အခန်း ၃၇၄
Vol. 26 Ch. 374
အပိုင်း(၃၇၄) အချိန်ဝိရောဓိနှင့် နောက်ကွယ်မှကြိုးကိုင်သူ
သေဒဏ်ပေးမယ် ဟုတ်လား။
မုန့်ချင်ကျိုးက ခဏလောက် စဉ်းစားခန်းဖွင့်လိုက်ပြီး သူ၏ ဓားအသိပိုင်နက်ဖြင့် အကြမ်းဖျင်း ဖတ်ကြည့်လိုက်ရာ သူအာရုံခံနိုင်သော အပြင်ပန်းမှာတင် ကောင်းကင်နယ်ပယ် တန်ခိုးရှင် ရာဂဏန်းလောက် ရှိနေသည်။
ရှေးဟောင်းမှတ်တမ်းတစ်ခုတွင် ဖတ်ခဲ့ဖူးသော အကြောင်းအရာကို သူ ပြန်တွေးမိသွား၏။
မဟာတာအို နတ်ဘုရားသုံးထောင်ဆိုတာက ကောင်းကင်နယ်ပယ်သုံးထောင်ပဲ။ သူတို့က မဟာတာအိုနဲ့အတူ ယှဉ်တွဲမွေးဖွားလာပြီတော့၊ ကောင်းကင်နယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ထာဝရ ရပ်တန့်နေကြတယ်။ မွေးကတည်းက ဒီအတိုင်းပဲဖြစ်ပြီး နောင်လည်း ထပ်ပြီးအဆင့်တက်ဖို့ မဖြစ်နိုင်တော့ဘူး။
တစ်နည်းအားဖြင့်ပြောရရင်တော့ ရှေးဟောင်း ကောင်းကင်ခုံရုံးကြီး တစ်ခုလုံးမှာ အနည်းဆုံး ကောင်းကင်နယ်ပယ် အထွတ်အထိပ် တန်ခိုးရှင် သုံးထောင်လောက် ရှိနေတယ်။
ငါက အခုမှ ကောင်းကင်နယ်ပယ်တစ်ပိုင်းမှာပဲ တစ်ဆို့နေပြီးတော့ တာအိုကို အပြည့်အဝ သက်သေမ ပြရသေးဘူ။ ဘယ်လောက်ပဲ ကောင်းကင်ကို အန်တုနိုင်ပါစေ ရှေးဟောင်း ကောင်းကင်ခုံရုံးကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး။
ထိုအချက်ကို တွေးမိလိုက်ရာတွင်။
လက်ရှိအခြေအနေက ပို၍အန္တရာယ်များနေကြာင်း မုန့်ချင်ကျိုး ရုတ်တရက် သတိပြုမိသွားသည်။
"အက်စ်သုံးလုံးအဆင့် ဘော့စ်မြေအောက်သင်္ချိုင်း"ထဲကို မှားဝင်လာမိတာပဲ။
ခဏအကြာတွင် သူ အသိစိတ် ပြန်ဝင်လာ၏။
မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ခေါင်းထဲတွင် အတွေးများက လျင်မြန်စွာ လည်ပတ်နေသည်။
နတ်ဘုရားတွေက ငါ့ကို သတ်ဖို့ အလျင်မလိုသေးဘူးဆိုတော့ ငါ့ကို သုံးသပ်အကဲဖြတ်နေတုန်းပဲ ဆိုတဲ့ သဘောပဲ။ ငါက အသုံးဝင်သလား၊ မဝင်ဘူးလားဆိုတာကို ဘယ်စံနှုန်းနဲ့ သတ်မှတ်မှာလဲ။
သေချာတာကတော့ သူတို့တွေ အနာဂတ်ကို အရမ်း စိတ်ဝင်စားနေကြတာပဲ။ ဒါက ငါ့အတွက် အသုံးချစရာ အကွက်ပဲ။
သူတို့ရဲ့ လိုအင်ဆန္ဒကို တစ်ကြိမ်တည်းနဲ့ အကုန်ဖြည့်ဆည်းပေးလိုက်လို့ မရဘူ။ မဟုတ်ရင် ငါ့မှာ အားကိုးစရာမရှိတော့ဘဲ နတ်ဘုရားတွေ ချက်ချင်းမျက်နှာပြောင်တိုက်ပြီး ရန်သူလို ဆက်ဆံလာနိုင်တယ်။
ထိုအထိ တွေးမိသွားပြီးနောက်။
မုန့်ချင်ကျိုးက စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်တယ်သည်။
"အနာဂတ်နဲ့ပတ်သက်ပြီး ကျုပ် လောလောဆယ် နည်းနည်းပဲ ပြောပြနိုင်မယ်။ နတ်ဘုရားတွေရဲ့ ကောင်းကင်ခုံရုံးကြီးက တကယ်ပဲ ပျက်သုဉ်းသွားခဲ့တယ်။ ဘာလို့ပျက်သုဉ်းသွားရလဲဆိုတဲ့ အကြောင်းကတော့ အမြဲတမ်း ပဟေဠိတစ်ခု ဖြစ်နေခဲ့တယ်။ ကောင်းကင်တာအို တစ်ခုတည်းပဲ သိလိမ့်မယ်လို့ ထင်တယ်။"
ထိုစကားကို ကြားလိုက်ရသောအခါ၊ လင်းရှောင်နန်းတော်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
နတ်ဘုရားနှင့်မိစ္ဆာများက စကားတစ်ခွန်းမှမဟဘဲ ထိုလူသား၏စကားများက မည်မျှမှန်ကန်ကြောင်ကို သုံးသပ်နေကြသည်။
တိတ်ဆိတ်နေပုံရသော ခန်းမဆောင်ကြီးထဲတွင်။
တကယ်တမ်းမှာ နတ်ဘုရားနှင့်မိစ္ဆာများက ကိုယ်ပိုင်ဘာသာစကားဖြင့် အဆက်မပြတ် ဆက်သွယ်၍ ပြောဆိုနေကြခြင်း ဖြစ်သည်။ အသံလှိုင်းထွက်ပေါ်ရန် မည်သည့်ကိုယ်အင်္ဂါအစိတ်အပိုင်းကိုမှ သုံးစရာမလိုဘဲ စိတ်ထဲမှတွေးလိုက်ရုံနဲ့ ဝိညာဉ်ချိတ်ဆက်ပြီး တစ်ဖက်လူ၏ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း သိနိုင်ကြသည်။
အချိန်နတ်ဘုရားက အချိန်တာအိုနိယာမအပေါ် အလွန်အားကောင်းသော ထိန်းချုပ်နိုင်စွမ်းရှိပြီး ထိုနေရာတွင် သြဇာအာဏာရှိသည့်အတွက်သူက နတ်ဘုရားအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။
အနက်ရောင်ဝတ်ရုံနှင့်လူသားက အနာဂတ်မှ ရောက်လာသည်မှာ သေချာပြီး သူကျင့်ကြံထားသော တာအိုနိယာမကလည်း အချိန်နှင့်သက်ဆိုင်နေကြောင်းကို အတည်ပြုပေးလိုက်သည်။
နေရာလွတ်နတ်ဘုရားနှင့်မိစ္ဆာကလည်း အနက်ရောင်ဝတ်ရုံနှင့်လူသားဆီမှ နေရာလွတ်တာအိုနိယာမ၏ လှိုင်းဂယက်များကို ခံစားမိကြောင်း ထောက်ခံပြောဆိုလိုက်သည်။
၎င်းက ထိုလူသည် မည်သည်ကြောင့် အနာဂတ်မှအတိတ်ကို ဆင်းသက်လာနိုင်ရကြောင်းကို သွယ်ဝိုက်သောနည်းနှင့် သက်သေပြနေ၏။ သူ ကျင့်ကြံထားသော အချိန်-နေရာလွတ် မဟာတာအိုလမ်းစဉ်နှင့် ဆက်စပ်နေဖို့များလေသည်။
ခံစားချက်နတ်ဘုရားနှင့်မိစ္ဆာကလည်း ထပ်မံအကဲဖြတ်ပြီး ထိုလူသား လိမ်ညာနေသော အရိပ်အယောင် ရှိမရှိ စစ်ဆေးကြည့်ရာ မရှိဟု ရလာဒ် ထွက်ပေါ်လာ၏။
နောက်ဆုံး ကောက်ချက်ချလိုက်သည်မှာ အနာဂတ်တွင် နတ်ဘုရားနှင့်မိစ္ဆာတို့၏ ကောင်းကင်ခုံရုံးကြီး အမှန်တကယ် ပျက်သုဉ်းသွားပြီ ဆိုသည်ကိုပင်။
ရာဇပလ္လင်ပေါ်မှ မျက်လုံးကြီးက နတ်ဘုရားများ၏ စကားဝိုင်းထဲကိုဝင်လာပြီး စကားတစ်ခွန်းတည်းသာ ပြောလိုက်သည်။
"နတ်ဘုရား ကောင်းကင်ခုံရုံးကြီး ပျက်သုဉ်းသွားတာကနေ အကျိုးအမြတ် အများဆုံရးတဲ့သူက ဘယ်သူလဲ။"
နတ်ဘုရားများအားလုံးက အနက်ရောင်ဝတ်ရုံနှင့်လူငယ် ပြောခဲ့သော ကောင်းကင်တာအို ဆိုသည်ကို ချက်ချင်း ပြေးသတိရသွားကြသည်။
စက္ကန့်အနည်းငယ်အတွင်းပင် နတ်ဘုရားများက မုန့်ချင်ကျိုး၏ စကားတစ်ခွန်းတည်းမှ အမှန်တရားနှင့် အနီးစပ်ဆုံး ကောက်ချက်ကို ဆွဲထုတ်နိုင်ခဲ့ကြ၏။
လူသားနှင့် ဆက်ပြောနေစရာကို မလိုတော့ပေ။
မျက်လုံးကြီးက လူသားစကားသံကို တုပပြီး မုန့်ချင်ကျိုးကို ကြည့်ကာ ပြောလိုက်သည်။
"ဒါဆို ကောင်းကင်ခုံရုံးကြီးကို ဖျက်ဆီးပစ်ခဲ့တာက သူ့ကိုယ်သူ ကောင်းကင်တာအိုလို့ ခေါ်တဲ့သူပေါ့။ ငါပြောတာ မှန်တယ်မလား။"
ထိုစကားကို ကြားလိုက်ရတဲ့အခါ မုန့်ချင်ကျိုး စိတ်ထဲ လန့်သွား၏။
လခွမ်းတဲ့မှ။
ကောင်းကင်ကိုတောင် အန်တုနိုင်တဲ့ ဘော်ဒါတွေပဲ။ ဒီလိုနဲ့တင် ခန့်မှန်းမိသွားပြီပေါ့။
"ကျုပ်လည်း သေချာမသိဘူး။ ဒါပေမဲ့ နှောင်းခေတ်က မှတ်တမ်းတွေထဲမှာတော့ ဒီလိုခန့်မှန်းချက်မျိုး တကယ်ရှိတယ်။" မုန့်ချင်ကျိုးလည်း ရိုးရိုးသားသားပင် ဖြေလိုက်ရတော့သည်။
ဘယ်လိုပဲဖြစ်ဖြစ် အများစုကို မှန်အောင်ခန့်မှန်းမိသွားပြီဆိုတော့ လေစုန်နဲ့ရွက်လွှင့်ပြီး မျက်နှာလုပ် လိုက်တာကမှ ပိုကောင်းဦးမယ်။
မျက်လုံးကြီး၏ အကြည့်များက တဖြည်းဖြည်း အေးစက်လာပြီး မေးလိုက်သည်။
"ကောင်းကင်တာအိုဆိုတာ ဘာလဲ။ နာမည်က ဘယ်သူလဲ။"
၎င်းနှင့် ပတ်သက်၍။
ကနဦး ဖရိုဖရဲစကြဝဠာကြီးကို ဖိနှိပ်စိုးမိုးထားသော နတ်ဘုရားနှင့်မိစ္ဆာ ကောင်းကင်ခုံရုံးကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ ကောင်းကင်တာအိုက တကယ်တမ်း ဘာကောင်လဲဆိုသည်ကို နတ်ဘုရားများကလည်း အလွန် စူးစမ်းချင်နေကြသည်။
မုန့်ချင်ကျိုးက ခေါင်းကို ခပ်ဖွဖွ ရမ်းလိုက်သည်။
"ကျုပ် ထပ်ပြောလို့ မရတော့ဘူး။ ဒါက အတော်လေး ကြီးမားတဲ့ အကြောင်းအကျိုး ကံကြမ္မာတွေ ပါဝင်နေတယ်။ တကယ်လို့ ကျုပ်ရဲ့ဒီစကားတွေကြောင့် သမိုင်းလမ်းကြောင်းကြီး ပြောင်းလဲသွားမယ်ဆိုရင် အချိန်-နေရာလွတ်မြစ်ကြီးရဲ့ ကံကြမ္မာ လမ်းကြောင်းတစ်ခုလုံး ပြိုလဲသွားနိုင်တယ်။ အခုအချိန်ကစပြီးတော့ နောင်လာမယ့် သမိုင်းကြောင်းတွေအားလုံး ပျက်သုဉ်းသွားလိမ့်မယ်။ အကျိုးဆက်က အရမ်းဆိုးရွားလွန်းတော့ ဘယ်သူမှ တာဝန်ယူနိုင်မှာ မဟုတ်ဘူး။"
မဟာတာအို နတ်ဘုရားသုံးထောင်၏ စိတ်ထဲတွင်တော့ လှိုင်းလုံးကြီးများလို ပြင်းထန်သော ရိုက်ခတ်မှုများ ဖြစ်သွားသည်။
သာမန်နေ့စဉ်ဘဝကြီးထဲတွင် အနာဂတ်ကလူတစ်ယောက် ရုတ်တရက် ပေါ်လာပြီး ကမ္ဘာပျက်မည့် အနာဂတ္တိစကားကိုပါ သယ်ဆောင်လာလိမ့်မည်လို့ သူတို့ အမှန်တကယ် ထင်မထားခဲ့ကြပေ။
မဟာတာအိုနှင့်အတူ ယှဉ်တွဲမွေးဖွားလာကြသော အမြင့်မြတ်ဆုံး နတ်ဘုရားများ၏ ရေတွင်းအိုကြီးလို တည်ငြိမ်နေသည့် စိတ်အခြေအနေကို အမှန်တကယ် ချိုးဖျက်ပစ်လိုက်နိုင်သည်။
လက်မခံနိုင်သော နတ်ဘုရားနှင့်မိစ္ဆာတချို့လည်း ရှိနေပြီး သူတို့က အချင်းချင်းကြား ဆက်သွယ်သော နည်းလမ်းနှင့် ပြောဆိုနေကြ၏။
"ကောင်းကင်ဘုံက သမိုင်းထဲ ရောက်သွားမယ်ဆိုတာ ရယ်စရာပဲ။ ကနဦး ဖရိုဖရဲစကြဝဠာကြီး တစ်ခုလုံးမှာ ကောင်းကင်ခုံရုံးကပဲ ဩဇာအာဏာအကြီးဆုံးလေ။ စကြဝဠာရဲ့ စည်းမျဉ်းတွေကိုတောင် ကောင်းကင်ခုံရုံးက ရေးဆွဲထားတာ။ ဘယ်သူကများ ဒါတွေအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်မှာလဲ။"
"လူသားတွေက ကောက်ကျစ်စဉ်းလဲတယ်။ သူ့စကားတွေကို အကုန်ယုံလို့ မရဘူး။ ကောင်းကင်ခုံရုံးက အရပ်လေးမျက်နှာကို အုပ်စိုးထားတယ်။ ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြတဲ့ ဘယ်သူမဆို ကောင်းကင်ခုံရုံးထဲ ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ရမှာပဲ။ ဒီကောင်းကင်တာအိုဆိုတဲ့ကောင်ကို ကူညီပြီး ကောင်းကင်ခုံရုံးကို ဖျက်ဆီးမယ့်သူက ဘယ်သူများလဲ။"
"အကုန်ယုံလို့မရပေမယ့် မယုံဘဲနေလို့လည်း မရဘူး။ အားနည်းတဲ့ လူသားတစ်ယောက်အနေနဲ့ နတ်ဘုရားတွေတောင် မထိတွေ့နိုင်တဲ့ အချိန်-နေရာလွတ် မဟာတာအိုပေါ်ကို လျှောက်လှမ်းနိုင်တယ် ဆိုကတည်းက ပြဿနာတစ်ခုခု ရှိနေတယ်ဆိုတာကို ပြသနေတာပဲ။"
"ဟုတ်တယ်။ နတ်ဘုရားတွေတောင် ခြေမချနိုင်တဲ့ အချိန်-နေရာလွတ် မဟာတာအိုကို လူသား တစ်ယောက်က ပိုင်ဆိုင်ထားတယ်။ တကယ်လို့ အနာဂတ်မှာ နတ်ဘုရားတွေ တကယ်ရှိနေသေးရင် သူ့ကို ဒီအတိုင်းပစ်ထားမှာ မဟုတ်ဘူး။ အခုတော့ သူက ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြတဲ့ လမ်းကြောင်းတောင် မှားယွင်းသွားတဲ့အထိ ဖြစ်နေရတယ်။"
...
...
နတ်ဘုရားများက အချေအတင် ဆွေးနွေးကြသော်လည်း နောက်ဆုံးတွင် တစ်ဖက်နှင့်တစ်ဖက် သဘောတူလက်ခံအောင် မပြောနိုင်ခဲ့ကြပေ။
သို့သော်လည်း သူတို့၏ စိတ်ထဲတွင်တော့ ရှင်းရှင်းလင်းလင်း သိနေကြသည်။ ဤလူသားကျင့်ကြံသူ ပြောသွားသော အနာဂတ္တိစကားက ၈၀% ၊ ၉၀%ခန့် အမှန်ဖြစ်နိုင်ကြောင်း ဆိုသည်ကိုပင်။
နတ်ဘုရားများကြား စိုးရိမ်ပူပန်မှုများ တဖြည်းဖြည်း လွှမ်းမိုးလာပြီး ကောင်းကင်တာအို ဆိုသည်မှာ တကယ်တမ်း ဘာကောင်လဲဆိုသည်ကို မစောင့်ဆိုင်းနိုင်လောက်အောင် သိချင်လာကြသည်။
ရာဇပလ္လင်ပေါ်မှ မျက်လုံးကြီး၏ အကြည့်ထဲ၌ပင် အလျင်လိုမှုများ ကိန်းအောင်းနေ၏။
"အကြောင်းအကျိုး ကံကြမ္မာတဲ့လား။ ရယ်စရာကောင်းတဲ့စကားပဲ။"
"တစ်မျိုးပြောင်းတွေးကြည့်ရအောင်။ မင်း ဒီနေရာမှာ ပေါ်လာနိုင်တယ် ဆိုကတည်းက ပြဿနာတွေ တော်တော်များများကို ပြသနေပြီ။ တခြားရှုထောင့်ကနေ စဉ်းစားကြည့်။ တကယ်လို့ မင်းရဲ့ပေါ်ထွက်လာမှုက သမိုင်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်နေခဲ့မယ်ဆိုရင်ကော။ မင်းမပြောရင်သာ အချိန်လမ်းကြောင်းကြီး ပြိုလဲသွားနိုင်ပြီးတော့ မင်း ပြောလိုက်တာကမှ သမိုင်းကြောင်းနဲ့ ကိုက်ညီသွားတာမျိုး ဖြစ်နေနိုင်တယ်။"
"မင်း ဘယ်လိုထင်လဲ။"
မုန့်ချင်ကျိုး၏နဖူးပေါ်တွင် အမည်းရောင် မျဉ်းကြောင်း သုံးကြောင်း ပေါ်လာသည်။
သူက စိတ်ထဲတွင်တော့ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
သွားသေလိုက်ပါလား။ ဘယ်ခွေးက ခင်ဗျားနဲ့ အချိန်ဝိရောဓိတွေ အကြောင်း ဆွေးနွေးနေလို့လဲ။ ကျုပ်က အသုံးချစရာအကွက်တွေ ပိုရအောင် လုပ်ချင်ရုံ သက်သက်ပဲကို။
ဒီပညာရပ်ပိုင်းဆိုင်ရာပြဿနာကို တကယ်ကြီး ဆွေးနွေးရမယ်ဆိုရင် လောကကြီး စတင်ဖြစ်တည်တဲ့ ခေတ်ကနေ ခေတ်သစ်သမိုင်းအထိ ဆွေးနွေးရင်တောင် ဆုံးမှာ မဟုတ်ဘူး။
"တောင်းပန်ပါတယ်။ ကျုပ်ကို စဉ်းစားဖို့ အချိန်နည်းနည်းပေးပါ။ ဒီအကြောင်းအကျိုး ကံကြမ္မာရဲ့ အလေးချိန်က အရမ်းကြီးမားလွန်းတယ်။ ကျုပ်ရဲ့ ဒီနေ့ဆုံးဖြတ်ချက်က လောကစကြဝဠာအားလုံး၊ အတိတ် ပစ္စုပ္ပန် အနာဂတ်၊ ပြီးတော့ ရေတွက်မရနိုင်တဲ့ အသက်တွေ အများကြီးနဲ့ သက်ဆိုင်နေလို့ သေချာဂရုတစိုက် ရွေးချယ်ဖို့ လိုအပ်တယ်။" မုန့်ချင်ကျိုးက တည်ငြိမ်စွာပင် ပြောလိုက်သည်။
စကားကို လုံးဝလမ်းပိတ်မသွားစေဘဲ ချန်ထားလိုက်၏။ မဟုတ်လျှင် အခြေအနေ ဆိုးရွားသွားနိုင်သည်။ နတ်ဘုရားနှင့်မိစ္ဆာများက မျှော်လင့်ချက် မရှိတော့ကြောင်း သိသွားလျှင် ခွေးကိုလှောင်ပိတ်ပြီးပိတ်ရိုက်ရင် လူကိုပြန်ကိုက်သလိုမျိုး နည်းလမ်းပေါင်းစုံသုးပြီး အတင်းအကျပ် စစ်မေးလာနိုင်သည်။
ကွက်လပ် ချန်ထားခဲ့တာက အကောင်းဆုံးပဲ။ ကွက်လပ်ချန်ထားတတ်မှပဲ ရှေ့တိုးနောက်ဆုတ်လုပ်ဖို့ နေရာရှိမှာလေ။
ထင်ထားသည့်အတိုင်းပင်။
နတ်ဘုရားများ မည်မျှလောက် အလျင်လိုနေပါစေ၊ ထိုကားကို ကြားလိုက်ရသောအခါ နှာခေါင်းပိတ်ပြီး သည်းခံလိုက်ကြရတော့သည်။
ရာဇပလ္လင်ပေါ်မှ မျက်လုံးကြီးက ပြောလိုက်သည်။
"ကောင်းပြီလေ။"
"မင်းရဲ့အဖြေကို ငါ ကျေနပ်တယ်။ အရင်က ကတိပေးထားတဲ့အတိုင်း မင်းရဲ့အမှားကို ပြင်ဆင်ပေးပြီး အစစ်အမှန်ဖြစ်တဲ့..."
"ကောင်းကင်နယ်ပယ် တာအိုလမ်းစဉ်ကို သင်ပေးမယ်။"
မုန့်ချင်ကျိုး၏နှလုံးသားက အပြင်းအထန် ခုန်ပေါက်လာပြီး တိတ်တဆိတ် မျှော်လင့်နေမိသည်။
အဓိက ဇာတ်ဝင်ခန်းက နောက်ဆုံးတော့ ရောက်လာပြီပေါ့။
ရှေးခေတ်ဆီ ပြန်ရောက်သွားရတဲ့ အကြီးမားဆုံး အခွင့်အရေးကောင်းပဲ။
....
မုန့်ချင်ကျိုးက အမြဲတမ်းပင် သံသယများ ရှိနေခဲ့သော်လည်း သက်သေပြရန် နည်းလမ်းမရှိ၍ အခက်တွေ့နေခဲ့သည်။ ယခုက အကောင်းဆုံး အခွင့်အရေးပင်။
လူသားဧကရာဇ်ခေတ်ကု န်ဆုံးသွားပြီးနောက်ပိုင်းမှာ ဘာဖြစ်လို့များလဲ။
ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်နိုင်မယ့် ကျင့်ကြံခြင်းဆိုင်ရာဗဟုသုတတွေက အတော်လေး ရှားပါးနေခဲ့ပြီးတော့ ကောင်းကင်နယ်ပယ်ကို ဘယ်လိုတာအိုသက်သေပြရမလဲဆိုတဲ့ နည်းလမ်းဆိုရင် လုံးဝကို မရှိခဲ့ဘူး။
အဲဒါကြောင့်ပဲ ခေတ်သစ်သမိုင်းကစလို့ ကောင်းကင်နယ်ပယ်ကို ဖောက်ထွက်နိုင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘဲနဲ့ ကောင်းကင်ထောက်တိုင်နယ်ပယ် ကျင့်ကြံသူတွေဆိုရင်တောင် သနားစရာကောင်းလောက်အောင်ကို နည်းပါးနေခဲ့တာ။
မဟုတ်ရင် ငါက ထူးခြားမှတ်ကို ရှာဖွေဖို့အတွက် ဘာလို့ နှစ်နဲ့ချီပြီး တံခါးပိတ်ကျင့်ကြံနေစရာ လိုမှာလဲ။
ရလဒ်မှာမူ အချိန်အတော်ကြာအောင် လုပ်ပြီးမှ ရှေးဟောင်းခေတ်ဆီ ရောက်လာသောအခါတွင် နတ်ဘုရားများက တစ်ချက်ကြည့်လိုက်ရုံနှင့် လမ်းမှားနေပြီဆိုကာ ရက်ရက်စက်စက် လှောင်ပြောင်ခြင်းကို ခံလိုက်ရလေသည်။
ဒီအကြောင်းအရာတွေအားလုံးက တစ်စုံတစ်ယောက်ကများ ကောင်းကင်ထောက်တိုင်နယ်ပယ် အထက်ကိုသွားမယ့် လမ်းကြောင်းကို တမင်တကာ ဖြတ်တောက်ထားခဲ့တာများလား။
ခေတ်သစ်သမိုင်းမှာ နောက်ကွယ်က ကြိုးကိုင်သူတစ်ယောက်ယောက်က အဆင့်မြင့်ကျင့်ကြံသူ အရေအတွက်ကို တမင်တကာ လျှော့ချပစ်နေတာပဲ။
...