အခန်း ၃၈၁
Vol. 26 Ch. 381
အပိုင်း(၃၈၁) လူသားမျိုးနွယ် ရှေ့ဆောင်လမ်းပြ။ နှုတ်ဆက်ပါတယ် အရှင်တို့
တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည့်နေ့။
ရှုံ့တသည် ပထမဆုံးတွေ့ဆုံစဉ်ကလို သေးငယ်သောပုံစံသို့ ပြန်ပြောင်းလဲသွားပြီး မျက်ရည်ဝဲကာ လူငယ်၏ပခုံးပေါ်တွင် မှောက်လျက်အိပ်ပျော်နေသည်။ သူ၏လက်နှစ်ဖက်က လူငယ်၏ လည်ပင်းကို တင်းကျပ်စွာဖက်ထားပြီး လက်လွှတ်လိုက်ပါက တောရိုင်းသားရဲမျိုးနွယ်စု ဖျက်ဆီးခံရစဉ်ကလို မျက်စိကို ဖွင့်လိုက်သည်နှင့် မိဘနှစ်ပါးလုံး ဆုံးရှုံးသွားမည်ကို စိုးရိမ်နေပုံရသည်။
"နောက်ထပ် နေ့ဝက်လောက်ဆိုရင် မျက်မှောက်လောကကို ပြန်ရောက်တော့မယ်။"
မုန့်ချင်ကျိုးက အနည်းငယ်အာရုံခံကြည့်လိုက်ပြီး အချိန်ကို တွက်ချက်ကာ၊ တောင်ဘက်ကောင်းကင် တံခါးကိုစောင့်ကြပ်နေသည့် တာအိုမုဆိုးကိုတွေ့ရန် (၃၃)ထပ်မြောက် ကောင်းကင်ဘုံသို့ ထွက်ခွာသွားသည်။
တာအိုမုဆိုးသည် မုန့်ချင်ကျိုးကိုမြင်သည်နှင့် ပါးစပ်မှသွားရည်များ အဆက်မပြတ် ကျဆင်းလာပြီး ပွင့်လင်းမြင်သာသော လက်တံများဖြင့် သုတ်ဖယ်နေသော်လည်း သွေးဆောင်မှုကို မခံနိုင်ဖြစ်နေသည်။
"ကျုပ် ကောင်းကင်ခုံရုံး အရှင်သခင်ကို တွေ့ချင်လို့ ရမလား။" မုန့်ချင်ကျိုးက ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။
ရှေးဟောင်း ကောင်းကင်ခုံရုံးက သူ့ကို လက်ဆောင်အများကြီးပေးခဲ့၍ ကျေးဇူးပြန်ဆပ်ရန် လိုအပ်သည်။ မဟုတ်လျှင် တာအိုစိတ်နှလုံး အေးချမ်းမည် မဟုတ်ပေ။
အခွင့်ကောင်းယူပြီး သားရဲပေါက်စလေးကိုပါ မျက်နှာပြပြီး ဒီအကောင်လေးက သူ့ကလေးဖြစ်ကြောင်း အားလုံးကို သိစေချင်တယ်။ နောက်ဆို သူ့ကို ဘယ်သူထိထိ အကျိုးဆက်ကို အရင်စဉ်းစားရန်နှင့် သူ ဘယ်နေ့ ပြန်ရောက်လာမလဲဆိုသည်မှာ မသေချာကြောင်းကို သတိပေးချင်၍ပင်။
လင်းရှောင်နန်းဆောင်။
နတ်ဘုရားများ ထပ်မံစုဝေးရောက်ရှိနေကြပြီး နန်းဆောင်ထဲသို့ လွတ်လပ်ပေါ့ပါးစွာ ဝင်ရောက်လာသော မုန့်ချင်ကျိုးကို အားလုံးက စိုက်ကြည့်နေကြသည်။
"ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ တာအိုမိတ်ဆွေက နှုတ်ဆက်ဖို့ လာတာလား။" ဝေဝါးနေသော မြူခိုးတိမ်တိုက်ထဲမှ အချိန်နတ်ဘုရားက အသံထွက်လာသည်။
နတ်ဘုရားများက မည်သည့်ရန်လိုမှုမျှ မပြသကြပေ။ သူက ကတိဖျက်ပြီး ကောင်းကင်ဘုံကို ကယ်တင်မည့်နည်းလမ်း ပေးမည်မဟုတ်မှန်း သိသော်လည်း အတင်းအကျပ် ဖမ်းဆီးပြီး နှိပ်စက်စစ်မေးရန် မည်သူကမျှ မစဉ်းစားခဲ့ကြပေ။
"အရှင်တို့အားလုံးကို လာနှုတ်ဆက်တာက အကြောင်းရင်း တစ်ခုပါ။ ဒုတိယ အကြောင်းရင်းကတော့ အရင်ကပေးထားတဲ့ကတိကို တည်ဖို့ပါ။ အရှင်တို့က ကျုပ်အပေါ် ရိုးသားမှတော့ ကျုပ်ကလည်း အရှင်တို့အပေါ် ရိုးသားရမှာပေါ့။" မုန့်ချင်ကျိုးက ပြုံးရင်းနှင့် ပြောလိုက်သည်။ သူ၏လည်ပင်းနားမှ သားရဲပေါက်စလေး ကျဆင်းလာသော သွားရည်များကို လက်ညှိုးဖြင့် သုတ်ဖယ်ပေးရင်း မျက်နှာထားက နူးညံ့နေသည်။
"ဪ။"
နတ်ဘုရားများအားလုံး အံ့ဩသွားကြသည်။
ရာဇပလ္လင်ပေါ်ရှိ ထိုမျက်လုံးကြီးပင် အကြည့်များ ရောက်ရှိလာသည်။
သူက အချိန်စီးကြောင်း ပြိုလဲမယ့်အန္တရာယ်ကို ဂရုမစိုက်ဘဲ ကောင်းကင်လျှို့ဝှက်ချက်တွေကို တကယ်ပဲ ရှင်းပြတော့မှာလား။
မုန့်ချင်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြပြီးတဲ့နောက်၊ အချိန်-နေရာလွတ် မဟာတာအိုအပေါ် ကျုပ်ရဲ့ နားလည်သဘောပေါက်မှုက ပိုပြီးတော့ နက်ရှိုင်းလာတယ်။ ဘာတွေ ပြောလို့ရတယ်။ ဘာတွေ ပြောလို့မရဘူးဆိုတာကို ကျုပ် စိတ်ထဲမှာ သိပါတယ်။"
"အခြေအနေ ပေးသလောက်တော့ အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တချို့ကို တတ်နိုင်သမျှ ပေးသွားပါ့မယ်။"
ထိုစကားကို ကြားသောအခါ နတ်ဘုရားများအားလုံး လေးနက်သွားကြသည်။
သူက အချိန်-နေရာလွတ် မဟာတာအို ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ထိုလုပ်ရပ်က အလွန်ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ရမည်ဖြစ်ပြီး အနည်းငယ် မှားယွင်းသွားပါက အရိုးကြေအသားမွဖြစ်သွားမည့် အဆုံးသတ်မျိုး ဖြစ်သွားနိုင်ကြောင်းကို သူတို့အားလုံး သိကြသည်။
"ကျေးဇူးတင်ပါတယ်။" အချိန်နတ်ဘုရားက လေးနက်စွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်။" နတ်ဘုရားများအားလုံးကလည်း ကျေးဇူးတင်စကား ဆိုကြသည်။
မူလက တစ်ဖက်လူ ကတိတည်လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့သော်လည်း၊ မထွက်ခွာခင် အချိန်လေးတွင် အသက်အန္တရာယ်ကို ဂရုမစိုက်ဘဲ ကောင်းကင်ခုံရုံးကို ကျေးဇူးဆပ်ရန် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
တကယ်တော့ မုန့်ချင်ကျိုး လာရောက်နှုတ်မဆက်ဘဲ တိတ်တဆိတ် ထွက်ခွာသွားမည်ဆိုလျှင်တောင် နတ်ဘုရားများက ဘာမှပြောမည်မဟုတ်ဘဲ အလိုအလျောက် သဘောတူခွင့်ပြုထားမည်သာ ဖြစ်သည်။
မုန့်ချင်ကျိုးက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အိပ်ပျော်နေသော သားရဲပေါက်စလေးကို ဘေးတွင် သတိတကြီး ချထားလိုက်သည်။ အချိန်စီးကြောင်းပြိုလဲမှု ဖြစ်လာပါက သားရဲပေါက်စလေး၏ လုံခြုံရေးကိုပါ ထိခိုက်လာမည်ကို စိုးရိမ်၍ဖြစ်သည်။
သူက အတွေးများကို အနည်းငယ် စုစည်းလိုက်ပြီးနောက် စကားစပြောလိုက်သည်။
"အနာဂတ်မှာ နတ်ဘုရားခေတ်၊ မျိုးနွယ်စုပေါင်းစုံခေတ်နဲ့ လူသားခေတ် ဆိုတာတွေ ရှိလာလိမ့်မယ်..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်းမှာပင်။
မမြင်ရသောနေရာမှ ဆိုးယုတ်သောရန်လိုမှုတစ်ခု ကျဆင်းလာပြီးနောက် လင်းရှောင်နန်းဆောင်ထဲသို့ အတင်းဝင်ရောက်လာကာ မုန့်ချင်ကျိုး၏ကျောပြင်ပေါ်သို့ ပြင်းထန်စွာ ဖိကျလာသည်။ အလွန်အမင်း လေးလံလှသဖြင့် သူ၏ကျောရိုးများပင် အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွားသည်။
၎င်းသည် ဖရိုဖရဲစကြဝဠာကြီး၏ဆန္ဒထံမှ ဖိအားပင်။
"အဟွတ် အဟွတ်..."
မုန့်ချင်ကျိုး သွေးအန်လိုက်ပြီး မျက်နှာ အနည်းငယ်ဖြူလျော်သွားသော်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် နဂိုအတိုင်း ပြန်ဖြစ်သွားကာ ဆက်ပြောလိုက်သည်။
"ကောင်းကင်ခုံရုံး ပျက်သုဉ်းသွားရတဲ့ အကြောင်းရင်းက ကောင်းကင်တာအိုဆီကနေ လာတာပဲ။ အဲဒါက ဖရိုဖရဲစကြဝဠာကြီးရဲ့ဆန္ဒပဲ..."
"သူက အာဏာကိုပြန်သိမ်းပြီး ကမ္ဘာသစ်တစ်ခုကို ဖန်တီးချင်နေတယ်။ သမိုင်းကြောင်းကို ရှေ့ဆက်ပြီး တွန်းအားပေးချင်နေတာ..."
ဝုန်း။
ဟင်းလင်းပြင် ဓားသန္ဓေသားတစ်လက် ပေါ်ထွက်လာပြီး မုန့်ချင်ကျိုး၏ ခေါင်းအထက်တွင် တွဲလောင်းကျနေကာ အချိန်မရွေး ကျဆင်းလာပြီး သူ့ကို ခေါင်းမှနေ၍ ခြေဖျားအထိ ဖောက်ထွင်းပစ် တော့မည့်ဟန် ရှိနေသည်။
နတ်ဘုရားများက ဒေါသတကြီး စိုက်ကြည့်လိုက်ကြပြီး အံ့ဩဒေါသထွက်လျက် ကြိုတင်ညှိနှိုင်း ထားစရာမလိုဘဲ တားဆီးရန် ပြင်လိုက်ကြသည်။
သို့သော်လည်း ထိုဓားမှာ ဤအချိန်-နေရာလွတ်တွင် မရှိနေသကဲ့သို့ နတ်ဘုရားများ၏ စွမ်းရည်များဖြင့် ၎င်းကို လုံးဝ ထိတွေ့နိုင်ခြင်း မရှိပေ။
မုန့်ချင်ကျိုးက လက်ကာပြလိုက်ပြီး နတ်ဘုရားများကို ရပ်တန့်ရန် အချက်ပြလိုက်ကာ ဆက်ပြောသည်။
"ကောင်းကင်ခုံရုံး ပျက်သုဉ်းမှုကို ပြောင်းပြန်လှန်ပစ်လို့ မရနိုင်ဘူး။ တစ်ခုတည်းသော ရှင်သန်နိုင်မယ့်လမ်းက သတ္တဝါတချို့ကို ကောင်းကင်ဘုံကနေ လွတ်ကင်းအောင် တတ်နိုင်သမျှ လုပ်ပေးဖို့နဲ့ နတ်ဘုရားတချို့ကို နောက်ဆုတ်မယ့်လမ်း စောစောစီးစီး ပြင်ဆင်ခိုင်းထားဖို့ပဲ။ ရှင်နိုင်သလောက် ရှင်အောင် လုပ်ရမှာပဲ..."
ရွှတ်။
ဟင်းလင်းပြင်ဓားသန္ဓေသားက ရုတ်တရက် ကျဆင်းလာသော်လည်း မုန့်ချင်ကျိုးက ကြိုတင်ခန့်မှန်းပြီး ရှောင်တိမ်းလိုက်နိုင်သဖြင့် နားရွက်ဘေးမှ ကပ်ကာ ပုခုံးမှနေ၍ ခန္ဓာကိုယ် တစ်ဝက်ကို ဖောက်ထွင်းသွားသည်။
"ကျုပ်ပြောနိုင်တာက ဒီလောက်ပါပဲ။ ဆက်ပြောရင်... အချိန်စီးကြောင်း လုံးဝ ပြိုလဲသွားလိမ့်မယ်။"
မုန့်ချင်ကျိုးက ဒယိမ်းဒယိုင်ဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်ခံကာ နောက်ဆုံးစကားကို ပြောလိုက်သည်။
သူက ကောင်းကင်ခုံရုံးအတွက် ကောင်းကင်တာအိုကို မည်သို့အနိုင်ယူရမည်ဆိုသည့် နည်းလမ်းကို မပြောခဲ့ပေ။ ဆိုလိုသည်မှာ အဆုံးသတ်ကို ပြောင်းပြန်လှန်နိုင်မည်မဟုတ်ဘဲ ကောင်းကင်ဘုံက နောက်ဆုံးတွင် ပျက်သုဉ်းရမည်သာ ဖြစ်သည်။ ထို့ကြောင့် အချိန်စီးကြောင်းကို ဖျက်ဆီးမှုမှာ ထိန်းချုပ်နိုင်သော အတိုင်းအတာ အတွင်း၌သာ ရှိနေသေးသည်။
ရာဇပလ္လင်ပေါ်ရှိ မျက်လုံးကြီးက သူ့ကို နက်နက်နဲနဲ တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်သည်။
"လုံလောက်ပါပြီ။"
"မင်းရဲ့ကျေးဇူးကို ကောင်းကင်ခုံရုံးက နတ်ဘုရားတွေနဲ့ ဖရိုဖရဲစကြဝဠာကြီးထဲက သတ္တဝါအားလုံး မှတ်ထားပါ့မယ်။ ဒီဓားက ဖရိုဖရဲစကြဝဠာကြီးရဲ့ဆန္ဒကနေ လာတာဖြစ်ပြီးတော့ လျှို့ဝှက်နက်နဲတဲ့ ဥပဒေသ စည်းမျဉ်းတွေရဲ့ သရုပ်သကန်ဖန်တီးမှုပဲ။ မဟာတာအို ဆင့်ကဲဖြစ်စဉ် (၄၉)ခုကနေ လွတ်မြောက်သွားတဲ့ အဲဒီ တစ်ခုပဲ။"
"ကောင်းကင်ခုံရုံးကိုယ်တိုင်တောင် မင်းကို ကုသပေးလို့ မရဘူး။"
"ဒါပေမဲ့ မင်းရဲ့ လက်ရှိစွမ်းအားအရဆိုရင်တော့ အလွန်ဆုံး နှစ်ဝက်လောက်၊ တစ်နှစ်လောက်နေရင် အလိုလို ပြန်ကောင်းသွားပါလိမ့်မယ်။"
စကားပင် မဆုံးသေးချေ။
မုန့်ချင်ကျိုးက ဓားလက်ကိုင်ကို ဆုပ်ကိုင်ကာ ပခုံးထဲမှနေ၍ ဆွဲနှုတ်လိုက်သည်ကို မြင်လိုက်ရသည်။ ဓားသန္ဓေသားကို ဆွဲနှုတ်လိုက်သည့် အခိုက်အတန့်တွင် ၎င်းမှာ ချက်ချင်းပင် ပြောင်းလဲပျောက်ကွယ်သွားသည်။
[နောက်ဆုံးနာရီ]
[အရုဏ်တက်ချိန်]
နေရာက်ဆုံးနာရီအဝိုင်းကြီးက သူ၏အနောက်တွင် ပေါ်ထွက်လာပြီး လက်တံက အရုဏ်တက်ချိန်တွင် ရပ်တန့်သွားသည်။ နောက်တစ်ခဏတွင် မုန့်ချင်ကျိုး၏ ဒဏ်ရာများအားလုံး နဂိုအတိုင်း ကောင်းမွန်သွားပြီး သူ၏ အခြေအနေမှာလည်း အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားသည်။
"ဟမ်.." နတ်ဘုရားများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဒီလိုမျိုးလည်း ရတာလား။
သွေးစွန်းနေသော မျက်လုံးကြီးက စူးစိုက်ကြည့်နေပြီး နက်နဲသော အဓိပ္ပာယ်ဖြင့် ပြောလိုက်သည်။
"အချိန်-နေရာလွတ် မဟာတာအိုရဲ့ အန္တိမသရုပ်သကန်လား။ မင်းက သိပ်မရိုးရှင်းဘူးပဲ။ ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် အနာဂတ်မှာ အပြောင်းအလဲ ကြီးကြီးမားမား ရှိလာမယ်။ အဲဒီ မုန်တိုင်းကို ဖန်တီးမယ့်သူက မင်းပဲ ဖြစ်လောက်တယ်။"
မုန့်ချင်ကျိုးက တိတ်ဆိတ်နေပြီး ပြန်မဖြေဘဲ သားရဲပေါက်စလေးကို ပခုံးပေါ်သို့ ဂရုတစိုက် ပြန်တင်လိုက်သည်။ သားရဲပေါက်စလေးက မျက်လုံးမှိတ်ထားလျက် သူ၏လည်ပင်းကို အလွန်ကျွမ်းကျင်စွာ ဖက်ထားလိုက်သည်။
ထို့နောက်။
သူက လင်းရှောင်နန်းဆောင်ထဲမှ လှည့်ထွက်သွားပြီး နောက်သို့လှည့်မကြည့်တော့ဘဲ လက်ဝှေ့ယမ်းကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည် :
"နှုတ်ဆက်ပါတယ်။ အရှင်တို့။"
မဟာတာအိုနတ်ဘုရား သုံးထောင်က သူထွက်သွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေကြပြီး ဝိညာဉ်အာရုံများထဲတွင် အားကိုးရာမဲ့ ပြုံးရယ်နေသော ခံစားချက်များ ပါဝင်နေသည်။ ထို့နောက် အားလုံးက လူသားတို့၏ဘာသာစကားကို တုပကာ တစ်ပြိုင်နက်တည်း အသံထွက်လိုက်ကြသည်။
"နှုတ်ဆက်ပါတယ်။ သတ္တဝါတွေရဲ့ရှေ့ဆောင်လမ်းပြ။"
...
...
တောင်ဘက်ကောင်းကင်တံခါး အပြင်ဘက်။
မုန့်ချင်ကျိုး ရုတ်တရက် ခြေလှမ်းရပ်တန့်လိုက်ပြီး ဘေးသို့လှည့်ကာ ပြောလိုက်သည်။ "တစ်လျှောက်လုံး နောက်ယောင်ခံလိုက်လာတာပဲ။ ကိုယ်ထင်ပြဖို့ အချိန်ရောက်ပြီ မဟုတ်လား။"
အရိပ်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာပြီးနောက် တဖြည်းဖြည်း မျက်နှာတစ်ခုလုံး ပေါ်လွင်လာသည်။ အခြားသူမဟုတ်ဘဲ လူသားပညာရှိ 「ယွဲ့」 ဖြစ်နေသည်။
"အချိန်ရလား၊ တစ်ခွက်လောက် သောက်ရအောင်။" ယွဲ့က အရက်ဘူးကို ကိုင်ထားရင်း မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ။
မုန့်ချင်ကျိုးက စက္ကန့်အနည်းငယ်ခန့် တွေဝေသွားပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။
"ရပါတယ်။ လမ်းပြလေ။"
သူ့လို အတုအယောင်မဟုတ်ဘဲ တကယ့်စစ်မှန်တဲ့ လူသားမျိုးနွယ်ရဲ့ ရှေ့ဆောင်လမ်းပြတစ်ယောက် အပေါ်တွင် မုန့်ချင်ကျိုးက အလွန် စိတ်ဝင်စားမိသည်။
လိုဏ်ဂူတစ်ခုထဲတွင်။
ယွဲ့နှင့် မုန့်ချင်ကျိုးတို့ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး စားပွဲပေါ်တွင် တန်ဖိုးကြီး၍ မျက်စိကျိန်းမတတ် များပြားလှသောအစားအစာများ ခင်းကျင်းထားသည်။ ၎င်းတို့အထဲတွင် အစားအစာအဖြစ် မွေးရာပါ နတ်ဘုရားများ၏ အသားများကိုပင် ထည့်သွင်းထားသည်။
သားရဲပေါက်စလေးက နိုးလာပြီး ကြောင်တောင်တောင်ဖြင့် ခေါင်းကိုကုတ်ကာ ဘေးဘီဝဲယာကို အကဲခတ်လိုက်သည်။ လက်ရှိအခြေအနေကို လုံးဝနားမလည်သေးဘဲ နှာခေါင်းလေး ပွစိပွစိလုပ်ရင်း အနံ့ခံကောင်းသော နှာခေါင်းဖြင့် အစားအစာ အနံ့များကို ရသွားသည်။ တစ်ချက်ကြည့်လိုက်ရာ စားပွဲပေါ်တွင် အရသာရှိသောအစားအစာများ အပြည့်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ အတင်းခုန်အုပ်ကာ သားရဲခြေထောက်တစ်ချောင်းကိုယူ၍ ပါးစပ်တွင် ဆီများပေပွသည်အထိ စားနေတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ယွဲ့က တဟားဟားနှင့် ရယ်မောပြီး ပြောလိုက်သည်။ "လူ့သဘာဝကို နားလည်သားပဲ။"
ထိုသို့ပြောရင်း ယွဲ့က လက်မြန်ခြေမြန်ဖြင့် သားရဲပေါက်စလေး၏ခေါင်းကို လှမ်းပွတ်ရန် ပြင်လိုက်သော်လည်း သားရဲပေါက်စလေးက လက်ကိုပုတ်ထုတ်လိုက်ပြီး သွားဖြီးကာ ခြိမ်းခြောက် သတိပေးလိုက်သည်။
"ဟေ။" ယွဲ့ ရယ်ချင်သွားသည်။
"ရှုံ့တ။" မုန့်ချင်ကျိုးက ကြိမ်းမောင်းလိုက်သည်။ "မရိုင်းနဲ့။ ကိုယ့်ဟာကိုယ်စား။"
ထိုအခါမှသာ သားရဲပေါက်စလေးက ခြိမ်းခြောက်နေသည့်ပုံစံကို ရုပ်သိမ်းလိုက်ပြီး သားရဲခြေထောက်ကို ပိုက်ကာ မုန့်ချင်ကျိုး၏ပခုံးပေါ်တွင် ထိုင်လျက် အားရပါးရ စားသောက်နေတော့သည်။
ယွဲ့က သူ့အတွက် အရက်ငှဲ့ပေးရင်း ပြောလိုက်သည်။
"ခင်ဗျား သိလား။ ကျုပ်က ခင်ဗျားကို အမြဲတမ်း ရှာနေခဲ့တာ။ နောက်ဆုံးတော့ ကံကောင်းထောက်မစွာနဲ့ တွေ့ခွင့်ရပြီ။"
"လူသားမျိုးနွယ်မှာ ခင်ဗျားရှိတယ်။ ကျုပ်ရှိတယ်။ တစ်နေ့ကျရင် လောကရဲ့ အတက်အကျတွေကို အုပ်စိုးပြီး ကောင်းကင်နဲ့မြေကြီးရဲ့ အရှင်သခင်တွေဖြစ်လာနိုင်မှာ သေချာတယ်။ တာအိုမိတ်ဆွေ... လူသားတွေရဲ့ အနာဂတ်ကို ဖန်တီးဖို့ ကျုပ်နဲ့ လက်တွဲချင်လား။"
ဤလျှို့ဝှက်ဆန်းကြယ်လူငယ်က အနာဂတ်မှ ရောက်လာကြောင်းကို ယွဲ့ မသိပေ။ ထိုကိစ္စကိုသိသည်မှာ မဟာတာအိုနတ်ဘုရားသုံးထောင်သာရှိပြီး သူတို့က ဤအကြောင်းအရာကို ထိပ်တန်းလျှို့ဝှက်ချက်အနေနှင့် သတ်မှတ်ထားကာ တခြားဘယ်သူ့ကိုမှ မပြောပြခဲ့ပေ။
ထို့ကြောင့် ယခုအချိန်အထိ ယွဲ့က လျှို့ဝှက်ဆန်းကြယ်လူငယ်ကို ဤခေတ်၏ အပြောင်းအလဲ တစ်ခုအဖြစ် ထင်မှတ်ထားပြီး လူသားများ၏ အနာဂတ်ခေါင်းဆောင်အဖြစ်ပင် သတ်မှတ်ထားခဲ့သည်။
"ငါက တောတောင်ထဲမှာ အေးအေးဆေးဆေးနေချင်တဲ့ ကျင့်ကြံသူတစ်ယောက် သက်သက်ပါ။ ရှေ့ဆောင်လမ်းပြလုပ်ဖို့ မတတ်နိုင်ပါဘူး။ တကယ့်လူသားတွေရဲ့ရှေ့ဆောင်လမ်းပြဆိုတာ မင်းပါ။ ငါ မဟုတ်ဘူး။" မုန့်ချင်ကျိုးက ခေါင်းရမ်းပြီး ရှင်းပြလိုက်သည်။ "ငါ့မှာ အဲဒီအရည်အချင်းလည်း မရှိပါဘူး။"
သူကိုယ်တိုင်လည်း သူ၏ဇာစ်မြစ်ကို သွားပြီး ရှင်းပြမနေတော့ဘူး။
မလိုအပ်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်နောင် ပြန်တွေ့ရမယ့်ရက်မှ မရှိတော့တာ။ တစ်ခါခွဲခွာပြီးရင် ထာဝရ ခွဲခွာရမှာပဲ။
ရှင်းပြလိုက်ရင် ပြဿနာတွေပဲ ပိုများလာလိမ့်မယ်။
ယွဲ့က အလွန် စိတ်လှုပ်ရှားနေပုံရပြီး အရက်တစ်ခွက်ကို အကုန်သောက်ချလိုက်ကာ ပြောလိုက်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
"ခင်ဗျား သိလား။ ကျုပ်ရဲ့စိတ်ထဲမှာ ခင်ဗျားက ကျုပ် အတုယူလိုက်နာသင့်တဲ့ ရှေ့ဆောင်လမ်းပြ တစ်ယောက်ပဲ။ တကယ်လို့ ခင်ဗျားသာဆိုရင် ကျုပ်က ခင်ဗျားရဲ့လက်အောက်ခံ ဒါမှမဟုတ် အရန်လူ လုပ်ပေးဖို့တောင် ဆန္ဒရှိတယ်။ လှပတဲ့ပန်းပွင့်လေးအောက်က စိမ်းလန်းတဲ့သစ်ရွက်လေး လုပ်ရလည်း ကျေနပ်တယ်။"
"ခင်ဗျားမှသာ လူသားတွေကို ဦးဆောင်ပြီး ကပ်ဘေးကနေ ကျော်လွန်အောင် လုပ်နိုင်ပြီး အနာဂတ်ရဲ့ အမှောင်ထုကြီးကို ဖြတ်သန်းနိုင်မှာ။"
"နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရပြီး ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြနိုင်ခဲ့တာ။ မိုးထိအောင်မတ်မတ်ရပ်နိုင်တဲ့ ယောက်ျားကောင်းတစ်ယောက်က ကိုယ့်မျိုးနွယ်စုအတွက် စွမ်းဆောင်ပေးတာမျိုး မလုပ်ဘဲ၊ လောကကြီးမှာနာမည်မကျန်ရစ်ဘဲ၊ လုပ်ငန်းကြီးတွေကို မလုပ်ဘဲနေလို့ ဘယ်ဖြစ်ပါ့မလဲ။"
မုန့်ချင်ကျိုးက မနေနိုင်ဘဲ ခါးသီးစွာပြုံးလိုက်မိပြီး စကားပင်ဆွံ့အသွားကာ ဘယ်လို ရှင်းပြရမှန်း မသိတော့ပေ။
ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ ဇာတ်လမ်းကြီးလဲ။
လူသားတွေရဲ့ တကယ့်ရှေ့ဆောင်လမ်းပြက ငါ့ကို တောထဲမှာပုန်းနေတဲ့ တန်ခိုးရှင်ကြီးလို့ အထင်လွဲနေပြီးတော့ နတ်ဘုရားတစ်ပါးလို ကိုးကွယ်နေတာက တကယ်ကို ရယ်စရာကောင်းလွန်းတယ်။
"တကယ်တော့ ငါက အနာဂတ်ကနေ ရောက်လာတာပါ။ ဒီခေတ်က လူသားမဟုတ်ပါဘူး။" တစ်ဖက်လူ ပိုပြီးအထင်လွဲမသွားစေရန် မုန့်ချင်ကျိုးက အမှန်အတိုင်းသာ ပြောလိုက်ရသည်။
သို့သော်လည်း။
ယွဲ့က ထိုစကားကို ကြားလိုက်ရသောအခါ မျက်လုံးထဲမှအရောင်များ ရုတ်တရက် မှေးမှိန်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"ကျုပ်ကို နှစ်သိမ်းချင်လို့ ဒီလိုဆင်ခြေမျိုးတောင် ပေးရတာလား..."
"ထားလိုက်ပါတော့။ တစ်နေ့ကျရင် ခင်ဗျား စိတ်ပြောင်းလာလိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်။ ကျုပ် စောင့်နေမယ်။"
"ခင်ဗျား နောက်ပြန်လှည့်လာသရွေ့ ကျုပ်က အဲဒီမှာ အမြဲတမ်း စောင့်နေမှာပါ။ ခင်ဗျားနဲ့အတူ ရွှေရောင်လွှမ်းတဲ့ ခေတ်ကြီးကို တည်ဆောက်ဖို့ စောင့်နေမယ်။"
ထိုနေရာအရောက်တွင်။
လွန်ခဲ့သောနှစ်ရက်က တာအိုသက်သေပြ ကောင်းကင်ဘုံအတိဒုက္ခအတွင်း မြင်ကွင်းများက ယွဲ့၏ ခေါင်းထဲတွင် အဆက်မပြတ် ပေါ်လာသည်။ ထိုတောက်ပလွန်းသော ဓားအလင်းတန်း၊ ယှဉ်ပြိုင်ဘက်ကင်းသော ထိုကိုယ်ဟန်အမူအရာများက သူ၏ခေါင်းထဲတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုခံလိုက်ရ၏။
လူငယ်ဘဝတွင် အလှပဆုံးလမင်းကြီးကို ရုတ်တရက် မြင်တွေ့လိုက်ရသလိုပင်။ နောင်လာမည့် ဘဝတစ်လျှောက်လုံး သူ မည်မျှပင် အောင်မြင်မှုတွေ ရနေပါစေ၊ ဘယ်လောက်အမြင့်ကို ရောက်ပါစေ၊ ထိုနေ့က မြင်တွေ့ခဲ့ရသော မြင်ကွင်းသည် သူ့ကို တစ်သက်လုံး အဖော်ပြုနေပေလိမ့်မည်။
အကြောင်းမှာ။
ထိုနေ့က ယွဲ့သည် တကယ့်ယှဉ်ပြိုင်ဘက်ကင်းသောသူ၏ ဟန်ပန်အစစ်က မည်သို့ဖြစ်ကြောင်းကို မြင်တွေ့ခဲ့ရ၍ပင်။
"တကယ့်ယှဉ်ပြိုင်ဘက်ကင်းတဲ့သူ၊ ကြီးမြတ်တဲ့ရှေ့ဆောင်လမ်းပြဆိုတာ ခင်ဗျားလိုလူမျိုး ဖြစ်ရမှာ။ ဘယ်သူ့ကိုမှ မကြောက်ဘူး။ ကောင်းကင်ဘုံအတိဒုက္ခပဲဖြစ်ဖြစ်၊ ဖရိုဖရဲစကြဝဠာကြီးရဲ့ ဆန္ဒပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။"
"တစ်နေ့ကျရင် ကျုပ်လည်း ခင်ဗျားလိုလူမျိုး ဖြစ်လာစေရမယ်။"
ယွဲ့၏ အကြည့်များက အလွန်ပြတ်သားနေပြီး မီးတောက်များ လောင်ကျွမ်းတော့မလိုပင်။ မုန့်ချင်ကျိုးကို စူးစိုက်ကြည့်ရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ဟုတ်ပါပြီ..." မုန့်ချင်ကျိုးက နဖူးကိုကိုင်ကာ သက်ပြင်းချလိုက်ပြီး ခေါင်းတွေတောင် ကိုက်လာသလို ခံစားရသည်။
လခွမ်းတဲ့မှ။ ဒီကောင်ကို ဘယ်လိုမှ ရှင်းပြလို့မရတော့ဘူး။
ဒီကောင် ရူးများရူးနေလား။ ငါက ရင်ထဲကနေ အမှန်အတိုင်း သေချာပြောပြနေတာကို မင်းက ဘာလို့ မယုံရတာလဲ။
"ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းကို တစ်ချက်ပဲ အလေးအနက် ပြောမယ်။ ငါက တကယ်ပဲ ဒီခေတ်ကလူ မဟုတ်ဘူး။ အနာဂတ်ကနေရောက်လာတာ။ မယုံရင် လင်းရှောင်နန်းဆောင်ထဲက မဟာတာအိုနတ်ဘုရားတွေကို သွားမေးကြည့်လို့ရတယ်၊ သူတို့ အကုန်လုံး သိကြတယ်။" မုန့်ချင်ကျိုးက ပြောလိုက်သည်။
စကားပင် မဆုံးသေးချေ။
သူ့နားထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။ "မင်းအတွက် ငါတို့ သက်သေထွက်ပေးမှာ မဟုတ်ဘူး။ မင်းရဲ့ဖြစ်တည်မှုကို ကောင်းကင်ခုံရုံးက ဖုံးကွယ်ထားပေးလို့ မရနိုင်တော့ဘူး။ တကယ်လို့ အပြင်ကိုသာ မင်းက အနာဂတ်ကရောက်လာတာလို့ သက်သေပြလိုက်ရင် ဖရိုဖရဲစကြဝဠာကြီးမှာ ကမောက်ကမတွေ ဖြစ်ကုန်မယ်။"
အချိန်နတ်ဘုရား၏အသံပင်။
အင်း ဟုတ်တော့လည်း ဟုတ်ပါတယ်...
ငါ ကောင်းကင်နယ်ပယ်ကို တာအိုသက်သေပြတုန်းက ဖရိုဖရဲစကြဝဠာကြီးထဲက သတ္တဝါတွေ အားလုံး မြင်ခဲ့ကြတာကိုး။ အခုဆိုရင် သတ္တဝါတွေက ငါ့ကို ရှေ့ဆောင်လမ်းပြအဖြစ် သတ်မှတ်နေကြပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဖုံးကွယ်လို့ ရမှာမဟုတ်တော့ဘူး။
ဒီအချိန်မှာ ကောင်းကင်ခုံရုံးက အဲဒီလျှို့ဝှက်ဆန်းကြယ် ရှေ့ဆောင်လမ်းပြကြီးဟာ အနာဂတ်ကနေ လာတာပါလို့ ရှင်းပြရင်တောင် ဘယ်သူယုံမလဲဆိုတာ အသာထား။ ရှေ့ဆောင်လမ်းပြကို မျက်စိမှိတ် ကိုးကွယ်နေတဲ့ သတ္တဝါတွေအားလုံး ပြိုလဲသွားပြီး ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်တယ်။
ပိုပြီးဆိုးဆိုးရွားရွားပြောရရင် အနာဂတ်ကကျင့်ကြံသူတွေ ရှေးဟောင်းခေတ်ကို ပြန်ရောက်လာတယ် ဆိုတဲ့ကိစ္စ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားရင် အချိန်စီးကြောင်းကြီး ရှုပ်ထွေးသွားနိုင်တယ်။
ကောင်းကင်ခုံရုံးဆိုတာက ဖရိုဖရဲစကြဝဠာကြီးရဲ့စည်းမျဉ်းတွေကို ထိန်းသိမ်းဖို့အတွက်ပဲ တည်ရှိတာ ဆိုတော့ စည်းမျဉ်းတွေကို ကမောက်ကမဖြစ်စေမယ့်ကိစ္စတွေကို ကိုယ်တိုင်ဝင်လုပ်မှာ မဟုတ်ဘူး။
"ကောင်းပြီလေ..."
မုန့်ချင်ကျိုးက အရက်ခွက်ကိုကိုင်ကာ နည်းနည်းလေး မြည်းစမ်းကြည့်လိုက်သော်လည်း ထိုအရက်က ခါးသက်သက်နှင့် အရသာမရှိကြောင်း ချက်ချင်း ခံစားလိုက်ရသည်။
ဒီလိုမှန်းသိရင် ဒီလူနဲ့အတူ လာမသောက်ခဲ့ပါဘူး။
အခုတော့ ဒီလိုစိတ်ရှုပ်စရာကိစ္စမျိုးနဲ့ လာကြုံနေရတယ်။
"ဒီလိုလုပ်ပါ၊ ငါ မင်းနဲ့အတူတူ ရွှေရောင်လွှမ်းတဲ့ခေတ်ကြီးကို မတည်ဆောက်နိုင်ပေမယ့် လူသားမျိုးနွယ် အတွက် တစ်ခုခုတော့ ချန်ထားခဲ့ပေးနိုင်တယ်။"
မုန့်ချင်ကျိုးက ပြောရင်းဆိုရင်း လေထဲတွင် ယွဲ့အတွက် တာအိုနိယာမများကို သရုပ်ပြကာ ကျင့်ကြံခြင်း အဆင့်များ၏ ပိုမိုနက်ရှိုင်းသော ပြည့်စုံမှုများကို သရုပ်ဖော်ပြသလိုက်သည်။
ယွဲ့က လူသားမျိုးနွယ်၏ ကျင့်ကြံခြင်းအတတ်ကို စတင်ဖန်တီးသူ ဖြစ်သော်လည်း။
သူ ဖန်တီးထားသော ကျင့်ကြံခြင်းအတတ်က အရမ်းကို အပေါ်ယံဆန်လွန်းတယ်။ ခေတ်သစ်သမိုင်းက ကျင့်ကြံခြင်းနည်းလမ်းများနှင့်ယှဉ်ရန် လုံးဝ မလုံလောက်ပေ။ အကြောင်းမှာ ခေတ်သစ်သမိုင်းမှ နည်းလမ်းများသည် ခေတ်အဆက်ဆက် နှစ်သောင်းချီကြာ ပြုပြင်မွမ်းမံပြီး အမှားများကို သင်ခန်းစာယူကာ ပြီးပြည့်စုံအောင် ဖော်ထုတ်ထားသော ကျင့်ကြံခြင်းနည်းလမ်းများ ဖြစ်နေ၍ပင်။
ဗားရှင်းပေါင်း ဆယ်ဂဏန်းခန့် အဆင့်မြှင့်ထားသော နောက်ဆုံးပေါ် ထုတ်ကုန်တစ်ခုနှင့် ညီမျှသည်။ ယွဲ့ ကျင့်ကြံနေသော နည်းလမ်းကို အလွန်ဆုံး ရှေးဟောင်းပစ္စည်းဟုသာ ခေါ်ရပေမည်။
"တာအိုကျင့်စဉ်တွေမှာ ဒီလောက်တောင် နက်နဲတဲ့အရာတွေ ရှိနေသေးတာကိုး။" ယွဲ့က စွဲလမ်းရစ်မူးစွာ ကြည့်နေပြီး ထိုအထဲကို ဝင်ရောက်ပြီး မျောပါသွားချင်စိတ်တောင် ပေါက်လာသည်။
တာအိုသရုပ်ပြမှုက လေးငါးနာရီခန့် ကြာသွားပြီး နောက်ဆုံးတွင်တော့ အဆုံးသတ်သွား၏။
"ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား ရှေ့ဆောင်လမ်းပြမဟုတ်ဘူးလို့ ပြောနေသေးတယ်နော်။" ယွဲ့က ပို၍ပင် ယုံကြည်သွားပြီး ရူးသွပ်မတတ် မျက်လုံးများနှင့် ပြောလိုက်သည်။
...
"အာ။"
"မင်း ထင်ချင်သလိုသာ ထင််လုက်တော့။" မုန့်ချင်ကျိုးမှာ စကားပင်ဆွံ့အသွားပြီး ဆက်ရှင်းပြနေရန် ပျင်းသွားတော့သည်။
ပြောပြီးသည်နှင့်။
သူက 「ယွဲ့」နှင့်ဆက်ပြီး အငြင်းပွားမနေချင်တော့ပေ။ အငမ်းမရ စားသောက်နေတုန်းဖြစ်သော သားရဲပေါက်စလေးကို ပခုံးပေါ်ကောက်တင်လိုက်ပြီး သူက ပါးစပ်ထဲမှ သားရဲအရိုးကို ဆွဲထုတ်ကာ စားပွဲပေါ် ပစ်ချလိုက်သည်။ ထို့နောက် သားရဲပေါက်စလေး၏တင်ပါးလေးကိုပုတ်ကာ ပြောလိုက်သည်။
"သွားကြစို့။ အချိန် နည်းနည်းရသေးတုန်း မင်းနဲ့ လိုက်ကစားပေးဦးမယ်။"
ထိုစကားကို ကြားလိုက်သောအခါ အစားအစာများ ထပ်ယူသွားရန် ပြင်နေသော သားရဲပေါက်စလေးက ချက်ချင်းရပ်တန့်သွားပြီး သူ့ပခုံးပေါ်တွင် တိတ်တဆိတ် ထိုင်နေလိုက်သည်။ ခေါင်းလေးကို ငိုက်စိုက်ကျထားပြီး ဆီများပေပွနေသော လက်သည်းလေးများနှင့် မျက်လုံးကို အဆက်မပြတ် ပွတ်နေ၏။
သူက ဘာသံမှမထွက်ဘဲ ပုံမှန်အတိုင်း ဟန်ဆောင်နေသော်လည်း မျက်လုံးဝိုင်းကြီးများ၏ ဘေးနားမှ အမွေးများက မျက်ရည်များကြောင့် စိုရွှဲနေလေပြီ။
သားရဲပေါက်စလေးလည်း လိမ္မာလာပြီ ဖြစ်သည်။
စွန့်ပစ်ခံရတော့မယ့် ကလေးလေးတစ်ယောက်လို ငိုကြွေးခြင်းမျိုး မလုပ်တော့ပေ။
သူက လည်ပင်းတွင် ဆွဲထားသော ဓားအဆောင်လေးကို အရင်ဆုံး တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီးမှ လူငယ်၏လည်ပင်းကို လက်သည်းသေးသေးလေးများနှင့် ဖက်ထားလိုက်တော့သည်။
...