အခန်း (၉၀၁-၉၀၂)
Vol. 48 Ch. 901-902
အပိုင်း (၉၀၁) - တဖြည်းဖြည်း ယိမ်းယိုင်လာသော ယုံကြည်မှု။
သုတေသနဌာန အတွင်း၌။
နိုင်ငံခြားသား ရာကျော်ခန့်သည် အလယ်တွင်ရှိသော ဘုန်းတော်ကြီးဆော်ဂျာနှင့် ဖန်ကျန်းရီကို လည်ပင်းဆန့်ကာ ကြည့်နေကြပြီး ဘေးပတ်လည်တွင်တော့ အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားသူ ဆယ်ယောက်ကျော်ခန့်က လက်ပိုက်၍ ဝိုင်းကြည့်နေကြ၏။
"အမတ်ကြီးဖန် ... ခင်ဗျားပြောတဲ့ အဏုကြည့် ကမ္ဘာကြီးဆိုတာ ဘယ်လောက်တောင် သေးငယ်တာလဲ။ ပိုးကောင်တွေလား။" ဘုန်းတော်ကြီးဆော်ဂျာက မေးလိုက်သည်။
ဖန်ကျန်းရီက ခေါင်းယမ်းလိုက်၏။ "ပိုးကောင်တွေထက် အဆရာချီ ပိုသေးငယ်တဲ့ ကမ္ဘာကြီးပါ။ တခြားစကားနဲ့ ပြောရရင် နတ်ဘုရားတွေပဲ သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ ကမ္ဘာကြီး ဖြစ်နိုင်ပါတယ်။"
ဘုန်းတော်ကြီးဆော်ဂျာ၏ ရင်ခုန်သံများ မြန်ဆန်လာသည်။
ပိုးကောင်ထက် အဆရာချီ ပိုသေးငယ်တယ်ဆိုတော့ ဒါကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ။
ဖန်ကျန်းရီက အဏုကြည့်မှန်ပြောင်းကို လက်ညှိုးထိုးကာ ပြောလိုက်၏။ "ဘုန်းတော်ကြီး ခင်ဗျား ဒီကနေ ကြည့်လိုက်ရင် အဏုကြည့် ကမ္ဘာကြီးကို မြင်ရပါလိမ့်မယ်။ ကြည့်ကြည့်ပါ။"
ဘုန်းတော်ကြီးဆော်ဂျာသည် တစ်ဝက်ယုံ တစ်ဝက်မယုံဖြင့် ခေါင်းကို မျက်မှန်ဘက်သို့ တိုးကာ သေချာ ကြည့်လိုက်သည်။
တစ်ခါမှ မမြင်ဖူးသော ကမ္ဘာကြီးက မျက်စိရှေ့တွင် ပေါ်လာ၏။ မြင်ကွင်းထဲတွင် အလွန် သေးငယ်လှသော 'အမည်းစက်' လေးများက ဖွဖွလေး လှုပ်ရှားနေကြသည်။
ထိုအခိုက်အတန့်တွင် ဘုန်းတော်ကြီးဆော်ဂျာသည် လုံးဝ ကြက်သေ သေသွားတော့၏။
အချိန်အတော်ကြာ ကြည့်ပြီးမှသာ ကိုယ်ကို ပြန်မတ်လိုက်ပြီး အဏုကြည့်မှန်ပြောင်း အပြင်ဘက်ရှိ မြင်ကွင်းကို သေချာစွာ ထပ်မံ အကဲခတ်လိုက်သည်။
ထို့နောက် ဖန်ကျန်းရီကို ကြည့်ကာ အနည်းငယ် နှေးကွေးစွာဖြင့် မေးလိုက်၏။ "ဒါက ... တခြားဟာတွေ ထပ်ကြည့်လို့ ရသေးလား။"
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီး သုတေသနဌာနမှ လူများကို လက်ရမ်းပြလိုက်ရာ ချက်ချင်းပင် လူတစ်ယောက် ရှေ့ထွက်လာပြီး ပစ္စည်းတစ်ခုကို လဲလှယ်ပေးကာ ပြန်ကြည့်ခိုင်းလိုက်သည်။
ဘုန်းတော်ကြီးဆော်ဂျာ ဒုတိယအကြိမ် ကိုယ်ကိုကိုင်းလိုက်ချိန်တွင် မျက်စိအောက်ရှိ ရှုခင်း များက အကြီးအကျယ် ပြောင်းလဲသွားသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရသဖြင့် တစ်ကိုယ်လုံး ထပ်မံ တောင့်တင်းသွားပြန်၏။
တစ်ချိန်တည်းမှာပင် သူ၏ ဦးနှောက်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ဖြစ်နေသည်။
သူ ကြည့်နေစဉ် ဖန်ကျန်းရီက ရှင်းပြလိုက်၏။ "ဘုန်းတော်ကြီး ... ခင်ဗျား မြင်နေရတဲ့ ဒီမျက်စိနဲ့ မမြင်နိုင်တဲ့ အရာလေးတွေက ရောဂါပေါင်းများစွာရဲ့ အရင်းအမြစ်တွေပါပဲ။ ခင်ဗျားတို့ဘက်က လူတွေက ဘာလို့ ရေမချိုးရင် ရောဂါတွေကို ကာကွယ်နိုင်တယ်လို့ ထင်နေကြလဲဆိုတာ ကျုပ် မသိပေမဲ့ …
ခင်ဗျားကို ကျုပ် ပြတ်ပြတ်သားသား ပြောနိုင်တာက ခင်ဗျားတို့ရဲ့ အယူအဆက မှားနေတယ်။ ခင်ဗျားတို့ အသင်းတော်ရဲ့ ဝါဒဖြန့်မှုကလည်း မှားနေတယ်။ ကျုပ်တို့ တာ့ကျင်းက ဒီအရာကို သုံးလာတာ အတော်လေး ကြာပါပြီ။ ဒီသေးငယ်တဲ့ ပိုးကောင်လေးတွေက ရောဂါဖြစ်စေနိုင်တယ်ဆိုတာကို ပြသဖို့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိပါတယ်။ သန့်ရှင်းရေးကို ထိန်းသိမ်းတာကမှ ကျန်းမာရေးကို စောင့်ရှောက်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။"
ဘုန်းတော်ကြီးဆော်ဂျာ မတ်တပ်ရပ်လိုက်ချိန်တွင် မျက်လုံးများထဲ၌ တွေဝေမှု အနည်းငယ် ရှိနေ၏။
ဖန်ကျန်းရီပြောတာ အမှန်လား၊ အမှားလားဆိုတာ သူ မသိပေ။ သို့ပေမည့် မျက်စိရှေ့မှ အရာတွေကိုတော့ သူကိုယ်တိုင် အစစ်အမှန် မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
ဒါက သေချာပေါက် အသင်းတော်တောင် ရှာမတွေ့ခဲ့ဖူးတဲ့ ကမ္ဘာကြီးပဲ။ အခုတော့ မိုင်ပေါင်း သောင်းချီဝေးတဲ့ ၊ နတ်ဘုရားကို မယုံကြည်တဲ့ နိုင်ငံတစ်ခုက ရှာတွေ့သွားခဲ့ပြီ။
ဘယ်လိုလုပ် ဒီလိုကိစ္စမျိုး ဖြစ်နိုင်မှာလဲ။
အသင်းတော် ဝါဒဖြန့်တဲ့ အယူအဆတွေက တကယ်ပဲ အလိမ်အညာတွေလား ... ဘုန်းတော်ကြီးဆော်ဂျာသည် တစ်ခဏမျှ ယုံကြည်မှု ယိမ်းယိုင်သွားခဲ့၏။
သူသည် တိတ်ဆိတ်စွာဖြင့် နေရာတွင် ရပ်နေသည်။
ဖန်ကျန်းရီက ရှေ့သို့တက်ကာ သူ့ကို ဆွဲဖယ်လိုက်ပြီးနောက် လိုင်ကော်အာကို အခြားသူများအား လာရောက် ကြည့်ရှုရန် ခေါ်ခိုင်းလိုက်၏။
သာသနာပြု အများအပြား တစ်ယောက်ပြီး တစ်ယောက် ကြည့်ရှုပြီးနောက် တစ်ဖန် နှုတ်ဖြင့် ဆွေးနွေးမှုများ စတင်လာကြသည်။ သူတို့၏ စိတ်လှုပ်ရှားနေသော မျက်နှာများကို ကြည့်ခြင်းအားဖြင့် နတ်ဘုရားဆိုင်ရာ သီအိုရီ ရှာဖွေတွေ့ရှိမှု အသစ်ထဲတွင် နစ်မြောနေကြကြောင်း သိသာလှပေသည်။
သို့ပေမည့် လူအနည်းငယ်ကမူ သူတို့၏ ပေါင်ကြားကို လက်ညှိုးထိုးကာ ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြရာ မပြောပြနိုင်သော အရာအချို့ကို ကြည့်ရှုချင်နေကြောင်း သိသာလှ၏။
အပြင်ဘက်ရှိ သုတေသနဌာန ဝန်ထမ်းများသည် ထိုမြင်ကွင်းကို မြင်သောအခါ တိတ်တဆိတ် ရယ်မောလိုက်ကြသည်။
ဒီလို ညစ်ညမ်းတဲ့ အတွေးမျိုးက လူသားအားလုံးမှာ တူညီစွာ ရှိနေတယ်ဆိုတာ သိသာတယ်။
အချိန်အတော်ကြာပြီးနောက် ဘုန်းတော်ကြီးဆော်ဂျာက ပြောလိုက်၏။ "အမတ်ကြီးဖန် ... အမှန်တိုင်း ပြောရရင် ဒါတွေက ကျုပ်ကို တကယ်ပဲ မျက်စိပွင့်သွားစေပါတယ်။ ဒါပေမဲ့ ခင်ဗျား အသင်းတော်ကို သွယ်ဝိုက်ပြီး မလှောင်ပြောင်ဘဲ နေလို့ မရဘူးလား။"
အသင်းတော်ကို လှောင်ပြောင်တာလား။ သေချာပေါက် လုပ်ရမှာပေါ့။ ခေါင်းဆောင်ဖြစ်တဲ့ ခင်ဗျားရဲ့ ဦးနှောက်ကို အရင်ဆေးပြီး ခင်ဗျားတို့ကို လမ်းမှန်ပေါ် အမြန်ဆုံး ရောက်လာအောင် လုပ်ရမယ်။ နောက်ပိုင်း ခင်ဗျားတို့ကို ခိုင်းစရာ အလုပ်တွေ ရှိသေးတယ်လေ။
ဖန်ကျန်းရီက ပြောလိုက်သည်။ "လှောင်ပြောင်တာ။ ကျုပ် အသင်းတော်ကို တစ်ခါမှ မလှောင်ပြောင်ဖူးပါဘူး။ ဒါပေမဲ့ ကျုပ်ဆီမှာ မကောင်းတဲ့ အကျင့်တစ်ခု ရှိတယ်။ မှားနေတဲ့ အရာတွေကို တွေ့ရင် ထောက်ပြချင်တဲ့ အကျင့်လေးပါ။"
ဘုန်းတော်ကြီးဆော်ဂျာက ပြန်လည် ချေပရန် ပြင်လိုက်သော်လည်း သူ မည်သို့မှ ချေပ၍ မရနိုင်ကြောင်းကို တွေ့လိုက်ရ၏။
နတ်ဘုရားတို့မည်သည် ယုတ္တိဗေဒဖြင့် ငြင်းခုံရန် မလိုအပ်ပေ။ ထို့ကြောင့်လည်း အကြောင်းပြချက် ပေးရာတွင် မည်သည့်အခါမျှ ရှုံးနိမ့်ခြင်း ရှိမည်မဟုတ်ချေ။
သို့သော်လည်း ယနေ့တွင်မူ တာ့ကျင်း၏ ကြီးပွားတိုးတက်မှု အဖြာဖြာကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ရှုမြင်ခဲ့ရသည်။
ပြည်သူလူထု၏ နေထိုင်မှုဘဝများမှာ အေးချမ်းသာယာလှသည့်အပြင် အဏုကြည့်ကမ္ဘာကြီး၏ အံ့မခန်းဖွယ် ရှာဖွေတွေ့ရှိမှုများကလည်း ရှိနေပြန်ရာ... သူသည် မိမိကိုယ်ကိုယ် လှည့်စား၍ မရနိုင်တော့ပေ။
ဤသို့ ပြင်းထန်လှသော အမှန်တရားက သူ့အား ဆွံ့အလျက် စကားမဆိုနိုင်အောင် ဖြစ်သွားစေခဲ့သည်။
နတ်ဘုရားများ၏ လွှမ်းမိုးမှု ကင်းစင်သော အရပ်ဒေသတစ်ခုသည် သက်ဝင်ယုံကြည်သူ များပြားလှသည့် စစ်မှန်သော နတ်ဘုရားများ သက်ဆင်းရာ အရပ်ဒေသထက်ပင် ပို၍ ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နေကြသည်။ ထို့အပြင် ၎င်းတို့ကြားရှိ ကွာဟချက်မှာလည်း လူတစ်ဦးကို စိတ်ပျက် အားငယ်သွားစေလောက်သည်အထိ ကြီးမားလွန်းလှ၏။
အစကနဦးတွင် သူ ဤအရပ်သို့ သာသနာပြုရန် လာရောက်ခြင်းမှာ အခြားသူများအား လမ်းမှန်ပေါ်သို့ ရောက်ရှိလာစေရန် လမ်းညွှန်ပြသပေးပြီး တောက်ပလှသော အနာဂတ်ဆီသို့ ခေါ်ဆောင်သွားရန်ဟူ၍ ထင်မြင်ခဲ့မိသည်။
သို့သော်လည်း... သူကိုယ်တိုင်ပင် ဤမျှ ကောင်းမွန်သော ဘဝမျိုးကို မပိုင်ဆိုင်ဖူးပါဘဲလျက် မည်သို့မည်ပုံများ အခြားသူများကို လမ်းညွှန်ပြသပေးနိုင်မည်နည်း။
အထူးသဖြင့် အခြားသော သာသနာပြုများက နတ်ဘုရားဆိုင်ရာ အယူအဆ တိုးတက်မှုများအကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးပြောဆိုနေကြသည်ကို ကိုယ်တိုင် ကြားသိနေရသောအခါ သူ၏ မျက်နှာတစ်ခုလုံး ပူထူလောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
ဘုန်းတော်ကြီးဆော်ဂျာသည် ခေါင်းမော့လိုက်ရာ ဖန်ကျန်းရီ၏ အပြုံးနှင့် အတိအကျ ဆုံတွေ့လိုက်၏။
ချက်ချင်း ခေါင်းယမ်းလိုက်သည်။
မဟုတ်ဘူး။ ဒီနေ့ ငါ ဘာလို့ ဒီလောက် အများကြီး တွေးနေရတာလဲ။ သေချာပေါက် စောစောက သူပြောတဲ့ မိစ္ဆာစကားတွေရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတာပဲ ဖြစ်ရမယ်။
တည်ငြိမ်ရမယ်။ တည်ငြိမ်ရမယ်။
သာသနာပြုအားလုံး ကြည့်ပြီးသွားချိန်မှာတော့ ဘုန်းတော်ကြီးဆော်ဂျာက ပြောလိုက်၏။ "အမတ်ကြီးဖန် ... အခု ကျုပ်တို့ ဘယ်သွားကြမလဲ။ အချိန်လည်း သိပ်မစောတော့ဘူး။ ဘယ်အချိန်လောက် ကျုပ်တို့ကို နေစရာနေရာဆီ ခေါ်သွားပြီး အလုပ်တွေ စီစဉ်ပေးမှာလဲ။"
ဒီနေ့ကို အမြန်ဆုံး အဆုံးသတ်ရမယ်။ ဒီမိစ္ဆာကြီးနဲ့ ဆက်ပြီး အတူတူ သွားလို့ မဖြစ်တော့ဘူး။
ဖန်ကျန်းရီက ခေါင်းယမ်းကာ ပြောလိုက်သည်။ "ဘုန်းတော်ကြီး ... ကျုပ်တို့ နောက်ထပ် ကြည့်စရာ တစ်ခု ကျန်သေးတယ်လို့ ကျုပ် ထင်တယ်။"
"ဘာကြည့်မှာလဲ။"
"ဟမ့် ... ဒါကတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ အရင်တုန်းက ကျုပ်တို့ကြားမှာ ငရဲနဲ့ ကောင်းကင်ဘုံ အကြောင်း ငြင်းခုံခဲ့ကြတယ်လေ။ ပြဿနာ အများစုက ငြင်းခုံနေဖို့ မလိုဘူးလို့ ကျုပ် ထင်တယ်။ အများကြီး ပြောနေမယ့်အစား ကိုယ်တိုင် သွားကြည့်လိုက်တာ ပိုကောင်းမယ်။ ဒါကို ကြားဖူးနားဝရှိတာထက် ကိုယ်တိုင် မြင်ရတာ ပိုကောင်းတယ် လို့ ခေါ်တယ်။"
ကိုယ်တိုင် ကြည့်မယ် ဟုတ်လား။
ဘုန်းတော်ကြီးဆော်ဂျာ၏ မျက်ခွံများ တဆတ်ဆတ် ခုန်သွားကာ လည်ချောင်းများ တင်းကျပ်သွား၏။ "ဒါက ဘာအဓိပ္ပာယ်လဲ။ ကိုယ်တိုင် သွားကြည့်ရမယ် ဆိုတာ ဘာလဲ။ ကျုပ်တို့ ကောင်းကင်ပေါ် တက်လို့ရပြီလို့ ဆိုလိုတာလား။ ပြီးတော့ ငရဲက ကောင်းကင်ဘုံ ကြားမှာ ရှိနေတယ်ဆိုတာ တကယ် မြင်ရမှာလား။"
သူ သေချာပေါက် လိမ်ပြောနေတာ ... ခဏနေရင် လှည့်ကွက်တချို့ သုံးတော့မယ် ထင်တယ်။ အဲဒီအချိန်ကျရင် နေရာမှာတင် ဖော်ထုတ်ပစ်လိုက်မယ်။
ဒီမိစ္ဆာကြီး စိတ်ဓာတ်ကို လာလွှမ်းမိုးတာ ထပ်ခွင့်ပြုလို့ လုံးဝ မဖြစ်ဘူး။
တခြားလူတွေ တာ့ကျင်းစကား နားမလည်လို့ တော်သေးတယ်။ မဟုတ်ရင် ဘယ်နှစ်ယောက်များ လမ်းလွဲသွားမလဲ မသိဘူး ...
ဆုံးဖြတ်ချက်ချပြီးနောက် ဘုန်းတော်ကြီးဆော်ဂျာ၏ ယုံကြည်မှုက တစ်ဖန် ပြန်လည် ခိုင်မာလာ၏။
သူသည် မိမိကိုယ်ကိုယ် အသင်းတော်၏ သစ္စာအရှိဆုံးသော သာသနာ့ဝန်ထမ်းတစ်ဦးအဖြစ် မှတ်ယူထားသူ ဖြစ်သည်။ သို့ဖြစ်ရာ သာသနာပြုလုပ်ငန်းများကိုပင် မစတင်ရသေးမီ ဤသို့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု ယိမ်းယိုင်သွားခြင်းမျိုးကို လုံးဝ အဖြစ်ခံမည် မဟုတ်ချေ။
ဖန်ကျန်းရီသည် လူအုပ်ရှေ့မှနေ၍ မြင်းစီးကာ ခရီးစဉ်ဆီသို့ ဖြည်းဖြည်းချင်း သွားနေပြီး ကောင်းကင်၏ အခြေအနေကိုလည်း အကဲခတ်နေ၏။
ကောင်းကင်ကြီး မှိုင်းညို့လာချိန်မှသာ နေရာသို့ ရောက်ရှိသွားသည်။
ယခုအချိန်တွင် မီးပုံးပျံ လွှတ်တင်သည့် နေရာ၌ လူအနည်းငယ်သာ ကျန်ရှိတော့ပြီး ဝန်ထမ်း အနည်းငယ်ကသာ အတွင်း၌ ရှင်းလင်းရေး လုပ်နေကြ၏။
ဖန်ကျန်းရီသည် တံခါးအပြင်ဘက်တွင် ရပ်ကာ ဘုန်းတော်ကြီးဘက်သို့ လှည့်၍ ပြောလိုက်သည်။ "ဘုန်းတော်ကြီး ... ဒီနေရာပါပဲ။"
ဘုန်းတော်ကြီးဆော်ဂျာသည် တံခါးကြီးကို မော့ကြည့်ကာ မေးလိုက်၏။ "အမတ်ကြီးဖန် ... အရင်က ကျုပ်တို့ သွားတဲ့ နေရာတွေမှာ ဆိုင်းဘုတ်တွေ ချိတ်ထားတယ်လေ။ ဒီနေရာမှာ ဘာလို့ ဆိုင်းဘုတ် မရှိတာလဲ။ ဒီနေရာ နာမည်က ဘာလဲ။"
ဖန်ကျန်းရီသည် မေးစေ့ကို ပွတ်သပ်ကာ ပြောင်ရှင်းနေသော တံခါးကြီးကို ကြည့်လိုက်သည်။
အင်း ... ခရိုင်ထဲက နာမည်ကြီး ဖျော်ဖြေရေး နေရာတစ်ခု အနေနဲ့ ဆိုင်းဘုတ်လေးတောင် မရှိတာက နည်းနည်းတော့ လွန်တယ်။ နာမည်တစ်ခု ပေးလိုက်တာ ပိုကောင်းမယ်။
ထိုသို့တွေးပြီးနောက် ဖန်ကျန်းရီသည် ကျယ်လောင်စွာ နှစ်ချက်ခန့် ရယ်မောလိုက်ပြီး မြင်းပေါ်မှ ဆင်းကာ လူအားလုံးကို မိတ်ဆက်လိုက်၏။
"အားလုံးပဲ ... အပြာရောင်ကောင်းကင် လေကြောင်းလိုင်း ကနေ ကြိုဆိုပါတယ်။"
အပိုင်း (၉၀၂) ငရဲပြည် ရောက်တော့မယ်။
အပြာရောင်ကောင်းကင်လေကြောင်းလိုင်း ...
ဤအမည်နာမသည် အနည်းငယ် ထူးဆန်းလှသည်ဟု ထင်ရသော်ငြား တောက်ယွမ်ခရိုင်၏ လမ်းတစ်လျှောက်လုံး၌ အံ့ချီးဖွယ်ရာတို့ကို တွေ့ကြုံခဲ့ရပြီးဖြစ်ရာ ဘုန်းတော်ကြီးဆော်ဂျာမှာမူ အထူးတလည် အံ့သြခြင်း မရှိတော့ချေ။
သူသည် ဖန်ကျန်းရီ၏နောက်မှ ဝင်ပေါက်အတွင်းသို့ လိုက်ပါသွားခဲ့၏။
ကွင်းပြင်အတွင်း၌ အလုပ်များလျက်ရှိသော ဝန်ထမ်းတို့သည် ဖန်ကျန်းရီ ရုတ်တရက် ရောက်ရှိလာသည်ကို မြင်သောအခါ အလျင်အမြန် ပြေးလာကာ အရိုအသေပေး နှုတ်ဆက်လိုက်ကြသည်။
"မီးပုံးပျံကို အသင့်ပြင်ထား။ လူနည်းနည်းလောက် အပေါ်ကို တင်ပေးလိုက်။" ဖန်ကျန်းရီက အမိန့်ပေးလိုက်၏။
ထိုသူတို့သည် နိုင်ငံခြားသား တစ်အုပ်ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့သြသွားကြပြီး မေးလိုက်ကြသည်။
"သခင်လေး ... အဲဒီလူတွေလား။"
"အင်း ... သေချာ ဂရုစိုက်ထား။ ရှေ့ဆုံးက ရပ်နေတဲ့သူကို အမြင့်ဆုံးထိ ခေါ်သွားပေးလိုက်။ ဘယ်လောက်မြင့်မြင့် ရတယ်။ အပေါ်မှာ ငရဲပြည် ရှိတယ်လို့ သူ့ကို ပြောလိုက်။ လုံခြုံရေးကိုတော့ အထူးဂရုစိုက်။" ဖန်ကျန်းရီက တိုးတိုးလေး မှာကြားလိုက်၏။
ထိုသူတို့သည်လည်း အများအပြား မမေးမြန်းတော့ဘဲ ခေါင်းညိတ်လိုက်ကြသည်။
အချိန်တိုအတွင်းမှာပင် မီးပုံးပျံကို အသင့်ပြင်ဆင်လိုက်ကြ၏။
ထို့နောက်တွင်တော့ နိုင်ငံခြားသားများအားလုံး၏ ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်များအောက်တွင် မီးပုံးပျံသည် မီးညှိခံရကာ မြေပြင်မှ ဖြည်းဖြည်းချင်း တက်သွားတော့သည်။
ဘုန်းတော်ကြီးဆော်ဂျာသည် တုန်ယင်နေသော လက်ဖြင့် မီးပုံးပျံကို လက်ညှိုးထိုးကာ မေးလိုက်၏။ "ဒါ ... ဒါ ... ဒါ ဘယ်လိုဖြစ်တာလဲ။ ဒါကြီးက ဘာကြီးလဲ။"
"ဒါကို မီးပုံးပျံလို့ ခေါ်တယ်။ တာ့ကျင်းရဲ့ သေးငယ်တဲ့ တီထွင်မှုတွေထဲက တစ်ခုပေါ့။"
ဖန်ကျန်းရီက ပြုံးလျက် လက်ဆန့်ကာ ပြောလိုက်သည်။ "ကြွပါ ဘုန်းတော်ကြီး။ ဒီနေ့ အချိန်လည်း လင့်နေပြီဆိုတော့ လူအများကြီးကို အပေါ် တင်မပေးနိုင်တော့ဘူး။ ခင်ဗျားကပဲ တခြားလူတွေ ကိုယ်စား သွားကြည့်လိုက်တာ ပိုကောင်းမယ်။ အပေါ်ရောက်ရင် ခင်ဗျား သိသွားလိမ့်မယ်။"
ဤအရာသည် စိတ်ချရပါမည်လား။ အပေါ်ရောက်လျှင် မည်သို့သော အန္တရာယ်မျိုးနှင့်မျှ မကြုံတွေ့ရနိုင်ဘူး မဟုတ်လား။ အကယ်၍ ငရဲပြည်သို့ ရောက်ရှိသွားခဲ့လျှင် မည်သို့ ပြုလုပ်ရမည်နည်း။
မေးခွန်းပေါင်း မြောက်မြားစွာတို့သည် သူ၏ ဦးနှောက်အတွင်း၌ လည်ပတ်လျက် ရှိနေ၏။
ဘုန်းတော်ကြီးဆော်ဂျာသည် တံတွေးတစ်ချက် မြိုချလိုက်ပြီး စိတ်တွင်း၌ အလွန်အမင်း စိုးရိမ်ပူပန်လျက် နောက်သို့လှည့်ကာ သူ၏ အဖွဲ့သားများကို တစ်ချက် ကြည့်ရှုလိုက်သည်။
သာသနာပြုအဖွဲ့သည်လည်း သူ့ကို မျှော်လင့်ချက်များ အပြည့်ဖြင့် ကြည့်ရှုနေကြ၏။
ဘုန်းတော်ကြီးဆော်ဂျာသည် အကူအညီမဲ့စွာဖြင့် ပြန်လှည့်လာခဲ့သည်။
ထားလိုက်ပါတော့ ... လမ်းတစ်လျှောက်လုံး သူပင်လျှင် ဦးဆောင်လာခဲ့ခြင်းဖြစ်၏။ ယခုမှ ကြောက်ရွံ့နေမည်ဆိုလျှင် တကယ့်ကို မျက်နှာပျက်စရာပင်။
ထို့အပြင် အမှန်တရားဆိုသည်မှာ အဆုံးအစမရှိချေ။ ယခုကဲ့သို့သော အခွင့်အရေးမျိုး ရရှိနေချိန်တွင် မကြည့်ရှုရဘူးဆိုလျှင် တစ်သက်လုံး နောင်တရနေရပေလိမ့်မည်။
ဘုန်းတော်ကြီးဆော်ဂျာသည် အံကြိတ်လျက် ရှေ့သို့ ခြေတစ်လှမ်း တက်ကာ မေးလိုက်၏။
"ကျုပ် ဘာလုပ်ရမလဲ။"
"ခြင်းတောင်းထဲ ဝင်သွားလိုက်ပါ။ ကျန်တာကိုတော့ ခင်ဗျား ကြည့်နေရုံပဲ။ စိတ်ချပါ ဘုန်းတော်ကြီး … ဘာပြဿနာမှ မရှိပါဘူး။ ခင်ဗျားက အပေါ်မှာ ကောင်းကင်ဘုံ ရှိတယ်လို့ အခိုင်အမာ ယုံကြည်နေတယ်ဆိုရင်၊ ခင်ဗျားလို ရိုသေကိုင်းရှိုင်းတဲ့ ဘာသာဝင် တစ်ယောက်အတွက် ကောင်းကင်ဘုံရဲ့ တံခါးက သေချာပေါက် ပွင့်နေမှာပါ။ ခင်ဗျားကို ကြိုဆိုနေမှာက အဆုံးမရှိတဲ့ သန့်ရှင်းသော အလင်းရောင်နဲ့ နွေးထွေးမှုတွေ ဖြစ်မှာ သေချာပါတယ်။" ဖန်ကျန်းရီက ပြုံးလျက် ပြောလိုက်သည်။
ကောင်းကင်ဘုံ၏ တံခါး ... သန့်ရှင်းသော အလင်းရောင် ဟုတ်လော။
ဘုန်းတော်ကြီးသည် လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်ပြီး မီးပုံးပျံဆီသို့ လေးနက်စွာ လျှောက်သွားလိုက်၏။
စီးနင်းပြီးနောက်တွင်တော့ နိုင်ငံခြားသားများ၏ အံ့အားတကြီး အော်ဟစ်သံများကြား၌ မီးပုံးပျံသည် ကောင်းကင်သို့ စတင် တက်သွားသည်။
...
မီးပုံးပျံသည် ပိုမို မြင့်မားလာလေလေ၊ ဘုန်းတော်ကြီးဆော်ဂျာသည် ခြင်းတောင်းဘေးကို အကူအညီမဲ့စွာ ဖက်ထားလျက် အောက်ဖက်မှ ရှုခင်းများ ပိုမို သေးငယ်လာသည်ကို ကြည့်ရှုရင်း စိတ်တွင်း၌ အံ့သြမှုနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်လာ၏။
တကယ်ပင်။ တာ့ကျင်းလူမျိုးတို့သည် တကယ်ပင် ကောင်းကင်ပေါ်သို့ တက်ရောက်နိုင်ကြသည်ပင်။ စာသားအတိုင်းပင် လုံးဝ မလိမ်ညာခဲ့ချေ။
ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
ဤသည်ကား အသင်းတော်ပင် တစ်ခါမျှ မရောက်ဖူးခဲ့သော နယ်ပယ် ... ကောင်းကင်ဘုံ၏ နယ်ပယ်ပင် ...
သူ စဉ်းစားနေဆဲမှာပင် မီးပုံးပျံကို ထိန်းချုပ်နေသော ဝန်ထမ်းသည် မီးအားကို ကျွမ်းကျင်စွာ တိုးလိုက်၏။
မီးပုံးပျံသည် ၃၆ဒီ ရေအိတ်ကြီးပမာ ဖောင်းကားလာတော့သည်။
သူ သတိပြန်ဝင်လာချိန်တွင်တော့ အောက်ဖက်ရှိ အဆောက်အအုံများသည် အလွန်အမင်း သေးငယ်သွားသည်ကို တွေ့မြင်လိုက်ရ၏။
ဤမျှ မြင့်မားလှသည် ... ကောင်းကင်ပေါ်မှ လင်းယုန်ငှက်တို့ မြေကြီးကို ကြည့်ရှုလျှင် ဤကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်ပေလိမ့်မည်။ ယခု ကောင်းကင်ဘုံနှင့် မည်မျှ ကွာဝေးသေးသနည်း။
ဤသို့ တွေးတောလျက် ဘုန်းတော်ကြီးဆော်ဂျာသည် ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်ရှုလိုက်သည်။
မျက်စိအောက်တွင်တော့ မှိုင်းညို့နေသော ရှုခင်းတစ်ခုကိုသာ မြင်တွေ့ရပြီး အဆုံးသတ်ကို လုံးဝ မမြင်ရချေ။
ကြည့်ရသည်မှာ အဝေးကြီး လိုအပ်သေးသည်ပင် ...
မီးပုံးပျံကို ထိန်းချုပ်နေသော ဝန်ထမ်းသည် သူ ကြောင်တောင်တောင် ဖြစ်နေသည်ကို ကြည့်ရှုရင်း မနေနိုင်ဘဲ ပြုံးလိုက်၏။
ဟေ့ ... ဤနိုင်ငံခြားသားသည် ကောင်းကင်ဘုံကို ရှာဖွေနေသည်မှာ သေချာလှ၏။ မည်သူမဆို ပထမဆုံး မီးပုံးပျံ စီးနင်းလျှင် ဤကဲ့သို့သော ပုံစံမျိုးချည်းသာ ဖြစ်သည်။
အမြင့်သည် ဆက်လက် တက်နေဆဲဖြစ်ပြီး ပျံသန်းမှုသည်လည်း အတော်လေး တည်ငြိမ်လှသည်။ ဘုန်းတော်ကြီးသည် အောက်ကို ကြည့်ရှုလိုက်၊ ကောင်းကင်ကို ကြည့်ရှုလိုက် ပြုလုပ်နေ၏။
ဤကဲ့သို့သော အတွေ့အကြုံမျိုးသည် အလွန်ကို ထူးဆန်းလှသော်ငြား အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် အချိန်တို့သည် အလွန် နှေးကွေးနေသကဲ့သို့ ခံစားရသည်။
"ငါတို့ ဘယ်ရောက်နေပြီလဲ။ ကောင်းကင်ဘုံနဲ့ ဘယ်လောက် ဝေးသေးလဲ။"
ဘုန်းတော်ကြီးသည် အနည်းငယ် မခံနိုင်တော့ချေ။
"ကောင်းကင်ဘုံလား … အဲဒါ ဘာကြီးလဲ။ အပေါ်မှာ ငရဲပြည် ရှိတာ။ မလောပါနဲ့၊ ရောက်တော့မယ်။" ဝန်ထမ်းက အော်ဟစ်ပြောဆိုလိုက်၏။
ဘုန်းတော်ကြီးဆော်ဂျာသည် အလွန် ထိတ်လန့်သွားပြီး မှိုင်းညို့နေသော ကောင်းကင်ကြီးကို ကြည့်ရှုရင်း မျက်နှာမှာ ဖြူရော်သွားသည်။
သူသည်လည်း အပေါ်၌ ငရဲပြည် ရှိသည်ဟု ပြောဆိုသည်လား။
ဤအချိန်မှာပင် အရင်က နူးညံ့လှသော လေစီးကြောင်းသည် ရုတ်တရက် ကြမ်းတမ်းလာခဲ့၏။
ပြင်းထန်လှသော လေတစ်ချက် တိုက်ခတ်သွားပြီး မီးပုံးပျံ ခြင်းတောင်းသည် ပြင်းထန်စွာ တုန်ခါလာတော့သည်။
အမြင့်၌ ဖောင်းကားနေသော ရေအိတ်ကြီးသည် မမြင်ရသော လက်ကြီးတစ်ဖက်မှ အားကုန် ရိုက်နှက်နေသကဲ့သို့ ဘယ်ညာ ယိမ်းထိုးလျက် ရှိနေ၏။
ပြင်းထန်လှသော လေတိုက်ခတ်မှုအောက်တွင် ဘုန်းတော်ကြီးဆော်ဂျာသည် ငိုချင်လျက် လက်တို့ ဖြစ်လို့နေသည်။
ယခု ခေါင်းထုတ်ကြည့်ရန်ပင် မျက်လုံး ဖွင့်၍မရတော့ချေ။ မီးပုံးပျံသည်လည်း အလွန် လှုပ်ယမ်းနေသဖြင့် သူသည် အထဲ၌ ထိုင်လျက် ဘေးမှ ကြိုးကို အသေအလဲ ဆွဲထားရ၏။
ဘုန်းတော်ကြီးသည် ခေါင်းကို အတင်းငုံ့ထားလျက် ကြောက်ရွံ့မှုနှင့် ရုပ်ဆိုးနေသော မျက်နှာကို ဖုံးကွယ်ထားရသည်။
သန့်ရှင်းသော အလင်းရောင်၊ ကောင်းကင်ဘုံ၊ နွေးထွေးမှု ဆိုသည်တို့က ဘယ်ရောက်သွားပြီနည်း။
ဘာတစ်ခုမှ မရှိချေ၊ အားလုံးက ပြောင်းပြန်များချည်းပင်။ ဆက်လက်၍ တက်သွားမည်ဆိုလျှင် လေသည် ပိုမို ကြမ်းတမ်းလာပြီး နောက်တစ်စက္ကန့်တွင် သူတို့ကို လေလွှင့်ပစ်ကာ ကျသေသွားနိုင်သည်။
ခမည်းတော်သည် သူ့ကဲ့သို့ ရိုသေကိုင်းရှိုင်းသော ဘာသာဝင် တစ်ယောက်ကို သေစေချင်နေသည်လား။
မြေပြင်ပေါ်တွင်တော့ ဖန်ကျန်းရီတို့သည် မီးပုံးပျံကို မမြင်ရတော့ချေ။
သာသနာပြုအဖွဲ့သည်ကား စိတ်ဝင်တစား ဆွေးနွေးနေကြဆဲဖြစ်ပြီး တချို့မှာတော့ မနာလိုသော မျက်နှာထားများ ရှိနေကြ၏။
ကောင်းကင်ပေါ်သို့ တက်နိုင်သည်ဆိုတော့ ကောင်းကင်ဘုံကို မြင်တွေ့နိုင်ပေမည်။ ဘုန်းတော်ကြီးဆော်ဂျာသည် တကယ်ပင် ကံကောင်းလှချေသည်။
လုဖာက မေးလိုက်၏။ "သခင်လေး ... သူ့ကို ဒီလို လိမ်လိုက်ရင် နောက်ပိုင်း သူ ဒီမှာ နေတာ ကြာလာပြီးရင် အခြေအနေမှန်ကို သေချာပေါက် သိသွားမှာပဲလေ။ ဒါက အသုံးဝင်ပါ့မလား။"
ဖန်ကျန်းရီက ပြန်လည်ဖြေကြားလိုက်သည်။ "နောက်ပိုင်း သူ သိသွားတာက လုံးဝ အရေးမကြီးဘူး။ ကျုပ်တို့က သူတို့ကို ကိုယ့်လူအဖြစ် ပြောင်းလဲပစ်ဖို့ပဲ လိုတယ်။ ဒီလို သစ္စာရှိတဲ့ ဘာသာဝင်တွေ အတွက်တော့ ယုံကြည်မှု တစ်ခါလောက် ယိမ်းယိုင်သွားရင် လုံလောက်ပြီ။ ရိုသေကိုင်းရှိုင်းတဲ့သူတွေက လိမ်ခံရတယ်ဆိုတာ သိသွားရင် ဘယ်သူ့ထက်မဆို ပိုမြန်မြန် ပျက်စီးသွားတတ်တယ်။ ပြီးတော့ ခရိုင်ရုံးကလည်း သူ့ကို လမ်းမှန်ပေါ် ရောက်အောင် လမ်းပြပေးအုံးမှာပဲ။"
အပေါ်တွင်တော့ ဝန်ထမ်းသည်လည်း သွားစွယ်များ ပေါ်လာ၏။
ယခုအမြင့်သို့ သူသည်လည်း ပထမဆုံး ရောက်ဖူးခြင်းဖြစ်၏။ ထပ်မံ တက်သွားမည်ဆိုလျှင် လုံခြုံရေးကို အာမမခံနိုင်တော့ချေ။
သို့ပေမည့် ဤနိုင်ငံခြားသားသည် အပြင်းအထန် ကြောက်လန့်ခြင်း မရှိသေးပုံပေါ်သည်။ သခင်လေး မှာကြားထားသည့်အတိုင်း သေချာပေါက် ပြုလုပ်ရပေမည်။
သူသည် အံကိုကြိတ်လျက် မီးအားကို ထပ်မံ တိုးလိုက်၏။
စက္ကန့်အနည်းငယ်အတွင်းမှာပင် အမြင့်သည် အလွန်အမင်း မြင့်တက်သွားပြီး အေးစိမ့်လှသော လေအေးတို့သည် ဘုန်းတော်ကြီးဆော်ဂျာ၏ တစ်ကိုယ်လုံးကို တဖြည်းဖြည်း လွှမ်းမိုးလာသည်။
ဘုန်းတော်ကြီးသည် လက်တစ်ဖက်ဖြင့် ပခုံးကို ဖက်ထားလျက် တစ်ကိုယ်လုံး တုန်ယင်နေကာ ကောင်းကင်ကို ပြန်လည် မော့ကြည့်လိုက်သောအခါ မျက်လုံးများအတွင်း၌ မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နှက်နေ၏။
အဘယ်ကြောင့် ပိုမို မှောင်မိုက်လာရသနည်း၊ ပိုမို အေးစက်လာရသနည်း၊ လေသည် အဘယ်ကြောင့် ပိုမို ကြီးမားလာရသနည်း။
အပေါ်၌ ... တကယ်ပင် ငရဲပြည် ရှိနေသည်လား။
မည်သို့ပင်ဖြစ်စေ ကောင်းကင်ဘုံသည်ကား ဤကဲ့သို့သော ပုံစံမျိုး လုံးဝ မဖြစ်နိုင်ချေ။
သူ စကားမပြောရသေးမီမှာပင် မီးပုံးပျံကို ထိန်းချုပ်နေသော ဝန်ထမ်းသည် မခံနိုင်တော့ဘဲ ချမ်းတုန်လျက် မေးလိုက်၏။ "ထပ်တက်ရင် တကယ် ငရဲပြည်ကို ရောက်တော့မယ်။ သွားကြည့်မလား။"
ကြည့်စရာလား၊ ငါ အသက်ရှူကျပ်နေပြီဟ။
ဘုန်းတော်ကြီးဆော်ဂျာသည် လွတ်ငြိမ်းခွင့် ရရှိသွားသကဲ့သို့ပင်။
သူ အောက်သို့ ဆင်းချင်နေသည်မှာ ကြာမြင့်လှပြီ။ သို့ပေမည့် စိတ်တွင်း၌ ခွင့်မပြုသဖြင့် စကားမပြောရဲခဲ့ခြင်းဖြစ်၏။ ယခုတော့ ငရဲပြည်သို့ မသွားချင်သော အပြစ်ကင်းသည့် သနားစရာ လူတစ်ယောက် ရှိနေပြီဖြစ်ရာ သူ သေချာပေါက် ကယ်တင်ရပေမည်။
ထို့ကြောင့် သူသည် ချက်ချင်းပင် ခေါင်းကို အရူးအမူး ယမ်းလိုက်၏။ "မကြည့်တော့ဘူး။ မကြည့်တော့ဘူး။ မြန်မြန် ပြန်ဆင်းရအောင်။ အောက်က လူတွေ စောင့်ရတာ ကြာနေပြီ။"
ဝန်ထမ်းက ပြုံးလိုက်သည်။ "ဒါဆိုလည်း ကောင်းပြီလေ။"
ချက်ချင်းပင် မီးအားကို လျှော့ချလိုက်သောအခါ မီးပုံးပျံသည် ဖြည်းဖြည်းချင်း အောက်သို့ ပြန်ဆင်းလာတော့၏။