အခန်း (၉၀၃-၉၀၄)
Vol. 48 Ch. 903-904
အပိုင်း (၉၀၃) သွေးစုပ်ခရိုင်သို့ နိုင်ငံခြားသားများ မှားယွင်းရောက်ရှိလာခြင်း။
မီးပုံးပျံ မြေပြင်ပေါ်သို့ ဆင်းသက်လာ၏။
ဘုန်းတော်ကြီးဆော်ဂျာသည် ခြင်းတောင်းအတွင်းမှ ယိမ်းယိုင်စွာ ထွက်လာပြီး ဖန်ကျန်းရီအနီးသို့ ဒယိမ်းဒယိုင်ဖြင့် ပြန်ရောက်လာသည်။
သူ၏ မျက်နှာအမူအရာမှာ ဝိညာဉ်လွင့်နေသကဲ့သို့ ဖြစ်နေဆဲပင်။
ဖန်ကျန်းရီက ပြုံးလျက် မေးလိုက်၏။ "ဘယ်လိုလဲ ဘုန်းတော်ကြီး ... ကောင်းကင်ဘုံကို မြင်ခဲ့ရလား။"
ဘုန်းတော်ကြီးဆော်ဂျာသည် လည်ချောင်းများ ခြောက်သွေ့သွားပြီး စိတ်တွင်း၌ ခေတ္တမျှ ရုန်းကန်နေရကာ နောက်ဆုံးတွင် ခေါင်းယမ်းလိုက်သည်။
"ဒါဆို ငရဲပြည်ကို မြင်ခဲ့ရလား။"
"အမတ်ကြီးဖန် ... အချိန်လည်း လင့်နေပြီဆိုတော့ ကျုပ်တို့ ဘယ်အချိန် နေစရာနေရာကို သွားကြည့်လို့ ရမလဲ။" ဘုန်းတော်ကြီးက စကားလမ်းကြောင်း လွှဲလိုက်၏။
"ဒါဆို ခင်ဗျား ငရဲပြည်ကို မြင်ခဲ့ရလား။" ဖန်ကျန်းရီက အလျင်အမြန် ထပ်မေးလိုက်သည်။
ဤမိစ္ဆာကောင် ဘာဖြစ်နေသနည်း။ အဆက်မပြတ် မေးမြန်းနေသည်မှာ ရိုင်းစိုင်းသည်ဟု မသိပေဘူးလား။
ဘုန်းတော်ကြီးဆော်ဂျာသည် မျက်နှာကို တင်းမာထားလျက် ခေါင်းမော့ကာ အသံတိုးတိုးဖြင့် ဖြေလိုက်၏။ "မမြင်ခဲ့ရပါဘူး။"
ဖန်ကျန်းရီက ဂရုမစိုက်ဘဲ ပြုံးလျက် ထပ်မေးလိုက်သည်။ "ဒါဆို ကောင်းကင်ပေါ် ပျံသန်းရတဲ့ အတွေ့အကြုံက ဘယ်လိုနေလဲ။"
ဘုန်းတော်ကြီးသည် နောက်သို့လှည့်ကာ မီးပုံးပျံကို တစ်ချက်ကြည့်ရှုပြီး သက်ပြင်းချ၍ ရိုးသားစွာ ဝန်ခံလိုက်၏။
"တကယ်ကို အံ့သြစရာ ကောင်းပါတယ်။ လူတွေက ဒီလိုအရာမျိုးကို သုံးပြီး ကောင်းကင်ပေါ် ပျံသန်းနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။"
"ကျုပ်တို့ တာ့ကျင်းက ဒီလောက်များပြားပြီး ဆန်းသစ်တဲ့ အရာတွေကို တီထွင်နိုင်ပြီး၊ အသင်းတော်ရဲ့ ဗဟိုဌာနချုပ်ဖြစ်တဲ့ အနောက်နိုင်ငံတွေမှာ ဒါမျိုးတွေ ဘာလို့ မပေါ်ပေါက်လာရတာလဲဆိုတာ ခင်ဗျား သိလား။" ဖန်ကျန်းရီက လမ်းပြမေးမြန်းလိုက်သည်။
"ဘာလို့လဲ။" ဘုန်းတော်ကြီး၏ သိချင်စိတ်က ထကြွလာ၏။
ဖန်ကျန်းရီက ကျယ်လောင်စွာ ပြောလိုက်သည်။ "ကျုပ်တို့ တာ့ကျင်းရဲ့ ကြီးပွားချမ်းသာမှုနဲ့ ခွန်အားကြီးမားမှုရဲ့ အခြေခံက ချွန်ထက်တဲ့ ဓားတွေနဲ့ ခိုင်မာတဲ့ သံချပ်ကာတွေကြောင့် မဟုတ်ပါဘူး။ ကျုပ်တို့က လူတိုင်းရဲ့ အရည်အချင်းကို အပြည့်အဝ အသုံးချနိုင်အောင်၊ မြေနေရာတိုင်းရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ရယူနိုင်အောင်၊ ပစ္စည်းတိုင်းကို အပြည့်အဝ အသုံးချနိုင်အောင်၊ ကုန်စည်တွေ ချောမွေ့စွာ စီးဆင်းနိုင်အောင် လုပ်ဆောင်နိုင်လို့ပါ။
တစ်ဖက်မှာကျတော့ အသင်းတော်အောက်က အနောက်နိုင်ငံတွေက အရမ်းကို ရှေးရိုးစွဲလွန်းပြီး တိုးတက်မှုကို အတားအဆီး ဖြစ်စေတယ်။ ရှေးလူကြီးတွေ၊ အာဏာပိုင်တွေ ချန်ထားခဲ့တဲ့ အရာတွေကို ဘယ်တော့မှ မငြင်းပယ်ရဲဘူး၊ သံသယမဝင်ရဲဘူး။
ဒါကြောင့် အဲဒီနေရာက လုံးဝ ပွင့်လင်းမြင်သာမှုမရှိဘူး၊ တရားမျှတမှုလည်း မရှိဘူး။ အဲဒါက ကောင်းကင်ကြီးကို ဖုံးကွယ်ထားတဲ့ အဝတ်မည်းကြီး တစ်ထည်လိုပဲ။ ခင်ဗျားတို့က လတ်ဆတ်တဲ့ လေကောင်းလေသန့်ကို ရှူရှိုက်ဖို့ ခက်ခဲသလို၊ တောက်ပတဲ့ နေရောင်ခြည်ကို ခံစားဖို့လည်း အရမ်း ခက်ခဲတယ်။"
"ခင်ဗျား ... " ဘုန်းတော်ကြီးဆော်ဂျာ၏ နဖူးမှ သွေးကြောများ ထောင်ထွက်လာပြီး မိစ္ဆာကောင်အား ဒေါသတကြီး အော်ဟစ်ရန် ပြင်လိုက်၏။
ဖန်ကျန်းရီ၏လက်သည် သူ၏ ပခုံးပေါ်သို့ ရောက်ရှိလာသည်။ "စိတ်လျှော့ပါ။ ကျုပ်က ရိုးသားလွန်းလို့ စိတ်ထဲက စကားတွေကို မပြောဘဲ မနေနိုင်လို့ပါ။ အသင်းတော်က ခင်ဗျားတို့ရဲ့အရာပါ။ ကောင်းတာဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် ကျုပ် ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ကြားက ခင်မင်မှုကိုတော့ ကျုပ် အရမ်း ဂရုစိုက်ပါတယ်။
လောကကြီးမှာ ပြည့်စုံလုံလောက်တဲ့အရာဆိုတာ မရှိဘူး။ အသင်းတော်က နတ်ဘုရားကို ကိုယ်စားပြုတယ် ဆိုပေမဲ့ လူသားတွေက နတ်ဘုရားကိုယ်စား အာဏာကို ကျင့်သုံးနေတာဆိုတော့ အမှားလုပ်မိမှာ သေချာပါတယ်။ တိုးတက်မှုတိုင်းက အားနည်းချက်ကို ဖယ်ရှားပြီး အားသာချက်ကို ယူရတာပါ။ ဒါကြောင့် ဘုန်းတော်ကြီး ... ခင်ဗျား ကျုပ်တို့ဆီမှာ နေပြီး တာ့ကျင်းရဲ့ အကောင်းဆုံး ယဉ်ကျေးမှုတွေကို ကြိုးစားပြီး လေ့လာလို့ ရပါတယ်။
နောင်တစ်ချိန် ပညာသင်ပြီး ဖေးခါကို ပြန်ရောက်တဲ့အခါ အသင်းတော်ကို ပြုပြင်ပြောင်းလဲဖို့ အကြံဉာဏ်တချို့ ပေးလိုက်ရင် ရဟန်းမင်းကြီးက သဘောကျပြီး ခင်ဗျားကို ဘုန်းတော်ကြီးချုပ်ရာထူးတောင် ပေးလိုက်နိုင်တယ်။ ခင်ဗျား ဘယ်လိုထင်လဲ။"
ဘုန်းတော်ကြီးဆော်ဂျာသည် ခေါင်းငုံ့ကာ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အားလျော့စွာဖြင့် ပြောလိုက်၏။
"ဟုတ်ကဲ့ ... အမတ်ကြီးဖန်ကို ကျေးဇူးတင်ပါတယ်။"
"ခင်ဗျား နည်းနည်း ပျော်သင့်တာပေါ့။ ကောင်းတဲ့ နေ့ရက်တွေက အနောက်မှာ ရှိသေးတယ်လေ။"
ဖန်ကျန်းရီက ချောမွေ့စွာဖြင့် ဆက်ပြောလိုက်သည်။ "ဒီနေ့ ခင်ဗျား တောက်ယွမ်ခရိုင်မှာ မြင်တွေ့ခဲ့ရတာက တာ့ကျင်းရဲ့ ရေခဲတောင် တစ်စွန်းတစ်စလောက်ပဲ ရှိပါသေးတယ်။ အနာဂတ်မှာ ကမ္ဘာကြီးကို ပြောင်းလဲစေမဲ့ အရာတွေ အများကြီး ဒီနေရာကနေ ထွက်ပေါ်လာမှာ သေချာပါတယ်။ ခင်ဗျားရဲ့သက်တမ်းအတွင်းမှာ တာ့ကျင်းရဲ့ အကြီးအကျယ် ပြောင်းလဲမှုတွေကို သေချာပေါက် မြင်တွေ့ရမှာပါ။"
"တကယ်လား။ ကျုပ်တို့ မြင်ခဲ့ရတာက ရေခဲတောင် တစ်စွန်းတစ်စပဲ ရှိသေးတာလား။" ဘုန်းတော်ကြီးက မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။
"သေချာတာပေါ့။ ဒါကြောင့် ခင်ဗျားကို အလုပ်ကြိုးစားပြီး အချိန်ပိုလုပ်ဖို့ ကျုပ် အကြံပြုချင်ပါတယ်။ တာ့ကျင်းနဲ့ အမြန်ဆုံး ဝင်ဆံ့အောင် ကြိုးစားပါ။ မဟုတ်ရင် ခင်ဗျားတို့ အဝေးကြီးမှာ ကျန်ရစ်ခဲ့ပြီး ခေတ်နောက်ကျ သွားလိမ့်မယ်။ ဘုန်းတော်ကြီး ... အချိန်တွေက မြန်လာတော့မယ်။" ဖန်ကျန်းရီက အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
ဘုန်းတော်ကြီးဆော်ဂျာသည် လေးနက်စွာ ခေါင်းညိတ်လိုက်၏။ "အမတ်ကြီးဖန်ရဲ့ သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ အမြန်ဆုံး ဝင်ဆံ့အောင် လေ့လာသင်ယူပါ့မယ်။"
ဖန်ကျန်းရီက ကျေနပ်စွာ ပြုံးလိုက်ပြီး သူ၏နောက်ရှိ လုဖာဘက်သို့ လက်ဆန့်လိုက်သည်။ "ပစ္စည်းယူခဲ့။"
လုဖာက ရှေ့သို့တက်လာပြီး ထူထဲလှသော စာရွက်စာတမ်း အစုအဝေးကို ကမ်းပေးလိုက်၏။
ဖန်ကျန်းရီက တစ်ရွက်ကို ကျပန်းဆွဲထုတ်ကာ ဘုန်းတော်ကြီး၏ မျက်စိရှေ့သို့ ကမ်းပေးလိုက်သည်။ "ဘုန်းတော်ကြီး ... မနက်ဖြန်ကစပြီး ကျုပ်တို့က ခင်ဗျားတို့ကို အလုပ်စီစဉ်ပေးမယ်။ ဒီစာရွက်က တောက်ယွမ်ခရိုင်ရဲ့ အလုပ်ခန့်ထားမှုစာချုပ်ပဲ။ တောက်ယွမ်ခရိုင်မှာ အရာရာတိုင်းက ယုံကြည်မှုနဲ့ စာချုပ်စာတမ်းကို အလေးထားတယ်။ ခင်ဗျားတို့အားလုံး လက်မှတ်ထိုးလိုက်ပါ။ ပြီးရင် ခင်ဗျားတို့ကို နေစရာနေရာကို ခေါ်သွားပြီး အနားယူခိုင်းမယ်။"
ဘုန်းတော်ကြီးက စာချုပ်ကို ယူကာ သေချာ ကြည့်ရှုလိုက်သော်လည်း စာလုံးအများစုကို နားမလည်သောကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏။ "ပတ်ဝန်းကျင် ... သန့်ရှင်းရေးဆိုတာ ဘာအဓိပ္ပာယ်လဲ။"
"မြို့တော်အလှဖန်တီးရှင်ပါ။ ခင်ဗျားတို့ထဲက တစ်စိတ်တစ်ပိုင်းက တောက်ယွမ်ခရိုင်ရဲ့ အလှအပကို ထိန်းသိမ်းဖို့ တာဝန်ယူရမယ်။ ဒီအလုပ်ကို အထင်မသေးပါနဲ့။ သင်္ချာနဲ့ ရူပဗေဒ အသိပညာတွေကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့ လိုအပ်တယ်။ ဥပမာ သန့်ရှင်းရေးလုပ်တဲ့အခါ တံမြက်စည်း လှည်းထုတ်လိုက်တဲ့ အမှိုက်ပုံတိုင်းကို တိကျတဲ့ အလေးချိန်နဲ့ တွက်ချက်ပြီး ခင်ဗျားတို့ရဲ့ လုပ်ဆောင်ချက်တွေအဖြစ် အကဲဖြတ်မှာ။ ကောင်းကောင်း မလုပ်နိုင်ရင် လစာဖြတ်ခံရမှာနော်။
ဒါက ခင်ဗျားတို့အတွက် အထူး ခွင့်ပြုချက် ပေးထားလို့ပဲ။ သာမန်လူတွေက ဒီအလုပ်ကို ရချင်ရင် အထက်တန်းပညာရေး အဆင့်ရှိရမယ်။ ကျန်းမာရေး ကောင်းရမယ်။ ရုပ်ရည် သပ်ရပ်ရမယ်။ ဆေးမင်ကြောင် မရှိရဘူး။ စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ရမယ်။ ကိုယ်ကျင့်တရား ကောင်းမွန်ရမယ်။ အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်နိုင်ရမယ်။ ပြစ်မှုမှတ်တမ်းနဲ့ တခြား မကောင်းတဲ့ မှတ်တမ်းတွေ မရှိမှ ရမှာ။"
အထက်တန်း ပညာရေးအဆင့်ဆိုသည်မှာ မည်သည့်အရာမှန်း မသိသော်ငြား ဘုန်းတော်ကြီးဆော်ဂျာမှာမူ အလွန် လေးစားသွားတော့၏။
မြို့တော်အလှဖန်တီးရှင်ဆိုသည်မှာ တကယ်ပင် အဆင့်မြင့်လှသည်ကိုး။ တောက်ယွမ်ခရိုင်သည် ဤမျှ လှပပြီး ဤမျှ တိုးတက်နေသည်မှာ အံ့သြစရာ မဟုတ်တော့ပါချေ။
"ဒါဆို နေ့တိုင်း နာရီပေါင်း နစ်ဆယ်ရှစ်နာရီ လုပ်ရမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။"
(မှတ်ချက် - ရှေးခေတ်တရုတ်တွင် တစ်နာရီကို နှစ်နာရီခန့် သတ်မှတ်သည်)
"မဟုတ်ဘူး မဟုတ်ဘူး ... ဆယ့်လေးနာရီ။"
"ဘာ။" ဘုန်းတော်ကြီးဆော်ဂျာ၏ မျက်နှာသည် ချက်ချင်း စိမ်းသွား၏။
ဖန်ကျန်းရီက အလျင်အမြန် ရှင်းပြလိုက်သည်။ "ဆယ့်လေးနာရီအပြည့်တော့ မဟုတ်ပါဘူး။ ဆယ့်ငါးနာရီ လုပ်ရတာလည်း ရှိပါတယ်။ အခုလို အများကြီး စီစဉ်ပေးရတာကလည်း ခင်ဗျားတို့ ဘုရားကျောင်း ဆောက်ဖို့ မြန်မြန် ပိုက်ဆံစုနိုင်အောင် စဉ်းစားပေးလို့ပါ။ ခမည်းတော်အတွက် ခင်ဗျားတို့က ဒီလောက် အခက်အခဲလေးတောင် မခံနိုင်ဘူးလား။"
ဘုန်းတော်ကြီးဆော်ဂျာ၏ မျက်နှာတွင် အခက်တွေ့နေသည့် အမူအရာများ ပေါ်လာပြီး ခေါင်းငုံ့ကာ ထပ်မေးလိုက်၏။ "ဒါဆို ကျုပ်တို့ ဘယ်အချိန် အနားယူရမလဲ။ ဒီအပေါ်မှာ ရေးထားတာ မတွေ့ဘူး။"
"အလုပ်ဆင်းရင် အနားယူရမှာပေါ့။ နေ့တိုင်း အနားယူလို့ ရတယ်။" ဖန်ကျန်းရီ၏ မျက်နှာသည် သိုးပေါက်လေး တစ်ကောင်ပမာ ဖြူစင်နေ၏။
ဤသည်ကား လူစကားလား။
ဘုန်းတော်ကြီး၏ ရင်ထဲ၌ တုန်လှုပ်သွားကာ ဖန်ကျန်းရီအား ဘေးတစောင်း ကြည့်ရှုလိုက်ရာ ဤကောင်၏ ခေါင်းပေါ်၌ အနီရောင် ဦးချိုနှစ်ချောင်း ထွက်နေသကဲ့သို့ပင် ဝိုးတဝါး မြင်တွေ့လိုက်ရသည်။
"ဒီလိုဆိုရင် ကျုပ်တို့ ပင်ပန်းပြီး သေသွားလိမ့်မယ်လို့ ထင်တယ်။ ဖေးခါမှာဆိုရင် လယ်ကျွန်တွေတောင် ဒီလောက် အချိန်ကြာကြာ အလုပ်မလုပ်ရဘူး။" ဘုန်းတော်ကြီးဆော်ဂျာက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ဤသည်ကား ပေါက်ကရများပင်။ နှစ်လခန့် လုပ်ကိုင်ပြီးလျှင် ဤနေရာ၌ပင် သေဆုံးသွားပေလိမ့်မည်။ ဘုရားကျောင်း တည်ဆောက်ရန် ငွေကြေးစုဆောင်းနိုင်လျှင်တောင် ငွေကြေးသုံးစွဲရန် အချိန် လုံးဝ ရှိမည်မဟုတ်ပေ။
ဖန်ကျန်းရီက ခေါင်းယမ်းကာ ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ "ကြည့်ရတာ ခင်ဗျားတို့ရဲ့ သာသနာပြုချင်တဲ့ ယုံကြည်ချက်က သိပ်မခိုင်မာဘူးထင်တယ်။ အိုက်ယား ... ကျုပ်က ခင်ဗျားတို့အတွက် ဒီလိုအလုပ်မျိုးကို သီးသန့် ရှာပေးခဲ့တာ အလကား ဖြစ်သွားပြီ။ ဒီလိုဆိုရင် ခင်ဗျားတို့ အရင် လုပ်ကြည့်မလား။"
"တကယ်လို့ လုံးဝ မခံနိုင်ဘူး၊ ပင်ပန်းတယ်လို့ ထင်ရင် ကျုပ်က ခင်ဗျားတို့ကို ကိုး-ခြောက် အလုပ် ပြောင်းပေးပြီး အနားယူခိုင်းမယ်။"
"ကိုး-ခြောက်ဆိုတာ ဘာလဲ။"
"အဲဒါက ခင်ဗျားတို့ ခုနစ်ရက်မှာ တစ်ရက်တော့ နားရက်ရမယ် ... "
ဖန်ကျန်းရီ ရှင်းပြပြီးသွားသောအခါ ဘုန်းတော်ကြီးဆော်ဂျာသည် နှစ်ခုကို နှိုင်းယှဉ်ကြည့်ရှုပြီး စိတ်တွင်း၌ အလွန် သက်သာရာ ရသွားတော့၏။
ဤသည်ကမှ မှန်ကန်သည်ပေါ့။ ခြောက်ရက်လုပ်ကိုင်ပြီး တစ်ရက်နားရသည်မှာ မည်မျှ လူသားဆန်လိုက်သနည်း။ ဆုတောင်းရန် အချိန်လည်း ရရှိသေး၏။ အရင်က အစီအစဉ်ထက် အများကြီး ပိုမို ကောင်းမွန်သည်။
"ဒါဆို လစာက ... ကျုပ်တို့ ဒီလောက် အချိန်ကြာကြာ လုပ်ရတာ ငွေနှစ်တုံးဆိုတာ နည်းနည်း နည်းလွန်းမနေဘူးလား။ ကျုပ် လာတုန်းက စားသောက်ဆိုင်က ဟင်းတွေက ဈေးမပေါဘူးဆိုတာ တွေ့ခဲ့ရတယ်။" ဘုန်းတော်ကြီးက ညည်းတွားလိုက်၏။
ဖန်ကျန်းရီက ပြောလိုက်သည်။ "ငွေနှစ်တုံးက နည်းတယ်လို့ ခင်ဗျား ထင်နေတာ။ တခြား ခံစားခွင့်တွေ ရှိသေးတယ်လေ။ အပူချိန်မြင့်မားမှု ထောက်ပံ့ကြေး၊ စားစရိတ် ထောက်ပံ့ကြေး၊ နေထိုင်စရိတ် ထောက်ပံ့ကြေး၊ မွေးနေ့ကတ် စတာတွေ အများကြီးပဲ။ ခံစားခွင့်က သေချာပေါက် ကောင်းပါတယ်။ ခင်ဗျား တခြား မေးစရာ ရှိသေးလား။"
"အင်း ... ကျုပ် ထပ်ကြည့်လိုက်အုံးမယ်။"
စာချုပ်တစ်စောင်လုံးကို ဖတ်ရှုပြီးသွားသောအခါ ဘုန်းတော်ကြီးဆော်ဂျာသည် သက်ပြင်းချလိုက်ပြီး ကျေးဇူးတင်သည့် လေသံဖြင့် ပြောလိုက်၏။ "ကျုပ် မေးစရာ မရှိတော့ပါဘူး။ သူတို့ကို ချက်ချင်း လက်မှတ်ထိုးခိုင်းလိုက်ပါ့မယ်။"
ဤမျှကောင်းမွန်သော ခံစားခွင့်များ၊ လွတ်လပ်သော အားလပ်ရက်၊ အဆင့်မြင့်သော အလုပ်ဆိုတော့ မည်သည့်အရာ ရွေးချယ်စရာ လိုအပ်သေးသနည်း။ ဤသို့ပင် ဆုံးဖြတ်လိုက်တော့မည်။
ထိုစကားကို ကြားသောအခါ ဖန်ကျန်းရီသည် ပြုံးလိုက်ပြီး ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ "ဂုဏ်ပြုပါတယ် ဘုန်းတော်ကြီး။ တောက်ယွမ်ခရိုင်ကို ဝင်ရောက်လာပြီး ကျုပ်တို့နဲ့အတူ အစစ်အမှန် ပျော်ရွှင်မှုကို ဖန်တီးဖို့ ကြိုဆိုပါတယ်။"
အပိုင်း (၉၀၄) ပထမဆုံးအကြိမ် ကမ္ဘာ့အားကစားပြိုင်ပွဲနှင့် ဖေးခါတိုင်းပြည်၏ အပြောင်းအလဲများ
တာ့ကျင်းတိုင်းပြည်အတွင်းသို့ နိုင်ငံရပ်ခြားမှ ယဉ်ကျေးမှုအသစ်များ ဝင်ရောက်လာစေရန် ဖန်ကျန်းရီသည် အကြံတစ်ခု ရခဲ့၏။ သူသည် ဟုန်လုစီဌာနမှ အမတ်ချန်ဟုန်အား နားချကာ ပထမဆုံးအကြိမ် တာ့ကျင်း ကမ္ဘာ့အားကစားပြိုင်ပွဲ ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
ဤပြိုင်ပွဲအတွက် နိုင်ငံတကာမှ သံတမန်အဖွဲ့ နှစ်ဆယ်ကျော်ကို ဖိတ်ခေါ်ခဲ့၏။ သို့သော်လည်း သူသည် ကျိုးထျဲ့ အပါအဝင် တောက်ယွမ်ခရိုင်မှ လူကြမ်းများကို တာ့ကျင်းကိုယ်စားပြု အားကစားသမားများအဖြစ် လျှို့ဝှက်စွာ ရွေးချယ်ထားခဲ့၏။
ချစ်ကြည်ရေးပြိုင်ပွဲဟူသော အမည်ခံထားသော်လည်း နိုင်ငံခြားသားများကို မြေပြင်ပေါ်တွင် လူးလှိမ့်သွားစေရန် သူက ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် ဖန်ကျန်းရီသည် ငွေရှာရန် အခွင့်အရေးကို လုံးဝ လက်မလွှတ်ခဲ့ချေ။ သူ၏သား ဖန်ချန်ယွီသည် စာသေချာမလုပ်သင့်အပြင် ပိုက်ဆံကလည်း တော်တော်ဖြုန်းသေးသည်။ ကျောင်းတွင် ရှိသမျှ ကလေးများစွာအား ဆရာကြီးလုပ်၍ ဒိုင်ခံကျွေးမွေးတတ်သည့် စေသနာရှင်လည်း ဖြစ်နေသေး၏။
ထို့ကြောင့် တောက်ယွမ်ခရိုင်ရှိ အိမ်ခြံမြေသဌေး လျိုကျုံးရွှင်အား ခြောက်ထပ်တိုက်များကို အမြန်ဆုံး ဆောက်လုပ်ရန် အမိန့်ပေးခဲ့၏။ အများသုံးနေရာအတွက် ခွဲဝေကျခံရမည့် မြေနေရာ နှင့် စက်ဘီးရပ်နားရန် နေရာများကိုပါ ရောင်းချမည့် ဉာဏ်နီဉာဏ်နက် အရောင်းမြင့်တင်ရေးဗျူဟာများကို သူက ဖန်တီးခဲ့သည်။ မကြာမီ စတင်ဖောက်လုပ်တော့မည့် ကျင်းမြို့တော် -တောက်ယွမ် မီးရထားလမ်းနှင့် တွဲဖက်ကာ ငွေအမြောက်အမြား ရှာဖွေရန် သူက ပြင်ဆင်ထားခဲ့သည်။
အခြားတစ်ဖက်တွင်မူ တောက်ယွမ်ခရိုင်၌ အနားမရှိ အလုပ်လုပ်ရန် စေလွှတ်ခံထားရသော ဘုန်းတော်ကြီးနှင့် အဖွဲ့မှာမူ လူမဆန်သော ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားနေရသည်။ ဘုရားကျောင်းဆောက်လုပ်ရန် ငွေကြေးစုဆောင်းရာတွင် ထိုသာသနာပြုအဖွဲ့သည် နိုင်ငံခြားသား ဘုန်းကြီးများကဲ့သို့ အလှူခံထွက်ခဲ့ရ၏။
ထိုမျှမက ဖန်ကျန်းရီ၏ ကောလာဟလဖြန့်မှုကြောင့် သူတို့သည် အရိုးစုများ သိမ်းဆည်းသည့်နေရာကို တည်ဆောက်နေသည်ဟု စွပ်စွဲခံခဲ့ရသည်။ ထိုသတင်းကြောင့် မြို့ထဲရှိ ဘုန်းကြီးများနှင့် တာအိုဘုန်းကြီးများ အားလုံး ဘုရားကျောင်းပတ်လည်တွင် စုရုံးကာ ယတြာများ လာရောက်ချေကြတော့သည်။
တောက်ယွမ်ခရိုင်၏ ဆွဲဆောင်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ ဖိအားများကြောင့် သာသနာပြုအဖွဲ့ဝင် အများအပြားသည် ဘာသာပြောင်းကာ ဘဝသစ်ကို စတင်ခဲ့ကြ၏။
ယုံကြည်ချက်ကို မနည်းဖက်တွယ်ထားနိုင်သော ဘုန်းတော်ကြီး တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ဖန်ကျန်းရီ၏ သွေးဆောင်ဖြားယောင်းမှုကြောင့် တာ့ကျင်းသင်္ဘောအုပ်စုအတွက် နိုင်ငံရပ်ခြား ဆက်သွယ်ရေးမှူးအဖြစ် ဖေးခါတိုင်းပြည်သို့ ပြန်သွားရန် သူက သဘောတူခဲ့ရသည်။
ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော အားကစားပြိုင်ပွဲကြီး စတင်မည့်နေ့သို့ ရောက်ရှိလာခဲ့၏။
အရှင်မင်းကြီးသည် မှူးမတ်များနှင့် နိုင်ငံခြားသံတမန်များကို ဦးဆောင်ကာ တုန်းကျောင်းတက္ကသိုလ်သို့ ခမ်းနားကြီးကျယ်စွာ ကြွရောက်လာခဲ့သည်။
ဖန်ကျန်းရီ၏ အချွန်နှင့်မသည့် စွမ်းရည်က နန်းတွင်းတစ်ခွင်ကို ထပ်မံ၍ အံ့အားသင့်စေခဲ့ပြန်၏။
ကျောင်းပေါက်ဝတွင် ပန်းများဖြင့် အလှဆင်ထားသော စာတန်းများသာမက ကျောင်းသားများက နိုင်ငံခြား သံတမန်များကို သူတို့၏ မိခင်ဘာသာစကားများဖြင့် နှုတ်ခွန်းဆက်သခဲ့ကြ၏။ ထိုအရာက သံတမန်များကို မျက်ရည်ကျစေသည်အထိ ဂုဏ်ယူဝမ်းမြောက်စေခဲ့ပြီး အရှင်မင်းကြီးအား အမွှမ်းတင် ချီးကျူးခဲ့ကြသည်။
အရှင်မင်းကြီးသည် မျက်နှာပိုးကို တတ်နိုင်သမျှ တည်ထားခဲ့သော်လည်း စိတ်ထဲတွင်မူ အလွန်တရာ ကျေနပ်ဂုဏ်ယူနေခဲ့သည်။
ကျောင်းဝင်းထဲသို့ မဝင်မီ ဖန်ကျန်းရီသည် အရှင်မင်းကြီးအား မြို့တော်-တောက်ယွမ် မီးရထားလမ်းအတွက် အုတ်မြစ်ချရန် ဖိတ်ခေါ်ခဲ့၏။ ထို့နောက် ရေပန်းများ အလိုအလျောက် ပန်းထွက်နေသော ချီလင်ရုပ်တုနှစ်ခုကို ဖွင့်လှစ်ပြသခဲ့၏။
ရေများ ပန်းထွက်နေသည့် ထိုမြင်ကွင်းကို ကြည့်ကာ မှူးမတ်များအားလုံးက နတ်ဘုရားများ၏ နိမိတ်လက္ခဏာ ဟု ထင်မှတ်ကာ အံ့အားသင့်နေကြ၏။ သို့သော်လည်း ထိုအရာသည် ဖန်ကျန်းရီ လျှို့ဝှက်စွာ တပ်ဆင်ထားသော အင်ဂျင်ငယ်လေး၏ စွမ်းဆောင်ရည်ဖြစ်ကြောင်းကို မည်သူကမျှ မသိခဲ့ကြချေ။
ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် စည်ကားသိုက်မြိုက်နေသော တုန်းကျောင်းဈေးတန်းကို တွေ့လိုက်ရသည်။
ဖန်ကျန်းရီသည် အရှင်မင်းကြီးအား ကိုယ်ပိုင်ငွေဖြင့် ဈေးဝယ်ယူရန် တောင်းဆိုခဲ့ပြီး အရှင်မင်းကြီး၏ ပြည်သူချစ်သော ပုံရိပ်ကို ဖော်ပြစေခဲ့၏။
ထို့အပြင် နိုင်ငံခြားသံတမန်များကို တိုင်းပြည်အတွက် သစ္စာစောင့်သိခြင်း ဟူသော စာတမ်းပါသည့် အင်္ကျီလက်တိုများကို အခမဲ့ ဝေငှပေးခဲ့သည်။ ထို့နောက် လူအားလုံးကို တောက်ယွမ်ရေခဲချောင်းများ ကျွေးကာ ပွဲတော်၏ အငွေ့အသက်ကို ပိုမို အသက်ဝင်လာစေသည်။
ချဲ့ထွင်ထားသော အားကစားကွင်းကြီးအတွင်း လူအားလုံး နေရာယူလိုက်ကြ၏။
အရှင်မင်းကြီး၏ နဂါးပလ္လင်ဘေးတွင် လေအေးများ ပေးစွမ်းနိုင်သော ရေနွေးငွေ့သုံးပန်ကာကို တပ်ဆင်ထားရာ အရှင်မင်းကြီးအတွက် အမြင်သစ်တစ်ခု ဖြစ်စေခဲ့သည်။
အချိန်မှတ်တိုင်မှ အသံများ ညံကျလာပြီးနောက် ဖွင့်ပွဲအခမ်းအနားကို တရားဝင် စတင်လိုက်တော့သည်။ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ လေပူဖောင်းများပေါ်မှ ပန်းများ ကြဲချခြင်း၊ လူတစ်ထောင်ပါဝင်သော စည်တော် တီးခတ်ခြင်းများ ပါဝင်ခဲ့၏။
ထို့နောက်တွင်မူ လူကိုယ်တိုင် သစ်သားသေတ္တာများကို ရွက်ကာ လှုပ်ရှားပြသသည့် ပုံနှိပ်စက်အရှင် ပြကွက်ကိုပါ တင်ဆက်ခဲ့သည်။
ခေတ်မီပြီး ကြီးကျယ်ခမ်းနားလှသော ထိုပြကွက်များက မှူးမတ်များနှင့် သံတမန်များကို မှင်သက်သွားစေခဲ့သည်။ နောက်ဆုံးတွင် ဖန်ကျန်းရီ ကိုယ်တိုင် အသံလွှင့်ကြေညာသူအဖြစ် ဆောင်ရွက်ကာ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ် အဖွဲ့များကို မိတ်ဆက်ပေးခဲ့၏။
အရှင်မင်းကြီးသည် အလွန်တရာ စိတ်လှုပ်ရှားသွားပြီး တုန်းကျောင်းတက္ကသိုလ်တွင် သုံးရက်ဆက်တိုက် ပြိုင်ပွဲများကို ကြည့်ရှုရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။ သမိုင်းတွင် အကြီးကျယ်ဆုံးဖြစ်သော တာ့ကျင်း ကမ္ဘာ့ အားကစားပြိုင်ပွဲကြီးသည် ဤသို့ဖြင့် ခမ်းနားစွာ စတင်ခဲ့တော့၏။
သုံးရက်ကြာ ကျင်းပခဲ့သော ကမ္ဘာ့အားကစားပြိုင်ပွဲကြီးသည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
ထင်ထားသည့်အတိုင်းပင် တာ့ကျင်းတိုင်းပြည်က ရွှေတံဆိပ်ဆု ရှစ်ဆယ်ရာခိုင်နှုန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ လူကြမ်းကြီး ကျိုးထျဲ့သည် ပြိုင်ပွဲကွင်းအတွင်း အစွမ်းပြနိုင်ခဲ့၏။ သူသည် နိုင်ငံခြားမှ ပြိုင်ဘက်များကို လက်သီး တစ်ချက်တည်းဖြင့် လဲကျစေရုံသာမက ဆုယူသည့်အချိန်တွင်လည်း အရှင်မင်းကြီးနှင့် ပရိသတ်များရှေ့၌ သူ ပစ်ပယ်ခဲ့ဖူးသော မိန်းကလေးကို ရင်ဖွင့်စကားများ ပြောကြားခဲ့၏။
ထိုလုပ်ရပ်ကြောင့် သူသည် သစ္စာရှိပြီး ချစ်တတ်သော ယောက်ျားကောင်းတစ်ယောက်အဖြစ် ပုံရိပ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့၏။ ဖန်ကျန်းရီမှာမူ ဤအခွင့်အရေးကို အသုံးချကာ ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့သည်။
ပြိုင်ပွဲအတွက် ထောက်ပံ့ကြေးများ ရရှိသည့်အပြင် တန်ဖိုးနည်း အမှတ်တရပစ္စည်းများကို ဈေးကြီးကြီးဖြင့် ရောင်းချကာ အမြတ်ထုတ်ခဲ့သည်။
သိပ်မကြာခင်မှာပဲ အဝေးပြေးသင်္ဘောအုပ်စုသည် ထပ်မံ၍ ခရီးထွက်ခွာခဲ့ပြန်၏။
လိုင်ကော်အာသည် ရာထူးတိုးကာ အဖွဲ့ကို ဦးဆောင်ရသည်။ သနားစရာကောင်းသော ခါလဲ့မီမှာမူ မြို့တော်တွင် အိမ်ဝယ်ထားပြီးဖြစ်၍ မသွားလိုကြောင်း ငိုယိုပြောဆိုခဲ့သော်လည်း အလုပ်ကြိုးစားလွန်းသည်ဟူသော အကြောင်းပြချက်ဖြင့် အတင်းအဓမ္မ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။
ထိုအချိန်တွင် မြို့တော်-တောက်ယွမ် မီးရထားလမ်းမှ သံလမ်းများကို နယ်ခံသူခိုးအချို့က ခိုးယူသွားကြောင်း သတင်းရရှိခဲ့၏။ ကျင်းယီဝေတပ်ဖွဲ့သည် အမှုမှန် အမြန်ဆုံးပေါ်ပေါက်စေရန် သူခိုးများကို မစင်ပုံးကိုင်စေသည့် နည်းလမ်းကို အသုံးပြုခဲ့သည်။ ရွံရှာဖွယ်ကောင်းလှသော ထိုလုပ်ရပ်ကြောင့် ပြစ်မှုကျူးလွန်သူများက နောက်ဘယ်တော့မှ မလုပ်တော့ကြောင်း ဝန်ခံကတိ ပြုကြ၏။
သို့ပေမည့် မီးရထားလမ်းကို ကာကွယ်ရန် လမ်းတစ်လျှောက်တွင် စက်ရုံများ တည်ဆောက်ရန် ဖန်ကျန်းရီက ဆုံးဖြတ်လိုက်၏။ ထို့နောက် မီးရထားလမ်းတစ်လျှောက်ရှိ မြေကွက်များအားလုံးကို သူက ကြိုတင် ဝယ်ယူထားပြီးဖြစ်ကြောင်း လီယွမ်ကျောက်အား ဂုဏ်ယူစွာဖြင့် ဖွင့်ဟပြောဆိုလိုက်သည်။
သင်္ဘောအုပ်စုသည် ဖေးခါတိုင်းပြည်သို့ ဆိုက်ရောက်လာခဲ့၏။
ဘုန်းတော်ကြီးနှင့် ခါလဲ့မီတို့သည် ရုပ်ဖျက်ကာ ကုန်းပေါ်သို့ အရင်ဆင်းခဲ့ကြသည်။ ခါလဲ့မီသည် ကျန်ရစ်ခဲ့သော သူငယ်ချင်းဖြစ်သူ ရှောင်ရွှိုက်ကို ရှာဖွေနေစဉ် ငါးများဖြင့် ပြုလုပ်ထားသည့် ခွက်ကို ရောင်းချနေသော အမည်းရောင်ဝတ်စုံနှင့် လူတစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံလိုက်ရပြီး သတိလစ်သွားခဲ့သည်။
သတိပြန်လည်လာချိန်တွင် ထိုအမည်းရောင်ဝတ်စုံနှင့် လူမှာ ထိပ်ပြောင်နေသော ရှောင်ရွှိုက်ဖြစ်နေကြောင်းကို သူ အံ့သြစွာ တွေ့လိုက်ရသည်။ အမှန်တကယ်တော့ ရှောင်ရွှိုက်သည် လိုင်ကော်အာ၏ အကြံဉာဏ်ကို အသုံးပြုကာ အသက်ရှင်နေသော ငါးများနှင့် ပင်လယ်မျှော့များကို အသုံးပြု၍ ပြုလုပ်ထားသော ခွက်များကို ဖေးခါတိုင်းပြည်တွင် ရောင်းချကာ ချမ်းသာနေခြင်း ဖြစ်သည်။ ထိုအရာက တစ်မြို့လုံးတွင် အလွန် ရေပန်းစားသွားခဲ့၏။
ထိုကိစ္စအတွက် ရဟန်းမင်းကြီးက အလွန်အမင်း ဒေါသထွက်ခဲ့ပြီး တားမြစ်မိန့် နှစ်ကြိမ်တိုင်တိုင် ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရှောင်ရွှိုက်သည် မြေအောက်လောကသို့ ဝင်ရောက်သွားကာ ထိုထူးဆန်းသော စီးပွားရေးကို လက်ဝါးကြီးအုပ်ထားခဲ့သည်။
ထို့အပြင် အလွန်ကြီးမားသည့် ပြည့်တန်ဆာရုံများကိုပါ ဖွင့်လှစ်ကာ ဘာရိန်းလမ်းမ၏ ဘုရင်တစ်ပါးအဖြစ် ချမ်းသာ ကြွယ်ဝလာခဲ့ပေသည်။ ဘုရားကျောင်းကို ဖြုတ်ချရန် ညီအစ်ကိုများအဖွဲ့ကိုပင် သူက ဖွဲ့စည်းထားခဲ့သေး၏။
ရှောင်ရွှိုက်သည် ခါလဲ့မီအား အဖွဲ့ဝင်အဖြစ် လက်ခံရန်အတွက် မစင်နှင့်တူသော ဝက်အူပြုတ်ကို အတင်းအကျပ် စားခိုင်းကာ နောက်ပြောင်ခဲ့၏။ "မင်း ဒါကို စားမှ အဖွဲ့ထဲကို ဝင်ခွင့်ရမယ်။"
ခါလဲ့မီက အော့နှလုံးနာစွာဖြင့် ကြည့်လိုက်ပြီးနောက် မျက်လုံးစုံမှိတ်ကာ မြိုချလိုက်ရသည်။
ထို့နောက် ရှောင်ရွှိုက်က အရေးကြီးသော သတင်းနှစ်ခုကို ပြောပြခဲ့၏။
"ပထမအချက်က ဖေးခါတိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ကြာ့ဝေးမြို့စားကြီးက လောဘကြီးလွန်းလို့ ငွေနဲ့ အလွယ်တကူ ဝယ်လို့ရတယ်။ ဒုတိယအချက်က မြောက်ဘက်မှာ အရှေ့တိုင်းသား လူကြမ်းတစ်ယောက်က တိုင်းပြည်တစ်ခုကို တည်ထောင်ထားတယ်။ တာ့ကျင်းကနေ ပုန်ကန်လာတဲ့ မင်းသားလို့ သံသယရှိတယ်။ သူက ဘုရားကျောင်းက ဂိုဏ်းချုပ်ဘုန်းကြီး နှစ်ယောက်ကို သတ်ဖြတ်ပြီး ပုပ်ရဟန်းမင်းကြီးကို လူသိရှင်ကြား စိန်ခေါ်ထားတယ်။"
အခြားတစ်ဖက်တွင်မူ ရိုးသားသော ဘုန်းတော်ကြီးဆော်ဂျာသည် တာ့ကျင်းတိုင်းပြည်၏ ကြီးပွားတိုးတက်မှုများ ကို အခြားဂိုဏ်းချုပ်ဘုန်းကြီးထံသို့ အမှန်အတိုင်း တင်ပြခဲ့၏။ သို့သော်လည်း လာဘ်စားထားသော သစ္စာဖောက်အဖြစ် စွပ်စွဲခံရကာ မောင်းထုတ်ခံလိုက်ရသည်။
ဂိုဏ်းချုပ်ဘုန်းကြီးက တာ့ကျင်းသင်္ဘောအုပ်စုကို ဆိပ်ကမ်းသို့ ဝင်ရောက်ခွင့် မပေးကြောင်း ရှောင်ရွှိုက်က သိရှိသွားချိန်တွင် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ကို အလွယ်တကူ စေလွှတ်ကာ သူ၏ အင်အားကို ခါလဲ့မီအား ပြသခဲ့၏။
သုံးနာရီပင် မပြည့်မီအချိန်အတွင်း ရှောင်ရွှိုက် လာဘ်ပေးထားခြင်း ခံရသော အတွင်းလူများကြောင့် ဂိုဏ်းချုပ်ဘုန်းကြီးမှာ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားခဲ့သည်။ ၏
ထိုကိစ္စကို မသိရှိသေးသော ဘုန်းတော်ကြီးဆော်ဂျာသည် ကြာ့ဝေးမြို့စားကြီးထံသို့ သွားရောက်ကာ ညှိနှိုင်းရန် ကြိုးစားခဲ့၏။
သို့သော်လည်း သူသည် ထိတ်လန့်တုန်လှုပ်နေသော မြို့စားကြီးနှင့် မျက်နှာချင်းဆိုင် တိုးသွားခဲ့လေသည်။
ကြာ့ဝေးမြို့စားကြီးက ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်၏။ "ဆက်မပြောပါနဲ့တော့ ... ဂိုဏ်းချုပ်ဘုန်းကြီး က သေသွားပြီ။ ကျုပ် တာ့ကျင်းရေတပ်နဲ့ ဆွေးနွေးချင်ပါတယ်။ ခင်ဗျား ကူညီပေးနိုင်မလား။"
ဘုန်းတော်ကြီးဆော်ဂျာသည် ဂိုဏ်းချုပ်ဘုန်းကြီး၏ ဦးခေါင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည်။
ကြာ့ဝေးမြို့စားကြီးက အကြံဖြင့် သူ့အား ဂိုဏ်းချုပ်ဘုန်းကြီးရာထူးကို ဆက်ခံရန် ဖိအားပေး ခြိမ်းခြောက်ချိန်တွင် သူ၏ စိတ်နှလုံးမှာ ပြင်းထန်စွာ ပြိုလဲသွားခဲ့ရသည်။ သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တာ့ကျင်းသင်္ဘောအုပ်စုဆီသို့ ထွက်ပြေးလာခဲ့၏။
လိုင်ကော်အာက သူ၏ ပင်ကိုယ်အရည်အချင်းဖြစ်သော မက်လုံးပေးမြှူဆွယ်ခြင်းကို အစွမ်းကုန် အသုံးချလိုက်၏။ လိုင်ကော်အာက နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် စကားလုံးများဖြင့် ဆော်ဂျာအား လှည့်စားပြောဆိုလိုက်သည်။ "ဒါက ကောင်းကင်ဘုံက ပေးသနားတဲ့ အခွင့်အရေးပဲ။ ယုံကြည်သူတွေ အတွက်လည်း အကျိုးရှိစေမယ့် ကိစ္စပဲ။"
ထိုစကားများကြောင့် ဘုန်းတော်ကြီးမှာ စိတ်ပါသွားခဲ့သည်။ ထို့ကြောင့် သူသည် အကောင်းအဆိုး နှစ်ဖက်စလုံးကို လက်ခံကာ ဖေးခါတိုင်းပြည်အား တာ့ကျင်းတိုင်းပြည်၏ လက်အောက်ခံနယ်မြေတစ်ခုအဖြစ် လုံးလုံးလျားလျား ပြောင်းလဲပစ်ရန် ဆုံးဖြတ်လိုက်ချေသည်။
တစ်ချိန်တည်းမှာပင် ရှောင်ရွှိုက်သည် လိုင်ကော်အာ၏ အတင်းအကျပ် စေခိုင်းမှုကြောင့် ဖေးခါတွင် ဆက်နေကာ သူ၏ ဘာရိန်းလမ်းမ၏ ဘုရင်အဖြစ် ဆက်လက် တည်ရှိနေခဲ့ပြီး ခါလဲ့မီမှာမူ သူဆန္ဒရှိသည့်အတိုင်း အိမ်အပြန်ခရီး သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်၏။