← Chapters

အခန်း (၉၀၇-၉၀၈)

Vol. 48 Ch. 907-908

အခန်း (၉၀၇-၉၀၈)

Vol. 48 Ch. 907-908

အပိုင်း (၉၀၇) စီရင်မည့်နေ့။

စီရင်မည့်နေ့တွင် သန့်စင်သောမြို့တော်၏ ရင်ပြင်ပေါ်၌ လူအုပ်ကြီးက တိုးဝှေ့ပြည့်နှက်နေ၏။

ဘုန်းတော်ကြီးဆော်ဂျာအား စီရင်မည့်စင်မြင့်ထက်သို့ ခေါ်ဆောင်မလာရသေးခင်မှာပင် အောက်ဘက်ရှိ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးပြောဆိုနေကြသည်။

အဘယ်ကြောင့်ဆိုသော် မနေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်သည် အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းနေသောကြောင့် ဖြစ်၏။

ဂိုဏ်းအုပ်ဘုန်းကြီးတစ်ပါးသည် အယူမှားသူများ၏ သွေးဆောင်မှုကို ခံရပြီးနောက် အရက်အရှိန်ဖြင့် ရဟန်းမင်းကြီးကို လူပုံအလယ်တွင် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့သည်။ ထိုသူ၏ ကိုယ်ပိုင်ဘဝမှာလည်း အလွန်ပင် ယုတ်မာကောက်ကျစ်လှ၏။ သူတစ်ပါး၏ သားမယားများကို စော်ကားကာ ပြည်သူများ၏ အိမ်ရာများကိုလည်း အတင်းအဓမ္မ သိမ်းပိုက်ခဲ့သည်။

လက်အောက်တွင် ကြီးမားလှသော အိမ်တော်ကြီးများစွာ ရှိပြီး အမျိုးသမီးကျွန် နှစ်ဆယ်ကျော်ကိုလည်း မွေးမြူထားကာ နေ့ရက်အလိုက် နံပါတ်စဉ်တပ်၍ ပျော်ပါး စံစားခဲ့၏။

သူ၏ရာထူးကို အသုံးချကာ ဖြောင့်မတ်မှန်ကန်ကြောင်း လိမ်လည်လှည့်ဖြားပြီး သာမန်ဘာသာဝင်များထံမှ ငွေကြေးများကို မတရားသဖြင့် ကောက်ခံကာ မလျော်ကန်သော လုပ်ရပ်မျိုးစုံကို ကျူးလွန်ခဲ့သည်။

အချုပ်အားဖြင့်ဆိုရလျှင် ခေါင်းမှစ၍ ခြေဖျားအထိ ယုတ်မာကောက်ကျစ်မှုများဖြင့် ပြည့်နှက်နေသော လူယုတ်မာတစ်ဦးပင် ဖြစ်ချေသည်။

ဤမျှဆိုးရွားသော လူယုတ်မာတစ်ဦးသည် လူအများရှေ့တွင် မီးဟုန်းဟုန်းတောက်လောင်နေသော အလယ်၌ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါမကျန် ပြာကျသွားသည်ကို မြင်တွေ့ရမည်ဖြစ်သဖြင့် အားလုံး၏ ရင်ထဲတွင် အလွန်ပင် ကျေနပ်အားရနေကြ၏။

လိုင်ကော်အာသည် ဤကြေညာချက်ကို မြင်သောအခါ ဒေါသကြောင့် ရင်ကွဲမတတ် ဖြစ်သွားခဲ့သည်။

သူတို့ကျူးလွန်ခဲ့သော ပြစ်မှုများကို သူတစ်ပါးအပေါ်သို့ လွှဲချခဲ့ပြီး ဘာသာတရားကို စော်ကားသည်ဟုပင် စွပ်စွဲရဲကြသေးသည်။

ဤမျှ အရှက်အကြောက်ကင်းမဲ့သော လုပ်ရပ်မျိုးကို သူတစ်ခါမှ မမြင်ဖူးခဲ့ချေ။ တောက်ခေါက်ချင်စိတ်များပင် ပေါ်လာ၏။ သင်္ဘောအုပ်စုသာ ဤနေရာတွင် ရှိနေပါက လူများကိုခေါ်၍ အပြတ်ရှင်းပစ်လိုက်ပြီ ဖြစ်သည်။

ဟော့ပူသည် အစေခံများကို ခေါ်ဆောင်လာကာ လိုင်ကော်အာနှင့် မလှမ်းမကမ်းတွင် ရပ်နေပြီး လူအုပ်ကြီး၏ ဆူညံသံများကို မထီမဲ့မြင် အမူအရာဖြင့် နားထောင်နေ၏။

ဖြတ်ခနဲ တံတွေးတစ်ချက်ကို မြေပြင်ပေါ်သို့ အားပါးတရ ထွေးချလိုက်ရာ မထင်မှတ်ဘဲ ရှေ့တွင်ရပ်နေသူ၏ ခြေဖနောင့်ပေါ်သို့ ကျသွားခဲ့သည်။

ရှေ့မှလူက နောက်သို့လှည့်ကြည့်လိုက်ပြီး ဒေါသတကြီးဖြင့် မေးလိုက်၏။ "ခင်ဗျား မျက်စိမပါဘူးလား။ ဘယ်နေရာကို ထွေးချနေတာလဲ။"

ဟော့ပူက မောက်မာစွာဖြင့် ပြန်ပြောလိုက်သည်။ "ခင်ဗျားမျက်နှာကို မထွေးချတာပဲ ကျေးဇူးတင်။ ခင်ဗျားရှေ့မှာ ရပ်နေတာ ဘယ်သူလဲဆိုတာ သေချာကြည့်စမ်း။"

ထိုသူက မော့ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် မျက်နှာချိုသွေးကာ ပြောလိုက်၏။ "အို ... သခင်လေး ဟော့ပူကိုး။"

ဟော့ပူက ပြောလိုက်သည်။ "ဖယ်စမ်း … ကျုပ် ပွဲကြည့်တာကို လာမပိတ်ရပ်နဲ့။"

ထိုသူက ပြန်ဖြေလိုက်၏။ "ဟုတ်ကဲ့ပါ ... ဟုတ်ကဲ့ပါ။"

ဟော့ပူ၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေ၏။ မနေ့က လိုင်ကော်အာ ထွက်သွားကတည်းက သူတို့နှစ်ဦး ပြန်မတွေ့ရတော့ချေ။

သူ့အနေနှင့် ဝင်မကူညီသည်မှာလည်း သဘာဝကျသည်။ အလွန်အန္တရာယ်များသည့်အပြင် သိကျွမ်းခဲ့သည့် အချိန်ကလည်း မကြာသေးသဖြင့် စိတ်ထဲတွင် အပြစ်မကင်းသလို ခံစားရခြင်းမျိုး မရှိချေ။

သို့ပေမည့် လိုင်ကော်အာ၏ စိုးရိမ်တကြီး ဖြစ်နေပုံကို ကြည့်ရသည်မှာ ဆင်းရဲသားရပ်ကွက်သို့ သွား၍ လူကယ်ရန် နည်းလမ်းရှာဖွေနေခြင်းမှာ သေချာပေသည်။

ထိုအရာကို တွေးမိသောအခါ သူ၏ကိုယ်ကျင့်တရားသည် တစ်ဖက်လူထက် နိမ့်ကျနေသည်ဟု အလိုလို ခံစားလိုက်ရသဖြင့် အလွန်ပင် နေရခက်သွား၏။

ယခုအချိန်တွင် လိုင်ကော်အာသည် လူအုပ်ထဲတွင် ရှိနေမည်မှာ သေချာသော်လည်း မည်သည့်နေရာတွင် ရှိနေမှန်း မသိချေ။ ရှာပြီး သေချာစကားပြောကြည့်ရမည်။

ဤအချိန်တွင် လိုင်ကော်အာသည် နာရီကို အဆက်မပြတ် ကြည့်နေပြီး ဆင်းရဲသားရပ်ကွက်ဆီသို့ ဦးတည်နေသော ဘေးဘက်လမ်းမဆီသို့ မကြာခဏ လှမ်းကြည့်နေ၏။

ယနေ့ ဘုန်းတော်ကြီးကို ကယ်တင်နိုင်ခြင်း ရှိမရှိဆိုသည်မှာ သူတို့၏ လုပ်ဆောင်နိုင်စွမ်းအပေါ်တွင်သာ မူတည်နေသည်။ စိတ်ပျက်အောင် မလုပ်ကြပါစေနှင့်ဟု ဆုတောင်းနေမိသည်။

စောင့်ဆိုင်းနေစဉ်အတွင်းမှာပင် ဘုန်းတော်ကြီးအား စီရင်မည့်စင်မြင့်ထက်သို့ ခေါ်ဆောင်လာခဲ့သည်။

ထို့နောက် ရဟန်းမင်းကြီးနှင့် ဘုရားကျောင်းမှ အထက်လူကြီးများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ဘုန်းတော်ကြီးဆော်ဂျာ၏ ဘေးတွင်မူ တရားသူကြီးချုပ်ကိုယ်တိုင် စီရင်ချက်ချရန် ရပ်နေ၏။

အောက်ဘက်မှ လူအုပ်ကြီးထံမှ သြဘာပေးသံများ ဆူညံသွားသည်။

အလွန်ပင် ကြီးကျယ်ခမ်းနားလှသော အခမ်းအနားပင်ဖြစ်သည်။ ဤမျှ အဆင့်အတန်းမြင့်မားသော သူများစွာကို ဤနေရာတွင် တွေ့ရသည်မှာ အလွန်ပင် ရှားပါးလှ၏။

ရဟန်းမင်းကြီးသည် အောက်ဘက်သို့ ခံစားချက်ကင်းမဲ့စွာဖြင့် ဝေ့ဝဲကြည့်ရှုလိုက်သည်။

လွန်ခဲ့သော နှစ်နှစ်တာ ကာလအတွင်း အခြေအနေများမှာ အလွန်ပင် တည်ငြိမ်မှုမရှိခဲ့ချေ။ ညီအစ်ကို အသင်းတော်ကဲ့သို့သော ဘုရားကျောင်းကို ဆန့်ကျင်သည့် အဖွဲ့အစည်းများကို မဆိုထားနှင့်၊ အသေးစား အဖွဲ့အစည်းများပင် မကြာခဏ ပေါ်ထွက်လာတတ်သည်။ ယခု ဘုရားကျောင်းမှ ဂိုဏ်းအုပ်ဘုန်းကြီးတစ်ပါးက သူ့ကို လူပုံအလယ်တွင် ဆန့်ကျင်လာခြင်းက ပြဿနာအချို့ ရှိနေပြီဖြစ်ကြောင်း သက်သေပြနေ၏။

ထို့ကြောင့် ယခုအချိန်တွင် ကြက်ကိုသတ်၍ မျောက်ကိုခြောက်ရန် လိုအပ်နေပြီး မနာခံသူများကို ကြောက်ရွံ့သွားစေရန် ပြုလုပ်ရမည်။

ယခုအခြေအနေကို ကြည့်ရသည်မှာ ရလဒ်မဆိုးလှချေ။

စင်မြင့်ထက်တွင် ဘုန်းတော်ကြီးဆော်ဂျာ၏ ခန္ဓာကိုယ်ပေါ်၌ ကြာပွတ်ဒဏ်ရာများစွာ ရှိနေပြီး အလွန်ပင် အားနည်းနေပုံရ၏။

တရားသူကြီးချုပ်က ပြစ်မှုများကို တစ်ခုချင်းစီ ဖတ်ပြပြီးနောက် ဘုန်းတော်ကြီးဆော်ဂျာအား ကြည့်၍ မေးလိုက်သည်။ "ဆော်ဂျာ ... ပြစ်မှုတွေကို မင်း ဝန်ခံသလား။"

ဘုန်းတော်ကြီးဆော်ဂျာက အားနည်းစွာဖြင့် ပြုံးလိုက်ပြီး ပြောလိုက်၏။ "ခင်ဗျားတို့ ကျုပ်ကို နှိပ်စက်တိုင်း ကျုပ်က သေရမှာကို ကြောက်မယ်လို့ ထင်နေသလား။ တရားသူကြီးချုပ် ... ခင်ဗျား အောက်ကလူတွေကို ကြည့်လိုက်စမ်း။ လိမ်လည်မှုတွေကြားထဲမှာ ရှင်သန်နေရတာလေ။ ကျုပ် ခင်ဗျားကို အမှန်တရားတစ်ခု ပြောပြမယ်။ လူဆိုတာ လိမ်လည်မှုတွေကြားထဲမှာ အမြဲတမ်း ရှင်သန်နေလို့ မရဘူး။ အမှန်တရားနဲ့ ကင်းကွာသွားရင် ရှင်သန်နိုင်စွမ်း မရှိတော့ဘူး။ "ဒီနေ့ ခင်ဗျား သူတို့ကို တစ်ကြိမ် လှည့်စားနိုင်လိမ့်မယ်။ ဒါပေမဲ့ ဘယ်နှစ်ကြိမ်လောက် ထပ်ပြီး လှည့်စားနိုင်မှာလဲ။"

တရားသူကြီးချုပ်က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကျုပ် သေတဲ့အထိ လှည့်စားနိုင်ရင် ရပြီလေ။ ဘုန်းတော်ကြီး ... တကယ်တော့ ကျုပ် ရင်ထဲမှာ ခင်ဗျားကို လေးစားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်လည်း တစ်ချိန်က လူငယ်တစ်ယောက် ဖြစ်ခဲ့ဖူးလို့ပဲ။ ဒါပေမဲ့ ကျုပ်တို့နှစ်ယောက်ကြားမှာ ကွာခြားချက်တစ်ခု ရှိတယ်။ ခင်ဗျားက ကြီးပြင်းလာဖို့ မသင်ယူခဲ့ဘူး။"

"ဟက်ဟက် ... အရှက်မရှိတဲ့ကောင်။"

သူတို့နှစ်ဦး၏ စကားဝိုင်းကို ပြင်ပလူများက သဘာဝကျစွာပင် မသိရှိနိုင်ချေ။

တရားသူကြီးချုပ်သည် လူအားလုံး ရောက်ရှိနေပြီဖြစ်ကာ အခြေအနေမှာလည်း အသင့်ဖြစ်နေပြီဖြစ်ကြောင်း တွေ့ရသောအခါ ပုပ်ရဟန်းမင်းကြီးအား တစ်ချက် ကြည့်လိုက်၏။

ပုပ်ရဟန်းမင်းကြီးက ခေါင်းညိတ်ပြလိုက်ရာ တရားသူကြီးချုပ်က ခမ်းနားထည်ဝါစွာဖြင့် ပြောလိုက်သည်။

“ဒီနေ့ကျုပ်တို့ရင်ဆိုင်နေရတာက ခွင့်လွှတ်လို့မရတဲ့ အယူမှားလုပ်ရပ် တစ်ခုကပဲ။ ဒီတရားခံက ကျုပ်တို့ရဲ့မြင့်မြတ်တဲ့ သာသနာ့အဆုံးအမတွေကို ရဲရဲရင့်ရင့် သံသယဝင်ရဲရုံတင်မကဘူး။ ဘုရားကျောင်းရဲ့ဂုဏ်သိက္ခာကိုလည်း လူပုံအလယ်မှာ စိန်ခေါ်ခဲ့တယ်။ သူက အရှက်အကြောက် ကင်းမဲ့တဲ့ အယူမှားသူ တစ်ယောက်ပဲ။”

စင်အောက်ရှိ ပရိသတ်အားလုံး တိတ်ဆိတ်စွာ နားထောင်နေချိန်တွင် လိုင်ကော်အာ၏ အကြည့်များကမူ လမ်းမဆီသို့ စူးစိုက်နေ၏။

ရုတ်တရက် သူ၏မျက်လုံးများ အရောင်လင်းလက်သွားသည်။ အဝေးမှနေ၍ အနက်ရောင် အစက်အပြောက်လေး များစွာက အဆက်မပြတ် လှုပ်ရှားလျက် ရှိနေသည်။

ရောက်လာပြီလား။ လူတွေ ရောက်လာပြီလား။

တရားသူကြီးချုပ်က ဆက်လက်၍ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်၏။ "... ကျုပ်တို့ရဲ့ ယုံကြည်ခြင်းနဲ့ ဒီဘုရားကျောင်းတော်ကို နောက်တစ်ခါ ဘယ်သူမှ မစော်ကားရဲစေရဘူး။ ဒါက... တကယ်ကို ချမှတ်ဖို့ ခက်ခဲလွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဒါပေမဲ့ ဒါက မလုပ်မဖြစ် လုပ်ရမယ့်အရာလို့ ကျုပ် အခိုင်အမာ ယုံကြည်တယ်။ ဒါကြောင့်... ကျုပ်တို့အားလုံး ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ အတူတကွ ဒူးထောက်ဆုတောင်းကြရအောင်။ ကိုယ်တော်ရှင်ရဲ့ လမ်းပြမှုနဲ့ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံရင်း... ကျုပ်တို့ ချမှတ်လိုက်တဲ့ ဒီစီရင်ချက်ဟာ ဘုရားသခင်ရဲ့ တရားမျှတမှု၊ ပြီးတော့ ကိုယ်တော်ရဲ့ ဘုန်းအသရေတော်နဲ့ အပြည့်အဝ တင့်တယ်နေစေဖို့... အားလုံးပဲ စိတ်နှလုံးကို စုစည်းပြီး ဆုတောင်းကြပါစို့။"

"ယခု မီးတောက်ကို ထွန်းညှိလိုက်တော့။"

"မီးမရှို့ရဘူး။" ရင်ပြင်တစ်ခုလုံး ဟိန်းထွက်သွားသော အော်သံကြီးတစ်ခုကြောင့် တရားသူကြီးချုပ်၏ စကားများ ရုတ်တရက် ရပ်တန့်သွား၏။

နောက်တစ်စက္ကန့်တွင် တာ့ကျွမ်းနှင့် ဖိုပေါ်လဲ့တို့ ဦးဆောင်သော ဆင်းရဲသား အမြောက်အမြားသည် ရင်ပြင်ဆီသို့ အရူးအမူး ဝင်ရောက်လာကြပြီး အခြားသော ပရိသတ်များကိုပါ တိုးဝှေ့တွန်းတိုက်သွားကြသည်။

တံခါးစောင့်များပင်လျှင် တားဆီးရန် အချိန်မရလိုက်ချေ။ သို့မဟုတ် တားဆီးရန် မဝံ့ရဲကြခြင်းလည်း ဖြစ်နိုင်၏။

လူတွေက အရမ်းများလွန်းနေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် လူထောင်ပေါင်းများစွာ ရှိမည်ဖြစ်ပြီး အနောက်ဘက်လမ်းမပေါ်တွင်လည်း တိုးဝှေ့နေကြကာ ပါးစပ်မှလည်း မီးမရှို့ရဟု အော်ဟစ်နေကြ၏။

ချက်ချင်းပင် ရင်ပြင်တစ်ခုလုံး ရှုပ်ထွေးပွက်လောရိုက်သွားသည်။

"ရဟန်းမင်းကြီး ... မီးမရှို့ရဘူး။ တစ်ခုခုတော့ မှားယွင်းနေတာ သေချာတယ်။ ဘုန်းတော်ကြီးဆော်ဂျာက ကျုပ်တို့အတွက် အိမ်တွေ ဆောက်ပေးခဲ့တယ်။ ကျုပ်တို့နဲ့အတူ စားသောက်ပြီး နေထိုင်ခဲ့တယ်။ သူက ကြေညာချက်ထဲကလို လူမျိုး လုံးဝ မဟုတ်ဘူး။"

"ဟုတ်တယ်။ ကျုပ်အဖေ နေမကောင်းဖြစ်တုန်းက ဆေးဖိုးပေးခဲ့တာ သူပဲ။"

"သူက သန်းခေါင်ယံအချိန်ကြီးတောင် ကျုပ်အိမ်ကို လာပြီး ပြုစုပေးခဲ့တာ။"

လူအုပ်ထဲမှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ဘုန်းတော်ကြီးဆော်ဂျာ ပြုလုပ်ခဲ့သော ကောင်းမှုများကို ပြောပြနေကြ၏။

ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူအားလုံး အံ့အားသင့် မှင်သက်စွာဖြင့် နားထောင်နေကြသည်။

ဤမျှ ကြီးမားလှသော အပြောင်းအလဲကြီး ဖြစ်ပေါ်လာမည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ချေ။

ခေါင်းငိုက်စိုက်ကျနေသော ဘုန်းတော်ကြီးဆော်ဂျာသည် ဤမြင်ကွင်းကို မြင်သောအခါ သူ၏ မျက်နှာအမူအရာ မှာ တဖြည်းဖြည်း တွေဝေ ငေးမောသွားတော့၏။

ရဟန်းမင်းကြီးသည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး အသက်ရှူသံများ မြန်ဆန်လာကာ ဆင်းရဲသားများ ဝင်ရောက်လာရာ ဘက်သို့ ကြည့်၍ လေသံတိုတိုးဖြင့် ရေရွတ်လိုက်သည်။ "ဒါက ဘယ်လိုဖြစ်ရတာလဲ။ ဆင်းရဲသားရပ်ကွက် က လူတွေကို ဘယ်သူက လွှတ်ပေးလိုက်တာလဲ။"

ဘေးနားရှိလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး တရားသူကြီးချုပ်မှာလည်း စင်မြင့်ထက်တွင် ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။

ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးသဖြင့် မည်သူက သိနိုင်မည်နည်း။

စင်အောက်ရှိ ဟော့ပူသည် မြေပြင်ပေါ်တွင် ထိုင်ချကာ ပါးစပ်ကိုအုပ်၍ အဆက်မပြတ် ရယ်မောနေပြီး လက်တစ်ဖက် ကလည်း ပေါင်ကို ဆုပ်နယ်နေ၏။

ဟန်းမင်းကြီးကဲ့သို့သော အဘိုးကြီး ဒုက္ခရောက်နေသည်ကို မြင်ရသည်မှာ အလွန်ပင် ရှားပါးလှသည်။

တကယ်ကို အံ့သြစရာပင်။ လိုင်ကော်အာဆိုသည့်လူက တကယ်ကို အရည်အချင်းရှိသည်။ ပါးစပ်က အလွယ်တကူ ပြောလိုက်ရုံဖြင့် တကယ်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့၏။

အရည်အချင်းလည်းရှိ၊ သံယောဇဉ်လည်းရှိသဖြင့် ထိုသူသည် အလွန်ကောင်းမွန်သော စီးပွားရေး လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်လာနိုင်ပေသည်။ ခဏနေလျှင် ထိုသူ့ကိုရှာ၍ စီးပွားရေးအကြောင်း ဆွေးနွေးရမည်။ နောင်တွင် အကျိုးအမြတ်များစွာ ရရှိနိုင်ပေလိမ့်မည်။

ဆင်းရဲသားများက အဆက်မပြတ် တောင်းပန်နေကြရာ မူလက ကြည့်ရှုနေကြသော ပရိသတ်များမှာလည်း အခြေအနေအရပ်ရပ်ကို နားလည်သွားကြပြီး ပုပ်ရဟန်းမင်းကြီးထံသို့ သံသယဝင်သော အကြည့်များဖြင့် ကြည့်လာကြ၏။

တရားသူကြီးချုပ်မှာလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေသဖြင့် စင်မြင့်ထက်မှ ဆင်းလာကာ ရဟန်းမင်းကြီး၏ ဘေးသို့ သွားရောက်၍ ညွှန်ကြားချက် တောင်းခံလိုက်သည်။

"အရှင် ... ကျုပ်တို့ ဘယ်လိုလုပ်ရမလဲ။"

ရဟန်းမင်းကြီးသည် အံ့သြမှုနှင့် ဒေါသတို့ ရောထွေးနေကာ ပြောလိုက်၏။ "ဘယ်လိုလုပ်ရမလဲ ဆိုတာကို ကျုပ် ဂရုမစိုက်ဘူး။ ဒီနေ့ ဒီဆော်ဂျာ သေကိုသေရမယ်။"

တရားသူကြီးချုပ်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အရှင် ... လူတွေအများကြီးက တောင်းပန်နေကြတယ်။ သူ့ကို တိုက်ရိုက် ကွပ်မျက်လိုက်ရင် အရှင့်ရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်သွားနိုင်တယ်။ နောက်ထပ် အကြောင်းပြချက်တစ်ခု ပြောင်းလိုက်ရင်ရော မကောင်းဘူးလား။"

ရဟန်းမင်းကြီးက မေးလိုက်၏။ "ဘာအကြောင်းပြချက်လဲ။"

တရားသူကြီးချုပ်က ဘေးပတ်ဝန်းကျင်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။ "ပထမဆုံး လူတွေရဲ့ စိတ်ခံစားချက်ကို ငြိမ်သက်သွားအောင် လုပ်ရမယ်။ ပြီးတော့ စုံစမ်းစစ်ဆေးရေးမှူးတွေကို အမြန်ဆုံး ပြန်လွှတ်ပြီး စုံစမ်းခိုင်းမယ်။ အရင်က စုံစမ်းရေးမှူးက ယာယီခန့်ထားတာဖြစ်ပြီး တာဝန်ဝတ္တရား ပျက်ကွက်မှုကြောင့် တခြားတရားခံတွေရဲ့ ပြစ်မှုတွေကို ဆော်ဂျာအပေါ် အမှားလုပ်ပြီး စွဲဆိုမိတာလို့ ပြောလိုက်မယ်။

ဒါပေမဲ့ ဆော်ဂျာက အရှင့်ကို စော်ကားခဲ့တာရယ်၊ သန့်စင်သော တောင်တော်ရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တာရယ်က အမှန်ပဲလေ။ ပြစ်မှုအရ သေဒဏ်ပေးရမှာ ဖြစ်ပေမဲ့ သူလုပ်ခဲ့တဲ့ ကောင်းမှုတွေကို ထောက်ထားပြီး နတ်ဘုရားစီရင်ချက်အဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင် ဆင်းရဲသားရပ်ကွက်က လူမိုက်တွေလည်း ညည်းညူကြမှာ မဟုတ်တော့ဘူး။"

ပုပ်ရဟန်းမင်းကြီးက မျက်စောင်းထိုးကြည့်လိုက်ပြီး မေးလိုက်၏။ "ဘယ်လို နတ်ဘုရားစီရင်ချက်မျိုးကို သုံးမှာလဲ။"

တရားသူကြီးချုပ်က ရင်ပြင်ပေါ်ရှိ သန့်စင်သော ရုပ်တုငယ်လေးကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။ "သူ့ကို အဲဒီရုပ်တုကြီး ထမ်းပြီး မြို့တံခါးအထိ လမ်းလျှောက်ခိုင်းလိုက်မယ်။ အဲဒီလိုလုပ်နိုင်ရင် သူ့ရဲ့အပြစ်တွေ အားလုံးကို ခွင့်လွှတ်ပေးမယ်လို့ ပြောလိုက်မယ်။ သူ လုံးဝ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။"

ရဟန်းမင်းကြီးက သဘောကျစွာဖြင့် ပြုံးလိုက်ပြီး ပြောလိုက်၏။ "ကောင်းပြီ။ ဒါဆိုလည်း အဲဒီလိုပဲ လုပ်လိုက်ကြတာပေါ့။"

အပိုင်း (၉၀၈) ကူညီမည့်လက်များ။

တရားသူကြီးချုပ်သည် စင်မြင့်ထက်သို့ ပြန်လည်တက်ရောက်လာပြီး လူအုပ်ကြီးအား စုံစမ်းစစ်ဆေးမှုအသစ် ပြုလုပ်မည့်အကြောင်းကို ကြေညာလိုက်၏။

လူအုပ်ထဲမှ မျက်စိလျင်သော တာ့ကျွမ်းသည် လိုင်ကော်အာကို မြင်လိုက်ရသဖြင့် ဖိုပေါ်လဲ့ကို ခေါ်ကာ ချက်ချင်းပင် အနားသို့ သွားရောက်လိုက်သည်။

လိုင်ကော်အာက သူရောက်လာသည်ကို မြင်သောအခါ ပခုံးကို ခပ်ပြင်းပြင်း တစ်ချက်ပုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "အလုပ်လုပ်တာ သေသပ်လှချည်လား။ ဒီလောက် လူအများကြီးကို ဘယ်လိုလုပ် ခေါ်လာနိုင်ခဲ့တာလဲ။"

တာ့ကျွမ်းက လေသံတိုးတိုးဖြင့် ရယ်မောကာ ပြောလိုက်သည်။ "ခင်ဗျား မသိပါဘူး။ အစကတော့ ဒီလောက် လူအများကြီး လာဖို့ ဆန္ဒမရှိကြဘူး။ ဒါပေမဲ့ မနေ့က ဘုန်းတော်ကြီးနဲ့ ပတ်သက်တဲ့ ကြေညာချက် ထွက်လာတော့ ဆင်းရဲသားရပ်ကွက် တစ်ခုလုံး ပေါက်ကွဲသွားတာပဲ။ ဘုန်းတော်ကြီးက ဘယ်လိုလူမျိုးလဲဆိုတာ သူတို့ မသိဘဲနေမလား။ အားလုံးက ဒေါသထွက်ပြီး ပြေးလာကြတာပဲလေ။ ဘုရားကျောင်းကလည်း ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ ဒီလောက်ဆိုးဆိုးရွားရွားတွေ ရေးစရာလိုလို့လား။"

လိုင်ကော်အာက ခေါင်းညိတ်လိုက်ပြီး သူ၏အကြည့်များက ဘုန်းတော်ကြီး ဆော်ဂျာထံသို့ ပြန်လည် ရောက်ရှိသွား၏။

လူအုပ်ကြီး စုဝေးနေခြင်းက သတ္တိကို ပိုမိုရရှိစေသည်မှာ ထင်ရှားပေသည်။ ယခုအချိန်တွင် ဘုန်းတော်ကြီးဆော်ဂျာ၏ လုပ်ရပ်များကို အဆက်မပြတ် ပြောဆိုနေသူများ ရှိသလို၊ သူ့ကို စိုးရိမ်တကြီးဖြင့် လှမ်းနှုတ်ဆက်နေသူများလည်း ရှိနေသည်။

စင်မြင့်ပေါ်တွင် ကြိုးတုပ်ခံထားရသော ဘုန်းတော်ကြီးဆော်ဂျာ၏ မျက်လုံးများတွင် မျက်ရည်များ ရစ်သိုင်းနေ၏။

မူလက သေရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း ယခုကဲ့သို့ လူအများအပြားက သူ့ကို အားပေး ထောက်ခံပေးနေသည်ကို မြင်ရသောအခါ ရှင်သန်ချင်စိတ်များ ပြန်လည်နိုးကြားလာခဲ့သည်။

ရင်ဘတ်ထဲမှ မီးတောက်တစ်ခုသည် အဆက်မပြတ် ခုန်လှုပ်နေ၏။ "တန်သွားပါပြီ။"

စင်အောက်ရှိ ပရိသတ်များသည် တစ်နာရီခန့် စောင့်ဆိုင်းနေခဲ့ရပြီးနောက် တရားသူကြီးချုပ်သည် ကြိုးတုပ်ခံထားရသူ တစ်ဦးကို ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့သည်။

စင်မြင့်ပေါ်သို့ တက်လာပြီးနောက် တရားသူကြီးချုပ်က တောင်းပန်သည့် အမူအရာဖြင့် ပြောလိုက်၏။ "ယုံကြည်သူတွေရဲ့ တုံ့ပြန်မှုအရ ဘုရားကျောင်းက စုံစမ်းစစ်ဆေးရေးမှူးကို ပြန်လည်မေးမြန်းခဲ့ရာမှာ ဒီယာယီ စုံစမ်းရေးမှူးက ........ ဒါဟာ ဘုရားကျောင်းရဲ့ ပေါ့ဆမှုပါပဲ။

ဒါပေမဲ့ ဆော်ဂျာက ရဟန်းမင်းကြီးကို လူပုံအလယ်မှာ စော်ကားခဲ့တာ၊ သန့်စင်သော တောင်တော်ရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ခဲ့တာ၊ မရိုမသေ ပြောဆိုခဲ့တာတွေကတော့ အမှန်ပါပဲ။

သူက ဘာသာဝင်တစ်ယောက် လိုက်နာရမယ့် စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလောက် လူအများကြီးက သူ့အတွက် တောင်းပန်ပေးနေတာကို ထောက်ထားပြီး ကြည့်ရမယ်ဆိုရင် သူ့မှာလည်း ကုသိုလ်ကောင်းမှုတွေ ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။

ဒါကြောင့် ရဟန်းမင်းကြီး ကိုယ်တိုင် ညွှန်ကြားချက်ပေးထားသည့်အတိုင်း စီရင်ချက်ကို နတ်ဘုရား စီရင်ချက်အဖြစ် ပြောင်းလဲလိုက်သည်။ ဆော်ဂျာအနေနဲ့ ရင်ပြင်ပေါ်က သန့်စင်သောရုပ်တုကို ထမ်းပြီး မြို့တံခါးအထိ လမ်းလျှောက်နိုင်ရင် သူ၏ အပြစ်အားလုံးကို ခွင့်လွှတ်ပေးမယ်။

ရဟန်းမင်းကြီးရဲ့ သဘောထားကြီးမှုက ကျုပ်တို့ကို တစ်ခု ယုံကြည်စေတယ်။ အဲဒါကတော့... လူတစ်ယောက်က ဘယ်လောက်ပဲ ဆိုးရွားတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ပါစေ၊ ပြုပြင်ပြောင်းလဲဖို့နဲ့ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ရှိနေသေးတယ် ဆိုတာပါပဲ။ ကဲ... အခု ဆော်ဂျာကို ကြိုးဖြည်ပေးလိုက်တော့။"

ပွဲခင်းတစ်ခုလုံး ရုတ်တရက် ဆူညံသွားပြီးနောက် ချက်ချင်းပင် ပြန်လည် တိတ်ဆိတ်သွား၏။

ဘုရားကျောင်းဘက်မှ ခြေတစ်လှမ်း ဆုတ်ပေးလိုက်ပြီဖြစ်ကာ နတ်ဘုရားစီရင်ချက်ကို အသုံးပြုလိုက်သဖြင့် လူအများကလည်း ထပ်မံ၍ တောင်းပန်နိုင်ခြင်း မရှိတော့ချေ။

လိုင်ကော်အာသည် သန့်စင်သော ရုပ်တုဆီသို့ အလျင်အမြန် လှမ်းကြည့်လိုက်ပြီး ရုပ်တုကို မြင်လိုက်ရသည့် အချိန်တွင် လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။

ဘယ်ခွေးမသား စဉ်းစားလိုက်တဲ့ အကြံလဲ။ ဒါ လူကို သေတွင်းထဲ တွန်းပို့နေတာ မဟုတ်ဘူးလား။

ထိုရုပ်တုမှာ ကြီးမားလှခြင်း မရှိသော်လည်း အပေါ်တွင် စိမ်းလန်းသော ကြေးချေးများ အပြည့်အနှက် ရှိနေပြီး အနည်းဆုံး ပေါင်တစ်ရာ့ငါးဆယ်ခန့်၊ သို့မဟုတ် ပေါင်နှစ်ရာခန့်ပင် ရှိနိုင်သည်။

ရင်ပြင်မှ မြို့တံခါးအထိ အကွာအဝေးမှာ ဆယ်လီခန့် ရှိ၏။

ရုပ်တု၏ မညီမျှသော အလေးချိန်နှင့် ဤမျှဝေးကွာသော အကွာအဝေးကို ပေါင်းစပ်လိုက်လျှင် လူသားတစ်ဦးအနေဖြင့် လုံးဝ မလုပ်နိုင်သော ကိစ္စပင်ဖြစ်သည်။ ထို့အပြင် ဆော်ဂျာ၏ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာများ ရရှိထားပြီး ရေတစ်စက်၊ ထမင်းတစ်လုတ်မျှပင် စားရသေးမည် မဟုတ်ချေ။

ဆော်ဂျာ၏ ကိုယ်ပေါ်မှ ကြိုးများကို ဖြည်ပေးလိုက်ပြီးနောက် သူသည် ခြေဗလာဖြင့် စင်မြင့်ထက်မှ တစ်လှမ်းချင်း ဆင်းလာကာ ရုပ်တုရှိရာသို့ ရောက်ရှိလာခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွား၏။

ပတ်ဝန်းကျင်ရှိ လူများက တိတ်ဆိတ်စွာဖြင့် စိုးရိမ်တကြီး ကြည့်နေသည်ကို မြင်သောအခါ သူ သေချင်စိတ် မရှိတော့ချေ။

ရုပ်တုကို မြို့တံခါးအထိ ထမ်းနိုင်မည်၊ မထမ်းနိုင်မည်ကို သူ မသိသော်လည်း ဤလူများ၏ မျှော်လင့်ချက်ကိုတော့ စိတ်ပျက်အောင် မလုပ်ချင်တော့ချေ။

ဆော်ဂျာသည် ရုပ်တုကို ကျောပေးကာ လက်နှစ်ဖက်ဖြင့် ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်ပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်အထိ အားယူကာ အဆုံးတွင် ထမ်းတင်နိုင်ခဲ့သည်။

ပတ်ဝန်းကျင်ရှိ ပရိသတ်များမှာ စိုးရိမ်တကြီးဖြင့် ချွေးစေးများပင် ထွက်လာကြပြီး သူ အောင်မြင်စွာ ထမ်းနိုင်သွားသည်ကို မြင်သောအခါ ရုတ်တရက် သြဘာပေးသံများ ထွက်ပေါ်လာ၏။

ကြည့်ရှုနေသော လူအုပ်ကြီးသည် ဘုန်းတော်ကြီးဆော်ဂျာ လမ်းလျှောက်နိုင်ရန်အတွက် လမ်းကြောင်းတစ်ခုကို အလိုအလျောက် ဖယ်ပေးလိုက်ကြသည်။

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း ... ဆော်ဂျာသည် ယိုင်တိုင်တိုင်ဖြင့် လမ်းလျှောက်နေရာ ပတ်ဝန်းကျင်ရှိ လူများမှာ အသက်ရှူရန်ပင် မေ့လျော့နေကြ၏။

ရဟန်းမင်းကြီးပင်လျှင် အောက်ဘက်သို့ စိုးရိမ်တကြီးဖြင့် လှမ်းကြည့်နေသည်။

အလှမ်းနှစ်ဆယ်ကျော် လျှောက်ပြီးသောအခါ ဆော်ဂျာသည် ရုပ်တု၏ ပွတ်တိုက်မှုကြောင့် ကျောပေါ်ရှိ ကြာပွတ်ဒဏ်ရာများမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသဖြင့် ဖြည်းညင်းစွာ ရပ်တန့်လိုက်သည်။ ခဏတာ အနားယူပြီးနောက် ဆက်လက်၍ ခက်ခဲစွာ လှမ်းလျှောက်ပြန်၏။

ဤအတိုင်း ဆက်လျှောက်နေပါက ဆယ်လီမဆိုထားနှင့်၊ တစ်လီပင်လျှင် ပြီးဆုံးနိုင်မည် မဟုတ်ချေ။

လိုင်ကော်အာ စိုးရိမ်တကြီး ဖြစ်နေချိန်တွင် တာ့ကျွမ်းသည် သူ၏ အနီးမှ ကိုယ်ကိုကိုင်း၍ ထွက်ပြေးသွားသည်ကို လုံးဝသတိမထားမိလိုက်ချေ။

လူအုပ်ထဲမှ တစ်နေရာတွင် တာ့ကျွမ်းက ဘေးနားရှိလူကို ဆွဲကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "သွား ... သွားပြီးတော့ သွားမပေးလိုက်စမ်း။"

ထိုသူမှာ ညီအစ်ကိုအသင်းတော်မှ လူတစ်ဦးဖြစ်ပြီး တာ့ကျွမ်း သူ့ကို သွေးထိုးနေသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။ "ခင်ဗျား ဘာလို့ မသွားတာလဲ။ ဘာလို့ ကျုပ်ကို သွားခိုင်းရတာလဲ။"

"တောက် … မင်း ဆက်မလုပ်စားချင်တော့ဘူးလား။ ငါနဲ့ မင်းတို့ ခေါင်းဆောင်နဲ့ ဘယ်လိုပတ်သက်မှုရှိလဲ။ ပြီးတော့ ဘုန်းတော်ကြီးဆော်ဂျာက ငါ့ကို သိနေနိုင်တယ်။ ငါတို့ ညီအစ်ကိုအသင်းတော်ရဲ့ လျှို့ဝှက်ချက် ပေါက်ကြားသွားမှာ စိုးလို့ကွ။"

တာ့ကျွမ်းက ခြိမ်းခြောက်ကာ သွေးဆောင်လိုက်၏။ "မင်းသွားလိုက်။ မင်းသွားပြီး ပြန်ရောက်တဲ့အခါ ခေါင်းဆောင်ကို ပြောပြီး မင်းကို ရာထူးတိုးပေးခိုင်းမယ်။ တစ်ချက်လောက် သွားကူညီလိုက်တာနဲ့ မင်းမှာ ရာထူးရပြီ။ နောက် နေရပ် ပြန်ရောက်ရင် မင်း စီမံခန့်ခွဲရေးအပိုင်းမှာ နေရမှာ။ ပင်ပန်းတဲ့အလုပ်တွေ လုပ်စရာ မလိုတော့ဘူး။"

"ခင်ဗျားက ခေါင်းဆောင်ရဲ့ ညီအစ်ကိုဖြစ်နေတာတောင် ပင်ပန်းတဲ့အလုပ်တွေ လုပ်နေရတာပဲ မဟုတ်ဘူးလား။"

"ငါနဲ့ လာယှဉ်နေတာလား။ ငါက ဘာသာရေးအဖွဲ့ထဲ ဝင်တာ မကြာသေးဘူးလေ။ အတွေ့အကြုံရအောင် အောက်ခြေမှာ လာဆင်းလုပ်နေတာကွ။"

"တကယ်ပြောတာလား။"

ညီအစ်ကိုအသင်းတော်မှ အဖွဲ့ဝင်မှာ စိတ်ဝင်စားသွားသော်လည်း ချက်ချင်းပင် တုံ့ဆိုင်းသွားပြန်၏။ "ဒါပေမဲ့ အဲဒီဘုန်းကြီးက ဘုရားကျောင်းကလူလေ။ ကျုပ်တို့နဲ့ ဘုရားကျောင်းက ရန်သူတွေလေ။ ဖေးခါကို ပြန်ရောက်လို့ ကျုပ်က ဘုရားကျောင်းကလူကို သွားကယ်တယ်ဆိုတာ သိသွားရင် ... "

"ဒါပေမဲ့ သူက လူကောင်းတစ်ယောက်ကွ။"

"ဟူး ... ကျုပ်တစ်ယောက်တည်းတော့ မသွားရဲဘူး။ ကျုပ်နဲ့အတူ သွားဖို့ နောက်ထပ် နှစ်ယောက်လောက် ရှာပေးလို့ရမလား။"

"ဒီလို ရှုပ်ယှက်ခတ်နေတဲ့ နေရာကြီးမှာ ဘယ်သူ့ကို သွားရှာရမှာလဲ။ ရာထူးက လိုချင်လား၊ မလိုချင်ဘူးလား။ တခြားလူကို ရှာလိုက်ရင် မင်းအတွက် နေရာမရှိတော့ဘူးနော်။ မင်းဘာသာမင်း စဉ်းစား။"

ထိုသို့ပြောပြီးနောက် တာ့ကျွမ်းသည် နောက်သို့ လှည့်မကြည့်တော့ဘဲ တခြားလူများကို ထပ်မံရှာဖွေရန် ထွက်သွားတော့၏။

...

မသိမသာဖြင့် ခြေလှမ်းတစ်ရာခန့် လျှောက်ပြီးသောအခါ ဘုန်းတော်ကြီးဆော်ဂျာ၏ နဖူးပေါ်တွင် ချွေးများ ပြည့်နှက်နေပြီး နှုတ်ခမ်းများမှာလည်း ပို၍ ဖြူရော်လာ၏။

ခြေအောက်ရှိ မြေပြင်ကို စူးစိုက်ကြည့်နေစဉ် ခေါင်းထဲတွင် မူးဝေလာကာ လက်လျှော့ချင်စိတ်များက တားဆီး၍မရနိုင်အောင် ပေါ်လာတော့သည်။

မရတော့ဘူး ... ဒီလောက်ပဲ လျှောက်နိုင်တော့မယ် ထင်တယ်။

ခြေလှမ်းတစ်ရာ့နှစ်ဆယ့်ခြောက်လှမ်း ... တစ်ရာ့နှစ်ဆယ့်ခုနစ်လှမ်း ...

သူ လမ်းလျှောက်နေစဉ် ကြမ်းတမ်းသော လက်ဝါးတစ်ဖက်က ရုပ်တု၏ အစွန်းကို တိတ်ဆိတ်စွာ ပင့်မပေးလိုက်၏။ ထို့နောက် ဒုတိယတစ်ဖက်၊ တတိယတစ်ဖက် ...

ဝေဝါးနေသော အသိစိတ်ထဲတွင် ဘုန်းတော်ကြီးဆော်ဂျာသည် ကျောပေါ်ရှိ ရုပ်တုမှာ အတော်လေး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

နတ်ဘုရားများ ကိုယ်ထင်ပြတာလား။

ထိုအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆော်ဂျာ၏ ရင်ထဲတွင် အားအင်များ ပြန်လည်ပြည့်ဝလာပြီး နောက်ထပ် သုံးလေးလှမ်းခန့် ဆက်လျှောက်သွားနိုင်ခဲ့၏။

ထိုအချိန်မှသာ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။

တကယ် ပေါ့သွားတာပဲ။ ထင်ယောင်ထင်မှား ဖြစ်တာမဟုတ်ဘူး။ ကျောပေါ်က ရုပ်တုက တကယ်ကို ပေါ့သွားတာပဲ။

ပတ်ဝန်းကျင်တွင် လူများ ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသဖြင့် ဆော်ဂျာသည် ခက်ခဲစွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ ရုတ်တရက် ယိုင်သွားပြီး မျက်ရည်များ တပါးပါး ကျဆင်းလာတော့၏။

နောက်ကျောဘက်တွင် မည်းနက်နေသော မျက်နှာများဖြင့် ဆင်းရဲသားများ ရှိနေပြီး မျက်နှာတော်တော်များများ ကို သူ သိနေ၏။ သူတို့သည် အပြန်အလှန် ကူညီစောင့်ရှောက်ရေးအသင်းမှ လူများဖြစ်ပြီး သူနှင့် အရင်က အဆက်အသွယ် ရှိခဲ့ဖူးသူများ ဖြစ်သည်။

ယခုအချိန်တွင် ထိုလူများသည် ဝါထိန်နေသော သွားကြီးများကို ပေါ်အောင်ပြုံးကာ သူ့ကို ရယ်ပြနေကြ၏။

"သွားကြစို့ ဘုန်းတော်ကြီး ... ခင်ဗျား တစ်ယောက်တည်း ထမ်းရမယ်လို့ ဘယ်သူမှ မပြောထားပါဘူး။"

ထိုစကားကို ကြားသောအခါ ဘုန်းတော်ကြီးဆော်ဂျာသည် မျက်ရည်များ အဆက်မပြတ် ကျဆင်းနေလျက် ခေါင်းကို ပြန်တည့်လိုက်ပြီး မျက်လုံးများကို အားပါးတရ မှိတ်လိုက်ကာ ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် ရှေ့သို့ ဆက်လျှောက်သွားတော့၏။

ရဟန်းမင်းကြီးနှင့် တရားသူကြီးချုပ် အပါအဝင် လူအားလုံးမှာ လုံးဝ အံ့အားသင့်သွားကြတော့သည်။

ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ကြချေ။

All Chapters