← Chapters

အခန်း ၃၇၂

Vol. 26 Ch. 372

အခန်း ၃၇၂

Vol. 26 Ch. 372

အပိုင်း(၃၇၂) ရှေးခေတ်သို့ ရောက်သွားခြင်း၊ နတ်ဘုရား ကောင်းကင်ခုံရုံး

တောင်ဘက်ကောင်းကင်တံခါးအပျက်အစီးများထဲမှ အစက်အပြောက်များပါရှိသော ပွင့်လင်းမြင်သာပြီး ရုပ်ဆိုးလှသည့် ရေဘဝဲလက်တံကဲ့သို့ အမွေးအမျှင်များ တစ်ချောင်းပြီးတစ်ချောင်း တွားသွားထွက်ပေါ်လာ၏။ အရေအတွက်အားဖြင့် သောင်းချီရှိပြီး ပြည့်နှက်နေကာ မြင်ရသူကို ကြက်သီးမွေးညင်းထသွားစေသည်။

ထိုလက်တံများက အနက်ရောင်ဝတ်ရုံနှင့်လူငယ်ကို ဝိုင်းရံလိုက်ပြီး တင်းကျပ်စွာ ရစ်ပတ်လိုက်သည်။ ကြယ်တစ်ပွင့်စာမျှ ကြီးမားလှသော အသားပိုအလုံးကြီးတစ်ခုက ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ထိုအထဲမှ တိုးထွက်လာသည်။ ထိုအသားပိုကြီးပေါ်တွင် မရေမတွက်နိုင်သော မျက်လုံးများ ပေါက်ရောက်နေပြီး အရောင်အသွေး အမျိုးမျိုး ရှိနေသည်။ သွေးရောင်လွှမ်းနေသော မိစ္ဆာမျက်လုံးများ၊ ကရုဏာသက်နေသော မျက်လုံးကောင်းများ၊ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုသည့် မျက်လုံးများ၊ အေးစက်စက် မျက်လုံးများ စသည်ဖြင့်...

မျက်လုံးတစ်လုံးစီ၏ အောက်တွင် ပါးစပ်တစ်ခုစီ ရှိကြပြီး စက်ဝိုင်းပုံစံ ပါးစပ်များထဲတွင် လွှသွားကဲ့သို့ ထက်မြက်သော အစွယ်များ ခွဲဝေပေါက်ရောက်နေ၏။

သာမန်ကျင့်ကြံသူများဆိုလျှင် တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝိညာဉ်ပင်လယ်မှာ အပြင်းအထန် ဒဏ်ရာရသွားနိုင်ပြီး သာမန်လူသားများဆိုလျှင် ဤအရာ၏ ပုံတူပန်းချီကားကို ကြည့်လိုက်ရုံဖြင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားကာ တံတွေးယိုနေသော အရူးများအဖြစ် ပြောင်းလဲသွားနိုင်သည်။

အဆင့်မြင့်လွန်းသော သတ္တဝါများကို တိုက်ရိုက်မကြည့်အပ်ပေ။

နတ်ဘုရားကို တိုက်ရိုက်ကြည့်ခြင်းက ပုရွက်ဆိတ်က နဂါးကြီးကို ရန်စနေသည်နှင့် တူလှသည်။

သူက လောကကြီး စတင်ဖြစ်တည်သောခေတ်က မဟာတာအို နတ်ဘုရားသုံးထောင်ထဲမှ တစ်ပါးဖြစ်သော 「တာအိုမုဆိုး」ပင်။ ရှေးဟောင်းမှတ်တမ်းများတွင် သူ့အကြောင်း စကားတစ်ခွန်းမျှပင် ချန်ထားရစ်ခဲ့ခြင်း မရှိသော်လည်း၊ သူ ပေါ်လာသည့် အခိုက်အတန့်လေးမှာပင် မုန့်ချင်ကျိုး၏ ဦးနှောက်ထဲသို့ ဤအချက်အလက်များ အလိုအလျောက် ဝင်ရောက်လာခဲ့သည်။ ၎င်းမှာ အချိန်-နေရာလွတ်မြစ်ကြီး တစ်ချိန်က မှတ်တမ်းတင်ထားခဲ့သော အတိတ်များပင် ဖြစ်သည်။

[တာအိုမုဆိုး - အမည်နှင့်လိုက်အောင်ပင် စကြဝဠာအသီးသီးရှိ မဟာတာအိုများကို အမဲလိုက်ပြီး၊ တာအိုနိယာမများကို ဝါးမျိုစားသောက်၍ အသက်ရှင်သူ ဖြစ်သည်။ မည်သည့် မဟာတာအိုမဆို သူ၏ အစားအစာများပင် ဖြစ်သည်။ သားရဲကြီး တောက်တီးသည်ပင်လျှင် သူ၏ သွေးမျိုးဆက် အနည်းငယ်ကိုသာ အမွေဆက်ခံထားရသဖြင့် နတ်သားရဲဟူသောအမည်ကို ပေးအပ်ခံရခြင်း ဖြစ်သည်]

ထိုလက်တံများက မုန့်ချင်ကျိုးကို ရစ်ပတ်လိုက်ချိန်တွင် ပွင့်လင်းမြင်သာသော လက်တံများပေါ်ရှိ အစက်အပြောက်များသည် စုပ်ခွက်များကဲ့သို့ သူ၏အရေပြားပေါ်သို့ ကပ်တွယ်လာပြီး တစ်စုံတစ်ရာကို လောဘတကြီး ဝါးမျိုနေကြောင်း သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် အသားပိုကြီးပေါ်ရှိ ပါးစပ်များသည်လည်း ဝါးစားနေကြသည်။ တကယ်တမ်းတွင် ပါးစပ်ထဲ၌ ဘာမှမရှိသော်လည်း အရသာခံကာ စားသောက်နေကြပြီး မရေမတွက်နိုင်သော မျက်လုံးများကလည်း အလွန်အရသာတွေ့နေသကဲ့သို့ အနည်းငယ် ကျဉ်းသွားကြသည်။

"နတ်ဘုရားသုံးထောင်က အစောကြီးကတည်းက သေဆုံးပျက်သုဉ်းသွားခဲ့ပြီ။ အခုဟာတွေက ပုံရိပ်ယောင်တွေ။ တာအိုသက်သေပြကောင်းကင်ဘုံအတိဒုက္ခက ဖန်ဆင်းထားတဲ့ ရုပ်သေးရုပ်တွေ သက်သက်ပဲ။ ဘာလို့ 「တာအိုမုဆိုး」က ငါ့ရဲ့ တာအိုနိယာမတွေကို ဝါးမျိုနိုင်ရတာလဲ။"

"နေပါဦး..."

"အချိန်-နေရာလွတ် မဟာတာအိုဆိုတာက တားမြစ်ထားတဲ့လမ်းစဉ်လို့ နာမည်ကြီးတာ။ ဒီကောင်က အဲဒါကို စားပြီးတော့ ဗိုက်ကွဲမသေဘူးလား။"

မုန့်ချင်ကျိုး လန့်သွားပြီး ချက်ချင်းပင် 「တာအိုမုဆိုး」ကို အကဲခတ်ချင်စိတ် ပျောက်ကွယ်သွားကာ အတွေးတစ်ချက်ဖြင့် ပုစဉ်းရင်ကွဲတေးသံဓားကိုနှိုးပြီး ဤမိစ္ဆာကောင်ကို ခုတ်သတ်ရန် ပြင်လိုက်သည်။

ရုတ်တရက် တာအိုမုဆိုးက ဝါးမျိုခြင်းကို ရပ်တန့်လိုက်သည်။ သူက အရသာရှိသော အစားအစာ၏ သွေးဆောင်မှုကို မခံနိုင်သဖြင့် အထက်လူကြီးသတိမထားမိချိန်တွင် နည်းနည်းခိုးမြည်းစမ်းကြည့်ရုံသာဖြစ်ပုံရပြီး မုန့်ချင်ကျိုးကို ကောင်းကင်ဘုံ၏အတွင်းပိုင်းထဲသို့ ဆွဲခေါ်သွားတော့သည်။

အခြေအနေကို သတိပြုမိသွားသဖြင့် ယခုလေးတင်မှ လေထဲသို့ ထွက်ပေါ်လာသော ပုစဉ်းရင်ကွဲ တေးသံဓားက ချက်ချင်းပင် ပြန်လည်ငြိမ်သက်သွားတော့သည်။

"ဒါလည်း ကောင်းတာပါပဲ။ လင်းရှောင်နန်းတော်ဆိုတဲ့နေရာမှာ ငါ့ကို ဘယ်သူလာစစ်ဆေးမလဲဆိုတာကို ကြည့်ရသေးတာပေါ့။"

မုန့်ချင်ကျိုး ဆက်လက်၍ မရုန်းကန်တော့ဘဲ 「တာအိုမုဆိုး」က သူ့ကို ကောင်းကင်ဘုံ အတွင်းပိုင်းသို့ ဆွဲခေါ်သွားခြင်းကို ငြိမ်သက်စွာ လိုက်ပါသွားလိုက်သည်။

(၃၆)ထပ်မြောက် ကောင်းကင်ဘုံကို ဖြတ်ကျော်သွားပြီးနောက် အမြင့်ဆုံးကောင်းကင်ဘုံဖြစ်သည့် ကောင်းကင်ဘုံ၏ အမြင့်မြတ်ဆုံး ဗဟိုဌာနချုပ် လင်းရှောင်နန်းတော်သို့ ရောက်ရှိသွားသည်။

လမ်းတစ်လျှောက် ဘေးနှစ်ဖက်တွင် နတ်ဘုရားနှင့် မစ္ဆာ အများအပြား ရှိနေကြပြီး မုန့်ချင်ကျိုးကို ကျားတစ်ကောင်က သားကောင်ကို ချောင်းကြည့်သကဲ့သို့ စူးစိုက်ကြည့်နေကြသည်။

အချိန်-နေရာလွတ် မဟာတာအို ကျင့်ကြံသူဆိုသည်မှာ လောကကြီး စတင်ဖြစ်တည်သည့်ခေတ်တွင်ပင် ပေါ်ပေါက်ခဲ့ဖူးခြင်းမရှိပေ။ မဟာတာအိုနတ်ဘုရားသုံးထောင်ထဲတွင် အချိန်-နေရာလွတ်ကို ပေါင်းစပ် ပိုင်ဆိုင်သူ တစ်ပါးမျှ မရှိပေ။ အချိန် နတ်ဘုရား၊ နေရာလွတ် နတ်ဘုရားဟူ၍ သီးသန့်စီ ရှိသော်လည်း အချိန်-နေရာလွတ်ကို တစ်ပြိုင်နက် ပိုင်ဆိုင်သည့် နတ်ဘုရား မရှိခဲ့ပေ။

...

...

လင်းရှောင်နန်းတော်။

နတ်ဘုရားသုံးထောင်ထဲမှ ရာထူးအမြင့်ဆုံး အစုအဖွဲ့သည် ထိုနေရာတွင် ရပ်တည်နေကြသည်။ ၎င်းတို့အထဲတွင် အချိန်နတ်ဘုရား၊ နေရာလွတ်နတ်ဘုရား၊ ဓားတာအိုနတ်ဘုရား၊ သေမင်းတမန် တိတ်ဆိတ်ခြင်း နတ်ဘုရား၊ ဖန်ဆင်းခြင်းနတ်ဘုရား၊ စစ်ပွဲနတ်ဘုရား စသည်ဖြင့် ပါဝင်ကြသည်...

တစ်ခုတည်းသော အမြင့်မြတ်ဆုံး ရာဇပလ္လင်ပေါ်တွင်မူ သွေးစွန်းနေသော မျက်လုံးတစ်လုံးသာ ရှိနေ၏။ ကြည့်ရသည်မှာ လူသားတစ်ဦး၏ မျက်လုံးနှင့် တူနေပြီး ပလ္လင်ပေါ်တွင် အထီးကျန်စွာ တည်ရှိနေသည်။

ကောင်းကင်ဘုံနှင့် မဟာတာအို နတ်ဘုရားသုံးထောင်ကို အုပ်စိုးသည့် အမြင့်မြတ်ဆုံး အရှင်သခင်က... မျက်လုံးတစ်လုံး ဖြစ်နေတယ်။

မုန့်ချင်ကျိုးက နတ်ဘုရားအာရုံကို အားကိုး၍ တစ်လက်မချင်းစီ စူးစမ်းရှာဖွေကြည့်ရာ ၎င်းမှာ အလုံးပုံစံ ဖြစ်နေကြောင်း တွေ့ရှိရပြီး ဖြည်းဖြည်းချင်း ပုံဖော်ကြည့်လိုက်သည့် နောက်ဆုံးရလဒ်ကြောင့် သူ သတိလွတ်သွား လုနီးပါးပင် ဖြစ်သွားရသည်။

"ဒါ ဘယ်သူ့ရဲ့ မျက်လုံးလဲ။"

"မျက်လုံးတစ်လုံးတည်းနဲ့တင် ကောင်းကင်ဘုံကို အုပ်စိုးနိုင်တယ်ဆိုရင်တော့ ဒီမျက်လုံးရဲ့ပိုင်ရှင်က ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ။"

ရာဇပလ္လင်ပေါ်ရှိမျက်လုံးက အောက်ဘက်တွင် ပွင့်လင်းမြင်သာသော လက်တံများဖြင့် ချည်နှောင်ခံ ထားရသည့် အရိပ်သဏ္ဌာန်ကို စိုက်ကြည့်ရင်း ဟင်းလင်းပြင်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

"တာအိုမုဆိုး၊ မင်း ဆုတ်ခွာသွားလိုက်တော့။"

"ဧည့်သည်၊ မင်းက လူသားတစ်ယောက် ဖြစ်နေတာပဲ။ ဒီခေတ်က လူသားတွေဟာ အမွေးအမျှင်တွေနဲ့ သွေးစိမ်းသားစိမ်းတွေကို စားသောက်နေကြတုန်းပဲ ရှိသေးပြီးတော့ မျိုးနွယ်စု အရေအတွက်ကလည်း ထောင်ဂဏန်းလောက်ပဲ ရှိတယ်။ ဒါပေမဲ့ မင်းကတော့ သိသိသာသာကို ဉာဏ်ပညာ မြင့်မားပြီးတော့ အတွေ့အကြုံလည်း များတယ်။ ကောင်းကင်ဘုံက မင်းလိုတည်ရှိမှုကို ဘာလို့ တစ်ခါမှ မစုံစမ်းမိခဲ့တာလဲ။"

"ပြောစမ်း၊ မင်းက ဘယ်ကလာတာလဲ။ ပြီးတော့ တာအိုကို ဘယ်လိုသက်သေပြခဲ့တာလဲ။"

တာအိုမုဆိုး၏ ပွင့်လင်းမြင်သာသောလက်တံများက မုန့်ချင်ကျိုးကို လွှတ်ပေးလိုက်ပြီး အသံတိတ် ဆုတ်ခွာသွားတော့သည်။

မုန့်ချင်ကျိုးက ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ပြီး လက်ကောက်ဝတ်ကို လှည့်ကာ လည်ပင်းကို ပုတ်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဘယ်သူ့ကို လာဟန်ဆောင်ပြနေတာလဲ။ ကောင်းကင်တာအိုဆန္ဒ၊ တာအိုသက်သေပြကောင်းကင်ဘုံအတိဒုက္ခကော ဘယ်မှာလဲ။၊ အမြန်ထုတ်ပေးစမ်းပါ။"

ဤအရာအားလုံးက ပုံရိပ်ယောင်များသာ ဖြစ်သည်။ ကောင်းကင်တာအို၏ဆန္ဒက ဖန်ဆင်းထားသော အတုအယောင်ကောင်းကင်ခုံရုံးသာဖြစ်ပြီး ဤနေရာတွင် တကယ့်ရှေးဟောင်းကောင်းကင်ခုံရုံးအဖြစ် ဟန်ဆောင်နေခြင်း ဖြစ်သည်။

ရယ်စရာကောင်းလိုက်တာ။

သို့သော်လည်း သူ ဤစကားကို ပြောလိုက်သည်နှင့် ထိုနေရာတွင် ရှိနေသော နတ်ဘုရား အားလုံးအပါအဝင် ရာဇပလ္လင်ပေါ်ရှိ မျက်လုံးပါမကျန် အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

အတော်ကြာသွားပြီးနောက်မှ နတ်ဘုရားတစ်ပါးက လူသားတို့၏စကားကို တုပကာ ပြောလိုက်သည်။ "ကောင်းကင်တာအို ဟုတ်လား။"

ရာဇပလ္လင်ပေါ်ရှိ မျက်လုံး၏သူငယ်အိမ်က အေးစက်သွားသည်။ "ကနဦးဖရိုဖရဲစကြဝဠာကြီးမှာ ကောင်းကင်တာအိုဆိုတာ ဘယ်ကလာတာလဲ။ ဘယ်သူကများ ကောင်းကင်လို့ သူ့ကိုယ်သူ ခေါ်ရဲတာလဲ။"

"လူသား... မဟုတ်သေးဘူး။ မင်းက ဒီခေတ်ကသက်ရှိ မဟုတ်ဘူးပဲ။ အတိတ်မှာလည်း မရှိခဲ့ဘူး၊ ပစ္စုပ္ပန်နဲ့လည်း မသက်ဆိုင်ဘူး..."

"မင်းက တကယ်တမ်း ဘယ်သူလဲ။ သာမန်လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး အချိန်-နေရာလွတ် မဟာတာအိုလမ်းစဉ်ကို လျှောက်လှမ်းနိုင်ရတာလဲ။"

ချက်ချင်းပင် မရေမတွက်နိုင်သော အငွေ့အသက်များက အနက်ရောင်ဝတ်ရုံနှင့် လူငယ်ကို ပစ်မှတ်ထားလိုက်ကြပြီး၊ ၎င်းတို့အထဲတွင် အချိန် နတ်ဘုရား၊ နေရာလွတ် နတ်ဘုရားတို့က စိတ်ဝင်စားမှု အကြီးမားဆုံး ဖြစ်နေကြသည်။

ထိုစကားများကို ကြားလိုက်ရပြီး လက်ရှိနတ်ဘုရားများ၏ စိတ်လှုပ်ရှားမှုနှင့် တုံ့ပြန်မှုများကိုပါ ပေါင်းစပ် စဉ်းစားကြည့်လိုက်သောအခါ...

မုန့်ချင်ကျိုး အံ့ဩမှင်သက်သွားပြီး ဦးနှောက်က ချက်ချင်းပင် အလုပ်မလုပ်တော့သကဲ့သို့ ဖြစ်သွားကာ နားမလည်နိုင်စွာဖြင့် ခေါင်းကို ကုတ်လိုက်မိသည်။

ဝှက်သယ်ဖတ်။

ဘာကြီးလဲဟ။ ဒီနေရာက တကယ့် ရှေးဟောင်းကောင်းကင်ခုံရုံးကြီး ဖြစ်နေသလိုပဲ။

"ရိုင်းတယ်လို့မထင်ရင် တစ်ခုလောက် မေးပါရစေ။ ဒီကသတ္တဝါတွေ ကျင့်ကြံပြီး ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြမယ်ဆိုရင် အားလုံးက ကောင်းကင်ခုံရုံးရဲ့ စစ်ဆေးမှုကို ဖြတ်သန်းရတာလား။" မုန့်ချင်ကျိုးက စမ်းသပ်သည့်သဘောဖြင့် မေးလိုက်သည်။

အချိန် နတ်ဘုရားသည် ဝေဝါးနေသော အလင်းတန်းကြီးတစ်ခု ဖြစ်သည်။ သူက မုန့်ချင်ကျိုး၏ စကားကိုတုပကာ ပြောလိုက်သည်။ "ဒါပေါ့။"

"ကောင်းကင်ခုံရုံးက မဟာတာအို ဆင့်ကဲဖြစ်စဉ် (၄၉)ပါးကို ထိန်းချုပ်ထားပြီးတော့ စနစ်စည်းမျဉ်း အားလုံးကို ရေးဆွဲထားတာပဲ။ သတ္တဝါတွေ ကျင့်ကြံပြီးတော့ အတိဒုက္ခကို ဖြတ်ကျော်ရတာတွေ အားလုံးက ကောင်းကင်ခုံရုံးက သတ်မှတ်ထားတဲ့ စံနှုန်းတွေပဲ။ ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြမယ့်သူတွေဟာ ကောင်းကင်လမ်းကို တက်ရမယ်။ အတိဒုက္ခကို ဖြတ်ကျော်ရမယ်။ တောင်ဘက်ကောင်းကင်တံခါး အပြင်ဘက်မှာ သုံးကြိမ်ကန်တော့ရမယ်။ တာအိုသက်သေပြလို့ အောင်မြင်သွားရင်တော့ ချက်ချင်းပဲ ကောင်းကင်ဘုံရဲ့ နတ်ဘုရားရာထူးကို ရရှိမယ်။ ကျရှုံးသွားရင်တော့ သံသရာထဲဝင်ရောက်ပြီး အစကနေ ပြန်စရမယ်။"

ဆိုလိုသည်မှာ ဤခေတ်ရှိ သက်ရှိများ ကျင့်ကြံခြင်းက ကောင်းကင်ခုံရုံးအပေါ်တွင် မှီခိုနေရသည်။ ကျင့်ကြံသူများ အတိဒုက္ခကို ဖြတ်ကျော်ရာတွင် ကောင်းကင်ဘုံအတိဒုက္ခ မည်မျှကျရောက်မည်၊ ကောင်းကင်ဘုံ အတိဒုက္ခ၏ပြင်းအား စံနှုန်းမည်မျှရှိမည် စသည်တို့အားလုံးက သက်ဆိုင်ရာစည်းမျဉ်းများ ရှိနေခြင်း ဖြစ်သည်။

လခွမ်းတဲ့မှ။ ဒါက ကောင်းကင်တာအိုပဲ မဟုတ်ဘူးလား။

တကယ်တော့ ရှေးဟောင်း ကောင်းကင်ခုံရုံးဆိုတာ ကောင်းကင်တာအိုနဲ့ အတူတူပဲကိုး။

အချိန် နတ်ဘုရားက ပို၍စိတ်ဝင်စားလာပြီး ပြောလိုက်သည်။ "မင်းက တကယ်ပဲ ဒီခေတ်က သက်ရှိ မဟုတ်ဘူးပဲ။ ဒီအဆင့်အထိ ကျင့်ကြံလာနိုင်တာတောင် အခြေခံအကျဆုံး ဗဟုသုတလေးကိုတောင် မသိဘူး။"

ထိုခဏတွင်၊ နတ်ဘုရားအားလုံးက သူ့ကို စူးစိုက်ကြည့်နေကြသည်။

အနာဂတ်မှာ လူသားမျိုးနွယ်က ကြီးပွားတိုးတက်လာတာလား။

ကောင်းကင်တာအိုဆိုတာကရော ဘာလဲ။

ဘာဖြစ်လို့ ဒီလူသားက ကောင်းကင်ခုံရုံးရဲ့ စည်းမျဉ်းတွေကို တစ်ခုမှ မသိရတာလဲ။ အနာဂတ်မှာ ကောင်းကင်ခုံရုံးကြီး ပျက်သုဉ်းသွားလို့များလား။

နတ်ဘုရားများသည် ငတုံးများ မဟုတ်ကြပေ။ သူတို့က ကနဦးဖရိုဖရဲစကြဝဠာကြီး၏ ဉာဏ်ပညာ ၉၉%ကို ပိုင်ဆိုင်ထားကြသဖြင့် ချက်ချင်းပင် မေးခွန်းများစွာကို တွေးမိသွားကြသည်။

"လူသား၊ ငါ့ကို ပြောစမ်း။ အနာဂတ်က တကယ်တမ်း ဘယ်လိုမျိုးလဲ။" ရာဇပလ္လင်ပေါ်ရှိ မျက်လုံးက မေးမြန်းလိုက်သည်။

"ငါ့ကိုပြောပြ။ ကောင်းကင်တာအိုဆိုတာ ဘာလဲ။ အနာဂတ်မှာ ကောင်းကင်ခုံရုံးက သမိုင်းထဲမှာ အပြီးတိုင် ပျောက်ကွယ်သွားတာလား။"

"ပြောပြမယ်ဆိုရင် မင်းကို အခွင့်အရေးကောင်းတစ်ခု ငါ ချီးမြှင့်မယ်။”

...

All Chapters