← Chapters

အခန်း ၃၆၉

Vol. 26 Ch. 369

အခန်း ၃၆၉

Vol. 26 Ch. 369

အပိုင်း(၃၆၉) တန်ဖိုးကြီးလက်ဖက်ရည်ကို မြည်းစမ်းခြင်း၊ ဒုတိယမြောက် နန်းဆောင်သခင

လီရွှမ်ကျင်း သေဆုံးသွားပြီးနောက်ပိုင်း...

လီတိုင်ယွမ်က အသစ်တဖန် ပြန်လည်မွေးဖွားလာသလို ပြောင်းလဲသွားခဲ့သည်။ သူ ဘာတွေးနေကြာင်း ဘယ်သူမှမသိသလို သူ တကယ်ဘာလုပ်ချင်နေလဲ ဆိုသည်ကိုလည်း ဘယ်သူမှမသိကြပေ။

ယခုမျက်မှောက်တွင် မြင်တွေ့နေရသည့်အတိုင်းပင်။

ဤရုတ်တရက် ရှုံးနိမ့်မှုကြီးအပေါ် မဟာကျင်းဧကရာဇ်က ယှဉ်ပြိုင်ဘက်ကင်းသောဟန်ပန်ဖြင့် အလျင်အမြန် ဖိနှိပ်လိုက်သော်လည်း လီတိုင်ယွမ်ကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။

မုန့်ချင်ကျိုးက ကောင်းကင်ကြည့်ဆောင်၏ စိတ်ရင်းအမှန်ကို ဖွင့်ချလိုက်သည့်တိုင် လီတိုင်ယွမ်က ခပ်ဖွဖွသာ ရယ်မောလိုက်ပြီး လည်ပင်းကို ညှစ်ထားခွင့်ပြုထားကာ သူ၏ မျက်လုံးအောက်ခြေနက်နက်တွင်တော့ အစွဲအလမ်းကြီးမှုနှင့် ရူးသွပ်မှုအရိပ်အယောင်တစ်ခု လက်ကနဲ ဖြတ်ပြေးသွားခဲ့၏။

"ရှင်က အရမ်းသန်မာတာကို ကျွန်မ သိပါတယ်။ ဒီတစ်နှစ်အတွင်း ကျွန်မရဲ့ ဇွတ်အတင်းဆွဲဆန့်ပြီး တိုးတက်လာတဲ့နည်းလမ်းနဲ့ဆိုရင် ရှင့်ကိုမီဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ"

"ဒါပေမဲ့..."

"သာမန်လူတစ်ယောက် ဒေါသထွက်လာရင် ဧကရာဇ်တစ်ပါးကို ခြေငါးလှမ်းအကွာမှာ သွေးစွန်းသွားစေ နိုင်တယ်ဆိုတာ သိထားသင့်တယ်။ ကျွန်မ ဘယ်လောက်ပဲ အားနည်းနေပါစေ တစ်နေ့ကျရင် ရှင်တို့လိုလူတွေရဲ့ စစ်တုရင်ခုံကို ငါမှောက်လှန်ပစ်နိုင်ရမယ်။"

"ကျွန်မကို မိုက်မဲတယ်လို့ ရှင်က ပြောတယ်ပေါ့။ ရှင်မသိတာက ကျွန်မရဲ့ မျက်လုံးထဲမှာတော့ ရှင်တို့တွေကသာ ဖားသူငယ်လို ရေတွင်းထဲကနေပြီး ဟင်္သာငှက်ရဲ့ ရည်မှန်းချက်ကို နားမလည်နိုင်တဲ့ သူတွေပဲ။"

လီတိုင်ယွမ်က ပြုံးလိုက်သည်။ သူ၏အပြုံးက ဖြူလျော်ပြီး ကြေကွဲဖွယ်ကောင်းလှကာ အကြည့်ထဲတွင် လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်နေသည့်အလား ရူးသွပ်သော ဒေါသများ ရောယှက်နေ၏။

အဝေးတစ်နေရာတွင်...

ဘိုးဘေးလီယဲ့က မျက်ရည်များဖြင့် အော်ဟစ်လိုက်သည်။ "မိုက်မဲတဲ့ကလေးမလေး... ဆက်ပြီး ခေါင်းမာမနေပါနဲ့တော့။ ဒီရေစီးကြောင်းကြီးကို မင်းဆန့်ကျင်လို့ မရနိုင်ဘူး။"

"အဓိပ္ပာယ်မရှိတာတွေ။"

"ဘိုးဘေးရွှမ်ကျင်းရဲ့ တစ်သက်တာ ရည်မှန်းချက်က ဒီပျက်စီးနေတဲ့လောကကြီးကို ပြောင်းလဲပစ်ဖို့ပဲ။ ဘိုးဘေးက ကျွန်မကိုအသက်ရှင်ခွင့်ရဖို့ သူ့အသက်နဲ့လဲသွားခဲ့တာ။ ကျွန်မက ဘယ်လိုလုပ် ရေစုန်မျောခံလိုက်လို့ ရမှာလဲ။"

"ဒုတိယမြောက် နန်းဆောင်သခင်... ကျွန်မကို ခေါ်သွားပေးပါ။" လီတိုင်ယွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

စကားသံအဆုံးတွင်တော့...

အိုမင်းရင့်ရော်နေသော သက်ပြင်းချသံကြီးတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာပြီး လီတိုင်ယွမ်၏ ပတ်လည်ရှိ ဟင်းလင်းပြင်ကို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေသည်။

မုန့်ချင်ကျိုးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး၊ အသက်ပြင်းပြင်းတစ်ချက်ရှူကာ လည်ပင်းကို ညှစ်ထားသောလက်ကို လွှတ်ပေးလိုက်ရင်း ပြောလိုက်သည်။

"မင်း ထွက်သွားလို့ရပြီ"

"လီရွှမ်ကျင်းနဲ့ သဘောတူညီချက်အရ ဒီတစ်ကြိမ်မှာတော့ မင်းကို ငါအသက်ချမ်းသာပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုရင်တော့ မင်းသေချာပေါက် သေရမယ်"

လီတိုင်ယွမ်က အနည်းငယ် အံ့အားသင့်သွားပြီး ယိမ်းယိုင်ကာ နောက်ဆုတ်သွားသည်။

ရှေးဟောင်းဝတ်ရုံကြီးကို ခြုံလွှမ်းထားသော အဘိုးအိုတစ်ဦးက သူ၏အနောက်ဘက်တွင် ပေါ်လာပြီး လီတိုင်ယွမ်၏ကျောကို ခပ်ဖွဖွတွန်းပေးကာ သူ၏ ကွဲကြေနေသောခန္ဓာကိုယ်ကို ပြန်လည်ကုစားပေးလိုက်သည်။

အဘိုးအိုက မုန့်ချင်ကျိုးကိုကြည့်ကာ ပြောလိုက်သည်။

"မဆိုးဘူး။ အခြေအနေကို နားလည်တဲ့ ကလေးပဲ။ လူကို ငါ အရင်ခေါ်သွားလိုက်မယ်"

ပြောပြီးသည်နှင့် အဘိုးအိုက ထွက်ခွာသွားရန် ပြင်လိုက်သည်။

ရုတ်တရက် အလွန်ကျယ်လောင်စူးရှသော ဓားမြည်သံတစ်ခု ကောင်းကင်သို့ ထိုးဖောက်လာခဲ့သည်။ ပုစဉ်းရင်ကွဲတေးသံဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး အဘိုးအို၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

"သူ သွားလို့ရတယ်။ ခင်ဗျား... သွားလို့မရဘူး"

မုန့်ချင်ကျိုးက အဘိုးအို၏ပခုံးကို ဖမ်းဆုပ်လိုက်ပြီး သူ၏ အေးစက်စက်အသံက အဘိုးအို၏ နားနားတွင် ထွက်ပေါ်လာသည်။ "ကောင်းကင်ကြည့်ဆောင်ရဲ့ ဒုတိယနန်းဆောင်သခင်ဆိုတာက နောက်ဆုံးတော့ ကိုယ်ထင်ပြဖို့ စိတ်ကူးရသွားပြီလား။"

အဘိုးအိုက ခေါင်းစောင်းလိုက်ပြီး အကြည့်တစ်ချက်ဖြင့် သူ့ကိုအကဲခတ်ကာ တစ်ဖက်လူ၏ လက်မှ ပေးပို့လာသော အင်အားကို ခံစားလိုက်သည်။

"ဘာလဲ။ မင်းက ငါနဲ့ ယှဉ်ပြိုင်ချင်နေတာလား။"

"ကျုပ်က တာအိုကို ခက်ခက်ခဲခဲ လိုက်စားရှာဖွေနေတဲ့သူမို့ လူသားဧကရာဇ်ခေတ်က စီနီယာ တစ်ယောက်ကို တွေ့ရတဲ့အခါ လမ်းညွှန်မှုတောင်းခံရမှာပေါ့။ စီနီယာကများ မျက်နှာသာပေးနိုင်မလား မသိဘူး။" မုန့်ချင်ကျိုး၏ သက်ဝင်မှုမရှိသော မျက်ဝန်းများကို ဖုံးကွယ်ထားသည့် အနက်ရောင်ပိတ်စက အရှေ့ကို စိုက်ကြည့်နေပြီး အနောက်ဘက်ပခုံးပေါ်မှနေ၍ သတ်ဖြတ်ချင်စိတ်များ အပြည့်ပါဝင်နေသော အသံဖြင့် အဘိုးအို၏ နားထဲသို့ တိုက်ရိုက် ပြောလိုက်သည်။

အဘိုးအိုက မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်နယ်ပယ် ဖိအားကို ထုတ်လွှတ်လိုက်သည်။ သို့သော် များမကြာမီမှာပင် ကောင်းကင်နယ်ပယ်ဖိအားသည် မဟာကျင်းဧကရာဇ်ကို အနည်းငယ်လေးမျှပင် မတုန်လှုပ် စေနိုင်ကြောင်း သူ အံ့ဩစွာ တွေ့ရှိလိုက်၏။ တစ်ဖက်လူက တောင်တန်းကြီးတစ်ခုအလား အရပ်လေးမျက်နှာမှ လေပြင်းတွေ မညသို့ပင်ပဲတိုက်ခတ်ပါစေ မတုန်မလှုပ် ရပ်တည်နေနိုင်သည်။

ကောင်းကင်နယ်ပယ်ဖိအား လွှမ်းခြုံသွားမှုသည် ညင်သာသော လေပြင်းတစ်ချက် တိုက်ခတ်သွား သကဲ့သို့သာဖြစ်ပြီး ဖုန်မှုန့်တစ်စကိုမျှပင် မကပ်ငြိစေခဲ့ပေ။

ဤအခြေအနေကို သတိပြုမိသွားသော အဘိုးအိုက လီတိုင်ယွမ်ကို တိတ်တဆိတ် တွန်းပေးလိုက်ပြီး မည်သည့်ခံစားချက်မျှမပြဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်း အရင်သွားနှင့်တော့။ ငါ ဒီမိတ်ဆွေလေးနဲ့ စကားနည်းနည်း ပြောလိုက်ဦးမယ်"

လီတိုင်ယွမ်သည်လည်း အရူးမဟုတ်ပေ။ ဤစကားထဲမှ အဓိပ္ပာယ်ကို သဘာဝကျကျပင် ရှင်းလင်းစွာ နားလည်လိုက်သည်။ ယခုလေးတင်မှ ပြန်လည်ကုစားထားသော နှလုံးသားက ရုတ်တရက် ပြန်လည်၍ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး တည်ငြိမ်နေပုံရသော ခြေလှမ်းများနှင့်အတူ အင်္ကျီလက်ထဲတွင် ဖွက်ထားသော လက်ဝါးကမူ အနည်းငယ် တုန်ယင်နေသည်။

"မ... မဖြစ်နိုင်ဘူး။"

"ကောင်းကင်နယ်ပယ် တန်ခိုးရှင်ကြီးတစ်ယောက်ကတောင် မဟာကျင်းဧကရာဇ်နဲ့ ရင်ဆိုင်ရတဲ့အခါ လွတ်လွတ်လပ်လပ် ထွက်သွားလို့မရဘူးတဲ့လား။"

ဒါက ဘာကိုဆိုလိုတာလဲ။

မုန့်ချင်ကျိုးရဲ့လက်ရှိစွမ်းအားက ကောင်းကင်နယ်ပယ်က တန်ခိုးရှင်ကြီးတစ်ယောက်ကိုတောင် ခြိမ်းခြောက်နိုင်လောက်အောင် လုံလောက်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။

...

...

ထို့နောက်။

မုန့်ချင်ကျိုးက အဘိုးအိုကို လေထဲသို့ ဖိတ်ခေါ်လိုက်ပြီး တိမ်ဖြူများကို စင်မြင့်အဖြစ်အသုံးပြုကာ စားပွဲနှင့်ကုလားထိုင်တစ်စုံကို လေထဲတွင် ဖန်ဆင်းလိုက်သည်။ စားပွဲပေါ်တွင်တော့ လက်ဖက်ရည် ဖျော်စရာ ကိရိယာအစုံအလင်ကို ပြင်ဆင်ထားသည်။

"ထိုင်ပါဦး။" မုန့်ချင်ကျိုးက ပြုံးရင်း ဖိတ်ခေါ်သည့်ဟန်ပြလိုက်သည်။

သို့သော် လက်တစ်ဖက်ကတော့ အဘိုးအို၏ပခုံးကို အမြဲပင် ဖမ်းဆုပ်ထားသည်။ ကြည့်ရသည်မှာ ပေါ့ပေါ့ပါးပါးဟု ထင်ရသော်လည်း တကယ်တမ်းတွင် အဘိုးအိုကို ထိုင်ခုံပေါ်တွင် အတင်းဖိထိုင်ခိုင်းထားခြင်း ဖြစ်သည်။

"ကောင်းပြီလေ။ နှောင်းခေတ်က ထူးချွန်တဲ့ လူငယ်တစ်ယောက်နဲ့ ဒူးတိုက်ပြီး စကားပြောခွင့်ရတာ ငါ့အတွက်တော့ ဂုဏ်ယူစရာပါပဲ။" အဘိုးအိုက လက်ဝှေ့ယမ်းလိုက်ပြီး လက်ဖက်ခြောက်ဘူးတစ်ဘူးကို ထုတ်ယူလိုက်သည်။ ဘူးထဲတွင် ရှည်လျားပြီး ပြားချပ်နေသော လက်ဖက်ရွက် ဆယ်ရွက်ကျော်ခန့်သာ ရှိနေ၏။

ဘူးထဲမှ လက်ဖက်ရွက်နှစ်ရွက်ကို သတိတကြီး ဆွဲထုတ်လိုက်ပြီး တစ်ယောက်ကို တစ်ခွက်စီတွင် တစ်ရွက်စီ ထည့်ပေးလိုက်သည်။

မုန့်ချင်ကျိုး ထိုင်လိုက်ချိန်တွင် သူ၏နတ်ဘုရားအာရုံက အမြဲ ဖြန့်ကျက်ထားလျက်ရှိရာ အဘိုးအို၏ လှုပ်ရှားမှုကို သတိပြုမိသွားသည်နှင့် ချက်ချင်းပင် ဘူးထဲသို့ လက်နှိုက်လိုက်ပြီး ကျန်ရှိနေသော လက်ဖက်ရွက် ဆယ်ရွက်ကျော်လုံးကို ဆွဲထုတ်လိုက်သည်။ သူက လောဘမကြီးဘဲ နှစ်ယောက်ကို တစ်ဝက်စီ အညီအမျှ ခွဲဝေပေးလိုက်ပြီးနောက် လက်ခုပ်တီးကာ ရယ်မောလျက် ပြောလိုက်သည်။

"တစ်ယောက်တစ်ရွက်တည်းဆိုတာ ကပ်စေးနှဲလွန်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သိပ်မှမကျန်တော့တာ။ ဒီတိုင်းပဲ တစ်ဝက်စီ ခွဲယူလိုက်ကြတာပေါ့။"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အဘိုးအို၏မျက်ခုံးများက တဆတ်ဆတ် ခုန်သွားသည်။

ခုနက အခိုက်အတန့်လေးတွင် သူပင် တားဆီးရန် အချိန်မမီလိုက်ပေ။

မဟုတ်ဘူး။

တားဆီးဖို့အချိန်မမီတာ မဟုတ်ဘဲနဲ့ အချိန်-နေရာလွတ်တာအိုနိယာမရဲ့ အန္တိမအသွင်ပြောင်းလဲမှုပဲ။ ပေါ့ပေါ့ပါးပါး ဆွဲယူလိုက်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ ဒီဧရိယာကို ကျောက်ချလိုက်ပြီး လက်ဖက်ခြောက်ဘူးကို ဒီအချိန်-နေရာလွတ်ထဲမှာ ပုံသေထားလိုက်တာ။ အဘိုးအိုကိုတော့ ခဏလောက် တခြားအချိန်-နေရာလွတ် တစ်ခုဆီ ပို့လိုက်ပြီးတော့ ယူပြီးသွားမှ ပြန်ခေါ်လာတာပဲ။

ပြောရတာ လွယ်သလောက် တကယ်လုပ်ရသည်မှာ ကောင်းကင်ကို တက်ရသလို ခက်ခဲလှသည်။

အချိန်-နေရာလွတ် ကျွမ်းကျင်မှု မည်မျှမြင့်မားရန် လိုအပ်ကြောင်းကို အသာထား။ ကောင်းကင်နယ်ပယ် ကျင့်ကြံသူအိုကြီးတစ်ယောက်ကို သယ်ယူရန်မှာ တောင်တန်းကြီးတစ်ခုလောက် လေးလံသော အလေးချိန်ရှိပြီး အချို့သော ကောင်းကင်ထောက်တိုင်နယ်ပယ် စွမ်းအားရှင်များကိုပင် အရှင်လတ်လတ် ဖိသတ်နိုင်လောက်သော အင်အားမျိုး ဖြစ်သည်။

မုန့်ချင်ကျိုးကို ပြန်ကြည့်လိုက်ရာ မျက်နှာလည်းမနီ၊ အမောလည်းမဖောက်ဘဲ အလွန်ပင် ပေါ့ပေါ့ပါးပါ းလွတ်လပ်နေပုံရသည်။

အဘိုးအိုမှာ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး လူအများ ခဏခဏ ပြောလေ့ရှိသည့် အချိန်-နေရာလွတ် ဓားသူတော်စင်ဆိုသူမှာ မည်မျှထူးခြားနေကြောင်း နောက်ဆုံး သဘောပေါက်သွားသည်။

ဂိုဏ်းချုပ်က အချိန်-နေရာလွတ် ဓားသူတော်စင်ရဲ့အကြောင်းတွေကို ခဏခဏပဲ ပြောပြနေတာ အံ့ဩစရာတော့ မဟုတ်ဘူးပဲ။

"နေပါဦး။ ဒီလက်ဖက်ရည်က ပထမဆုံး လူသားဧကရာဇ် ချီးမြှင့်ထားတဲ့ 「ကံကြမ္မာလက်ဖက်ရည်」ကွ။ ရှေးဟောင်းခေတ်က ကြီးမားလှတဲ့ ကံကြမ္မာတွေ ပါဝင်နေပြီး အတော်လေး တန်ဖိုးကြီးတယ်။ အကုန်လုံးကို ဖျော်ပစ်လို့ မရဘူး။" အဘိုးအို စဉ်းစားခန်းဖွင့်နေစဉ် တစ်ဖက်လူက လက်ဖက်ရည်ဖျော်ရန် ပြင်နေသည်ကို ရုတ်တရက်မြင်လိုက်ရ၍ လန့်ဖြတ်သွားကာ မျက်နှာဖြူလျော်သွားပြီး ကပျာကယာ အော်ဟစ်တားဆီးလိုက်သည်။

ချီးပဲ။

「ကံကြမ္မာလက်ဖက်ရည်」က စုစုပေါင်းမှ အရွက်(၂၀)ပဲ ချီးမြှင့်ခံရတာ။ နှစ်ပေါင်းသောင်းနဲ့ချီ ကြာတဲ့အထိ ငါတောင်မှ (၆)ရွက် (၇)ရွက်လောက်ပဲ သောက်ရသေးတာ။

ဒီကောင်လေးကတော့ အခုမှ စတွေ့ရုံပဲရှိသေးတယ်။ ကံကြမ္မာလက်ဖက်ရည် တစ်ဘူးလုံးကို ပြောင်အောင် နှိုက်သွားပြီ။

သို့သော်လည်း။

ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိသည့် အပျင်းထူသူ မုန့်ချင်ကျိုးမှာ ထိုစကားကို ကြားလိုက်ရသည်နှင့် ဆန်အိုးထဲ ရောက်သွားသည့် ကြွက်တစ်ကောင်လို မျက်နှာလေး နီမြန်းတောက်ပသွားကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"အိုး။ ဟုတ်လား။"

"ဒါဆိုရင် သိပ်ကောင်းတာပေါ့။ ဒီလိုကောင်းတဲ့ပစ္စည်းမျိုးကို ကျုပ် ပိုပြီးတော့ သေချာလေး မြည်းစမ်းကြည့်ရမှာပေါ့"

"စီနီယာအနေနဲ့ ကပ်စေးနှဲလို့ မရဘူးနော်။"

ပြောပြီးသည်နှင့် မုန့်ချင်ကျိုးက အဘိုးအိုကို တုံ့ပြန်ရန် အချိန်ပင်မပေးဘဲ အချိန်-နေရာလွတ် မြစ်မကြီးကို တိုက်ရိုက်ဆင့်ခေါ်လိုက်ပြီးနောက် မြစ်ထဲမှ ရေတစ်ပန်းကန် ခပ်ယူကာ လက်ဖက်ရည်အိုးထဲသို့ လောင်းထည့်လိုက်ရင်း ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

"စီနီယာက ဒီလောက် သဘောထားကြီးတာ၊ ဂျူနီယာတစ်ယောက်အနေနဲ့ သဘာဝကျကျပဲ နှမြောနေလို့ မရဘူးလေ။ ကြည့်လေ။ အချိန်-နေရာလွတ်မြစ်ကြီးရဲ့ မြစ်ရေ။ ဒီအရာက 「ကံကြမ္မာလက်ဖက်ရည်」ထက် အများကြီး ပိုပြီးတန်ဖိုးကြီးတယ်။ ပထမဆုံး လူသားဧကရာဇ်တောင် မြည်းစမ်းဖူးမှာ မဟုတ်ဘူး။"

အဘိုးအိုက အချိန်-နေရာလွတ်မြစ်ရေတစ်ပန်းကန်ဖြင့် စိမ်ထားသော 「ကံကြမ္မာလက်ဖက်ရည်」ကို ကြည့်ရင်း ဆွံ့အလျက် မှင်သက်နေပြီး သူ၏နှလုံးသားတစ်ခုလုံး သွေးထွက်နေသလို ခံစားလိုက်ရကာ နှစ်ပေါင်းသောင်းချီတည်ငြိမ်နေခဲ့သော ရေတွင်းအိုကြီးလို စိတ်အခြေအနေမှာ ကွဲအက်လုနီးပါး ဖြစ်သွားသည်။

ဒီခွေးကောင်က ပေါက်ကရတွေ ပြောနေတာ မဟုတ်ဘူးလား။

အချိန်-နေရာလွတ် တာအိုကို ခေတ်အဆက်ဆက်မှာ မင်းတစ်ယောက်တည်း ခြေချဖူးတာပဲလေ။ ပထမဆုံး လူသားဧကရာဇ်က မြည်းစမ်းဖူးစရာ အကြောင်းကို မရှိတာ။

အဓိကက ဘယ်သူကများ အလုပ်အားယားနေလို့ အချိန်-နေရာလွတ်မြစ်ရေကို လက်ဖက်ရည်လို သောက်မှာလဲ။

"အချိန်-နေရာလွတ် မြစ်ရေဆိုတာ တာအိုနိယာမတွေကို အသွင်ပြောင်းထားတဲ့ ပုံရိပ်ယောင်တွေ မဟုတ်ဘူးလား။ ဒါကို ဖျော်သောက်ရင်..." အဘိုးအိုမှာ စကားများထစ်အသွားပြီး ဆက်မပြောနိုင်တော့ပေ။

တကယ်တော့ သူ အရမ်းမေးချင်နေသည်မှာ "ဒါကို သောက်လိုက်ရင် နေရာမှာတင် ချက်ချင်း သေမသွားနိုင်ဘူးလာ" ဆိုသည်ပင်။

"စိတ်ချပါ၊ ကျုပ်ကို ယုံလိုက်။ ဘာမှမဖြစ်စေရဘူးလို့ အာမခံတယ်။" မုန့်ချင်ကျိုးက ပြောင်စပ်စပ် ရယ်မောကာ ပြောလိုက်သည်။

မင်းကို ယုံရင်တော့ ငရဲတောင် မီးငြိမ်သွားမယ်။

အဘိုးအို၏မျက်နှာ မည်းမှောင်သွားပြီး များမကြာမီမှာပင် ပြန်လည်ငြိမ်သွားကာ ချိုသာသောဟန်ဖြင့် ပြောလိုက်သည်။

"မသင့်တော်ပါဘူး၊ မသင့်တော်ပါဘူး။"

"ကံကြမ္မာလက်ဖက်ရည် သောက်တဲ့အခါမှာ အတော်လေး ဂရုစိုက်ဖို့ လိုအပ်တယ်။ လက်ဖက်ရည်ရဲ့ အငွေ့အသက်ကို အကောင်းဆုံး ထွက်ပေါ်လာအောင် လျှို့ဝှက်ပညာရပ်နဲ့ ဖျော်စပ်ဖို့ လိုအပ်တယ်"

အဘိုးအိုက သူ၏လက်ထဲမှ လက်ဖက်ရည်အိုးကို ယူလိုက်သည်။

ထူးဆန်းသည်မှာ မုန့်ချင်ကျိုးက ဘာမှမသိလိုက်သကဲ့သို့ ဖြစ်နေပြီး လက်ထဲမှ လက်ဖက်ရည်အိုး ပျောက်သွားမှသာ နောက်ကျမှ သတိဝင်လာကာ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။

ခုနက အခိုက်အတန့်လေးမှာ ဘာတွေဖြစ်သွားတာလဲ။

ဘာလို့ ဘာမှမသိလိုက်ရဘဲ လက်ဖက်ရည်အိုးက အကြောင်းပြချက်မရှိ လုယူခံလိုက်ရတာလဲ။

အတော်ကြာကြာ အပြင်းအထန် စဉ်းစားကြည့်သော်လည်း ကောက်ချက်ချ၍ မရပေ။

"ငါ့မျက်စိရှေ့မှာတင် လက်ဖက်ရည်အိုးကို ဗြောင်ကျကျ ယူသွားနိုင်တယ်။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ဒါကိုလုပ်နိုင်တာ သာမန်တာအိုနိယာမမျိုး လုံးဝ မဖြစ်နိုင်ဘူး။"

"ဒါပေမဲ့ ခြေရာခံလို့ရနိုင်တဲ့ အရိပ်အယောင် ဘာမှမရှိဘူး။ ဒီအဘိုးကြီး ကျင့်ကြံထားတာက ဘယ်လို တာအိုလမ်းစဉ်မျိုးလဲ။"

မုန့်ချင်ကျိုးက စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေပြီး ထိုစဉ်က အခြေအနေကို ခေါင်းထဲတွင် အကြိမ်ကြိမ် ပြန်လည်ရုပ်လုံးဖော်နေသည်။ ဤအချိန်-နေရာလွတ်ကျောက်ဆူးကို အားပြုကာ လျှပ်တစ်ပြက် ပေါ်ထွက်သွားသော တာအိုအငွေ့အသက်ကို ထပ်ခါတလဲလဲ တွက်ဆနေမိသည်။

အကြိမ်တစ်ရာ၊ အကြိမ်တစ်ထောင်။၏

အတွေးတစ်ချက်ဖြင့် အကြိမ်တစ်သောင်း တွက်ဆကြည့်သော်လည်း အဖြေအတိအကျ မရသေးပေ။

ထူးဆန်းလိုက်တာ။

မုန့်ချင်ကျိုးက စိတ်ထဲတွင် တိတ်တဆိတ် အံ့ဩနေသည်။

တစ်ချိန်တည်းမှာပင် အဘိုးအိုက လက်ဖက်ရည်အိုးထဲရှိ အချိန်-နေရာလွတ် မြစ်ရေများကို အကုန်လုံး လောင်းချပစ်လိုက်ပြီး ရေဘူးတစ်ခုကို ထုတ်ယူကာ အဖုံးကိုဖွင့်၍ ကြည်လင်နေသော ရေအေးများကို လက်ဖက်ရည်အိုးထဲသို့ လောင်းထည့်လိုက်သည်။

"ဒါက သာမန်ရေပဲ မဟုတ်ဘူးလား။ ဘာထူးခြားလို့လဲ။" မုန့်ချင်ကျိုးက လက်ညှိုးဖြင့် လက်ဖက်ရည်အိုးထဲမှရေကို နည်းနည်းတို့ယူကာ ပါးစပ်ထဲထည့်ပြီး အရသာခံကြည့်ရင်း သံသယဖြင့် မေးလိုက်သည်။

အဘိုးအိုက တစ်ဖက်လူကို ရွံရှာသလို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာအမူအရာမပျက်ဘဲ ရှင်းပြလိုက်သည်။

"ရေကတော့ သာမန်ရေပါပဲ။ ဒါပေမဲ့ ဒီရေက လူသားဧကရာဇ်ရဲ့ တာအိုလမ်းစဉ်ကနေ ထွက်ပေါ်လာတဲ့ ကိုးကွယ်မှုရွှေရောင်ဆီ နည်းနည်းကို ရေထဲမှာ စိမ်ထားတာ။ ပြီးတော့လည်း လူသားဧကရာဇ် နန်းတော်ထဲမှာ ပူဇော်ထားပြီး လူသားဧကရာဇ်ရဲ့ ကံကြမ္မာနဲ့ ပြုစုပျိုးထောင်ထားလို့သာ 「ကံကြမ္မာလက်ဖက်ရည်」နဲ့ အံဝင်ခွင်ကျ ဖြစ်နိုင်တာ။"

စကားပြောနေစဉ်မှာပင်။

အဘိုးအိုက မျက်မမြင်လူငယ် သတိမထားမိခင် လက်ဖက်ရည်အိုးကို လက်ဖြင့် တစ်ချက်ပွတ်လိုက်ရာ အိုးထဲရှိ လက်ဖက်ရွက် ဆယ်ရွက်ကျော်မှာ တစ်ရွက်သာ ကျန်တော့သည်။

ဟင်း ဟင်း။ ငါ့ကိုများ အကွက်လာဆင်ချင်နေတယ်။ မင်းကို အရသာသိရုံလေး တစ်ရွက်ပဲ တိုက်မယ်။

အဘိုးကြီးက ထပ်ပြီးကောက်ကျစ်မှာကို ကာကွယ်ရန် လက်ဖက်ရည်အိုးကို အမြဲအာရုံစိုက်နေသော မုန့်ချင်ကျိုးသည် နတ်ဘုရားအာရုံထဲတွင် လက်ဖက်ရည်အိုးထဲမှ လက်ဖက်ရွက်များ ရုတ်တရက် အများကြီး လျော့နည်းသွားသည်ကို တွေ့လိုက်ရသောအခါ ချက်ချင်း မျက်ခုံးပင့်လိုက်မိသည်။

ထပ်လာပြန်ပြီ။

သို့သော် သူက စကားတစ်ခွန်းမှ ပိုမပြောတော့ဘဲ အကြောင်းအရာကို ပြောင်းလိုက်ကာ နှိမ့်ချစွာဖြင့် လမ်းညွှန်မှု တောင်းခံလိုက်သည်။

"ဒီ「ကံကြမ္မာလက်ဖက်ရည်」ကိုသောက်ရင် ဘာအကျိုးကျေးဇူးတွေ ရနိုင်သလဲ မေးပါရစေ။"

အဘိုးအိုက မုတ်ဆိတ်ကို ပွတ်သပ်ရင်း အလွန်ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ "အသုံးဝင်မှုတွေ အများကြီးရှိတာပေါ့။ ကံကြမ္မာလက်ဖက်ရည်ကို သာမန်လူကိုတိုက်လိုက်ရင် သူတို့ကံဇာတာက ကောင်းတဲ့ဘက် ပြောင်းလဲတိုးတက်လာမယ်။ အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကဏ္ဍပေါင်းစုံက ကံကောင်းမှုတွေ တဖြည်းဖြည်း မြင့်တက်လာပြီး သက်တမ်းကတောင် နှစ်တစ်ရာလောက် ရှည်လာလိမ့်မယ်။"

"ကျင့်ကြံနိုင်စွမ်းရှိတဲ့ကလေးတွေ သောက်လိုက်ရင်တော့ သူတို့ရဲ့ အရိုးအကြောတွေက ရိုးတွင်းခြင်ဆီကို ဆေးကြောပြီး သွေးကြောတွေကို ပြုပြင်ပေးတဲ့ အတွေ့အကြုံမျိုးတွေကို ရရှိပြီး ပါရမီက အဘက်ဘက်ကနေ တိုးတက်လာလိမ့်မယ်။"

"ကျင့်ကြံခြင်းလောကထဲ ရောက်လာတဲ့ ကျင့်ကြံသူတွေ သောက်လိုက်ရင် လရောင်ထွန်းလင်းနယ်ပယ် အောက်ကလူတွေဆိုရင် အဆင့်တစ်ဆင့်ကို တိုက်ရိုက်တက်သွားလိမ့်မယ်။ ကံကောင်းရင် အဆင့်ငယ်နှစ်ဆင့် သုံးဆင့်လောက်တောင် တက်သွားနိုင်တယ်။ လရောင်ထွန်းလင်းနယ်ပယ်အထက်က ပါရမီမဆိုးတဲ့သူတွေ ဆိုရင်လည်း အဆင့်တစ်ဆင့်တက်ဖို့က ပြဿနာမရှိဘူး။"

မုန့်ချင်ကျိုး၏ နှလုံးသားမှာ လှုပ်ရှားသွားပြီး အလျင်စလို ဆက်မေးလိုက်သည်။

"ဒါဆို ကောင်းကင်နယ်ပယ်တံခါးဝမှာ ပိတ်မိနေတဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ်နဲ့အထက်က ကျင့်ကြံသူတွေ သောက်ရင်ရော ဘယ်လိုဖြစ်မလဲ။"

အဘိုးအိုမှာ လက်ဖက်ရည်သီးလုနီးပါး ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

ဒီကောင်က အရှက်ရော ရှိသေးရဲ့လား။

တာအိုကို သက်သေပြချင်တယ်ဆိုရင်လည်း တိုက်ရိုက်ပြောလေ။ မင်းက လက်ဖက်ရည်တစ်ခွက် သောက်ပြီး ကောင်းကင်နယ်ပယ်ကို တိုက်ရိုက်သက်သေပြ။ ပြီးတော့ ငါ့ကို လာသတ်ချင်နေတာပဲ ဖြစ်ရမယ်။

"အကျိုးသက်ရောက်မှုတော့ သိပ်မရှိဘူး။ အလွန်ဆုံး စိတ်ကို ကြည်လင်စေရုံလောက်ပါပဲ။ ဒီအဆင့်က ကျင့်ကြံသူတွေက အတွင်းစကြဝဠာကို အဓိကထားတယ်။ ခန္ဓာ၊ စိတ်၊ ဆန္ဒ၊ ဝိညာဉ်စွမ်းအင်တွေက ပထမဦးစားပေး မဟုတ်တော့ဘူး။ လက်ဖက်ရည်တစ်ခွက်နဲ့လည်း အတွင်းစကြဝဠာကမ္ဘာတစ်ခုကို မဖန်တီးနိုင်ဘူးလေ။ ဒီလောက်သာ လွယ်နေရင် လူသားဧကရာဇ်က နှစ်တိုင်း စစ်တိုက်နေစရာ မလိုတော့ဘဲ စိတ်အေးချမ်းသာစွာနဲ့ လက်ဖက်စိုက်တောင်သူ လုပ်နေမှာပေါ့။ နေ့တိုင်း ကံကြမ္မာလက်ဖက်ရည်ကို စိုက်ပျိုးပြီး လူသားမျိုးနွယ်ကိုတိုက်နေရင် လူတိုင်း ကောင်းကင်နယ်ပယ်ကို သက်သေပြနိုင်သွားမှာ မဟုတ်ဘူးလား။" အဘိုးအိုက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးက ဟန်လုပ်ကာရယ်မောပြီး ပြောလိုက်သည်။ "ဟုတ်တာပေါ့၊ ဟုတ်တာပေါ့။"

အချုပ်အားဖြင့်ဆိုလျှင် ၎င်းက ဂုဏ်ကျက်သရေ၏ သင်္ကေတတစ်ခုသာဖြစ်ပြီး အကျိုးသက်ရောက်မှုက ကောင်းကင်ကို အန်တုနိုင်လောက်အောင်မဟုတ်ဘဲ အဓိပ္ပာယ်မှာ ထူးခြားနက်နဲနေခြင်း ဖြစ်သည်။

ပထမဆုံး လူသားဧကရာဇ် ကိုယ်တိုင်စိုက်ပျိုးပြုစုထားပြီး အရေးပါသော ဝန်ကြီးများကို ချီးမြှင့်ရန်အတွက် ဖြစ်သည်။ ကံကြမ္မာလက်ဖက်ကို ရရှိထားသော ပြည်သူပြည်သားများက မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လက်ဖက်ဘူးကို ထုတ်ပြလိုက်ရုံဖြင့် မည်သူကမှ ရိုသေလေးစားမှု မရှိဘဲ နေဝံ့မည်မဟုတ်ပေ။

လက်ဖက်ရည်အိုးက ပွက်ပွက်ဆူလာပြီး ရေနွေးငွေ့များက မြူဖြူနဂါးငယ်လေးများ အဖြစ်သို့ စုစည်းသွားကာ လက်ဖက်ရည်အိုးကို ဝန်းရံလှည့်ပတ်ရင်း ဟောက်သံများ ပေးနေသည်။ ကျောက်စိမ်းဖြူချီလင် သတ္တဝါများပါ ကိုယ်ထင်ပြလာပြီး ပါးစပ်မှ ဝိညာဉ်စွမ်းအင်များကို ဆက်သနေကြသည်။

အမျိုးမျိုးသော ကံကောင်းခြင်း နိမိတ်လက္ခဏာများ တပြိုင်နက်တည်း ထွက်ပေါ်လာရာ မျက်စိပင် ကျိန်းမတတ် ဖြစ်နေသည်။

နှစ်ဦးစလုံး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပြီး နောက်ဆုံးတွင်တော့ စိတ်နှလုံးကို ရွှင်လန်းစေသော လက်ဖက်ရည်ရနံ့ကို ရလိုက်သောအခါမှ အဘိုးအိုက လက်ဖက်ရည်အိုးလက်ကိုင်ကိုကိုင်ကာ တစ်ယောက်ကို တစ်ခွက်စီ ငှဲ့ပေးလိုက်သည်။

"မိတ်ဆွေလေး၊ သုံးဆောင်ပါဦူး။" အဘိုးအိုက လက်ဖက်ရည်ခွက်ကိုကိုင်ကာ ပြုံးရွှင်စွာဖြင့် ကမ်းပေးလိုက်သည်။

"စီနီယာရဲ့စေတနာအတွက် ကျေးဇူးတင်ပါတယ်။" မုန့်ချင်ကျိုးလည်း ပြုံးလျက် လှမ်းယူလိုက်သည်။

လက်ဖက်ရည်ခွက်ကို ထိလိုက်သည့် အခိုက်အတန့်တွင် မုန့်ချင်ကျိုး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ လက်ဖဝါးထဲတွင် စကြဝဠာတစ်ခုကို တင်ထားရသကဲ့သို့ အလွန် လေးလံလွန်းလှသဖြင့် လက်ဖက်ရည်ခွက်ကို မှောက်ကျလုနီးပါးပင် ဖြစ်သွားသည်။

သူတို့နှစ်ဦးသား ဤသို့ဖြင့် လက်ဖက်ရည်ခွက်တစ်ခွက်ကို အတူတကွ ကိုင်ထားကြရင်း သိမ်မွေ့စွာ ပြုံးနေကြရာ မြေခွေးကြီးနှင့် မြေခွေးလေး နှစ်ကောင်အလားပင်။

"စီနီယာ၊ ကျေးဇူးပြုပြီး လက်လွှတ်လိုက်ပါ။ ဂျူနီယာ သေချာကိုင်ထားနိုင်ပါတယ်။" မုန့်ချင်ကျိုးက သတိပေးလိုက်သည်။

အဘိုးအိုက ခေါင်းညိတ်လိုက်ပြီး လက်ကိုလွှတ်ပေးလိုက်ကာ မှာကြားလိုက်သည်။ "ပူမယ်နော် သတိထား။"

သို့သော်။

မုန့်ချင်ကျိုးက လက်ဖက်ရည်ပန်းကန်ကို လက်နှစ်ချောင်းဖြင့်ကိုင်ကာ ခေါင်းမော့၍ တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး သေသေချာချာ အရသာခံကြည့်ပြီးနောက် ချီးကျူးလိုက်သည်။

"ကောင်းလိုက်တဲ့ လက်ဖက်ရည်။ လူသားဧကရာဇ် ချီးမြှင့်တဲ့အရာပီပီ တကယ့်ကို အကောင်းစားပဲ။"

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အဘိုးအိုက ဘာမှမပြောတော့ဘဲ သူ၏အကြည့်များက လေးနက်သွားကာ စိတ်ထဲတွင် တိတ်တဆိတ် အံ့ဩသွားသည်။

မရိုးရှင်းဘူးပဲ။

ခုနက ငါ ဒီလက်ဖက်ရည်ခွက်ပေါ်မှာ အင်အားရဲ့ ၄၀%ကို ထည့်ထားတာ။ တစ်ဖက်လူက ဒီလောက် ပေါ့ပေါ့ပါးပါးနဲ့ မယူနိုင်၊ ပြန်ချနိုင်လိမ့်မယ်လို့ မထင်ထားဘူး။

"လာပါ စီနီယာ။" မုန့်ချင်ကျိုးကလည်း လက်ဖက်ရည်တစ်ခွက်ကိုကိုင်ကာ ကမ်းပေးရင်း ပြောသည်။ "ဂျူနီယာက စီနီယာ့ကို ဂါရဝပြုပါတယ်။"

အဘိုးအိုက မျက်နှာအမူအရာ မပြောင်းလဲသော်လည်း စိတ်ထဲတွင် လှောင်ပြောင်ရယ်မောနေသည်။

အဟက်၊ ကောင်လေ။ မင်းက ငါ့ရဲ့ အခြေခံအင်အားကို ချိန်တွယ်ကြည့်ချင်နေတာပဲ။

ကောင်းပြီလေ။ ကောင်းကင်နယ်ပယ် တန်ခိုးရှင်ကြီးတစ်ယောက်ရဲ့ တာအိုကျင့်စဉ်က ဘယ်လောက် နက်နဲလဲဆိုတာ မင်းကို ပြရသေးတာပေါ့။

ထိုသို့ တွေးလိုက်ပြီး…

အဘိုးအိုက တိတ်တဆိတ် အင်အားများ စုစည်းလိုက်ကာ လက်ဖက်ရည်ခွက်ကို တွန့်ဆုတ်ခြင်းမရှိဘဲ လှမ်းယူလိုက်သည်။ ဂရုတစိုက်ရှိသော စိတ်ထားဖြင့် ဤလက်ဖက်ရည်ခွက်သည် ကြယ်တစ်ပွင့်လောက် လေးလံနေမည်ဟု ပြင်ဆင်ထားသော်လည်း လက်ထဲရောက်လာသောအခါ ရုတ်တရက် ဟန်ချက်မထိန်းနိုင်ဘဲ ခွေးချေးစားသလို မှောက်ခုံလဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

"မိတ်ဆွေလေး... မင်း..." အဘိုးအို၏မျက်နှာမှာ ဒယ်အိုးဖင်လို မည်းမှောင်သွားပြီး နှုတ်ခမ်းများ အကြိမ်ကြိမ် လှုပ်ရှားသွားကာ ဆဲရေးတိုင်းထွာတော့မည့် အခြေအနေကို မနည်းထိန်းထားလိုက်ရသည်။

လခွမ်းတဲ့မှ။

သူက တကယ်ပဲ ဘာအကြံအစည်မှ မလုပ်ထားဘူး။ လက်ဖက်ရည်ခွက်ပေါ်မှာ တာအိုနိယာမရဲ့ အလေးချိန် ဘာတစ်ခုမှ မထည့်ထားဘဲ ပေါ့ပါးနေတာပဲ။

"စီနီယာ၊ ဘာဖြစ်လို့လဲ။" မုန့်ချင်ကျိုးက လိမ္မာရေးခြားရှိသော ကလေးလေး တစ်ယောက်လို အပြစ်ကင်းစင်စွာဖြင့် မေးလိုက်သည်။

အဘိုးအိုက အေးစက်စွာ နှာမှုတ်လိုက်ပြီး စကားပြောရန် ပျင်းရိသွားကာ လက်ဖက်ရည်တစ်ခွက်လုံးကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။

ရုတ်တရက်။

လက်ဖက်ရည်များ အားလုံး ပါးစပ်ထဲမှ ပန်းထွက်သွားပြီး လက်ဖက်ရည်ခွက် မြေပေါ်ကျကာ ခွမ်းခနဲ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။

အဘိုးအိုက သွေးသံရဲရဲဖြစ်နေသော ပါးစပ်ကို အုပ်ထားလိုက်ရသည်။ ပါးစပ်တစ်ခုလုံးတွင် အချိန်-နေရာလွတ် ဓားအသိများ ရူးသွပ်စွာ ကခုန်နေပြီး ဤဓားအသိကို မနည်းဖိနှိပ်ထားရကာ ဒေါသများ ပေါက်ကွဲထွက်လာပြီး စားပွဲကိုရိုက်ခွဲကာ မတ်တတ်ရပ်၍ ဆူပူကြိမ်းမောင်းရန် ပြင်လိုက်သည်။

ခွေးကောင်။ လူလို မကျင့်ဘူး။ လက်ဖက်ရည်ထဲမှာ လက်တည့်စမ်းထားတယ်။

"ဟေ့။ လက်ဖက်ရည်ကောင်းတွေကို လွှင့်မပစ်နဲ့လေ။"

မုန့်ချင်ကျိုးက မျက်စိလျင်လက်မြန်ဖြင့် စားပွဲကွဲကြေသွားချိန်တွင် လက်ဖက်ရည်အိုးကို အမြန်ဖမ်းပြီး လက်ဖက်ရည်အိုးကို ပါးစပ်နားတေ့ကာ လွတ်လွတ်လပ်လပ် ရဲရဲဝံ့ဝံ့ကြီး မော့သောက်လိုက်သည်။

အတော်ကြာကြာ အားပါးတရ သောက်ပြီးနောက်…

သူက နှုတ်ခမ်းထောင့်မှ ကျန်ရစ်နေသော ရေစက်များကို သုတ်လိုက်ပြီး၊ ရုတ်တရက် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်သည်။

"ဟား ဟား ဟား..."

"ကောင်းကင်နယ်ပယ်တစ်ပိုင်းကနေ တာအိုကို နားလည်သဘောပေါက်သွားပြီ။ ကံကြမ္မာလက်ဖက်ရည် ဆိုတာက နာမည်နဲ့လိုက်အောင်ကို စွမ်းတာပဲ။။ငါ တာအိုကို သက်သေပြတော့မယ်။"

ပြောပြီးသည်နှင့်…

အနက်ရောင်ဝတ်ရုံနှင့်လူငယ်၏ အငွေ့အသက်များ မြင့်တက်လာပြီး ကောင်းကင်ကြီးနှင့် ယှဉ်ပြိုင်ရန် ကြိုးစားနေသည့်အလား ကောင်းကင်နှင့် မြေကြီးကြားတွင် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းသွားကာ မိုးကြိုးအတိဒုက္ခ တိမ်တိုက်များက တောရိုင်းမြေနှင့် ကောင်းကင်ပြည်နယ်ရှိ ကောင်းကင်နှစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

အတိဒုက္ခခံရန် ထထွက်သွားသော အနက်ရောင်ဝတ်ရုံနှင့်လူငယ်ကို ကြည့်ရင်း မူလနေရာတွင်တော့ ကြက်သေသေနေသော အဘိုးအိုလေးတစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး ပါးစပ်ကြီးဟလျက် ဖြစ်နေသည်။

"ဟမ်။"

အတော်ကြာအောင် ကြက်သေသေနေပြီးနောက်...

အဘိုးအိုက အိပ်မက်မှ နိုးလာသကဲ့သို့ အလျင်အမြန် လက်ဖက်ဘူးကို ထုတ်ယူလိုက်ပြီး မယုံနိုင်လောက်အောင် ဖြစ်နေသောမျက်နှာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

"လခွမ်းတဲ့မှ။ ဒီလိုမဖြစ်သင့်ဘူး။ ကံကြမ္မာလက်ဖက်ရည်က ဘယ်တုန်းက ကောင်းကင်နယ်ပယ် တစ်ပိုင်းကို တာအိုသက်သေပြနိုင်တဲ့အာနိသင် ရှိသွားတာလဲ။"

"ငါသောက်တဲ့နည်းလမ်းများ မှားနေလို့လား။ လက်ဖက်ရည်တစ်အိုးလုံးကို ဝေလငါးရေသောက်သလို အားပါးတရ သောက်ချလိုက်ပြီး စိတ်ကိုရှင်းလင်းထားမှ အာနိသင်ကြီးတာလား။"

ထို့နောက်တွင်တော့ မဟာကျင်းမြို့တော်ရှိ လူများအားလုံး အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ကြရသည်။

ဆံပင်နှင့်မုတ်ဆိတ်များ ဖြူဖွေးနေသော အဘိုးအိုတစ်ဦးသည် လက်ဖက်ရည်ကို မရပ်မနားဖျော်နေပြီး လက်ဖက်ရည်အိုးကိုပိုက်ကာ အငမ်းမရ သောက်နေသည်။ တစ်အိုးကုန်လျှင် နောက်တစ်အိုး ထပ်သောက်ကာ လက်ဖက်ရည်မူးလုနီးပါးပင် ဖြစ်နေတော့သည်။

...

All Chapters