အခန်း ၁၄၈
Vol. 13 Ch. 148
အခန်း။ ၁၄၈
ဝမ်ကျဲကားမောင်းသူသည် ဆေးရုံရှေ့သို့ ရောက်သည်နှင့် ရဲတပ်ဖွဲ့ကို ဖုန်းဆက်တိုင်ကြားရန် ပြင်ဆင်နေသည်။
သူ့ကို အဓမ္မငွေညှစ်သွားသည့် ထိုအမျိုးသမီးအား သူ လုံးဝ လက်မခံနိုင်ပေ။
ဇနီးသည်အတွက် အရေးပေါ်အခြေအနေမို့သာ ငွေတစ်သိန်းကို အတင်းပေးလိုက်ရခြင်းဖြစ်ပြီး ထိုငွေကို ကျူးဂွေးကျန်းက လိမ်လည်ယူသွားခြင်းမှာ မည်သို့မျှ မတရားပေ။
ထိုစဉ် ဆေးရုံအတွင်းမှ အမှုကိစ္စတစ်ခုဖြင့် ထွက်လာသော ရှေ့နေ ဂူချန်နှင့် လက်ထောက် ရွှယ်ချင်းချင်းတို့ကို သူတွေ့လိုက်ရသည်။
ဝမ်ကျဲကားမောင်းသူမှာ ဂူချန်ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် လက်ကို အတင်းဆွဲကာ
"ရှေ့နေဂူ ကျွန်တော့်ကို ကူညီပေးပါဦး" ဟု အကူအညီတောင်းသည်။
ဂူချန်က "ဘာဖြစ်လို့လဲဗျာ။ ကျွန်တော် အခု အမှုတစ်ခုကိုင်တွယ်နေတာမို့ အမှုသစ် လက်မခံသေးဘူး" ဟု ပြောသော်လည်း ယာဉ်မောင်းက "ရှေ့နေဂူ ကျွန်တော့်ကို ကျူးဂွေးကျန်းဆိုတဲ့ မိန်းမတစ်ယောက်က ငွေညှစ်သွားပါတယ်။ ကျွန်တော့်မိန်းမ ကလေးမွေးခါနီး ဆေးရုံအရေးပေါ်သွားနေရတာမို့ အချိန်မရှိလို့သာ ငွေတစ်သိန်း ပေးလိုက်ရတာပါ။ သူမက တမင်သက်သက် လိမ်လည်ညှစ်ယူသွားတာပါ" ဟု ရှင်းပြသည်။
ဂူချန်လည်း သတင်းများထဲတွင် ကျူးဂွေးကျန်းအကြောင်း ကြားဖူးသဖြင့် "အဆင်ပြေပါတယ်။ အဆက်အသွယ် လုပ်ထားလိုက်ပါ။ ခင်ဗျားမှာရှိတဲ့ အထောက်အထားတွေ၊ Dashcam ဗီဒီယိုနဲ့ ငွေလွှဲထားတဲ့ မှတ်တမ်းတွေကို ကျွန်တော့်ဆီ အကုန်ပို့ပေးလိုက်ပါ" ဟု ပြောသည်။
ယာဉ်မောင်းက "ရပါတယ် ရှေ့နေဂူ အကုန်ပို့ပေးပါ့မယ်။ ဒီငွေတွေကို ပြန်ရနိုင်ပါ့မလား" ဟု စိုးရိမ်တကြီး မေးသည်။
ဂူချန်က "ရပါတယ်ဗျာ။ ခင်ဗျားဆီက ငွေတစ်သိန်း ညှစ်ယူသွားတဲ့အတွက် သူမ ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။ ရဲစခန်းမှာလည်း တိုင်ချက်ဖွင့်ထားလိုက်ပါ။ ကျန်တာကို ကျွန်တော် တာဝန်ယူပါ့မယ်" ဟု အားပေးလိုက်သည်။
ထို့နောက် ရွှယ်ချင်းချင်းအား အချက်အလက်များ စုစည်းရန် တာဝန်ပေးလိုက်သည်။
....
ရက်အနည်းငယ် ကြာပြီးနောက် ဂူချန်လက်ထဲတွင် အထောက်အထားများ ပြည့်စုံလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ဒုတိယအဆင့် တရားခွင်မှာလည်း မကြာမီ စတင်တော့မည်ပင်။
ဤအမှုမှာ အွန်လိုင်းတွင် အလွန်ပင် ရေပန်းစားနေသည်။
တရားလိုဘက်တွင် ကျူးဂွေးကျန်းနှင့် အဘိုးအို၏သား ကျန်းကျီချန်တို့ ဖြစ်ပြီး သူတို့မှာ ရှေ့နေမငှားဘဲ အစိုးရမှ စီစဉ်ပေးသော ရှေ့နေဖြင့်သာ ရင်ဆိုင်မည်ပင်။
တရားခံမှာ ရှဲ့စီယုဖြစ်ပြီး ကာကွယ်ရေးရှေ့နေမှာ ဂူချန်ဖြစ်သည်။
ပရိသတ်များကလည်း
"တရားလိုဘက်က အလကားရတဲ့ ရှေ့နေနဲ့ ဂူချန်ဆိုတဲ့ ရှေ့နေစုန်းပြူးတို့ ထိပ်တိုက်တွေ့ကြတော့မယ်။ ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းဦးမယ်"
"လူကောင်းလုပ်ရတာ ပင်ပန်းလိုက်တာ။ နောက်ဆို ဘယ်သူကများ လူကြီးကို ကူညီရဲတော့မှာလဲ" ဟု တချို့ကလည်း ဝေဖန်ကာ ပြောဆိုနေကြသည်။
ဒုတိယအဆင့် တရားခွင်မစခင် တစ်ရက်အလိုတွင် ဂူချန်နှင့် ရွှယ်ချင်းချင်းတို့သည် ပထမအဆင့် စီရင်ချက်ချခဲ့သော တရားရုံးသို့ ထပ်မံရောက်ရှိလာကြသည်။
အသေးစိတ် အချက်အလက်များ လွတ်သွားခြင်းမရှိစေရန် ဖိုင်တွဲများကို ပြန်လည်စစ်ဆေးလိုခြင်းပင်။
ထိုအချိန်တွင် တရားရုံးမှ ထွက်လာသော ပထမအဆင့် တရားသူကြီး လီယွမ်နှင့် ဆုံမိကြသည်။ လီယွမ်မှာ ဂူချန်ကို မြင်သည်နှင့် မျက်ခွံများ တုန်လှုပ်သွားသည်။
ဂူချန်သည် တစ်ခါရောက်လာလျှင် တရားသူကြီးကို ထောင်ပို့တတ်သလို တစ်ခါရောက်လာလျှင် ပြိုင်ဖက်ရှေ့နေကို ထောင်ပို့တတ်သူမှန်း အားလုံးသိထားပြီးဖြစ်သည်။
အထူးသဖြင့် ရှဲ့စီယု၏ အမှုတွင် လီယွမ် ပြောခဲ့သော "မင်းမတိုက်မိရင် ဘာလို့ ကူညီတာလဲ" ဟုဆိုသည့် စကားမှာ ဂူချန်၏ အမျက်ကို ရှစေမည့် အချက်တစ်ခု ဖြစ်နေသည်။
လီယွမ်သည် သူပြောခဲ့မိသည့် စကားအတွက် နောင်တရသလို ဂူချန်၏ ရောက်ရှိလာမှုကြောင့်လည်း စိတ်ပူပန်နေမိသည်။
သူ မမြင်ချင်ယောင်ဆောင်၍လည်း မရနိုင်တော့ပေ။
သူ့ကို မမြင်ချင်ယောင်ဆောင်၍ ရှောင်သွားပါက ဂူချန်သည် အခွင့်ကောင်းယူကာ သူ့ကိုပါ ထောင်ထဲပို့သွားမည်ကို လီယွမ် စိုးရိမ်နေသည်။
လီယွမ်သည် အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီးလိုက်ကာ "ရှေ့နေဂူ ကျွန်တော် လီယွမ်ပါ။ ဒီနေ့လည်း တရားရုံးကို ရောက်လာတာလား။ ကျွန်တော် ဘာများ ကူညီပေးရမလဲ" ဟု နှုတ်ဆက်သည်။
ဂူချန်ကလည်း လီယွမ်ကို မြင်လိုက်ရသဖြင့် "ကျွန်တော် ရှဲ့စီယုရဲ့ အမှုတွဲကို ပြန်စစ်ဆေးမလို့ပါ။ ဒီအမှုမှာ ပြဿနာနည်းနည်း ရှိနေတယ်လို့ ထင်တယ်" ဟု ပြန်ဖြေသည်။
လီယွမ်၏ ကျောရိုးတစ်လျှောက်တွင် အေးစက်သွားသလို ခံစားလိုက်ရသည်။
"ဘာပြဿနာများလဲ ဘယ်နားမှာ ပြဿနာရှိလို့လဲ" ဟု တုန်လှုပ်စွာ မေးမြန်းမိသည်။
ဂူချန်က အပြုံးတစ်ခုနှင့် "ကျွန်တော်လည်း သေချာ မသိသေးဘူး။ ဒါကြောင့် အမှုတွဲကို ပြန်ကြည့်ဖို့ လာတာပါ။ မနက်ဖြန်မှာ ဒုတိယအဆင့် တရားခွင် စတင်တော့မှာလေ။ ခင်ဗျား လာကြည့်ဖို့ စီစဉ်ထားလား" ဟု ပြောလိုက်သည်။
လီယွမ်မှာ အံ့အားသင့်သွားသည်။
"ဘာလဲ သူက ငါ့ကို ဒုတိယအဆင့် တရားခွင်မှာ လာကြည့်စေချင်တာလား"
ဂူချန်ရဲ့ စကားနောက်ကွယ်မှာ... ဘာရည်ရွယ်ချက်တွေ ရှိနေတာလဲ...
ငါပဲ စီရင်ချက် မှားသွားတာလား...
ဒါမှမဟုတ်... ဂူချန်က ငါ့ကိုပါ ထောင်ထဲထည့်ဖို့ ကြံစည်နေတာများလား...
ဂူချန်က ဆက်ပြောသည်။
"ခင်ဗျားက ပထမအဆင့်မှာ တရားသူကြီး လုပ်ခဲ့တာဆိုတော့ ဒုတိယအဆင့်မှာ လာကြည့်တာ ကောင်းပါတယ်။ အမှုမှာ တစ်ခုခု လွဲချော်သွားတာ ရှိမရှိ သိရတာပေါ့။ ပထမအဆင့်မှာ စီရင်ချက် မှားယွင်းခဲ့ရင်လည်း ကိစ္စမရှိပါဘူး။ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ချက်လေး ရေးလိုက်ရုံပါပဲ။ မနက်ဖြန် ခင်ဗျားရှိနေဖို့က တော်တော်လေး လိုအပ်ပါတယ်"
"အမှုတွဲကြည့်တာ ကျွန်တော် တစ်ယောက်တည်း လုပ်နိုင်ပါတယ်။ ခင်ဗျား လိုက်ကြည့်ပေးစရာ မလိုပါဘူး" ဟု ပြောဆိုကာ ဂူချန်သည် ရွှယ်ချင်းချင်းနှင့်အတူ တရားရုံးထဲသို့ ဝင်သွားတော့သည်။
လီယွမ်မှာမူ လေထဲတွင် ကြောင်တောင်တောင် ဖြစ်ကာ ကျန်ရစ်ခဲ့သည်။
ငါ စီရင်ချက် မှားချမိတာလား။
ထိုအချိန်က အခင်းဖြစ်ရာနေရာတွင် အထောက်အထား လုံးဝမရှိခဲ့ပေ။
စောင့်ကြည့်ကင်မရာများလည်း မရှိသလို ကားပေါ်က Dashcam ကလည်း ပျက်နေသည်။ လမ်းပေါ်တွင်လည်း ရှဲ့စီယုကားတစ်စီးတည်းသာ ရှိသည်။
ထို့ပြင် အဘိုးအိုမှာလည်း ဒဏ်ရာများစွာဖြင့် လဲကျနေခဲ့သည်။
ရှဲ့စီယုသာ မတိုက်မိလျှင် ဘာကြောင့် ကူညီပါ့မလဲဟူသော ယုတ္တိဗေဒအရသာ သူ ဆုံးဖြတ်ခဲ့ခြင်းပင်။
ငါ့စီရင်ချက် မှားသွားတာလား။
မဖြစ်နိုင်ပါဘူး။
သို့သော် ဂူချန်က မနက်ဖြန်လာဖို့ အတင်းအကျပ် ပြောနေပြန်သည်။
လီယွမ်သည် ထိုအချိန်က ပိုမိုသေချာစွာ စစ်ဆေးခဲ့သင့်သည်ဟု နောင်တရမိသည်။
ရှဲ့စီယုက အစောပိုင်းတွင် ငွေကြေးမပေးခဲ့သဖြင့် အဘိုးအို သေဆုံးသွားရခြင်းမှာ သူမ၏ တာဝန်ဖြစ်သည်ဟု သူ ယူဆခဲ့သည်။
သူ့အမြင်တွင်မူ ပြဿနာမရှိဘူးဟု ထင်ခဲ့သော်လည်း ဂူချန်ကို မြင်လိုက်ရတိုင်း သူ ရင်တုန်နေရသည်။
တရားသူကြီးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး အမှားကြီးကြီးမားမား မလုပ်ခဲ့ဖူးသော်လည်း ဂူချန် ရောက်လာပြီးနောက်ပိုင်းတွင်မူ သူ ကြောက်ရွံ့မှုများ ခံစားနေရသည်။
ဂူချန်က တရားသူကြီးတစ်ဦးကို ထောင်ထဲပို့ခဲ့ဖူးတာ…..
"ဟူး... မနက်ဖြန်တော့ သွားမှဖြစ်မယ်။ အမှုတွဲကို ပြန်ကြည့်ပြီး တစ်ခုခု လွဲချော်တာ ရှိမရှိ စစ်ဆေးရမယ်။ အမှုက ပြောင်းပြန်ဖြစ်သွားရင်တော့ မီဒီယာရှေ့မှာ တောင်းပန်ရမှာပေါ့။ ရှေ့နေဂူက ငါ့ကို ထောင်ထဲပို့မသွားပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ"
လီယွမ် ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။