← Chapters

အခန်း ၃၇၉

Vol. 26 Ch. 379

အခန်း ၃၇၉

Vol. 26 Ch. 379

အပိုင်း(၃၇၉) အကြောင်းအကျိုး သံသရာ၊ ရှေးဟောင်းတောရိုင်းသားရဲလေး

တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခက မိုင်တစ်သန်းအထိ လွှမ်းခြုံထားပြီး အတိုင်းအတာက အလွန်ကို ကြီးမားကျယ်ပြန့်လွန်းလှကာ မည်းမှောင်နေသော တိမ်တိုက်များက ကန့်လန့်ကာကြီးတစ်ခုလို ဖရိုဖရဲ စကြဝဠာကြီးကို ဖုံးကွယ်ထားဩ။

၎င်းနှင့်ယှဉ်လိုက်လျှင် 「ယွဲ့」၏ တာအိုသက်သေပြကောင်းကင်ဘုံအတိဒုက္ခက သေးငယ်သွားသလို ဖြစ်နေပြီး မိုင်တစ်သိန်း ပတ်လည်လောက်သာ ရှိနေသည်။ ထို့အပြင် ကောင်းကင်ခုံရုံးက နတ်ဘုရားများ ကြီးကြပ်ပေးနေခြင်းဖြစ်ပြီး တစ်ခါတလေ အလျှော့ပေးခြင်းမျိုးပင် ရှိသေးသည်။ သို့တိုင် ယွဲ့က အလွန်ပင် ခက်ခက်ခဲခဲ ရင်ဆိုင်နေရပြီး အသက်ကာကွယ်ရန် သုံးရသော မွေးရာပါဝိညာဉ်ရတနာ ဘယ်နှစ်ခုလောက် သုံးပစ်လိုက်ရမှန်း မသိတော့ပေ။

「စစ်မင်」 လက်ဆောင်ပေးထားသော ဇစ်မြစ်စွမ်းအင် တစ်မျှင်ကိုပင် အတိဒုက္ခဖြတ်ကျော်ပြီးနောက် အသက်ရှင်ရန်အတွက် သုံးလိုက်ရသည်။

အခြားတစ်ဖက်တွင်တော့။

အနက်ရောင်ဝတ်ရုံနှင့်လူငယ်က ဒေါသထွက်နေသော ဖရိုဖရဲစကြဝဠာကြီး၏ဆန္ဒကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရင်း တိုက်ပွဲဝင်ရဲဘော်ဆယ်ဂဏန်းကျော်နဲ့ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော သာမန်စစ်သည် သိန်းချီကို ဆင့်ခေါ်လိုက်သည်။ ထိုစစ်သည်များ၏ တိုက်ခိုက်ရေးစွမ်းရည်က ပုံမှန်အားဖြင့် မမြင့်မားသော်လည်း သူတို့ကိုင်ဆောင်ထားသော လေထဲတွင်တလူလူလွင့်နေသည့် အလံများပေါ်တွင်တော့ “မဟာကျင််း” ဆိုသည့် စာလုံးကို ထင်ရှားစွာ ရေးသားထားလေသည်။

အဆုံးအစမရှိ ကျယ်ပြောလှသော ကောင်းကင်ဘုံအတိဒုက္ခကြီးကို ရင်ဆိုင်ရသည့်တိုင် တစ်ယောက်မှ နောက်ဆုတ်မသွားကြပေ။ တချို့က စစ်သည်တော် သီချင်းကိုပင် သီဆိုနေကြသေး၏။

"စစ်သည်တော်တို့က ခေါင်းမှာ ပိတ်ဖြူစည်းပြီး နယ်စပ်ကို လှမ်းကြည့်တဲ့အခါ အရှေ့မှာ လှံတွေ ဓားတွေက တောအုပ်လိုပဲ။ သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေက တိမ်တိုက်ကြီးတစ်ခုလို ဖြစ်နေတယ်။ ငါ့ရဲ့ သုံးပေရှည်တဲ့ ဓားကို သွေးပြီးတော့ ကမ္ဘာတစ်သောင်းစာ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်မယ်။"

ဤကောင်းကင်ဘုံအတိဒုက္ခကြီးက တစ်ရက်တိတိ ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင်တော့ မုန့်ချင်ကျိုး ရှေးဟောင်းခေတ်ဆီရောက်လာပြီး ပဉ္စမမြောက်နေ့၌ ကောင်းကင်အပြည့်ရှိနေသော အတိဒုက္ခတိမ်တိုက်များကို ချေမှုန်းပစ်လိုက်နိုင်ပြီး ဖရိုဖရဲစကြဝဠာကြီးထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ မတ်မတ်ရပ်နိုင်ခဲ့သည်။

သူက လက်နှစ်ဖက်ကို ဖြန့်တန်းလိုက်ပြီး ဖရိုဖရဲစကြဝဠာကြီး၏ ဖရိုဖရဲချီစွမ်းအင်များကို အားရပါးရ စုပ်ယူလိုက်တော့သည်။

ဆံပင်တစ်မျှင်စာ အထူလောက်သာရှိသော လောကကြီး စတင်ဖြစ်တည်ချိန်က ဖရိုဖရဲချီစွမ်းအင်လေးက တဖြည်းဖြည်းနှင့် တူတစ်ချောင်းစာအထူအထိ ကြီးထွားလာခဲ့ပြီး နောက်ဆုံးတွင် လက်သန်းလောက် အထူအထိ ဖြစ်သွား၏။

လောကကြီးစတင်ဖြစ်တည်ချိန်က ဖရိုဖရဲချီစွမ်းအင်ဆိုသည်မှာ ဖရိုဖရဲစကြဝဠာကြီးရဲ့ နံပါတ်တစ် အဖိုးတန်ရတနာပင်။ ၎င်းက ပိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့်ကို ချက်ချင်းပင် တက်သွားအောင် ဒါမှမဟုတ် တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ မြင့်တက်သွားအောင် လုပ်ပေးမည် မဟုတ်ပေ။ သို့သော် ကျင့်ကြံသူ၏ မူလပါရမီအရည်အသွေးကို အကန့်အသတ်မရှိ အမြင့်ဆုံးကို ဆွဲတင်ပေးနိုင်သည်။

အကယ်၍ အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းက မီတာတစ်ရာလောက်သာ ရှည်လျားမည်ဆိုလျှင် လမ်းဆုံးကိုရောက်သွားသောအခါ ရှေ့ဆက်တက်ရန် အလွန်ခက်ခဲသွားလိမ့်မည်။ ဖရိုဖရဲချီစွမ်းအင်၏ အဓိကအစွမ်းက ထိုလမ်းကြောင်းကို ဆွဲဆန့်ပေးခြင်းပင်။ သေချာသည်မှာ ဖရိုဖရဲချီစွမ်းအင်တစ်မျှင်က လူတစ်ယောက်ချင်းစီအပေါ် သက်ရောက်မှုချင်းတော့ မတူညီပေ။

တချို့လူတွေက တစ်မျှင်လောက် စုပ်ယူလိုက်သည်နှင့် မီတာထောင်ဂဏန်း၊ သောင်းဂဏန်းလောက်အထိ ဆွဲဆန့်နိုင်သော်လည်း တချို့လူများက လေးငါးမျှင်လောက် စုပ်ယူနိုင်သည့်တိုင် မီတာဆယ်ဂဏန်းလောက်သာ ဆွဲဆန့်နိုင်ခြင်းမျိုး ရှိလေသည်။

မုန့်ချင်ကျိုးက သဘာဝကျကျပင် ပထမအမျိုးအစားထဲတွင် ပါဝင်၏။

ဖရိုဖရဲချီစွမ်းအင်က သူ၏တာအိုလမ်းကြောင်းကို ဆွဲဆန့်ပေးပြီး အမြင့်ဆုံး ကန့်သတ်ချက်တစ်ခုကို ရောက်သွားပြီဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ နောက်ထပ် ဖရိုဖရဲချီစွမ်းအင်များ မည်မျှ ထပ်စုပ်ယူစုပ်ယူ အကျိုးသက်ရောက်မှုက သိပ်မကြီးမားတော့ပေ။

"အခုအချိန်က စပြီးတော့။"

"ငါ နယ်ရုပ်ဘဝကနေ စစ်တုရင်ကစားသူအဖြစ် တရားဝင်ပြောင်းလဲသွားပြီ။ ကောင်းကင်ကြည့်ဆောင်။ ကောင်းကင်တာအို၊ ပင်လယ်ရပ်ခြားက နတ်ဘုရားတွေ..."

"ငါ ပြန်ရောက်သွားမယ့်နေ့က၊ တိုက်ခိုက်ခြင်းနဲ့ ကာကွယ်ခြင်းပုံစံ ပြောင်းသွားမယ့်အချိန်ပဲ။"

သူက ခန္ဓာကိုယ်အတွင်းကို ပြန်လည်ကြည့်ရှုလိုက်သည်။

အတွင်းစကြဝဠာထဲ ပျိုးထောင်ထားသော အချိန်-နေရာလွတ် မဟာတာအိုက မိုးထိအောင် မြင့်မားသည့် သစ်ပင်ကြီးများအဖြစ် အပြည့်အဝ ကြီးထွားလာပြီး စကြဝဠာတစ်ခုလုံး၏အလေးချိန်ကို ထမ်းပိုးနိုင်နေလေပြီ။

ဤအချိန်-နေရာလွတ် မဟာတာအို သစ်ပင်ကြီးပေါ်မှာ အတိဒုက္ခကပ်ငြိသော ကပ်ဘေးအာဏာ၊ ဒြပ်စ(၅)ပါးအာဏာ စသော အကိုင်းအခက်များ ဖြာထွက်နေ၏။

"အချိန်-နေရာလွတ် မဟာတာအိုက ကမ္ဘာရဲ့အုတ်မြစ်ကို ပြီးပြည့်စုံသွားစေပြီ။ ငါ့ရဲ့အတွင်းစကြဝဠာက သက်ရှိတွေမွေးဖွားရှင်သန်နိုင်တဲ့ မြေဆီလွှာအခြေအနေကို ပိုင်ဆိုင်သွားပြီ။"

"တစ်နည်းအားဖြင့် ပြောရရင် ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြပြီးတဲ့နောက် ငါက တကယ့် စစ်မှန်တဲ့လောကကြီးရဲ့ ဖန်ဆင်းရှင်တစ်ယောက် ဖြစ်သွားပြီ။"

မျက်လုံးကိုစည်းထားသော အနက်ရောင်ပိတ်စလေးက မီးလောင်ကျွမ်းပြီး ပြာအဖြစ် ပြောင်းလဲသွား၏။ မုန့်ချင်ကျိုး၏ မျက်ဝန်းများက ဟာလာဟင်းလင်းဖြစ်နေပြီး ဖရိုဖရဲစကြဝဠာကြီး အထဲတွင် လေထဲမှ ခြေလှမ်းလှမ်းလိုက်သည်။ သူ၏ခြေလှမ်းများက ကောင်းကင်နှင့်မြေကြီးခေါင်းလောင်းကို ထုနှက်လိုက်သလိုပင်။ တစ်လှမ်းလှမ်းတိုင်း (၃၃)ထပ်ကောင်းကင်ဘုံကို တုန်ခါသွားစေသည်။ ထိုအခိုက်အတန့်မှစ၍ သူ မည်သည်ကိုမှ စိုးရိမ်ပူပန်နေစရာ မလိုတော့ပေ။ ဖုံးကွယ်နေစရာလည်း မလိုတော့။ လောကကြီးတစ်ခုလုံးကို အပေါ်စီးမှ ငုံ့ကြည့်နိုင်ပြီဖြစ်ကာ နောက်ကွယ်မှကြိုးကိုင်သူများ၊ ရှင်းလင်းရေးသမားများ မည်သူ့ကိုမှ ကြောက်နေစရာ မလိုတော့ပေ။

"သူ၊ တာအိုသက်သေပြတာ အောင်မြင်သွားပြီ။ လူသားမျိုးနွယ်ရဲ့ ကောင်းကင်နယ်ပယ်ကို ပထမဆုံး တက်လှမ်းနိုင်ခဲ့တဲ့ကျင့်ကြံသူ... မဟုတ်ဘူး။ သူ့ကို ရှေ့ဆောင်လမ်းပြ၊ ဒါမှမဟုတ် လူသားမျိုးနွယ်ရဲ့ အမြင့်မြတ်ဆုံး သူတော်စင်လို့ ခေါ်ရမှာ။" 「ယွဲ့」က အတိဒုက္ခကို မနည်းဖြတ်ကျော်အောင်မြင်ခဲ့သော်လည်း အသက်တစ်ဝက်လောက်သာ ကျန်တော့သည်။ သူက လူသားမျိုးနွယ်၏ ဒုတိယမြောက် ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြသူ ဖြစ်လာပြီး ယခုအချိန်တွင်တော့ စကြဝဠာထဲတွင် လျှောက်လှမ်းနေသော ထိုကျောပြင်ကို ရူးသွပ်မတတ်အကြည့်များနှင့် မော့ကြည့်နေသည်။

ကောင်းကင်ခုံရုံးနှင့် ဖရိုဖရဲစကြဝဠာကြီးတစ်ခုလုံးတွင် ကြီးမားသောငလျင်ကြီး လှုပ်ခတ်သွားသလို ဂယက်ရိုက်သွား၏။

"ဖရိုဖရဲစကြဝဠာကြီးမှာ အစဉ်အဆက် နတ်ဘုရားတွေပဲ တာအိုသက်သေပြနိုင်ခဲ့တာ။ မျိုးနွယ်စုပေါင်းစုံ၊ မွေးရာပါနဲ့ နောင်မှဖြစ်လာတဲ့နတ်ဘုရားတွေဆိုတာ တကယ့်အဓိပ္ပာယ်အရ သက်ရှိအစစ်တွေ မဟုတ်ကြဘူး။ သူကမှ ပထမဆုံးပဲ။ ခေတ်အဆက်ဆက်ရဲ့ လမ်းစကို ဖွင့်လှစ်ပေးခဲ့တာပဲ..."

"သက်ရှိတွေလည်း တာအိုသက်သေပြနိုင်တယ်။ နတ်ဘုရားတွေ၊ မွေးရာပါဝိညာဉ်မျိုးနွယ်တွေမှ ကျင့်ကြံနိုင်တာ မဟုတ်ဘူး။ သက်ရှိအားလုံး တန်းတူညီမျှပဲ။"

"ဒီလူက ဘယ်သူလဲ။ ငါ သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ ရဲရင့်တဲ့ပုံရိပ်တွေကို ရေးဆွဲမှတ်တမ်းတင်ထားပြီး ခေတ်အဆက်ဆက်ကသတ္တဝါတွေ ဦးညွှတ်ရိုသေနိုင်အောင် လုပ်ရမယ်။"

"လင်းရှောင်နန်းတော်က အမြင့်မြတ်ဆုံး နတ်ဘုရာာတွေ ပြောပြချက်အရ ဒီလူရဲ့နောက်ခံဇာစ်မြစ်က နက်နဲလွန်းလို့ အလွယ်တကူ ဖြန့်ဝေလို့ မရဘူးတဲ့။ သူက အချိန်-နေရာလွတ် မဟာတာအိုကို ကျင့်ကြံတယ် ဆိုတာပဲ သိရတယ်။"

"ဘာပြောတယ်။ နတ်ဘုရားတွေတောင် မလှမ်းမီနိုင်တဲ့ တားမြစ်မဟာတာအိုကို လူသားတစ်ယောက်က တစ်ကိုယ်တော် လျှောက်လှမ်းနေတာတဲ့လား။"

...

...

ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြနိုင်ခဲ့သော ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ သရုပ်မှန်အကြောင်း အရပ်မျက်နှာအသီးသီးတွင် ဆွေးနွေးပြောဆိုစရာ ဖြစ်လာပြီး ဖရိုဖရဲစကြဝဠာကြီးတစ်ခုလုံးကို ပျံ့နှံ့သွား၏။ ဤခေတ်ကြီးထဲ ဩဇာလွှမ်းမိုးနေသော မွေးရာပါမျိုးနွယ်စုကြီးများ၊ နောင်မှဖြစ်လာသော ဝိညာဉ်မျိုးနွယ်စုများ အားလုံးက ရင်ထဲတွင် မတုန်လှုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

ကောင်းကင်နယ်ပယ်ဆိုသည်မှာ လက်ရှိသိထားသလောက် အမြင့်ဆုံးသော ကျင့်ကြံခြင်းအဆင့်ပင်။ ထိုအဆင့်ကို ခြေချနိုင်သော မည်သည့်သက်ရှိမဆို မိမိ၏မျိုးနွယ်စုတစ်ခုလုံးကို ခေတ်အဆက်ဆက် မညှိုးနွမ်းအောင် ထောက်ပံ့ပေးနိုင်စွမ်း ရှိလေသည်။

လူသားမျိုးနွယ်တွင်တော့ တစ်ချိန်တည်းမှာပင် အမြင့်မြတ်ဆုံး ကောင်းကင်နယ်ပယ် တန်ခိုးရှင် နှစ်ပါးပင် ထွက်ပေါ်လာခဲ့၏။

နှစ်ပေါင်းများစွာ ကြာသွားသောအခါ ဖရိုဖရဲစကြဝဠာကြီးထဲမှ သာမန်အသိဉာဏ်ရှိသော သတ္တဝါများ၏ အဆင့်အတန်းက နိမ့်ကျပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးဟူ၍ လုံးဝမရှိခဲ့ပေ။ ကောင်းကင်ခုံရုံးက အစွမ်းကုန် တားဆီးသော်လည်း အင်အားစုအသီးသီး၏ အချင်းချင်း ဖိနှိပ်တိုက်ခိုက်မှုများကို မတားဆီးနိုင်ခဲ့ပေ။

ကောင်းကင်နှင့်မြေကြီးက မွေးဖွားပေးလိုက်သော နတ်ဘုရားများသာလျှင် ကြီးမားသောတန်ခိုးများကို ပိုင်ဆိုင်နိုင်ပြီး မသေမပျောက်နိုင်ဘဲ ဖရိုဖရဲစကြဝဠာကြီး၏ တူညီသော အသိအမှတ်ပြုမှုတစ်ခု ဖြစ်နေခဲ့သည်။

သာမန်အသိဉာဏ်ရှိသတ္တဝါများက ကောင်းကင်နယ်ပယ်ကို ရောက်ရှိရန်မှာ လုံးဝမဖြစ်နိုင်ဟု ပုံသေယူဆချက်ကြီး ဖြစ်နေပြီး မည်သူမဆို ထိုကဲ့သို့အမြင်မျိုး ရှိနေကြသည်။

ယခုတော့ ကောင်းကင်ဘုံကို အန်တုသော လူသားတစ်ယောက်က ထိုချုပ်နှောင်မှုကို အတင်းအကျပ် ဖျက်ဆီးပစ်လိုက်ပြီး သက်ရှိအားလုံး၏စိတ်ထဲမှ ကျိန်စာကြီးကို ချိုးဖျက်ပေးလိုက်ကာ မိုးထိအောင် မြင့်မားသော လှိုင်းလုံးကြီးတစ်ခုကိုဖန်တီးပေးပြီး မရေမတွက်နိုင်သော အသိဉာဏ်ရှိသတ္တဝါများ၏ ရူးသွပ်မှုကို ဖြစ်စေခဲ့သည်။

ထိုအသိဉာဏ်ရှိသတ္တဝါများက လမ်းစဖွင့်ပေးခဲ့သော ကျင့်ကြံသူကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်ကြပြီး ကျင့်ကြံခြင်းနည်းလမ်းများကို အပြင်းအထန် တောင်းဆိုရှာဖွေကြတော့သည်။

ထိုအချိန် ဂူများထဲတွင် စုပေါင်းနေထိုင်နေကြသော အဆင့်နိမ့်လူသားများ၊ သွေးစိမ်းသားစိမ်းစားပြီး အဝတ်အစားပင် လုံလုံခြုံခြုံ မဝတ်နိုင်သော ကလေးငယ်များပင် ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ ဒဏ္ဍာရီကို ကြားသိခဲ့ရသည်။

"ကောင်းကင်နယ်ပယ်။ လူသားတွေထဲက ကောင်းကင်နယ်ပယ် ပေါ်ထွက်လာပြီ။" ဂူထဲမှ မြက်ခြောက်များ ပတ်ထားသော အဘိုးအိုတစ်ယောက်က တုတ်ကောက်ကိုအားပြုပြီး တုန်တုန်ယင်ယင်နှ့င့် ဂူဝကို ထွက်လာသည်။ သူက မျက်ရည်များ စီးကျနေပြီး ဖရိုဖရဲစကြဝဠာကြီးထဲတွင် ပြန့်ကျဲနေသော ရောင်စုံ အလင်းတန်းများကို လှမ်းကြည့်နေ၏။ ၎င်းက တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခ ပြီးသွားသော နောက်ဆက်တွဲ နိမိတ်လက္ခဏာများပင်။ ထိုလူသားတစ်ယောက် ဖန်တီးလိုက်သော လှိုင်းဂယက်များ ဖြစ်သည်။

"မဟာတာအိုနတ်ဘုရားတွေဟာ မွေးဖွားကတည်းက ကောင်းကင်နယ်ပယ္ အထွတ်အထိပ်မှာ ရှိနေတာ။ သူတို့ပေါ်လာတာက လမ်းကြောင်းရဲ့အဆုံးသတ်ကို ကိုယ်စားပြုတယ်။ အခုတော့ လူသားတွေမှာလည်း ရှေ့ဆောင်လမ်းပြ ရှိနေပြီ။ ငါတို့တွေ ဆက်ပြီးတော့ ဖိနှိပ်ခံနေစရာ မလိုတော့ဘူး။"

လူသားမျိုးနွယ် တစ်ခုတည်း မဟုတ်ပေ။တွားသွားမျိုးနွယ်၊ သားရဲမျိုးနွယ်၊ ဝိညာဉ်အပင်မျိုးနွယ် စသည်တို့ အားလုံးပင်...

သူတို့က မွေးကတည်းက ကောင်းကင်ကိုအန်တုနိုင်သည့် သွေးကြောများပါလာသော မျိုးနွယ်စုပေါင်းစုံများ မဟုတ်ပေ။ မျိုးနွယ်စုပေါင်းစုံနှင့် တန်းတူယှဉ်တွဲရန် မထိုက်တန်သော သာမန်ထက် သာမန်ကျလွန်းသည့် သတ္တဝါများသာဖြစ်ပြီး ကျင့်ကြံခြင်းအတတ် မရှိသည့်အတွက်ကြောင့် အမြဲတမ်းပင် ဖိနှိပ် အနိုင်ကျင့်ခံနေရသည်။

သို့သော် ယနေ့တွင်တော့ လူတစ်ယောက်က ကောင်းကင်ဘုံအတိဒုက္ခကို တန်ပြန်တိုက်ခိုက်ပြီး ရုပ်ခန္ဓာနှင့် သူတို့အတွက် မဟာတာအို၏အဆုံးသတ်ဆီသွားရာ တံခါးပေါက်တစ်ခုကို ဖွင့်လှစ်ပေးလိုက်လေပြီ။

သတ္တဝါအပေါင်းက လျှို့ဝှက်ဆန်းကြယ်သောလူငယ်အတွက် ရုပ်တုများ တည်ဆောက်ကြပြီး ရုပ်တု၏ အောက်ခြေတွင် လျှို့ဝှက်ဆန်းကြယ်လူသား၏ဒဏ္ဍာရီကို ရေးထိုးထားကြသည်။

တစ်ချိန်တည်းမှာပင်။ အဝေးရှိ နေရာလွတ်တိုက်ကြီးတစ်ခုပေါ်မှာ ရှေးဟောင်းတောရိုင်းသားရဲ မျိုးနွယ်ကလည်း လျှို့ဝှက်ဆန်းကြယ်လူသား၏ ကျောက်ဆစ်ရုပ်တုကို တည်ဆောက်နေကြသည်။ သူတို့က ထိုရှေ့ဆောင်လမ်းပြကြီး၏ သနားညှာတာမှုကိုခံရပြီး ကျင့်ကြံခြင်းအတတ်များ ပေးသနားခံရရန် မျှော်လင့်နေ၏။

ရှေးဟောင်းတောရိုင်းသားရဲမျိုးနွယ်စုက မွေးရာပါနတ်ဘုရားများအောက်မှာ ပါသော်လည်း အဆင့်အတန်း အရမ်းနိမ့်ကျတယ်။ သက်တမ်းရှည်ခြင်းကလွဲလျှင် ဘာအစွမ်းအစမှ မရှိပေ။ ထို့ကြောင့် ရှေ့ဆောင်လမ်းပြဆီမှ တာအိုလမ်းစဉ် သင်ကြားပြသပေးခြင်းကို ရချင်နေကြသည်။

ကျောက်ဆစ်ရုပ်တုဘေးတွင် အတော်လေး ငယ်ရွယ်သေးသော သားရဲပေါက်စလေး တစ်ကောင်က ရေကြည်လင်နေသောမျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ကျောက်ဆစ်ရုပ်တုပေါ်မှ အမျိုးသား၏ မျက်နှာကို စပ်စုချင်စိတ်အပြည့်နှင့် ကြည့်နေသည်။ သူက ဝက်ဝံပေါက်စလေးနှင့် တူသော်လည်း အနည်းငယ် ကွာခြားချက် ရှိသည်။ သူက အရမ်းကို အပြစ်ကင်းပြီး ချစ်စရာကောင်းသော ပုံစံမျိုးလေးပင်။

"ရှေ့... ဆောင်... လမ်းပြ..."

"အချိန်... နဲ့... နေရာလွတ်... ဓား... သူတော်စင်..."

သားရဲပေါက်စလေးက အောက်ခြေတွင် ရေးထားသော စာသားများကို ခက်ခက်ခဲခဲ ဖတ်ရှုနေပြီး လူသားများ၏ဘာသာစကားကိုတုပကာ စာတစ်လုံးချင်းစီကို အသံထွက်ဖတ်နေ၏။

ဘာကြောင့်မှန်း မသိသော်လည်း သားရဲပေါက်စလေးက ကျောက်ဆစ်ရုပ်တုအမျိုးသားကိုကြည့်ပြီး မျိုးနွယ်စုဝင်များ သတိမထားမိသောအချိန်တွင် ကျောက်ဆစ်ရုပ်တု၏ လက်မောင်းကြားထဲကို ခိုးဝင်သွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

မျက်လုံးပြန်ဖွင့်လာသောအချိန်တွင်တော့ ရှေးဟောင်းတောရိုင်းသားရဲများ၏ ဒေါသတကြီး ဟိန်းဟောက်သံများ၊ အော်ဟစ်သံများနှင့်အတူ၊ လူသားများ၏ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ရန် အော်ဟစ်သံများက လွင်ပြင်တစ်ခုလုံးကို ဆူညံသွားစေ၏။

"လူသားမျိုးနွယ် တည်တံ့ရမယ်။ ဒီနေ့ကစပြီး ငါတို့တွေ တစ်ယောက်ချင်းစီကို ကလဲ့စားချေမယ်။ လူသားတွေကို အရင်တုန်းက နာကျင်အောင်လုပ်ခဲ့ဖူးတဲ့ကောင်တွေအားလုံး သွေးနဲ့ ဆေးကြောခံရမယ်။"

နတ်ဘုရားတချို့က ကိုယ်တိုင်ဆင်းလာပြီး လူသားများဘက်မှ ရပ်တည်ပေးကာ ရှင်သန်နေထိုင်မယ့် နယ်မြေများ ချဲ့ထွင်ရန်နှင့် တခြားမျိုးနွယ်စုများကို သတ်ဖြတ်ရန် ကူညီပေးနေကြသည်။ နတ်ဘုရားများ ယခုလို ရပ်တည်ပေးရသည့် ရည်ရွယ်ချက်က အလွန်သိသာလွန်း၏။ လူသားမျိုးနွယ်၏ ရှေ့ဆောင်လမ်းပြကို မျက်နှာလုပ်ချင်၍၊ ကောင်းကင်ဘုံအတိဒုက္ခကို တန်ပြန်တိုက်ခိုက်ပြီး ဖရိုဖရဲစကြဝဠာကြီး၏ဆန္ဒကိုပင် စိန်ခေါ်ဝံ့သော ထိုလျှို့ဝှက်ဆန်းကြယ်လူငယ်ကို မျက်နှာချိုသွေးချင်၍ပင်။

ရှေးဟောင်း တောရိုင်းသားရဲမျိုးနွယ်စုဟာလည်း ယခင်တုန်းက လူသားများကို အစားအစာအဖြစ် သတ်မှတ်ခဲ့ဖူး၍ လူသားများ၏ ပထမဆုံးကလဲ့စားချေခြင်းကို ခံရတော့သည်။

သားရဲပေါက်စလေးက ကျောက်ဆစ်ရုပ်တု၏လက်မောင်းကြားထဲ ပုန်းနေ၍ ကံကောင်းထောက်မစွာဖြင့် မတွေ့သွားဘဲ ဘေးလွတ်သွားခဲ့သည်။ တကယ်တမ်းတွင် ကျောက်ဆစ်ရုပ်တု အနီးအနားကို မည်သူမှ လာပြီး မရှာရဲကြ၍လည်း ဖြစ်သည်။ မည်သို့ဆိုစေ ရှေ့ဆောင်လမ်းပြကြီး၏ရုပ်တုဖြစ်ရာ ထိခိုက်ပျက်စီးသွားမည်ကို လူတိုင်း ကြောက်နေကြပေသည်။

သားရဲပေါက်စလေး မျက်လုံးဖွင့်လိုက်သည်နှင့် ရှေးဟောင်းတောရိုင်းသားရဲမျိုးနွယ်စုများ သွေးလွှမ်း ခံလိုက်ရသည်ကို မြင်လိုက်ရ၏။ ငရဲခန်းလိုမြင်ကွင်းကြီးက မျက်လုံးထဲဝင်လာသော် မျက်လုံးဝိုင်းကြီးတွေထဲတွင် ချက်ချင်းပင် မျက်ရည်တွေ စုပြုံလာပြီး ရှိုက်ကြီးတငင် ငိုကြွေးသံလေးများ ထွက်ပေါ်လာခဲ့သည်။

သူက ယိမ်းယိုင်နေသော ခြေလှမ်းများနှင့် တောင့်တင်းသန်မာသော ရှေးဟောင်းတောရိုင်းသားရဲ ဇနီးမောင်နှံရှေ့ကို ရောက်သွားပြီး ခေါင်းလေးနှင့် မိဘ၏ခန္ဓာကိုယ်ကို အဆက်မပြတ် ပွတ်သပ်နေ၏။ သူတို့ ပြန်ထလာပြီး အရင်ကလိုပင် သူ၏လည်ပင်းမွေးကိုကိုက်ချီကာ ဟိုဟိုဒီဒီလျှောက်သွားရန် မျှော်လင့်နေရှာသည်။

အီး... အီးဟီး…

သားရဲပေါက်စလေး၏ မျက်လုံးများမှ သွေးမျက်ရည်များ ကျဆင်းလာပြီး တိုးဖျော့သော အသံလေးနှင့် ငိုကြွေးနေ၏။

ထိုအချိန်မှာပင် အချိန်-နေရာလွတ်မြစ်ကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုအထဲမှ ဆံပင်ရှည်များ ဖရိုဖရဲနှင့် ခန့်ညားထည်ဝါသော အမျိုးသားတစ်ယောက် ထွက်ပေါ်လာသည်။ သူ၏ ဟာလာဟင်းလင်းဖြစ်နေသော မျက်ဝန်းများက လွမ်းဆွေးနေသလိုပင်။ ထို့နောက် သက်ပြင်းသဲ့သဲ့ချရင်း ပြောလိုက်သည်။

"လူသားတွေက အကျပ်အတည်းကနေ လွတ်မြောက်လာပေမယ့် ဖိနှိပ်ခံရသူဘဝကနေ ဖိနှိပ်သူတွေ အဖြစ်ကို ပြောင်းလဲသွားကြတယ်။ ငါ့ဆီကနေ စခဲ့တာဆိုတော့ ငါကိုယ်တိုင် ပြန်ပြီး ကုစားပေးရမှာပေါ့..."

"သားရဲလေး။ တောင်းပန်ပါတယ်။"

လူငယ်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီ သားရဲပေါက်စလေး၏ခေါင်းကို ညင်ညင်သာသာ ပွတ်သပ်ကာ နူးညံ့သောအသံဖြင့် ပြောလိုက်သည်။ "တောင်းပန်တဲ့အနေနဲ့ မင်း ငါ့နောက်ကို နှစ်ရက်တိတိ လိုက်ခဲ့လို့ရတယ်။ ဒီနှစ်ရက်အတွင်းမှာ မင်းကို တာအိုကျင့်စဉ်တွေ တတ်နိုင်သမျှ သင်ပေးမယ်။ အနည်းဆုံးတော့ ရှေးဟောင်း တောရိုင်းသားရဲမျိုးနွယ်စုရဲ့ နောက်ဆုံးကျန်တဲ့ သွေးဆက်လေးကို ထိန်းသိမ်းထားနိုင်ပြီးတော့ မျိုးဆက် လုံးဝ ပြတ်တောက်သွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးမယ်။"

"သဘောတူလား။"

သားရဲပေါက်စလေးက တွေဝေစွာဖြင့် ခေါင်းမော့လာပြီး မျက်စိရှေ့မှ ခန့်ညားထည်ဝါသော အမျိုးသားကို ကြည့်လိုက်သည်။ ထို့နောက်တွင် အနောက်ဘက်မှ ကျောက်ဆစ်ရုပ်တုကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူပင် မသိလိုက်ဘဲ ခေါင်းညိတ်ပြလိုက်တော့သည်။

...

All Chapters