အခန်း ၈၉၀
Vol. 60 Ch. 890
အခန်း ( ၈၉၀ ) ကောင်းကင်သရဖူ ကျရောက်လာပြီ။
ရှန်းရွှီကမ္ဘာတွင်...
မုန့်ကျန်းနှင့် အခြား နယ်ခြားစောင့်တပ်သားများက ဟင်းလင်းပြင် အက်ကြောင်းကြီးရှေ့တွင် ဒူးထောက်ထိုင်လိုက်ကြသည်။
ကျွင်းရှောင်ယောက်က သူတို့ ဒူးထောက်ကြရန် ထိုက်တန်သူ ဖြစ်၏။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ရှောင်ယောက်..."
ကျွင်းလုံခန်း၊ ကျွင်းမိုရှောင်နှင့် အခြားသူများအားလုံး၏ စိတ်ထဲမှာ မိုးကြိုးမုန်တိုင်း ကျရောက်နေသကဲ့သို့ မယုံနိုင်ဖြစ်ခဲ့ရသည်။
သူတို့ ကျွင်းမိသားစု၏ ပင်မမျိုးဆက်မှ မျိုးဆက်သစ်လူငယ်များ၏မဏ္ဍိုင် ကျဆုံးသွား၏။
လှုပ်ရှားခဲ့သူက ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ကောင်းကင်သားတော် ဖြစ်နေသည်။
လက်စားချေရန်ပင် ခက်ခဲလိမ့်မည်။
ကျွင်းမိသားစုတွင် ပြည်တွင်းစစ် မဖြစ်ပွားပါက ထိုရလဒ်မှာ ကျွင်းမိသားစု မခံနိုင်သည့်အရာ ဖြစ်သည်။
ယင်းက အင်မော်တယ်ခုံရုံးနှင့် အခြား အင်အားစုများကိုသာ အကျိုးရှိစေလိမ့်မည်။
"သခင်လေး..."
ယွိချန်ကျွမ့်လည်း အသိစိတ် ပျောက်ဆုံးသွားသလို လှပသော မျက်နှာကလေးက သွေးဆုတ်ဖြူရော်သွားသည်။ သူ့ခန္ဓာလေးက တဆတ်ဆတ်တုန်နေပြီး မျက်ဝန်းမှာလည်း မျက်ရည်များဖြင့် ပြည့်နေပြီ။
ကျွင်းရှောင်ယောက်က သူမကို ချောက်နက်ထဲမှ ကယ်တင်ထားခဲ့သူ ဖြစ်သည်။
ယခုတော့၊ ကျွင်းရှောင်ယောက်ကိုယ်တိုင် သူ့ကိုယ်သူ စတေးပြီး ချောက်နက်ထဲသို့ ကျရောက်သွားပြီ။
နတ်သမီးတစ်ပါးကဲ့သို့ လှပသော လင်ယွမ်သည်လည်း နေရာတွင် မလှုပ်မယှက် ငြိမ်သက်နေခဲ့သည်။
"ငါ ပျော်နေသင့်တာ အသေချာပဲ၊ ဒါပေမဲ့ ဘာဖြစ်လို့လဲ..."
လင်ယွမ်က သူမ၏ ကျောက်စိမ်းလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး မျက်လုံးထောင့်မှ မျက်ရည်စက်တစ်စက်ကို ထိလိုက်သည်။
သူမ၏ အထောက်အထားက အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ဖြစ်ပြီး ကျွင်းရှောင်ယောက်နှင့် သေခြင်းရန်သူများနီးပါး ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ သေဆုံးမှုက အင်မော်တယ်ခုံရုံးနှင့် သူမအတွက်တော့ ကောင်းမွန်သောအရာတစ်ခုပင်။
သို့သော် လင်ယွမ်မှာတော့ လုံး၀ မပျော်ရွှင်ခဲ့ပါ။
သူမ၏ နှလုံးသားတွင် ဖြည့်ဆည်းမရသည့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ဖြစ်သည်။
"သေသွားပြီ... ဒဏ္ဍာရီတစ်ခု ပြီးသွားပြီ"
ယွီဟွာဝမ် သက်ပြင်းချလိုက်သည်။
သူ ခေါင်းကို အနည်းငယ်လှည့်ကြည့်လိုက်တော့ ယွီယွင်ရှန့်ကို တွေ့လိုက်ရ၏။
ယွီယွင်ရှန့်၏ မျက်လုံးများက နီရဲပြီး သူ့ကိုကြည့်သော အကြည့်မှ ထူးထူးခြားခြား အေးစက်မှုနှင့် စက်ဆုပ်ခြင်းများကိုလည်း ခံစားလိုက်ရသည်။
သူမက အစ်ကို့ကို အစွန်းရောက်လေးစားသော ညီမလေးတစ်ယောက် မဟုတ်တော့ပါ။
"သူသေသွားတာက ကောင်းပါတယ်၊ ဒါပေမဲ့... ကောင်းကင်သရဖူက..."
ကျိတောက်ရီက ကျွင်းပေါင်လီကို စိုက်ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက် သေဆုံးခြင်းက ကူတိကျစ်နှင့် ကျိတောက်ရီအတွက် အမှန်တကယ် ကောင်းမွန်သည်။
သို့ရာတွင်၊ ပြဿနာက ကောင်းကင်သရဖူကို မရရှိနိုင်တော့ပေ။
သူတို့အပြင် လူတိုင်းက ကောင်းကင်၏ တုံ့ပြန်မှုကို စောင့်မျှော်နေခဲ့သည်။
ကောင်းကင်သရဖူ အမှန်တကယ် ကျလာပါက ကျွင်းရှောင်ယောက် အမှန်ပင် သေဆုံးသွားပြီဟု ဆိုနိုင်သည်။
ဤကစားပွဲတွင် အင်မော်တယ်နယ်မြေကြီး၏ အလိုတော်က အနိုင်ရခဲ့ပြီ။
သို့သော်...
ကောင်းကင်သရဖူက မဆင်းသက်လာလျှင်တော့ ကျွင်းရှောင်ယောက်တွင် မျှော်လင့်ချက် အရိပ်အမြွက်များ ရှိနေသေးသည်ဟု ဆိုလိုသည်။
"ဒုတ်... ဒုတ်... ဒုတ်"
ဤအခိုက်တွင် အချိန်စီးဆင်းမှုက အလွန်နှေးကွေးနေသလိုပင်။ ပတ်ဝန်းကျင်တစ်ခုလုံး သုသာန်တစပြင်ပမာ တိတ်ဆိတ်လွန်း၍ မိမိ၏ နှလုံးခုန်သံကိုပင် ကြားနေသည်ဟု ထင်ရသည်။
"ဂျိန်း"
ရုတ်တရက် ကောင်းကင်မှ မြည်ဟီးသံ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်က စိတ်လှုပ်ရှားနေသကဲ့သို့...
မြေပြင်တွင် ရွှေကြာပန်းများ ပေါက်လာသည်။
အစစ်အမှန်နဂါး၊ နတ်ဖီးနစ်များ၊ ချီလင်များ၊ ပိရှိုးနှင့် အခြား သားရဲပုံရိပ်များ ထွက်ပေါ်လာ၏။
မရေမတွက်နိုင်သော တာအိုနိယာမများ ရောယှက်နေပြီး ရွှေရောင်အလင်းတန်းများလည်း လင်းဖြာနေတော့သည်။
နောက်ဆုံးတွင် ကောင်းကင်မှ သရဖူတစ်ခု ကျရောက်လာခဲ့သည်။
ဤသရဖူတွင် အရောင်မရှိပေ၊ သို့မဟုတ် တစ်နည်းအားဖြင့် ကစဉ့်ကလျား ရောင်ဝါ ရှိသည်။
အမျိုးမျိုးသော နိယာမများ၊ ကမ္ပည်းများနှင့် တာအိုတို့ကိုပေါင်းစပ်ပြီး ဖန်တီးထားသော ကောင်းကင်သရဖူ ဖြစ်၏။
ဤသရဖူကို ဆောင်းလိုက်သည်နှင့် အနာဂတ်တွင် ဧကရာဇ်တစ်ပါး သေချာပေါက် ဖြစ်လာလိမ့်မည်။
"ကောင်းကင်သရဖူ ပေါ်လာပြီ၊ နတ်ဘုရားသားတော် အမှန်တကယ် ကျဆုံးသွားပြီပေါ့"
ကောင်းကင်တာအိုသရဖူကို မြင်လိုက်ရပြီးနောက် မုန့်ကျန်းနှင့် တခြားသူများ ပို၍ ဝမ်းနည်းသွားကြသည်။
ဖြစ်နိုင်မည်ဆိုပါက ကောင်းကင်သရဖူကို မပေါ်လာစေချင်ပေ။
လင်ယွမ်၊ ယွိချန်ကျွမ့်၊ ယွှီယွင်ရှန့်နှင့် အခြားမိန်းကလေးများလည်း ပို၍ပင် တုန်လှုပ်သွားကြသည်။
ကောင်းကင်သရဖူ ကျဆင်းလာခြင်းကြောင့် မေးခွန်းထုတ်စရာ မရှိတော့ပါ။
"ကျွင်းရှောင်ယောက်က တကယ် သေသွားပြီ။ ဒါပေမဲ့... စိတ်မကောင်းစရာပဲ"
ကူတိကျစ်၏ မျက်လုံးအကြည့်က ကောင်းကင်သရဖူပေါ်မှ မလွှဲပါ။
ကျွင်းရှောင်ယောက် ကျဆုံးခြင်းကြောင့် ကူတိကျစ် အလွန်ကျေနပ်ကာ သက်တောင့်သက်သာ ရှိခဲ့သည်။
သို့သော်၊ ကောင်းကင်သဖူကို ကျွင်းပေါင်လီက ရခဲ့၏။
ကောင်းကင်သရဖူအတွက် ကူတိကျစ်ဟာ ဧကရာဇ်ငယ်ရာထူးကိုပင် စွန့်လွှတ်ခဲ့သည်။
ယခုတော့ သူ၏ လိမ္မာပါးနပ်မှုမှာ တလွဲဖြစ်နေပြီ။
နောက်ဆုံးတွင်၊ ကူတိကျစ်တစ်ယောက် မည်သည့်အရာကိုမျှ အခွင့်ကောင်းမယူနိုင်ခဲ့ပါ။
အတင်းလုယူရမှာလား။
ဤနေရာတွင် မည်သူမျှ ကျွင်းပေါင်လီနှင့် မယှဉ်နိုင်မှာကို ကြောက်ရသည်။
ထိုအဓိပဓိတစ်ပိုင်း စစ်သူရဲများပင်လျှင် ကျွင်းပေါင်လီ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
သူ၏ ဓမ္မခန္ဓာ တစ်ခုတည်းကတောင် အဓိပဓိတစ်ပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
သူ၏ မူလခန္ဓာက ပို၍ပင် ကြောက်စရာကောင်းလိမ့်မည်။
ကျွင်းပေါင်လီ၏ အမူအရာကတော့ ပုံမှန်အတိုင်း ဖြစ်သည်။
မရေမတွက်နိုင်သောလူများ လိုချင်တပ်မက်ခဲ့သော ကောင်းကင်သရဖူကို ရခဲ့သည့်တိုင် သူ့အမူအရာက မပြောင်းလဲပေ။
သို့သော်လည်း အံ့အားသင့်စရာကောင်းအောင် ကျွင်းပေါင်လီက ကောင်းကင်သရဖူအား တိုက်ရိုက် မဆောင်းခဲ့ပါ။
ထိုအစား သိမ်းထားလိုက်သည်။
"ကျွင်းပေါင်လီ ဘာတွေစဉ်းစားနေတာလဲ"
လူတချို့ အံ့ဩသွားကြသည်။
ရောက်ရှိလာသူ အများစုက ကျွင်းပေါင်လီကို ရန်လိုသူများ ဖြစ်၏။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးကို ကယ်တင်ရန် သူ့ကိုယ်သူ စတေးခဲ့သော သူရဲကောင်းတစ်ယောက် ဖြစ်သည်။
သို့သော်လည်း ထိုသူရဲကောင်းကို သူသတ်ခဲ့ပေသည်။
ကျွင်းပေါင်လီသာ ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောမှ ကောင်းကင်သားတော်မဟုတ်လျှင်၊ တစ်နည်း မျိုးစေ့အဆင့် ပုဂ္ဂိုလ်တစ်ဦးသာ မဟုတ်ခဲ့လျှင်...
မုန့်ကျန်းနှင့် အခြားသူများ မနေနိုင်ဘဲ လှုပ်ရှားမိမှာ ကြောက်ရသည်။
ယခုတော့ ကျွင်းပေါင်လီက ကောင်းကင်သရဖူကို ဂရုစိုက်ပုံမရပေ။
တစ်နည်းဆိုရသော် သူကိုယ်တိုင်က ကောင်းကင်သရဖူကို ဂရုမစိုက်ပါ။
"ကျွင်းပေါင်လီ၊ မင်း ဒါက ဘာသဘောလဲ"
ကူတိကျစ်က မျက်နှာမသာမယာဖြင့် ကြည့်ကာ ပြောလိုက်သည်။
ကျွင်းပေါင်လီ၏ မျက်လုံးများက တည်ငြိမ်မှု ရှိ၏။
ယင်းက သူ့ကို ပို၍ပင် မပျော်မရွှင် ဖြစ်စေသည်။
ကျွင်းပေါင်လီက ကူတိကျစ်ကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။
သူ့မျက်လုံးထဲမှာတော့ အရာအားလုံးကို ဂရုမစိုက်သလို လျစ်လျူရှုခြင်းများ ရှိ၏။
"တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာဖို့က ဘာများ ခက်လို့လဲ"
"ဧကရာဇ်ဖြစ်လာဖို့ ဒီကောင်းကင်သရဖူကို လိုအပ်နေသေးရင် အရှုံးသမားနဲ့ ခြားနားပါဦးမလား"
ကျွင်းပေါင်လီ၏ စကားက အားလုံးကို အံ့အားသင့်စေခဲ့သည်။
အထူးသဖြင့် ကူတိကျစ်၊ ကျိတောက်ရီနှင့် အခြားသူများ မျက်စိမျက်နှာ ပျက်သွားကြ၏။
ဤအရာက သူတို့အားလုံးကို ဖုန်မှုန့်များအဖြစ် ခိုင်းနှိုင်းခဲ့ခြင်း မဟုတ်လော။
ထို့အပြင် တာအိုကိုသက်သေပြပြီး ဧကရာဇ်ဖြစ်လာရန် မခက်ခဲပါက၊ ဘယ်အရာက ခက်သနည်း။
သို့သော်လည်း တွေးကြည့်သောအခါ၊ ကျွင်းပေါင်လီက လူငယ် လက်ကိုးချောင်း နဂါးဧကရာဇ်ကိုပင် တိုက်ကွက်တစ်ရာအတွင်း အနိုင်ယူခဲ့သူ ဖြစ်သည်။
သူ့အတွက် ဧကရာဇ်ငယ်ဖြစ်လာရန်မှာ အမှန်တကယ် မခက်ခဲပေ။
ဤခေတ်ကတော့ ကြီးကျယ်သော အပြိုင်ကမ္ဘာကြီး ဖြစ်သည်။
ထို့ကြောင့်ပင် ကျွင်းပေါင်လီက ဤခေတ်မှာ မွေးဖွားလာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်တော့သည်။
"ဂုဏ်ယူပါတယ် ကောင်းကင်သားတော်"
ကျွင်းရင်ဟွမ်က လက်ယှက်ပြီး ပြောလိုက်သည်။
ကျွင်းချင်းရန်ကလည်း အနည်းငယ် လက်ယှက်လိုက်၏။ သို့သော်လည်း သူမ၏ အမူအရာမှာ ရှုပ်ထွေးမှု အရိပ်အမြွက်တို့ ရှိနေခဲ့လေသည်။
"ငါ မှားတယ်လို့ မင်းထင်နေတာလား"
ကျွင်းပေါင်လီက ကျွင်းချင်းရန်ကို ကြည့်လိုက်သည်။
"ချင်းရန် မဝံ့ရဲပါဘူး"
ကျွင်းချင်းရန် ပြန်ဖြေလိုက်၏။
"ဟင်း..."
ကျွင်းပေါင်လီက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ နောက်တော့ ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားတော့သည်။
ရွံမုန်းခြင်း၊ မုန်းတီးခြင်း ခံစားချက်များဖြင့် မျက်လုံးများစွာက ကျွင်းပေါင်လီကို ကြည့်နေခဲ့ကြသည်။
နတ်ဘုရား၏မိစ္ဆာအတွေးကို တံဆိပ်ခတ်လိုက်ကတည်းက ကျွင်းရှောင်ယောက်၏ နာမည်ဂုဏ်သတင်းဟာ အထွတ်အထိပ်သို့ ရောက်ခဲ့သည်။
ထို့ကြောင့် ကျွင်းပေါင်လီဟာ လူတိုင်း၏ အေးစက်သောအကြည့်ကို သဘာဝအတိုင်း ခံယူရလိမ့်မည်။
သို့သော်၊ သူက ဂရုမစိုက်ပါ။
"ပြီးသွားပြီ..."
ယွီဟွာဝမ်က လေးလေးနက်နက် သက်ပြင်းချလိုက်သည်။
ယွီယွင်ရှန့်ဆီသို့ လျှောက်သွား၏။
"ငါ့နားကိုမလာနဲ့"
ယွီယွင်ရှန့်က အော်ဟစ်ပြီး နောက်ဆုတ်သွားသည်။ သူမ၏ မျက်လုံးများကလည်း နီမြန်းနေဆဲပင်။
သူမ အမြဲတမ်းလေးစားခဲ့ရသော အစ်ကိုက ဤလူမျိုး ဖြစ်လာမည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပါ။
"ယွင်ရှန့်၊ ငါ့မှာလည်း ရွေးချယ်စရာမရှိတဲ့အရာတွေ ရှိတယ်။ ငါသာ ဧကရာဇ်ခုနစ်ပါးထဲက တစ်ယောက်မဟုတ်ရင်... အဲဒီလူက ကျွင်းရှောင်ယောက် မဟုတ်ခဲ့ရင်"
"ဖြစ်ကောင်းဖြစ်နိုင်တာက... ငါတို့တွေ သူငယ်ချင်းအစစ် ဖြစ်လာလိမ့်မယ်"
ယွီဟွာဝမ်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သရော်သလို အကူအညီမဲ့သော အရိပ်အမြွက်တို့ဖြင့် ပြုံးလိုက်သည်။
လူတိုင်းက မတူညီသော စိတ်ခံစားမှုများဖြင့် လူစုခွဲကာ နယ်စပ်သို့ ပြန်လာရန် အဆင်သင့်ဖြစ်နေပြီ။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ သေဆုံးခြင်းကြောင့် တုန်လှုပ်ချောက်ချားမှုများက စတင်လာနေပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က အင်အားစုများစွာတွင် ပါဝင်ခဲ့၏။
ကျွင်းမိသားစု၊ ကျန်းမိသားစု၊ ကျွင်းဧကရာဇ်ခုံရုံး...
ကျွင်းရှောင်ယောက် သေဆုံးမှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးကို လွှမ်းခြုံသွားလိမ့်မည်။
ကောင်းကင်နှင့် ကစားပွဲက နောက်ဆုံးတော့ ပြီးသွားပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက် ရှုံးနိမ့်ခဲ့၏။
သို့သော်...
ယင်းက အမှန်တကယ် ဟုတ်ပါမည်လော။