← Chapters

အခန်း ၈၈၉

Vol. 60 Ch. 889

အခန်း ၈၈၉

Vol. 60 Ch. 889

အခန်း ( ၈၈၉ ) အထွတ်အထိပ်မှာ ရပ်တည်ရတာက နည်းနည်း အေးစက်တယ်။

ဤအခိုက်မှာ အချိန်က ရပ်တန့်သွားပုံရသည်။

လုံးဝ မထင်မှတ်ထားသောလူက ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ခဲ့၏။

သဘာဝသို့ ပြန်သွားနိုင်သော လက်ဝါးရိုက်ချက်က ကျွင်းရှောင်ယောက်ထံ တိုးဝင်သွားခဲ့သည်။

ယခုအခါ အခြား ဧကရာဇ်များက မလှုပ်ရှားတော့ပါ။

အကြောင်းမှာ သူတို့ ကျွင်းပေါင်လီနှင့် ယှဉ်ပြိုင်ရန် အင်အားမရှိကြသောကြောင့် ဖြစ်သည်။

အနာဂတ်တွင် အင်မော်တယ်အဆင့် ကြွယ်ဝချမ်းသာခြင်းများ မရရှိပါက၊ ထိုကဲ့သို့ မကောင်းဆိုးရွား မျိုးစေ့များကို အမိလိုက်ရန် အခွင့်အလမ်းမရှိပေ။

အချိန်စီးဆင်းမှုက နှေးကွေးနေသလို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရသည်။

လင်ယွမ်၏ မျက်လုံးများက မသိလိုက်ခင်မှာပင် ဝေဝါးသွားခဲ့သည်။

မျက်​ရည်​တစ်​စက်​ လွင့်သွား၏။

ထိုမျက်ရည်မှာ လင်ယွမ် သို့မဟုတ် နတ်သမီးယွမ်လား မသိပါ။

သို့မဟုတ် နှစ်ဦးစလုံး ဖြစ်နိုင်သည်။

ထိုအခိုက်တွင် လင်ယွမ်ဘေးမှ အရိပ်တစ်ခုက ရုတ်တရက် လှုပ်ရှားသွားသည်။

ကျွင်းပေါင်လီ၏ လက်ဝါးက ကျွင်းရှောင်ယောက်ကို ထိခါနီးတွင်...

သေးသွယ်ပြီး ဖြူဖျော့ဖျော့ အသားအရေနှင့် လူရိပ်တစ်ခုက ကျွင်းရှောင်ယောက်ရှေ့တွင် ဝင်ရပ်လိုက်သည်။

ရွယ်ယွဲ့ ဖြစ်၏။

"မင်း..."

ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွားသည်။

"ငါ... တစ်ကြိမ်မှားပြီးပြီ၊ ဒုတိယ အကြိမ် ထပ်မမှားချင်တော့ဘူး။ နင်က... ငါ့ရဲ့အစ်ကို မဟုတ်ဘူးဆိုတာကို သိနေရင်တောင်မှ၊ ငါ့နှလုံးသားထဲမှာတော့... အရိပ်တစ်ခုအဖြစ်..."

မျက်နှာဖုံးအောက်မှ ရွယ်ယွဲ့၏ တုန်ယင်နေသော စကားသံ ထွက်ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်က သူမ၏ အစ်ကိုမဟုတ်ကြောင်း သိသည်။

ကျွင်းရှောင်ယောက်က သူမအပေါ် ရန်လိုပြီး သတ်ဖြတ်ရန် ကြိုးစားခဲ့သည်ကိုလည်း သိ၏။

သို့တိုင်၊ ရွယ်ယွဲ့ လက်မလွှတ်နိုင်သေးပေ။

ဤသည်မှာ သူမ၏ စိတ်ထဲမှ စွဲလမ်းခြင်းလည်း ဖြစ်နိုင်သည်။

ကျွင်းပေါင်လီ၏ အမူအရာက မပြောင်းလဲပေ။

ရွယ်ယွဲ့က သန်မာသော်လည်း မျိုးစေ့အဆင့် ပါရမီရှင်ရှေ့မှာတော့ အနည်းငယ်မျှ မပြောင်းလဲစေနိုင်ပါ။

"ဝုန်း"

အရှိန်အဝါ ရိုက်ခတ်မှုကြောင့် ရွယ်ယွဲ့ သွေးအန်ကာ လွင့်စဉ်သွားခဲ့သည်။

ထို့နောက် လက်ဝါးရိုက်ချက်က ကျွင်းရှောင်ယောက်၏ ရင်ဘတ်ကို ဆက်လက် ရိုက်ချလိုက်၏။

"ဝုန်း"

ပေါက်ကွဲသံနှင့်အတူ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က ပြိုကွဲလုနီးနီး ဖြစ်သွားတော့သည်။

သူ့ရင်ဘတ်ပေါ်မှ အနှိုင်းမဲ့အရိုးက ပြိုးပြိုးပြက်ပြက် တောက်ပနေပြီး ခုခံရန် ကြိုးစားလိုက်သည်။

သို့သော်...

အသံတစ်ချက်နှင့် အနှိုင်းမဲ့အရိုးက အက်ကွဲသွားပြီး အဆုံးမဲ့စွမ်းအင်များ စီးထွက်သွားခဲ့သည်။

အနှိုင်းမဲ့အရိုး ကျိုးသွားပြီ။

ယခုအချိန်တွင် ကျွင်းရှောင်ယောက် မွေးကတည်းက အကြီးမားဆုံး အကျပ်အတည်းကို ကြုံတွေ့နေရပြီ ဖြစ်သည်။

"ဝုန်း"

နောက်ဆုံးအချိန်တွင်၊ ကျွင်းရှောင်ယောက်က သူ၏ နောက်ဆုံးအင်အားနှင့် အဆုံးစွန်နည်းလမ်းကို အသုံးပြုခဲ့သည်။

အနီးတဝိုက်တွင် နက်ရှိုင်းသော ချောက်နက်ကြီးများကဲ့သို့ ဟင်းလင်းပြင်အက်ကြောင်းများက ပင့်ကူအိမ်ပမာ ထွက်ပေါ်လာ၏။

အက်ကြောင်းတစ်ခုစီက မသိနိုင်သော ဟင်းလင်းပြင်နေရာများကို ဦးတည်နေပုံရပေသည်။

ယင်းမှာ လွမ်ကုဧကရာဇ်၏ လျှို့ဝှက်နည်းလမ်းမှ ထာဝရပြည်နှင်ခြင်း ဖြစ်သည်။

"အဲဒါ... အဲဒါက လွမ်ကုဧကရာဇ်ရဲ့ လျှို့ဝှက်ကျင့်စဉ်ပဲ"

"သူက ဒီလျှို့ဝှက်နည်းလမ်းကို ဘာဖြစ်လို့ သုံးနေတာလဲ"

အရပ်ရပ်မှ ကျင့်ကြံသူများက အော်ဟစ်လိုက်ကြသည်။

လွမ်ကုဧကရာဇ်၏ နာမည်ကျော်ကြားမှုအရ လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်ကို လူတိုင်း သိပေသည်။

ယင်း၏ စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ အသုံးပြုလိုက်သည်နှင့် ရန်သူများကို အဆုံးမဲ့ ကစဉ့်ကလျား တွင်းနက်ကြီးများသို့ နှင်ထုတ်နိုင်ပေသည်။

သို့ရာတွင်၊ ယခု ကျွင်းရှောင်ယောက်က ဤနည်းလမ်းကို အဘယ်ကြောင့် အသုံးပြုနေသနည်း။

ကျွင်းရှောင်ယောက်၏ အထွတ်အထိပ်အခြေအနေတွင် ဤနည်းလမ်းကို အသုံးပြုခဲ့ပါက၊ ကျွင်းပေါင်လီကို အမှန်တကယ် ခြိမ်းခြောက်နိုင်သည်။

သို့သော်လည်း ယခုတော့ ကျွင်းရှောင်ယောက်ဟာ တန်ခိုးကြီးလွန်းသော နတ်ဘုရား၏မိစ္ဆာအတွေးကို သူ့ခန္ဓာကိုယ်ဖြင့် ဖိနှိပ်နေရပြီ။

သူ့အခြေအနေက ဆိုးရွားလွန်းပြီး တိုက်ခိုက်ရန် အပိုစွမ်းအင်မရှိဟု ဆိုနိုင်သည်။

ကျွင်းပေါင်လီ၏ ဝင်ရောက်စွတ်ဖက်မှု မရှိလျှင်ပင် ကျွင်းရှောင်ယောက် ရှင်သန်နိုင်မည် မဟုတ်ပါ။

ထို့ကြောင့်၊ ကျွင်းရှောင်ယောက် တန်ပြန်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။

“မဟုတ်သေးဘူး..."

လူတချို့က သတိဝင်လာခဲ့သည်။

အကြောင်းမှာ၊ ကစဉ့်ကလျားချောက်နှင့် နီးစပ်သူက ကျွင်းပေါင်လီမဟုတ်ဘဲ ကျွင်းရှောင်ယောက် ဖြစ်နေသောကြောင့်ပင်။

တစ်နည်းဆိုရသော်၊ ကျွင်းရှောင်ယောက် နှင်ထုတ်ချင်သူက ကျွင်းပေါင်လီ မဟုတ်ပါ။

ထိုအစား သူကိုယ်တိုင် ဖြစ်သည်။

"ပြီးသွားပြီ……"

ကျွင်းပေါင်လီက လက်ဝါးရိုက်ချက် ထပ်မံထုတ်ဖော်လိုက်သည်။

ဤလက်ဝါးက သူ့အသက်ကို နှုတ်ယူသွားတော့မည်။

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

သူ၏ အဖြူရောင်အဝတ်အစားများက သွေးများ စွန်းထင်းနေသော်လည်း အမူအရာက တည်ငြိမ်နေဆဲပင်။

"တစ်ယောက်ယောက်က ငါ့ကို အနိုင်ယူနိုင်မယ်လို့ ငါ အမြဲတမ်းမျှော်လင့်ခဲ့တာ"

"ဘာကြောင့်လဲဆိုတော့ ငါ အထွတ်အထိပ်မှာ ရပ်တည်နေရတာက..."

"နည်းနည်း အေးတယ်"

သူ စကားသံဆုံးသည်နှင့်...

ပေါက်ကွဲသံကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ကြီးက ကမောက်ကမ ဖြစ်သွား၏။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ် ပြိုကွဲသွားတော့သည်။

ဤအခိုက်အတန့်မှာ ရှေးဦးဝိညာဉ်လည်း ပျက်စီးသွားရသည်။

ကျိုးပဲ့နေသော အရိုးများ၊ ပျက်သုဉ်းသွားသော ဝိညာဉ်များနှင့်အတူ သွေးအခိုးအငွေ့များက အဆုံးမဲ့ ဟင်းလင်းပြင်ချောက်နက်ထဲကို ထိုးကျသွားတော့သည်။

ဤသည်မှာ လူများကို မသိနိုင်သော ဟင်းလင်းပြင်အလွှာများဆီသို့ တွန်းပို့နိုင်သော လျှို့ဝှက်နည်းလမ်း ဖြစ်သည်။

ဟင်းလင်းပြင် ချောက်နက်ထဲကို ကျရောက်သွားခဲ့တာက ကျွင်းရှောင်ယောက်တစ်ဦးတည်း မဟုတ်ပေ။

ကျွင်းရှောင်ယောက်၏ သွေးမြူများနှင့် ရွယ်ယွဲ့သည်လည်း ချောက်နက်ထဲသို့ ထိုးကျသွားခဲ့သည်။

ဟင်းလင်းပြင် အက်ကြောင်းများက တဖြည်းဖြည်း ပြန်လည်စေ့ပိတ်လာ၏။

သို့သော်လည်း ရှန်းရွှီကမ္ဘာတစ်ခုလုံး အလွန်တိတ်ဆိတ်နေပြီ ဖြစ်သည်။

မည်သူမျှ အသံမထွက်တော့ပေ။

တိုင်းတပါးမှ အဓိပဓိတစ်ပိုင်း ပုဂ္ဂိုလ်ကြီးများလည်း တုန်လှုပ်သွားကြသည်။

ကျွင်းရှောင်ယောက် ကျဆုံးခြင်းနှင့်အတူ နတ်ဘုရား၏မိစ္ဆာအတွေးလည်း ဟင်းလင်းပြင် ချောက်နက်ကြီးထဲသို့ နှင်ထုတ်ခံခဲ့ရပြီ။

တစ်နည်းဆိုရသော်၊ ဤတစ်ကြိမ်တွင် ၎င်းတို့၏ တာဝန်က အမှန်တကယ် ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။

ထိုမျှသာမကဘဲ ရှန်းရွှီကမ္ဘာကိုလည်း မဖျက်ဆီးနိုင်ခဲ့ပေ။

ဆန့်ကျင်ဘက်တွင် အဆင့်မြင့် ပါရမီရှင်များစွာ ဆုံးရှုံးခဲ့ရသည်။

တော်ဝင်မျိုးနွယ်များ၏ ပါရမီရှင်များပင်လျှင် ကျဆုံးခဲ့ကြရလေသည်။

တုရှန်ရှောင်ရှောင်းနှင့် ဖူယောင်တို့သာ ကျန်ခဲ့သည်။

တကယ်ကို ဆုံးရှုံးမှုကြီးတစ်ခုပင်။

"တကယ်သေသွားပြီ..."

တုရှန်ရှောင်ရှောင်းလည်း သူမ၏ ကျောက်စိမ်းလက်ကောက်ဝတ်ကို ကြည့်လိုက်သည်။

ကျွင်းရှောင်ယောက်နှင့် ချိတ်ဆက်ထားသော အနီရောင်ကြိုးက ပျောက်ကွယ်သွားပြီ။

ယင်းမှာ ကျွင်းရှောင်ယောက် အမှန်တကယ် ကျဆုံးသွားပြီဟူသော အဓိပ္ပာယ် ဖြစ်သည်။

တုရှန်ရှောင်ရှောင်း အလွန်စိတ်ပျက်သွားလေသည်။

နောက်ဆုံးမှ တွဲဖက်ကောင်းတစ်ဦးကို တွေ့ခဲ့သော်လည်း ကျဆုံးသွားခဲ့ရသည်။

တစ်ဖက်တွင် ဖူယောင်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။

ကျွင်းရှောင်ယောက်က မကောင်းဆိုးရွားတစ်ကောင် ဖြစ်၏။

သူ့အမြင်တွင်၊ ကျွင်းရှောင်ယောက် မသေပါက နောင်အနာဂတ်မှာ တိုင်းတပါးအတွက် ခြိမ်းခြောက်မှု ကြီးကြီးမားမား ရှိလာတော့မည်မှာ သေချာသည်။

ကောင်းကင်ဘုရင်ဆယ်ပါးကို မဆိုထားဘိ၊ ဧကရာဇ်ငယ် ခုနစ်ပါးတောင်မှ ကျွင်းရှောင်ယောက်ကို ဖိနှိပ်နိုင်မည် မဟုတ်ပါ။

သို့သော်လည်း တိုင်းတပါး သတ္တဝါများ၏ မျက်နှာများက အကြည့်ရဆိုးလှသည်။

နောက်ဆုံးမှာတော့ အရေးကြီးဆုံးအရာက မပြီးမြောက်ခဲ့ဘူး မဟုတ်လား။

ရှန်းရွှီကမ္ဘာက မပျက်စီးသေးပါ။

ထို့အပြင် အစွမ်းထက် ပါရမီရှင်များစွာလည်း ကျဆုံးခဲ့ရသည်။

"ဆုတ်ကြရအောင်"

အဓိပဓိတစ်ပိုင်း ပုဂ္ဂိုလ်တစ်ဦးက မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်သည်။

ယခုတော့ ရှန်းရွှီကမ္ဘာတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။

တိုင်းတစ်ပါးမှ လူများအားလုံး ဆုတ်သွားခဲ့ကြသည်။

"စိတ်မကောင်းစရာပဲ၊ ထူးဆန်းလိုက်တဲ့ လူ..."

တုရှန်ရှောင်ရှောင်းလည်း အနည်းငယ် စိတ်မကောင်းဖြစ်နေဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။

တိုင်းတပါးမှ အင်အားစုများ ဆုတ်ခွာသွားသော်လည်း အင်မော်တယ်နယ်မြေကြီးဘက်မှ လူများက လှုပ်ရှားမှုမရှိပါ။

အကြောင်းမှာ၊ ကျင့်ကြံသူအများစုက စိတ်ဝိညာဉ် ဆုံးရှုံးသွားသကဲ့သို့ ရပ်နေမိခဲ့ခြင်းကြောင့် ဖြစ်သည်။

ခေတ်တစ်ခုလုံးကို လွှမ်းမိုးထားခဲ့သူ၊ သူဟာ မျိုးဆက်သစ်လူငယ်များ၏ နံပါတ်တစ်...

ကျွင်းမိသားစု၏ နတ်ဘုရားသားတော် ကျွင်းရှောင်ယောက် တကယ်ပဲ ကျဆုံးသွားခဲ့ပြီ။

"နတ်ဘုရားသားတော်..."

အော်ဟစ်ရင်း မုန့်ကျန်း၏ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာခဲ့သည်။

ဝတ်ဖြူဝတ် နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့က တိုင်းတစ်ပါး၏ ဧကရာဇ်အသစ်ဖြစ်သော ဇီးကွက်နီဘုရင်ကို တိုက်ခိုက်ခဲ့ကာ ဘယ်ရောက်နေပြီမှန်း မသိရသေးပေ။

ယခုလည်း သူ၏မျိုးဆက် ကျွင်းရှောင်ယောက်ဟာ နတ်ဘုရား၏မိစ္ဆာအတွေးကို တံဆိပ်ခတ်ရန် သူ့ကိုယ်သူ စတေးသွားခဲ့ပြီ ဖြစ်သည်။

အဆုံးမှာတော့ သူလည်းသေသွားပြီ။

သစ္စာနှစ်ဆရှိသော အာဇာနည်သားအဖ။

ယင်းက သနားစရာကောင်းလွန်းလှပေသည်။

"နတ်ဘုရားသားတော်..."

မရေမတွက်နိုင်သော နယ်ခြားစောင့်တပ်သားများလည်း ဝမ်းနည်းစွာဖြင့် ငိုကြွေးလိုက်ကြသည်။

ယခုအချိန်တွင် ရှန်းရွှီကမ္ဘာသာမက...

ရှန်းရွှီကမ္ဘာအပြင်ဘက်မှ အမာရွတ်လေးခုသခင်ကြီးနှင့် အခြားသူများအားလုံး ကျောက်ဖြစ်သွားသကဲ့သို့ နေရာတွင် အေးခဲတောင့်တင်းသွားကြသည်။

ရှန်းရွှီကမ္ဘာကို ထိန်းချုပ်နိုင်ခဲ့သည်။

သို့ရာတွင် ပေးဆပ်ရသော တန်ကြေးက ကြီးမား၏။

ကျွင်းရှောင်ယောက် သေဆုံးသွားခဲ့ပြီ။

ရှေးဟောင်းသမိုင်းကို ပြန်လည်ရေးသားနိုင်သော လူငယ်တစ်ဦး ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။

“နတ်ဘုရားသားတော်... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

အမာရွတ်လေးခု သခင်ကြီး၏ အိုမင်းသော ခန္ဓာကိုယ်က တဆတ်ဆတ် တုန်လှုပ်နေခဲ့သည်။

သူ့ကျေးဇူးရှင်၏သား၊ သစ္စာရှိပြီး ရဲရင့်သောသူ၊ ယခုတော့ သူ့ဖခင်၏ ခြေရာကို နင်းလိုက်သွားခဲ့ပြီ။

သူ့ကိုယ်သူ စတေးခြင်းဖြင့် နယ်စပ်နှင့် အင်မော်တယ်နယ်မြေကြီးကို ကာကွယ်ခဲ့ပြီ ဖြစ်သည်။

All Chapters