အခန်း (၉၁၉-၉၂၀)
Vol. 48 Ch. 919-920
အပိုင်း (၉၁၉) ရှင်းရှန်းအသင်း ဖွဲ့စည်းခြင်း။
ဖန်ကျန်းရီ၏ လှုပ်ရှားမှုနောက်သို့ လူအားလုံး၏ အကြည့်များက လိုက်ပါသွားကြသည်။ ခြေလှမ်းနှစ်လှမ်းခန့် လျှောက်ပြီးနောက်မှ သူက လူအုပ်ကြီးကို တစ်စောင်းလေး ကြည့်ကာ စကားစလိုက်၏။
"ဟူး ... လူတစ်ယောက် ရှိတယ်။ သူ့အိမ်မှာ သုံးဆက်တိုင်တိုင် အရာရှိ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ဘိုးဘေးတွေက ဖြောင့်မတ်မှန်ကန်လွန်းလို့ တခြားလူတွေနဲ့ မပူးပေါင်းချင်ဘူး။ နောက်ဆုံးတော့ မိသားစုက ဆင်းရဲသွားပြီး အရှင်မင်းကြီး ပေးထားတဲ့ ဘိုးဘေးအိမ်ကြီး တစ်လုံးပဲ ကျန်တော့တယ်။ မျိုးဆက်သစ်တွေကလည်း ကုန်သည်ဘဝကို ရောက်သွားကြတယ်။"
ဖန်ကျန်းရီ၏ စကားကို ကြားသောအခါ လူအားလုံးမှာ နားမလည်နိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် မျက်လုံးများဖြင့် အပြန်အလှန် မေးခွန်းထုတ်နေကြ၏။
လီယွမ်ကျောက်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ "ကျုပ် ဒီကိစ္စကို ကြားဖူးသလိုပဲ။ အရင်အရှင်မင်းကြီးက ဟန်လင်အကယ်ဒမီက အရာရှိတစ်ယောက်ကို အိမ်တစ်လုံး ပေးခဲ့ဖူးတယ်တဲ့။ အဲဒီအိမ်ကြီးက အရမ်းကြီးပြီး နေရာလည်း အရမ်းကောင်းတယ်တဲ့။ နောက်တော့ အဲဒီ ဟန်လင်အရာရှိက အခုလက်ရှိ အရှင်မင်းကြီးရဲ့ စုံစမ်းစစ်ဆေးမှုကြောင့် အပြစ်ကင်းစင်သွားတယ်လို့ ကြားတယ်။
ဒါပေမဲ့ အဲဒီလူရဲ့ ဘိုးဘေးတွေက ဖြောင့်မတ်တဲ့ အရာရှိတွေဆိုရင် နောက်မျိုးဆက်တွေက ဘာလို့ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး ပညာရှာ၊ မိသားစုရဲ့ ဂုဏ်သိက္ခာကို ပြန်မဆယ်ရတာလဲ။"
ဖန်ကျန်းရီသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မျက်နှာပေါ်တွင် နာကျင်နေသည့် အမူအရာ ဖြတ်ပြေးသွားကာ ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်၏။
"သူ အသက်ဆယ့်ငါးနှစ်မှာ နေရာအနှံ့ကို သွားပြီး ပညာသင်တယ်။ ဆရာတွေ၊ သူငယ်ချင်းတွေကို လိုက်ရှာတယ်။ အထက်က နိုင်ငံတော်ကို ကျေးဇူးဆပ်ဖို့၊ အောက်က ပြည်သူတွေကို အေးချမ်းစေဖို့ အမြဲတမ်း တွေးခဲ့တယ်။ ဒါပေမဲ့ အခု သူ အသက်လေးဆယ် ရောက်နေပြီ။ နောက်ဆုံးတော့ ... ဘာမှ အောင်မြင်မှု မရှိဘူး။ အဆုံးမှာတော့ ... ကြီးမားတဲ့ ရည်မှန်းချက်တွေချည်းပဲ ရှိနေပြီး ရင် ... ထဲ ... မှာ ... မျက် ... ရည် ... တွေ ... ကျ ... နေ ... ရ ... တယ်။"
စကားအဆုံးတွင် သူ၏ လေသံမှာ အနည်းငယ် တုန်ရီနေပြီ ဖြစ်သည်။
လူအများအပြားမှာ တစ်ခုခုကို ရိပ်မိသွားကြပြီ ဖြစ်၏။
လီယွမ်ကျောက်က အံအားသင့် ဟန်ဆောင်ကာ မေးလိုက်သည်။ "အစ်ကိုပြောတဲ့ အဲဒီလူက ဘယ်သူလဲ။"
ဖန်ကျန်းရီသည် ဝမ်းနည်းစွာဖြင့် နေရာသို့ ပြန်ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်ရာ မျက်ရည်နှစ်ပေါက် သည် မျက်ထောင့်မှ ဖြည်းညင်းစွာ ကျဆင်းလာ၏။
"မညာဝံ့ပါဘူး ... အဲဒါ ... ကျုပ် ပါပဲ။"
"ဟင်။" ခြံဝင်းတစ်ခုလုံး ဆူညံသွားတော့သည်။
ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်၏။ "ကျုပ်က နန်းတွင်းမှာ အရာရှိဝင်လုပ်ချင်ခဲ့တာပါ။ ဒါပေမဲ့ နန်းတွင်းရဲ့ အခြေအနေတွေက လုံးဝ ပြောင်းလဲသွားပြီ။ နန်းတော်က သူတော်စင်တွေရဲ့ အဆုံးအမတွေကို မစဉ်းစားဘဲ သိပ္ပံပညာကိုပဲ အလေးထားနေတယ်။ ပြီးတော့ ကျုပ်ကလည်း အကြိမ်ကြိမ် စာမေးပွဲကျပြီး စိတ်ဓာတ်ကျနေခဲ့ရတယ်။
ကျုပ်က အသိအမြင်ရှိတဲ့သူ တစ်စုကို ရှာပြီး အသံထွက်ချင်ခဲ့တာ ကြာပါပြီ။ တာ့ကျင်းရဲ့ အခြေအနေကို ပြောင်းလဲချင်ခဲ့တာပါ။ ဒီနေ့ ဒီလောက်များတဲ့ ရည်ရွယ်ချက်တူတဲ့ သူတွေနဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ရင်ထဲမှာ အရမ်းခံစားသွားရလို့ အမူအရာ ပျက်သွားတာပါ။ အားလုံးပဲ ခွင့်လွှတ်ပေးကြပါ။"
ဖြောင့်မတ်တဲ့ အရာရှိရဲ့ မျိုးဆက်။ မတရား နှိပ်စက်ခံရတယ်။ မျိုးဆက်သစ်တွေ ဒုက္ခရောက်တယ်။ ဒါတောင် နိုင်ငံကို ကျေးဇူးဆပ်ချင်သေးတယ်။
ဤသို့ ကြီးမားလှသော သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာသည့်အခါမှာတော့ မူလကတည်းက သိပ်ပြီး ဆင်ခြင်တုံတရား မရှိတဲ့ ပညာတတ်တွေဟာ ခန္ဓာကိုယ် အားနည်းနေတာရယ်၊ အရက်သောက်ထားတာရယ် ကြောင့် သူတို့၏ မျက်လုံးတွေထဲတွင် ဒေါသထွက်မှု၊ ကြည်နူးမှု စသော ခံစားချက်မျိုးစုံ ပေါ်ထွက်လာတော့သည်။
လီယွမ်ကျောက်သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "ဟိုက် ... ဘာလို့ စောစောက မပြောတာလဲ။ အစ်ကိုထန် ပြောပါ… ကျုပ် လီကြီး ဘာလုပ်ပေးရမလဲ။"
သူ၏ အော်ဟစ်သံကြောင့် လူအုပ်ကြီးမှာ အသက်ရှူရပ်သွားကြသည်။
ဖန်ကျန်းရီက ပြောလိုက်၏။ "တကယ်တော့ ကျုပ်ရင်ထဲမှာ အကြံဉာဏ်တချို့ ရှိနေခဲ့တာ ကြာပါပြီ။ ဒီနေ့ မြို့စားအိမ်တော်ရှေ့က အားလုံးရဲ့ အခြေအနေကို မြင်ရတော့ တကယ်ကို မသင့်တော်ဘူးလို့ ခံစားရတယ်။ အားလုံး လုပ်ရပ်တွေက အရမ်းကို အလျင်စလို ဖြစ်နေပြီး ဘာအစီအစဉ်မှ မရှိဘူး။ အစီအစဉ် မရှိရင် ဘာမှ အောင်မြင်မှာ မဟုတ်ဘူး။ သဲတွေလို ဖရိုဖရဲ ဖြစ်နေပြီး ဖြန့်ထားတဲ့ လက်ဝါးလို ဖြစ်နေတယ်။
အင်အားရှိချင်ရင် လက်သီးကို တင်းတင်းဆုပ်ပြီး သေချာ အစီအစဉ်ဆွဲရမယ်။ အင်အားအားလုံးကို တစ်နေရာတည်းမှာ စုစည်းနိုင်မှ အောင်မြင်မှာပါ။"
လူအများအပြားက တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။
သူပြောတာ မှန်တယ်။ အရင်က အလုပ်လုပ်တာ အရမ်း အလျင်စလို ဖြစ်သွားလို့ ဘာရလဒ်မှ မထွက်လာခဲ့ဘူး။
"ကျုပ် ထန်က အရည်အချင်း မရှိပါဘူး။ ဒါပေမဲ့ ကျုပ်ရဲ့ မူလ အကြံအစည်ကတော့ ရည်ရွယ်ချက်တူတဲ့ သူတွေကို ရှာပြီး 'ရှင်းရှန်းအသင်း' (သူတော်စင် ကျောင်းတော်သားများကို ပြန်လည်မြှင့်တင်ရေးအသင်း) ကို ဖွဲ့စည်းဖို့ပါ။ ရှင်းရှန်းဆိုတာ သူတော်စင်တွေရဲ့ ပညာရပ်တွေကို မြှင့်တင်ဖို့၊ သူတော်စင်တွေရဲ့ အဆုံးအမတွေကို လိုက်နာဖို့၊ သူတော်စင်တွေရဲ့ စကားတွေကို ပြန်လည်ရှင်သန်စေဖို့ပါ။ အသင်းဆိုတာကတော့ တစ်နိုင်ငံလုံးက အသိဉာဏ်ရှိတဲ့သူတွေနဲ့ အသံ၊ အင်အားချင်း ချိတ်ဆက်ပြီး အပြန်အလှန် ကူညီပံ့ပိုးပေးမယ့် အဖွဲ့အစည်းပါ။
ဒါကြောင့် အရင်ဆုံး ရှင်းရှန်းအသင်းကို ဖွဲ့စည်းမယ်။ ပြီးမှ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြီး ဖြည်းဖြည်းချင်း အကောင်အထည်ဖော်မယ်။ ကြိုးစားပမ်းစား လုပ်ဆောင်သွားရင် တာ့ကျင်းမှာ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့လမ်းစဉ် စတင်နိုင်မှာပါ။"
လီယွမ်ကျောက်က အရူးအမူး လက်ခုပ်တီးလိုက်၏။ "သိပ်ကောင်းတာပေါ့။ သိပ်ကောင်းတာပေါ့ အစ်ကိုထန်။ အခု အချိန်အခါက သူရဲကောင်းတွေကို ဖန်တီးပေးနေတာပဲ။ လေနဲ့ တိမ်တွေ ဆုံစည်းနေတဲ့ အချိန်အခါကောင်းပါပဲ။"
ထို့နောက် သူက လက်ကို မြှောက်ကာ အော်ဟစ်လိုက်သည်။ "မိတ်ဆွေတို့ … ဒီနေ့ ဒီမှာ ရှိနေတဲ့သူတွေ အားလုံးက ရည်ရွယ်ချက် တစ်ခုတည်းအတွက် ရောက်လာကြတာပဲ။ အစ်ကိုထန်မှာလည်း ကြိုတင် အစီအစဉ်တွေ ရှိနေပြီဆိုတော့ ဒီနေ့ပဲ ဒီနေရာမှာ ရှင်းရှန်းအသင်းကို ဖွဲ့စည်းလိုက်ရင် ဘယ်လိုလဲ။"
လူအများစုမှာ ရင်ခုန်သွားကြ၏။
လူတစ်ယောက်က အသံကျယ်ကြီးဖြင့် မေးလိုက်သည်။ "ဒါဆို ရှင်းရှန်းအသင်းက အတိအကျ ဘယ်လိုလုပ်မှာလဲ၊ ဘာတွေလုပ်မှာလဲ။"
ဖန်ကျန်းရီက မတ်တတ်ရပ်ကာ အသံကျယ်ကြီးဖြင့် ပြန်ဖြေလိုက်၏။ "ရည်ရွယ်ချက်ကတော့ လက်ရှိ ရည်ရွယ်ချက်ပါပဲ။ နန်းတော်ကို အစီရင်ခံပြီး ဖန်ကျန်းရီ ဖန်တီးထားတဲ့ လမ်းမှားတွေကို ဖျက်သိမ်းဖို့၊ ပြီးတော့ အားလုံးအတွက် စာမေးပွဲအောင်စာရင်းမှာ ဖြည့်စွက်ခန့်ထားပေးဖို့ တောင်းဆိုမှာပါ။ ပထမဆုံးအနေနဲ့ ကျုပ်တို့ စည်းလုံးညီညွတ်ဖို့ လိုတယ်။ ပြီးတော့ ဥက္ကဋ္ဌ တစ်ယောက်ကို ရွေးချယ်ရမယ်။
ပြီးရင် ကျုပ်က နန်းတွင်းက သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပြီး အခြေအနေကို စုံစမ်းမယ်။ တစ်ဖက်ကလည်း ပြည်သူတွေကြားထဲက အသိဉာဏ်ရှိတဲ့သူတွေကို ထပ်ပြီး စည်းရုံးမယ်။ ဒီလို တိုးချဲ့နေတဲ့ အချိန်အတွင်းမှာ လိုက်လျောညီထွေရှိပြီး အသေးစိတ်ကျတဲ့ အစီအစဉ်တွေကို အဆက်မပြတ် ရေးဆွဲသွားမယ်။
အခွင့်အရေး ရောက်လာတာနဲ့ တစ်ပြိုင်နက် တစ်ပြေးညီ နေရာချထားပြီး တစ်ပြေးညီ လှုပ်ရှားမယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ ... အခုချိန်မှာ သေချာ မပြောနိုင်သေးတာကို ခွင့်လွှတ်ပါ။
ကျုပ်က အားလုံးကို သူငယ်ချင်းတွေလို့ သတ်မှတ်ထားပေမဲ့ နားမခံသာတဲ့ စကားတစ်ခွန်း ပြောရရင် ဒီအထဲမှာ စိတ်ဓာတ်မခိုင်မာတဲ့ သူတွေ ပါနေနိုင်တယ်။ တကယ်လို့ ကျုပ်တို့ထဲမှာ သစ္စာဖောက် တစ်ယောက်ယောက် ပေါ်လာရင် နန်းတော်က ကျုပ်တို့ကို သေချာပေါက် နှိမ်နင်းမှာပဲ။ ဒါကြောင့် လျှို့ဝှက်ချက်ကို ထိန်းသိမ်းရမယ်။ သစ္စာရှိရမယ်။ အသင်းဝင် မဟုတ်တဲ့သူတွေကို လုံးဝ မပြောပြရဘူး။ ဒါကို အားလုံး နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ်။
အခု အားလုံးလည်း စားသောက်ပြီးပြီဆိုတော့ ဒီကိစ္စကို စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီမှာပဲ ရှင်းရှန်းအသင်းကို ဖွဲ့စည်းဖို့ ကျုပ် အဆိုပြုချင်ပါတယ်။ ကျုပ် ထန်နဲ့အတူ ပါဝင်ချင်တဲ့သူတွေ မတ်တတ်ရပ်ပေးပါ။"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် လူဆယ်ဂဏန်းခန့် မဆိုင်းမတွပင် မတ်တတ်ရပ်လိုက်ကြ၏။
တခြားအကြောင်းကြောင့် မဟုတ်ပေ။ ထန်ပေါ်ဟူလို သူရဲကောင်းတစ်ယောက်၏ ကျေးဇူးကို ခံစားရပြီးပြီဆိုတော့ ထောက်ခံရပေမည်။
ထိုဆယ်ဂဏန်းခန့် မတ်တတ်ရပ်လိုက်သည်ကို မြင်သောအခါ အခြားသူများလည်း မထိုင်နိုင်တော့ဘဲ တစ်ယောက်ပြီး တစ်ယောက် မတ်တတ်ရပ်လိုက်ကြသည်။
မူလကတည်းက ဤရည်ရွယ်ချက်အတွက် လာခဲ့ကြခြင်း ဖြစ်သဖြင့် ယခု အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းမည် ဆိုပါကလည်း မကောင်းစရာ အကြောင်းမရှိချေ။ ထို့အပြင် တခြားသူတွေ အကုန်လုံး မတ်တတ်ရပ်နေကြသည်။ တစ်ယောက်တည်း ထိုင်နေလျှင် ဘာဖြစ်သွားမည်နည်း။
အဖယ်ကြဉ်ခံရမှာကို စိုးရိမ်သောကြောင့် မည်သူကမျှ မထိုင်ရဲကြတော့ချေ။
မိနစ်အနည်းငယ်အတွင်းမှာပင် ခြံဝင်းတစ်ခုလုံးရှိ လူများ မတ်တတ်ရပ်သွားကြပြီး ကျိုးမောက်ရွှယ်ပင်လျှင် မလိုလားသော်လည်း မတ်တတ်ရပ်လိုက်ရ၏။
ဖန်ကျန်းရီက ဤမြင်ကွင်းကို မြင်သောအခါ "ကောင်းတယ်။ သိပ်ကောင်းတယ်။ အားလုံးက ဒီလို သဘောထားမျိုး ရှိနေကြပြီဆိုမှတော့ မအောင်မြင်စရာ ဘာရှိမှာလဲ။
အားလုံးက မြို့စားအိမ်တော်ရှေ့မှာ အတူတူ 'တိုက်ပွဲဝင်' ခဲ့ကြတယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်လည်း သိကျွမ်းပြီးလောက်ပြီ ထင်တယ်။ ဒါဆို အားလုံးပဲ ဒီနေ့ ဒီနေရာမှာ ဥက္ကဋ္ဌ တစ်ယောက်ကို ရွေးချယ်လိုက်ရင် ဘယ်လိုလဲ။"
လီယွမ်ကျောက်က ဝင်ပြောလိုက်၏။ "ဒါက ဘာတွေများ ရွေးနေစရာ လိုသေးလို့လဲ။ အစ်ကိုထန်က ရည်မှန်းချက် ကြီးမားတယ်။ အစီအစဉ်လည်း ရှိတယ်။ စာပေရော၊ သိုင်းပညာပါ ထူးချွန်တယ်။ အခု ကျုပ်တို့တွေ စားဖို့သောက်ဖို့နဲ့ ဝတ်ဖို့ကိုတောင် အစ်ကိုထန်ကပဲ ကျခံပေးထားတာ။ ကျုပ်အမြင်တော့ ဥက္ကဋ္ဌနေရာက အစ်ကိုထန်ကလွဲရင် တခြား ဘယ်သူမှ မဖြစ်နိုင်ဘူး။"
ကျိုးမောက်ရွှယ်သည် ဘေးဘီဝဲယာသို့ တစ်ချက်ကြည့်လိုက်ရာ လူများစွာ စိတ်ဝင်စားနေသည်ကို မြင်သောအခါ ရင်ထဲတွင် အနည်းငယ် တင်းကျပ်သွား၏။
မဖြစ်ဘူး ... ကိစ္စတွေက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလိုဖြစ်သွားရတာလဲ။ သူက ပညာတတ်တွေရဲ့ ခေါင်းဆောင် ဖြစ်ချင်ခဲ့တာလေ။ ဒီထန်ပေါ်ဟူ ရောက်လာတာ တစ်ရက်တောင် မပြည့်သေးဘူး လူအားလုံးကို ဆွဲဆောင်သွားပြီ ... တောက်။
သူက နောက်မှ ရောက်လာတာလေ၊ တကယ်ပဲ ဥက္ကဋ္ဌ ဖြစ်သွားမှာလား။ မဖြစ်နိုင်ဘူး ... မဖြစ်နိုင်ဘူး ...
ဖန်ကျန်းရီက နှိမ့်ချစွာဖြင့် ပြောလိုက်သည်။ "မဖြစ်ဘူး။ မဖြစ်ဘူး။ ဒီမှာ ရှိတဲ့သူတွေ အားလုံးက ပထမဆုံး စတင်ခဲ့တဲ့ သူရဲကောင်းတွေပဲ။ ကျုပ်က နောက်မှ ရောက်လာတာဆိုတော့ ဘယ်လိုလုပ်ပြီး ခေါင်းဆောင် ဖြစ်နိုင်မှာလဲ။"
"အစ်ကိုထန် ပြောတာ လွန်သွားပြီ။ အစ်ကို့ရဲ့ အရည်အချင်းနဲ့ သိုင်းပညာက အကောင်းဆုံးပဲ။ ကျုပ်အမြင်တော့ ဥက္ကဋ္ဌနေရာကို အစ်ကိုထန် လုံးဝ တာဝန်ယူနိုင်ပါတယ်။"
"ဒီကိစ္စကို အရင်ရောက်တာ၊ နောက်ရောက်တာနဲ့ ခွဲခြားလို့ ဘယ်ရမလဲ။ စိတ်ထားကောင်းပြီး အရည်အချင်းရှိရင် ဥက္ကဋ္ဌ လုပ်သင့်တာပေါ့။"
"ကျုပ်အမြင်တော့ ... အစ်ကိုထန်က စာပေရော သိုင်းပညာပါ ထူးချွန်ရုံသာမက သတ္တိလည်း ရှိတယ်။ တာဝန်ယူနိုင်စွမ်းလည်း ရှိတယ်။ ဒီတာဝန်ယူနိုင်စွမ်း တစ်ခုတည်းနဲ့တင် အားလုံး ရှင်းလင်းနေပါပြီ။"
ပညာတတ်များစွာသည် ဖန်ကျန်းရီဘက်သို့ စတင်၍ ကိုယ်တိုင် ပါဝင်လာကြ၏။
ဒီအစ်ကိုထန်က ရုပ်ရည်ကောင်းပြီး လူကို ဆွဲဆောင်နိုင်တဲ့ အရည်အချင်း ရှိရုံသာမက အထက်လူကြီးတစ်ယောက်လို အရှိန်အဝါမျိုးလည်း ရှိနေတယ်ဆိုတာကိုတော့ ဝန်ခံရပါမယ်။ ဒီလိုလူမျိုး ခေါင်းဆောင်လုပ်တာက အကောင်းဆုံး ရွေးချယ်မှုပဲ။
ထောက်ခံသူတွေ များလာသော်လည်း ဖန်ကျန်းရီကတော့ အမြဲတမ်း ငြင်းဆန်နေပြီး ခေါင်းခါကာ လက်ဝှေ့ယမ်းလျက် ပြောလိုက်သည်။ "မရဘူး။ မရဘူး။ အားလုံးပဲ တခြား တစ်ယောက်ယောက်ကို ရွေးလိုက်ကြပါ။"
သူ နှစ်ကြိမ်တိုင်တိုင် ငြင်းဆန်လိုက်သည်ကို ကြားသောအခါ လူအုပ်ကြီးထဲမှ လူအများစု၏ အကြည့်များက ကျိုးမောက်ရွှယ်ထံသို့ ဖြည်းညင်းစွာ ရောက်ရှိသွားကြ၏။
ထန်ပေါ်ဟူက မလုပ်ချင်ဘူးဆိုတော့ အစ်ကိုကျိုးပဲ ရှိတော့တာပေါ့။ အစပိုင်းတုန်းက အမြဲတမ်း သူပဲ လှုပ်ရှားနေခဲ့တာလေ။ ဘာရလဒ်မှ မထွက်လာပေမဲ့ ဦးဆောင်ခဲ့သူက ဦးဆောင်ခဲ့သူပင်။
ကျိုးမောက်ရွှယ်သည် မူလက ရင်ထဲတွင် စိုးရိမ်နေခဲ့သော်လည်း ထန်ပေါ်ဟူက တကယ်ကို ဥက္ကဋ္ဌ လုပ်ဖို့ ဆန္ဒမရှိဘူးဆိုတာကို မြင်လိုက်ရတဲ့အခါ စိတ်ထဲမှာ အရမ်းကို ပျော်ရွှင်သွားတော့သည်။
ကြည့်ရတာ ဒီနေ့တော့ ငါ ခေါင်းဆောင်လုပ်ရတော့မှာပဲ။ မထင်မှတ်ထားဘဲ အပိုလက်ဆောင်တွေတောင် ရလိုက်သေးတယ်။
ဒါဆို ... ထုံးစံအတိုင်း အရင်ဆုံး ဟန်ဆောင်ငြင်းဆန်လိုက်ပြီးမှ ဥက္ကဋ္ဌ ရာထူးကို လက်ခံလိုက်တော့မယ်။
ကျိုးမောက်ရွှယ်သည် မတ်တတ်ရပ်ကာ ပျော်ရွှင်စွာဖြင့် ဘေးဘီဝဲယာသို့ လက်သီးဆုပ်ပြီး နှိမ့်ချစွာဖြင့် ပြောလိုက်၏။ "မလုပ်ရဲပါဘူး။ မလုပ်ရဲပါဘူး။ ကျုပ် ကျိုးမောက်ရွှယ်က အရည်အချင်း မရှိပါဘူး။ ဒီဥက္ကဋ္ဌ ရာထူးကို လုံးဝ မယူရဲပါဘူး။ အရည်အချင်းနဲ့ အမြင်ကို ပြောရရင် ကျုပ်က အစ်ကိုထန်ကို မမီပါဘူး။ သူက အခြေအနေတွေကို စောစောတည်းက နားလည်ပြီး ရေစီးကြောင်းနဲ့အညီ လိုက်လျောညီထွေ လုပ်ဆောင်ဖို့ အမြဲတမ်း အဆင်သင့် ဖြစ်နေတာပါ။ ကျုပ်အမြင်တော့ ရှင်းရှန်းအသင်း ဥက္ကဋ္ဌ နေရာက အစ်ကိုထန်ကလွဲရင် တခြား ဘယ်သူမှ ဦးဆောင်နိုင်မှာ မဟုတ်ပါဘူး။"
"ကောင်းတယ်။"
ဒိုင်း။
ဖန်ကျန်းရီက စားပွဲကို ခပ်ပြင်းပြင်း ရိုက်လိုက်ရာ အားလုံး လန့်သွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်ကြ၏။
သူက လေးနက်သော လေသံဖြင့် ပြောလိုက်သည်ကို မြင်လိုက်ရသည်။ "အားလုံးက ဒီလိုပဲ ထင်နေကြတယ် ဆိုမှတော့ ကျုပ် ထန်လည်း ထပ်ပြီး မငြင်းဆန်တော့ပါဘူး။ ရှင်းရှန်းအသင်းရဲ့ ဥက္ကဋ္ဌ ရာထူးကို ကျုပ်ပဲ တာဝန်ယူလိုက်ပါတော့မယ်။ ဒီနေ့ကစပြီး ရှင်းရှန်းအသင်းက နိုင်ငံကို ခိုင်မာတောင့်တင်းအောင် လုပ်ဖို့ တာဝန်ယူပါမယ်။ အသင်းထဲမှာ လူတိုင်း တန်းတူညီမျှ ရှိပြီး အထက်အောက် ခွဲခြားမှု မရှိပါဘူး။ အားလုံးက ညီအစ်ကိုတွေချည်းပါပဲ။
အသင်းရဲ့ လှုပ်ရှားမှု ရန်ပုံငွေ အားလုံးကို ဥက္ကဋ္ဌက တာဝန်ယူပါမယ်။ တကယ်လို့ ကျင်းယီဝေက အခွင့်အရေးယူပြီး ပြဿနာရှာလာရင်လည်း ကျုပ် ထန်က ရှေ့ဆုံးကနေ ရင်ဆိုင်ပြီး အကုန်လုံးကို တာဝန်ယူပါ့မယ်။"
ကျိုးမောက်ရွှယ် " ... "
အပိုင်း (၉၂၀) ရှင်းရှန်းအသင်း သတင်းစာ ထုတ်ဝေခြင်း
ချီးတဲ့မှ … ငါထင်ထားတာနဲ့ လုံးဝ မတူဘူးပဲ။
မင်းက နည်းနည်းလေးတောင် ဟန်ဆောင်ပြီး မငြင်းတော့ဘူးလား။
စောစောကမှ သေချာပြောထားတာလေ။ နောက်မှ ရောက်လာတာမို့လို့ ဥက္ကဋ္ဌ မလုပ်ချင်ပါဘူးလို့။ အခု ငါက ပြောလိုက်တော့ မင်းက ချက်ချင်း လုပ်ချင်သွားတယ်ပေါ့။ ဘာသဘောလဲ … တောက်။
ကျိုးမောက်ရွှယ်၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း တောင့်တင်းသွား၏။
နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် မူလနေရာသို့ ပြန်ထိုင်လိုက်ပြီး ခေါင်းထဲတွင် ရှုပ်ထွေးသွားတော့သည်။ ဤအကွက်က သူ့ကို နားမလည်နိုင်အောင် ဖြစ်သွားစေသည်။
ဖန်ကျန်းရီက မျက်စောင်းထိုးကြည့်လိုက်ပြီး ရင်ထဲတွင် လှောင်ပြုံး ပြုံးလိုက်၏။
အမှိုက်ကောင် ... အချိန်အခါကိုတောင် သေချာ မကြည့်တတ်ဘူး။ ငါက နှစ်ခါတောင် ငြင်းပြီးပြီလေ။ သုံးကြိမ်ထက် ပိုလို့ မရဘူးဆိုတာ မသိဘူးလား။
လီယွမ်ကျောက်က အခွင့်အရေးယူကာ လေထုကို ပိုမိုသက်ဝင်လာစေရန် လုပ်ဆောင်လိုက်သည်။ "ဒါဆိုရင် ဥက္ကဋ္ဌနေရာက သေချာသွားပြီပေါ့။ ဥက္ကဋ္ဌထန်ကို ကြိုဆိုကြပါစို့။"
"ဥက္ကဋ္ဌကြီး မင်္ဂလာပါ။"
လီယွမ်ကျောက်က ဦးဆောင်လိုက်သည်နှင့် တစ်ပြိုင်နက် သြဘာပေးသံများ ဆူညံစွာ ထွက်ပေါ်လာ၏။
ဖန်ကျန်းရီက နှိမ့်ချစွာဖြင့် ပြောလိုက်သည်။ "အားလုံးက သူငယ်ချင်းတွေချည်းပါပဲ။ ဒါက အားလုံး လှုပ်ရှားရ လွယ်ကူအောင်လို့ အမည်နာမ တစ်ခု တပ်လိုက်ရုံပါပဲ။ ဒါကြောင့် အရမ်းကြီး အနေကျုံ့မနေပါနဲ့။
ဒါပေမဲ့ အားလုံးက မျက်နှာသာပေးပြီး ကျုပ်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးလိုက်ပြီဆိုတော့ ကျုပ်ကလည်း တာဝန်တွေ ပိုယူရမှာပေါ့။ အားလုံးမှာ ကိစ္စတစ်ခုခု ဒါမှမဟုတ် အကြံဉာဏ်တစ်ခုခု ရှိရင် ကျုပ်ဆီကို လွတ်လွတ်လပ်လပ် လာပြောလို့ ရပါတယ်။ ဥက္ကဋ္ဌအနေနဲ့ အားလုံးအတွက် အတတ်နိုင်ဆုံး ဖြေရှင်းပေးပါ့မယ်။"
"ဥက္ကဋ္ဌထန် ပြောတာ သိပ်ကောင်းတယ်။"
ဖန်ကျန်းရီ၏ စိတ်အားထက်သန်သော စကားများကို နားထောင်ရင်း၊ ပတ်ဝန်းကျင်မှ ထောက်ခံအားပေးသံများကို ကြားနေရရင်း ကျိုးမောက်ရွှယ်၏ ရင်ထဲတွင် တဖြည်းဖြည်း ပို၍ နေရခက်လာ၏။
တောက်။ စကားပြောရမှာက ငါပါ ... ဒီလောက် အချိန်အကြာကြီး ကြိုးစားပြီး ဆက်ဆံရေးတွေ အများကြီး တည်ဆောက်ထားတာကို လမ်းတစ်ဝက်ကနေ ရောက်လာတဲ့ သူစိမ်းတစ်ယောက်က အောင်မြင်မှုတွေကို ခိုးယူသွားတယ်။
ထားလိုက်ပါတော့။ အခြေအနေက ဒီလိုဖြစ်သွားပြီဆိုတော့လည်း ပြန်ပြင်လို့ မရတော့ဘူး။ သူ လုပ်ချင်လည်း လုပ်ပါစေ။ နောက်ပိုင်းကျရင် ငါ့အတွက် လှုပ်ရှားစရာ နေရာတွေ အများကြီး ရှိပါသေးတယ်။ လူတွေကြားထဲမှာ နာမည်ကောင်းတစ်ခု ရအောင် လုပ်လို့ရပါသေးတယ်။
နောက်တစ်ချက်က ဒီလောက်လူအများကြီး စုဝေးပြီး ဆူပူနေတာ နန်းတော်ကလည်း သေချာပေါက် တုံ့ပြန်မှုတစ်ခုခု လုပ်မှာပဲ။
တကယ်လို့များ ပြင်းပြင်းထန်ထန် အရေးယူလာရင်လည်း အချိန်မရွေး နောက်ဆုတ်လို့ ရသေးတယ်။ ရှေ့ဆုံးကနေ ခေါင်းခံပြီး အခက်တွေ့စရာ မလိုတော့ဘူး ...
ကျိုးမောက်ရွှယ်က သူ့ကိုယ်သူ အဆက်မပြတ် ဖြေသိမ့်နေ၏။
သူ့ဘေးနားရှိ ပညာတတ်တစ်ဦးက ဝမ်းသာအားရ အရက်သောက်နေရင်း ကျိုးမောက်ရွှယ်၏ အခြေအနေ မမှန်သည်ကို သတိထားမိသွားကာ မေးလိုက်သည်။ "အစ်ကိုကျိုး ... ဘာဖြစ်လို့ တုန်နေတာလဲ။"
"အရက်က ... နည်းနည်း ပြင်းလို့ပါ။" ကျိုးမောက်ရွှယ်က အားတင်းပြုံးကာ ပြန်ဖြေလိုက်၏။
အခြေအနေ အကြမ်းဖျင်း တည်ငြိမ်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက လက်ကိုမြှောက်ကာ ပြောလိုက်သည်။ "ဒီကိစ္စက သေချာသွားပြီဆိုတော့ ကျုပ်ရဲ့ ပဏာမ အကြံဉာဏ်တွေကို ပြောပြပါရစေ။
အခု အားလုံးကို ရှင်းရှန်းအသင်းရဲ့ အမာခံအဖွဲ့ဝင်တွေ၊ အဖွဲ့အစည်းရဲ့ အဓိက ကျောရိုးတွေလို့ သတ်မှတ်လို့ ရပါတယ်။ ကျုပ် ထန်ကလည်း အပြည့်အဝ ယုံကြည်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း အပြင်ဘက်မှာ အဆက်မပြတ် လှုပ်ရှားပြီး လူသစ်တွေ စုဆောင်းရမယ်ဆိုတာကို ထည့်သွင်းစဉ်းစားရမယ်။ ရည်ရွယ်ချက်မကောင်းတဲ့ သူတွေ အဖွဲ့ထဲ ဝင်လာမှာကို ကာကွယ်ဖို့အတွက် ကျုပ်တို့ အရင်ဆုံး လျှို့ဝှက်သင်္ကေတ တစ်ခုကို ဖန်တီးသင့်တယ်လို့ ထင်တယ်။ အမာခံအဖွဲ့ဝင်တွေ အချင်းချင်း ဆက်သွယ်ဖို့အတွက်ပဲ သီးသန့်ထားမယ်။"
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လူတစ်ယောက်က အော်လိုက်၏။ "ဥက္ကဋ္ဌ ပြောတာက သိုင်းလောကဂိုဏ်းတွေလိုမျိုး လျှို့ဝှက်စကားတွေ၊ လက်ဟန်ပြသင်္ကေတတွေ သုံးပြီး ကိုယ်ပိုင်အမှတ်အသား လုပ်မယ်ဆိုတဲ့ သဘောလား။"
"မှန်တယ်။"
ဖန်ကျန်းရီက ပြောလိုက်သည်။ "ဒီမှာ ရှိနေတဲ့သူတွေ အားလုံးက ပညာတတ်တွေဆိုတော့ လျှို့ဝှက်စကားတွေ သုံးတာက မသင့်တော်ဘူး။ ဒါကြောင့် အချင်းချင်း သိနိုင်ဖို့ ရိုးရှင်းတဲ့ လက်ဟန်ပြသင်္ကေတ တစ်ခုကိုပဲ ရွေးချယ်လိုက်ရင် ရပြီ။
ဆက်သွယ်ဖို့ သုံးမယ့် လက်ဟန်ပြသင်္ကေတက ရိုးရှင်းဖို့ လိုသလို အဓိပ္ပာယ်လည်း နက်နဲဖို့ လိုတယ်။ ကျုပ် စဉ်းစားထားပြီးပါပြီ။ အားလုံး စဉ်းစားကြည့်ဖို့ပါ။"
ဖန်ကျန်းရီက ပြောပြီးနောက် လက်ကိုမြှောက်ကာ ပထမဆုံး ကိုးဂဏန်း (၉) ကို ပြလိုက်ကာ၊ ထို့နောက် တစ်ဂဏန်း (၁) ကို ပြလိုက်၏။
နေရာတစ်ခုလုံးက လူတွေ ရှင်းရှင်းလင်းလင်း မြင်သွားသည်အထိ အကြိမ်ကြိမ် ပြန်လုပ်ပြလိုက်သည်။
"ကိုး-တစ် လား။ ဥက္ကဋ္ဌ ... ဒါက ဘာအဓိပ္ပာယ်လဲ။ ပြီးတော့ လက်ဟန်ပြတာက နည်းနည်း ရိုးရှင်းလွန်းမနေဘူးလား။"
သံသယဖြစ်နေသော အကြည့်များကို ရင်ဆိုင်ရင်း ဖန်ကျန်းရီက လက်ကိုမြှောက်ကာ ရှင်းပြလိုက်၏။ "အဲဒီလို မဟုတ်ဘူး။
ဒီမှာ ရှိနေတဲ့သူတွေ အားလုံးက ကိုယ့်လူတွေချည်းပဲ၊ အရမ်းကို ယုံကြည်စိတ်ချရတယ်။ ပြီးတော့ အားလုံးက ပညာတတ်တွေလေ၊ သိုင်းလောကက လူမိုက်တွေ မဟုတ်ဘူး။ နားလည်ရ လွယ်ကူပြီး အရမ်းမရှုပ်ထွေးတဲ့ လက်ဟန်ပြသင်္ကေတ တစ်ခုရှိရင် လုံလောက်ပြီ။
နောက်တစ်ချက်က ဒီလက်ဟန်ပြသင်္ကေတမှာ ထူးခြားတဲ့ အဓိပ္ပာယ် ရှိတယ်။ လောကကြီးကို ရှင်းလင်းဖို့၊ အရင်းအမြစ်ကို ပြန်သွားဖို့၊ ပြီးတော့ အားလုံးက တစ်လုံးတစ်ဝတည်း ဖြစ်သွားဖို့ဆိုတဲ့ အဓိပ္ပာယ်ပဲ (၉ ပြီးရင် ၁ ကို ပြန်ရောက်သွားတာမို့လို့ ၉ ၉ ကနေ ၁ ကို ပြန်သွားတယ်လို့ တင်စားတာပါ)။ ဒါပေမဲ့ အားလုံးမှာ တခြား အကြံဉာဏ်တွေ ရှိရင်လည်း တင်ပြလို့ရပါတယ်။ အားလုံး ဆွေးနွေးလို့ ရပါတယ်။ ကျုပ် တစ်ယောက်တည်း ပြောတာကိုပဲ နားထောင်စရာ မလိုပါဘူး။"
ထိုနေရာရှိ ပညာတတ်များသည် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ကြည့်ကာ လက်ချောင်းများဖြင့် ကိုး-တစ် သင်္ကေတကို ပြလိုက်ကြပြီး လက်ချောင်းများကို ကွေးလိုက်၊ ဆန့်လိုက်ဖြင့် အပြန်အလှန် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ကြ၏။
အင်း … စိတ်ဝင်စားစရာပဲ။ ဒီအရာက အရမ်း ရှုပ်ထွေးနေဖို့လည်း မလိုအပ်ဘူး။ ပြီးတော့ ကိုး-တစ် ရဲ့ အဓိပ္ပာယ်ကလည်း အရမ်းကောင်းတယ်။
လီယွမ်ကျောက်သည် စဉ်းစားနေစဉ် ဖန်ကျန်းရီက မျက်လုံးများဖြင့် အဆက်မပြတ် အချက်ပြနေသည်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် သဘောပေါက်သွားကာ ပြောလိုက်၏။ "ဥက္ကဋ္ဌထန် ... ကျုပ် အမြင်တော့ ဒီအချက်ကို အတည်ပြုလိုက်လို့ ရပါပြီ။ ဒီ ကိုး-တစ် လက်ဟန်ပြသင်္ကေတက တကယ်ကို ကောင်းပါတယ်။ အချိန်တွေ ထပ်ပြီး မဖြုန်းပါနဲ့တော့။ နောက်တစ်ချက်ကို ဆက်ဆွေးနွေးကြတာပေါ့။ ဘယ်လို အလုပ်လုပ်ရမလဲ ဆိုတာကမှ အရေးအကြီးဆုံးလေ။"
ဖန်ကျန်းရီသည် ဘေးဘီဝဲယာသို့ ဝေ့ကြည့်လိုက်ရာ ကန့်ကွက်သူ မရှိသည်ကို မြင်သောအခါ စကားစလိုက်သည်။ "ကောင်းပြီ။ ဒါဆို ဆက်သွယ်ရေး လက်ဟန်ပြသင်္ကေတကို ဒီအတိုင်းပဲ ယာယီ သတ်မှတ်လိုက်မယ်။ ပြင်ပလူတွေကို ခွဲခြားသိနိုင်ဖို့ သီးသန့်ထားမယ်။ အခု ဘယ်လို လှုပ်ရှားရမလဲဆိုတာကို ဆွေးနွေးကြတာပေါ့။
ဒါပေမဲ့ ကျုပ် မပြောခင် အားလုံးရဲ့ အကြံဉာဏ်တွေကို အရင်ဆုံး လေးစားချင်ပါတယ်။ ဘယ်သူ့မှာ ဘာအကြံဉာဏ် ရှိလဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။"
ကျိုးမောက်ရွှယ်သည် မဆိုင်းမတွပင် ချက်ချင်း မတ်တတ်ရပ်လိုက်၏။
အကြံဉာဏ်ကို ပြောရမယ်ဆိုရင် သူက ခေါင်းထဲမှာ စဉ်းစားထားတာ ကြာပြီ။
အခု ဥက္ကဋ္ဌနေရာက သူတစ်ပါးလက်ထဲ ရောက်သွားပြီဆိုတော့ အရည်အချင်းကို ပြသနိုင်မှသာ လူတွေကို ဦးဆောင်နိုင်မှာလေ။
ကျိုးမောက်ရွှယ်သည် အနောက်ဘက်သို့ လှည့်ကာ အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "ကျုပ်မှာ အကြံတစ်ခု ရှိတယ်။ အရင်က ကျုပ်တို့တွေ မြို့စားအိမ်တော်ရှေ့မှာ ဆန္ဒပြခဲ့ပေမဲ့ ဖန်ကျန်းရီက တံခါးပိတ်ပြီး အပြင်မထွက်ဘူး။ နန်းတော်ကလည်း ဘာတုံ့ပြန်မှုမှ မရှိဘူး။
သူတို့က အပြစ်ရှိမှန်းသိလို့ အချိန်ဆွဲပြီး ပြဿနာကို သေးသွားအောင် လုပ်ချင်နေတာ သိသာတယ်။ နန်းတော်ကတောင် ရင်မဆိုင်ရဲဘူးဆိုရင် ကျုပ်တို့တွေက နန်းတော်ကို အလေးထားလာအောင် ဖိအားပေးရမယ်။ ဒါကြောင့် ကျုပ်ထင်တာက ... အခု အရေးကြီးဆုံး လုပ်ရမှာက သတင်းစာ ထုတ်ဝေဖို့ပဲ။"
သတင်းစာ ထုတ်ဝေချင်သည်ဟု ကြားသောအခါ ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ ချက်ချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
"သတင်းစာ ထုတ်ဝေမယ်။" လူအများအပြား၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားသည်။
သတင်းစာရဲ့ သြဇာလွှမ်းမိုးမှုကို အားလုံး အသိဆုံးပါပဲ။ တကယ်လို့ ရှင်းရှန်းအသင်းရဲ့ သတင်းစာသာ အောင်မြင်သွားမယ်ဆိုရင် မြို့တော်မှာသာမက တစ်နိုင်ငံလုံးမှာပါ အရမ်းအရေးပါတဲ့ သြဇာလွှမ်းမိုးမှု ရှိလာမှာ သေချာတယ်။”
“ဒါပေမဲ့ သတင်းစာ ထုတ်ဝေဖို့ဆိုတာ အဲဒီလောက် မလွယ်ပါဘူး။ ငွေကြေး အမြောက်အမြား လိုအပ်တယ်။ ကျုပ်တို့က ဆင်းရဲသားတွေလို့ မဆိုနိုင်ပေမဲ့ မြို့တော်ကို ရောက်နေတာ ကြာပြီဆိုတော့ ခရီးစရိတ်တွေလည်း သိပ်မကျန်တော့ဘူး။ အဝေးက ရေက အနီးက မီးကို မငြိမ်းနိုင်ဘူးလေ။ ပြီးတော့ ထုတ်ဝေနိုင်ခဲ့ရင်တောင် ဘယ်သူက ဖတ်မှာလဲ။" လူတစ်ယောက်က ထိုအထဲမှ ပြဿနာကို သိသာစွာ သတိထားမိသွား၏။
ကျိုးမောက်ရွှယ်က အလျင်စလို မဟုတ်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီသတင်းစာ ထုတ်ဝေဖို့ ကုန်ကျစရိတ်တွေကို ဥက္ကဋ္ဌထန်ကို အရင် စိုက်ထုတ်ခိုင်းထားလို့ ရပါတယ်။ နောက်ပိုင်းကျမှ ကျုပ်တို့ ဖြည်းဖြည်းချင်း ပြန်ဆပ်ကြတာပေါ့။ ဖတ်မယ့်သူ မရှိဘူးဆိုတဲ့ ပြဿနာကတော့ ... တကယ်တော့ ဖြေရှင်းဖို့ သိပ်မခက်ပါဘူး။
မြို့တော်မှာ သတင်းစာ ထုတ်ဝေတဲ့ ဌာနက ဌာနကြီး ခြောက်ခုနဲ့ ပန်းရှန်းသတင်းစာတိုက်ပဲ ရှိပါတယ်။ ပုံမှန်ဆိုရင် ကိုယ့်ဘာသာကိုယ် ဖြန့်ဝေကြတာပါ။ ဌာနကြီး ခြောက်ခုပိုင်တဲ့ သတင်းစာတိုက်က တစ်နေရာတည်းက တာဝန်ယူပြီး ရုံးအပြင်ဘက်မှာ ရှိတယ်။ ကျုပ်တို့ သတင်းစာပို့တဲ့လူတွေကို လာဘ်ထိုးလို့ ရတယ်။ ပြီးရင် ကျုပ်တို့ ထုတ်ဝေတဲ့ သတင်းစာကို မြို့တော်ရဲ့ သတင်းစာတွေကြားထဲမှာ ညှပ်ထည့်လိုက်မယ်ဆိုရင် တစ်ရက်တောင် မကြာဘဲ နန်းတွင်းက အမတ်တွေဆီ ရောက်သွားမှာပါ။ အရှင်မင်းကြီး ရှေ့ကိုတောင် ရောက်သွားနိုင်တယ်။
နောက်တစ်ချက်က ပန်းရှန်းသတင်းစာကို တန်ပြန်ဖို့အတွက် ကျုပ်တို့က မြို့တော်ထဲက နိုင်ငံရေး၊ စီးပွားရေး အသိုင်းအဝိုင်းက လူတွေနဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေကို ဆက်သွယ်ပြီး ငွေတစ်ပြားမှ မယူဘဲ အခမဲ့ လိုက်ဝေပေးမယ်။ အဲဒီလို အရှိန်အဟုန် ကြီးလာရင် နန်းတော်ကတောင် ကျုပ်တို့ရဲ့ တောင်းဆိုချက်တွေကို သာမန်ကိစ္စလို သဘောထားလို့ မရတော့ဘူး။"
ဒီနည်းလမ်းကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် လူအများစု၏ ထောက်ခံမှုကို ချက်ချင်း ရရှိသွားပြီး အားလုံး၏ မျက်လုံးများတွင် အရူးအမူး စိတ်အားထက်သန်မှုများ ပေါ်လာကြ၏။
ဒီကို ရောက်လာကြတာ နိုင်ငံအတွက် ကောင်းဖို့လုပ်တာ၊ နန်းတော်က လမ်းမှားရောက်နေတာကို ပြင်ပေးမယ်လို့ ပါးစပ်ကသာ ပြောနေကြတာ။ တကယ်တမ်းကျတော့ ကိုယ့်အကျိုးစီးပွားအတွက်ချည်းပဲလေ။
အခု သတင်းစာထဲမှာ ပါလာမယ့်သူတွေက လူ့အသိုင်းအဝိုင်းမှာ နာမည်ကြီး ပုဂ္ဂိုလ်တွေ၊ ဒါမှမဟုတ် အရာရှိကြီးတွေ ဖြစ်မှာ သေချာပါတယ်။
တကယ်လို့ ရှင်းရှန်းအသင်းရဲ့ သတင်းစာသာ အောင်မြင်သွားမယ်ဆိုရင် သီအိုရီအရ လူတိုင်းက သတင်းစာထဲမှာ ဆောင်းပါးတွေ ရေးပြီး အသိုင်းအဝိုင်းကြားမှာ နာမည်ကြီးလာနိုင်တဲ့ အခွင့်အရေး ရှိတယ်။
တကယ်လို့ နန်းတော်က အလျှော့ပေးပြီး စာမေးပွဲအောင်စာရင်းမှာ ထပ်ဖြည့်ပေးမယ်ဆိုရင် ဝမ်းသာစရာ နှစ်ခု ထပ်တူကျသွားလိမ့်မယ်။
ကျိုးမောက်ရွှယ်၏ ရင်ထဲတွင်လည်း ကျေနပ်ဂုဏ်ယူနေပြီး ဖန်ကျန်းရီကို မာနတခွဲသားဖြင့် ကြည့်လိုက်၏။
မင်းက ဥက္ကဋ္ဌ ဖြစ်နေရင်တောင် ဘာအရေးလဲ။ လူတွေရဲ့ စိတ်နှလုံးကို ရဖို့ကမှ အရေးအကြီးဆုံးပဲ။
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာသည်။ "တကယ်ကောင်းတဲ့ နည်းလမ်းပဲ။ အစ်ကိုကျိုးက တကယ်ကို တော်တာပဲ။ သတင်းစာ ထုတ်ဝေဖို့ လိုအပ်တဲ့ ကုန်ကျစရိတ်တွေကို ကျုပ် ထန်ကပဲ ကျခံပါ့မယ် ... "
"ဒီကိစ္စ လုံးဝ မဖြစ်ဘူး။"
လီယွမ်ကျောက်က ချက်ချင်း မတ်တတ်ရပ်ကာ အော်ဟစ်လိုက်၏။ "မိတ်ဆွေတို့ သိကြလား။ မြို့တော်မှာ သတင်းစာ ထုတ်ဝေချင်ရင် နန်းတွင်းရေးရာဌာနကို ဖြတ်ရမယ်။ ပြီးတော့ အရှင်မင်းကြီး လက်မှတ်ထိုးပေးမှ ခွင့်ပြုချက်ရမှာ။ သတင်းစာရဲ့ သြဇာလွှမ်းမိုးမှုက အရမ်းကြီးတယ်။ ခွင့်ပြုချက်မရှိဘဲ သတင်းစာ ထုတ်ဝေတာက နိုင်ငံတော်ကို ပုန်ကန်တာနဲ့ အတူတူပဲ။
တစ်ခါ စတင်လိုက်တာနဲ့ ကျင်းယီဝေက ကျုပ်တို့ကို ဖမ်းဆီးဖို့ တရားဝင် အကြောင်းပြချက် ရသွားပြီ။ အကုန်လုံးကို တစ်ယောက်မကျန် ဖမ်းလို့ရတယ်။ ဒါကြောင့် သတင်းစာ ထုတ်ဝေလို့ မရဘူး။"
ခြံဝင်းအတွင်းရှိ ပျော်ရွှင်နေသော လေထုသည် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး လီယွမ်ကျောက်၏ စကားသည် လူတိုင်း၏ ခေါင်းပေါ်သို့ ရေအေး တစ်ပုံး လောင်းချလိုက်သကဲ့သို့ ဖြစ်သွား၏။