← Chapters

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း(၃၀၁)

"နေ့လယ်စာ စားလို့ရပြီ"

အဲဒီအသံကို ကြားတာနဲ့ ဝန်ထမ်းတွေက တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတယ်။ ပစ္စည်းတွေကို စောင့်ကြည့်ဖို့ လူနည်းစုလောက်ကလွဲပြီး ကျန်တဲ့လူတွေအကုန်လုံး အားကစားရုံထဲကနေ ထွက်သွားကြပြီလေ။

"သွားပြီး နေ့လယ်စာ စားကြတော့။ နာရီနှစ်ချက်တီးရင် ပြန်ရောက်နေရမယ်နော်"

ခေါင်းဆောင်လုပ်သူက အဲဒီလိုမှာပြီး ထွက်သွားတယ်။ အခုအချိန်က နေ့လယ် တစ်နာရီ မိနစ်နှစ်ဆယ် ရှိနေပြီ။ သူတို့အနေနဲ့ မိနစ်လေးဆယ်အတွင်း အစားစားတာကို အပြီးသတ်ပြီး ပြန်လာကြရမှာပေါ့။ ဝန်ထမ်းတွေက ကြိုတင်စီစဉ်ထားတဲ့အတိုင်း ကျောင်းကန်တင်းဘက်ကို ဦးတည်သွားနေကြတယ်။ သူပါ လိုက်သွားလို့ ရမရဆိုတာကို မာရူး စဉ်းစားနေမိတယ်။

"ငါတို့က သီးသန့်သွားစားရမှာ"

လူတစ်ယောက်က လေ့ကျင့်ရေးအင်္ကျီကို ချွတ်ရင်း ပြောလိုက်တယ်။ မာရူးက စောင့်နေတဲ့အချိန်အတွင်းမှာပဲ သူ့နာမည်ကို သိခဲ့ရတာ။ ပတ်ဝူဂျူး တဲ့။ နာမည်ကြောင့် ကလေးဘဝတုန်းက စိတ်ညစ်ခဲ့ရတယ်လို့ သူက ပြောပေမယ့် အခုတော့ ဒီနာမည်ကို သဘောကျနေပြီလို့ ဆိုတယ်။

"ကျွန်တော်တို့အတွက် အစားအသောက် မစီစဉ်ပေးထားဘူးလား"

"ငါတို့အတွက်က နေ့လယ်စာစရိတ် သီးသန့်ရတယ်။ သုံးထောင်ဝမ်လေ။ ဒါကြောင့် အပြင်မှာပဲ သွားစားရမှာ"

မာရူးက ခေါင်းညိတ်ပြလိုက်တယ်။ ကျောင်းအပြင်ဘက်မှာ စားစရာနေရာများ ရှိမလားလို့ သူ တွေးနေမိတယ်။ ဒီကို ကားနဲ့လာတုန်းက ဘွန်းရှစ် စားသောက်ဆိုင်တစ်ဆိုင်ကို သူ မြင်ခဲ့ဖူးတာ မှတ်မိနေတယ်။ သူ့အမှတ်ရနေသလောက်ဆိုရင် အဲဒီဆိုင်က ကျောင်းဂိတ်ဝနဲ့ သိပ်မဝေးလှဘူးလေ။ ဖြတ်လျှောက်ဆယ်ယောက်ကျော်လောက်က ဟိုတစ်စုဒီတစ်စု လူစုကွဲသွားကြတယ်။ တချို့ကလည်း ကြိုပြီးယူလာတဲ့ ပေါင်မုန့်နဲ့ နို့ကိုပဲ စားလိုက်ကြတယ်။ မာရူးက ကျောင်းနောက်ဘက်ကနေတစ်ဆင့် ကျောင်းဂိတ်ဝဆီ လျှောက်သွားလိုက်တယ်။ ဇိမ်ခံ နိုင်ငံခြားဖြစ် ကားတွေက အရင်ကထက် ပိုများလာတယ်။ အများစုကတော့ မာစီဒီးစ် ဘင့်ဇ် တွေပေါ့။ BMW နဲ့ အော်ဒီ ကားတွေကိုလည်း ဟိုတစ်စီး ဒီတစ်စီး တွေ့ရတယ်။

"ဒီကားကြီးက အကြီးကြီးပဲ" လို့ ဝူဂျူး က ပြောလိုက်တယ်။

"ဒီလိုပဲ ဖြစ်ရမှာပေါ့။ ဈေးကလည်း အဲဒီလောက် ပေးရတာကိုး"

"ဈေးက အဲဒီလောက်တောင် ရှိလို့လား။ ငါ ဒီတံဆိပ်ကို အရင်က မမြင်ဖူးဘူး"

"အဲဒါလည်း မာစီဒီးစ် ဘင့်ဇ် ပါပဲ"

"ဒါက မာစီဒီးစ် ဘင့်ဇ် လား။ ငါ မှတ်မိသလောက်တော့ ဒီပုံစံမျိုး မဟုတ်ပါဘူး"

"အဲဒါကို မေဘက်ခ် လို့ ခေါ်တာ။ ငါသာ မင်းနေရာမှာဆိုရင် အဲဒီကားရှေ့မှာ သွားမရပ်ဘူး။ ကားကို နည်းနည်းလေး ခြစ်မိသွားရင်တောင် ကျွန်စာချုပ်မှာလက်မှတ်ထိုးရနိုင်တယ်"

ဆီဒင်ကားရှေ့မှာ ရပ်နေတဲ့ ဝူဂျူး ဘေးကနေ မာရူးက ပွတ်ကာသီကာ ဖြတ်လျှောက်သွားလိုက်တယ်။ မေဘက်ခ် ရဲ့ ဘေးမှာလည်း ရိုးလ်ရွိုက် တစ်စီး ရှိနေသေးတယ်။ ဂိတ်ဝနဲ့ ကပ်လျက် ကားပါကင်နေရာက ဘာလို့ လွတ်နေရတာလဲလို့ သူ တွေးနေခဲ့တာ။ ဒါပေမဲ့ ကားအမျိုးအစားတွေကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူ နားလည်သွားတယ်။ အဲဒါက VIP တွေအတွက် သီးသန့်ထားတဲ့ ကားပါကင်နေရာမျိုး ဖြစ်နိုင်တယ်လေ။

"ဒါဆို ဝမ်သိန်းငါးထောင်လောက် တန်လို့လား။ ငါက နိုင်ငံခြားကားတွေနဲ့ ပတ်သက်ရင် သိပ်နားမလည်လို့ပါ"

"ဝမ်သိန်းငါးထောင်။ မင်း တွေးတာလေးက ချစ်စရာလေး။ ဝမ်သိန်းခုနစ်သောင်းလောက် တန်မှာ"

"ဝမ်သိန်းခုနစ်သောင်း။ ဒါဆို ငါ့တစ်သက် ဒီလိုကားမျိုး စီးရမှာမဟုတ်တော့ဘူး"

"ပိုက်ဆံရှိတဲ့သူတွေမှ ဒီလိုပစ္စည်းမျိုးကို ဝယ်နိုင်တာလေ"

"ဒါနဲ့ မင်းက ဒီလိုကားတွေအကြောင်း သိနေတာဆိုတော့ ကားတွေနဲ့ပတ်သက်ပြီး တော်တော်ဗဟုသုတရှိတာပဲ"

"အင်း၊ ဒီလိုပါပဲ"

ဒါက သူ အလုပ်လုပ်ရင်းနဲ့ ရလာတဲ့ ဗဟုသုတတချို့ပါ။ သူက မန်နေဂျာတစ်ယောက် ဖြစ်ခဲ့တုန်းက သရုပ်ဆောင်တွေကို အလုပ်ဆီ ကားမောင်းပို့ပေးရင်း ချောင်းဒမ်ဒုံ၊ အပ်ဂူဂျွန်ဒုံ နဲ့ မြောင်ဒုံ လို နေရာတွေကို မကြာခဏ ရောက်ဖြစ်တယ်။ ကားမောင်းတဲ့အခါ ပထမဆုံး ဂရုစိုက်ရမှာက လုံခြုံရေးဆိုပေမယ့် တကယ်တမ်းကျတော့ ရွေ့လျားနေတဲ့ မြေကွက်ကြီးတွေလို တန်ဖိုးကြီးတဲ့ ကားတွေကို ပိုပြီး သတိထားရတာပေါ့။ ဒီလိုကားမျိုးကိုသာ ဝင်တိုက်မိရင် ဘဝက ချက်ချင်းကို ထိုးကျသွားလိမ့်မယ်လို့ စီနီယာ မန်နေဂျာတစ်ယောက် ပြောဖူးတဲ့ စကားကို သူ မှတ်မိနေတယ်။

သူက ကားပါကင်ကို ဖြတ်ပြီး ကျောင်းဂိတ်ဝကို ရောက်လာတယ်။ လုံခြုံရေးအစောင့်က သူတို့ကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းညိတ်ပြတယ်။ အောက်ဘက်ကို ဆင်းသွားတဲ့ လမ်းအတိုင်း လျှောက်သွားရင်း မာရူးက သူ့ရဲ့ ဘယ်ဘက်မှာရှိတဲ့ ဘွန်းရှစ် စားသောက်ဆိုင်ကို တွေ့လိုက်တယ်။ ဝူဂျူး နဲ့ တခြား ဖြတ်လျှောက်သရုပ်ဆောင် နှစ်ယောက်က အဲဒီဆိုင်ထဲကို ဝင်သွားကြပြီး ကျန်တဲ့သူတွေကတော့ ခပ်လှမ်းလှမ်းက စတိုးဆိုင် ဘက်ကို ထွက်သွားကြတယ်။

စားသောက်ဆိုင်ထဲမှာ လူသိပ်မရှိဘူး။ ကျောင်းသားတွေကိုပဲ အဓိကထား ရောင်းချတဲ့ဆိုင်မို့လို့ ဖြစ်ပုံရတယ်။ နံရံပေါ်မှာတော့ ကျောင်းသားတွေ ရေးထားတဲ့ စာတွေအပြည့်နဲ့ စာရွက်လေးတွေ ကပ်ထားတယ်။ ကျော်ကြားတဲ့သူတွေရဲ့ လက်မှတ်တွေကိုလည်း ဟိုနားဒီနားမှာ မြင်နေရတယ်။ ဒီဆိုင်က နာမည်ကြီးတဲ့ဆိုင်များလားလို့ မာရူး တွေးလိုက်မိတယ်။

သူတို့ စားချင်တာတွေကို မှာလိုက်ကြတယ်။ မာရူးကတော့ ခေါက်ဆွဲပြုတ် တစ်ပွဲနဲ့ ကင်မ်ဘတ် တစ်လိပ် မှာလိုက်တယ်။ သူက ဒွဲန်ဂျန်းချီဂဲလည်း စားချင်ခဲ့ပေမယ့် ကျောင်းသားတွေကို အဓိကထားရောင်းတဲ့ ဒီလိုဆိုင်မျိုးတွေမှာ အရသာရှိတဲ့ ဒွဲန်ဂျန်းချီဂဲ မရနိုင်ဘူးဆိုတာကို သိထားလို့ မမှာဖြစ်ခဲ့ဘူး။

(TR Note: ဒွဲန်ဂျန်းချီဂဲ ဆိုတာ ကိုရီးယား ပဲပိစပ်အချဉ်အနှစ်ဟင်းရည်ကိုခေါ်တာပါ)

"ဟိုကောင်လေးက တော်တော်ဆိုးတာပဲ။ ရုပ်ကလေး ကြည့်ကောင်းပေမယ့် သူ စာသားပြောတဲ့အချိန်မှာ အဲဒီလောက် အကြည့်ရဆိုးတာ မရှိတော့ဘူး"

"သူ တစ်ယောက်တည်းမှ မဟုတ်တာ။ ဒါပေမဲ့ သူက လေးခါဆက်တိုက်ကို အမှားလုပ်ခဲ့တာလေ။ ပရိုဂျူဆာကသာ စိတ်သဘောထား မကောင်းတဲ့သူဆိုရင် သူ့ကို အိမ်ပြန်လွှတ်နေလောက်ပြီ"

တခြားသူ အများစုက ဒီအလုပ်မှာ အတွေ့အကြုံရှိပြီးသားဖြစ်လို့ တခြား ဇာတ်လမ်းတွဲ ရိုက်ကွင်းတွေမှာ အခြေအနေ ဘယ်လိုရှိလဲ ဆိုတာကို ပြောပြကြတယ်။ ဝူဂျူး ကလည်း သူ့အတွေ့အကြုံတွေကို ပြောပြနေတယ်။ ဘာမှပြောစရာမရှိတဲ့ မာရူးကတော့ နွေးထွေးတဲ့ ခေါက်ဆွဲပြုတ် အရည်ကို သောက်ရင်း သူတို့ပြောတာကိုပဲ နားထောင်နေလိုက်တယ်။

စကားတွေ အများကြီး ပြောဖြစ်ကြပေမယ့် သူတို့ပြောတဲ့ အကြောင်းအရာတွေက ယေဘုယျအားဖြင့် အတူတူပါပဲ။ ဖြတ်လျှောက်သရုပ်ဆောင်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့နေရာမျိုး ရှာတွေ့ဖို့ဆိုတာ အလွန်ရှားပါးသလို ငွေမရှင်းပေးဘဲ နေတာမျိုးကလည်း အတော်လေး အဖြစ်များတဲ့အကြောင်းပေါ့။

"ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလိုမျိုး နေ့စားခ ရှင်းပေးတာလား" လို့ မာရူးက တခြားသူတွေကို မေးလိုက်တယ်။

သူတို့အားလုံးက တစ်ချိန်တည်းမှာပဲ ခေါင်းယမ်းပြကြတယ်။

"အကုန်လုံးကို နှစ်လနေမှ ရှင်းပေးတာ။ ဟုတ်တယ်မလား အားလုံးပဲ"

ဝူဂျူး က အဲဒီလိုပြောတော့ တခြားသူတွေက ခေါင်းညိတ် ထောက်ခံကြတယ်။

"ဇာတ်လမ်းကို ရိုက်ပြီးတာနဲ့ ချက်ချင်း ပိုက်ဆံရလာတာမျိုးမှ မဟုတ်တာ။ အားလုံးက ရုပ်သံလွှင့်ပြီးမှ တွက်ချက်ရတာလေ။ ဒါကြောင့် နှစ်လနေမှ ပိုက်ဆံရတာ"

"ငါ့အခြေအနေကျတော့ ထုတ်လုပ်ရေးကုမ္ပဏီဆီကို တိုက်ရိုက်သွားပြီး ပိုက်ဆံထုတ်ရတာမို့လို့ တော်တော်လေး အလုပ်ရှုပ်တယ်"

"ငါတို့အတွက်ကျတော့ ဘဏ်အကောင့်ထဲကို တိုက်ရိုက်လွှဲပေးပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ ပိုက်ဆံပေးဖို့ နောက်ကျတတ်ကြတယ်။ ဒါကြောင့် ဘေလ်တွေဆောင်ရမယ့် အချိန်ရောက်ရင် ငရဲကျသလိုပဲ။ ငါ ဘေလ်ဆောင်ရမယ့်နေ့မှာ သူတို့က ပိုက်ဆံပေးရမှာလေ"

သူတို့ထဲက တစ်ယောက်က ခေါင်းယမ်းလိုက်တယ်။ နှစ်လနေမှ ပိုက်ဆံရှင်းပေးတယ် ဟုတ်လား။ အချိန်ပိုင်းအလုပ်ဆိုတာက ငွေအမြန်လိုလို့ လုပ်ကြတာဖြစ်တဲ့အတွက် ဒါက တော်တော်လေး ထူးဆန်းတဲ့ ငွေရှင်းစနစ်ပဲ။

"ကိုယ့်ဘာသာကိုယ် ဘာလုပ်နေလဲဆိုတာ သေချာသိရင် ဒါမှမဟုတ် ခေါင်းဆောင်ကနေတစ်ဆင့် သွားရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ တစ်ခုခုလွဲချော်နေတဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုခုကနေတစ်ဆင့် အလုပ်ရလာတာဆိုရင်တော့ မင်း ဒုက္ခရောက်ဖို့သာ ပြင်ထားတော့"

"ငါ အလုပ်စလုပ်တုန်းက အဲဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ်။ သတင်းစာထဲက ကြော်ငြာကိုကြည့်ပြီး သူတို့ဆီသွားကာ နှစ်ရက်လောက် အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ငါ့ကို ငွေရှင်းပေးရမယ့် ကုမ္ပဏီက လေထဲ ပျောက်ကွယ်သွားသလိုမျိုး လုံးဝရှာမရတော့ဘူး။ ငါက လျှောက်လွှာကြေးတောင် ပေးခဲ့ရသေးတာ"

"ဒီလိုဖြစ်ရပ်မျိုးက နေရာတိုင်းမှာ ရှိပါတယ်။ ရုပ်သံလွှင့်ရုံတွေက အပြည့်အဝ ထိန်းချုပ်ထားနိုင်ရင် ပိုကောင်းပေမယ့် သူတို့က အဲဒီလို မလုပ်ကြဘူးလေ။ ဒါကြောင့် ငါတို့အတွက် ပိုခက်ခဲရတာပေါ့။ ငါ့သူငယ်ချင်းတစ်ယောက်ဆိုရင် နှစ်လလောက် အလုပ်လုပ်ခဲ့ပြီး သူ့ရဲ့လုပ်အားခက ဝမ်သုံးသန်းခွဲလောက် တန်ဖိုးရှိပေမယ့် ပိုက်ဆံ တစ်ပြားမှ မရလိုက်ဘူး။ ကုမ္ပဏီ ဒေဝါလီခံလိုက်ရလို့ တာဝန်မယူနိုင်တော့ဘူးလို့ ပြောကြတယ်။ တကယ်ကို ဆိုးဝါးနေတဲ့ လောကကြီးပါပဲ"

သူတို့က ဇာတ်လမ်းတွဲ ထဲမှာ 'လမ်းသွားလမ်းလာ ၁' တွေ ဖြစ်ခဲ့သလို လက်တွေ့ဘဝမှာလည်း အဲဒီလိုပဲ အဆက်ဆံခံခဲ့ကြရတယ်။ ဒီကုမ္ပဏီတွေက ရုပ်သံလွှင့်ရုံတွေရဲ့ အဓိက ကန်ထရိုက်တာတွေ မဟုတ်ဘဲ ဒုတိယ၊ တတိယ သို့မဟုတ် စတုတ္ထအဆင့် ကန်ထရိုက်တာတွေနဲ့ ပိုတူတယ်။ ရုပ်သံလွှင့်ရုံ - ဇာတ်လမ်းတွဲ ကန်ထရိုက်တာ - ဖြတ်လျှောက်သရုပ်ဆောင် ကုမ္ပဏီ - ပြီးတော့ သူတို့ရဲ့ လက်အောက်ခံ ကုမ္ပဏီပေါ့။ ဖြန့်ဖြူးရေးလုပ်ငန်းစဉ်မှာ အဆင့်တစ်ဆင့် ထပ်တိုးလာတာနဲ့ ဘယ်လိုကိစ္စမျိုးတွေ ဖြစ်လာနိုင်လဲဆိုတာကို မာရူး သိနေတာမို့ အချည်းနှီးသာ ပြုံးလိုက်မိတယ်။ စနစ်တစ်ခုရဲ့ ဟာကွက်တွေကို အခွင့်ကောင်းယူတဲ့လူတွေ အမြဲတမ်း ရှိနေတတ်တာပဲလေ။

"အလုပ်သမား သမဂ္ဂလိုမျိုး အဖွဲ့အစည်း မရှိဘူးလား"

သူက အလုပ်သမား သမဂ္ဂအကြောင်း ပြောလိုက်တဲ့အခါ ကျန်တဲ့သုံးယောက်က မျက်လုံးပြူးသွားကြတယ်။ သူတို့အားလုံးက အချည်းနှီးသာ ပြုံးလိုက်ကြတယ်။

"အလုပ်သမား သမဂ္ဂ ဟုတ်လား။ ငါ သိသလောက်တော့ တစ်ခုရှိတယ်။ KPU တဲ့။ ဟုတ်တယ်မလား"

ဝူဂျူး ရဲ့စကားကို တခြားနှစ်ယောက်က ခေါင်းညိတ် ထောက်ခံကြတယ်။

"ဒါပေမဲ့ ငါတို့က လျှောက်လို့မရဘူး။ ငါတို့ကို တရားဝင်ဝန်ထမ်းတွေထက် ယာယီအလုပ်သမားတွေလိုမျိုးပဲ သဘောထားကြတာလေ"

အဲဒီစကားကို ကြားတော့ ဝူဂျူး က ဖြည့်စွက်ပြောလိုက်တယ်။

"ငါ တစ်ခါက ကုမ္ပဏီတစ်ခုနဲ့ ပြဿနာတက်ဖူးတယ်။ ငါ့လုပ်အားခကို အချိန်အကန့်အသတ်မရှိ နောက်ဆုတ်ထားတာ။ အဲဒါကြောင့် ငါက သူတို့ရဲ့ နာမည်ပျက်စာရင်း သွင်းခံလိုက်ရပြီး အချိန်အတော်ကြာတဲ့အထိ ဘာအလုပ်မှ လုပ်လို့မရခဲ့ဘူး။ ငါ KPU ကို သွားစုံစမ်းခဲ့ပေမယ့် သူတို့ ဘာမှလုပ်ပေးလို့မရဘူးလို့ပဲ ပြန်ပြောခဲ့တယ်။ ကံကောင်းလို့ အခုလက်ရှိ ခေါင်းဆောင်နဲ့ တွေ့ပြီး အလုပ်တွေ ပိုရလာတာပါ။ ဒါပေမဲ့ အရင်က ဖြစ်ခဲ့တာတွေကို ပြန်တွေးမိတိုင်း ကြက်သီးထမိတုန်းပဲ။ မင်း တိုက်ပွဲဝင်ချင်တယ်ဆိုရင် သတ္တိရှိဖို့ လိုရုံတင်မကဘဲ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့လည်း ပြင်ဆင်ထားရမယ်"

"ဒါဆို မင်း လုပ်ခဲ့တာတွေကို နောင်တရနေမှာပေါ့"

"ဟင့်အင်း၊ သိပ်တော့ မဟုတ်ပါဘူး။ ငါသာ သည်းခံလိုက်ရင် ပိုပြီးတော့ သနားစရာကောင်းတယ်လို့ ခံစားရမှာ။ ကိုယ်ကာယ ပင်ပန်းဆင်းရဲတာကိုတော့ ငါ ခံနိုင်ရည်ရှိပေမယ့် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကတော့ တော်တော်ဆိုးတယ်"

သူက ခါးသီးစွာ ပြုံးလိုက်တယ်။ မာရူးကလည်း အဲဒီအကြောင်းကို ဆက်မပြောတော့ဘူး။ ဒီနိုင်ငံက အလုပ်သမားတွေ ဘယ်တုန်းကများ ကောင်းကောင်းမွန်မွန် အဆက်ဆံခံခဲ့ရလို့လဲ။ အသက် ၄၅ နှစ်အရွယ် သူ့ရဲ့ ဝေဝါးနေတဲ့ မှတ်ဉာဏ်တွေထဲမှာတောင် အလုပ်သမားသမဂ္ဂတွေ ဆန္ဒပြတဲ့ သတင်းတွေကို သူ မှတ်မိနေသေးတာပဲ။ ဒါကြောင့် အလုပ်သမား အခွင့်အရေးတွေ ချောက်ကမ်းပါးထဲ ကျရောက်နေတဲ့ အခုလိုအချိန်မှာဆိုရင် ပိုပြီးတော့တောင် ဆိုးရွားနေဦးမှာပဲလေ။

တစ်ချိန်တည်းမှာပဲ ဝူဂျူး ဟာ ရိုးအတဲ့ လူငယ်လေးတစ်ယောက် မဟုတ်ဘူးဆိုတာကို မာရူး သဘောပေါက်သွားတယ်။ သူရဲ့ ရူးကြောင်ကြောင် အပြုံးတွေနဲ့ မတူဘဲ မတရားမှုကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ လူတစ်ယောက် ဖြစ်နေတယ်။ အကျိုးဆက်တွေကို ခံနိုင်ရည်ရှိပြီး မတရားမှုကို ဆန့်ကျင်တိုက်ခိုက်ဖို့ ရှေ့ဆက်တိုးရဲတာက အလွန်ခက်ခဲသလို သတ္တိရှိမှလည်း လုပ်နိုင်တဲ့ကိစ္စလေ။ မာရူးကိုယ်တိုင်တောင် အဲဒီလို လုပ်နိုင်မှာမဟုတ်ဘူး။ မတရားမှုရဲ့ လှိုင်းလုံးပေါ်ကို ခုန်တက်ပြီး အကျိုးအမြတ် ရနိုင်မယ်ဆိုရင် သူကတော့ နှစ်ခါပြန်မစဉ်းစားဘဲ ခုန်တက်မိမှာပဲ။ အလျှော့ပေး လိုက်လျောခြင်းက တည်ငြိမ်မှုဆီကို သွားတဲ့လမ်းပဲလေ။ အဲဒါကြောင့်လည်း ဝူဂျူး လို လူမျိုးတွေကို သူက မိုက်တယ်လို့ ယူဆထားတာ။

"ဒါပေမဲ့ အားလုံး ဆိုးရွားနေတာတော့ မဟုတ်ပါဘူး။ တကယ့် သရုပ်ဆောင်စစ်စစ်တွေနဲ့ အလုပ်တွဲလုပ်ရရင်တော့ တကယ်ကို ပျော်ဖို့ကောင်းတာ"

"မင်းပြောတာ မှန်တယ်။ ငါ တစ်ခါက မင်းသမီး ဂုံယွန်းဆူ နဲ့ အလုပ်တွဲလုပ်ဖူးတယ်။ သူက ဖြတ်လျှောက်သရုပ်ဆောင်တွေ အားလုံးအတွက် ထမင်းဖိုး ရှင်းပေးခဲ့တာ။ ပြီးတော့ ငါတို့ဆီ ခဏခဏ လာပြီး အဆင်ပြေရဲ့လားလို့လည်း မေးသေးတယ်။ အဲဒီအချိန်ကစပြီး ငါက သူ့ရဲ့ ပရိသတ် ဖြစ်သွားတော့တာပဲ"

"ငါလည်း သူ့ကို တွေ့ဖူးတယ်။ ရိုးရာ ဇာတ်လမ်းတွဲ ရိုက်တုန်းကလေ။ သူက တကယ်ကို သဘောကောင်းတာ။ အပြင်ပန်းရော၊ စိတ်ထားပါ လှတဲ့သူမျိုးပေါ့။ သူ့ကို ဇနီးအဖြစ် ရမယ့်ယောကျ်ားက အရင်ဘဝတုန်းက တိုင်းပြည်ကို ကယ်တင်ခဲ့တဲ့သူပဲ ဖြစ်ရမယ်"

ဂုံယွန်းဆူ ပါလား။ သူ့ကို ဇာတ်လမ်းတွဲ တွေရဲ့ ဘုရင်မလို့ လူသိများကြတယ်။ သူက ဆယ်ကျော်သက် နောက်ပိုင်းအရွယ်မှာ နာမည်ကြီးလာပြီး သူ့အသက် နှစ်ဆယ်လယ်လောက်မှာတော့ သူပါဝင်တဲ့ ဇာတ်လမ်းတွဲ တိုင်း အမြဲတမ်း အောင်မြင်တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့တယ်။ ဒါက သူ့ညီမ ကြည့်နေတဲ့ တီဗွီအစီအစဉ်တစ်ခုက အစီအစဉ်တင်ဆက်သူ ပြောတာကို သူ ကြားဖူးခဲ့တာလေ။

မနှစ်က နှစ်ကုန်ပိုင်းမှာ ပြသခဲ့တဲ့ 'Wing of Love' ဆိုတဲ့ ဇာတ်လမ်းတွဲ က အရမ်းအောင်မြင်ခဲ့လို့ မာရူးတောင် သိထားတယ်။ အမြင့်ဆုံး ကြည့်ရှုနှုန်းက ၅၄ ရာခိုင်နှုန်းအထိ ရှိခဲ့တာကိုး။ ဒါက တစ်ချိန်တည်းမှာ ပြသနေတဲ့ တခြား ဇာတ်လမ်းတွဲ တွေကို အရှက်ရစေတဲ့ ကြည့်ရှုနှုန်းမျိုးပဲလေ။ အဲဒီ ဇာတ်လမ်းတွဲ ရဲ့ အဓိက မင်းသမီးက ဂုံယွန်းဆူ ပေါ့။

အဲဒီလူသုံးယောက်က ဂုံယွန်းဆူ ကို စတင်ပြီး ချီးကျူးခန်းဖွင့်နေကြတယ်။ ရင့်ကျက်တဲ့ အလှတရားတွေ ပိုင်ဆိုင်ထားပြီး စိတ်သဘောထားက ပန်းကလေးတစ်ပွင့်ထက်တောင် ပိုလှပတဲ့ အသက်သုံးဆယ်ကျော် အရွယ် အမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ သူနဲ့ပတ်သက်ပြီး မကောင်းတဲ့စကား တစ်ခွန်းမှကို မရှိခဲ့ဘူး။ သူ့အပေါ် အကဲဖြတ်ချက်တွေက အဲဒီလောက်အထိကို ကောင်းမွန်နေခဲ့တာ။

နာရီကို ကြည့်လိုက်ရင်း "အို... ငါတို့ သွားကြတော့မယ်" လို့ ဝူဂျူး က ပြောလိုက်တယ်။

စကားထိုင်ပြောနေကြတာနဲ့ သူတို့အတွက် သတ်မှတ်ထားတဲ့ နေ့လယ်စာစားချိန် ကုန်ခါနီးဖြစ်နေပြီလေ။ သူတို့လည်း စားသောက်ထားတဲ့ ကျသင့်ငွေတွေကို မြန်မြန်ရှင်းပြီး ကျောင်းဘက်ကို လျှောက်လာခဲ့ကြတယ်။ စတိုးဆိုင် ထဲမှာ ဘယ်သူမှ မရှိတော့ဘူး။ သူတို့တွေ အရင်သွားနှင့်ကြပြီ ထင်ပါရဲ့။

ကျောင်းဂိတ်ဝကို ဖြတ်လျှောက်လာတဲ့အခါ ကျောင်းကွင်းထဲမှာ ကျောင်းသားတွေကို မြင်လိုက်ရတယ်။ သူတို့က အဖွဲ့လိုက် ကြိုးခုန်နေကြတာလေ။ ကျောင်းသားတွေကို တတ်နိုင်သမျှ မနှောင့်ယှက်ဖို့ အမှာစကား ကြားထားတာမို့ သူတို့က ကျောင်းနောက်ဘက်ကိုပဲ လျှောက်သွားလိုက်ကြတယ်။

"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ မသိဘူး"

အဲဒီအချိန်မှာပဲ အေးအေးဆေးဆေး ပြောလိုက်တဲ့ အသံတစ်သံကို ကြားလိုက်ရတယ်။ မေဘက်ခ် ကားရှေ့က လူလတ်ပိုင်းအရွယ် လူတစ်စုကို မာရူး လှမ်းကြည့်လိုက်တယ်။ လူတစ်ယောက်က ညည်းတွားသံနဲ့အတူ ကားခေါင်းဖုံးကို ကြည့်နေတယ်။ ပြဿနာတစ်ခုခု ဖြစ်နေတယ်ဆိုတာကတော့ ရှင်းနေတာပါပဲ။ ဒီလိုအချိန်မျိုးမှာ အကောင်းဆုံးလုပ်ရမယ့်အရာက ဘာမှမသိသလို ဟန်ဆောင်ပြီး ဖြတ်လျှောက်သွားဖို့ပဲလေ။ တခြားသူတွေကလည်း အဲဒီလိုပဲ တွေးထားပုံရပြီး ဖြတ်လျှောက်သွားကြတယ်။ အဲဒီအချိန်မှာပဲ...

"ဟင်၊ သူပဲ။ ဒါရိုက်တာရဲ့ ကားရှေ့မှာ သူ ရပ်နေတာကို ကျွန်မ မြင်လိုက်တယ်" လို့ လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက ဝူဂျူး ကို လက်ညှိုးထိုးရင်း ပြောလိုက်တယ်။

"ဘာလဲ"

ဝူဂျူး က ပြာပြာသလဲ လှည့်ကြည့်လိုက်တယ်။ လူလတ်ပိုင်း အမျိုးသမီးက သူ့ကို လက်ညှိုးထိုးထားတုန်းပဲ။ လေးနက်တဲ့ အရှိန်အဝါတွေ ရှိနေတဲ့ လူလတ်ပိုင်းတွေကလည်း ဝူဂျူး ကို စတင်ကြည့်ရှုလာကြတယ်။

"မင်း ဒီကားရှေ့မှာ ရပ်နေခဲ့တာမလား။ တစ်ဖက်ကနေ ငါ မြင်လိုက်တယ်"

"ဟုတ်ကဲ့၊ ကျွန်တော် ရပ်နေခဲ့တာပါ။ ကျွန်တော်က ကားကို ကြည့်နေရုံပါပဲ။ ဆိုလိုတာက ဒီလိုကားမျိုးကို ကျွန်တော် ပထမဆုံး မြင်ဖူးတာမို့လို့ပါ"

"သူက မသင်္ကာစရာပဲ။ ဒီက ကျောင်းသားလည်း ဟုတ်ပုံမရဘူး။ မင်း ဒီမှာ ဘာလာလုပ်နေတာလဲ"

"ဟိုဘက်မှာ ရိုက်နေတဲ့ ဇာတ်လမ်းတွဲ အတွက် ကျွန်တော် လာတာပါ"

"ဇာတ်လမ်းတွဲ "

လူလတ်ပိုင်း အမျိုးသမီးက သူ့အဖွဲ့ထဲက တခြားသူတွေကို လှမ်းကြည့်လိုက်တယ်။ တချို့ကတော့ အဲဒီအကြောင်းကို သိထားလို့ ခေါင်းညိတ်ပြကြတယ်။

"ဒါဆို သူများကားရှေ့မှာ ဘာလို့ သွားရပ်နေတာလဲ"

"ကျွန်တော် ကြည့်ရုံသက်သက် ကြည့်နေတာလို့ ပြောပြီးပြီလေ" လို့ ဝူဂျူး က အသံနည်းနည်း မြှင့်ပြီး ပြောလိုက်တယ်။

ရုတ်တရက် စစ်ဆေးမေးမြန်းခံရတာဆိုတော့ သူ ဒေါသထွက်သွားတာလည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။

"ဟက်... ရယ်စရာကောင်းတဲ့ ကလေးပဲ။ ဟေ့ လူငယ်လေး၊ မင်းက ဘာလို့ ငါ့ကို ဒေါသထွက်နေရတာလဲ။ မင်း တစ်ခုခု အမှားလုပ်ခဲ့တယ်မလား။ ငါ ကြည့်ရသလောက်တော့ မင်းက ဒီက စည်းမျဉ်းတွေကို နားလည်တဲ့သူနဲ့ မတူပါဘူး"

"စည်းမျဉ်းတွေ။ ဟယ်လို အန်တီ။ ကျွန်တော်က ဘာအမှားလုပ်ခဲ့လို့လဲ"

"မြင်လား။ သူက မသင်္ကာစရာကောင်းတယ်လို့ ပြောသားပဲ"

"ဒီမှာဗျ"

ဝူဂျူး ရဲ့ အသံက နောက်တစ်ဆင့် ပိုကျယ်လာတယ်။ သူက မတရား စွပ်စွဲခံရတာကို သည်းမခံနိုင်တဲ့ ပုံစံမျိုးပဲ။

မာရူးက သူတို့နှစ်ယောက်ကို တစ်လှည့်စီ ကြည့်လိုက်တယ်။ ဒီမှာ ပြဿနာ တစ်ခုခုဖြစ်သွားရင် ဝူဂျူး ဘာဖြစ်သွားမလဲ။ ဒီကျောင်းမှာ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့အတွက် ဒီလူလတ်ပိုင်းတွေရဲ့ ပူးပေါင်းပါဝင်မှုက သေချာပေါက် လိုအပ်တယ်လေ။ ဝူဂျူး က ဘာအမှားမှ မလုပ်ခဲ့တဲ့အတွက် သူ မတရားခံရမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နောက်ကျရင် သူတို့က ဇာတ်လမ်းတွဲ ထုတ်လုပ်သူတွေဆီကို သွားကောင်းသွားနိုင်တယ်။ ပြစ်မှုအမည်ကကော ဘာဖြစ်မလဲ။ သူတို့ရဲ့ ခံစားချက်တွေကို ထိခိုက်စေမှုတဲ့လား။ မဟုတ်သေးဘူး၊ ထုတ်လုပ်သူတွေကပဲ အရင် လှုပ်ရှားလာနိုင်ခြေ ရှိတယ်။ ဒါက သေးနုပ်တဲ့ကိစ္စလို့ ထင်ရပေမယ့် ဒီလို သေးနုပ်တဲ့ လုပ်ရပ်မျိုးတွေကို လုပ်တဲ့သူတွေ တော်တော်များများ ရှိတယ်လေ။ ရာထူးကြီးတဲ့သူက လူမှုရေးအရ အဆင့်အတန်းနိမ့်တဲ့သူကို ဘယ်လိုမျိုး အပြုအမူတွေ လုပ်တတ်လဲဆိုတာကို မာရူး ကောင်းကောင်းသိထားတာကိုး။

မာရူးက ဝူဂျူး ရဲ့ လက်မောင်းကို အနောက်ကနေ လှမ်းဆွဲလိုက်တယ်။ ဝူဂျူး က တွန့်ခနဲဖြစ်သွားပြီး သူ့ကို ပြန်ကြည့်တယ်။ မာရူးက ခေါင်းယမ်းပြလိုက်တယ်။ ဝူဂျူး ရဲ့ မျက်လုံးတွေထဲမှာ 'ဘာလို့လဲ' ဆိုတဲ့ မေးခွန်းကို သူ ဖတ်လို့ရနေတယ်။

"ကျွန်တော် လုံခြုံရေးအစောင့်ကို သွားခေါ်ပေးရမလား" လို့ မာရူးက ရှေ့ထွက်ပြီး မေးလိုက်တယ်။

သူက တတ်နိုင်သမျှ ယဉ်ယဉ်ကျေးကျေးဖြစ်အောင် ကြိုးစားနေတယ်။ သူတို့ရဲ့ အငြိုအငြင်ခံရဖို့ ဘာရည်ရွယ်ချက်မှ မရှိဘူးဆိုတာကို သူက ဖော်ပြနေတာပါ။

"လုံခြုံရေးအစောင့်။ အာ... လုံခြုံရေးအစောင့်။ ဒီမှာ စီစီတီဗွီ ရှိတယ်မဟုတ်လား။ အဲဒါကို ငါ မတွေးမိလိုက်ဘူး"

"ဟေ့၊ သွားခေါ်လိုက်"

မာရူးက လူလတ်ပိုင်းအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရလိုက်တယ်။ မာရူးက ဝူဂျူး ဘက်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး လုံခြုံရေးအစောင့်ကို ခေါ်ဖို့ လုံခြုံရေးရုံးခန်းဆီကို ထွက်သွားလိုက်တယ်။ လုံခြုံရေးအစောင့် ရောက်လာတော့မှ ဘာဖြစ်နေလဲဆိုတာကို သူတို့ နားလည်သွားကြတယ်။ ကားရဲ့ တံဆိပ်က နေရာရွေ့နေတာကိုး။

"ကားပါကင်မှာ စီစီတီဗွီ ရှိပါတယ်။ ကျွန်တော် အခုပဲ သွားစစ်ကြည့်လိုက်ပါမယ်"

လုံခြုံရေးအရာရှိက ကျောင်းအဆောက်အအုံထဲကို ပြေးဝင်သွားပြီး ခဏအကြာမှာတော့ ဒီကျောင်းက ဆရာတစ်ယောက်ဖြစ်ပုံရတဲ့ သူတစ်ယောက်နဲ့အတူ ပြန်ထွက်လာတယ်။ ဝူဂျူး ကို ဆူပူကြိမ်းမောင်းခဲ့တဲ့ လူလတ်ပိုင်း အမျိုးသမီးက သူ့ကို စိုက်ကြည့်နေတုန်းပဲ။ ဝူဂျူး တစ်ခုခု ပြောတော့မယ့်ပုံ ပေါ်လာတိုင်း မာရူးက သူ့လက်မောင်းကို ဆွဲပြီး စကားမပြောဖြစ်အောင် တားထားလိုက်တယ်။

"ကျွန်တော် ဗီဒီယိုမှတ်တမ်းကို စစ်ကြည့်ပြီးပါပြီ။ နေ့လယ်စာစားချိန်မှာ ကျောင်းသားတချို့ နောက်ပြောင်ထားတဲ့ပုံပဲ။ ကျွန်တော် အများကြီး တောင်းပန်ပါတယ်"

ဆရာဖြစ်သူက ခါးညွှတ်ပြီး အရိုအသေပေးလိုက်တယ်။ အဲဒီတော့မှ လူလတ်ပိုင်းအဖွဲ့က စတင်ပြီး ပြုံးလာကြတယ်။

"ဒီကျောင်းက ကျောင်းသားတစ်ယောက်လား။ ဟားဟား၊ ကြီးပြင်းလာတဲ့ အရွယ်မှာ ဆော့ကစားချင်တာက သဘာဝပါပဲ။ ကားကိုလည်း အကြီးအကျယ် ပျက်စီးသွားအောင် လုပ်ထားတာမှ မဟုတ်တာ။ သူတို့ကို သိပ်ပြီး ဆူမနေပါနဲ့" လို့ ကားပိုင်ရှင် လူလတ်ပိုင်းက ရယ်မောရင်း ပြောလိုက်တယ်။

တခြားသူတွေကလည်း လူငယ်တွေရဲ့ သဘာဝပဲလို့ ပြောပြီး ရယ်မောနေကြတယ်။ အရင်က ကြောက်စရာကောင်းတဲ့ အခြေအနေကြီးက လုံးဝပျောက်ကွယ်သွားပြီလေ။

"ဟေ့၊ နောက်ဆိုရင် မသင်္ကာစရာကောင်းအောင် မလုပ်နဲ့။ ငါတို့လို သဘောကောင်းတဲ့သူတွေနဲ့ တွေ့လို့ မင်း ကံကောင်းသွားတာ။ တခြားသူတွေသာဆိုရင် ရဲခေါ်ပြီး ဖမ်းခိုင်းနေလောက်ပြီ။ နားလည်လား" လို့ လူလတ်ပိုင်း အမျိုးသမီးက ပြောလိုက်တယ်။

သူက နောက်ဆုံးအချိန်ထိ သူများအပေါ်ကိုပဲ အပြစ်ပုံချနေတုန်းပါပဲ။ မာရူးက အမျိုးသမီးဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားဖို့ လုပ်နေတဲ့ ဝူဂျူး ကို ပိတ်ရပ်ပြီး တားလိုက်တယ်။ တခြားနှစ်ယောက်ကိုလည်း မျက်ရိပ်ပြပြီး ဝူဂျူး ကို လူလတ်ပိုင်းအဖွဲ့ဆီ မသွားအောင် ဝိုင်းတားခိုင်းလိုက်တယ်။

"တောက်"

ဝူဂျူး က သက်ပြင်းရှည်ကြီး ချလိုက်တယ်။ ကားပါကင်ဘက်ဆီကနေ ရယ်မောသံတွေကို ကြားနေရဆဲပါပဲ။ ဆရာနဲ့ လူလတ်ပိုင်းတွေက အပြန်အလှန် စကားကောင်းတွေ ပြောနေကြတယ်။

"ဒီလိုအမှိုက်ကိစ္စတွေအတွက် ဒေါသထွက်နေလို့ ဘာအကျိုးမှ မရှိပါဘူး။ သွားကြစို့"

"မင်း ဒေါသမထွက်ဘူးလား"

"ဒေါသထွက်ရမယ်။ ယုတ္တိမရှိတာတွေတိုင်းကို လိုက်ပြီး ဒေါသထွက်နေမယ်ဆိုရင် တောင်ကိုရီးယားမှာ နေဖို့ မင်းအတွက် အတော်လေး ခက်ခဲလိမ့်မယ်"

"..."

"မင်း ဘာတွေးနေလဲဆိုတာ ငါ နားလည်ပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ သွားကြတာပေါ့။ ဒေါသထွက်နေလို့လည်း ငါတို့ ဘာမှ ပြန်ရလာမှာမဟုတ်ဘူးလေ။ ဒါကြောင့် အဓိပ္ပာယ်မရှိပါဘူး။ ပြီးတော့ အချိန်လည်း ပြည့်တော့မယ်"

ရှုပ်ထွေးတဲ့ မျက်နှာထား ဖြစ်နေတဲ့ ဝူဂျူး ကို မာရူးက တွန်းလွှတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ လူလတ်ပိုင်းအဖွဲ့ရဲ့ မျက်နှာတွေကို သူ မှတ်ထားလိုက်တယ်။ အထူးသဖြင့် အဲဒီ လူလတ်ပိုင်း အမျိုးသမီးကိုပေါ့။ မနိုင်နိုင်တဲ့ ပြဿနာတွေကို ရှောင်လွှဲပါ။ ဒါပေမဲ့ သူတို့ရဲ့ မျက်နှာတွေကိုတော့ မှတ်ထားပါ ဆိုတာက မာရူးရဲ့ စိတ်ထဲမှာ ရှိနေတဲ့ အတွေးတစ်ခုပဲ။

လေးလံတဲ့ ခြေလှမ်းတွေနဲ့ လျှောက်လာတဲ့ ဝူဂျူး က သက်ပြင်းချလိုက်ပြီး 'ငါ့ကို တားပေးထားလို့ ကျေးဇူးပဲ' လို့ တိုးတိုးလေး ပြောလိုက်တယ်။ သူ့ဒေါသတွေ နည်းနည်း ငြိမ်သွားပုံရပါတယ်။

သွေးဆူလွယ်တဲ့ လူငယ်တွေက မိုက်တယ်လို့ မာရူးက တွေးလိုက်ရင်း အပြုံးတစ်ခုနဲ့အတူ ပခုံးတွန့်လိုက်တယ်။

* * * * * * * * *

All Chapters