အခန်း ၃၈၀
Vol. 26 Ch. 380
အပိုင်း(၃၈၀) ဆယ်နှစ်တာကာလ ပြည့်မြောက်ခြင်း၊ ခွဲခွာရမည့်အချိန်
ကောင်းကင်ခုံရုံးက 「ယွဲ့」 စုစည်းဖော်ထုတ်ထားသော လူသားမျိုးနွယ် ကျင့်ကြံခြင်းအတတ်ကို တိုးတက်အောင် ပြုပြင်မွမ်းမံပြီး တခြားမျိုးနွယ်စုများ၏ ကျင့်စဉ်များနှင့်ပါ ကိုက်ညီအောင် ပြန်လည်ရေးဆွဲကာ သတ္တဝါအားလုံးကို အခမဲ့ ဖြန့်ဝေပေးလိုက်သည်။
ထို့အပြင်။
ဖရိုဖရဲစကြဝဠာကြီးက သတ္တဝါတိုင်း ကျင့်ကြံနိုင်သောခေတ်ကို ရောက်ရှိသွား၏။ မဟာတာအိုက နတ်ဘုရားများ၊ မွေးရာပါနတ်ဘုရားများ၊ နောင်မှဖြစ်လာမည့် နတ်ဘုရားများအတွက် သီးသန့် မဟုတ်တော့ပေ။
ထိုအချက်ကြောင့်ပင် 「ယွဲ့」သည် လူသားပညာရှိ၊ လူသားမျိုးနွယ် အစောင့်အရှောက်အဖြစ် ချက်ချင်း ရောက်ရှိသွားသည်။ သူက လူသားမျိုးနွယ်စုဆီပြန်သွားပြီး ပါရမီနှင့်အရိုးးကောင်းမွန်သော လူသားတပည့် တချို့ကို ကိုယ်တိုင်ရွေးချယ်ကာ ဘေးတွင်ခေါ်ထားပြီး သင်ကြားပြသပေး၏။ နောင်တစ်ချိန် ထိုတပည့်များမှ တစ်ဆင့် လူသားမျိုးနွယ်အတွက် အကိုင်းအခက်တွေ ဖြာထွက်ပြီး လောကလူသားတွေဆီ တာအိုကျင့်စဉ်များ ဆက်လက် ဖြန့်ဝေနိုင်ရန်ပင်။
သေချာသည်မှာ လူသားမျိုးနွယ်စုများကြားထဲတွင် 「ယွဲ့」က အဆင့်(၂) နေရာမှာတွင် ရှိနေပြီး လူများက တကယ်တမ်း အမြင့်မြတ်ဆုံး နတ်ဘုရားအဖြစ် သတ်မှတ်ထားသည်က အမြဲတမ်း ပုန်းကွယ်နေသော လျှို့ဝှက်ဆန်းကြယ်လူငယ်လေးကိုပင်။
ထိုအချက်နှင့်ပတ်သက်ပြီး ယွဲ့ကိုယ်တိုင်ကလည်း မည်သည်မှ မကျေနပ်စရာ မရှိပေ။ အကြောင်းမှာ သူကိုယ်တိုင်ကလည်း ထိုလျှို့ဝှက်ဆန်းကြယ်လူငယ်လေး၏ အမာခံပရိသတ် ဖြစ်နေ၍ပင်။ နှမြောစရာ ကောင်းသည်မှာ ယခုအထိ တွေ့ခွင့်မရသေပေ။
တာအိုသက်သေပြ အတိဒုက္ခ ဖြတ်ကျော်ပြီး ဒုတိယနေ့ ညနေစောင်း ရောက်သည်အထိပင်။
ကောင်းကင်ခုံရုံးအထဲ။
ပခုံးပေါ်တွင် ရှေးဟောင်းတောရိုင်းသားရဲ ပေါက်စလေးကို တင်ထားသော အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတစ်ယောက် လမ်းလျှောက်လာသည်။ လမ်းတစ်လျှောက်တွင် လူငယ်က သားရဲပေါက်စလေးကို တာအိုတရားများ သင်ကြားပေးပြီ သားရဲနှင့်ကိုက်ညီသော တာအိုနိယာမ အမျိုးမျိုးကို သရုပ်ပြနေ၏။
သို့သော် ရှေးဟောင်းတောရိုင်းသားရဲ ပေါက်စလေးက အရမ်းဂျီးများပြီး ဟိုဟာလည်း သဘောမကျ၊ ဒီဟာလည်း သဘောမကျနှင့် ဘာပြောနေမှန်းမသိအောင် ပွစိပွစိရေရွတ်နေပြီး ခေါင်းလေးနှင့် လူငယ်၏ လည်ပင်းကို အဆက်မပြတ် ပွတ်သပ်နေသည်။
စစ်ပွဲဒဏ်ကို ယခုလေးတင် ခံစားခဲ့ရပြီး မိဘနှစ်ပါးဆုံးရှုံးခဲ့ရသည့် သားရဲပေါက်စလေးက ခံစားချက်များ လွယ်လွယ်ကူကူ ထိခိုက်လွယ်ပြီး ကျိုးပဲ့ကြေမွနေသော သူ၏နှလုံးသားလေးကို ကုစားပေးမည့်သူ လိုအပ်နေ၏။ အနက်ရောင်ဝတ်ရုံနှင့်လူငယ် ပေါ်လာခြင်းက သားရဲပေါက်စလေး၏စိတ်ထဲ နတ်မင်းကြီးတစ်ပါးလို ဖြစ်နေပြီး မည်သည့်အရာထက်မဆို ပိုအရေးကြီးနေသည်။
...
...
မုန့်ချင်ကျိုးက အမြင့်ဆုံးထပ်ဖြစ်သော (၃၃)ထပ်မြောက် ကောင်းကင်ဘုံဆီသွားပြီး မဟာတာအို နတ်ဘုရားများကို သွားမတွေ့တော့ပေ။ သူတို့ကို တွေ့ရသည်မှာ စိတ်ထဲ အမြဲပင် အားနာစရာကောင်းနေသလို ခံစားနေရ၍ပင်။
သူက (၁၈)ထပ်မြောက် ကောင်းကင်ဘုံရှိ လူမနေသော လိုဏ်ဂူတစ်ခုကို ရှာပြီး ကျင့်ကြံခြင်းအဆင့်ကို ဆက်လက်ခိုင်မာအောင်လုပ်ရင်း အားလပ်ချိန်များတွင် သားရဲပေါက်စလေးကို သင်ကြားပြသပေးသည်။
ထို့အပြင်။
သူက လိုဏ်ဂူထဲတွင် အချိန်စီးဆင်းမှုနှေးကွေးစေသော နယ်မြေတစ်ခုကို ဖန်တီးထားလိုက်သည်။ သူ၏ လက်ရှိအဆင့်အရဆိုလျှင် အချိန်စီးဆင်းမှုကို တစ်ရက်နှင့် ဆယ်နှစ် ညီမျှအောင် ချိန်ညှိနိုင်စွမ်း ရှိနေလေပြီ။
"အခုက (၆)မြောက်နေ့ဆိုတော့ မနက်ဖြန်ကျရင် ငါ ဒီအချိန်-နေရာလွတ်ကနေ ထွက်ခွာရတော့မယ်။ ဒါကြောင့် မင်းကို (၁၀)နှစ်ပဲ သင်ပေးနိုင်တော့မယ်။"
"ဒီအချိန်အတွင်း မင်းကို တတ်နိုင်သမျှ စွမ်းအားကြီးလာအောင် ငါလုပ်ပေးမယ်။ မင်း မှတ်ထားရမှာက အင်အားတွေပေးတာက အားနည်းတဲ့သူတွေကို အနိုင်ကျင့်ဖို့ မဟုတ်ဘူး။"
"ကျယ်ဝန်းတဲ့ အဆောက်အအုံကြီးတွေ သောင်းချီရှိရင်တောင် လောကရဲ့ ဆင်းရဲသားတွေအားလုံးကို လုံခြုံစွာ ခိုလှုံခွင့်ပေးပြီးတော့ ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်။ နောက်လိုက်တွေအဖြစ် ကိုယ်ကျင့်တရားနဲ့ အရည်အချင်း ပြည့်ဝတဲ့သူတွေကို ရွေးချယ်ပြီး လှပတဲ့ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ပါ။ ရန်ငြိုးကို ရန်ငြိုးနဲ့ မတုံ့ပြန်မိဖို့ သတိထား။"
လိုဏ်ဂူထဲတွင်။
မုန့်ချင်ကျိုးက ရှေးဟောင်းတောရိုင်းသားရဲ ပေါက်စလေးကို စိတ်ရှည်လက်ရှည် သွန်သင်ဆုံးမနေ၏။ ထိုစကားများ ပြောရခြင်းမှာ သူ့ကို အနာဂတ်တွင် သဘောကောင်းသောသားရဲလေး ဖြစ်လာစေချင်၍က တစ်ပိုင်းဖြစ်ပြီး ကျန်တစ်ပိုင်းကတော့ ကိုယ့်အင်အားကို ကိုယ်မသိဘဲ လူသားများကို သွားပြီး အကြိတ်အနယ် ရင်ဆိုင်မည်ကို စိုးရိမ်၍ပင်။
အချိန်တန်လျှင် လူသားမျိုးနွယ်က ကမ္ဘာကြီး၏ အဓိကဇာတ်ဆောင်များ ဖြစ်လာမည်မှာ သေချာသည်။ ရှေးဟောင်းတောရိုင်းသားရဲလေးကသာ သွားပြီးရန်စမည်ဆိုလျှင် ကိုယ့်အသက်ကိုကိုယ်တိုအောင်လုပ်ပြီး သေတွင်းထဲ ခုန်ချသည်နှင့် အတူတူပင်။
သားရဲပေါက်စလေးက ပါးစပ်ကိုစူထားပြီး အမွေးစုတ်ဖွား နားရွက်လေးများကို လက်ချောင်းလေးများနှင့် ပိတ်ထားကာ စိတ်ညစ်စရာ တရားဟောသံများကို နားမထောင်ချင်ယောင်ဆောင်နေ၏။
"ဘယ်... သွား... မလို့လဲ..."
"လိုက်... မယ်..."
သားရဲပေါက်စလေးက လူသားတို့၏ ဘာသာစကားကို ထစ်အထစ်အနှင့်ပြောရင်း ကြည်လင်နေသော မျက်လုံးဝိုင်းကြီးများနှင့် မျှော်လင့်တကြီး စိုက်ကြည့်နေသည်။ အမွေးစုတ်ဖွား လက်တုတ်တုတ်လေးများက မုန့်ချင်ကိုး၏ ဘောင်းဘီစကိုဆွဲထားပြီး ခေါင်းလေးကိုမော့ကာ နူးညံ့သောအသံလေးနှင့် တောင်းဆိုနေသည်။
ထိုစကားကို ကြားသော်။
မုန့်ချင်ကျိုးက တိတ်ဆိတ်သွားပြီး သားရဲပေါက်စလေး၏ခေါင်းကို အသံတိတ် ပွတ်သပ်နေကာ အချိန်အတော်ကြာမှ တိုးတိုးလေး ပြောလိုက်သည်။
"ဒီလိုလုပ်ရအောင်။ ငါက အချိန်-နေရာလွတ် မဟာတာအိုကို သရုပ်ပြမယ်။ တကယ်လို့ မင်းက အချိန် ဒါမှမဟုတ် နေရာလွတ် တာအိုနိယာမ တစ်ခုခုကို သဘောပေါက် နားလည်နိုင်မယ်ဆိုရင် မင်းကို ငါနဲ့အတူတူ ခေါ်သွားမယ်။ ဘယ်လိုလဲ။"
သားရဲပေါက်စလေး၏ မျက်လုံးများက ချက်ချင်းပင် တောက်ပသွားပြီး၊ ခုန်ပေါက်ကာ ပျော်ရွှင်စွာဖြင့် စကားပင် မှားပြောမိသွားသည်။
"... သ... ဘော... တူ... တယ်။"
"ကောင်းပြီ။ ကတိနော်။" မုန့်ချင်ကျိုးက ပြုံးရင်း ပြောလိုက်ပြီး အချိန်-နေရာလွတ်မြစ်ကြီးတစ်ခုကို ဆင့်ခေါ်လိုက်သည်။ မြစ်ရေများက ဟိန်းဟောက်စီးဆင်းလာပြီး ရေထဲရှိ သူ၏ပုံရိပ်ယောင်များက မဟာတာအို၏ လျှို့ဝှက်ချက်များကို သရုပ်ပြနေ၏။
သားရဲပေါက်စလေး၏မျက်နှာထားက လေးနက်သွားသည်။ သူကိုယ်တိုင်က မွေးရာပါနတ်ဘုရား ဖြစ်သည့်အပြင် ဉာဏ်ပညာ အမြစ်တွယ်မှု အလွန်မြင့်မားသည်။ မွေးကတည်းက တိမ်တက်နယ်ပယ်ရှိပြီး ယခုတွင် တောင်ရွှေ့နယ်ပယ်ကို ရောက်နေလေပြီ။ ဉာဏ်အလင်းပွင့်သော အခြေအနေထဲကို မနည်း ဝင်ရောက်နိုင်နေပြီဖြစ်ပြီး မုန့်ချင်ကျိုးကလည်း ဘေးနားမှ သေချာသွန်သင်ပြသပေးနေရာ၊ တိုးတက်မှုက သိသိသာသာ မြန်ဆန်လှ၏။
အချိန်စီးဆင်းမှုနယ်မြေထဲတွင်။
မျက်စိတစ်မှိတ်အတွင်း (၃)နှစ် ကုန်လွန်သွားလေပြီ။ သားရဲပေါက်စလေးက အနည်းငယ် ကြီးထွားလာသော်လည်း အရင်လို အပြစ်ကင်းပြီးချစ်စရာကောင်းသောပုံစံလေး ရှိနေဆဲဖြစ်ကာ ကြည့်ရသည်မှာ အမ ဖြစ်နိုင်သည်။
"ပိုပိုပြီးတော့ ဝက်ဝံနဲ့ တူလာပြီပဲ။ နောက်ဆို မင်းကို ရှုံ့တလို့ပဲ ခေါ်တော့မယ်။"
ရှုံ့တလား။
သားရဲပေါက်စလေးက ခေါင်းကိုကုတ်လိုက်ပြီး သိပ်ပြီးနားမလည်နိုင်သော် နာမည်ရသွား၍ အလွန်ပင် ပျော်နေပြီး မြေကြီးပေါ်တွင် လူးလှိမ့်ကာ ရယ်မောနေသည်။
(၃)နှစ်တာ အချိန်အတွင်း ရှုံ့တ၏တိုးတက်မှုက အလွန် လျင်မြန်သည်။ ကျင့်ကြံခြင်းအဆင့်က တောင်ရွှေ့နယ်ပယ်တွင် ရပ်တန့်နေသော်လည်း နေရာလွတ် တာအိုနိယာမနှင့် ပတ်သက်၍ အလွန်ပင် ကိုက်ညီမှု ရှိနေသည်။ တိုးတက်မှုက လျင်မြန်လွန်း၍ နေရာလွတ် တာအိုနိယာမ၏ အခြေခံအသုံးပြုမှု တချို့ကိုပင် ကနဦးအနေနှင့် နားလည်နိုင်နေပြီ။
"ဓားသူတော်စင်... သခေါကြီး..."
သားရဲပေါက်စလေးက စကားပြောလျှင် ထစ်အထစ်အ ဖြစ်နေတုန်းပင်။ သို့သော်လည်း လူသားများ၏ ဘာသာစကားအများစုကို နားလည်နေပြီ ဖြစ်သည်။ မုန့်ချင်ကျိုးကိုကြည့်သော သူ၏မျက်လုံးများထဲတွင်တော့ သံယောဇဉ်များ၊ ကလေးတစ်ယောက် မိဘကိုချစ်ခင်မြတ်နိုးသော အကြည့်များ အပြည့်အဝ ပါဝင်နေ၏။
သူက အနက်ရောင်ဝတ်လူငယ်ကို အရေးကြီးဆုံးမိသားစုဝင် တစ်ယောက်အဖြစ် ဘယ်တော့မှ ခွဲခွာ၍ မရသော အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားပြီးပြီ ဖြစ်သည်။
"သခင်ကြီးပါ။ သခေါကြီး မဟုတ်ဘူး။" မုန့်ချင်ကျိုးက ကျူရိုးတစ်ချောင်းကို ကိုင်ပြီးပြီးနောက် သားရဲပေါက်စလေး၏ခေါင်းကို ခပ်ဖွဖွရိုက်ကာ ပြုံးရင်း ပြင်ပေးလိုက်တယ်။
သားရဲပေါက်စလေးက ဖုယောင်နေသောခေါင်းကို အုပ်ထားပြီး နှာခေါင်းကိုရှုံ့ကာ သူ့ကို မကျေမနပ်နှင့် စိုက်ကြည့်လိုက်သည်။
"ထပ်မရိုက်ပါနဲ့တော့။။"
"ရိုက်ရင် အတုံးသွားလိမ့်မယ်။"
"သခင်ကြီး ဓားသူတော်စင်က ရှုံ့တကို အနိုင်ကျင့်ရတာ ကြိုက်နေတာပဲ။"
မုန့်ချင်ကျိုးက တဟားဟားနှင့် အသံကျယ်ကြီး ရယ်လိုက်သည်။ အမြဲတမ်းလိုလိုပင် အပြစ်ကင်းပြီး ချစ်စရာကောင်းသော ရှုံ့တကြောင့် သတိမထားမိဘဲ ရယ်မောမိသွားတတ်သည်။
ဝန်ခံရမည်ဆိုလျှင် ထိုကောင်လေးက အရမ်းကို ချစ်ဖို့ကောင်းလွန်း၍ မနေနိုင်ဘဲ နှစ်ချက်လောက် အနိုင်ကျင့်ချင်စရာ ကောင်းနေ၏။
"အရိုက်မခံရင် လူရာမဝင်ဘူးဆိုတာ သိလား။ ဆရာတင်းကျပ်မှ တပည့်တော်မယ်။ ငါ့ရဲ့ နာမည်ခံ တပည့်တစ်ယောက်အနေနဲ့ အရည်အချင်းပိုင်းမှာ ညံ့နေလို့မဖြစ်ဘူး။ ကိုယ်ကျင့်တရားနဲ့ ယဉ်ကျေးမှုမှာလည်း တိုးတက်ရမယ်။"
"လာ။ ဒီနေ့ကစပြီးတော့ မင်းကို ဆိုရှယ်လစ်အဓိကတန်ဖိုးများနဲ့ ကိုးနှစ်မသင်မနေရပညာရေးတွေကို သင်ပေးမယ်။ ယဉ်ကျေးမှုပိုင်းမှာ အမီလိုက်နိုင်ရင် နောက်ဆို ပြင်ပကနေ ဗဟုသုတတွေ၊ အကျိုးရှိတာတွေကို လွတ်လွတ်လပ်လပ် စုပ်ယူနိုင်မှာ။ ခေတ်ကြီးရဲ့ နောက်ကောက်ကျန်ခဲ့တာမျိုး မဖြစ်တော့ဘူးပေါ့။"
ရှုံ့တက ပျော်ရွှင်စွာဖြင့် လက်ခုပ်တီးလိုက်သည်။
ထိုပညာရေးများက မည်သည်ကို ကိုယ်စားပြုကြောင်း သူ နားမလည်သေးသော်လည်း အတိုချုပ် ပြောရလျှင် ဓားသူတော်စင် သခင်ကြီးနှင့် အတူရှိနေရသည်ကိုသာ သူက အရမ်းပျော်ရွှင်ပြီး ကျေနပ်နေခြင်းပင်။
နေ့တိုင်း အသားကျက်မှစားရမည်ဆိုသည့် စည်းကမ်းချက်ကြောင့်၊၏ မီးပူလောင်ခံပြီး အမွေးများ ကျွမ်းသွားမည့် အန္တရာယ်ကို ရင်ဆိုင်ရရင်ပင် သူက အသားစိမ်းကိုကင်ရသည်ကို သဘောကျနေတုန်းပင်။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ်(၅)နှစ် အလျင်အမြန် ကုန်လွန်သွားပြန်သည်။
ထိုအချိန်အတွင်းတွင် ရှုံ့တ၏ နေရာလွတ်တာအိုနိယာမအပေါ်တွင် ထိန်းချုပ်နိုင်စွမ်းက အနည်းငယ် အောင်မြင်မှု ရရှိနေလေပြီ။ ယဉ်ကျေးမှု နောက်ခံနှင့် ဗဟုသုတပိုင်းမှာလည်း သိသိသာသာ တိုးတက်လာ၏။ ဟင်းချက်သောနေရာမှာပင် ကျွမ်းကျင်လွန်း၍ ပြုတ်၊ ကြော်၊ ကင်၊ ချက် အားလုံးကို ကျွမ်းကျင်နေပြီ။ အိမ်အကူ အလုပ်ပါ တွဲလုပ်နေသည့် တပည့်လေးတစ်ယောက်နှင့်ပင် တူနေသေးသည်။
"ရှုံ့တ။"
လိုဏ်ဂူထဲမှနေ၍ မုန့်ချင်ကျိုးက လှမ်းခေါ်လိုက်သည်။
ခါးဖုံးလေးဝတ်ထားပြီး ခန္ဓာကိုယ်အရွယ်အစားက တဖြည်းဖြည်း အရွယ်ရောက်လာသော ရှေးဟောင်း တောရိုင်းသားရဲတစ်ကောင်လို ဖြစ်လာသည့် ရှုံ့တက ဟင်းမွှေဇွန်းတစ်ချောင်းကိုကိုင်ပြီး မီးဖိုချောင်ထဲမှ ထွက်လာသည်။
သူထွက်လာသည်နှင့်တစ်ပြိုင်နက် မုန့်ချင်ကျိုး ဆက်ပြောလိုက်သော စကားကို ကြားလိုက်ရသည်။ "ဟင်းချက်ဖို့ အရင်မလောနဲ့ဦး။ မနေ့က ပေးထားတဲ့အိမ်စာတွေ ငါ့ကို လာပြဦး။"
ထိုစကားကို ကြားလိုက်ရသောအခါ။
ရှုံ့တ၏ခန္ဓာကိုယ် တုန်ယင်သွားပြီး ကြည်လင်နေသော မျက်လုံးဝိုင်းကြီးများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားကာ အသံတိတ်လှည့်ပြီး မီးဖိုချောင်ထဲကို ပြန်ဝင်သွားတော့သည်။ လုံးဝကို မကြားချင်ယောင် ဆောင်နေခြင်းပင်။
ကျင့်ကြံခြင်းက ပျင်းစရာကောင်းသည်ကို သူ သည်းခံနိုင်သော်လည်း ထိုသင်ခန်းစာများကတော့ လူလုပ်သောအလုပ်များ မဟုတ်ပေ။ တစ်စက္ကန့်လေးက ငရဲကျနေသလိုပင်။
အိမ်စာဆိုတဲ့အရာကို တီထွင်ခဲ့တဲ့သူက လုံးဝ လူမဟုတ်ဘူး။
ပြီးတော့ သူက ရှေးဟောင်းတောရိုင်းသားရဲ တစ်ကောင်လေ။ စာရေးဖို့ ခဲတံကိုင်ရတာ လူတွေထက် အများကြီး ပိုခက်တယ်။ နှစ်ထောင်ချီ ယဉ်ကျေးမှုလွှမ်းမိုးမှုကိုလည်း မခံစားခဲ့ရဘူး။ တောရိုင်းသတ္တဝါဘဝကနေ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒရဲ့ယဉ်ကျေးမှုစနစ်သစ်ထဲကို ခြေတစ်လှမ်းတည်းနဲ့ လှမ်းဝင်လာရတာ။ သူသာ မွေးရာပါနတ်ဘုရား မဟုတ်ခဲ့ဘူးဆိုရင် နောက်ထပ်(၁၀)နှစ်လောက် သင်ရင်တောင် အခြေခံအဆင့်ကို ရောက်မှာ မဟုတ်ဘူး။
"အဟက်၊ မင်း အပျင်းထူပြီး အိမ်စာ မလုပ်ထားဘူးမလား။"
"စစ်နေစရာတောင် မလိုတော့ဘူး။ ဒီကိုလာခဲ့။ ထန်ခေတ် ကဗျာ(၃၀၀)ကို အကြိမ်တစ်ရာ ကူးရေးစမ်း။"
မီးဖိုချောင်ထဲတွင် ရှုံ့တ၏မျက်လုံးရှေ့၌ အမည်းရောင်များ ဖုံးလွှမ်းသွားပြီး သတိမလစ်သွားအောင် မနည်းထိန်းထားလိုက်ရ၏။
အကြိမ်တစ်ရာ၊ အကြိမ်တစ်ရာတောင်မှလား။ ဝက်ဝံတစ်ကောင် သေသွားတဲ့အထိ လုပ်ရင်တောင် မပြီးနိုင်ဘူးလေ။
...
...
နောက်ထပ် (၂)နှစ် ကြာသွားပြန်၏။
အချိန်စီးဆင်းမှုနယ်မြေထဲတွင် ရှုံ့တ၏ အချိန်-နေရာလွတ် တာအိုနိယာမပိုင်းဆိုင်ရာ စွမ်းရည်က အနည်းငယ် အောင်မြင်မှု ရရှိနေလေပြီ။ ကျင့်ကြံခြင်းအဆင့်ကလည်း တောင်ရွှေ့နယ်ပယ်မှ ပင်လယ်လွှမ်း နယ်ပယ်ကို ဖောက်ထွက်သွားပြီဖြစ်ရာ လုံလောက်ပြီဟု ပြော၍ရပေသည်။
(၁၀)နှစ်တာကာလ ပြည့်မြောက်သွားပြီဖြစ်ပြီး အချိန်စီးဆင်းမှုနယ်မြေကလည်း တဖြည်းဖြည်းနှင့် ကုန်ခမ်းသွားပေတော့မည်။
လိုဏ်ဂူထဲတွင်။
ကောင်းကင်နယ်ပယ် အစောပိုင်းအခြေအနေကို အပြည့်အဝခိုင်မာအောင် လုပ်ဆောင်နေသော မုန့်ချင်ကျိုးက တင်ပလ္လင်ခွေထိုင်နေရာမှ ဉာဏ်အလင်းပွင့်သောအခြေအနေမှ လန့်နိုးလာ၏။ အချိန်စီးဆင်းမှု နယ်မြေက ကန့်သတ်ချက်ကို ရောက်သွားပြီဖြစ်ကြောင်း သတိပြုမိသွားပြီး သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။
အချိန်-နေရာလွတ်စင်္ကြံရဲ့ (၇)ရက်တာ ကန့်သတ်ချက် ပြည့်သွားပြီ။
မျက်မှောက်လောကဆီ မကြာခင် ပြန်ရတော့မယ်။ ဒီအချိန်-နေရာလွတ်ကနေ ထွက်ခွာရတော့မယ်။
"ရှုံ့တ။"
မုန့်ချင်ကျိုးက လှမ်းခေါ်လိုက်သည်။
အရမ်းကို အပြစ်ကင်းပြီး ချစ်စရာကောင်းသော်လည်း ခန္ဓာကိုယ် အရွယ်အစားက တောင်ကြီးလောက် ရှိနေတဲသော ရှေးဟောင်းတောရိုင်းသားရဲတစ်ကောင်က ဘေးနားမှ ခေါင်းပြူထွက်လာပြီး ကျွမ်းကျင်စွာဖြင့် စကားပြောလိုက်သည်။
"သခင်ကြီး။ ရှုံ့တဆိုတဲ့နာမည်က အရမ်းရုပ်ဆိုးတာပဲ။ ကျွန်မ နာမည် ပြောင်းချင်တယ်။"
သို့သော်လည်း။
မုန့်ချင်ကျိုးက သူ့စကားကို ဖြတ်ပြောလိုက်ပြီး တည်ငြိမ်စွာနဲ့ ပြောလိုက်သည်။
"(၁၀)နှစ်ကာလ ပြည့်သွားပြီ။ အရင်တုန်းက ငါတို့ ကတိပေးထားခဲ့တာကို မင်း မှတ်မိသေးလား။"
ရှုံ့တက ကြောင်သွားပြီး ခေါင်းငိုက်စိုက်ကျသွားကာ နှုတ်ခမ်းစူထားပြီး ပြောလိုက်သည်။
"နေရာလွတ် မဟာတာအိုက အရမ်းကို နက်နဲလွန်းတယ်။ ကျွန်မ... ကျွန်မ အခုထိ နည်းလမ်း မရှာတွေ့သေးဘူး..."
ပြောရင်းဆိုရင်းနှင့် သူ၏မျက်လုံးထဲမှ မျက်ရည်များ စီးကျလာပြီး ရှိုက်ကြီးတငင်နှင့် ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်မ သေချာပေါက် ကြိုးစားပါ့မယ်။ အချိန်နည်းနည်းလောက် ထပ်ပေးပါလား။ တောင်းပန်ပါတယ်။ ကျွန်မကို မစွန့်ပစ်ခဲ့ပါနဲ့နော်။ တောင်းပန်ပါတယ်..."
မုန့်ချင်ကျိုးက ပြုံးရင်း ဓားအဆောင်တစ်ခုကို ကမ်းပေးကာ ပြောလိုက်သည်။
"အချိန်တွေက လည်ပတ်နေတာပဲ။ အကြောင်းအကျိုးတွေမှာလည်း ခြေရာခံစရာတွေ ရှိတယ်။"
"တစ်နေ့ကျရင် မင်းနဲ့ငါ ပြန်ဆုံတွေ့ကြဦးမှာပါ။ ဒီဓားအဆောင်ထဲမှာ ကောင်းကင်နယ်ပယ်ရဲ့ အချိန်-နေရာလွတ် ဓားအသိတွေ ပါဝင်တယ်။ အဲဒါက မင်းကို လောကကြီးစတင်ဖြစ်တည်တဲ့ခေတ်၊ နတ်ဘုရားခေတ်၊ မျိုးနွယ်စုပေါင်းစုံခေတ်တွေရဲ့ ကပ်ဘေးတွေကနေ ကျော်လွန်အောင် ကာကွယ်ပေးလိမ့်မယ်။"
"သေချာ မှတ်ထားနော်။ ငါ မင်းကို ပြောပြထားသလိုပဲ။ နှစ်ပေါင်းသုံးသောင်း အတွင်းမှာ ဘယ်တော့မှ အပြင်မထွက်နဲ့။ တတ်နိုင်သမျှ ပုန်းအောင်းနေ။ မဟုတ်ရင် အချိန်မရွေး အသက်အန္တရာယ် ကြုံရလိမ့်မယ်။"
"ဒီနှစ်ပေါင်းသုံးသောင်းကို ဖြတ်ကျော်နိုင်တာနဲ့ မင်းအတွက် အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ရှိလာလိမ့်မယ်။ ဒါက မင်းအတွက် ငါ ချန်ထားပေးနိုင်တဲ့ နောက်ဆုံးစကားပဲ။"
သို့သော်လည်း သူ့စိတ်ထဲတွင် မည်သူ့ထက်မဆို ပိုပြီး ရှင်းရှင်းလင်းလင်း သိနေ၏။
ရှုံ့တက ထိုခေတ်များ၏ကပ်ဘေးများကို ဖြတ်ကျော်နိုင်ရန် မဖြစ်နိုင်ဘူး ဆိုသည်ပင်။ အကြောင်းမှာ အနာဂတ်တွင် သူက ရှုံ့တကို တစ်ခါမှ မမြင်ဖူးခဲ့၍ပင်...
ထို့ပြင် သူ့ကိုယ်သူ ရှုံ့တဟုခေါ်သောသူလည်း တစ်ယောက်မှ မရှိခဲ့ပေ။ သမိုင်းမှတ်တမ်းများထဲ၌လည်း ကိုယ့်ကိုယ်ကိုယ် ရှုံ့တဟုခေါ်သော ရှေးဟောင်းတောရိုင်းသားရဲ မရှိခဲ့ပေ။
ထိုစဉ်က ခဏတာ သနားမိ၍၊ ဤခေတ်က လူသားများအတွက် အပြစ်တချို့ကို ဆပ်ပေးချင်၍သာ ဤကဲ့သို့ လုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူ လုပ်ပေးသင့်သောတာဝန်များ ပြီးဆုံးသွားပြီဖြစ်ရာ ကျန်သောအပိုင်းကို ခေတ်ကြီး၏ လွတ်လပ်စွာစီးဆင်းမှုအတိုင်း လွှတ်ထားပေးရပေတော့မည်။
သူက ထပ်ပြီး ဝင်ရောက်စွက်ဖက်လို့ မရတော့ပေ။
...