အခန်း (၉၁၅-၉၁၆)
Vol. 48 Ch. 915-916
အပိုင်း (၉၁၅) အားလုံးပဲ ဒီနေရာမှာ ဆက်ပြီး ရပ်တည်ကြ။
နွေးထွေးသော နန်းဆောင်အတွင်း စကားအနည်းငယ် ပြောဆိုပြီးနောက် လီယွမ်ကျောက်သည် ဖန်ကျန်းရီကို အရှေ့နန်းဆောင်သို့ အလျင်စလို ဆွဲခေါ်လာခဲ့၏။
ရောက်သည်နှင့် တစ်ပြိုင်နက် သူက မေးလိုက်သည်။ "ဖန်ကြီး... ခင်ဗျားက တကယ်ပဲ အဲဒီလူတွေနဲ့ အကျိုးအကြောင်း သွားပြောမလို့လား။ ဒါ ခင်ဗျားရဲ့ ပုံစံမဟုတ်ပါဘူး။ ပြီးတော့ အဲဒီပညာတတ်တွေက ခေါင်းမာလွန်းလို့ ပြောပြလို့ ရမှာမဟုတ်ဘူး။"
ဖန်ကျန်းရီက ဆဲဆိုလိုက်၏။ "သူတို့ကို ဘာသွားပြောရမှာလဲ။ ကျုပ် အခုလေးတင် လူလွှတ်ပြီး သွားရိုက်ခိုင်းလိုက်တာ။ ဒီခွေးကောင်တွေ ... ဘာမှ အသုံးမကျဘဲ နန်းတော်ကို ပြဿနာရှာဖို့လောက်ပဲ သိကြတယ်။
ဘာတွေ သင်လာခဲ့လဲ မသိဘူး။ ချီးတဲ့မှ …. စာမေးပွဲကျရင် ထပ်ဖြေ၊ မဟုတ်ရင်လည်း စက်ရုံထဲဝင်ပြီး ရိုးရိုးသားသား အလုပ်လုပ်ပေါ့။ ဘာလို့ လာပြီး ပြဿနာရှာနေရတာလဲ။"
လီယွမ်ကျောက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါဆို ခင်ဗျား ဘယ်လိုဖြေရှင်းမလို့လဲ။ ဒီလိုကိစ္စမျိုးက အချိန်ဆွဲထားလေ ပြဿနာကြီးလေပဲ။ ဆက်ဆွဲထားရင် တခြားလူတွေပါ ပါလာလိမ့်မယ်။ အဲဒီပညာတတ်တွေက သွေးထိုးလိုက်ရင် သာမန်ပြည်သူတွေတောင် ခင်ဗျားကို ဝိုင်းပြီး တိုက်ခိုက်လာနိုင်တယ်။" လီယွမ်ကျောက်က စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
ဖန်ကျန်းရီသည် စားပွဲဆီသို့ တိုက်ရိုက်သွားကာ ထိုင်ချလိုက်ပြီး လက်ဖက်ရည် နှစ်ခွက်ငဲ့ကာ လီယွမ်ကျောက်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
လီယွမ်ကျောက်သည် အဖြေကို စောင့်ဆိုင်းရင်း သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေ၏။
ဖန်ကျန်းရီက ပေါင်ကို ရိုက်ကာ စုပ်သပ်လိုက်သည်။ "ကျွတ် .. ကျွတ် .. အမလေး ... ခင်ဗျား မပင်ပန်းဘူးလား။ လေတိုက်လို့ မြက်လှုပ်တာလေးကိုများ ကောင်းကင်ပြိုကျပြီး မြေကြီးပြိုကျတော့မလို ဖြစ်နေတယ်။ ခင်ဗျားသာ အရာရှိလုပ်ရင် ဒီလို စိတ်ဓာတ်မျိုးနဲ့ဆို သေချာပေါက် သေမှာပဲ။ ဒီလောက်ကြီးတဲ့ နိုင်ငံမှာ နေ့တိုင်း ပြဿနာလေးတွေ ရှိနေတာပဲ မဟုတ်ဘူးလား။ နိုင်ငံကို မပြောနဲ့၊ အိမ်တစ်အိမ်မှာတောင် နေ့တိုင်း ပြဿနာလေးတွေ ရှိတတ်တာပဲ။
အရာရှိလုပ်ရင် ပြဿနာကို မကြောက်ရဘူး။ ပြဿနာဖြစ်လာရင် ဖြေရှင်းလိုက်၊ အဲဒါဆို ပြီးသွားတာပဲ။ ပြဿနာကို ကြောက်ရင် ဘာလို့ အရာရှိ လာလုပ်နေသေးလဲ။
ပြီးတော့ ခင်ဗျား နောင်ကျရင် ရင်ဆိုင်ရမယ့် ကိစ္စကြီးတွေက ဒါထက် အများကြီး ပိုများသေးတယ်။ လာ ... လက်ဖက်ရည် သောက်အုံး … အရှင့်သား။"
လီယွမ်ကျောက်က သက်ပြင်းချကာ စားပွဲဆီသို့ လျှောက်လာပြီး ပြောလိုက်၏။ "ခင်ဗျားက ကျုပ်ထက်တောင် စိတ်အေးနေသေးတယ်။ ကျုပ် ခင်ဗျားအတွက် ဘာလို့ စိတ်ပူနေရလဲဆိုတာကို ကျုပ်တောင် မသိတော့ဘူး။ ဒါဆို ခင်ဗျားမှာ ဖြေရှင်းမယ့် နည်းလမ်း ရှိနေပြီပေါ့။"
"မရှိသေးပါဘူး။ အစအနလေးပဲ ရသေးတယ်လို့ ပြောရမှာပေါ့။"
" ... "
လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီးမှ လီယွမ်ကျောက်သည် ပြန်ချလိုက်ကာ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ဒါဆို ကျုပ် နားမလည်တော့ဘူး။ ခင်ဗျားက ဘာလို့ ဒီပြဿနာကို ခေါင်းခံပြီး တစ်ယောက်တည်း တာဝန်ယူလိုက်ရတာလဲ။"
ဖန်ကျန်းရီက လက်ဖြန့်ကာ ပြောလိုက်၏။ "ဒါကလည်း မတတ်သာလို့ပါ။ သိပ္ပံပါရဂူရာထူးကို ကျုပ် သေချာပေါက် သတ်မှတ်ရမယ်။ ဘယ်သူ့ကိုမှ လာနှောင့်ယှက်ခံမှာ မဟုတ်ဘူး။ တကယ်လို့ နန်းတော်က ဆုံးဖြတ်မယ်ဆိုရင် နောက်ဆုတ်ပေးဖို့ သေချာသလောက်ပဲ။ သိပ္ပံပါရဂူရာထူးကို ဖျက်သိမ်းသွားနိုင်တယ်။ ကျုပ်က ဒီလို အန္တရာယ်မျိုးကို အဖြစ်မခံနိုင်ဘူး။
ဒါက သာမန်ပြည်သူတွေ အထက်ကို တက်လှမ်းနိုင်မယ့် လမ်းကြောင်းပဲ။ မြန်မြန် ခိုင်မာအောင် လုပ်နိုင်လေ၊ လူတွေ မြန်မြန် အကျိုးခံစားရလေပဲ။
နောက်တစ်ချက်က အဲဒီဆန္ဒပြနေတဲ့ ပညာတတ်တွေကိုလည်း အဆင်ပြေအောင် ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်။ ယာယီ နောက်ဆုတ်ပေးလိုက်တာက အခြေအနေကို တည်ငြိမ်သွားစေနိုင်ပေမယ့် အရင်းအမြစ် ပြဿနာကို မဖြေရှင်းနိုင်ရင် နောက်ပိုင်းမှာ အတားအဆီးတစ်ခု ဖြစ်လာအုံးမှာပဲ။
ဒါပေမဲ့ အခုတော့ အရမ်းကြီး လောနေစရာ မလိုပါဘူး။ မြို့စားအိမ်တော်ဘက်ကို ကျုပ် လူလွှတ်ပြီး ဝိုင်းထားလိုက်ပြီ။ အပြင်ကို ထွက်လို့ရပေမဲ့ အထဲကို ဝင်လို့ မရဘူး။ သူတို့ အစားအသောက် မရှိဘဲ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကျုပ် ကြည့်ချင်သေးတယ်။ လောလောဆယ်တော့ အခြေအနေကို စောင့်ကြည့်ပြီး မနက်ဖြန် အခင်းဖြစ်တဲ့နေရာ ရောက်မှပဲ ဘယ်လိုဖြေရှင်းမလဲဆိုတာ စဉ်းစားတော့မယ်။
ဒါနဲ့ အရှင့်သား မနက်ဖြန် ကျုပ်နဲ့အတူ လိုက်ကြည့်မလား။ ကျုပ် သတင်းထောက်တချို့ ခေါ်သွားပြီး ဖြစ်စဉ်တစ်ခုလုံးကို တိတ်တဆိတ် မှတ်တမ်းတင်ခိုင်းမလို့။ ဒီကိစ္စက အရမ်းကို အဓိပ္ပာယ်ရှိတယ်လို့ ကျုပ် ထင်တယ်။"
"ကောင်းပြီလေ ... သွားကြည့်ကြတာပေါ့။"
...
နောက်တစ်နေ့နံနက်ပိုင်း။
မြို့စားအိမ်တော်၏ အဓိကတံခါးပြင်ပတွင် အားနည်းနေပုံရသော ပညာတတ်အများအပြားသည် အုပ်စုဖွဲ့ကာ မူလနေရာတွင် ထိုင်နေကြဆဲပင် ဖြစ်၏။
သုံးယောက်တစ်စု၊ နှစ်ယောက်တစ်စု မတ်တတ်ရပ်နေသူများလည်း ရှိသည်။
တစ်ညလုံး ဒုက္ခခံခဲ့ရသဖြင့် ဤအားနည်းသော ပညာတတ်များ၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားလာသည်မှာ ထင်ရှားလှ၏။
ညဘက်တွင် အရိုက်ခံရသည့်အပြင် စားစရာ၊ သောက်စရာလည်းမရှိဘဲ တစ်ညလုံး အအေးဒဏ်ကို ခံခဲ့ရသဖြင့် သူတို့၏ စိတ်ဓာတ်မှာ အလွန်အမင်း ကျဆင်းနေပြီ ဖြစ်သည်။
မြို့စားအိမ်တော် ပတ်ဝန်းကျင်ကို ကျင်းယီဝေများက ဝိုင်းရံထားပြီး အပြင်သို့ ထွက်ခွာနိုင်သော်လည်း ပြန်ဝင်၍မရကြောင်းကို လူတိုင်း သိထားကြသည်။
ကျင်းယီဝေကို အတင်းဝင်တိုက်ရန်လည်း မဖြစ်နိုင်ချေ။ ထို့အပြင် ဖန်ကျန်းရီအား ငါးရက် အချိန်ပေးမည်ဟု အားလုံးက တိုင်ပင်ထားပြီး ဖြစ်၏။
ပညာတတ်များအနေဖြင့် ကတိတည်ရမည်။ အကယ်၍ အချိန်မတိုင်မီ ပြဿနာရှာပါက ပညာတတ်များ၏ ဂုဏ်သိက္ခာကို အလွန်ထိခိုက်စေမည်ဖြစ်ပြီး နောက်ပိုင်းတွင် မျက်နှာပြစရာ ရှိတော့မည် မဟုတ်ချေ။
ထို့ကြောင့် မည်သူကမျှ ထွက်ခွာသွားခြင်း မရှိဘဲ မိမိတို့၏ နေရာကို ဆက်လက် ထိန်းသိမ်းထားကြသည်။
ကျိုးမောက်ရွှယ်သည် လူအုပ်ထဲတွင် ထိုင်နေစဉ် ဝမ်းဗိုက်အောက်ပိုင်းမှ တင်းကျပ်လာပြီး ဆီးသွားချင်စိတ်က ထိန်းမရအောင် ပေါ်လာ၏။
သူ ဘေးဘီဝဲယာသို့ ကြည့်လိုက်ရာ နေရာအနှံ့တွင် လူများ ပြည့်နှက်နေသဖြင့် အတော်လေး အခက်တွေ့သွားသည်။
လူပုံအလယ်၌ ဆီးသွား၍တော့ မဖြစ်ပေ ... ထိုအရာက အလွန်ပင် အရိုင်းအစိုင်းဆန်လွန်းလှ၏။
သို့ပေမည့် အပေါ့အလေး သွားခြင်းမှာ လူ၏ သဘာဝဖြစ်သဖြင့် အောင့်ထား၍လည်း မရနိုင်ချေ။
အတန်ကြာ အောင့်ထားပြီးနောက် ကျိုးမောက်ရွှယ်သည် နောက်ဆုံးတွင် ခက်ခဲစွာ မတ်တတ်ရပ်လိုက်ပြီး ဘယ်ကကောက်ရလာမှန်းမသိသော သစ်ကိုင်းခြောက်လေးကို ကိုင်ကာ ခန္ဓာကိုယ်ကို ထောက်ထားလိုက်၏။
ထို့နောက် မြို့စားအိမ်တော်၏ အဓိကတံခါးဆီသို့ ယိုင်တိုင်တိုင်ဖြင့် လျှောက်သွားလိုက်သည်။
မနေ့ညက ရှိခဲ့သော ဂုဏ်ယူဝင့်ကြွားမှုများ အားလုံး ပျောက်ကွယ်သွားပြီဖြစ်ပြီး မူလက ဖြူဖွေးနေသော မျက်နှာမှာလည်း ဖူးယောင်ကာ ညိုမည်းနေပြီ ဖြစ်၏။
အောက်ဘက်တွင် လူအများအပြားက ပေါင်ကို လိမ်ထားပြီး ဆီးသွားချင်စိတ်ကို မနည်းအောင့်ထားရသည်ကို မြင်သောအခါ ကျိုးမောက်ရွှယ်၏ ရင်ထဲတွင် အနည်းငယ် သက်သာရာ ရသွားသည်။
ကြည့်ရတာ အားလုံး အတူတူပဲဆိုတော့ ဖြေရှင်းရ လွယ်သွားပြီပေါ့။
ကျိုးမောက်ရွှယ်က သစ်ကိုင်းကို မြှောက်ကာ တုန်ယင်သော လေသံဖြင့် ပြောလိုက်၏။ "အစ်ကိုတို့ ... မနေ့ညက လူမိုက်တွေ အခွင့်အရေးယူပြီး ပြဿနာရှာတာက ဖန်ကျန်းရီ ဆိုတဲ့ လူယုတ်မာပဲ ဖြစ်ရမယ်။ သူက အကျိုးအကြောင်း မပြောနိုင်တော့ဘူးဆိုတာ သိလို့ ကျုပ်တို့ကို ရက်ရက်စက်စက် လာတိုက်ခိုက်တာပဲ။ ဒါပေမဲ့ ကျုပ် ပြောချင်တာက ...
ရန်သူက ပိုပြီး ဆန့်ကျင်လေ၊ ကျုပ်တို့ လုပ်တာ ပိုမှန်လေပဲဆိုတာကို ပြနေတာပဲ။
အခု ကျင်းယီဝေက ကျုပ်တို့ကို ပိတ်လှောင်ထားပြီး အဝင်အထွက်ကို ကန့်သတ်ထားတယ်။ မနေ့ညက အားလုံး အရမ်းပင်ပန်းခဲ့ကြတယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ ကျုပ်တို့တွေ သည်းခံပြီး သူတို့နဲ့ ထိပ်တိုက်မတွေ့ကြဖို့ တောင်းဆိုချင်ပါတယ်။ ပန်းရှန်းသတင်းစာက ဖန်ကျန်းရီရဲ့ လက်ထဲမှာ ရှိနေတော့ တကယ်လို့ ကျုပ်တို့က အရင်စပြီး အကြမ်းဖက်လိုက်ရင် သူတို့က အပြစ်ရှာပြီး ကျုပ်တို့ကို သူပုန်တွေအဖြစ် စွပ်စွဲလာနိုင်တယ်။ တကယ်လို့ ပြည်သူတွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးသွားရင် နောက်ပိုင်းမှာ အလုပ်လုပ်ရတာ ခက်ခဲသွားလိမ့်မယ် ... "
ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့သည် မလှမ်းမကမ်းရှိ လမ်းထောင့်မှနေ၍ ကျိုးမောက်ရွှယ် စကားပြောနေသည်ကို ကြည့်နေကြ၏။
ဘေးနားတွင် ကျင်းယီဝေများနှင့် ရှဲ့ရှန်း အစရှိသော သတင်းထောက်များလည်း ပါလာကြသည်။
ဖန်ကျန်းရီက ကျင်းယီဝေကို မေးလိုက်၏။ "ခေါင်းဆောင်က ဘယ်သူလဲဆိုတာ သိရပြီလား။"
ကျင်းယီဝေက ပြန်ဖြေလိုက်သည်။ "သခင်လေး ... ကျုပ် စောင့်ကြည့်ရသလောက်တော့ အခု လူအုပ်ထဲမှာ အတက်ကြွဆုံးနဲ့ စကားပြောနေတဲ့လူက ခေါင်းဆောင်ပဲ။ သူနာမည်က ကျိုးမောက်ရွှယ်ပါ။ မနေ့ညက သူ့ရဲ့ နောက်ခံကို စုံစမ်းပြီးပါပြီ။ သူက အမတ်ကြီးကျိုးဟုန်ရဲ့ သားအကြီးဆုံးပါ။"
ကျိုးဟုန်လား။
ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး အံ့အားသင့်သွားကြ၏။
ကျိုးဟုန်ကို ဖန်ကျန်းရီ သိသည်။ သူက တရားစစ်ဆေးရေးဌာနက အမတ်ကြီးဖြစ်ပြီး နန်းတွင်း ဒုတိယအဆင့် အရာရှိကြီး ဖြစ်ကာ ရာထူးမှာ သူ့ထက်ပင် မြင့်မားသေးသည်။
ထိုလူသည် တည်ကြည်ဖြောင့်မတ်ပြီး အလုပ်လုပ်ရာတွင်လည်း ပြတ်သားသူဖြစ်ကာ အရှင်မင်းကြီးနှင့်အတူ စစ်မြေပြင်တွင် တိုက်ပွဲဝင်ခဲ့ဖူးသော အမတ်ဟောင်းတစ်ဦး ဖြစ်၏။
ထိုအမတ်ကြီး ရာထူးသည် နိုင်ငံအနှံ့သို့ မကြာခဏ သွားရောက်ရသဖြင့် လွန်ခဲ့သော သုံးနှစ်ခန့်က ကျန်းမာရေးအခြေအနေကြောင့် အနားယူရန် တောင်းဆိုခဲ့၏။
ထို့ကြောင့် နန်းတွင်းတွင် သူတို့နှစ်ဦးကြား အဆက်အသွယ် သိပ်မရှိခဲ့ဘဲ ဆက်ဆံရေးမှာ သာမန်သာဖြစ်သည်။ ပဋိပက္ခလည်း မရှိခဲ့ဖူးချေ။
သူ့သားက ဘာလို့ ထွက်ပြီး ပြဿနာလာရှာနေရတာလဲ။
ဖန်ကျန်းရီက မေးလိုက်သည်။ "ဒီကျိုးမောက်ရွှယ်အကြောင်း တခြား ဘာတွေ သိထားသေးလဲ။"
"သူက မိတ်ဆွေဖွဲ့ရတာ ကြိုက်တယ်။ မြို့တော်ထဲက နာမည်ကြီး စားသောက်ဆိုင်တွေ၊ ပြည့်တန်ဆာအိမ်တွေမှာ သွားလာလှုပ်ရှားတတ်တယ်။ ဒါပေမဲ့ စာမေးပွဲကိုတော့ အကြိမ်ကြိမ် ကျရှုံးခဲ့တယ် ... "
ကျင်းယီဝေက ရှင်းပြနေစဉ် လီယွမ်ကျောက်သည် စိတ်အားထက်သန်စွာဖြင့် ဝင်ပြောလိုက်၏။ "ဖန်ကြီး... ဒါဆိုရင်တော့ ဖြေရှင်းရ လွယ်သွားပြီပေါ့။ သူ့အဖေကို တိုက်ရိုက်ခေါ်ပြီး သူ့ကို အိမ်ပြန်ခေါ်သွားခိုင်းလိုက်ရုံပဲ မဟုတ်ဘူးလား။"
ဖန်ကျန်းရီက လက်ကာပြကာ စဉ်းစားရင်း ပြန်ပြောလိုက်သည်။ "မလုပ်နဲ့။ သူက လုံးဝ အရေးမကြီးဘူး။ ယမ်းကြိုးလေး တစ်ချောင်းပဲ။ ကျိုးမောက်ရွှယ် မရှိရင်တောင် နောက်ပိုင်းမှာ တခြား တစ်ယောက်ယောက်က ထွက်ပြီး ခေါင်းဆောင်လုပ်လာအုံးမှာပဲ။ ဒီလောက် လူအများကြီးက တစ်ခဲနက် ဆန္ဒပြနေကြတာ လူတစ်ယောက်တည်း ရဲ့ စွမ်းအားနဲ့ လုပ်နိုင်တာ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်တို့ ဖြေရှင်းရမှာက အရင်းအမြစ် ပြဿနာကိုပဲ။"
"ဖန်ကြီး... ကြည့်ရတာ သူက ခင်ဗျားအိမ်ရှေ့မှာ သေးပေါက်တော့မယ် ထင်တယ်။" လီယွမ်ကျောက်က ရုတ်တရက် ဖန်ကျန်းရီ၏ ပခုံးကို ပုတ်ကာ မြို့စားအိမ်တော် တံခါးဘက်သို့ လက်ညိုးထိုးပြလိုက်၏။
ဖန်ကျန်းရီက လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
"တောက် …. တကယ့်ကို ရိုင်းစိုင်းတဲ့ကောင်တွေပဲ။"
အပိုင်း (၉၁၆) ဆီးမသွားရဘူး။
ကျိုးမောက်ရွှယ်သည် လူပုံအလယ်တွင် သူ၏ ဘောင်းဘီကြိုးပေါ်သို့ လက်တင်ကာ အသံကျယ်ကြီးဖြင့် ပြောလိုက်၏။ "ဖန်ကျန်းရီက ကျုပ်တို့ကို လူပုံအလယ်မှာ စော်ကားတယ်။ ဒါကို ကျုပ်တို့က မသိချင်ယောင်ဆောင်ပြီး ဘာမှမလုပ်ဘဲ နေလို့မရဘူး။ ဒီနေ့ သူက ကျင်းယီဝေကို လွှတ်ပြီး ကျုပ်တို့ရဲ့ သွားလာလှုပ်ရှားခွင့်ကို ကန့်သတ်ထားတယ်ဆိုတော့ ကျုပ်တို့လည်း သူ့အိမ်ရှေ့မှာ ... "
"မြန်မြန်သွား …. မင်းတို့ မြန်မြန်သွား။ အဲဒီခွေးကောင်တွေကို ကျုပ်အိမ်ရှေ့မှာ သေးမပေါက်စေနဲ့။" ဖန်ကျန်းရီက ရှဲ့ရှန်းကို အရေးပေါ် ရှေ့သို့ ဆွဲထုတ်လိုက်၏။
ချီးတဲ့မှ … ရိုးရိုးသားသား ဆန္ဒပဲပြပါလား။ ဘာလို့ ဒီလောက် မိုက်ရိုင်းရတာလဲ။
ရှဲ့ရှန်းသည် အစောတည်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ အင်္ကျီတွင်းမှ စာရွက်နှင့် ကလောင်တံကို ထုတ်ယူကာ အခြားသူများကို ဦးဆောင်ပြီး အလျင်အမြန် ပြေးသွားတော့သည်။
ကျိုးမောက်ရွှယ်က ဆီးသွားရန် ပြင်လိုက်စဉ် ရုတ်တရက် သူ့ရှေ့တွင် ကလောင်တံတစ်ချောင်း ထိုးလာပြီး နောက်တွင်လည်း လူအနည်းငယ် ရပ်နေသည်ကို မြင်လိုက်ရ၏။
သူ ချက်ချင်း အောင့်ထားလိုက်ပြီး အံ့အားသင့်မှုနှင့် ဒေါသတို့ ရောထွေးနေကာ မေးလိုက်သည်။ "မင်းက ဘယ်သူလဲ။"
ရှဲ့ရှန်းက လေးနက်သော အမူအရာဖြင့် ပြန်ဖြေလိုက်၏။ "ကျုပ်က ပန်းရှန်းသတင်းစာက သတင်းထောက် ရှဲ့ရှန်းပါ။ မနေ့ညက ဒီနေရာမှာ ပညာတတ်တွေ စုဝေးပြီး မြို့စားဖန်ကို ဆန္ဒပြနေတယ်လို့ ကြားလို့ လာပြီး သတင်းယူတာပါ။
ကျုပ် ကြည့်ရသလောက် လူကြီးမင်းက ပညာတတ်တစ်ယောက် ဖြစ်ပြီး အခုလေးတင် လမ်းမပေါ်မှာ ဆီးသွားမလို့ လုပ်နေတာ တွေ့လိုက်ရတယ်။ ပန်းရှန်းသတင်းစာက မြို့တော်စောင့်တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မြို့တော်ထဲမှာ ယဉ်ကျေးမှုရှိဖို့နဲ့ အလေ့အကျင့်ကောင်းတွေ မွေးမြူဖို့ လှုံ့ဆော်နေတာပါ။ ပြည်သူတွေကို တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ယဉ်ကျေးမှုရှိဖို့၊ အများသုံးအိမ်သာကို အသုံးပြုဖို့ တိုက်တွန်းနေတာပါ။
ဘာဖြစ်လို့ လူကြီးမင်းက လူပုံအလယ်မှာ ကိုယ့်အင်္ဂါကို ထုတ်ပြပြီး လမ်းမပေါ်မှာ ဆီးသွားချင်ရတာလဲဆိုတာ မေးပါရစေ။ ထူးခြားတဲ့ ဝါသနာများ ရှိလို့လား။ အိမ်သာ ဘာလို့ မသွားတာလဲ။ အိမ်သာက အသုံးပြုရတာ အဆင်မပြေလို့လား။"
"မင်း ရူးနေလား။"
သတင်းထောက်အချို့က ကလောင်တံကိုင်ကာ မှတ်စုရေးရန် ပြင်နေသည်ကို မြင်သောအခါ ကျိုးမောက်ရွှယ်သည် ဒေါသတကြီးဖြင့် သူ၏ ဘောင်းဘီကြိုးကို ပြန်စည်းလိုက်၏။ "ဘယ်သူက။ ဘယ်သူက လမ်းမပေါ်မှာ ဆီးသွားလို့လဲ။ မင်း ဘယ်မျက်လုံးနဲ့ မြင်လိုက်လို့လဲ။"
"နေပါအုံး။ မင်းတို့ ဘယ်လို ဝင်လာတာလဲ။ မင်းတို့က ဖန်ကျန်းရီရဲ့ လူတွေပဲ။" ကျိုးမောက်ရွှယ်သည် ချက်ချင်း သတိထားမိသွားသည်။
ရှဲ့ရှန်းက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်၏။ "ကျုပ်တို့ ပန်းရှန်းသတင်းစာက သတင်းထောက်တွေမှာ အထူး သတင်းယူခွင့် ရှိပါတယ်။ အရေးကြီးတဲ့ကိစ္စတွေ ဖြစ်တဲ့နေရာတိုင်းကို သွားလို့ရပါတယ်။ အခြေအနေ အတော်များများမှာ ကျင်းယီဝေကလည်း ဝင်မစွက်ဖက်ပါဘူး။ ဒီနေရာက လမ်းမပေါ်မှာ ဖြစ်တဲ့အတွက် ကျုပ်တို့ လွတ်လွတ်လပ်လပ် သွားလာလို့ ရပါတယ်။ လူကြီးမင်းအနေနဲ့ ပန်းရှန်းသတင်းစာရဲ့ အင်တာဗျူးကို ဖြေဆိုချင်ပါသလား ခင်ဗျာ။"
"ငါ မဖြေချင်ဘူး။ မင်းတို့က ဖန်ကျန်းရီနဲ့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းပဲ။ ထွက်သွားစမ်း။"
ရှဲ့ရှန်းသည် စိတ်ဆိုးခြင်း မရှိဘဲ သတင်းထောက်များကို ခေါ်ကာ ကျင်းယီဝေများ၏ အနားသို့ တိတ်ဆိတ်စွာ ပြန်ဆုတ်သွားပြီး ထိုနေရာရှိ ပညာတတ်များကို ဝေ့ဝဲကြည့်ရှုလိုက်၏။
ထို့နောက် အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "အင်တာဗျူး ဖြေဆိုချင်တဲ့သူ ရှိရင် ကျုပ်ဆီ လာခဲ့ပါ။ ပြီးတော့ အားလုံးကို ယဉ်ကျေးမှုရှိဖို့နဲ့ သန့်ရှင်းရေးကို ဂရုစိုက်ဖို့ သတိပေးချင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် အလေ့အကျင့်ကောင်းတွေ မွေးမြူပြီး သူတစ်ပါးအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။ အကျင့်ဆိုးတွေကို ဖျောက်ဖျက်ပြီး ယဉ်ကျေးတဲ့ အပြုအမူတွေကို မွေးမြူကြပါ ... "
ချီးတဲ့မှ ….။
ကျိုးမောက်ရွှယ်သည် ဘာလုပ်ရမှန်းမသိ ဖြစ်သွားပြီး ဒေါသတကြီးဖြင့် လှေကားထစ်ပေါ်မှ ဆင်းလာကာ မြေကြီးပေါ်တွင် စိတ်ဆိုးမာန်ဆိုး ထိုင်ချလိုက်၏။
သို့သော်ငြား ထိုသို့ ထိုင်ချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားတော့သည်။
တောက် ... တစ်ခုခု ... တစ်ခုခု ထွက်လာတော့မလို ဖြစ်နေပြီ ... ။
အခြားပညာတတ်များလည်း ထိုနည်းတူပင် ဖြစ်၏။ မျက်နှာများမှာ ဝက်သည်းရောင် အဆင်းသို့ ပြောင်းလဲသွားပြီး အံကိုကြိတ်ကာ ဇီဝကမ္မ သဘာဝကို ပြင်းပြင်းထန်ထန် တွန်းလှန်နေကြရသည်။
တစ်ဖက်တွင်လည်း ယဉ်ကျေးမှုဆောင်ပုဒ်များကို ကြွေးကြော်နေဆဲဖြစ်သော ရှဲ့ရှန်းနှင့် အခြားသူများအား ရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။
ဤခွေးကောင်တွေသာ ကျင်းယီဝေများ၏ အနားမှာ ကပ်မနေလျှင် သူတို့ သွားရိုက်မိမှာ သေချာသည်။
ဒါ တမင်တကာ နှိပ်စက်နေတာ မဟုတ်ဘူးလား။ အားလုံးက အပေါ့အလေး သွားဖို့ စောင့်နေတာကို အခု ဘယ်လိုလုပ် သွားလို့ရတော့မှာလဲ။
သေချာပြန်တွေးကြည့်တော့ ရန်ဖြစ်မယ်ဆိုရင်တောင် အချိန်မမီတော့ဘူး။ ရန်ဖြစ်နေရင်းနဲ့များ ချီးတွေ၊ သေးတွေ ထွက်လာရင် နောက်ပိုင်း ဘယ်လို မျက်နှာပြရတော့မလဲ။
လီယွမ်ကျောက်သည် အခြေအနေကို ရိပ်မိသွားပြီး လမ်းထောင့်တွင် ပါးစပ်ကိုအုပ်ကာ အဆက်မပြတ် ရယ်မောနေ၏။ "ဟားဟား ... ဖန်ကြီး... ကျုပ် ကြည့်ရသလောက်ဆိုရင် ခင်ဗျား ဘာမှ လုပ်စရာမလိုတော့ဘူး ထင်တယ်။ အရှေ့ဆင်ခြေဖုံး တက္ကသိုလ် နဲ့ နန်းတော်ရဲ့ အမိန့်တွေကို ဆန့်ကျင်ဖို့အတွက် ဒီလူတွေက ဒီမှာ သေချာပေါက် ဆန္ဒပြပြီး နောက်မဆုတ်ဘူးဆိုတာကို မြို့ထဲမှာ သတင်းဖြန့်ဖို့ လူလွှတ်လိုက်ရုံပဲ။ ပြီးရင် သာမန်ပြည်သူတွေကို လာကြည့်ခိုင်းလိုက်မယ်ဆိုရင် တစ်ယောက်ချင်းစီ ပြိုကွဲသွားမှာ သေချာတယ်။"
ဖန်ကျန်းရီက ပြုံးလိုက်သည်။ "စဉ်းစားတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒါက ဖြေရှင်းနည်း မဟုတ်ဘူး။ အဲဒီလိုလုပ်ရင် သူတို့က ကျုပ်ကို ပိုမုန်းသွားမှာပေါ့။ နောက်ပိုင်းကျရင် ပြဿနာတွေ ထပ်ပေါ်လာမှာပဲ။ တကယ်လို့ အဲဒီအချိန် ရောက်လာရင် ပိုပြီးတော့တောင် ဒုက္ခများအုံးမယ်။
ပြီးတော့ သူတို့ကို အကြာကြီး အောင့်ထားခိုင်းရင် ပြဿနာ တက်နိုင်တယ်။ တကယ်လို့ အရှက်အကြောက်မရှိတဲ့ ခွေးရူးနှစ်ကောင်လောက် ထွက်လာပြီး ကျုပ်အိမ်ရှေ့မှာ ဒေါသထွက်ထွက်နဲ့ သေးပေါက်ချလိုက်ရင် ဘယ်လိုလုပ်မလဲ။ ဒီအိမ်ကြီးမှာ ကျုပ် ဆက်နေလို့ ရပါ့အုံးမလား။"
လီယွမ်ကျောက် အံ့အားသင့်သွား၏။ "ဒါဆို ခင်ဗျား ဘယ်လိုလုပ်မလို့လဲ။"
ဖန်ကျန်းရီသည် တိုက်ရိုက် မဖြေဘဲ ဘေးနားရှိ ကျင်းယီဝေကို ညွှန်ကြားလိုက်သည်။ "သူတို့အတွက် ညသုံးအိုးတွေ အမြန်သွားရှာပြီး ပို့ပေးလိုက်။ တာ့ကျင်းရဲ့ အနာဂတ် ခေါင်းဆောင်တွေကို အောင့်ထားလို့ ရောဂါ မရသွားစေနဲ့။ ဒါကလွဲရင် တခြားပစ္စည်းတွေကို လုံးဝ ပေးမဝင်နဲ့။
ပြီးတော့ နောက်ထပ် လူနှစ်ယောက် လွှတ်ပြီး နောက်တစ်လမ်းမှာ အိမ်ကြီးနှစ်အိမ် သွားငှားလိုက်။ သူတို့အားလုံး ဆန့်လောက်တဲ့ အိမ်မျိုး ဖြစ်ရမယ်။ ပြီးရင် အစားအသောက်တွေ၊ စောင်တွေ၊ တဲတွေ ဝယ်ထား ... ဓားတစ်လက်လည်း ပြင်ထား ... ပြီးတော့ ... နောက်ဆုံးကျရင် ငါ့ရဲ့ ညွှန်ကြားချက်ကို စောင့်ပြီးမှ လုပ်။"
ကျင်းယီဝေက သေချာစွာ မှတ်သားလိုက်ပြီးနောက် ညွှန်ကြားချက်များ ပြီးဆုံးသွားသောအခါ လမ်းကြားထဲမှ ထွက်ခွာသွားတော့၏။
လီယွမ်ကျောက်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။ "ဘာလုပ်မလို့လဲ။ အဲဒီလောက် ပစ္စည်းတွေ အများကြီး ပြင်ဆင်ခိုင်းနေတာ ခင်ဗျားက သူတို့ကို မွေးထားမလို့လား။ ခင်ဗျား တကယ် ဘာလုပ်ချင်တာလဲ။"
ဖန်ကျန်းရီက လူအုပ်ကြီးကို လက်ညိုးထိုးပြကာ ပြုံးလျက် မေးလိုက်၏။ "ကြည့်စမ်း ... သူတို့က ဘာနဲ့တူလဲ။"
"ဘာနဲ့တူလဲ။"
လီယွမ်ကျောက်က ပါးကိုကုတ်လိုက်သည်။ "အိမ်ကနေ မောင်းထုတ်ခံရတဲ့ ခွေးတွေနဲ့ တူတာပေါ့။ တခြား ဘာနဲ့တူအုံးမှာလဲ။"
ဖန်ကျန်းရီက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။ "မှန်တယ်။ အိမ်ကနေ မောင်းထုတ်ခံရတဲ့ ခွေးတွေနဲ့ တူတယ်။ အဲဒီလို ခွေးမျိုးတွေကို ရင်ဆိုင်ရတာ အလွယ်ဆုံးပဲ။ သူတို့ကို အိမ်တစ်အိမ် ပေးလိုက်ရင် ရပြီလေ။ ကျုပ် ခန့်မှန်းချက်အရ မနက်ဖြန် သူတို့ အလွန်ဆုံး နောက်ထပ် တစ်ရက်ပဲ တောင့်ခံနိုင်တော့မယ်။ သေချာပေါက် အရှုံးပေးမယ့်သူတွေ ထွက်လာမှာပဲ။
အဲဒီအချိန်ကျရင် ခန္ဓာကိုယ်ရော၊ စိတ်ရော ပင်ပန်းနွမ်းနယ်နေပြီဆိုတော့ အဲဒါက ကျုပ် အခွင့်အရေး ယူရမယ့် အချိန်ပဲ။"
ဖန်ကျန်းရီက လက်ကိုပွတ်သပ်လိုက်သည်။ "ဒီနည်းလမ်းကို မသုံးရတာ ကြာပြီဆိုတော့ နည်းနည်းတော့ စိမ်းနေတယ်။"
"ချီးတဲ့မှ ... နားမလည်ဘူး။ ခင်ဗျား တကယ် ဘာလုပ်ချင်တာလဲ။"
ဖန်ကျန်းရီက ကြီးကျယ်ခမ်းနားစွာ ပြုံးလိုက်ပြီး ဆန္ဒပြနေသူများကို စိုက်ကြည့်ကာ ပြောလိုက်၏။ "ဟဲဟဲ ... ပြည်သူတွေရဲ့ စိတ်ဓာတ်ကို အသုံးချလို့ ရတယ်။ ကျုပ်က တစ်ကြိမ်လောက်တော့ ပြည်သူတွေကြားထဲက ပညာတတ်တွေရဲ့ ခေါင်းဆောင် ဝင်လုပ်လိုက်အုံးမယ်။"