← Chapters

အခန်း ၈၉၆

Vol. 60 Ch. 896

အခန်း ၈၉၆

Vol. 60 Ch. 896

အခန်း ( ၈၉၆ ) ဆယ်ကြိမ်ဆက်တိုက် အခွင့်အရေး ရခြင်း။

ကျွင်းရှောင်ယောက်၏ ကွယ်လွန်ခြင်းကြောင့် ကောင်း‌ကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်...

ဟင်းလင်းပြင်တစ်နေရာမှာ...

သွေးမြူများနှင့် ရောနှောနေသည့် အရိုး အပိုင်းအစများ ရှိနေသည်။

ထိုအထဲတွင် ရှေးဟောင်း အဆောင်တစ်ခုလည်း ရှိ၏။

ဤအခိုက်တွင် ရှေးဟောင်းအဆောင်က ပိုးစုန်းကြူးတစ်ကောင်ကဲ့သို့ သေးငယ်သော စိတ်ဝိညာဉ် အလင်းရောင်တစ်ခု ဖြည်းညှင်းစွာ ထွန်းလင်းလာသည်။

ထိုအလင်းရောင်တွင် ယောင်ဝါးဝါးဖြင့် အသိစိတ်လှိုင်းများ ရှိလာ၏။

"ဒီတစ်ခါတော့ ငါ လက်ဆ တော်တော်များသွားပုံရတယ်"

ဤအားနည်းသော အသိစိတ်ကတော့ ကျွင်းရှောင်ယောက်၏ အသိစိတ်ဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။

ထို့အပြင် ဤရှေးဟောင်းအဆောင်က လွမ်ကုဧကရာဇ်၏ လွမ်ကုဧကရာဇ်အဆောင် ဖြစ်သည်။

အတိတ်က လွမ်ကုဧကရာဇ်အဆောင် တစ်ဝက်တည်း ရှိသောအခါမှာပင်၊ ကျွင်းရှောင်ယောက် ဖျက်ဆီးလိုက်သော ဝမ့်ထန့်၏ဝိညာဉ်က ပြန်လည် ကောင်းမွန်နိုင်ခဲ့သည်။

ယခုဆိုလျှင် ကျွင်းရှောင်ယောက်က ပြီးပြည့်စုံသော လွမ်ကုဧကရာဇ်အဆောင်ကို ပိုင်ဆိုင်ထားပြီးပြီ။

သို့ရာတွင် ဤသည်က တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်ပါ။

ရှန်းရွှီကမ္ဘာတွင်ရှိစဉ်က ကျွင်းရှောင်ယောက်၏ ဝိညာဉ်ဟာ ကျွင်းပေါင်လီ ဖျက်ဆီးပစ်ခြင်း ခံခဲ့ရသည်။

သို့သော်လည်း ကျွင်းရှောင်ယောက် ပိုင်ဆိုင်ထားသည်မှာ မျိုးသုံးခု ရှေးဦးဝိညာဉ် ဖြစ်၏။

ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် အနှိုင်းမဲ့အရိုးအပြင်...

သူ့တွင် တာအိုခန္ဓာသုံးထောင်အနက် နံပါတ်တစ်ဖြစ်သော တာအိုခန္ဓာတစ်ခု ရှိသေးသည်။

ဗလာနယ်ကံကြမ္မာ။

ယင်းက ကျွင်းရှောင်ယောက်ကိုယ်တိုင် သေချာနားမလည်သေးသော ရုပ်ခန္ဓာ ဖြစ်သည်။

ကျွင်းရှောင်ယောက်ကတော့ သူဟာ အချိန်ခရီးသွားတစ်ဦးဖြစ်သောကြောင့် အကြောင်းနှင့်အကျိုး ကမ္မရေစက်ကြိုးများက မချည်နှောင်နိုင်ခြင်း ဖြစ်မည်ဟု ထင်ခဲ့သည်။

မည်သို့ဆိုစေ၊ ယင်းက ထာဝရဆင်းရဲဒုက္ခ နတ်ဘုရားမကိုပင် တုန်လှုပ်သွားစေခဲ့ပေသည်။

ကျွင်းရှောင်ယောက်က ဤကမ္ဘာပေါ်တွင် လုံးဝ မရှိခဲ့သူတစ်ဦး ဖြစ်နေသကဲ့သို့ ဖြစ်သည်။

ကမ္မရေစက်ကြိုး မရှိသူများက လောကသုံးပါးမှ ခုန်ထွက်သွားကာ ဓာတ်ကြီးငါးပါးနှင့် မသက်ဆိုင်ပေ။

အကြောင်းနှင့် အကျိုးဟူ၍ မရှိပါ။

သူ့အတိတ်က ဘယ်သူမဆို စူးစမ်းရန် ခက်သည်။

ယင်းကလည်း ကျွင်းရှောင်ယောက်က ကောင်းကင်အောက်တွင် ဖုံးကွယ်နိုင်ခဲ့သည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်ချေသည်။

ကောင်းကင်သည်ပင် သူ့ကို မစူးစမ်းနိုင်ပေ။

ကျွင်းရှောင်ယောက်က အချိန်ခရီးသွားတစ်ဦးဖြစ်ခြင်းနှင့် ဗလာနယ်ကံကြမ္မာတို့ကို အခွင့်ကောင်းယူကာ ကောင်းကင်အား လှည့်စားခဲ့သည်။

တစ်နည်းဆိုရသော်၊ ကောင်းကင်နှင့် ဤကစားပွဲတွင် ကျွင်းရှောင်ယောက်က အမှန်တကယ် အနိုင်ရခဲ့ပြီ ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့်၊ ကောင်းကင်က လှည့်စားခံရပြီး ကောင်းကင်သရဖူကိုလည်း အချည်းနှီး ချပေးခဲ့ရပေသည်။

ဤအခြေအနေကို အခွင့်ကောင်းယူပြီး လျှို့ဝှက်သွေးကြောကိုလည်း ပင်မသွေးပြန်ကြောသို့ အောင်မြင်စွာ ပြန်စေနိုင်ခဲ့သည်။

ကမ္ဘာ့သစ်ပင်ကို သွယ်ဝိုက်သောနည်းဖြင့် သိမ်းယူနိုင်သည့်အပြင် အင်မော်တယ်နယ်မြေကြီး၏ သူရဲကောင်းတစ်ဦးလည်း ဖြစ်ခဲ့ရပေသည်။

ဤလှိုင်းလုံးကြီးကြားတွင် ကျွင်းရှောင်ယောက်က လေထုထဲမှာပဲရှိပြီး လူတိုင်း ကျရောက်စေနိုင်သော ထောင်ချောက်ကြီးတစ်ခု ဖန်တီးထားသည်ဟု ဆိုနိုင်သည်။

ကျွင်းမိသားစု၏ ဘိုးဘေးများပင်လျှင် ကျွင်းရှောင်ယောက် လှည့်စားခဲ့ရပေသည်။

အကယ်၍၊ ကျွင်းရှောင်ယောက်သာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် ပြန်ပေါ်လာပြီး၊ ဤအရာအားလုံး၏ အမှန်တရားကို ထုတ်ဖော်လိုက်ပါက...

အင်မော်တယ်နယ်မြေကြီး၏ လူများ မည်မျှ တုန်လှုပ်သွားကြမည်ကို တွေးကြည့်ရန်ပင် မလွယ်ပေ။

ကောင်းကင်ကြီးပင် ဒေါသဖြစ်သွားမှာကို ကြောက်ရသည်။

နောက်ဆုံးတွင်၊ ခေတ်ကာလတစ်လျှောက်လုံးမှာ ဤကဲ့သို့ ကောင်းကင်အပေါ် မည်သူမျှ လှည့်ကွက်များဖြင့် မကစားနိုင်ခဲ့ပါ။

သို့သော်လည်း ကျွင်းရှောင်ယောက်က လုပ်ခဲ့သည်။

"ကောင်းကင်ကို လှည့်စားလိုက်ရတာက နည်းနည်း ကျေနပ်စရာကောင်းပေမဲ့ တန်ကြေးကလည်း မနည်းဘူး..."

ကျွင်းရှောင်ယောက်၏ အသိစိတ်လည်း အကူအညီမဲ့သလို ခံစားနေခဲ့ရသည်။

ရုပ်ခန္ဓာကြီး ပျက်စီးလုနီးပါး ဖြစ်ရုံမက အနှိုင်းမဲ့အရိုးတောင် အက်ကွဲခဲ့ရသေးသည်။

"ဒီကျွင်းပေါင်လီ၊ သူ့ရဲ့ တိုက်ခိုက်မှုက တကယ်ကို ပြင်းထန်တာပဲ"

ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်သည်။

ဟုတ်ပေသည်၊ သူက ကျွင်းပေါင်လီကို တမင်တကာ အရှုံးပေးခဲ့ခြင်း ဖြစ်၏။

မဟုတ်၍ ကျွင်းရှောင်ယောက် ဆန္ဒမရှိပါက...

သူဟာ နတ်ဘုရား၏မိစ္ဆာအတွေးကို ဖိနှိပ်ထားရသော်လည်း ကျွင်းပေါင်လီ သူ့ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ယခုတစ်ကြိမ်တွင် တန်ကြေးကြီးကြီး ပေးဆပ်ခဲ့ရသည့်တိုင်...

ဆုလာဘ်များကလည်း ကြီးမားသည်။

အနည်းဆုံးတော့ ကမ္ဘာ့သစ်ပင်ကို သူ ရရှိခဲ့၏။

ဤအရာက သူ၏ဆုံးရှုံးမှုအားလုံးကို ချေဖျက်နိုင်သည်။

ထိုအချိန်တွင် စနစ်၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

"ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်၊ အဆုံးစွန်ရှေးဟောင်းလမ်းရဲ့ အဆုံးကို ရောက်ပါပြီ။ လက်မှတ်ထိုးဝင်ချင်ပါသလား"

"စနစ်၊ မင်း ငါနဲ့ လာကစားနေတာလား"

ကျွင်းရှောင်ယောက် ဆွံ့အသွား၏။

ငါတို့ လက်မှတ်ထိုးဝင်ရမဲ့အချိန်ကို ဒီအထိ ဆိုင်းငံ့နေရသလား။

သို့သော်လည်း ဤတစ်ကြိမ်တွင် မည်သို့သောအရာမျိုး ရနိုင်မလဲဆိုတာကို သူ စောင့်မျှော်နေမိသည်။

နောက်ဆုံး‌တွင်၊ ကျွင်းရှောင်ယောက်၏ လက်ရှိအခြေအနေက ဆိုးရွားသောကြောင့် ကောင်းမွန်သောအရာများကို လက်မှတ်ထိုးနိုင်မှသာ အဆင်ပြေလိမ့်မည်။

"ဝင်ပါ..."

ကျွင်းရှောင်ယောက်၏ အသိစိတ်လှိုင်းက ပြောလိုက်သည်။

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ အဆုံးစွန်ရှေးဟောင်းလမ်းရဲ့ အဆုံးမှာ လက်မှတ်ထိုးဝင်ပြီးပါပြီ"

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ ဒီတစ်ကြိမ်မှာ လက်မှတ်ထိုးမှုအတွက် ကံကောင်းခြင်းစံ ဆုလာဘ်တစ်ခု ရရှိခဲ့ပါပြီ"

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ ဆယ်ကြိမ်ဆက်တိုက် ကံကောင်းခြင်းကို ဆွဲယူနိုင်ပါပြီ"

စနစ်၏အသံကို ကြားလိုက်ရပြီးနောက် ကျွင်းရှောင်ယောက်၏ အသိစိတ်မှာ စိတ်လှုပ်ရှားသွားသည်။

"ဒါ... ဆယ်ကြိမ်ဆက်တိုက်တောင်... ကောင်းလှချေလား"

ကျွင်းရှောင်ယောက် အံ့သြသွား၏။

စနစ်မှ ဤမျှရက်ရောသည်မှာ အလွန်ရှားသည်။

သို့သော်လည်း စဉ်းစားကြည့်လျှင်၊ အဆုံးစွန်ရှေးဟောင်းလမ်းက အမှန်တကယ် ရှည်လျားလွန်းလှသည်။ ဤအတွက် ကံကောင်းခြင်းဆုလာဘ်ကို ရရှိသည်မှာ သာမန်ဖြစ်ချေသည်။

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ ကြယ်ခုနစ်ပွင့်ဆုလာဘ်... ကောင်းကင်နေကို ပြောင်းလဲခြင်း မဟာကျင့်စဉ်ကို ရရှိခဲ့ပါပြီ"

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ ကြယ်ခုနစ်ပွင့်ဆုလာဘ်... နတ်ဆိုးမျိုး‌စေ့ တာအိုနှလုံးကျင့်စဉ်ကို ရရှိခဲ့ပါပြီ"

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ ကြယ်ခုနစ်ပွင့်ဆုလာဘ်... အရာခပ်သိမ်းမြေဆီလွှာကို ရရှိခဲ့ပါပြီ"

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ ကြယ်ရှစ်ပွင့်ဆုလာဘ်... တာအို၏မူလကို ရရှိခဲ့ပါပြီ"

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ ကြယ်ရှစ်ပွင့်ဆုလာဘ်... ဧကရာဇ်တစ်ပိုင်းလက်နက်၊ တာ့လော့ဓားသန္ဓေကို ရရှိခဲ့ပါပြီ(ဆင့်ကဲပြောင်းလဲနိုင်သည်)"

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ ကြယ်ခုနစ်ပွင့်ဆုလာဘ်... ကောင်းကင်ဖျက်ဆီးခြင်းကျမ်းကို ရရှိခဲ့ပါပြီ"

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ ကြယ်ခုနစ်ပွင့်ဆုလာဘ်... အင်မော်တယ်ကိုးပါး အသက်ဆန့်ကျင်ခြင်းဆေးလုံးကို ရရှိခဲ့ပါပြီ"

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ ကြယ်ရှစ်ပွင့်ဆုလာဘ်... သုံးဘဝနတ်ဆေးကို ရရှိခဲ့ပါပြီ"

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ ကြယ်ကိုးပွင့်ဆုလာဘ်... ယုံကြည်ခြင်းမျိုးစေ့ကို ရရှိခဲ့ပါပြီ"

"ဒင်... ဂုဏ်ပြုပါတယ် ပိုင်ရှင်၊ ကြယ်ဆယ်ပွင့်ဆုလာဘ်... အနက်ရောင် ကောင်းကင်သွေးကို ရရှိခဲ့ပါပြီ"

အဆက်မပြတ်မြည်လာသော အချက်ပေးသံများကြောင့် ကျွင်းရှောင်ယောက်သည်ပင် အနည်းငယ် မူးဝေသွားခဲ့သည်။

ပျော်ရွှင်မှုလှိုင်းလုံးကြီးက တဟုန်ထိုး တက်လာခဲ့၏။

ဆယ်ကြိမ်ဆက်တိုက် ကံကောင်းခြင်းတွင် အနိမ့်ဆုံးဆုလာဘ်က ကြယ်ခုနစ်ပွင့်ဖြစ်ပြီး ကြယ်ရှစ်ပွင့်ဆုလည်း များစွာ ရှိသည်။

ကြယ်ကိုးပွင့်နှင့် ကြယ်ဆယ်ပွင့် ဆုလာဘ်များပင် ရှိသေးသည်။

ဤသည်မှာ ကျွင်းရှောင်ယောက် တစ်ခါမှ မရှိခဲ့ဖူးသော ထိပ်တန်းဆုလာဘ်တစ်ခု ဖြစ်သည်။

"ဒီတစ်ခါတော့ ငါ ခြေတစ်လှမ်းနဲ့ ကောင်းကင်တက်တော့မယ်"

ကျွင်းရှောင်ယောက်၏ အသိစိတ်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

ယခုအချိန်တွင် သူအခြေအနေက မကောင်းသော်လည်း ဤဆုလာဘ်များဖြင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည့်အပြင်၊ ယခင်ကထက် ပိုမိုကြံ့ခိုင်လာမည်ဟု သူ ယုံကြည်မှုရှိသည်။

ထို့အပြင် ကျွင်းရှောင်ယောက်က ကမ္ဘာ့သစ်ပင်ကိုလည်း ရရှိထားခဲ့သေးသည်။

ဤကမ္ဘာသစ်ပင်ကို ဆုလာဘ်အဖြစ်သို့ ပြောင်းလဲမည်ဆိုပါက ကြယ်ဆယ်ပွင့်ဆုလာဘ်အဆင့် ဖြစ်လာမည်မှာ သေချာသည်။

ဤမျှများပြားသော ရတနာများဖြင့် ကျွင်းရှောင်ယောက် မနိုးထချင်လျှင်ပင် ခက်ခဲပေလိမ့်မည်။

"အခု အင်မော်တယ်နယ်မြေကြီးမှာ ဘယ်လိုဖြစ်နေပြီလဲ မသိဘူး"

ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။

ယခုအထိတော့ သူဟာ ထာဝရ ကစဉ့်ကလျား ဟင်းလင်းပြင်တွင် လွင့်မျောနေသေးသည်။

ကျွင်းရှောင်ယောက်ကိုယ်တိုင်ပင် ဘယ်နေရာမှာ လမ်းဆုံးမည်မှန်း မသိပေ။

...........

သဘာဝအတိုင်း၊ အင်မော်တယ်နယ်မြေကြီးရှိ လူများက ကျွင်းရှောင်ယောက်၏ အခြေအနေကို မသိကြပါ။

ကျွင်းမိသားစုမှ အင်အားစုအားလုံးကို အနိုင်ယူပြီးနောက်...

အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးသည်လည်း ခဏတာ ငြိမ်သက်သွားခဲ့သည်။

ကျွင်းမိသားစု၏ ပင်မသွေးကြောနှင့် လျှို့ဝှက်သွေးကြောများကလည်း ပေါင်းစည်းတော့မည်။

ထိုအချိန်တွင် ကျွင်းမိသားစု၏အင်အားက တဟုန်ထိုးတက်လာပြီး ယခင်အထွတ်အထိပ်သို့ပင် ပြန်ရောက်သွားနိုင်သည်။

ဟုတ်ပေသည်၊ အင်မော်တယ်ခုံရုံးကလည်း အလကားတော့ ထိုင်နေမည် မဟုတ်ပါ။

ဝါဟွမ်အင်မော်တယ်မျိုးရိုးနှင့် ဖူရှီအင်မော်တယ်မျိုးရိုးတို့က ဦးဆောင်ပြီး...

ကျွင်းမိသားစုကိုဆန့်ကျင်ရန် အင်မော်တယ်မျိုးရိုးကြီးကိုးခုကို ပေါင်းစည်းကာ အဓိပဓိအင်မော်တယ်ခုံရုံးအား ပြန်လည်ဖွဲ့စည်းတော့မည် ဖြစ်သည်။

ဟုတ်ပေသည်၊ ဤသည်က နေ့ချင်းညချင်း ပြီးမြောက်နိုင်သောအရာတော့ မဟုတ်ပါ။

တိုင်းတစ်ပါးမှာလည်း မငြိမ်မသက်ဖြစ်ပြီး နယ်စပ်ဒေသများကို မကြာခဏ နှောင့်ယှက်နေကြသည်။

ရှန်းရွှီကမ္ဘာ၏အစီအစဉ် မအောင်မြင်သော်လည်း တိုင်းတပါးက နယ်စပ်ကိုဖြတ်ရန် နည်းလမ်းများကို ရှာဖွေနေကြကြောင်း ထင်ရှားသည်။

ခေတ်တစ်ခုလုံးက ကမောက်ကမ အခြေအနေတစ်ခုကို ဦးတည်နေပုံရကြောင်း လူတိုင်း ခံစားခဲ့ရ၏။

စစ်မှန်သော ပြိုင်ဆိုင်ခြင်းကမ္ဘာကြီး စတင်နေပြီ။

ရှန်းရွှီကမ္ဘာခရီး ပြီးဆုံးပြီးနောက် မကြာမီတွင်...

အံ့ဩစရာကောင်းသော သတင်းတစ်ခုက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးသို့ တစ်ဖန် ပျံ့နှံ့သွားပြန်သည်။

ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီ ဖွင့်လှစ်တော့မည်။

All Chapters