အခန်း ၈၉၉
Vol. 60 Ch. 899
အခန်း ( ၈၉၉ ) မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်း တာအိုခန္ဓာအဖြစ်သို့ ပြောင်းလဲနိုင်ချေ။
ကျွင်းရှောင်ယောက်လည်း ဆယ်ကြိမ်ဆက်တိုက် ကံကောင်းခြင်းအတွက် ဆုလာဘ်များကို စတင်စူးစမ်းခဲ့သည်။
ကျွင်းရှောင်ယောက်က အခြား အခြားတစ်ခုခုကိုလည်း တွေးနေမိ၏။
ဤသည်က တိုင်းတစ်ပါးပြည် ဖြစ်သည်။
ကျွင်းရှောင်ယောက်အနေဖြင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ပြန်လည်တည်ဆောက်မည်ဆိုလျှင် တိုင်းတစ်ပါးတွင် လှုပ်ရှားရလွယ်မည် မဟုတ်ပေ။
တော်ရုံတန်ရုံ ဗဟုသတရှိရုံဖြင့် ကျွင်းရှောင်ယောက်၏ အထောက်အထားကို ခန့်မှန်းမိနိုင်သည်။
ယင်းက အဆင်မပြေပေ။
ထို့အပြင် ကျွင်းရှောင်ယောက်က ရောက်လာပြီးမှ ရသလောက် သဲ့ယူသွားရန် စိတ်ကူးထားသည်။
တိုင်းတပါးတွင် သူ ဖြေရှင်းစရာများ ရှိသေးသည်။
ဥပမာအားဖြင့်၊ တိုင်းတပါးမှ အရေးကြီးသော အချက်အလက်အမျိုးမျိုးကို ရှာဖွေနိုင်သည်။
သို့တည်းမဟုတ်၊ ကောင်းကင်ကျမ်း ကိုးအုပ်ထဲမှ တစ်အုပ်ဖြစ်သော ဝိညာဉ်ကျမ်းကို ကိုင်ဆောင်ထားဖွယ်ရှိသည့် ချီရှောင်းမျိုးနွယ်၏ ချီဟုန်ယွိ။
ထို့အပြင် သူ့ဖခင် ကျွင်းဝူဟွေ့က တိုင်းတပါးမှာ ရှိနေသေးသလား သိလိုသည်။
သရဲမျက်နှာသုသာန်ဧကရီက တိုင်းတပါးမှ မျိုးနွယ်စုနှင့် တစ်နည်းတစ်ဖုံ သက်ရောက်မှုရှိမရှိ စုံစမ်းရဦးမည်။
ထိုအကြောင်းကိုတွေးမှ ကျွင်းရှောင်ယောက်ဟာ ရွယ်ယွဲ့ကိုလည်း သတိရသွားပြန်သည်။
သူသည် ရွယ်ယွဲ့အပေါ်မှာ အမြင်ကောင်းမရှိသော်လည်း၊ နောက်ဆုံးအခိုက်အတန့်တွင် သူ့ရှေ့မှ ရပ်တည်ပေးခဲ့မည်ဟုတော့ ကျွင်းရှောင်ယောက် လုံးဝ မထင်ထားခဲ့ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ သူ့ပတ်ဝန်းကျင်မှာတော့ ရွယ်ယွဲ့၏ အငွေ့အသက်ကို မခံစားရပါ။
သူမက ကျွင်းရှောင်ယောက်နှင့် လူချင်းကွဲသွားခဲ့ကြောင်း ထင်ရှားသည်။
သေတောင်သေသွားနိုင်သေးသည်။
ခြုံပြောရလျှင်၊ တိုင်းတပါးမှာ ကျွင်းရှောင်ယောက် စူးစမ်းရမည့် အရာများ အများကြီး ရှိသည်။
ယခုတော့ တိုက်တိုက်ဆိုင်ဆိုင် တိုင်းတပါးကို ရောက်လာပြီမို့ ကျွင်းရှောင်ယောက်အနေဖြင့် နောက်အစီအစဉ်များကို ပြုလုပ်ရတော့မည်။
'တိုင်းတပါးရဲ့ အခြေအနေကို စူးစမ်းတော့မယ်ဆိုတော့၊ ရှေးဟောင်းမြင့်မြတ်ခန္ဓာက ငါ့အတွက် အနှောင့်အယှက်ဖြစ်လာနိုင်တယ်'
ကျွင်းရှောင်ယောက် တွေးလိုက်မိသည်။
နည်းလမ်းအမျိုးမျိုးကို စတင် ကြံဆလိုက်၏။
တိုင်းတပါးတွင် ကျွင်းရှောင်ယောက် အထောက်အထားက အဆင်ပြေမည် မဟုတ်ပါ။
ဆန့်ကျင်ဘက်အားဖြင့် ကြီးမားသော အကျပ်အတည်းများကိုသာ ဆောင်ကြဉ်းလာမည် ဖြစ်သည်။
ထို့ကြောင့် ယုတ္တိဗေဒအရ ကျွင်းရှောင်ယောက်ဟာ နိမ့်ကျသောပုံရိပ်ကို စတင်ထိန်းသိမ်းသင့်သည်။
သို့ပေမည့် ကျွင်းရှောင်ယောက်ကတော့ နိမ့်ကျသောပုံရိပ်ကို မထိန်းသိမ်းချင်ပေ။
"ဒါနဲ့၊ ကစဉ့်ကလျား မိုးပြာရောင်ကြာပန်းက ငါ့ကို ကစဉ့်ကလျားခန္ဧာတစ်ခု ပေးနိုင်တယ်။ ဒါဆို..."
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
တိုင်းတပါးတွင် ကစဉ့်ကလျားခန္ဓာတစ်ခု ပေါ်လာခဲ့ဖူး၏။
ယင်းက ကောင်းသောအချက် မဟုတ်ပါလော။
ထိုအကြောင်းကိုတွေးမိတော့ ကျွင်းရှောင်ယောက် စိတ်လှုပ်ရှားသွားသည်။
ကနဦး အကြံရလိုက်ပြီးနောက်၊ ကျွင်းရှောင်ယောက်ဟာ ဆယ်ကြိမ်ဆက်တိုက် ကံကောင်းခြင်းအတွက် ဆုလာဘ်များကို စတင်ရှာဖွေခဲ့သည်။
ယင်းက သူ့ကို မြန်မြန်ဆန်ဆန် ပြန်ကောင်းလာအောင် ကူညီနိုင်လိမ့်မည်။
"ကောင်းကင်ကိုခိုးယူပြီး နေကိုပြောင်းလဲခြင်းအတတ်က အရှိန်အဝါကို ဖုံးကွယ်နိုင်ပြီး စူးစမ်းမှုတွေကို တားဆီးနိုင်တယ်။ ဒါက အစွမ်းထက်လွန်းလို့ အကြောင်းနဲ့အကျိုးကိုတောင် ဖုံးကွယ်ထားနိုင်တယ်"
ပထမဆုံး ဤဆုလာဘ်က ကျွင်းရှောင်ယောက်ကို အံ့အားသင့်စေခဲ့သည်။
ယင်းက အိပ်ငိုက်နေချိန်တွင် ခေါင်းအုံးပေးလာသကဲ့သို့ပင်။
ကောင်းကင်ကိုခိုးယူပြီး နေကိုပြောင်းလဲခြင်း မဟာကျင့်စဉ်က တိုက်ခိုက်နိုင်စွမ်းကို မတိုးတက်စေနိုင်သော်လည်း ယခုအချိန်တွင် ကျွင်းရှောင်ယောက် အလိုအပ်ဆုံးအရာ ဖြစ်သည်။
"ကောင်းကင်ကို ခိုးယူပြီး နေကိုပြောင်းလဲခြင်းအတတ်နဲ့ ငါ့ရဲ့ဇာစ်မြစ်ကို ရှာဖွေချင်ရင် အခြားသူတွေအတွက် ပိုပြီး ခက်ခဲသွားလိမ့်မယ်"
ဤနည်းလမ်းက လက်တွေ့အသုံးချနည်းတစ်ရာဖြစ်ပြီဟု ကျွင်းရှောင်ယောက် တွေးလိုက်မိလေသည်။
နောက်တစ်ခုကတော့ တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ ဖြစ်သည်။
သေသေချာချာ စူးစမ်းပြီးနောက် သူ ပိုမို အံ့ဩသွား၏။
တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ကျင့်စဉ်က အခြားသူများကို ထိန်းချုပ်သော နည်းလမ်းတစ်ခု ဖြစ်သည်။
ရှင်းရှင်းပြောရလျှင် ကျွင်းရှောင်ယောက်က တာအိုနှလုံးသား နတ်ဆိုးမျိုးစေ့ကျင့်စဉ်ကို လေ့ကျင့်ပြီးနောက်...
ဤအတတ်ပညာကို တခြားသက်ရှိများကိုလည်း လေ့ကျင့်ပေးနိုင်သည်။
ထို့အပြင်၊ ကျွင်းရှောင်ယောက်က တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့မှတစ်ဆင့် သူ၏ ကျင့်စဉ်များကို အခြားသူများထံ လွှဲပြောင်းပေးနိုင်သည်။
ဤအတွက် ကျွင်းရှောင်ယောက်၏စွမ်းအားက မလျော့ကျသွားသည့်အပြင်၊ အခြားသူများကို ပေးပို့သော စွမ်းရည်ကိုလည်း ထိန်းချုပ်နိုင်သေးသည်။
အခြားသူများကတော့ တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ကို လေ့ကျင့်ပြီးနောက်၊ နတ်ဆိုးမျိုးစေ့များက ၎င်းတို့၏ ခန္ဓာကိုယ်တွင် မွေးဖွားလာမည် ဖြစ်သည်။
ထို့အပြင်၊ ၎င်းတို့က တာအိုနှလုံးသားနတ်ဆိုးမျိုးစေ့ကျင့်စဉ်ကို အခြားသူများထံ ဆက်လက်ပေးပို့နိုင်ပြီး အခြားသူများ၏ ကျင့်ကြံမှုစွမ်းရည်များ၊ ကျင့်ကြံခြင်းရလဒ်များ စသည်တို့ကို ရယူနိုင်သည်။
ဤအတိုင်း ဖြန့်ဝေသွားပါက တစ်ဦးမှ ဆယ်ဦး၊ ဆယ်ယောက်မှ အယောက်တစ်ရာ... ဆက်လက် ပြန့်နှံ့သွားလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဤနည်လမ်းကို ကျင့်ကြံသူအားလုံးကို ကျွင်းရှောင်ယောက်က ထိန်းချုပ်ပြီးသား ဖြစ်သွားမည် ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ အတွေးတစ်ခုဖြင့် ထိုသူများ၏ ခန္ဓာကိုယ်ရှိ နတ်ဆိုးမျိုးစေ့များကို ဖောက်ကွဲပြီး သတ်ပစ်နိုင်ပေသည်။
"ဒါကြီးက ကြမ်းလှချေလား"
ကျွင်းရှောင်ယောက် အံ့သြသွားသည်။
ဤသည်က ကျွန်ရိတ်သိမ်းခြင်းအတွက် မဟာနည်းလမ်းကြီး မဟုတ်လော။
စနစ်က သူ့ကို ကောင်းကောင်းသိနေတာများလား။
မဟုတ်သေးပေ။
အမှန်တကယ် ဤသို့ ပျံ့နှံ့သွားလျှင်တော့ ကျွန်စုဆောင်းခြင်းနှင့် မဆိုင်တော့ပါ။
ကျွင်းရှောင်ယောက်ကိုယ်တိုင်ကလည်း တာအိုတရား ကောင်းကောင်းမွန်မွန် ဟောနိုင်သည်။
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အကြံသစ်တစ်ခု ချက်ချင်း ထွက်ပေါ်လာတော့သည်။
သို့သော်လည်း အလျင်မလိုဘဲ နောက်ထပ် စနစ်၏ ဆုလာဘ်များကို ဆက်လက်ရှာဖွေခဲ့သည်။
ကြယ်ခုနစ်ပွင့်ဆုလာဘ်၊ အရာခပ်သိမ်း၏ မြေဆီလွှာ။
ယင်းက အလွန်အဖိုးတန်သော အရင်းအမြစ်တစ်ခု ဖြစ်သည်။
အင်မော်တယ်ဆေးပင်တချို့ကိုပင် အရာခပ်သိမ်း၏ မြေဆီလွှာပေါ်တွင် စိုက်ပျိုးနိုင်ပေသည်။
'ကမ္ဘာ့သစ်ပင်ကို ပျိုးထောင်ဖို့ ဒီမြေဆီလွှာကို သုံးနိုင်တယ်'
ကျွင်းရှောင်ယောက် တွေးလိုက်သည်။
ထို့နောက်မှာတော့ ကြယ်ရှစ်ပွင့်ဆုလာဘ် တာအို၏မူလ ဖြစ်သည်။
ယင်းက ကျွင်းရှောင်ယောက်ကို ပိုလေးနက်စေခဲ့၏။
တာအို၏မူလအစက ကောင်းကင်နှင့်မြေပြင်ကြားရှိ တာအို၏ အနှစ်သာရဟု ဆိုနိုင်သည်။
အကယ်၍ သေမျိုးတစ်ဦးပင်လျှင် တာအို၏မူလကို ရရှိပါက...
အနှိုင်းမဲ့ ပါရမီရှင်တစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲသွားမည်ဖြစ်ပြီး မိုးနှင့်မြေကြားရှိ နိယာမများကိုပင် ထိန်းချုပ်နိုင်မည် ဖြစ်သည်။
သို့သော်လည်း ယင်းက ကျွင်းရှောင်ယောက်အတွက် အရေးကြီးဆုံး အရာတော့ မဟုတ်ပါ။
အကြောင်းမူ၊ သူ၏ နားလည်နိုင်စွမ်းဖြင့် တာအို၏မူလကို လုံးဝ မလိုပါ။
သို့ရာတွင်...
တာအိုမူလကို သန္ဓောစွမ်းအင်တာအိုသန္ဓေ၏ ရိုးရှင်းသောဗားရှင်းအဖြစ် ရှုမြင်နိုင်သည်။
'တာအိုရဲ့မူလနဲ့ ရှေးဟောင်းမြင့်မြတ်ခန္ဓာကို ပေါင်းစပ်လိုက်မယ်ဆိုရင်...'
ကျွင်းရှောင်ယောက် သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
ယင်းက မြင့်မြတ်ခန္ဓာတာအိုသန္ဓေအဖြစ် ပြောင်းလဲစေနိုင်ပါမည်လော။
ပြီးပြည့်စုံသောအဖြစ်သို့ မပြောင်းလဲနိုင်လျှင်ပင်...
မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ဝက်အဖြစ်တော့ ပြောင်းလဲနိုင်မည်လော။
ကျွင်းရှောင်ယောက် စိတ်လှုပ်ရှားသွားသည်။
ယင်းက မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်းမျှ ဖြစ်သော်ငြားလည်း၊ ရိုးရှင်းသော ရှေးဟောင်းမြင့်မြတ်ခန္ဓာထက် များစွာပို၍ သန်မာသေးသည်။
"တကယ်ကြီး ကောင်းကင်ကိုတက်တော့မယ်"
ကျွင်းရှောင်ယောက်လည်း ယခုတစ်ကြိမ်တွင် သူ၏ အမြတ်များက တကယ်ကို ကြီးမားလွန်းသည်ဟု တွေးလိုက်မိသည်။
ထို့နောက်တွင် ကျွင်းရှောင်ယောက်က ဆက်လက် စူးစမ်းလိုက်လေသည်။
ကြယ်ရှစ်ပွင့်ဆုလာဘ်၊ ဧကရာဇ်တစ်ပိုင်းရတနာ တာ့လော့ဓားသန္ဓေ။
တာ့လော့ဓားသန္ဓေကို ကြယ်ရှစ်ပွင့်အဖြစ် သတ်မှတ်ရခြင်းက အနာဂတ်တွင် အင်မော်တယ်တစ်ပိုင်းရတနာ သို့မဟုတ် အင်မော်တယ်ရတနာတစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။
မဟာပျက်စီးခြင်းလှံပုဆိန်က ယခင်တိုက်ပွဲတွင် အစိတ်စိတ်အမြွှာမြွှာကွဲသွားသောကြောင့် ကျွင်းရှောင်ယောက်တွင် အသုံးဝင်သောလက်နက် တစ်ခုမျှပင် မရှိတော့ပေ။
ထို့အပြင် တာ့လော့ဓားသန္ဓေကို အသုံးပြုပါက တိုင်းတစ်ပါးမှလူများလည်း သူ၏ ကိုယ်ပိုင်လက္ခဏာကို ဆက်စပ်မိတော့မည် မဟုတ်ပေ။
ကြယ်ခုနစ်ပွင့်ဆုလာဘ်၊ ကောင်းကင်ဖျက်ဆီးခြင်းကျမ်းကတော့ အထူး ပြောစရာမရှိပါ။
ယင်းက မဟာနတ်ဘုရားသိုင်းကြီး ငါးခုထဲမှ တစ်ခု ဖြစ်သည်။
ယခုအခါ ကျွင်းရှောင်ယောက်က မဟာနတ်ဘုရားသိုင်း ငါးခုအနက် လေးခုကို စုဆောင်းထားပြီးပြီ။
အင်မော်တယ်သတ်ဓားသိုင်း၊ မူလတာအိုအုပ်ချုပ်သူဓားသိုင်း၊ ရွက်လွှာကိုးခုမြက်ဓားသိုင်းနှင့် ဤကောင်းကင်ဖျက်ဆီးခြင်းကျမ်း။
ယခု ကျွင်းရှောင်ယောက်တွင် အင်မော်တယ်ကပ်ဘေးဓားသိုင်းတစ်ခုသာ လိုတော့သည်။
သို့သော်လည်း အင်မော်တယ်ကပ်ဘေးဓားသိုင်းကို တတ်မြောက်သူမှာ လင်ယွမ် ဖြစ်သည်။
ကျွင်းရှောင်ယောက်လည်း အင်မော်တယ်နယ်မြေကြီးသို့ ပြန်ရောက်သောအခါမှ ဤဓားသိုင်းအတွက် လင်ယွမ်ကိုတောင်းဆိုရန် စီစဉ်ခဲ့လေသည်။
ကျွင်းရှောင်ယောက်၏ စိဆ်ထဲတွင် ယင်းကို မျှော်လင့်နေမိသည်။ မဟာနတ်ဘုရားသိုင်းကြီးငါးခုကို ပေါင်းစပ်လိုက်ပါက မည်သို့သော အံ့ဖွယ်ပြောင်းလဲမှုများ ဖြစ်လာပါမည်နည်း။
ယင်းက အန္တိမဓားသိုင်းအဖြစ်သို့ ပြောင်းလဲသွားမည်လော။
ထို့နောက်တွင် ကြယ်ခုနစ်ပွင့်ဆုလာဘ် အင်မော်တယ်ကိုးပါး အသက်ဆန့်ကျင်ခြင်းဆေးလုံးနှင့် ကြယ်ရှစ်ပွင့်ဆုလာဘ် သုံးဘဝ နတ်ဆေးတို့ ဖြစ်သည်။
ဤဆေးနှစ်မျိုးကတော့ သူ့ခန္ဓာကိုယ်ကို ပြန်လည်ထူထောင်ရေးအတွက် သဘာအတိုင်း အသုံးပြုရလိမ့်မည်။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က လုံးဝ ပျက်စီးသွားသောကြောင့် ပုံမှန်အတိုင်းဆိုလျှင် ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာဦးမည် ဖြစ်သည်။
သို့သော်လည်း ဤဆေးလုံးနှစ်မျိုး၏ အာနိသင်ကြောင့် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်နိုင်လိမ့်မည်။
အထူးသဖြင့်၊ သုံးဘဝ နတ်ဆေးက အင်မော်တယ်ဆေး ဖြစ်သည်။
၎င်း၏ ထိရောက်မှုက သာမန် ဆေးလုံးများထက် ဆယ်ဆ ပိုကောင်းမွန်ပေသည်။
ယင်းက အဖိုးမဖြတ်နိုင်ဘဲ ငွေရှိတိုင်း ဝယ်မရနိုင်သည့် ဆေးဝါးမျိုး ဖြစ်သည်။
နောက်ဆုံးမှာတော့ အရေးကြီးဆုံး အရာနှစ်ခု ရှိ၏။
ကြယ်ကိုးပွင့်ဆုလာဘ်၊ ယုံကြည်ခြင်းမျိုးစေ့။
ကြယ်ဆယ်ပွင့်ဆုလာဘ်၊ ကောင်းကင်မှ အနက်ရောင်သွေး။
ကျွင်းရှောင်ယောက်၏ အမူအရာက တကယ်ကို လေးနက်ခဲ့သည်။
နောက်ဆုံးတော့၊ ဤအဆင့်က အဖိုးတန်ဆုံးဖြစ်နေပြီ။
ကျွင်းရှောင်ယောက်လည်း ယင်း၏ အလုပ်လုပ်ပုံကို အလွန် သိချင်မိခဲ့သည်။
ပထမအချက်မှာ ယုံကြည်ခြင်းမျိုးစေ့ ဖြစ်သည်။
နည်းနည်းပါးပါး စူးစမ်းပြီးနောက် အချက်အလက်တချို့ကို ရရှိခဲ့၏။
ဤယုံကြည်ခြင်းမျိုးစေ့က နောက်ဆုံး အညှောက်မပေါက်မီတွင် ယုံကြည်ခြင်းစွမ်းအားတည်းဟူသော ရေလောင်းပေးရန် လိုအပ်သည်။
အဆုံးမှာ ဘာဖြစ်လာမလဲဆိုတာကိုတော့ ကျွင်းရှောင်ယောက်ကိုယ်တိုင် သေချာမသိပေ။
သို့သော်လည်း ယုံကြည်ခြင်းစွမ်းအားက စုဆောင်းရန် ခဲယဥ်းလွန်းသည်။
ယင်းက အလွယ်တကူ ရှာဖွေနိုင်သော အင်မော်တယ်ရင်းမြစ်ကဲ့သို့ သယံဇာတရတနာ မဟုတ်ပါ။
ယုံကြည်ခြင်းစွမ်းအားကို ရှာဖွေခြင်းဖြင့် မရနိုင်ပေ။
ကောင်းကင်ကိုးခုအင်မော်တယ်နယ်မြေကြီးတွင်ဖြစ်လျှင် ကျွင်းရှောင်ယောက်၏ လွှမ်းမိုးမှုကြောင့် ယုံကြည်ခြင်း စွမ်းအား အနည်းငယ် စုဆောင်းနိုင်လောက်သည်။
သို့သော်လည်း ယခုအချိန်တွင် ကျွင်းရှောင်ယောက်က တိုင်းတပါးမှာ ရှိနေခြင်း ဖြစ်၏။
ဤနေရာတွင် မည်သူက သူ့ကို ယုံကြည်မည်နည်း။
"ဒီလိုဆိုရင် ယုံကြည်ခြင်း စွမ်းအားက..."
ကျွင်းရှောင်ယောက်၏ စိတ်ထဲမှာ အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။
အံ့မခန်း လှည့်ကွက်ကြီးတစ်ခုကို သူစဉ်းစားမိပြီ။