကျွင်းရှောင်ယောက်ကိုယ်တိုင် နတ်ဆိုးသခင် ဖြစ်လာရလိမ့်မည်။
"အဟွတ်၊ အဟွတ်..."
ကျွင်းရှောင်ယောက်၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။ သူ့မျက်လုံးအစုံမှာလည်း ရက်စက်ကြမ်းကြုတ်မှုနှင့် ပြတ်သားမှုတို့ တလှည့်စီ ဖြစ်ပေါ်နေ၏။
ဤအခိုက်တွင် ကျွင်းရှောင်ယောက်က စွမ်းအင်အားလုံးကို အတွင်းစကြာဝဠာ တည်ငြိမ်စေရန် သုံးနေခဲ့ရသည်။
ယခုအချိန်တွင် ကျွင်းရှောင်ယောက်က ၎င်း၏ အဆိုးဆုံးအခြေအနေတွင် ရှိနေသည်မှာ သံသယဖြစ်စရာမလိုပေ။
'ဒါက အခွင့်ကောင်းတစ်ခုပဲ...'
ဤအခိုက်တွင်၊ လူရိပ်တစ်ခုက ပြိုလဲလုနီးနီးဖြစ်နေသော ကျွင်းရှောင်ယောက်ဆီသို့ လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ပြေးလာခဲ့သည်။
ကူတိကျစ်။
"ကူတိကျစ်၊ မင်း လုပ်ဝံ့လား"
ထိုအချိန်တွင်၊ မုန့်ကျန်း ဒေါသတကြီးဖြစ်သွားသည်။ သူ့မျက်လုံးများပင် ပေါက်ထွက်လုနီးပါးဖြစ်ပြီး ကူတိကျစ်ကို လှမ်းအော်လိုက်၏။
ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ စတေးပြီး နတ်ဘုရား၏မိစ္ဆာအတွေးကို ဖိနှိပ်ရန် ကြိုးစားနေခဲ့သည်။
သို့တိုင် ကူတိကျစ်က ဤအချိန်မျိုးမှာ တိုက်ခိုက်ရန် အမှန်တကယ် ရွေးချယ်ခဲ့၏။ ယင်းက ဒေါသထွက်စရာပင်။
"ကူတိကျစ်၊ မင်း သေချင်နေပြီ"
ကျွင်းလုံခန်းနှင့် ကျွင်းမိုရှောင်တို့လည်း ဒေါသပေါက်ကွဲသွားကြသည်။
ကံမကောင်းစွာဖြင့်၊ ဤမြင်ကွင်းက ရုတ်တရက် ဖြစ်သွားခြင်း ဖြစ်သည်။ ကူတိကျစ် ရုတ်တရက်လှုပ်ရှားမည်ဟု မည်သူမျှ မမျှော်လင့်ထားသလို သူ့ကို ကယ်တင်ရန်လည်း အချိန်မရှိတော့ပေ။
လုံယောက်အာပင်လျှင် အထင်အမြင်သေးသည့် အကြည့်မျိုး ရှိလာခဲ့သည်။
လင်ယွမ်ကတော့ သူ့နှလုံးသားမှာ ပိုမို တုန်လှုပ်သွား၏။
ရွယ်ယွဲ့လည်း နှလုံးသားမှာ တုန်လှုပ်သွားသည်။ သူ မနေနိုင်တော့ဘဲ တားဆီးရန် ခြေလှမ်းပြင်လိုက်၏။
ယင်းက သူ့အစ်ကို သေဆုံးရတော့မည်ကို မြင်နေသကဲ့သို့ပင်။
"အောင်နိုင်သူက ဘုရင်ဖြစ်ပြီး ရှုံးနိမ့်သူက သူပုန်ပဲ။ မင်းကိုသတ်ပြီး ကောင်းကင်သရဖူကို ရနိုင်သရွေ့ ဘယ်လိုအရာကိုမှ ငါ ဂရုမစိုက်ဘူး"
ကူတိကျစ်က မာနကြီးစွာ ရယ်မောလိုက်သည်။ သူ့လေသံတွင် ရူးသွပ်မှုအရိပ်အယောင်များပင် ဖြစ်ပေါ်လာ၏။
သူက လက်တစ်ဖက်ကိုမြှောက်ပြီး ကျွင်းရှောင်ယောက်၏ရင်ဝကို ရိုက်ချလိုက်တော့သည်။