← Chapters

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း(၃၀၃)

အဆောက်အအုံထဲကနေ ထွက်လာပြီးနောက် မာရူး ပထမဆုံး မြင်လိုက်ရတာက ဒါရိုက်တာလီရဲ့ မျက်နှာချင်းဆိုင်မှာ ရပ်နေကြတဲ့ ဝန်ထမ်းတွေပဲ။ ကျောင်းဝင်းထဲမှာ ရုတ်ရုတ်သဲသဲ လုပ်လို့ ဘာအကျိုးမှ မရှိဘူးဆိုတာကို နှစ်ဖက်လုံးက နားလည်ထားပုံရတာမို့ ဆူဆူညံညံတော့ မရှိပါဘူး။

"လောလောဆယ်တော့ ကျွန်တော်တို့ ရိုက်ကူးရေး ဆက်လုပ်သင့်တယ်လို့ ပြောနေတာပါ။ ဒီအပိုင်း လေလှိုင်းထဲ ရောက်သွားမှပဲ နောက်ထပ် အလုပ်လုပ်ဖို့ ဘတ်ဂျက် ထပ်ရမှာလေ"

"ဒီစကားတွေကို လွန်ခဲ့တဲ့ နှစ်လကတည်းက ကြားဖူးပြီးသားပါ။ အဲဒီတုန်းကလည်း ခင်ဗျား ဒီအတိုင်း တစ်သဝေမတိမ်း ပြောခဲ့တာပဲ။ ပရိုဂျူဆာလီ... ခင်ဗျား တော်တော်လေး လွန်မနေဘူးလား။ ခင်ဗျား လစာရနေသရွေ့ အရာအားလုံးက အဆင်ပြေနေတယ်ပေါ့လေ။ ခင်ဗျား အရမ်း ပြောင်းလဲသွားပြီ"

"ဟေး... ကျွန်တော် ဘာမှ မပြောင်းလဲပါဘူး။ ကျွန်တော်လည်း ခင်ဗျားတို့ဘက်ကပါ။ ကျွန်တော်လည်း ခင်ဗျားတို့နဲ့ တစ်အိုးတည်းစား တစ်ရေတည်းသောက်ပါပဲဗျာ"

"တစ်အိုးတည်းစားတယ်ဆိုပြီး ခင်ဗျားကတော့ ဗိုက်ပြည့်နေပြီး ကျွန်တော်တို့ကတော့ ဘာလို့ ငတ်သေရမလောက် ဖြစ်နေရတာလဲ။ ကျွန်တော်တို့ ကလေးတွေကိုလည်း ကြည့်ဦး"

ဒါရိုက်တာလီရဲ့ မျက်နှာချင်းဆိုင်မှာ ရပ်နေတဲ့ လူက သူ့အနောက်မှာရှိတဲ့ လူငယ်နှစ်ယောက်ကို ဆွဲခေါ်လိုက်တယ်။

"ဒီနှစ်ယောက်က ကျွန်တော်တို့အဖွဲ့ထဲမှာ အငယ်ဆုံးလေးတွေ။ တကယ် ကြိုးစားကြတဲ့ ကလေးကောင်းလေးတွေဗျ။ မနက်အစောကြီးလာပြီး ပစ္စည်းတွေ ရွှေ့ကြတယ်၊ ခင်ဗျားလူတွေ ခိုင်းတဲ့ အသေးအမွှား အလုပ်လေးတွေကို လုပ်ပေးကြတယ်၊ ပြီးတော့ ရိုက်ကူးရေး ပြီးသွားရင်တောင် နောက်ဆုံးအချိန်အထိ သန့်ရှင်းရေး လုပ်ပေးကြတာ။ ဒါပေမဲ့ သိလား။ ဒီကောင်လေးက ရိုက်ကူးရေးပြီးတာနဲ့ စတိုးဆိုင်မှာ အချိန်ပိုင်း အလုပ်သွားလုပ်ရတယ်၊ ဟိုတစ်ယောက်ကတော့ ဘားတစ်ခုမှာ နောက်ထပ် အလုပ်တစ်ခု ရှိသေးတယ်။ ဘာလို့လဲဆိုတာ ခင်ဗျား သိတယ် မဟုတ်လား"

"...အစ်ကိုကင်။ ကျွန်တော်တို့ အထဲကျမှ ပြောကြရအောင်ဗျာ"

"ဘယ်သူက မင်းအစ်ကိုလဲကွ။ ပရိုဂျူဆာလီ... မဟုတ်ဘူး မင်း။ လွန်ခဲ့တဲ့ နှစ်လက မင်း ငါတို့ကို ကတိပေးခဲ့တယ် မဟုတ်လား။ ငါတို့ မရသေးတဲ့ လုပ်အားခ အပြည့်အဝကို သေသေချာချာ ရှင်းပေးပါ့မယ်ဆိုပြီးလေ။ ကုမ္ပဏီ CEO နဲ့ စကားပြောပြီး ငါတို့ ဘဏ်အကောင့်တွေထဲကို လစာ လွှဲပေးပါ့မယ်ဆို။ ဟေ့လူ... ပရိုဂျူဆာလီ၊ ငါက... မဟုတ်ဘူး... ငါတို့က မရှိတဲ့ပိုက်ဆံကို တောင်းနေတာလား။ ငါတို့ အလုပ်လုပ်ခဲ့တဲ့ လုပ်အားခကို တောင်းနေတာလေ။ ငါတို့ထဲက တချို့က တခြားအလုပ်တွေ ရှိသေးလို့ နေ့စဉ်ဘဝကို ရုန်းကန်နိုင်သေးတယ်ထား၊ ဒါပေမဲ့ ဒီကလေးတွေကျတော့ သူတို့ရဲ့ ဘဝတစ်ခုလုံးကို ဒီထဲ ပုံအောထားရတာ၊ အဲဒါကို မင်းတို့က သူတို့ကို ပိုက်ဆံမပေးရက်ဘူးလား။ ရုပ်သံလိုင်းတွေက ပိုက်ဆံနဲ့ လည်ပတ်နေတာကို ငါသိပါတယ်။ ဒါပေမဲ့ လူတွေက ပိုအရေးကြီးတာ မဟုတ်ဘူးလား။ ထားပါတော့၊ လူတွေက အရေးမကြီးဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ သူတို့ကို ကောင်းကောင်းမွန်မွန် နေထိုင်ခွင့်တော့ ပေးသင့်တာပေါ့ကွ"

"ကျွန်တော် သိပါတယ်။ တကယ် သိပါတယ်။ ဒါကြောင့်မို့ အထဲကျမှ ပြောရအောင်လို့ ကျွန်တော် ပြောနေတာလေ။ ဒီမှာ ရုတ်ရုတ်သဲသဲ လုပ်ရင် ကိစ္စတွေက ပိုရှုပ်ကုန်လိမ့်မယ်။ ဒီမှာ ရိုက်ကူးရေးလုပ်ဖို့ ခွင့်ပြုချက်ရအောင် ကျွန်တော်တို့ မနည်းကြိုးစားခဲ့ရတာကို ခင်ဗျား မှတ်မိသင့်တယ်"

"အဲဒီခွင့်ပြုချက်ကို ဘယ်သူက ရအောင်လုပ်ခဲ့တာလဲ။ ခွင့်ပြုချက်ရဖို့ အချိန်ပြည့် ဖုန်းနဲ့ ကပ်နေပြီး၊ ဒီကလူတွေကို ဝေဖို့ အချိုရည်ဖာတွေသယ်ပြီး ဒီကိုလာခဲ့ရတာ ငါတို့လူတွေထဲက တစ်ယောက် မဟုတ်ဘူးလား။ မင်းကိုယ်တိုင် အလုပ်လုပ်ခဲ့သလိုမျိုး လာမပြောနဲ့"

ဒါရိုက်တာလီက တစ်ဖက်လူကို ငြိမ်ကျသွားအောင် လက်နှစ်ဖက် မြှောက်ပြီး တားဖို့ ကြိုးစားလိုက်တယ်။ ဒါက လုပ်အားခ ပြဿနာဖြစ်ပုံရတယ်။ သူတို့တွေ လစာမရတာ နှစ်လ ဒါမှမဟုတ် အဲဒီထက်တောင် ပိုကြာနေပြီ ထင်ပါရဲ့။ ရိုက်ကူးရေးလုပ်နေတုန်းမှာ အခုလို ဆန္ဒပြနေကြတာကို ကြည့်ရင် အခြေအနေက တော်တော်လေး ဆိုးရွားနေပုံပဲ။

အနည်းဆုံးတော့ သူတို့ကို ကောင်းကောင်းမွန်မွန် နေထိုင်ခွင့်တော့ ပေးသင့်တာပေါ့ ဆိုတဲ့ အလတ်ပိုင်းအရွယ် အမျိုးသားကြီးရဲ့ စကားက စိတ်ခံစားမှုပိုင်းရော ဥပဒေပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ လှုံ့ဆော်နိုင်ခဲ့ပေမယ့် အခြေအနေကို ပြောင်းလဲပစ်ဖို့တော့ မလုံလောက်ခဲ့ဘူး။ ငွေရေးကြေးရေး ပြဿနာတစ်ခုကို စကားနဲ့ ဖြေရှင်းနိုင်ခဲ့တာမျိုး မာရူး တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ ငွေနဲ့ပတ်သက်တဲ့ ပြဿနာတွေက အကြမ်းဖက်တာပဲဖြစ်ဖြစ်၊ ထိရောက်တဲ့ ဥပဒေတစ်ခုခုနဲ့ပဲဖြစ်ဖြစ် မျက်မြင်တွေ့နိုင်တဲ့ အင်အားတစ်ခုခုကနေတစ်ဆင့်သာ အမြဲတမ်း ဖြေရှင်းနိုင်လေ့ရှိတာကိုး။

"ဒါဆို ကျွန်တော်တို့အတွက်လည်း ပြဿနာ ရှိလာနိုင်တယ်ဆိုတဲ့ သဘောလား"

"ဖြစ်နိုင်တယ်"

ဇာတ်ပို့သရုပ်ဆောင်တွေ ကြားထဲမှာလည်း စကားသံတွေ ထွက်လာခဲ့တယ်။ ဇာတ်ပို့တွေရဲ့ လုပ်အားခက ဘယ်ကလာတာလဲ။ ထုတ်လုပ်ရေး ကုမ္ပဏီဆီကပေါ့။ ထုတ်လုပ်ရေး ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ တရားဝင်ဝန်ထမ်းတွေတောင် လစာနောက်ကျနေတယ်ဆိုရင် ယာယီဝန်ထမ်းတွေလို သဘောထားခံရတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေကကော အချိန်မီ လစာရနိုင်ပါ့မလား။ ရနိုင်ဖို့ သိပ်မရှိပါဘူး။

ဒီကိစ္စက သူတို့နဲ့လည်း သက်ဆိုင်နေတယ်ဆိုတာကို သဘောပေါက်သွားတဲ့အခါ လူတွေက အလတ်ပိုင်းအရွယ် အမျိုးသားကြီးရဲ့ အနားကို အမြန်လျှောက်သွားကြတယ်။ သူတို့က ဝန်ထမ်းတွေရဲ့ အနောက်ဘက်ကနေ ဒါရိုက်တာလီကို စူးစူးဝါးဝါး စကြည့်ကြတော့တယ်။

ဒါရိုက်တာလီက သိသိသာသာကို ပိုပြီး စိုးရိမ်လာတယ်။ ရိုက်ကူးရေး ရပ်ဆိုင်းသွားတဲ့အတွက် သူ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်သွားပုံရတယ်။ ကင် လို့ ခေါ်တဲ့ အလတ်ပိုင်းအရွယ် ဝန်ထမ်းက သူ့ကို ဥက္ကဋ္ဌဆီ ဖုန်းဆက်ပြီး ရှင်းလင်းတဲ့ အဖြေတစ်ခု တောင်းပေးဖို့ ဆက်တိုက် တောင်းဆိုနေခဲ့တယ်။ ဒါရိုက်တာလီမှာ ဖုန်းဆက်တာကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ပါဘူး။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကျွန်တော် သူ့ကို ဖုန်းပေးလိုက်ပါ့မယ်။ ရော့... ဒီမှာ"

အလတ်ပိုင်းအရွယ် ဝန်ထမ်းက ဖုန်းကို ကိုင်လိုက်တာနဲ့တစ်ပြိုင်နက် အသံကို မြှင့်လိုက်တယ်။

"ဟယ်လို... ဟုတ်တယ်၊ ကျွန်တော်တို့ တစ်ခေါက် ဆုံဖူးတယ် မဟုတ်လား။ ကျွန်တော်က ကင်ဂျန်ဆူ ပါ။ ခင်ဗျားဆီ ဘာလို့ ဖုန်းဆက်လဲဆိုတာကို သိတယ်မလား။ ဘာ... လောလောဆယ် ရိုက်ကူးရေးကို ဆက်လုပ်ရမယ် ဟုတ်လား။ ခင်ဗျား လာနောက်နေတာလား။ နောက်တစ်ပိုင်း ရိုက်ပြီးမှ ပိုက်ဆံပေးမယ်ပေါ့။ ခင်ဗျားက ငါ့ကို အရူးများ မှတ်နေလား။ ခင်ဗျားရဲ့ အချိုသပ်တဲ့စကားတွေက ဒီတစ်ခေါက်တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ငါတို့ အခု ဘယ်လို အခြေအနေတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာကိုရော ခင်ဗျား သိရဲ့လား။ အိမ်လခ မပေးနိုင်လို့ သူငယ်ချင်းအိမ်မှာ သွားကပ်နေရတဲ့ ကလေးတစ်ယောက် ရှိတယ်၊ ပြီးတော့ သူ့ကလေးအတွက် အစားအသောက်ဖိုးတောင် မတတ်နိုင်တဲ့သူလည်း ရှိတယ်၊ ခွေးကောင်ရဲ့"

ဂျန်ဆူ က ဖုန်းကို နားကနေ မခွာခင် မျက်လုံးကို ပြူးလိုက်တယ်။ သူက ဖုန်းကို ဒါရိုက်တာလီဆီ ပြန်မပေးခင် တစ်ချက် ရယ်လိုက်သေးတယ်။

"ငါ့ဖုန်းကို ချသွားတယ်ပေါ့လေ။ ကဲ... ပြန်ဆုတ်ကြစို့။ ဘာပဲဖြစ်ဖြစ် ငါတို့ အလုပ်လုပ်တာ ပိုက်ဆံမှ မရတာ။ ငါတို့ ဒီမှာ လာကစားနေတာ မဟုတ်ဘူး"

သူ့နောက်မှာရှိတဲ့ ဝန်ထမ်းတွေအားလုံးက ခေါင်းညိတ်ပြကြတယ်။ သူတို့က ဒါအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပုံပဲ။ အဲဒီအချိန်မှာ ဒါရိုက်တာလီဘက်ကရော၊ ဂျန်ဆူ ဘက်ကပါ မဟုတ်တဲ့ လူတွေက စကားစပြောလာကြတယ်။ သူတို့က ရုပ်သံလိုင်း ဝန်ထမ်းကတ် တွေ ဆွဲထားတဲ့ လူတွေနဲ့အတူ ရပ်နေတဲ့ ဝန်ထမ်းတွေပါပဲ။

"လောလောဆယ်တော့ ရိုက်ကူးရေး လုပ်လိုက်ကြရအောင်ဗျာ။ သူက နောက်တစ်ပိုင်း ရိုက်ပြီးရင် ပိုက်ဆံပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ပြီးတော့ ခင်ဗျားတို့ အဲဒီလို ထွက်သွားရင် ရုပ်သံလိုင်းဘက်က နစ်နာကြေး တောင်းလာနိုင်တယ်။ ဒါကြောင့် ဒီအပိုင်းကို ရိုက်ပြီးမှ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့။ သူတို့ဘက်မှာလည်း သူတို့ အခက်အခဲတွေ ရှိနေမှာပေါ့" လည်ပင်းမှာ ဝန်ထမ်းကတ် ဆွဲထားတဲ့ လူတစ်ယောက်က ဝင်ပြောတယ်။

မာရူးက အဲဒီ အုပ်စုသုံးစုကို ကြည့်ရင်း သူ့မျက်ခုံးကို ကုတ်လိုက်မိတယ်။ ဒါရိုက်တာလီနဲ့ ထုတ်လုပ်ရေး ကုမ္ပဏီဘက်၊ ဂျန်ဆူ နဲ့ သူ့ရဲ့ ဝန်ထမ်းတွေ၊ နောက်ဆုံး တစ်စုကတော့ ရုပ်သံလိုင်းက ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေပဲ။ လစာပုံမှန်ရနေတဲ့ ဘက်ကတော့ လောလောဆယ် ရိုက်ကူးရေး ဆက်လုပ်သင့်တယ်လို့ ပြောနေကြပြီး၊ အခြားတစ်ဖက်ကတော့ ပိုက်ဆံ အရင်မရမချင်း တစ်ဖဝါးမှ ခွာမှာ မဟုတ်ဘူးလို့ ပြောနေကြတယ်။ ယေဘုယျတွေးကြည့်မယ်ဆိုရင် သူတို့ကို ငှားထားတဲ့ ကုမ္ပဏီအနေနဲ့ အလုပ်ဆက်လုပ်စေချင်ရင် ပိုက်ဆံရှင်းပေးသင့်ပေမယ့် အခု ကြည့်ရသလောက်ကတော့ ဒီကုမ္ပဏီမှာ သူတို့ကို အခုချက်ချင်း ပိုက်ဆံပေးမယ့် အစီအစဉ် ရှိပုံမရဘူး။

"ဟေး... မင်းတို့ ငါတို့ကို ဒီလိုလုပ်လို့ မရဘူးလေ။ မင်းတို့က လစဉ် လစာရနေလို့ ဒီလို ပြောနိုင်တာပေါ့။ ငါတို့ အလုပ်တွေအကုန်လုံးကို လက်လွှတ်လိုက်ရလောက်တဲ့အထိ ဘယ်လောက်တောင် အခက်တွေ့နေရလဲဆိုတာကို မင်းတို့ သိရဲ့လား။ မင်းတို့လည်း အခြေအနေကို သိရက်နဲ့ ငါတို့ကို ဒီလိုလုပ်လို့ မရဘူး။ ပြီးတော့ နစ်နာကြေး ဟုတ်လား။ လာမနောက်နဲ့။ ဘယ်သူက အရင် မတရားလုပ်တာလဲဆိုတာကို ဆွေးနွေးချင်လို့လား"

"အဲဒီလိုဖြစ်နေတိုင်း ခင်ဗျားတို့ရဲ့ အလုပ်ကို ဒီအတိုင်း ပစ်ထားခဲ့လို့ ရတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေ။ ကိုယ့်အလုပ်ကိုတော့ ကိုယ် တာဝန်ယူသင့်တာပေါ့။ ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ နည်းနည်းလေးမှ မြတ်နိုးစိတ် မရှိကြဘူးလား"

"မြတ်နိုးစိတ်... မြတ်နိုးစိတ် ဟုတ်လား။ အိုဟောင်းနေတဲ့ အခန်းကျဉ်းလေးထဲမှာ နေပြီး တစ်နေ့ သုံးနပ်လုံး ခေါက်ဆွဲခြောက်ပဲ စားကြည့်လိုက်စမ်းပါ။ မင်းပြောတဲ့ မြတ်နိုးစိတ်ဆိုတာတွေ အကုန် ပျောက်သွားလိမ့်မယ်။ မင်းတို့က အဲဒီလောက်တောင် ရိုက်ချင်နေရင် ငါတို့ ဂရုစိုက်နေစရာ မလိုဘူး၊ မင်းတို့ဘာသာမင်းတို့သာ ရိုက်ကြတော့။ အဲဒီလိုမှမဟုတ်ရင်လည်း မင်းတို့ရဲ့ အဲဒီ မြတ်နိုးစိတ်ဆိုတာကြီးကို ဝေမျှတဲ့အနေနဲ့ မင်းတို့ရဲ့ ကိုယ်ပိုင်ပိုက်ဆံနဲ့ ငါတို့ကို လာရှင်းပေးလိုက်လေ"

"ခင်ဗျား ကျွန်တော့်ကို လာရွဲ့နေတာလား"

"ငါ ရွဲ့နေတာလား မရွဲ့နေဘူးလားဆိုတာ မင်း ပိုသိမှာပါ"

မာရူးက ခေါင်းညိတ်လိုက်ပြီး စိတ်ထဲကနေ လက်ခုပ်တီးပေးလိုက်တယ်။ ဂျန်ဆူ လို့ ခေါ်တဲ့လူက စကားပြော တော်တော်ကောင်းတာပဲ။ ရုပ်သံလိုင်းက ဝန်ထမ်းတွေတောင် သူ့ကို စကားလာပြောတဲ့လူကို မျက်စောင်းထိုး ကြည့်လာကြတယ်။ အခြေအနေကို နည်းနည်းပါးပါး အကဲခတ်ဖို့ သူတို့က သွယ်ဝိုက်ပြီး သတိပေးနေကြတာလေ။

ဂျန်ဆူ ဘက်မှာရှိတဲ့ ဝန်ထမ်းတွေက အေးစက်စက် အကြည့်တွေနဲ့ လှည့်ထွက်သွားဖို့ ပြင်လိုက်ကြတယ်။ သူတို့က တကယ်ပဲ ထွက်သွားတော့မယ့်ပုံပါပဲ။

"အစ်ကို ကင်... ခင်ဗျား အဲဒီလို ထွက်သွားလို့ မရဘူးလေ"

ဒါရိုက်တာလီက ဂျန်ဆူ ကို လှမ်းဆွဲလိုက်တယ်။

"အစ်ကိုကင်... ဟုတ်ပါတယ်။ ကျွန်တော် ပိုက်ဆံ ရပြီးပါပြီ။ ရခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ဘဝတွေ ဘယ်လောက် ခက်ခဲနေလဲဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ဒီလို ထွက်သွားမယ်ဆိုရင် ပိုပြီးတောင် ဒုက္ခရောက်လိမ့်မယ်။ ထုတ်လုပ်ရေး ကုမ္ပဏီက ခင်ဗျားတို့ ထွက်မသွားအောင် နည်းမျိုးစုံနဲ့ တားမယ်လို့ ထင်နေတာလား။ သူတို့ အဲဒီလို လုပ်မှာမဟုတ်ဘူးဆိုတာ ခင်ဗျား သိသားပဲ။ သူတို့က လူအသစ်တွေကို ထပ်ငှားလိုက်မှာပေါ့"

အဲဒီစကားတွေကို ကြားလိုက်ရတဲ့အခါ ထွက်သွားဖို့ ပြင်နေတဲ့ လူတွေအားလုံး မမြင်ရတဲ့ နံရံတစ်ခုကို ဝင်တိုက်မိသွားသလိုမျိုး သူတို့ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားကြတယ်။

ဒါဟာ အဆိုးရွားဆုံး ဝှက်ဖဲတစ်ခုပဲလို့ မာရူး တွေးလိုက်မိတယ်။ ဂျန်ဆူ ရဲ့ မှန်ကန်တဲ့ စကားတွေ က ဒါရိုက်တာလီရဲ့ လက်တွေ့ကျတဲ့ စကားတွေ ကို မယှဉ်နိုင်ခဲ့ပါဘူး။ ဒါရိုက်တာလီရဲ့ စကားတွေက ထောင်ချောက်တစ်ခုလိုပါပဲ။ ဂျန်ဆူ က ဘယ်လောက်ပဲ လျစ်လျူရှုပြီး ခါထုတ်ပစ်ချင်နေပါစေ၊ အဲဒီထောင်ချောက်က သူ့လည်ပင်းကို ရစ်ပတ်ထားပြီးနေပြီလေ။ သူ ခြေလှမ်းစလှမ်းလိုက်တာနဲ့တစ်ပြိုင်နက် အဲဒါက သူ့လည်ပင်းကို ညှစ်သတ်ပစ်လိမ့်မယ်။ ဒီမှာရှိတဲ့ လူတိုင်း အဲဒါကို သိကြတယ်။ တင်းမာနေတဲ့ လေထုက ချက်ချင်းဆိုသလို ငြိမ်ကျသွားတော့တယ်။

ဒါရိုက်တာလီရဲ့ စကားတွေထဲမှာ ဆွေးမြည့်နေတဲ့ မျှော်လင့်ချက်တွေ ပါဝင်နေတယ်။ သူတို့တွေ လစာမရဘဲ အလုပ်လုပ်နေရတယ်ဆိုပေမယ့် အလုပ်လုပ်နေရတယ်ဆိုတဲ့ အသိလေးက သူတို့ကို တည်ငြိမ်မှု တစ်ခုတော့ ပေးထားသေးတာကိုး။ ဒါရိုက်တာလီက အဲဒီအချက်ကို အသုံးချသွားတာပဲ။ တကယ်လို့ သူတို့ အခု ထွက်သွားမယ်ဆိုရင် အဲဒီ 'အလုပ်' ဆိုတာတောင် ပျောက်ကွယ်သွားတော့မှာလေ။

ဝန်ထမ်း အများစုက အသက် နှစ်ဆယ်ကျော် အစပိုင်းနဲ့ အလယ်ပိုင်းလောက်လေးတွေချည်းပါပဲ။ အဲဒီ လူငယ်လေးတွေက အနောက်ကို အနည်းငယ် လှည့်လာပြီး ဒါရိုက်တာလီကို ကြည့်လိုက်ကြတယ်။ သူတို့အတွက် ပိုက်ဆံ လိုအပ်နေတာ မှန်ပေမယ့် လုပ်ငန်းခွင် အတွေ့အကြုံ ရဖို့ အခွင့်အရေးကလည်း အရေးကြီးနေသေးတာကိုး။

လုပ်ငန်းခွင် ပတ်ဝန်းကျင်အရ ကြည့်ရင် ဒါက အချိန်ပိုင်းအလုပ်တစ်ခုနဲ့ သိပ်ကွာခြားချင်မှ ကွာခြားမယ်ဆိုပေမယ့် အတွေ့အကြုံများလာတာနဲ့အမျှ ပိုပြီး အခွင့်အရေးကောင်းတွေ ရလာနိုင်တဲ့ အလုပ်မျိုးဖြစ်နေတယ်။ ဓာတ်ဆီဆိုင်မှာ ဒါမှမဟုတ် အင်တာနက်ဆိုင်မှာ အချိန်ပိုင်းအလုပ် လုပ်တာက ဘယ်တော့မှ လုပ်ငန်းခွင် အတွေ့အကြုံ ဖြစ်လာမှာ မဟုတ်ပေမယ့် ရုပ်သံလိုင်း ရိုက်ကူးရေး အတွေ့အကြုံကတော့ သူတို့ကို ချက်ချင်း လက်ငင်း အသုံးချနိုင်တဲ့ လုပ်သားအင်အားဆိုတဲ့ အဆင့်အထိ မြှင့်တင်ပေးနိုင်တယ်လေ။

ဂျန်ဆူ နဲ့ တခြား လူအနည်းငယ်က သူတို့ရဲ့ ဒေါသတွေကို ထုတ်ပြနေဆဲ ဖြစ်ပေမယ့် အများစုကတော့ ဒါရိုက်တာလီနဲ့ ဂျန်ဆူ ကြားမှာ မသက်မသာနဲ့ ဟိုကြည့်ဒီကြည့် ဖြစ်နေကြတယ်။

အခုတော့ အရာအားလုံး ပြီးဆုံးသွားပါပြီ။ အောင်ပွဲက ဒါရိုက်တာလီဘက်ကို ယိမ်းသွားခဲ့ပြီ။ လစာမရသေးတာနဲ့ အလုပ်လက်မဲ့ ဖြစ်သွားတာ... ရွေးချယ်စရာ ပေါ်လာတဲ့အခါမှာ မာရူးကိုယ်တိုင်တောင် အလုပ်လက်မဲ့ ဖြစ်သွားမယ့်အစား သူ့လစာတွေ အကန့်အသတ်မရှိ နောက်ကျနေဦးမယ်ဆိုရင်တောင် လစာမရသေးတဲ့ အခြေအနေကိုပဲ ရွေးချယ်မိမှာပါပဲ။ နောက်ထပ် အလုပ်တစ်ခုကို ချက်ချင်းရနိုင်ပါ့မလားဆိုတဲ့ ယုံကြည်ချက်မျိုး မရှိဘဲနဲ့ လက်ရှိ အလုပ်တစ်ခုကို လက်လွှတ်လိုက်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတဲ့ကိစ္စလေ။

'အဲဒါက မှန်တယ်ဆိုပေမယ့်လည်း... ခံစားရတာက...'

ခါးသီးလွန်းပါတယ်။ ဒါက အပြစ်လုပ်ထားတဲ့သူတွေ ညဘက် ကောင်းကောင်းအိပ်မပျော်ဘဲ၊ နစ်နာတဲ့သူတွေကတော့ အေးအေးဆေးဆေး အိပ်စက်အနားယူနိုင်တဲ့ လောကကြီး မဟုတ်တော့ပါဘူး။ နစ်နာတဲ့သူတွေကသာ သောကရောက်ပြီး အိပ်ရေးပျက်ရကာ၊ အပြစ်လုပ်ထားတဲ့သူတွေကတော့ အပြင်မှာ လူလုံးထွက်ပြပြီး ဂုဏ်ယူဝင့်ကြွားနေတဲ့ လောကကြီး ဖြစ်နေခဲ့ပြီလေ။

မာရူးက သူတို့ကို ကူညီချင်စိတ်တော့ ရှိပါတယ်။ ဒါပေမဲ့ သူ့ခေါင်းထဲမှာ လက်တွေ့ကျတဲ့ ဖြေရှင်းနည်း မရှိတာကြောင့် သူ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ သူတို့ကို အားပေးစကားပြောပြီး နှစ်သိမ့်တာက သူတို့ကို အရူးလုပ်တာနဲ့ ဘာမှမကွာခြားဘူးလေ။

အဓိပ္ပာယ်မရှိတဲ့ ငြင်းခုံမှုကြီးက ပြီးဆုံးလုနီးပါး ဖြစ်နေပြီ။ ဂျန်ဆူ က သူ့အဖွဲ့ဝင်တွေရဲ့ မျက်နှာအမူအရာကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။

"အနည်းဆုံးတော့ တစ်လစာလောက် ကြိုရနိုင်မလား။ ကျွန်တော်တို့ရဲ့ ဘေလ်တွေလောက်တော့ ရှင်းလို့ရအောင် လုပ်ပေးပါဗျာ"

"ကျွန်တော် ဥက္ကဋ္ဌကို ထပ်မေးပေးပါ့မယ်။ သူတို့ဆီမှာ ပိုက်ဆံရှိရင် ခင်ဗျားတို့ကို ပေးပြီးလောက်ပါပြီ။ အခု မပေးနိုင်သေးဘူးဆိုတာ သူတို့မှာလည်း အခက်အခဲတွေ ရှိနေလို့နေမှာပေါ့။ ကျွန်တော်တို့က ဒီလုပ်ငန်းမှာ လုပ်ဖော်ကိုင်ဖက်တွေပဲ၊ သူတို့က တမင်သက်သက် ဒီလိုလုပ်နေတာတော့ မဖြစ်နိုင်ပါဘူး။ ဟုတ်တယ်မလား။ ပြီးတော့... ကျောင်းသားတွေလည်း ကြည့်နေကြတယ်ဆိုတော့ ဒီကိစ္စကို ဒီထက်ပိုပြီး အကြီးအကျယ် မလုပ်ကြရအောင်ဗျာ"

ကျောင်းသားတွေက လာကြည့်နေကြတာ အတော်တောင်ကြာနေပြီ။ ကျောင်းသားတွေတင် မကဘူး။ သူတို့ရဲ့ မိဘတွေလို့ ထင်ရတဲ့ လူတွေလည်း ရှိနေတယ်။ ဒီနေ့က မိဘများနေ့များ ဖြစ်နေလို့လား။ သူတို့ဆီကို အာရုံစိုက်မှု တော်တော်များများ ရောက်နေတာကို မြင်လိုက်ရတော့ ဂျန်ဆူ မျက်မှောင်ကြုတ်သွားတယ်။

သူ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ကျောင်းသားတွေရဲ့ အနောက်ဘက်ကနေ လူတစ်ယောက် ထွက်လာတယ်။

"တစ်ဆိတ်လောက်... ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ"

"ဘာမှ သိပ်မဖြစ်ပါဘူး"

"'ဘာမှ သိပ်မဖြစ်ပါဘူး' ဆိုတဲ့ပုံတော့ မပေါက်ဘူးနော်။ ဟိုလူ့အသံက အရမ်းကျယ်နေတော့ အတန်းထဲက ကျောင်းသားတွေကို အနှောင့်အယှက်ဖြစ်မှာတောင် စိုးရိမ်ရတယ်"

ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ အလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်တယ်။ ဒါရိုက်တာလီက အမြန် တောင်းပန်လိုက်တယ်။

"ကျောင်းသားတွေရဲ့ စာသင်ကြားရေး ပတ်ဝန်းကျင်ကို မဖျက်ဆီးဘဲ တိတ်တိတ်ဆိတ်ဆိတ် အလုပ်လုပ်ကြပါ။ အကြမ်းဖျင်း ကြည့်ရသလောက်တော့ ဒါက ပိုက်ဆံ နည်းနည်းပါးပါးလေးကနေ စဖြစ်တဲ့ ပြဿနာပုံပဲ။ လူကြီးတွေဖြစ်နေပြီပဲ၊ အဲဒီလို မလုပ်သင့်ဘူးလေ။ ကျောင်းသားတွေက ရှင့်တို့ကို ဘယ်လိုထင်သွားကြမလဲ"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ခင်ဗျားပြောတာ လုံးဝမှန်ပါတယ်။ ကျွန်တော်တို့ လောလောဆယ်တော့ ညှိနှိုင်းလို့ အဆင်ပြေသွားပါပြီ၊ ဒါကြောင့် ခင်ဗျား စိတ်ပူစရာ မလိုတော့ပါဘူး"

"ရှင်တို့ဘာသာရှင်တို့ သဘောတူညီမှု ရသွားတဲ့ပုံပါပဲ။ ဟိုလူကတော့ အခုထိ အော်တော့မယ့်ပုံ ပေါက်နေတုန်းပဲ။ ကျွန်မထင်တာ မှားလို့လား"

ဝတ်စုံပြည့် ဝတ်ထားတဲ့ အမျိုးသမီးက ဂျန်ဆူ ရဲ့ အရှေ့မှာ ရပ်လိုက်တယ်။ ပြီးတော့ ဂျန်ဆူ ကို ရွံရှာတဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။ ဂျန်ဆူ ရဲ့ နှုတ်ခမ်းတွေ တွန့်ကွေးသွားပြီး သူမကို ပြန်အော်ဖို့ ပြင်လိုက်ချိန်မှာပဲ သူ့အသက်အရွယ်လောက်ရှိမယ့် လူတစ်ယောက်က သူ့ကို အမြန် ပြန်ဆွဲထားလိုက်တယ်။ ဂျန်ဆူ က သက်ပြင်းချရင်း ပြောလိုက်တယ်။

"ကောင်းပြီလေ၊ ကျွန်တော် တိတ်တိတ်နေပေးမယ်။ ဒါပေမဲ့ ကိုယ်နဲ့ မဆိုင်တိုင်းလည်း အဲဒီလို လာပြောလို့ မရဘူးလေ"

ဂျန်ဆူ က မြေကြီးပေါ်ကို တံတွေးထွေးချလိုက်ပြီး အနောက်ကို လှည့်လိုက်တယ်။ အဲဒီလိုလည်း လုပ်လိုက်ရော အမျိုးသမီးက တိုးတိုးလေး ဟိန်းဟောက်လိုက်တယ်။

"ရှင် ဘာဖြစ်နေတာလဲ။ ဒီမှာ အဲဒီလို လုပ်လို့ရတယ်လို့ ဘယ်သူက ပြောလဲ။ လူတွေက ကောင်းကောင်းမွန်မွန် ပြောနေရင် နားထောင်သင့်တာပေါ့။ ဒီနေရာကို ဘယ်လိုနေရာလို့ ထင်နေလဲ။ ဒီမှာ ရှင့်သဘောအတိုင်း လုပ်လို့ရတယ်လို့ ထင်နေတာလား။ ရှင်က လူမိုက်လား။ ဒါမှမဟုတ် မာဖီးယား ဂိုဏ်းသားလား"

"ခင်ဗျားကရော ဘာကိစ္စ သူများအလုပ်တွေထဲ လာဝင်စွက်ဖက်နေရတာလဲဗျာ"

"ဟယ်... တစ်ဆိတ်လောက်။ ဟယ်လို... ဒါက ကျောင်းလေ။ ရှင့်လိုလူမျိုးတွေ မဖြစ်လာအောင် ကလေးတွေကို သင်ကြားပေးတဲ့နေရာရှင့်။ ဟက်... ကြည့်စမ်း... ရှင့်ကြည့်ရတာ တော်တော် အဓိပ္ပာယ်မရှိတာပဲ"

"ကျွန်တော့်လို လူမျိုး ဟုတ်လား။ ဟေ့... အမျိုးသမီး။ ရှင်းရှင်းလင်းလင်း ပြောကြရအောင်။ ခင်ဗျားလို လူမျိုးတွေကို ပြောတာနေမှာပေါ့"

"ဘာပြောလိုက်တယ်။ ဒီလူက မာဖီးယား ဟုတ်မဟုတ် သေချာရဲ့လား။ ဟယ်လို... ရှင့်ကို ဒီမှာ နေလို့ရတယ်လို့ ဘယ်သူက ပြောလဲ။ ဘယ်သူ့ ခွင့်ပြုချက်နဲ့လဲ"

အမျိုးသမီးက ဒါရိုက်တာလီကို လှမ်းပြောလိုက်တယ်။ ဒါရိုက်တာလီက သူတို့ ဇာတ်လမ်းတွဲ ရိုက်ကူးနေတာပါလို့ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်တယ်။

"အာ... ဇာတ်လမ်းတွဲ ဟုတ်လား။ ဟေ့... ရှင်။ ရှင် ဘယ်မှာ အလုပ်လုပ်တာလဲ။ ရှင့်ကုမ္ပဏီ နာမည် ပြောစမ်း။ ရှင့်လို လူမျိုးတွေနဲ့ တွေ့တဲ့အခါ ငါက ဒီအတိုင်း ငြိမ်နေမယ်လို့ ထင်နေလား။ ရှင့်လို လူမိုက်မျိုးတွေက ဆုံးမဖို့ လိုနေပြီ"

"ကျွန်တော် ဘယ်မှာ အလုပ်လုပ်လဲဆိုတာကို အာဂျီမားကို ဘာလို့ ပြောပြရမှာလဲ"

"ဟက်... အာဂျီမား ဟုတ်လား။ ဟေ့... သူက ဘယ် ရုပ်သံလိုင်းကလဲ။ UBS ဘက်မှာ ငါသိတဲ့ လူတွေ ရှိတယ်နော်"

"သူက ရုပ်သံလိုင်းတစ်ခုခုနဲ့ သက်ဆိုင်တာတော့ မဟုတ်ပါဘူး" ဒါရိုက်တာလီက မျက်နှာသေနဲ့ ပြောလိုက်တယ်။

အဲဒီစကားကို ကြားလိုက်ရတော့ အမျိုးသမီးက နှာခေါင်းရှုံ့လိုက်တယ်။

"ဒါဆို ဘာလဲ၊ သူက အချိန်ပိုင်း အလုပ်သမားလား"

"သူက ကုမ္ပဏီတစ်ခုကပါပဲ၊ ဒါပေမဲ့... အစ်မ။ ကျွန်တော်ပဲ ဒီကိစ္စကို ရှင်းလိုက်ပါ့မယ်။ ဒါကြောင့်... ဟားဟား... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဒီအတိုင်းလေး လွှတ်ထားပေးပါ"

ဒါရိုက်တာလီက ခေါင်းငုံ့လိုက်တယ်။ အလတ်ပိုင်းအရွယ် အမျိုးသမီးက မျက်မှောင်ကြုတ်သွားတယ်။

"ရှင်က ပရိုဂျူဆာလား"

"အယ်... အာ... ဟုတ်ကဲ့၊ ကျွန်တော်က ပရိုဂျူဆာပါ"

"သူတို့လို တစ်မူထူးခြားတဲ့ လူတွေကြောင့် ရှင်လည်း တော်တော်လေး ဒုက္ခရောက်နေရမှာပဲ။ ကျွန်မက ဒီကျောင်းက မိဘများအသင်း ဥက္ကဋ္ဌပါ။ သူ့လိုလူတွေကြောင့် ပြဿနာ တစ်ခုခုဖြစ်လာရင် ကျွန်မကို ပြောပါ။ ကျောင်းအုပ်ကြီးဆီ ချက်ချင်းသွားပြီး စကားပြောပေးမယ်"

"အာ... မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။ ခင်ဗျားလည်း အလုပ်များနေမှာပဲဆိုတော့ ကျွန်တော်တို့အတွက် ခင်ဗျားရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ပေးစရာ မလိုပါဘူး။ ကျွန်တော့်ဘာသာကျွန်တော်ပဲ ရှင်းလိုက်ပါ့မယ်"

"ကြည့်စမ်း။ အခုခေတ်မှာ အသိပညာမဲ့တဲ့ လူတွေ အရမ်းများလာတာပဲ။ ငါ့ကလေးတွေရှေ့မှာ အဲဒီလို အော်ရဲလောက်အောင် သူတို့က ဘယ်လောက်တောင် သတ္တိကောင်းနေရတာလဲ။ ဒီကျောင်းကို ဘာမှတ်နေလဲ။ ဟေ့... အခုချက်ချင်း ငါ့ကို တောင်းပန်စမ်း"

အလတ်ပိုင်းအရွယ် အမျိုးသမီးက ဂျန်ဆူ ကို စူးစူးဝါးဝါး ကြည့်လိုက်တယ်။

ကိုယ့်ထက်သာတဲ့သူ အမြဲရှိတယ်ဆိုတာ ဒါမျိုးကို ပြောတာနေမှာပေါ့။ ဒေါသနဲ့ စိတ်ပျက်မှုတွေကြောင့် မျက်နှာကြီး နီရဲနေတဲ့ ဂျန်ဆူ ကို မာရူး ကြည့်လိုက်တယ်။ တကယ်လို့ သူကသာ ဒီမှာ အဲဒီကျောင်းသားမိဘနဲ့ ရန်ဖြစ်လိုက်မယ်ဆိုရင်တော့ နောက်ပြန်ဆုတ်လို့ မရတဲ့ လမ်းကြောင်းပေါ် ရောက်သွားလိမ့်မယ်။ မာရူးက ဂျန်ဆူ ရဲ့ အနောက်မှာ ရပ်နေတဲ့ ဝူဂျူး ကို လှမ်းကြည့်လိုက်ပြီး ဂျန်ဆူ ကို ဆွဲထားဖို့ အချက်ပြလိုက်တယ်။ ဒါပေမဲ့ သူကိုယ်တိုင်လည်း ဒေါသထွက်နေတာမို့ မာရူးရဲ့ အချက်ပြမှုကို လျစ်လျူရှုထားလိုက်တယ်။

ဂျန်ဆူ ရဲ့ နှုတ်ခမ်းတွေ တွန့်ကွေးသွားတယ်။ မာရူးက သူ့မျက်ခုံးကို ကုတ်လိုက်မိတယ်။ ဒီမှာတော့ အကြီးအကျယ် ရန်ဖြစ်ကြတော့မယ့်ပုံပဲ။

သူ ကြားဝင်ပြီး ကလေးလိမ္မာလေးအဖြစ် သရုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ မာရူးက ဂျန်ဆူ ရဲ့ အရှေ့မှာ ချက်ချင်း ဝင်ရပ်လိုက်တယ်။ ဂျန်ဆူ က သူ့ကိုပါ မျက်စောင်းထိုး ကြည့်လာတဲ့အခါ သူက ပြန်ပြုံးပြလိုက်တယ်။

"ဘာဖြစ်လို့လဲ"

ကျောင်းသားတွေ အကြောင်းကို အကြောင်းပြပြီး မာရူးက ဒီအခြေအနေကို အဆုံးသတ်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ၊

"ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ"

အဝေးကနေ လူတစ်ယောက် လျှောက်လာပြီး သူတို့ကို လှမ်းမေးလိုက်တယ်။ သူက အသက် ၅၀ အစပိုင်းလောက်ရှိမယ့် လူတစ်ယောက်ပါ။ သူက မာရူး တော်တော်လေး ရင်းနှီးတဲ့ လူတစ်ယောက်လည်း ဖြစ်နေတယ်။

"အိုး... ခင်ဗျားကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး"

"မှန်တာပေါ့။ မတွေ့ရတာ တော်တော်ကြာပြီပဲ။ ခင်ဗျားရဲ့ သတင်းတွေကို ဂျွန်မင်း ဆီကနေ တစ်ခါတလေ ကြားနေရပါတယ်"

အဲဒီလူက အနားကို ချဉ်းကပ်လာပြီး လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်တယ်။ မာရူးကလည်း ပြန်ပြုံးပြရင်း အဲဒီလက်ကို ဆွဲနှုတ်ဆက်လိုက်တယ်။

* * * * * * * * *

All Chapters