အခန်း (၉၁၇-၉၁၈)
Vol. 48 Ch. 917-918
အပိုင်း (၉၁၇) ကဗျာရော ဓားရေးပါ ထူးချွန်သော ဖန်ကျန်းရီ။
မကြာခင်မှာပဲ ဖန်ကျန်းရီသည် ထန်ပေါ်ဟူ ဖြစ်သွားသည်။
ဖန်ကျန်းရီသည် ရှည်လျားသော မုတ်ဆိတ်မွေးကို သပ်လိုက်ပြီး သူ၏ မျက်လုံးများက လျှပ်စီးလက်သကဲ့သို့ တောက်ပနေသည်။ သူက လေးနက်သော အသံဖြင့် ပြောလိုက်၏။ "ကြားလား။ မင်းတို့တွေ ဒီလောက် ယုတ်မာတဲ့ အလုပ်တွေ အများကြီး လုပ်ထားတာကို နောင်တမရကြသေးဘူးလား။ အခုချက်ချင်း ဆုတ်သွားကြစမ်း။ မဟုတ်လို့ကတော့ မင်းတို့ ငါတို့ကို ဆက်ပြီး ဝိုင်းထားမယ်ဆိုရင် ကျုပ် ထန်ရဲ့ ဓားက သနားညှာတာမှု မရှိဘူးလို့တော့ မပြောနဲ့။"
တောက် … ကြမ်းလိုက်တာ။
နေရာတစ်ခုလုံးရှိ လူများအားလုံး ချက်ချင်း အသက်ရှူရပ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။
သောက်ရမ်းကြမ်းတာပဲ။ ကျင်းယီဝေရဲ့ ပိတ်ဆို့မှုကို ဖြတ်ကျော်ဝင်ရောက်ရဲရုံသာမက ကျင်းယီဝေကိုတောင် လူပုံအလယ်မှာ ခြိမ်းခြောက်ရဲသေးတယ်။
ကျိုးမောက်ရွှယ်သည် မည်သို့ဖြစ်သည်မသိ ရင်ထဲတွင် အတော်လေး နေရခက်သွား၏။
ရုတ်တရက် ထွက်ပေါ်လာတဲ့ ထန်ပေါ်ဟူဆိုတဲ့ လူက အာရုံစိုက်မှု အားလုံးကို လုယူသွားပြီ ... ငါ နှစ်ရက်လောက် ကြိုးစားခဲ့ရတာက ဒီလူ အခုမှ ရောက်လာပြီး စကားနှစ်ခွန်းလောက် ပြောလိုက်တာကိုတောင် မမီဘူးလား။
ဒါပေမဲ့ တကယ်ကို အကြောက်အလန့်မရှိတဲ့ လူတစ်ယောက်ဆိုတာတော့ အမှန်ပဲ။ အဲဒီအချက်ကိုတော့ ဘာမှ ပြောစရာမရှိဘူး ...
ကျင်းယီဝေများသည် အခြေအနေကို မထိန်းချုပ်နိုင်တော့ကြောင်း မြင်သောအခါ သူတို့၏ မျက်နှာများမှာလည်း ဆိုးရွားလာပြီး ဒေါသတကြီးဖြင့် အော်လိုက်ကြ၏။ "ရဲတင်းလှချည်လား။ ကျင်းယီဝေကို ရန်ပြုရဲရုံသာမက နန်းတော်က အရာရှိကိုပါ လူပုံအလယ်မှာ စော်ကားရဲသေးတယ်။ ဒီမှာ နန်းတော်က စီမံခန့်ခွဲနေတာ။ မင်း ဝင်ပြောစရာ နေရာမရှိဘူး။ မင်း ပထမဆုံးအကြိမ် ကျူးလွန်တာကို ထောက်ထားပြီး အခုချက်ချင်း ဒီနေရာကနေ ထွက်သွားစမ်း။"
ဖန်ကျန်းရီသည် ခြေလှမ်းအနည်းငယ် ရွှေ့လိုက်ပြီး ခါးတွင်ချိတ်ထားသော ဓားကို လက်ဖြင့် ကိုင်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "ကျုပ်က ထွက်မသွားဘူးဆိုရင်ရော … မင်းတို့ ဘာလုပ်ချင်လဲ။"
ကျင်းယီဝေ သုံးဦးသည် မဆိုင်းမတွပင် ဓားများကို ဆွဲထုတ်လိုက်ကြ၏။
ရွှမ်း ... ရွှမ်း ... ရွှမ်း ... အသံသုံးချက် ထွက်ပေါ်လာသည်။
ရှို့ချွန်းဓား သုံးလက်သည် တစ်ပြိုင်နက်တည်း အိမ်ထဲမှ ထွက်လာပြီး တောက်ပသော ဓားသွားများသည် ဖန်ကျန်းရီ၏ မျက်နှာဆီသို့ တိုက်ရိုက် ချိန်ရွယ်ထားကြ၏။
ဦးဆောင်လာသော ကျင်းယီဝေက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "မင်းက ကျင်းယီဝေရဲ့ ရှို့ချွန်းဓား ထက်၊ မထက်ကို စမ်းသပ်ချင်တာလား။"
"ကျုပ် ဓားကရော မထက်ဘူးလို့ ဘယ်သူပြောလဲ။"
ဖန်ကျန်းရီက အသံကျယ်ကြီးဖြင့် အော်လိုက်ပြီး ခါးရှိ ဓားသည် လျှပ်စီးလက်သကဲ့သို့ အိမ်ထဲမှ ထွက်လာခဲ့သည်။
လွင့်ပျံသွားသော အင်္ကျီလက်စနှင့်အတူ နှင်းလိုဖြူဖွေးသော လခြမ်းပုံ ဓားအလင်းတန်းတစ်ခုသည် လေထဲတွင် ဖြတ်ပြေးသွား၏။
တုကူးဓားကိုးကွက် - ဓားဖျက်သိုင်း။
ချွင် ... ချွင် ... ချွင် ... ကျယ်လောင်သော အသံသုံးချက်နှင့်အတူ ရှို့ချွန်းဓား သုံးလက်သည် အသံနှင့်အတူ ပြတ်ကျသွားသည်။
ဓားကိုင်ထားသော ကျင်းယီဝေ သုံးဦးမှာ ကျိုးပဲ့နေသော ဓားသွားများကို ကိုင်လျက် ကြက်သေသေသွားကြ၏။
နေရာတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
သို့ပေမည့် နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံသို့ ပျံ့လွင့်သွားမတတ် သြဘာပေးသံကြီး ထွက်ပေါ်လာပြီး လေထုထဲတွင်ပင် တုန်ခါမှုများ ခံစားလိုက်ရ၏။
"အစ်ကိုထန်ရဲ့ သိုင်းပညာက သိပ်ကောင်းတာပဲ။ ဓားသိုင်းက အရမ်းကောင်းတယ်။"
"ဒါ ဓားနတ်ဘုရား ဝင်စားတာပဲ။"
"အစ်ကိုထန်က စာပေရော၊ သိုင်းပညာပါ ထူးချွန်တယ်။ ကျုပ်တို့ရဲ့ စံပြပဲ။"
"အစ်ကိုထန် သိပ်တော်တယ်။ မကြောက်နဲ့။ တကယ်လို့ သူတို့ အစ်ကို့ကို ထိရဲရင် ကျုပ်တို့ ဝိုင်းပြီး တိုက်ခိုက်မယ်။"
မူလက အားနည်းနေပုံရသော ပညာတတ်များသည် သွေးပူလာသကဲ့သို့ ဖြစ်သွားပြီး မရေမတွက်နိုင်သော ချီးကျူးစကားများသည် ဖန်ကျန်းရီထံသို့ အခမဲ့ရသကဲ့သို့ တရဟော ဝင်ရောက်လာကြ၏။
ကျေနပ်လိုက်တာ။ ဒီနေ့ တကယ်ကို ကျေနပ်စရာ ကောင်းတာပဲ။
ဖန်ကျန်းရီသည် လှပသော မုတ်ဆိတ်မွေးကို သပ်ကာ တည်ငြိမ်စွာ ပြုံးလိုက်ပြီး ဓားကို လှည့်ကာ နောက်ကျောဘက်တွင် တည့်တည့်ထောင်ထားလိုက်သည်။
သူ၏ လှုပ်ရှားမှုများမှာ လွတ်လပ်ပေါ့ပါးပြီး အလွန်ပင် ခမ်းနားလှ၏။
ဓားကို အိမ်ထဲသို့ ပြန်မထည့်ချင်၍ မဟုတ်ဘဲ လူများလွန်းသဖြင့် အမှားလုပ်မိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ဒီလှုပ်ရှားမှုက အတော်လေး ရှုပ်ထွေးတယ်။ ကျန်ကျောင်းတောင် သေချာ မလုပ်နိုင်ဘူး။ သူ နှစ်ခါလောက် ကျင့်ဖူးပေမဲ့ သေချာ မချိန်နိုင်လို့ လက်တောင်ထိပြီး သွေးထွက်ဖူးတယ် ...။
အောက်ဘက်ရှိ ပညာတတ်များသည် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး ကြာရှည်ပြီး စိတ်အားထက်သန်သော သြဘာပေးသံများမှာ ဆက်လက်၍ ထွက်ပေါ်နေဆဲပင် ဖြစ်၏။
သူတို့၏ စိတ်အားထက်သန်နေသော ပုံစံကို ကြည့်ရသည်မှာ ဖန်ကျန်းရီအား ရုပ်တုတစ်ခုကဲ့သို့ သဘောထားနေကြပြီ ဖြစ်သည်။
ဖန်ကျန်းရီသည် ရင်ထဲတွင် အနည်းငယ် ကျေနပ်သွားမိ၏။
ချီးတဲ့မှ .. ငါ့ရဲ့ ဝူးရှအိမ်မက်ကို အကောင်အထည် ဖော်နိုင်ပြီပဲ။
မလှမ်းမကမ်းရှိ နံရံထောင့်တွင် ပုန်းကွယ်ကာ တိတ်တဆိတ် ကြည့်ရှုနေသော လီယွမ်ကျောက်မှာမူ မနာလိုလွန်းသဖြင့် အံကြိတ်ထားရ၏။
သူသည် ဖန်ကျန်းရီနှင့်အတူ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
အစီအစဉ် တစ်စိတ်တစ်ပိုင်းကို ကြိုတင်သိထားသော်လည်း ယနေ့ ဖန်ကြီးဤမျှလောက် အထာကျနေသည်ကို မြင်သောအခါ ရင်ထဲတွင် အလွန်ပင် အားကျသွားမိသည်။
ဖန်ကြီးဆိုတဲ့ ခွေးကောင်က အကြံအစည်တွေ အများကြီးပဲ။
တကယ်ကို ကြံစည်ရက်တာပဲ ... သေးထက်တောင် ပိုနံ့သေးတယ်။
ဒီလိုမှန်းသိရင် ငါ ထွက်ပြီး လုပ်လိုက်ပါတယ်။ အခုတော့ ဒီကောင် နာမည်ရသွားပြီ ...
သြဘာပေးသံများ တဖြည်းဖြည်း ငြိမ်သက်သွားသောအခါ ကြက်သေသေနေသော ကျင်းယီဝေများသည် ချက်ချင်း သတိဝင်လာပြီး ဖန်ကျန်းရီကို ကြည့်ကာ တုန်ယင်သော လေသံဖြင့် ပြောလိုက်ကြ၏။ "မင်း ... မင်း ဒါ သူပုန်ထတာပဲ။ ဒါ သေဒဏ်ပဲ။ မင်း စောင့်နေလိုက်။"
ခြိမ်းခြောက်စကား တစ်ခွန်းပြောပြီးနောက် နောက်ထပ် လူနှစ်ယောက်ကို ခေါ်ကာ အခင်းဖြစ်ပွားရာ နေရာမှ အလျင်စလို ထွက်ခွာသွားကြတော့သည်။
"လန့်ပြေးသွားပြီ။ ကျင်းယီဝေတွေ လန့်ပြေးသွားပြီ။"
နောက်ထပ် အောင်ပွဲခံသံများ ထွက်ပေါ်လာပြန်၏။ သို့သော်ငြား ဤအချိန်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သူ အချို့ ရှိနေ၏။
ဒီအစ်ကိုထန် လုပ်တာ နည်းနည်းတော့ လွန်သွားပြီ။ ကျင်းယီဝေကို လူပုံအလယ်မှာ ဓားပြတာကတော့ တကယ်ကို ခမ်းနားပါတယ်။
ဒါပေမဲ့ နောက်ပိုင်း နန်းတော်က လူလွှတ်ပြီး နှိမ်နင်းတဲ့အခါ၊ ဒါမှမဟုတ် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးတဲ့အခါ ဘယ်လိုလုပ်မလဲ။
လူတစ်ယောက်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "အစ်ကိုထန် …. အစ်ကို ကျင်းယီဝေကို ရိုက်နှက်လိုက်တာဆိုတော့ မြန်မြန် ဒီနေရာကနေ ထွက်သွားပါတော့။ အစ်ကို့ရဲ့ကျေးဇူးကို ကျုပ်တို့ မှတ်ထားပါ့မယ်။ ဒါပေမဲ့ ဒါက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး။ ပြဿနာကို ကိုယ့်ဆီ ဆွဲမခေါ်ပါနဲ့။"
ထိုသို့ သတိပေးလိုက်သောအခါ အခြားသူများလည်း ချက်ချင်း သတိဝင်လာကြ၏။
"ဟုတ်တယ်။ အစ်ကိုထန် မြန်မြန်သွားပါတော့။ ကျုပ်တို့ ဘာမှမမြင်လိုက်ဘူးလို့ပဲ သဘောထားလိုက်မယ်။"
"ဘာကြောက်စရာ ရှိလို့လဲ။ အမှန်တရားက ကျုပ်တို့လက်ထဲမှာ ရှိတာ။ ကျင်းယီဝေက အရည်အချင်းမမီလို့ ရှုံးတာလေ။ ဘယ်သူ့ကိုမှလည်း မထိခိုက်စေဘူး။"
ဖန်ကျန်းရီက တည်ငြိမ်စွာ ပြုံးလိုက်ပြီး လက်တစ်ဖက်ကို အောက်သို့ နှိမ့်ချလိုက်ရာ နေရာတစ်ခုလုံး တဖြည်းဖြည်း ပြန်လည်တိတ်ဆိတ်သွား၏။
"မိတ်ဆွေတို့ ... အားလုံးက နိုင်ငံနဲ့ ပြည်သူအတွက် လုပ်ဖို့ ဆုံးဖြတ်ထားပြီးပြီဆိုမှတော့ ပေးဆပ်ရမှာကို ဘာလို့ ကြောက်နေရအုံးမှာလဲ။ ကျင်းယီဝေ ... နန်းတော်က နောက်ထပ် လူဘယ်လောက်ပဲ ထပ်လွှတ်လွှတ် ကျုပ် ထန်က လုံးဝ နောက်မဆုတ်ဘူး။
ကျုပ်က အရမ်းကို ခေါင်းမာတဲ့ လူတစ်ယောက်ပါ။ တခြားသူတွေ ကျုပ်ကို ဘာပြောပြော၊ ဘာလုပ်ခိုင်းခိုင်း ကျုပ်က လုံးဝ ဂရုမစိုက်ဘူး။ ကျုပ်က ဂရုကို မစိုက်တာ။ တကယ်လို့ ... မိတ်ဆွေတို့လည်း ကျုပ်လိုမျိုး ဖြစ်နိုင်မယ်ဆိုရင် ဒီကိစ္စက ... လုပ်လို့ရပြီလို့ ကျုပ် ထင်တယ်။"
"အစ်ကိုထန် ... တကယ် တော်တာပဲ။"
ထိုနေရာတွင် လူအများအပြား သွေးဆူသွားကြပြီး မတ်တတ်ရပ်၍ သြဘာပေးကြရာ နောက်ထပ် ဆူညံသံများ ထွက်ပေါ်လာပြန်၏။
ဤမြင်ကွင်းကို ကြည့်ရင်း ကျိုးမောက်ရွှယ်၏ ရင်ထဲတွင် ပို၍ နေရခက်လာတော့သည်။
ဒီထန်ပေါ်ဟူက သာမန်လူ မဟုတ်ဘူးပဲ။
လှုပ်ရှားမှု သုံးလေးကွက်၊ စကားနှစ်ခွန်း သုံးခွန်းနဲ့ လူတိုင်းက သူ့ကို ခေါင်းဆောင်အဖြစ် လက်ခံသွားအောင် လုပ်နိုင်ခဲ့တယ်။
ငါကျတော့ ကြီးကြီးမားမား အားစိုက်ထုတ်ခဲ့တာတောင် ဒီလောက် စည်းရုံးနိုင်စွမ်း မရှိဘူး။ ဒါပေမဲ့ သူ့ကို အနည်းငယ် ဖြေသိမ့်ပေးနိုင်တဲ့ အချက်တစ်ချက်တော့ ရှိတယ်။
ဒီထန်ပေါ်ဟူက ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ သိုင်းပညာကောင်းပေမဲ့ စကားပြောပုံကို ထောက်ရင် စာပေ အသိပညာ သိပ်မရှိဘူးဆိုတာ သိသာတယ်။
ဖန်ကျန်းရီက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်၏။ "ကျုပ် ထန်က အရည်အချင်း မရှိပေမဲ့ မိတ်ဆွေတို့ကို အစွမ်းကုန် ကူညီပေးချင်ပါတယ်။ မိတ်ဆွေတို့က တစ်နိုင်ငံလုံးက ပညာတတ်တွေအတွက် ရပ်တည် ပေးနေတယ်ဆိုတာ သိတည်းက မိတ်ဆွေတို့ကို ကျုပ်အိမ်ကို ဖိတ်ခေါ်ပြီး စကားပြောဖို့ ကြိုတင် ပြင်ဆင်ထားခဲ့တာပါ။
ဒီနေ့ အခြေအနေကို ကြည့်ရသလောက်တော့ အဲဒီလူယုတ်မာ ဖန်က ကျုပ်တို့ကို ရင်ဆိုင်ဖို့ အပြင်ထွက်လာမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် ဒီမှာ ဆက်နေလည်း အလကားပဲ၊ အချိန်ကုန်တာပဲ အဖတ်တင်မယ်။
နောက်တစ်ချက်က ဒီလို ကြီးမားတဲ့ ကိစ္စကြီးကို လုပ်ဖို့အတွက် ပြင်ဆင်မှုတွေ အများကြီး လိုအပ်တယ်လို့ ကျုပ် ထင်ပါတယ်။ စာမေးပွဲ ဖြေဖို့တောင် ဆယ်နှစ်တိတိ စာကျက်ရသေးတာပဲ။ စစ်တိုက်ရင်တောင် ရိက္ခာကို အရင်ပို့ရသေးတယ် မဟုတ်လား။ ဒါဆို မိတ်ဆွေတို့ စဉ်းစားကြည့်ဖူးလား။ နန်းတော်ရဲ့ အယူအဆကို ပြောင်းလဲချင်ရင် စိတ်အားထက်သန်မှု တစ်ခုတည်းနဲ့ လုံလောက်ပြီလား။ အခုလို အလျင်စလို လုပ်တာက တကယ်ကို မကောင်းပါဘူး။
ဒါကြောင့် မိတ်ဆွေတို့ ကျုပ်နဲ့အတူ အိမ်ကို လိုက်ခဲ့ဖို့ အကြံပြုချင်ပါတယ်။ အရင်ဆုံး သန့်ရှင်းရေးလုပ်ပြီး ကောင်းကောင်းမွန်မွန် စားသောက်ကြတာပေါ့။ ကျုပ်က မိတ်ဆွေတို့ ရေချိုးဖို့ ရေနွေးတွေလည်း ပြင်ဆင်ထားပါတယ်။ စားသောက်ပြီးလို့ အနားယူပြီးရင် အသေးစိတ် အစီအစဉ်တွေ ဆွဲပြီးမှ ပြန်စကြမယ်။ အဲဒီအချိန်ကျရင် မိတ်ဆွေတို့ရဲ့ အရည်အချင်းနဲ့ဆိုရင် ကမ္ဘာကြီးကို သေချာပေါက် ပြောင်းလဲနိုင်မှာပါ။"
"ကောင်းတဲ့ အကြံပဲ။ ဒါဆို ကျုပ်တို့လည်း အားမနာတော့ဘူးနော်။" အရိုက်ခံရပြီး နှစ်ရက်တိတိ ငတ်နေသော လူအများစုမှာ ချက်ချင်းပင် ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်၏။
လူတစ်ယောက်ကသာ ကြောင်တောင်တောင်နဲ့ ဒီနေရာမှာ ခေါင်းဆောင်မလုပ်ခဲ့ရင် သူတို့ ဒီမှာ အရူးတွေလို အချိန်ဖြုန်းနေစရာ အကြောင်းမရှိဘူးလေ။
ဒေါသထွက်ရင် နန်းတော်ကို တိုက်ရိုက် ဒေါသထွက်လိုက်တာ ပိုကောင်းမယ်။ ဖန်ကျန်းရီဆိုတဲ့ လူယုတ်မာက ဘာမှတုံ့ပြန်မှု မရှိတော့ အချည်းနှီးပဲ ...
အထူးသဖြင့် ကောင်းကောင်းမွန်မွန် စားသောက်ရမယ်၊ ရေနွေးနဲ့ ရေချိုးရမယ်ဆိုတဲ့ စကားကို ကြားလိုက်ရတဲ့အခါ ပိုပြီးတော့တောင် စိတ်ဝင်စားသွားကြသေးသည်။
စိတ်ဓာတ်ပျော့ညံ့သူ အများအပြားမှာ ထွက်ခွာရန် ပြင်ဆင်နေကြပြီဖြစ်ရာ ကျိုးမောက်ရွှယ်က အခြေအနေ မကောင်းကြောင်း သိသဖြင့် အလျင်အမြန် အော်လိုက်၏။ "မိတ်ဆွေတို့ … မိတ်ဆွေတို့။ ကျုပ်တို့ ဒီမှာ ဆက်နေရင် အပြင်က သက်ရောက်မှုက ပိုကြီးလာမှာပါ။ တကယ်လို့ အခု လူစုခွဲလိုက်ရင် အရင်က ကြိုးစားခဲ့သမျှ အကုန်သဲထဲရေသွန် ဖြစ်သွားမှာပေါ့။ ပြီးတော့ ကျုပ်တို့မှာ လူတွေ ဒီလောက် အများကြီးကို အစ်ကိုထန်က အကုန်အကျခံမယ်ဆိုရင် ဘယ်လိုလုပ် သင့်တော်မှာလဲ။"
မကောင်းဘူး ... အခြေအနေတွေ မကောင်းတော့ဘူး ... ဒီထန်ဆိုတဲ့ လူက စကားနှစ်ခွန်း သုံးခွန်းနဲ့ လူအားလုံးကို ခေါ်သွားတော့မယ်။
ဒါဆို သူ အလကား ကြိုးစားခဲ့ရတာ ဖြစ်မသွားဘူးလား။
အားလုံးက ထိုစကားကို ကြားသောအခါ ရပ်တန့်သွားကြ၏။ သူပြောတာလည်း ဟုတ်တာပါပဲ။
သက်ရောက်မှု ရှိ၊ မရှိဆိုတာ ပြောရခက်ပေမဲ့ ဒီလောက်လူအများကြီးက အစ်ကိုထန်ရဲ့ အိမ်ကို သွားပြီး ထမင်းစားမယ်ဆိုရင် ...
သူ ဘယ်လောက်တောင် ပိုက်ဆံကုန်သွားမလဲ။ ဒီလောက် သဘောကောင်းပြီး အားလုံးကို ကူညီပေးတဲ့သူရဲ့ အိမ်မှာ သွားပြီး အခမဲ့ စားသောက်တာက အရမ်းလွန်လွန်းတယ်။
"ဒီအချက်ကိုတော့ စိတ်ပူစရာ မလိုပါဘူး။ လူယုတ်မာ ဖန်က အင်အားကြီးပြီး သတင်းစာလည်း ရှိတော့ ကျုပ်တို့ရဲ့ သြဇာလွှမ်းမိုးမှုက ဘယ်လိုမှ သူ့ကို မမီနိုင်ပါဘူး။ ဒါကြောင့် ဒီမှာ ဆက်ပြီး အချိန်ဖြုန်းနေစရာ မလိုပါဘူး။ နောက်တစ်ချက်က ဒီလောက် ငွေကြေးလေးက ကျုပ်အတွက် ဘာမှ မဟုတ်ပါဘူး။ ပြီးတော့ ... "
ဖန်ကျန်းရီက ပြောရင်း ရပ်တန့်သွား၏။
အရက်ဘူးကို ကောက်ကိုင်လိုက်ပြီး လက်တစ်ဖက်တည်းဖြင့် ပုလင်းဆို့ကို လှပစွာ တောက်ဖွင့်၍ တစ်ငုံသောက်လိုက်သည်။ ပြီးနောက် သူနှင့် အနီးဆုံးရှိ ပညာတတ်တစ်ဦးထံသို့ ပစ်ပေးလိုက်သည်။
ထို့နောက် ရယ်မောကာ ပြောလိုက်၏်။ "ကျုပမှာ အရည်အချင်းရှိရင် ရွှေစင်တစ်ထောင် ကုန်သွားရင်တောင် ပြန်ရလာမှာပဲ။"
"မိတ်ဆွေတို့ ... သွားကြစို့။" ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီက လှည့်ကာ ရှေ့မှ ဦးဆောင်သွားတော့သည်။
"ကောင်းတဲ့ ကဗျာပဲ။ တကယ် ကောင်းတဲ့ ကဗျာပဲ။ အစ်ကိုထန်က တကယ်ကို ပါရမီရှင်ပဲ။"
နောက်ကျောဘက်ရှိ ပညာတတ်များသည် တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြ၏။
စာပေရော၊ သိုင်းပညာပါ အရမ်း ထူးချွန်တယ်။ စာပေရော၊ သိုင်းပညာပါ ထူးချွန်တဲ့ ဒီလိုလူမျိုးနဲ့ သိကျွမ်းခွင့်ရတာ တကယ်ကို တန်ပါတယ်။
ခဏတာ အံ့သြချီးကျူးပြီးနောက် လူအုပ်ကြီးသည် ဖန်ကျန်းရီ၏ နောက်သို့ တရဟော လိုက်ပါသွားကြတော့၏။
ကျိုးမောက်ရွှယ်သည် လူအုပ်ကြီး ထွက်ခွာသွားသည်ကို ကြက်သေသေဖြင့် ကြည့်နေပြီး ဒေါသတကြီးဖြင့် ခြေဆောင့်ကာ နောက်ဆုံးတွင် အံကြိတ်၍ နောက်မှ လိုက်သွားတော့သည်။
မကြာမီအချိန်အတွင်းမှာပင် မြို့စားအိမ်တော်ရှေ့တွင် ပြန်လည်ငြိမ်သက်သွားပြီး ညသုံးအိုး အမြောက်အမြားသာ ကျန်ရစ်ခဲ့တော့၏။
အပိုင်း (၉၁၈) အစ်ကိုထန်၏ နွေးထွေးသော ဧည့်ခံမှု။
ကြီးမားလှသော လူအုပ်ကြီးသည် ဖန်ကျန်းရီ၏ နောက်သို့ လိုက်ပါသွားကြ၏။
ငှားရမ်းထားသော အိမ်ကြီးသည် မြို့စားအိမ်တော်နှင့် သိပ်မဝေးဘဲ နောက်တစ်လမ်းတွင် ရှိသည်။
'အစေခံ' များသည် ဤနေရာတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြပြီး ဖန်ကျန်းရီ ရောက်လာသည်နှင့် တစ်ပြိုင်နက် ရှေ့သို့ ထွက်လာကာ အံ့အားသင့်နေသော အမူအရာဖြင့် ဟန်ဆောင်မေးလိုက်၏။ "သခင်ကြီး ... သခင်ကြီး ဘယ်လိုလုပ်ပြီး ဒီလောက် လူအများကြီးကို ခေါ်လာရတာလဲ။"
ဖန်ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ "စကားများမနေနဲ့။ သူတို့တွေ အားလုံးက ကျုပ်ရဲ့ သူငယ်ချင်းတွေပဲ။ ဧည့်သည်တွေ ရေချိုးဖို့ မြန်မြန်သွားပြီး ရေနွေးတည်ခိုင်းလိုက်။ နောက်ထပ် လူလွှတ်ပြီး အဝတ်အစားသစ်တွေ သွားဝယ်ခိုင်းလိုက်။ ဒီမှာ လူဘယ်လောက်ရှိလဲ သေချာကြည့်ပြီး အဲဒီအရေအတွက်အတိုင်း ဝယ်ခဲ့။ မြန်မြန်သွား မြန်မြန်ပြန်လာခဲ့။"
အစေခံသည် အလျင်စလို ထွက်ခွာသွားပြီး ပညာတတ်များ အားလုံးမှာ ပြုံးရွှင်သွားကြ၏။
ဒီအစ်ကိုထန်က တကယ်ကို သဘောကောင်းတာပဲ။ သူတို့ကို ရေချိုးဖို့ ရေနွေးတည်ပေးရုံသာမက အဝတ်အစား အသစ်တွေပါ ဝယ်ပေးအုံးမယ်လား။
"အစ်ကိုထန် ... ဒီလိုဆိုရင်တော့ အရမ်း အကုန်အကျများလွန်းနေပြီ မဟုတ်လား။"
ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ "မိတ်ဆွေတို့အားလုံးက ကြီးမားတဲ့ ကိစ္စတွေကို လုပ်မယ့်သူတွေလေ။ သပ်သပ်ရပ်ရပ် ရှိဖို့က အရေးကြီးဆုံးပဲ။ ကျုပ်က ပိုင်ဆိုင်မှု အများကြီးရှိတော့ ဒီလောက် ပိုက်ဆံလေးက ကျုပ်အတွက် ဘာမှ မဟုတ်ပါဘူး။
ဆုံတွေ့ရတာက ရေစက်ပါပဲ။ ကျုပ် ဒီနေ့ နိုင်ငံရဲ့ အနာဂတ် ခေါင်းဆောင်တွေ ဒီလောက်အများကြီးနဲ့ ဆုံတွေ့ရတာကို ပိုက်ဆံ နှမြောနေလို့ ဖြစ်ပါ့မလား။ ကျုပ်ကို မျက်နှာသာပေးတဲ့အနေနဲ့ အားရပါးရသာ စားသောက်ကြပါ။ မိတ်ဆွေတို့ အားရပါးရ စားသောက်ပြီး ခန္ဓာကိုယ်ရဲ့ အားနည်းချက်တွေကို ဖြည့်တင်းလိုက်ကြပါ။"
ဒီလောက် ကောင်းတဲ့ နေရာမှာ ဒီလို အိမ်ကြီးကို ပိုင်ဆိုင်ထားတယ်ဆိုတော့ ထန်ပေါ်ဟူက တကယ်ကို ချမ်းသာတဲ့သူ ဖြစ်မှာပဲ။ စားစရာ၊ ဝတ်စရာအတွက် သုံးရတဲ့ ငွေလေးက သူ့အတွက် တကယ်ကို ဘာမှမဟုတ်လောက်ဘူး။
ပြီးတော့ သူက ဒီလောက်အထိ သဘောကောင်းနေတာကို ငါတို့ ထပ်ပြီး ငြင်းနေရင် မသင့်တော်ဘူး ဖြစ်သွားလိမ့်မယ်။
လူအများအပြားက ကျေးဇူးတင်စကား ဆိုလိုက်ကြပြီး ထပ်မံ၍ ငြင်းဆန်ခြင်း မပြုကြတော့ချေ။
ဖန်ကျန်းရီက ပြောလိုက်၏။ "မိတ်ဆွေတို့ ... ကျုပ်အိမ်မှာ ရေချိုးခန်း ရှိပေမဲ့ ဒီလောက်လူအများကြီးအတွက်တော့ လောက်မှာ မဟုတ်ဘူး။ ဒါကြောင့် အားလုံးကို တန်းစီပြီး တိတ်တိတ်ဆိတ်ဆိတ် စောင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျုပ် ခြံထဲမှာ လမ်းလျှောက်တာဖြစ်ဖြစ်၊ အနားယူတာဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ကျန်တဲ့သူတွေ မြန်မြန် ရေချိုးပြီးပါလိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ မီးဖိုချောင်ကို ဟင်းကောင်းကောင်းတွေ ချက်ခိုင်းထားပါ့မယ်။ ရေချိုးပြီးတာနဲ့ စားပွဲပြင်ပြီး စားရင်းသောက်ရင်းနဲ့ စကားပြောကြတာပေါ့။
ကျုပ် သွားပြီး နားလိုက်အုံးမယ်။ မိတ်ဆွေတို့မှာ လိုအပ်တာရှိရင် ကျုပ်အိမ်က အစေခံတွေကို မေးလို့ရပါတယ်။"
အားလုံးက ပြိုင်တူ ကျေးဇူးတင်စကား ဆိုလိုက်ကြပြီး ဖန်ကျန်းရီသည် လက်သီးဆုပ်ကာ ပြန်လည်နှုတ်ဆက်ပြီးနောက် အိမ်အပြင်ဘက်သို့ အလျင်အမြန် ထွက်သွား၏။
လီယွမ်ကျောက်သည် လမ်းထောင့်တွင် ကြိုတင်စောင့်ဆိုင်းနေပြီး ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း လက်မထောင်ကာ ချီးကျူးလိုက်သည်။ "တကယ်တော်တာပဲ။ ဒီလောက်မြန်မြန် လူတွေကို ခေါ်ထုတ်လာနိုင်တယ်။"
ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်၏။ "ဒါက ပထမအဆင့်ပဲ ရှိသေးတာ။ နောက်တစ်ဆင့်ကမှ တကယ်ကို စိတ်ဝင်စားစရာ ကောင်းမှာ။ အရှင့်သား ဝင်ကြည့်ချင်သေးလား။ အခွင့်အရေးက ရှားတယ်လေ။ ကျုပ်က တစ်ခါပဲ ပြမှာနော်။"
"ဟူး ... "
လီယွမ်ကျောက်က အနည်းငယ် တုံ့ဆိုင်းသွား၏။ "အထဲမှာ မြို့တော်က ကျောင်းသားတွေ ပါနေတယ်လေ။ ကျုပ်က မြို့ထဲမှာ အမြဲတမ်း သွားလာနေတာဆိုတော့ တစ်ယောက်ယောက်ကများ မှတ်မိသွားရင် မကောင်းဘူး။"
"ကျုပ်ဆီမှာ နှုတ်ခမ်းမွေး အတု ရှိတယ်။ ဘေးအိမ်က လူတွေဆီ သွားတောင်းပြီး ကပ်ထားလိုက်။"
"ဒါဆိုရင်တော့ ကောင်းတာပေါ့။ ကျုပ် သွားကြည့်မယ်။" လီယွမ်ကျောက်သည် ဝမ်းသာအားရဖြင့် ပြုံးလိုက်၏။
"အင်း ... အဲဒီအချိန်ကျရင် ကျုပ်နဲ့ အတိုင်အဖောက် ညီအောင်နေနော်။ စားပွဲတစ်ဝက်လောက် ရောက်ရင် ကျုပ်က ... ဒီလို ... ဒီလို လုပ်လိုက်မယ်။ ဒါဆို ကျုပ် အရင်ပြန်သွားတော့မယ်။"
"စိတ်ချပါ။ လုံးဝ အမှားမခံဘူး။"
လီယွမ်ကျောက်က ကတိပေးလိုက်ပြီး ဖန်ကျန်းရီ ထွက်သွားရန် ပြင်နေသည်ကို မြင်သောအခါ သူ၏ အင်္ကျီလက်စကို ဆွဲကာ မေးလိုက်၏။ "နေပါဦး။ ကျုပ် မေးစရာ တစ်ခုရှိတယ်။ ခင်ဗျား ဘာလို့ ကိုယ့်ကိုယ်ကိုယ် ထန်ပေါ်ဟူလို့ နာမည်ပေးရတာလဲ။ ဒီနာမည်က ဘာအဓိပ္ပာယ် ရှိလို့လဲ။"
ဖန်ကျန်းရီက ဖြေလိုက်သည်။ "မူလက လီပိုင်လို့ နာမည်ပေးမလို့ပဲ။ နောက်မှ ဒီနာမည်ကို ပြောင်းလိုက်တာ။"
"ဘာဖြစ်လို့လဲ။"
"ဘာဖြစ်လို့လဲဆိုတော့ ထန်ပေါ်ဟူက စာလုံးသုံးလုံးလေ။ လီပိုင်ထက် နားထောင်လို့ ပိုကောင်းတယ်။"
"ဒါ ... ဒါက ယုတ္တိမှ မတန်တာ။ စာလုံးသုံးလုံးက ဘာလို့ နှစ်လုံးထက် ပိုကောင်းရတာလဲ။"
"အမလေး ... ဒီလို အသေးအဖွဲ ကိစ္စလေးတွေကို ခေါင်းစားမခံပါနဲ့ဗျာ။ ကျုပ် အရင် ပြန်သွားတော့မယ်။"
...
ဆာလောင်မွတ်သိပ်နေသော ပညာတတ်များသည် ထမင်းစားချင်လွန်းသဖြင့် ရေချိုးသည်မှာ အလွန်မြန်ဆန်လှ၏။
ရေချိုးခန်းထဲသို့ အသုတ်လိုက် ဝင်ရောက်ရေချိုးကြရာ နှစ်နာရီခန့်အတွင်း လူအားလုံး ရေချိုးပြီးစီးသွားကြသည်။
ဝယ်ယူရန် စီစဉ်ထားသော အဝတ်အစားသစ်များနှင့် အခြားပစ္စည်းများကိုလည်း ဘေးအိမ်တွင် အစောတည်းက အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်၏။
အားလုံး ရေချိုးပြီးသည်နှင့် တစ်ပြိုင်နက် အဝတ်အစားသစ်များကို သူတို့ရှေ့သို့ ချက်ချင်း ပို့ပေးလိုက်သည်။
အားလုံးသည် ရေချိုးပြီးနောက် အဝတ်အစားသစ်များကို လဲလှယ်ဝတ်ဆင်လိုက်သောအခါ လန်းဆန်း တက်ကြွသွားကြ၏။
ခြံဝင်းအတွင်း၌ စားပွဲကြီးများစွာကို ကြိုတင်ပြင်ဆင်ထားပြီး စားပွဲပေါ်တွင် အရက်နှင့် ဟင်းလျာများ စုံလင်စွာ ခင်းကျင်းထားကာ အငွေ့များ တထောင်းထောင်း ထနေသည်။
ဟင်းလျာများမှာ သဘာဝကျစွာပင် မနေ့ညက ချက်ထားသော အသင့်စားဟင်းလျာများ ဖြစ်ပြီး အနည်းငယ် ပြန်နွှေးထားခြင်းသာ ဖြစ်၏။
သို့သော် ဤ ငတ်မွတ်နေသော ဝံပုလွေများအဖို့တော့ ဘာမှ ရွေးချယ်စရာ မရှိတော့ချေ။ နှစ်ရက်တိတိ ငတ်နေခဲ့သဖြင့် ယခုအချိန်တွင် ဗိုက်ဝအောင် စားရဖို့သာ အဓိကထားနေသဖြင့် ဘာမှ မရိပ်မိနိုင်တော့ပေ။
ဖန်ကျန်းရီသည် ခြံဝင်းအလယ်တွင် ရပ်ကာ ဧည့်သည်များကို တစ်ဦးချင်းစီ ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ပြီး နေရာချထားပေးလိုက်၏။
ကျိုးမောက်ရွှယ်နှင့် ဆုံသောအခါ ဖန်ကျန်းရီက တစ်ချက်ထပ်ကြည့်လိုက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ဒီအစ်ကိုက ဘယ်လို ခေါ်ပါသလဲ။"
ကျိုးမောက်ရွှယ်က လက်သီးဆုပ်ကာ အားတင်းပြုံး၍ ပြန်ပြောလိုက်၏။ "ကျိုးမောက်ရွှယ်ပါ။ အစ်ကိုထန်ရဲ့ နွေးထွေးတဲ့ ဧည့်ခံမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။"
"ရပါတယ်။ အားနာစရာ မလိုပါဘူး။" ဖန်ကျန်းရီက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
ရုတ်တရက် သူ၏ အကြည့်က ကျိုးမောက်ရွှယ်၏ ခြေထောက်ဆီသို့ ရောက်သွားပြီး အံ့အားသင့်စွာဖြင့် မေးလိုက်၏။ "အစ်ကိုကျိုး ဘာလို့ ခြေအိတ် မဝတ်ထားတာလဲ။"
ကျိုးမောက်ရွှယ်၏ မျက်နှာ နီမြန်းသွားသည်။ "တကယ်ကို ရှက်စရာကောင်းပါတယ်။ ညစ်ပတ်သွားလို့ပါ။"
သူသည် သန့်ရှင်းရေးကို အလွန်ဂရုစိုက်သူ ဖြစ်ပြီး နေ့စဉ် ရေချိုး၊ နံ့သာရည် ဆွတ်လေ့ရှိရာ နှစ်ရက်တိတိ ညစ်ပတ်နေခဲ့ရသည်ကို ရင်ထဲတွင် သည်းမခံနိုင်အောင် ဖြစ်နေခဲ့၏။
ရေချိုးပြီးနောက် ညစ်ပတ်နေသော ခြေအိတ်များကို ပြန်ဝတ်ရန်ဆိုသည်မှာ သူ၏ စိတ်ထဲတွင် လုံးဝ လက်မခံနိုင်သော ကိစ္စဖြစ်သည်။
ဖန်ကျန်းရီက ပေါင်ကို ရိုက်လိုက်၏။ "အမလေး ... ကျုပ် မေ့သွားတာပါ။ ကျုပ်အမှားပါ။ ကျုပ်အိမ်မှာ ခြေအိတ်အဖြူတွေ အများကြီး ရှိပါတယ်။ အစ်ကိုကျိုး မရွံဘူးဆိုရင် တစ်စုံလောက် ယူဝတ်မလား။"
"မလိုပါဘူး။ မလိုပါဘူး။ အစ်ကိုထန် လုပ်ပေးတာတွေ အများကြီး ရှိနေပါပြီ။" ကျိုးမောက်ရွှယ်က အဆက်မပြတ် ငြင်းဆန်လိုက်သော်လည်း ရင်ထဲတွင်တော့ အလွန်ပင် မကျေမနပ် ဖြစ်သွား၏။
ဒီကောင် နာမည်ရသွားတာကို ထားလိုက်တော့။ ပြီးတော့ သူ့ကိုယ်သူ အစ်ကိုတဲ့။
မင်းအိမ်က ခြေအိတ်အဖြူတွေကို ဘာလို့ လာကြွားနေတာလဲ။ ဘယ်သူ့အိမ်ကများ အနက်ရောင် ခြေအိတ်တွေ ဝတ်လို့လဲ။
"ကောင်းပါပြီ။ ဒါဆိုလည်း အစ်ကိုကျိုး ထိုင်ပါ။" ဖန်ကျန်းရီက ပြုံးရွှင်စွာဖြင့် လက်ညွှန်ပြလိုက်၏။
ရိုးရှင်းသော စကားပြောဆိုမှုအပြီးတွင် ဤကျိုးမောက်ရွှယ်အကြောင်းကို အကြမ်းဖျင်း သိရှိသွားပြီ ဖြစ်သည်။
ဒီကောင်လေးက နည်းနည်းတော့ ဉာဏ်များတယ်။ သွေးထိုးလှုံ့ဆော်တတ်တယ်။ ဒါပေမဲ့ သူ့အမြင်မှာတော့ အရမ်းကို နုနယ်သေးတယ်။
ဒါပေမဲ့ နုနယ်တာလည်း ကောင်းတာပဲ။ သူက နုနယ်တဲ့သူတွေကိုပဲ သဘောကျတာ။ နုနယ်တဲ့သူတွေကို လှည့်စားရတာကမှ ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာလေ။
အားလုံး နေရာယူပြီးသောအခါ လီယွမ်ကျောက်သည် ဖန်ကျန်းရီ၏ အောက်ဘက် မလှမ်းမကမ်းတွင် ထိုင်နေ၏။
နေရာတစ်ခုလုံးတွင် ဖန်ကျန်းရီ တစ်ဦးတည်းသာ အရက်ခွက်ကို ကိုင်ကာ မတ်တတ်ရပ်နေပြီး ကျန်သူများအားလုံးမှာ အိမ်ရှင် စကားစမည်ကို စောင့်ဆိုင်းနေကြကာ ရင်ထဲတွင်လည်း သွားရည်ကျနေပြီး သူ့ကို အမြန်စကားပြောစေချင်နေကြသည်။
ဖန်ကျန်းရီသည် နေရာတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုပြီး အသံကျယ်ကြီးဖြင့် ပြောလိုက်၏။ "ဒီနေ့ မိတ်ဆွေတို့က ရဲဖော်ရဲဖက်တွေဖြစ်သလို ဧည့်သည်တွေလည်း ဖြစ်ပါတယ်။ ကျုပ်လည်း အချိန်အများကြီး မယူချင်ပါဘူး။ စကားနည်းနည်းပဲ ပြောပါရစေ။
ဒီနေ့ မိတ်ဆွေတို့ ကျုပ် ထန်ရဲ့ အိမ်ကို ရောက်လာမှတော့ ကိုယ့်အိမ်ကိုယ့်ယာလို့ သဘောထားပါ။ အားရပါးရ စားသောက်ကြပါ။ မဟုတ်ရင်တော့ ကျုပ် ထန်ပေါ်ဟူကို သူငယ်ချင်းလို့ မသတ်မှတ်ဘူးလို့ပဲ ယူဆပါမယ်။ ကျုပ် ပြောစရာရှိတာ ပြီးသွားပြီ။ အားလုံး စားကြပါ။" ဖန်ကျန်းရီက ပြောပြောဆိုဆိုဖြင့် တူကိုကိုင်ကာ ဟင်းတစ်ဖတ်ကို ယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်။
ဤလုပ်ရပ်သည် ချက်ချင်းပင် လူအများ၏ သြဘာပေးသံကို ထပ်မံရရှိသွားပြန်၏။
စကားနည်းနည်းပဲ ပြောမယ်ဆိုတာ တကယ်ပဲ နည်းနည်းပဲ ပြောတာပဲ။ ဒီအစ်ကိုထန်က တကယ်ကို ရိုးသားပြီး ပွင့်လင်းတဲ့သူပဲ။ အားလုံး ဆာနေမှန်းသိလို့ ဘာမှ ပိုမပြောတော့ဘူး။
တကယ်လို့များ တခြား အိမ်ရှင်တစ်ယောက်က ကျွေးမွေးတာဆိုရင် ဘယ်သူကများ ရှည်ရှည်ဝေးဝေး မပြောဘဲ နေမှာလဲ။
သူက ပွင့်ပွင့်လင်းလင်းနှင့် အရင်ဆုံး စားပြလိုက်တော့ ကျန်တဲ့သူတွေလည်း ကျေးဇူးတင်စွာနဲ့ တစ်ယောက်ပြီးတစ်ယောက် စတင်စားသောက်ကြတော့၏။
ခြံဝင်းတစ်ခုလုံး အစားဝါးစားသံများသာ ထွက်ပေါ်နေပြီး စကားပြောသံ မကြားရချေ။
လူအများအပြား အားပါးတရ စားသောက်နေသည်ကို ကြည့်ရင်း ဖန်ကျန်းရီသည် ဖြည်းညင်းစွာ ထိုင်လိုက်ပြီး တစ်ခါတစ်ရံတွင် အရက်ကို တစ်ငုံ သောက်နေ၏။
မိနစ်အနည်းငယ် ကြာပြီးနောက် လူများ၏ ဗိုက်ထဲတွင် အနည်းငယ် ပြည့်သွားသည်။
ဖန်ကျန်းရီသည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော အရက်အိုးကို ကိုင်ကာ စားပွဲများကို လှည့်လည်၍ အရက်ငဲ့ပေးတော့သည်။ စားပွဲများကို အလှည့်ကျ အရက်ငဲ့ပေးပြီးနောက် ဤပညာတတ်များသည် ဖန်ကျန်းရီအပေါ် ပို၍ပင် သဘောကျလာကြ၏။
နွေးထွေးတယ်၊ ဖော်ရွေတယ်၊ ရိုးသားပွင့်လင်းတယ်၊ သိုင်းပညာကောင်းတယ်၊ ရုပ်ရည်ချောမောတယ် ... စသည့် အမည်နာမများကို အသီးသီး တပ်ပေးလိုက်ကြသည်။
ဤထန်ဆိုသည့်လူက တကယ်ကို အရည်အချင်းရှိပြီး ဘယ်စကားကိုမဆို အဆင်ပြေအောင် ပြောတတ်သည်ကို ကျိုးမောက်ရွှယ်တောင် ဝန်ခံရတော့၏။
နောက်ဆုံး တစ်ပတ်ပြည့်သွားသောအခါ ဖန်ကျန်းရီသည် မူလနေရာသို့ ပြန်လည်ရောက်ရှိလာပြီး ဘာမှမပြောဘဲ တိတ်ဆိတ်စွာ နေလိုက်၏။
အခြားစားပွဲများတွင် ဆက်လက်၍ အားပါးတရ စားသောက်နေကြသည်။
စားပွဲတစ်ဝက်ခန့် ရောက်သောအခါ လူအများအပြားသည် ယဉ်ကျေးစွာ စားသောက်လာကြပြီး တီးတိုးစကားပြောသံများ ထွက်ပေါ်လာ၏။
ထိုအချိန်မှာပင် လီယွမ်ကျောက်၏ ပုံကြီးချဲ့ထားသော အသံကြီး ထွက်ပေါ်လာသည်။
"အစ်ကိုထန် … စောစောက အစ်ကို့ စိတ်အခြေအနေ ကောင်းနေတာ တွေ့ရတယ်။ အခု ဘာလို့များ သက်ပြင်းချနေရတာလဲ။"
လူအများ၏ အကြည့်များသည် တစ်ပြိုင်နက်တည်း ဖန်ကျန်းရီထံသို့ ရောက်ရှိသွားကြ၏။
ဘယ်အချိန်ကတည်းမှန်းမသိ၊ သူ၏ လက်ထဲရှိ အရက်ခွက်ငယ်သည် ပန်းကန်လုံးကြီးအဖြစ် ပြောင်းလဲသွားပြီး မည်သို့ဖြေရမည်နည်းကို စဉ်းစားနေသကဲ့သို့ ပန်းကန်လုံးကို တစ်ဝက်လောက် မြှောက်ထားသည်။
လီယွမ်ကျောက်သည် မတ်တတ်ရပ်ကာ အသံကျယ်ကြီးဖြင့် ဂရုတစိုက် မေးလိုက်၏။ "အစ်ကိုထန် … ကျုပ် ကြည့်ရသလောက်တော့ အစ်ကိုက ရိုးသားပွင့်လင်းတဲ့သူပါ။ ဒီမှာရှိတဲ့သူတွေ အားလုံးကလည်း သူငယ်ချင်းတွေချည်းပဲ။ ဘာတွေများ ပွင့်ပွင့်လင်းလင်း မပြောနိုင်တာ ရှိလို့လဲ။"
ဖန်ကျန်းရီက မျက်လွှာချကာ လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီး ချကာ အရက်ပန်းကန်ကို စားပွဲပေါ်သို့ ခပ်ပြင်းပြင်း ချလိုက်သည်။
ထို့နောက် ဖြည်းညင်းစွာ မတ်တတ်ရပ်ကာ လက်နောက်ပစ်ပြီး ခြံဝင်းအတွင်း လမ်းလျှောက်နေတော့၏။