အခန်း ၃၈၃
Vol. 26 Ch. 383
အပိုင်း(၃၈၃) သမီးလေးအန်းအန်းနှင့် နှစ်သစ်ကူးအချိန်အခါ
မထွက်ခွာခင်။
မုန့်ချင်ကျိုး၏ နတ်ဘုရားအာရုံက ဖရိုဖရဲစကြဝဠာကြီးအနှံ့အပြားသို့ ပြန့်ကျက်သွားပြီး (၃၃)ထပ် ကောင်းကင်ဘုံကို စူးစမ်းကြည့်လိုက်သည်။
ကောင်းကင်ခုံရုံး ဖွဲ့စည်းပုံကြီး ပြိုကျပျက်စီးနေပြီး မဟာတာအိုနတ်ဘုရားများသည် သတ္တဝါအားလုံးနှင့် လုံးဝကို ဆန့်ကျင်ဘက်အနေအထားသို့ ရောက်ရှိသွားပြီဖြစ်သည်။
ဖရိုဖရဲစကြဝဠာကြီး၏ နက်ရှိုင်းသောနေရာတွင်။
မျက်လုံးတစ်စုံက အသံတိတ် ပွင့်လာပြီး လောကကြီးတစ်ခုလုံးကို ချောင်းကြည့်နေသကဲ့သို့ ရှိသည်။ ထိုအကြည့်က အလွန်အမင်း အေးစက်စက်နိုင်ပြီး သံယောဇဉ်ကင်းမဲ့ကာ၊ သတ္တဝါအားလုံးကို မြက်ခင်းများလို သဘောထားနေသည်။ ၎င်းတွင် မည်သည့်ခံစားချက်မျှမရှိဘဲ မျက်လုံးထဲတွင် ဖန်ဆင်းခြင်းနှင့် ပျက်စီးခြင်း စွမ်းအားနှစ်မျိုး ရောယှက်နေသည်။
မဟာတာအိုအသစ်က အာဏာကို တရားဝင် စတင်သိမ်းပိုက်နေလေပြီ။
တစ်ခဏချင်းပင် ကောင်းကင်ဘုံတွင် စစ်မီးခိုးငွေ့များ ထောင်းထောင်းထလာပြီး ကောင်းကင်နယ်ပယ် နတ်ဘုရားများကြားတွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည်။ (၃၃)ထပ် ကောင်းကင်ဘုံသည်လည်း စစ်ပွဲ၏ ဂယက်ကြောင့် တဖြည်းဖြည်း ပြိုကွဲပျက်စီးနေပြီ ဖြစ်သည်။
ကောင်းကင်ဘုံ ပျက်သုဉ်းရန် အချိန်ရေတွက်နေလေပြီ...
"နှုတ်ဆက်ပါတယ် အရှင်တို့။"
...
...
ခေတ်သစ်သမိုင်း မျက်မှောက်လောက။
မဟာကျင်းတိုင်းပြည်၊ ဧကရာဇ်နန်းတော်။
ပစ္စုပ္ပန်ကျေးရွာ။
နှစ်သစ်ကူးကို ကြိုဆိုသည့်အနေဖြင့် နံနက်ခင်းတွင် မီးရှူးမီးပန်းများ ပစ်ဖောက်သံနှင့်အတူ နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်ကူးပြောင်းသွားသည်။
ရွာသားများက ရွှင်လန်းတက်ကြွစေသော အဝတ်အစားသစ်များကို ဝတ်ဆင်ကာ မိသားစုများနှင့်အတူ ရပ်ကွက်ထဲရှိ အိမ်နီးချင်းများဆီသို့ အလည်သွားကြသည်။ လူကြီးမိဘများက လူငယ်များကို စာအိတ်နီများ ပေးကမ်းပြီး ပခုံးကိုပုတ်ကာ အားပေးစကားများ ပြောကြသည်။
ဌာန(၆)ခုနှင့် ဂိတ်(၈)ခုမှ ထိပ်တန်း အရာရှိကြီးများအားလုံးသည် ပစ္စုပ္ပန်ကျေးရွာတွင် နေထိုင်ခွင့် ရရှိထားကြသည်။ ဌာနမှူး(၆)ပါးနှင့် ဂိတ်မှူး(၈)ပါးတို့မှာ မိသားစုဆွေမျိုးများကိုပါ ခေါ်ဆောင်၍ ပစ္စုပ္ပန်ရွာတွင် ဝင်ရောက်နေထိုင်ခွင့်ရှိကြသည်။
မိသားစုရှိသူတိုင်းက တစ်မိသားစုလုံးကို ခေါ်ဆောင်ကာ ပစ္စုပ္ပန်ရွရွာတွင် ဝင်ရောက်နေထိုင်ရန်သာ ရွေးချယ်ကြသည်။
အကြောင်းမှာ ထိုနေရာက မဟာကျင်း၏ နဂါးကံကြမ္မာများ စုဝေးရာနေရာ ဖြစ်၍ပင်။ အိမ်က ကလေးများက ထိုကံကြမ္မာများ၏ လွှမ်းမိုးမှုအောက် အမြဲနေထိုင်ရလျှင် အလွန် အကျိုးကျေးဇူးများနိုင်၏။
အစိမ်းရောင်အုတ်ကြွပ်အမိုးနှင့်အိမ်လေး။ တခြားအမည်က "ထိုက်ကျိနန်းဆောင်"။
စုချင်ချိုးက အစေခံဝတ်စုံကို လဲဝတ်လိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ အေးစက်တည်ငြိမ်သော ဓားသခင်မ၏ ပြိုင်ဘက်ကင်းအလှတရားက အပြည့်အဝ ပေါ်လွင်နေသည်။ လူကြီးသူမများ ပြောလေ့ရှိသည့် မိန်းကလေးတွေကအရွယ်ရောက်လာရင်ပိုလှလာတယ်ဆိုသည့် စကားအတိုင်း စုချင်ချိုးက တစ်နေ့ထက်တစ်နေ့ ပိုပိုလှလာပြီး ဧကရီပြီးလျှင် အင်ပါယာ၏ နံပါတ်တစ်အလှဆုံးဟု လူအများက ခေါ်ဝေါ်လာကြသည်။
သို့သော်လည်း။
ယခုနှစ်သစ်ကူးကာလ၌ ပျော်ရွှင်စရာကောင်းပြီး စည်ကားနေပုံရသော ပစ္စုပ္ပန်ရွာလေးထဲတွင် အထီးကျန်ဆန်မှုများ တိတ်တဆိတ် ကိန်းအောင်းနေသည်ကို ခံစားသိရှိနိုင်သည်။
လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ရှိနေသော်လည်း ထိုအပြုံးများ၏အောက်တွင်တော့ ပါးလျသော ဝမ်းနည်းမှုများ ပုန်းအောင်းနေလေသည်။
စုချင်ချိုးက နှုတ်ခမ်းကိုစေ့ကာ အနည်းငယ် ပြုံးလိုက်ပြီး နောက်သို့လှည့်ကာ လှမ်းခေါ်လိုက်သည်။
"အန်းအန်း။ ထွက်လာပြီး စာတန်းတွေ ကပ်ရအောင်။ ဗျောက်အိုးတွေ ဖောက်ကြမယ်လေ။"
ခြံဝင်းထဲမှ ချိုမြိန်နူးညံ့သောအသံလေးတစ်ခု ထွက်ပေါ်လာပြီး အခုအချိန်တွင် ငြင်းဆန်ချင်စိတ်များ အပြည့်ဖြစ်နေသည်။ "မလုပ်ချင်ပါဘူး။ သမီးက တစ်နှစ်ပဲ ရှိသေးတာလေ။ အရပ်က ဗျောက်အိုးလောက်တောင် မရှည်သေးဘူး။ မလုပ်ဘူး။"
လမ်းဖြတ်သွားသည့် ရွာသားများက ထိုအသံကို ကြားသောအခါ သဘောကျစွာ ပြုံးလိုက်ကြသည်။
မင်းသမီးလေး ဆူပူအော်ဟစ်နေခြင်းမှန်း သိကြသော်လည်း ထိုကဲ့သို့ ဆူပူနေရင်လျှင်ပင် လူတိုင်းက နားထောင်ကောင်းပြီး လောကရှိ မည်သည့်တေးသွားထက်မဆို ပိုလှပသည်ဟု ခံစားရလေသည်။
မတတ်နိုင်ဘူးလေ။ မင်းသမီးလေးက ဧကရာဇ်နဲ့ ဧကရီရဲ့ ကောင်းကွက်တွေအားလုံးကို အပြည့်အဝ အမွေဆက်ခံထားတာကိုး။
လှပပြီးတော့ ဉာဏ်ကောင်းရုံတင်မကဘူး။ ပါရမီကလည်း ကောင်းကင်ကို အန်တုနိုင်လောက်တယ်။ အသက်တစ်နှစ်လေးနဲ့တင် အဆင့်(၉)ကို ကျော်ဖြတ်ပြီး အဆင့်(၁)အထိ တစ်ဟုန်ထိုး ရောက်သွားခဲ့တာ။
တန်ခိုးရှင်တံခါးပေါက်ရဲ့ ပထမဆုံးအဆင့်ဖြစ်တဲ့ တိမ်တက်နယ်ပယ်ကို ခြေတစ်လှမ်းပဲ လိုတော့တယ်။
ဒီလောက် ချစ်စရာကောင်းတဲ့ ကလေးလေးကို ဘယ်သူက မချစ်ဘဲနေနိုင်မှာလဲ။
ပြီးတော့လည်း အန်းအန်းက ငယ်ငယ်လေးကတည်းက ဖခင်မေတ္တာမရခဲ့တဲ့ သနားစရာ ကလေးလေး ဖြစ်နေပြီးတော့ ဧကရီကလည်း ဘေးမှာအချိန်ပေးဖို့ အမြဲတမ်း မအားလပ်နိုင်ဘူးလေ။ အဲဒီသနားစိတ်ကြောင့် ရွာသားတွေက အန်းအန်းကို ပိုပြီးတော့တောင် ချစ်ခင်ကြတယ်။
အစိမ်းရောင်အုတ်ကြွပ်အမိုးနှင့် အိမ်လေး၏ မျက်နှာချင်းဆိုင်။
ပန်းပဲဖိုထဲတွင် လီယဲ့က သူ့လက်နှင့် သေးငယ်သော ဓားတစ်လက်ကို ထုလုပ်နေပြီးနောက် ဓားသွား ထက်မထက် စမ်းသပ်ကြည့်ကာ ပြောလိုက်သည်။
"မင်းသမီးလေး အန်းအန်းက ဓားတွေကို သဘောကျတယ်လို့ ကြားထားတယ်။ ငါ ထုလုပ်ထားတဲ့ ဒီဓားလေးကိုများ သဘောကျမလားမသိဘူး။"
ဘေးအိမ်မှ ကိတ်မုန့်ရောင်းသောလူငယ်လေးက ကြားပြီး ရောက်လာကာ ချက်ချင်းပင် တဟားဟားနှင့် အသံအကျယ်ကြီး ရယ်မောလိုက်သည်။ "လီယဲ့... လီယဲ့... ခင်ဗျားက တစ်သက်လုံး ဉာဏ်ကောင်းသလောက် တစ်ခါတလေ တုံးတာပဲ။ သွေးသောက်ထားတဲ့ ဝိညာဉ်ရတနာ နတ်ဓားအစစ်ကြီးကို အသက်တစ်နှစ်ပဲ ရှိသေးတဲ့ မင်းသမီးလေးကို ပေးမလို့လား။"
"အန်းအန်း သဘောကျမကျကို အရင် မပူနဲ့ဦး။ စုချင်ချိုးနဲ့ ဝူတျဲတို့က ခင်ဗျားကို အရှင်လတ်လတ် ရိုက်သတ်သွားမလားဆိုတာကို အရင်ပူလိုက်ဦး။"
လီယဲ့ မျက်နှာပျက်သွားပြီး ဓားငယ်လေးကို အမြန်သိမ်းလိုက်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ငါက အန်းအန်း တကယ်သဘောကျလောက်မယ် ထင်လို့ပါ။ သူက ဉာဏ်ကောင်းတော့ ဓားအတုကြီး သွားပေးရင် သေချာပေါက် သဘောကျမှာမဟုတ်ဘူး။"
"အန်းအန်းက ငယ်ငယ်လေးကတည်းက ဧကရာဇ်ရဲ့ဇာတ်လမ်းတွေကို နားထောင်ရင်း ကြီးပြင်းလာတာ ဆိုတော့ ဓားတွေအပေါ်မှာ မွေးရာပါချစ်ခင်စိတ် ရှိနေတာ။ ဧကရာဇ်ကလည်း..."
ထိုနေရာအရောက်တွင် လီယဲ့ စကားရပ်သွားပြီး ဆက်မပြောနိုင်တော့ပေ။
လင်းလုက ရုတ်တရက် သက်ပြင်းချလိုက်ပြီး အင်္ကျီကို တင်းကျပ်စွာဆွဲစေ့လိုက်ကာ ကောင်းကင်ယံမှ တဖြည်းဖြည်း ကျဆင်းလာသော နှင်းပွင့်များကို ကြည့်ရင်း ပြောလိုက်သည်။
"တစ်နှစ်ခွဲတောင် ကျော်သွားပြီ။"
"ဧကရာဇ်ဆီကနေ ဘာသတင်းမှ မရသေးဘူး..."
"မင်းသမီးလေး အန်းအန်းက ငယ်ငယ်လေးကတည်းက ဉာဏ်ကောင်းတယ်။ သုံးလသား အရွယ်မှာပဲ စာဖတ်တတ်နေပြီ။ သူက ရွာထိပ်က ပုံပြင်ပြောပြတဲ့ဆရာကြီးဆီကနေ ဧကရာဇ်ရဲ့ အတိတ်ဇာတ်လမ်းတွေကို အမြဲသွားနားထောင်လေ့ရှိတယ်။ အန်းအန်းက ဧကရာဇ်ကို အရမ်းလွမ်းနေတယ်ဆိုတာ သိသာနေတယ်။"
လီယဲ့က ခါးသီးစွာပြုံးပြီး နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့။ လွန်ခဲ့တဲ့နှစ်ဝက်က ဧကရီ အန်းအန်းကို မွေးဖွားပြီးကတည်းက စုချင်ချိုးနဲ့ ဝူတျဲက ပစ္စုပ္ပန်ရွာကို ပြန်လာပြီး အန်းအန်းဘေးမှာ အမြဲတမ်း အဖော်လုပ်ပေးနေတာပဲ။ ပြီးတော့ တွမ့်ယာရယ်၊ နန်းရင်းဝန်နှစ်ပါးရယ်လည်း ခဏခဏ လာကြည့်ကြတယ်။ အန်းအန်းက ဧကရာဇ်နဲ့ ဧကရီရဲ့ အခက်အခဲတွေကို သေချာပေါက် နားလည်ပေးနိုင်မှာပါ။"
ထိုစကားကို ကြားသောအခါ လင်းလုက မနေနိုင်ဘဲ မျက်လုံးလှန်ပြလိုက်သည်။ "ဟေ့လူ၊ အန်းအန်းက တစ်နှစ်ပဲ ရှိသေးတာလေ။ သူက ဉာဏ်ကောင်းရုံနဲ့ မိဘမေတ္တာမလိုဘူးလို့ မထင်လိုက်နဲ့။ ခင်ဗျားတို့လို အပြင်လူတွေက မိဘမေတ္တာကို အစားထိုးပေးနိုင်လို့လား။ အပြင်လူတွေ ဘယ်လောက်ပဲ အဖော်လုပ်ပေး လုပ်ပေး။ လေထဲမှာ ဆောက်ထားတဲ့ အိမ်ကြီးလိုပဲ။ မြင်သာမြင်ရပြီး ကိုင်တွယ်လို့ မရဘူးလေ။"
သုံးလနဲ့ စာဖတ်တတ်တယ်။ (၆)လနဲ့ သိုင်းပညာ အဆင့်(၉)ကို ဝင်ရောက်တယ်။ (၈)လနဲ့ သိုင်းပညာ အထွတ်အထိပ် အဆင့်(၁)ကို ရောက်တယ်။ တစ်နှစ်မှာ တိမ်တိုက်နယ်ပယ်တစ်ပိုင်းကို ရောက်သွားတယ်။
အန်းအန်းရဲ့ပါရမီက သမိုင်းတစ်လျှောက်လုံးကို တုန်လှုပ်စေနိုင်လောက်တယ်။
လူတွေက သူ့အကြောင်း ပြောရင် သတိမထားမိဘဲ လူကြီးတစ်ယောက်လို ဆက်ဆံတတ်ကြတယ်။
ဒါပေမဲ့ သူ့ရဲ့အသက်အမှန်ကိုတော့ မေ့သွားတတ်ကြတယ်။ တစ်နှစ်သားအရွယ် ကလေးတစ်ယောက်က ဘယ်လောက်ပဲ ဉာဏ်ကောင်းကောင်း လောကကြီးအကြောင်း ဘယ်လောက် နားလည်နိုင်မှာလဲ။
လင်းလု၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များ ဖြတ်ပြေးသွားပြီး လေးနက်စွာ ပြောလိုက်သည်။
"ပင်လယ်ရပ်ခြားက နတ်ဘုရားတွေက ပိုပိုပြီးတော့ လှုပ်ရှားလာတယ်။ တောရိုင်းမြေရဲ့နယ်စပ်ကို ခဏခဏ လာကျူးကျော်နေကြတယ်။ သူတို့က တပ်နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့က ပင်လယ်ရပ်ခြား ကောင်းကင်ခုံရုံးမှာ နေနေပြီးတော့ နောက်တစ်ဖွဲ့က ကောင်းကင်ပြည်နယ်ကို သိမ်းပိုက်ထားတယ်။ ကောင်းကင်ပြည်နယ်ရဲ့ ကံကြမ္မာကို လုယူပြီးတော့ နတ်ဘုရားတွေအားလုံး အပြည့်အဝ ပြန်လည်နိုးထလာအောင် လုပ်ချင်နေကြတာ။"
"အဲဒီလိုသာမဟုတ်ရင် ဧကရီက ဘာဖြစ်လို့ တစ်နေကုန်အလုပ်ရှုပ်နေပြီး အန်းအန်းကို အချိန်မပေးနိုင် ဖြစ်နေရမှာလဲ။ ဒီကောင်တွေ အကုန်လုံး သေသင့်တယ်။"
စကားတစ်ဝက်တွင် လင်းလုက ရပ်တန့်သွားပြီး လီယဲ့ကို ကြည့်ကာ ပြောချင်သော်လည်း မပြောဘဲ မျိုသိပ်ထားလိုက်သည်။
အချိန်အတော်ကြာပြီးနောက်။
လင်းလုက နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ပြောလိုက်သည်။
"ဒါနဲ့ လီတိုင်ယွမ်ကော။ သူက ပျောက်ဆုံးနေတာ၊ ခင်ဗျား ဘာသဲလွန်စများ ရသေးလဲ။"
လီယဲ့က သက်ပြင်းချလိုက်သည်။ "မရပါဘူး..."
"ငါက ဧကရီကိုတောင် အကူအညီတောင်းပြီး ရှာခိုင်းခဲ့သေးတယ်။ ဒေသကြီးနှစ်ခုလုံး၊ အဆုံးအစမရှိတဲ့ ပင်လယ်ပြင်ကိုတောင် နေရာလပ်မကျန် ရှာဖွေခဲ့ပေမယ့် ဘာသဲလွန်စမှ မတွေ့ရဘူး။"
"သူက လုံးဝကို ပျောက်ကွယ်သွားတာပဲ။"
နှစ်သစ်ကူးအချိန်အခါတွင် စည်စည်ကားကားနှင့် ပျော်ပျော်ရွှင်ရွှင် ရှိနေရမည့်အစား လူတိုင်း၏ ရင်ထဲတွင်တော့ စိုးရိမ်ပူပန်စရာကိစ္စများ အပြည့်ဖြစ်နေသည်။
အပြုံးများအောက်တွင် စိုးရိမ်ပူပန်နေသော နှလုံးသားများ ပုန်းကွယ်နေ၏။
ဧကရာဇ်မရှိတော့သော မဟာကျင်းက ပိုပိုပြီး အစွန်းရောက်လာတယ်။ ဧကရီက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ရက်စက်ကြမ်းကြုတ်လာကာ နန်းတော်တစ်ခုလုံးက ဧကရီကို ရင်ဆိုင်ရချိန်တွင် အသက်ကိုပင် ပြင်းပြင်းမရှူရဲကြဘူး။ တိုင်းပြည်မဏ္ဍိုင် နန်းရင်းဝန်နှစ်ပါးပင် အလွန် သတိထားနေရသည်။
"တကယ်လို့ ဧကရာဇ်သာ ရှိနေသေးရင် အရာအားလုံးက ဒီလိုဖြစ်နေမှာ မဟုတ်ဘူးလို့ ကျုပ်ထင်တယ်။" လင်းလုက ခါးသီးစွာပြုံးရင်း ပြောလိုက်သည်။
လီယဲ့က တူကြီးကို ပွတ်သပ်နေရင်း မျက်လုံးများမှေးမှိန်ကာ မီးဖိုထဲမှာ တဖျစ်ဖျစ်မြည်နေသော မီးတောက်များကို ကြည့်ရင်း ပြောလိုက်သည်။ "ဒီတစ်နှစ်အတွင်းမှာ အပြောင်းအလဲတွေ အရမ်းများလွန်းတယ်။ ဧကရာဇ်မရှိတော့တဲ့လောကကြီးက အရင်တုန်းကပုံစံကို ပြန်ရောက်သွားသလိုပဲ။"
…
"ဟုတ်တယ်။ အရာအားလုံးက ဘာမှမပြောင်းလဲသွားသလိုပဲ။ ဒါပေမဲ့လည်း အရမ်းကို သူစိမ်းဆန် သွားသလိုပဲ။"
...
...
လမ်းအဆုံးတွင်။
လှပေသာ အမျိုးသမီးတစ်ယောက်က လုံလုံခြုံခြုံ ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော မျက်ဝန်းများနှင့် အစိမ်းရောင်အုတ်ကြွပ်အမိုးနှင့်အိမ်လေးကို ပြုံးလျက် ကြည့်နေသည်။ လက်ထဲမှာလည်း လက်ဆောင်ဘူး အကြီးအသေးများ အများကြီး ဆွဲထားပြီး လှမ်းအော်လိုက်သည်။
"အန်းအန်း၊ ဗျောက်အိုး ဖောက်မယ်လေ။"
"ကြောက်နေတာတော့ မဟုတ်ပါဘူးနော်။"
စုချင်ချိုးက နောက်လှည့်ကြည့်လိုက်ပြီး ရောက်လာသူကို မြင်သောအခါ အနည်းငယ် ပြုံးလိုက်သည်။ "အစ်မ ဝူတျဲ။"
ဝူတျဲက ခေါင်းကို ခပ်ဖွဖွညိတ်ပြလိုက်ပြီး လက်ဆောင်ဘူးတစ်ခုကို ကမ်းပေးကာ တိုးတိုးလေး ပြောလိုက်သည်။ "ဒါက ညီမလေးအတွက် နှစ်သစ်ကူးလက်ဆောင်။ သေချာ သိမ်းထားနော်။ အန်းအန်းနဲ့ တွေ့သွားဦးမယ်။"
နောက်တစ်ခဏတွင်။
ခြံတံခါးက အထဲမှနေ၍အပြင်သို့ အားပြင်းပြင်း တွန်းဖွင့်ခံလိုက်ရပြီး ချစ်စရာကောင်းသော မိန်းကလေးငယ် တစ်ယောက် ထွက်လာသည်။ သူက ရွှင်လန်းတက်ကြွသော အနီရောင်ဂွမ်းထည်အင်္ကျီလေးကို ဝတ်ထားပြီး ဆံပင်ကိုနှစ်ဖက်ခွဲကာ ကျစ်ထား၏။ သူက သွက်လက်နေသော မျက်လုံးလေးများဖြင့် ဝူတျဲကို ကြည့်ကာ အသံကျယ်ကျယ် ပြောလိုက်သည်။
"သမီး မရဲဘူးလို့ ဘယ်သူပြောလဲ။ ဖောက်ဆို ဖောက်ရတာပေါ့။ သမီးအဖေက အခု လက်ရှိဧကရာဇ်ပဲ။ သူ့ရဲ့သမီးအနေနဲ့ သမီး ဘယ်သူ့ကိုမှ မကြောက်ဘူး။"
ပြောရင်းဆိုရင်း မိန်းကလေးငယ်၏ လက်ချောင်းထိပ်တွင် အစစ်အမှန် ဇာမဏီမီးတောက်လေးတစ်ခု လောင်ကျွမ်းလာပြီး အဝေးမှဗျောက်အိုး၏စနက်ကြိုးဆီကို လှမ်းပစ်လိုက်သည်။
တဒိုင်းဒိုင်း တဖောင်းဖောင်း အသံတွေ ထွက်ပေါ်လာပြီး နှစ်သစ်ကူး၏ အနီရောင်များက ခြံတံခါးရှေ့ အပြည့် ဖုံးလွှမ်းသွားတော့သည်။
ဝူတျဲနှင့် စုချင်ချိုးတို့က အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြပြီး ခြံတံခါး၏ ဘေးတစ်ဖက်စီတွင်ရပ်ကာ အန်းအန်း၏ကျောပြင်လေးကို တိတ်တဆိတ် စိုက်ကြည့်ရင်း မည်သည့်အသံမှ မထွက်ဘဲ ပြုံးနေကြ၏။
မုန့်အန်းအန်းက သူတို့ကို ကျောခိုင်းထားပြီး မျက်လုံးဝိုင်းကြီးက မျက်တောင်မခတ်တမ်း ဗျောက်အိုးကို ကြည့်နေတယ်။
ရုတ်တရက်။
နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ "အန်းအန်း။ မေမေ ပြန်ရောက်ပြီ။"
ထိုစကားကို ကြားလိုက်ရသောအခါ အန်းအန်းက ချက်ချင်းပင် နောက်ကို လှည့်ကြည့်လိုက်သည်။ ကော့တက်နေသော မျက်တောင်လေးများက မျက်ရည်များကြောင့် စိုရွှဲနေပြီး အနောက်ဘက်မှ ရင်းနှီးနေသော အနီရောင်ပုံရိပ်လေးကို မြင်လိုက်ရချိန်တွင် ထပ်ပြီးမတောင့်ခံနိုင်တော့ဘဲ ဧကရီ၏ရင်ခွင်ထဲကို အတင်း တိုးဝင်သွားတော့သည်။ သူက ဧကရီ၏ခါးကို တင်းကျပ်စွာ ဖက်ထားပြီးနောက် ချိုမြိန်နူးညံ့သော အသံလေးနှင့် အော်ပြောလိုက်၏။
"မေမေ။ အန်းအန်း မေမေ့ကို လွမ်းတယ်။ ဖေဖေ့ကိုလည်း လွမ်းတယ်။"
...
...
[အတွဲ(၅) ပြီးပါပြီ။ အတွဲ(၆) - အဆုံးသတ်]