အခန်း ၃၇၆
Vol. 26 Ch. 376
အပိုင်း(၃၇၆) ကနဦးဖရိုဖရဲချီစွမ်းအင်၊ အပြန်လမ်းနီးကပ်လာခြင်း
ကောင်းကင်ခုံရုံးရှိ နန်းဆောင်များစွာတွင် မဟာတာအို နတ်ဘုရားသုံးထောင်သာမက မွေးရာပါနှင့် နောင်မှဖြစ်ပေါ်လာသော နတ်ဘုရားများ၊ ကျင့်ကြံအားထုတ်မှုကြောင့် တာအိုရရှိသွားသော မျိုးနွယ်စုပေါင်းစုံလည်း ရှိကြသည်။ ၎င်းတို့က ကောင်းကင်ခုံရုံး၏ အလယ်အလတ်နှင့် အောက်ခြေ အလွှာများတွင် ရှိနေကြပြီး မဟာတာအိုနတ်ဘုရားများကမူ ပိရမစ်၏ထိပ်တန်းအဆင့်တွင် တည်ရှိနေကြသည်။
နတ်ဘုရားများခေတ်နှင့် မျိုးနွယ်စုပေါင်းစုံခေတ်တို့က ရှေးဟောင်းကောင်းကင်ခုံရုံးမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
ကောင်းကင်တာအိုသည် ကောင်းကင်ခုံရုံးကို ဖျက်ဆီးပြီး မဟာတာအို နတ်ဘုရားသုံးထောင်ကို ဖယ်ရှားပစ်ခဲ့သော်လည်း ကောင်းကင်ဘုံ၏ အလယ်အလတ်နှင့် အောက်ခြေအလွှာဖွဲ့စည်းပုံကို ချန်ရစ်ခဲ့သည်။ ထို့ကြောင့်ပင် မျိုးနွယ်စုပေါင်းစုံ ကြီးစိုးပြီး နတ်ဘုရားများ များပြားလှသော ခေတ်တစ်ခေတ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
တောင်ဘက်ကောင်းကင်တံခါးကြီးကို အသစ်ပြန်လည် ပြုပြင်ပြီးစီးသွားပြီ ဖြစ်သည်။
သို့သော်လည်း။
မုန့်ချင်ကျိုးက တောင်ဘက်ကောင်းကင်တံခါးကို ဖျက်ဆီးခဲ့သောအပြစ်က ပျောက်ကွယ်သွားခြင်းမရှိဘဲ အပြစ်ရှိသူတစ်ယောက်အဖြစ် ရှိနေဆဲပင်။ အပြစ်များကို ချေဖျက်လိုပါက အသုံးဝင်သော သတင်းများကို ပိုမို ထုတ်ဖော်ပြောဆိုရမည်ဖြစ်သည်။ အရင်က ပြောခဲ့သည်များမှာ အပေးအယူ အလွှဲအပြောင်းတစ်ခုသာဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက် အရှုံးအမြတ်ရှိနေသဖြင့် ကျေးဇူးဆပ်သည်ဟု မသတ်မှတ်နိုင်ပေ။
သို့သော် မဟာတာအို နတ်ဘုရားများသည် သူ့ကိုအပြစ်ပေးရန် အလျင်မလိုကြဘဲ တံခါးပိတ် ကျင့်ကြံရန်အတွက် အလွန်ကောင်းမွန်သောနေရာတစ်ခုကိုပင် ရှာဖွေပေးခဲ့ကြသည်။ သူတို့က ဤလူသား ကတိတည်ပြီး တာအိုသက်သေပြအောင်မြင်ပြီးနောက် အနာဂတ်နှင့် ပတ်သက်သည့် အချက်အလက်များကို ပိုမိုထုတ်ဖော်ပြောဆိုလာမည်ကို မျှော်လင့်နေကြဆဲ ဖြစ်သည်။
ထိုအလွန်ကောင်းမွန်သော တံခါးပိတ်ကျင့်ကြံရာ နေရာဆိုသည်မှာ...
တောင်ဘက်ကောင်းကင်တံခါးတွင်ဖြစ်ပြီး တာအိုမုဆိုးနှင့် အတူရှိနေရခြင်းပင်။
ဤအချိန်တွင် တာအိုမုဆိုး၏ အသားပိုအလုံးကြီးပေါ်ရှိ မရေမတွက်နိုင်သော မျက်လုံးအစုံတို့သည် အလွန်အမင်း ပူပြင်းတောက်လောင်နေပြီး အလှပန်းလေးတစ်ပွင့်၏ ခန္ဓာကိုယ်ကို ခံစားကြည့်ရှုနေသကဲ့သို့ပင် တင်ပလ္လင်ခွေထိုင်နေသော အနက်ရောင်ဝတ်ရုံနှင့်လူကို အပေါ်အောက် အကဲခတ်နေသည်။ ကောင်းကင်ခုံရုံး အရှင်သခင်၏ အမိန့်ပေးမှုသာ မရှိခဲ့လျှင် တာအိုမုဆိုးသည် အချိန်-နေရာလွတ် မဟာတာအို၏ အရသာကို မြည်းစမ်းကြည့်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့မည်မှာ သေချာသည်။
"ခင်ဗျား အဲဒီလောက် နှာဘူးမကျဘဲ နေပေးလို့ ရမလား။ ကြက်သီးတောင် ထလာပြီ။" မုန့်ချင်ကျိုးက တောင်ဘက်ကောင်းကင်တံခါးရှေ့တွင် တင်ပလ္လင်ခွေထိုင်ရင်း၊ မနေနိုင်တော့ဘဲ သတိပေးလိုက်သည်။
တာအိုမုဆိုးက လူသားတို့၏စကားသံကိုတုပကာ လွှသွားပုံစံပါးစပ်ပေါင်းသောင်းချီကို ပိတ်ချည် ဖွင့်ချည် လုပ်ရင်း ပြောလိုက်သည်။
"ကြီးမြတ်တဲ့ကောင်းကင်တံခါးကြီးလေးပေါက်က ကောင်းကင်ဘုံရဲ့ အဝင်အထွက်ပေါက်တွေပဲ။ ဒီနေရာမှာ ဖရိုဖရဲစကြဝဠာကြီးထဲက လောကကြီးစတင်ဖြစ်တည်ချိန်က ဖရိုဖရဲချီစွမ်းအင်တွေ အသိပ်သည်းဆုံး ရှိနေတယ်။ ဒီနေရာမှာ တာအိုသက်သေပြမယ်ဆိုရင် ယှဉ်ပြိုင်ဘက်ကင်းတဲ့အုတ်မြစ်ကြီးကို တည်ဆောက် နိုင်လိမ့်မယ်။"
"မင်းရဲ့ ပါရမီအရည်အသွေးရယ်၊ အချိန်-နေရာလွတ် မဟာတာအိုရယ်၊ ပြီးတော့ ဖရိုဖရဲချီစွမ်းအင် နည်းနည်းလောက် ပေါင်းစပ်လိုက်မယ်ဆိုရင် တည်ဆောက်လိုက်တဲ့ ကောင်းကင်နယ်ပယ်အုတ်မြစ်က မဟာတာအို နတ်ဘုရားတွေထက်တောင် ပိုပြီး စွမ်းအားကြီးမားသွားနိုင်တယ်။ ကောင်းကင်ခုံရုံးက မင်းကို ကောင်းကင်လောက်ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခု ပေးလိုက်တာပဲ။"
"အနာဂတ်က လူသား၊ မင်း ကောင်းကင်ခုံရုံးရဲ့ရက်ရောမှုကို ကျေးဇူးတင်သင့်တယ်နော်။"
မုန့်ချင်ကျိုးက ငြင်းဆန်ခြင်းမရှိဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟုတ်ပါတယ်။ ကျုပ် ရင်ထဲကနေ ကျေးဇူးတင်နေပါတယ်။"
တာအိုမုဆိုး၏ မရေမတွက်နိုင်သော ပွင့်လင်းမြင်သာသည့် လက်တံများက ယင်ကောင်များ လက်ပွတ်သလို ပွတ်သပ်လာကြပြီး မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ "ဒါဆိုရင်လည်း မင်း ငါ့ကို အချိန်-နေရာလွတ် မဟာတာအို နည်းနည်းလောက် မြည်းစမ်းခွင့်ပေးလို့ရမလား။ စိတ်ချပါ။ နည်းနည်းလေးပဲ စားမှာပါ။"
ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုးမှာ ဆွံ့အသွားပြီး သူ့ကို ဂရုစိုက်ရန်ပင် ပျင်းရိသွားသည်။
နည်းနည်းလေးပဲ စားမှာပါဆိုတဲ့စကားက တော်တော်လေး ဟုတ်နေတာပဲ။
ခင်ဗျားရဲ့ပါးစပ်တစ်ပေါက်က နည်းနည်းလေး စားမယ်ဆိုရင်တောင် မရေမတွက်နိုင်တဲ့ပါးစပ်တွေ အကုန်လုံး ပြိုင်တူစားကြမယ်ဆိုရင် ကျုပ်ကို အရှင်လတ်လတ်မျိုလိုက်ရင်တောင် သွားကြားညပ်မှာ မဟုတ်ဘူး။
"ခင်ဗျားကို ကျုပ် ပြောထားမယ်။ ကောင်းကင်ခုံရုံးက တစ်ခါမှ မကြုံဖူးတဲ့ အကျပ်အတည်းကြီးနဲ့ ရင်ဆိုင်နေရတာ။ နတ်ဘုရားတွေက ကျုပ် သတင်းပေးမယ့်အချိန်ကို စောင့်နေကြတာ။ ခင်ဗျား ကျုပ်ကို ထပ်ပြီး လာအနှောင့်အယှက်ပေးနေရင် အရေးကြီးတဲ့ကိစ္စတွေ နှောင့်နှေးသွားပြီးတော့ အချိန်ကျရင် ဘယ်သူက ဘယ်သူ့ကိုစားမလဲဆိုတာ သေချာမသိနိုင်ဘူး။" မုန့်ချင်ကျိုးက အသံကျယ်ကျယ်နှင့် ကြိမ်းမောင်းလိုက်သည်။
တာအိုမုဆိုးသည် လည်ပင်းကိုကျုံ့လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ အဝေးမှနေ၍ မြေပြင်ပေါ်တွင်ဝပ်နေပြီး မုန့်ချင်ကျိုးကို သနားစရာမျက်လုံးများဖြင့် စိုက်ကြည့်နေရာ ၎င်း၏ မျက်ဝန်းများတွင် နာကြည်းမှုများ ပြည့်နှက်နေသည်။
မုန့်ချင်ကျိုးက အသံတိတ် ရယ်မောလိုက်မိသည်။
ဒီကောင်က ဝါကြီးနဲ့ ဘာမှမကွာဘူးပဲ။
စဉ်းစားကြည့်တော့လည်း ဟုတ်တာပဲ။ လောကကြီး စတင်ဖြစ်တည်တဲ့ခေတ်က နတ်ဘုရားနဲ့ မိစ္ဆာတွေက အမြင့်မြတ်ဆုံး အရှင်သခင်တွေ ဖြစ်ပြီးတော့ ဘယ်သက်ရှိနဲ့မှ လျို့ဝှက်အကြံအစည်တွေ ယှဉ်ပြိုင်ဖို့ မလိုဘူး။ ပြီးတော့လည်း ဒီခေတ်မှာ သယံဇာတတွေက အကြွယ်ဝဆုံး ဖြစ်နေလို့ အချင်းချင်း သတ်ဖြတ် လုယက်ဖို့လည်း မလိုဘူးလေ။
ဖရိုဖရဲစကြဝဠာကြီး တစ်ခုလုံးရဲ့ စည်းမျဉ်းတွေကိုတောင် ကောင်းကင်ခုံရုံးက ရေးဆွဲထားတာဆိုတော့ နတ်ဘုရားတွေရဲ့ စိတ်အခြေအနေက ညစ်ညမ်းမှုမရှိသေးဘဲ အဖြူစင်ဆုံးအခြေအနေမှာ ရှိနေကြတာပေါ့။
အဲဒီလိုမှမဟုတ်ရင် နှောင်းခေတ်ရဲ့ ကောင်းကင်တာအိုက ဒီလိုဧရာမအင်အားစုကြီးကို ဘယ်လိုလုပ်ပြီး ဖြိုခွင်းနိုင်မှာလဲ။
ဤသို့ဖြင့်။
မုန့်ချင်ကျိုးက တောင်ဘက်ကောင်းကင်တံခါး အပြင်ဘက်တွင် တင်ပလ္လင်ခွေထိုင်နေရင်း တိုတောင်းလှသော သုံးရက်အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
ဤသုံးရက်အတွင်း သူက အလုပ်နှစ်ခုကိုသာ ပြုလုပ်ခဲ့သည်။
ပထမတစ်ခုမှာ ခန္ဓာကိုယ်အတွင်းရှိ တိုင်းပြည်ကံကြမ္မာများကို ဖယ်ရှားပြီး ၎င်းတို့ကို သေချာထုပ်ပိုးကာ ဘေးတွင်ဖယ်ထားလိုက်သည်။ မျက်မှောက်လောကသို့ ပြန်ရောက်သောအခါ မဟာကျင်းသို့ ပြန်ပေးအပ်ရန် ဖြစ်သည်။
ဒုတိယတစ်ခုမှာ ဖရိုဖရဲစကြဝဠာကြီး၏ ဖရိုဖရဲချီစွမ်းအင်ကို တတ်နိုင်သမျှ စုပ်ယူရန်ပင်။
သူက စွမ်းအားကုန်သုံး၍ စုပ်ယူကျင့်ကြံခဲ့သော်လည်း၊ ဖမ်းယူရရှိသော ဖရိုဖရဲချီစွမ်းအင်များ အားလုံးပေါင်းလိုက်လျှင် ဆံပင်တစ်မျှင်စာ အထူလောက်သာ ရှိသေးသည်။
တာအိုမုဆိုး၏ ရှင်းပြချက်အရ လူသားတို့၏ လက်သန်းလောက်အထူရှိသော ဖရိုဖရဲချီစွမ်းအင်ကိုမှ တစ်မျှင်ဟု ခေါ်ဆိုနိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုသောင်းဂဏန်းတွင် တစ်ပုံသာရှိသော ဖရိုဖရဲချီစွမ်းအင်လေးကပင် သူ့တစ်ကိုယ်လုံးရှိ ပါရမီနှင့်အရိုးအကြောများကို အဆင့်များစွာ မြင့်တက်သွားစေခဲ့သည်။
"အရင်တုန်းက ချုံးမိန်က အချိန်တိုအတွင်းမှာ ငါ့ထက်အရင် ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ရောက်သွားတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ။ ဖရိုဖရဲစကြဝဠာကြီးရဲ့ အကြီးမားဆုံးအခွင့်အရေးဆိုတာ လောကကြီးစတင်ဖြစ်တည်ချိန်က ဖရိုဖရဲချီစွမ်းအင်ပဲ။ သူကတော့ အဲဒီဖရိုဖရဲချီစွမ်းအင် တစ်မျှင်အပြည့်ကို ရရှိခဲ့တာကိုး။"
မုန့်ချင်ကျိုးက တရားထိုင်နေသော အခြေအနေမှ ထွက်လာပြီး ခန္ဓာကိုယ်အတွင်းကို ပြန်လည် စစ်ဆေးကြည့်လိုက်ရာ တိုင်းပြည်ကံကြမ္မာများနှင့် အခြားသော ရှုပ်ထွေးနေသည့်ကံကြမ္မာများ အားလုံးကို ပြောင်စင်အောင် ဖယ်ရှားပစ်ပြီးဖြစ်ကာ အားလုံးကို တစ်နေရာတည်းစုစည်းထုပ်ပိုး၍ ဧကရာဇ်ကျောက်စိမ်းပြား အပေါ်တွင် တင်ထားလိုက်သည်။
ကျောက်စိမ်းစင်မြင့်လေးမှာ ဖန်သားကဲ့သို့ ကြည်လင်နေပြီး အတွင်းစကြဝဠာ၏ လည်ပတ်မှုကလည်း မည်သည့်အဟန့်အတားမျှမရှိဘဲ ချောမွေ့နေတော့သည်။
ကောင်းကင်နယ်ပယ်သို့ တာအိုသက်သေမပြခင် ပြင်ဆင်ရမည့်လုပ်ငန်းစဉ်များအားလုံး ပြီးစီးသွားပြီ ဖြစ်သည်။
တာအိုသက်သေပြရန် ပြင်ဆင်နိုင်လေပြီ။
မုန့်ချင်ကျိုး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာပြီး မျက်မှောင်များ ပြေလျော့သွားကာ သူ၏ စိတ်အခြေအနေမှာ အတော်လေး ပေါ့ပါးလွတ်လပ်နေသည်။
"အချိန်-နေရာလွတ်စင်္ကြံက ငါ့ကို သမိုင်းကြောင်း ဒါမှမဟုတ် အနာဂတ် တစ်နေရာရာမှာ (၇)ရက်ပဲ နေခွင့်ပေးလိမ့်မယ။ (၇)ရက်ပြည့်သွားရင် မျက်မှောက်လောကဆီ အလိုအလျောက် ပြန်ရောက်သွားမှာ။ အခု (၄)ရက် အချိန်ကျန်သေးတုန်း ဖရိုဖရဲစကြဝဠာကြီးထဲမှာ အမြန်ဆုံး တာအိုသက်သေပြရမယ်။"
"ရှေးဟောင်းကောင်းကင်ခုံရုံးက နတ်ဘုရားတွေကိုတော့ အားနာမိသားပဲ။ သူတို့က တကယ်ကို ကောင်းကြတယ်။ အင်အားကိုအလွဲသုံးစားလုပ်ပြီး အနိုင်ကျင့်တာမျိုး မလုပ်ခဲ့သလို သတ္တဝါတိုင်းကို တန်းတူ ဆက်ဆံကြတယ်။ နှမြောစရာကောင်းတာက ငါက ခင်ဗျားတို့ကို အကြောင်းအရာတွေအများကြီး ပြောပြလို့ မရဘူး။ မဟုတ်ရင် အချိန်လမ်းကြောင်း ပြိုလဲသွားတဲ့အခါ၊ မဟာကျင်းတိုင်းပြည်လည်း ဆက်ရှိနေတော့မှာ မဟုတ်သလို လျူလီ၊ ချင်ချိုး၊ ဝူတျဲတို့အားလုံးလည်း အဲဒါကြောင့် ပျောက်ကွယ်သွားနိုင်တယ်။"
"ကျုပ်က မိသားစုဝင်တွေရဲ့အသက်ကို လောင်းကြေးမထပ်နိုင်ဘူး။ ဒါကြောင့် ခင်ဗျားတို့ကို လှည့်စားဖို့ပဲ ရှိတော့တယ်။"
မုန့်ချင်ကျိုးက အပြင်ပန်းတွင် လှိုင်းလေမရှိ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်တော့ တောင်းပန် ဝန်ခံနေမိသည်။
ပြည့်စုံသောလူ မရှိသလို၊ ပြီးပြည့်စုံသော အလုပ်ဆိုသည်လည်း မရှိပေ။
သူ၏ဘဝလမ်းကြောင်းတွင် နောင်တတစ်စက်လေးမျှ မချန်ထားခဲ့ရန်ဆိုသည်မှာ မဖြစ်နိုင်ပ။ လူအချို့ကို အားနာရမည်ဖြစ်ပြီး၊ အမှားအချို့ကိုလည်း ကျူးလွန်မိမည်သာ...
ထိုသို့တွေးမိပြီးနောက်။
မုန့်ချင်ကျိုးက တာအိုမုဆိုး၏အနီးသို့ လျှောက်သွားကာ အင်္ကျီလက်ကို ပင့်တင်၍ လက်မောင်းကို ဖော်ပြလိုက်ပြီး ၎င်း၏ ပါးစပ်တစ်ပေါက်နားသို့ ကပ်ပေးကာ ပြောလိုက်သည်။
"လာလေ။ ပါးစပ်တစ်ပေါက်တည်းပဲ ရမယ်။ ခပ်ဖွဖွလေး နှစ်ကိုက်လောက်စား။"
ထိုစကားကို ကြားသောအခါ တာအိုမုဆိုး၏ မက်လုံးများ ရုတ်တရက် တောက်ပသွားပြီး ပါးစပ်ကို အတင်းဟလိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားသည်။ ပါးစပ်ဟလျက်သားနှင့် ရပ်တန့်နေပြီး၊ သိပ်သည်းများပြားလှသော မရေမတွက်နိုင်သည့်မျက်လုံးများဖြင့် သူ့ကို ကြည့်ကာ အသံတိတ် နောက်ဆုတ်ပြီး ပြောလိုက်သည်။
"ထားလိုက်ပါတော့။"
"မင်းက ဒါကို အသုံးချပြီး အပြစ်မကင်းတဲ့စိတ်ကို ဖြေဖျောက်ချင်နေတာပဲ။ မင်းဆန္ဒ ပြည့်ဝအောင် ငါက လုပ်ပေးလို့ မဖြစ်ဘူးလေ။"
မုန့်ချင်ကျိုး၏မျက်ခုံးများ တဆတ်ဆတ် ခုန်သွားသော်လည်း မျက်နှာအမူအရာ မပြောင်းဘဲ မေးလိုက်သည်။ "ဘာအဓိပ္ပာယ်လဲ။"
တာအိုမုဆိုးက အားအင်ကုန်ခမ်းနေသည့်ဟန်ဖြင့် စွေကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "နတ်ဘုရားတွေရဲ့ ဉာဏ်ပညာကို အထင်မသေးနဲ့။ ငါတို့က လောကကြီးကို အများကြီး ဝင်မစွက်ဖက်ချင်လို့ တခြားသတ္တဝါတွေရဲ့ ကံကြမ္မာကို ဝင်မစွက်ဖက်ချင်လို့သာ နေနေတာ။ အဲဒါက ငါတို့ ငတုံးတွေလို့ ဆိုလိုတာ မဟုတ်ဘူး။"
"မင်းက ကတိအလွတ်တစ်ခု ပေးလိုက်တာနဲ့ နတ်ဘုရားတွေက ယုံသွားပြီလို့ ထင်နေတာလား။ ပြီးတော့ အဲဒီအချိန်က လင်းရှောင်နန်းတော်ထဲမှာ အချိန် နတ်ဘုရားရယ်၊ နေရာလွတ် နတ်ဘုရားနဲ့ မိစ္ဆာရယ်လည်း ရှိနေတာပဲ။ မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ဖုံးလွှမ်းနေတဲ့မြူခိုးတွေကို သူတို့တွေ မမြင်နိုင်ဘူးလို့ ထင်နေတာလား။"
"မင်းက မကြာခင် ဒီအချိန်-နေရာလွတ်ကနေ ထွက်ခွာသွားတော့မှာ မဟုတ်လား။ ကြည့်။ တံခါးစောင့်တဲ့ ငါတောင်မှ ခန့်မှန်းနိုင်သေးတာပဲ။ လင်းရှောင်နန်းတော်ထဲက အမြင့်မြတ်ဆုံး နတ်ဘုရားတွေ၊ ပြီးတော့ ကောင်းကင်ခုံရုံး အရှင်သခင်က ငါ့ထက်တောင် ပိုပြီးတော့ တုံးအနိုင်မှာလား။"
...