အခန်း ၃၀၄
Vol. 31 Ch. 304
အခန်း(၃၀၄)
"မင်း JA ကို ဝင်သွားတယ်လို့တော့ ကြားမိသားပဲ"
"ဟုတ်တယ်ဗျ။ တကယ်ပဲ ဝင်ဖြစ်သွားတယ်"
မာရူးက သူ့ရှေ့မှာရှိနေတဲ့ လူလတ်ပိုင်းအရွယ် ရှေ့နေပတ်ကို လှမ်းကြည့်လိုက်တယ်။ ကျောင်းကိစ္စနဲ့ သူတို့ အရင်တစ်ခေါက် တွေ့ခဲ့တုန်းကထက်စာရင် ရှေ့နေပတ်က တော်တော်လေး ပိန်သွားသလိုပဲ။
"ပြဿနာ တစ်ခုခုများ ရှိနေလို့လား"
ရှေ့နေပတ်က လူလတ်ပိုင်းအရွယ် အမျိုးသမီးကို မေးလိုက်တယ်။ အဲဒီအမျိုးသမီးက မာရူးနဲ့ ရှေ့နေပတ်ကို တစ်လှည့်စီ ကြည့်လိုက်ပြီးနောက်မှာတော့ ကျက်သရေရှိရှိ ပြုံးပြလာတယ်။
"ရှေ့နေကြီး စိတ်ပူစရာ ဘာမှမရှိပါဘူးရှင်။ နားလည်မှုလွဲပြီး နည်းနည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားရုံပါ။ စိတ်အနှောင့်အယှက် ဖြစ်သွားရရင် တောင်းပန်ပါတယ်နော်"
"ဒါက ဘယ်လိုလုပ် နားလည်မှုလွဲတာ ဖြစ်နိုင်မှာလဲ" လို့ ဘေးကနေ နားထောင်နေတဲ့ မစ္စတာကင်က အမျိုးသမီးကို စူးစူးရဲရဲ ကြည့်ရင်း ဝင်ပြောတယ်။ မစ္စတာကင်ကို ရင်ဆိုင်ရတဲ့အခါ အမျိုးသမီးက ဒေါသထွက်မသွားဘဲ အရင်ကနဲ့မတူ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောတယ်။
"တောင်းပန်ပါတယ်။ အခု ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်။ ကျွန်မရဲ့ သည်းခံနိုင်စွမ်းမှာလည်း အတိုင်းအတာတစ်ခုပဲ ရှိတယ်ဆိုတာ မှတ်ထားပေးပါ"
အမျိုးသမီးက မစ္စတာကင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ကျောင်းသားတွေနဲ့ မိဘတွေ ရပ်နေတဲ့နေရာဘက်ကို ထွက်သွားတယ်။ တစ်ဖက်သတ် အပြစ်တင်ခံလိုက်ရတဲ့ မစ္စတာကင်က ဒေါသတကြီးနဲ့ ပြန်အော်ဖို့ လုပ်ပေမယ့် ဘေးနားကလူတွေက သူ့ကို လှမ်းဆွဲထားကြတယ်။ မစ္စတာကင်ကလည်း ပြဿနာကြီးကြီးကျယ်ကျယ် ဖြစ်ချင်တဲ့ ရည်ရွယ်ချက် မရှိပုံရတာကြောင့် ဒေါသတကြီးနဲ့ ခေါင်းလွှဲသွားပြီး သူမကို လျစ်လျူရှုထားလိုက်တယ်။
"အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။ ကဲ... ဒါဆို အားလုံးပဲ အထဲကို ပြန်ဝင်ကြရအောင်" လို့ ဒါရိုက်တာလီက အခွင့်ကောင်းယူပြီး ဝင်ပြောလိုက်တယ်။
ရုပ်သံလိုင်းက ဝန်ထမ်းတွေက ထမင်းစားဆောင်ထဲကို အရင် ပြန်ဝင်သွားကြတယ်။ ဒါရိုက်တာလီက မစ္စတာကင်ရဲ့ လက်မောင်းကိုဆွဲပြီး အထဲပြန်ဝင်ဖို့ တောင်းပန်တိုးလျှိုးနေတယ်။ အဲဒီလိုလုပ်လိုက်တော့ တခြားလူတွေလည်း စတင် လျှောက်လှမ်းသွားကြတယ်။
"ရှေ့နေပတ်... ကျွန်မတို့ သွားတော့မလို့"
အမျိုးသမီးက ပြုံးပြရင်း ထမင်းစားဆောင်နောက်ဘက်ကို သွားတဲ့လမ်းကို လက်ညှိုးထိုးပြတယ်။ အဲဒီမှာ တောင်ကုန်းဆီ သွားတဲ့ လမ်းကလေးတစ်ခု ရှိနေတာကိုး။ ကျောင်းသားတွေကတော့ ပင်မအဆောက်အအုံဆီကို ပြန်သွားနေကြပြီ။ မိဘတွေ သီးသန့် ဖြေရှင်းရမယ့် ကိစ္စတစ်ခုခု ရှိနေပုံရတယ်။
"သွားနှင့်ကြပါ။ ကျွန်တော် နောက်ကနေ လိုက်ခဲ့ပါ့မယ်"
"ရှင်... ဘာကို..."
အမျိုးသမီးက နည်းနည်းလေး ပြာယာခတ်သွားပြီး သူ့ရဲ့ မျက်နှာအမူအရာကို အကဲခတ်လိုက်တယ်။ သူ့နောက်မှာ ရပ်နေတဲ့ တခြားမိဘတွေကလည်း အနေခက်တဲ့ မျက်နှာထားတွေ ဖြစ်သွားကြတယ်။
"ရှေ့နေကြီး တကယ် လိုက်စရာ မလိုဘူးလား"
"ကျွန်တော့်ကို နည်းနည်းလောက် သနားကျပါဦးဗျာ။ မနက်ကတည်းက သူတို့က ကျွန်တော့်ကို ဟိုဆွဲဒီဆွဲ လုပ်နေကြတာဆိုတော့ ခေါင်းတောင် ကိုက်လာချင်ပြီ"
"သူတို့ကတော့ ကျွန်တော့်ကို လှမ်းကြည့်နေကြတယ်နော်"
ရှေ့နေပတ်က ဆက်သွားမယ့် အရိပ်အယောင်မပြတဲ့အခါ အဲဒီအမျိုးသမီးက အထဲမှာပဲ စောင့်နေမယ်လို့ သူ့ကို ပြောပြီးနောက် ထမင်းစားဆောင်ထဲကို ဝင်သွားတယ်။ မိဘတွေကတော့ မှန်တံခါးအနောက်ကနေ မာရူးနဲ့ ရှေ့နေပတ်ကို လှမ်းကြည့်နေကြတယ်။
"အမ်း... ခင်ဗျား သူတို့ကို အကြွေးများ တင်နေလို့လား။ သူတို့ပုံစံက တော်တော်လေး ဂနာမငြိမ် ဖြစ်နေကြတယ်"
"ငွေကြေးကိစ္စ မဟုတ်ပါဘူးကွာ။ ပတ်သက်မှုတွေကြောင့်ပါ"
"ပတ်သက်မှုဆိုတာ ဘာကိုပြောတာလဲ"
"ငါက ကျောင်းရဲ့ ဒါရိုက်တာချုပ်နဲ့ နည်းနည်းပါးပါး ရင်းနှီးတယ်လေ။ အခု တောင်ကုန်းရှေ့က မြေလွတ်မှာ အဆောက်အအုံသစ် တစ်လုံးဆောက်ဖို့ သူတို့ ဆွေးနွေးနေကြပြီး အဲဒီကိစ္စအတွက် ငါ့ကို ကူညီပေးစေချင်နေကြတာ"
"မိဘဆရာအသင်းက အဲဒီလိုမျိုးတွေပါ လုပ်တာလား"
"သူတို့အကုန်လုံးက အာဏာ တစ်ခုမဟုတ် တစ်ခု ရှိနေကြတဲ့လူတွေလေ။ အဲဒါကြောင့်ပဲ တော်တော်လေး ခေါင်းကိုက်ရတာ။ ငါက ကျောင်းပိတ်ရက်အတွင်း ငါ့သမီးရဲ့ကျောင်း အခြေအနေ ဘယ်လိုရှိလဲဆိုတာ လာကြည့်တာ။ အခုတော့ မလာခဲ့မိရင် ကောင်းမယ်လို့တောင် တွေးနေမိပြီ"
ရှေ့နေပတ်က ထမင်းစားဆောင်ဘက်ကို လှမ်းကြည့်လိုက်ရင်း သက်ပြင်းချလိုက်တယ်။
"တော်တော်လေး ပင်ပန်းရမယ့် ပုံပဲနော်"
"ငါ ဒါကို အမြန်ရှင်းပြီး အိမ်ပြန်နားတော့မယ်။ ဒါထက် စောစောကကိစ္စက ဘာလဲ။ တော်တော်လေး ပြဿနာကြီးမယ့် ပုံပဲ"
"လုပ်အားခကိစ္စတွေကြောင့် ပြဿနာ နည်းနည်း တက်သွားတာပါ"
"အာ... လောကကြီးမှာ ရှိသမျှ အရာအားလုံးက ငွေကြေးပြဿနာချည်းပါပဲလား"
မာရူးက ရှေ့နေပတ်ကို ခဏလောက် စိုက်ကြည့်နေမိတယ်။ ပင်မအဆောက်အအုံကို လှမ်းကြည့်ရင်း နက်ကတိုင်ကို လျှော့ချနေတဲ့ ဒီလူက အကူအညီတောင်းဖို့ အသင့်တော်ဆုံးလူပဲလေ။ ဥပဒေရေးရာကိစ္စတစ်ခုအတွက် ရှေ့နေတစ်ယောက်ဆီမှာ အကြံဉာဏ်တောင်းတာထက် ပိုကောင်းတဲ့ နည်းလမ်း ဘယ်မှာ ရှိတော့မှာလဲ။
"မင်း ငါ့ကို တစ်ခုခု ပြောစရာရှိနေပုံရတယ်" လို့ ရှေ့နေပတ်က မေးလိုက်တယ်။
မာရူးက ခဏလောက် စဉ်းစားလိုက်ပြီးနောက် ခေါင်းခါပြလိုက်တယ်။
"ဘာမှမဟုတ်ပါဘူးဗျာ"
အခုချိန်မှာ သူတို့ စကားပြောနေကြတယ်ဆိုပေမယ့် သေချာပြောရရင် မာရူးက သူ့ကို အကူအညီတောင်းနိုင်လောက်တဲ့အထိ ရင်းနှီးမှု မရှိသေးဘူးလေ။ ဂျွန်မင်းကြောင့်သာမဟုတ်ရင် ဒီလူကို သူ ဘယ်တော့မှ သိခွင့်ရခဲ့မှာ မဟုတ်ဘူး။ သူများတစ်ယောက်ကို ကိုယ့်အတွက် တစ်ခုခု လုပ်ပေးဖို့ တောင်းဆိုတာက မျက်နှာပြောင်တိုက်လွန်းရာ ကျနေလိမ့်မယ်။ ဒါ့အပြင် ရှေ့နေအလုပ်ဆိုတာ ဒီလူရဲ့ အသက်မွေးဝမ်းကျောင်းလေ။ သူက အလုပ်လုပ်ပေးတဲ့အတွက် အခကြေးငွေ ရတာကိုး။ ထိုက်တန်တဲ့ အဖိုးအခ မပါဘဲ သူ့ရဲ့ ကျွမ်းကျင်မှုကို အလကားရယူတာက ခြိမ်းခြောက်ငွေညှစ်တာနဲ့ ဘာမှမကွာဘူးလို့ တွေးမိတာကြောင့် မာရူးက မပြောတော့ဖို့ ဆုံးဖြတ်လိုက်တယ်။
"ငါတို့ အရင်တစ်ခေါက် တွေ့တုန်းကတည်းက သတိထားမိတာ။ မင်းမှာ တွေးစရာတွေ အများကြီး ရှိနေတဲ့ပုံပဲ"
"ကျွန်တော်က အရည်အချင်း လိုအပ်ချက်တွေ ရှိနေလို့ တခြားနေရာတွေကနေ အစားထိုးဖြည့်ဆည်းနေရတာပါ"
"ဂျွန်မင်းက အရည်အချင်းမရှိတဲ့သူ တစ်ယောက်ကို အလုပ်ခန့်စရာ အကြောင်းမရှိပါဘူး။ ဒါထက် မင်းက ငါ့အတွက် အားနာနေတာဆိုရင်တော့ ဒီနေ့အတွက်တော့ အဲဒီလိုမျိုး လုပ်စရာမလိုဘူးလို့ ပြောချင်တယ်။ ငါ အခု အားလပ်ရက် ယူထားတာလေ။ တကယ်လို့ ရှေ့နေတစ်ယောက်အနေနဲ့ ငါက အကြံဉာဏ်ပေးမယ်ဆိုရင် သတင်းအချက်အလက် မပေါက်ကြားစေရေး သဘောတူညီချက်တွေလိုမျိုး ရှုပ်ယှက်ခတ်နေတဲ့ ကိစ္စတွေ လုပ်ရလိမ့်မယ်။ ဒါပေမဲ့ သာမန်အရပ်သား တစ်ယောက်အနေနဲ့ရော၊ ငါ့သူငယ်ချင်းရဲ့ သိကျွမ်းသူတစ်ယောက်အနေနဲ့ပါ မင်းကို ငါ အကြံပေးလို့ ရပါတယ်။ အဲဒီအစား မင်းကိုလည်း ငါ အကူအညီတစ်ခု ပြန်တောင်းစရာ ရှိတယ်"
"အဲဒီလူတွေဆီကနေ ထွက်ပြေးဖို့ ကျွန်တော့်ကို ကူညီခိုင်းချင်လို့လား" လို့ မာရူးက အနောက်ဘက်ကို လှမ်းကြည့်ရင်း မေးလိုက်တယ်။
"ထွက်ပြေးတယ်ဆိုတာကြီးက နားထောင်လို့ သိပ်မကောင်းဘူးလေ။ အဲဒီတော့ နည်းဗျူဟာအရ ဆုတ်ခွာတယ်လို့ပဲ နာမည်တပ်လိုက်ရအောင်။ ဟိုအမျိုးသမီးက တော်တော်လေး ရိုင်းစိုင်းလွန်းလို့ သူ့အနားမှာ ငါ ဆက်မနေနိုင်တော့ဘူး"
ရှေ့နေပတ်က လန်းဆန်းတဲ့ အပြုံးတစ်ခုကို ပြုံးပြလိုက်တယ်။ ကျောင်းမှာဖြစ်ခဲ့တဲ့ ကိစ္စကြောင့် အရင်တစ်ခေါက် တွေ့တုန်းကတည်းက ဒီလူက တော်တော်လေး ပေါ့ပေါ့ပါးပါး နေတတ်မှန်း မာရူး သတိထားမိခဲ့တယ်။ ဥပဒေရေးရာကိစ္စတွေ တိုင်ပင်တဲ့အခါမှာတော့ သူက လေးလံတဲ့ ဖိအားတစ်ခုကို ပေးစွမ်းနိုင်ပေမယ့် အဲဒီအပြင်ဘက်မှာတော့ လုံးဝ တခြားလူတစ်ယောက်လို ရယ်မော နောက်ပြောင်တတ်ပြန်တယ်။ ဒီလို တင်းမာတဲ့ လေထုကလည်း သူ့အတွက် အလုပ်လုပ်တဲ့ ပုံစံတစ်မျိုး ဖြစ်နေပုံရတယ်။
ရှေ့နေပတ်က သူ့ကို ခဏစောင့်ဖို့ ပြောပြီး ထမင်းစားဆောင်ဘက်ကို လျှောက်သွားတယ်။ မကြာခင်မှာပဲ သူ ပြန်ထွက်လာခဲ့တယ်။ တခြားမိဘတွေကတော့ စိတ်ပျက်နေတဲ့ အမူအရာတွေနဲ့ သူ့နောက်ကနေ လိုက်လာကြပြီး ထမင်းစားဆောင် နောက်ဘက်က တောင်ကုန်းပေါ်ကို တက်သွားကြတယ်။
"သူတို့ကို ဘာတွေပြောခဲ့တာလဲ"
"မင်းက ကြီးလေးတဲ့ ပြဿနာတစ်ခုကြောင့် ဥပဒေရေးရာ အကြံဉာဏ်တွေ အလောတကြီး လိုအပ်နေတဲ့ ကလေးတစ်ယောက်မို့လို့ ငါ မင်းကို လျစ်လျူရှုမထားနိုင်ဘူးလို့ သူတို့ကို ပြောလိုက်တာလေ။ ဒီနေ့အတွက်တော့ ဒါပဲလို့လည်း ပြောခဲ့တယ်။ ဒါက ရှေ့နေတစ်ယောက် ဖြစ်ရခြင်းရဲ့ အားသာချက် တစ်ခုပဲ။ ဘာပဲပြောပြော လေးနက်နေတဲ့ ပုံပေါက်တယ်လေ။ ဥပဒေရေးရာ ကိစ္စလို့ ခေါင်းစဉ်တပ်လိုက်တာနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စမှန်သမျှကို ဖြတ်တောက်လိုက်လို့ ရတယ်"
ရှေ့နေပတ်က အပေါ်ဝတ်စုံကို ချွတ်လိုက်ရင်း ပြောတယ်။
"ကဲ... ပြောစရာရှိတာ ပြောတော့လေ"
သူတို့နှစ်ယောက် ထမင်းစားဆောင်ဘေးက စက်ထဲကနေ ကော်ဖီဝယ်သောက်ရင်း ဝန်ထမ်းတွေကြားမှာ ဖြစ်ခဲ့တဲ့ကိစ္စကို ပြောဖြစ်ကြတယ်။ စကားတစ်ခွန်းမှ မဝင်စွက်ဘဲ နားထောင်နေတဲ့ ရှေ့နေပတ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်တယ်။
"ဒါက ဖြစ်ရိုးဖြစ်စဉ်ပါပဲ"
"ဖြစ်ရိုးဖြစ်စဉ် ဟုတ်လား"
"ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က တစ်ခါတုန်းက ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်တဲ့ တရားမမှုတစ်ခုကို ကိုင်တွယ်ခဲ့ဖူးပြီး ငါက သူ့ကို တစ်ခါတလေ ကူညီပေးခဲ့ဖူးတယ်။ အဲဒီတုန်းကမှ ဒါကို ငါ သိခဲ့ရတာ။ ရုပ်သံလိုင်းရဲ့ ဇာတ်လမ်းထုတ်လုပ်ရေး အပိုင်းက ဘယ်လို ဖွဲ့စည်းထားလဲဆိုတာ မင်း သိလား"
"နည်းနည်းတော့ ကြားဖူးတယ်။ ရုပ်သံလိုင်းတွေက ကန်ထရိုက်ချပေးလိုက်ပြီး ကန်ထရိုက်ရတဲ့ ကုမ္ပဏီက ဇာတ်လမ်းတွဲကို ရိုက်ကူးထုတ်လုပ်တယ်ဆိုတာလောက်ပဲ"
"ဟုတ်တယ်။ အဲဒါ အတိအကျပဲ။ အဲဒီလိုစနစ်မျိုး မပေါ်ခင်တုန်းကတော့ ရုပ်သံလိုင်းတွေက သူတို့ဘာသာ သူတို့ ရိုက်ကူးထုတ်လုပ်ခဲ့ကြတာ။ ဒါပေမဲ့ ၁၉၉၁ ခုနှစ်ကစပြီး ဇာတ်လမ်းရိုက်ကူးထုတ်လုပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းကို တခြားကုမ္ပဏီတွေဆီ မဖြစ်မနေ အပ်နှံဖို့ အစိုးရက အမိန့်ထုတ်ခဲ့တယ်။ ဘာကြောင့်လို့ မင်းထင်လဲ"
မာရူးက မျက်ခုံးကို ကုတ်လိုက်တယ်။ နိုင်ငံပိုင် ရုပ်သံလိုင်း သုံးခု၊ ကိုယ်ပိုင် ဇာတ်လမ်းထုတ်လုပ်မှု။ ဧရာမ ငွေကြေးအရင်းအနှီးတွေ။ ဒီအချက် သုံးချက်တည်းနဲ့တင် ခန့်မှန်းရ တော်တော်လေး လွယ်ကူနေပြီလေ။
"အကြီးမားဆုံး အကြောင်းရင်းက တစ်ဦးတည်း မူပိုင်ချုပ်ကိုင်ထားတာကို ကာကွယ်ချင်လို့ပဲ နေမှာပေါ့။ နိုင်ငံပိုင် ရုပ်သံလိုင်း သုံးခုကသာ အရာအားလုံးကို ချုပ်ကိုင်ထားမယ်ဆိုရင် ရုပ်သံမီဒီယာဈေးကွက်က ကြီးထွားလာစရာ အကြောင်းမရှိဘူးလေ။ ကန်ထရိုက်ကုမ္ပဏီတွေကို သုံးမယ်ဆိုရင် ထုတ်လုပ်မှုစရိတ် ကျဆင်းသွားမယ့်အပြင် ဈေးကွက်သဘောတရားအရ အရည်အသွေးလည်း ပိုကောင်းလာမှာပဲ။ အာ... လူတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်တဲ့ အကျိုးကျေးဇူးလည်း ရှိသေးတာပေါ့။ နိုင်ငံပိုင် ရုပ်သံလိုင်း သုံးခုတည်းက အရာအားလုံးကို လုပ်နေတာထက်စာရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမှာကိုး"
"... မင်း ငါ့ကို စာရွက်စာတမ်းတွေ စီဖို့ လာကူပေးချင်လား။ ငါ့ကုမ္ပဏီက အလုပ်သင် အများစုထက် မင်းက ပိုတော်မယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် မင်းပြောတဲ့အတိုင်းပဲ။ အစိုးရက ရိုက်ကူးရေးကို အပြင်အပ်ဖို့ ညွှန်ကြားလိုက်ကတည်းက ရုပ်သံလိုင်းတွေလည်း သဘောတူလက်ခံပြီး သူတို့ရဲ့ ဇာတ်လမ်းရိုက်ကူးရေးတွေကို ဝမ်းသာအားရ အပြင်ကုမ္ပဏီတွေဆီ အပ်နှံခဲ့ကြတာပဲ။ တကယ်တော့ ဒါက ရုပ်သံလိုင်းတွေအတွက်လည်း ပိုပြီး သက်သာတာကိုး။ တာဝန်ယူရမှုတွေ လျော့ကျသွားပေမယ့် အာဏာကိုတော့ သူတို့ ဆက်ပြီး ချုပ်ကိုင်ထားနိုင်တုန်းပဲလေ"
"တာဝန်ယူရမှုတွေ လျော့ကျသွားတယ် ဟုတ်လား"
"ဒီလိုလုပ်။ ဇာတ်လမ်းတွဲ တစ်ခု ရိုက်ကူးတော့မယ်လို့ သဘောထားလိုက်။ ဇာတ်လမ်းထုတ်လုပ်ရေး ကုမ္ပဏီ အများအပြားက အဲဒီနေရာကို ရဖို့ ယှဉ်ပြိုင်တဲ့အနေနဲ့ ဇာတ်ညွှန်းတွေကို သူတို့ဆီ ယူလာကြလိမ့်မယ်။ အဲဒီအခါ ရုပ်သံလိုင်းတွေက ဇာတ်ညွှန်းတွေကို ဖတ်ကြည့်ကြတယ်။ ဒါပေမဲ့ အဲဒီထက် ပိုအရေးကြီးတာက ထုတ်လုပ်ရေး ဘတ်ဂျက်ပဲ။ ဒီတော့ ဒီလိုဖြစ်လာတယ်။ ကုမ္ပဏီ A က တစ်ပိုင်းကို ဝမ်သန်း ၃၀ တောင်းပြီး နာမည်ကြီး သရုပ်ဆောင် နှစ်ယောက် ပါဝင်တယ်။ ကုမ္ပဏီ B ကလည်း တစ်ပိုင်းကို ဝမ်သန်း ၃၀ တောင်းပေမယ့် နာမည်ကြီး သရုပ်ဆောင် တစ်ယောက်ပဲ ပါဝင်တယ်။ အဲဒီအခါ ဘာဖြစ်မလဲ။ သေချာပေါက် ကုမ္ပဏီ A ကိုပဲ ရွေးမှာပေါ့။ သရုပ်ဆောင်တွေရဲ့ တန်ကြေးက ဘာလို့ သိသိသာသာ မြင့်တက်လာရလဲဆိုတာ မင်း သဘောပေါက်ပြီလား"
"တခြားကန်ထရိုက်ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် အဲဒီနာမည်ကြီး သရုပ်ဆောင်တွေကို သူတို့ လိုအပ်တာကြောင့်လေ။ အဲဒီတော့ သူတို့က သရုပ်ဆောင်တွေအတွက်ပါ အပြိုင်အဆိုင် ဖြစ်လာကြပြီး သရုပ်ဆောင်တွေရဲ့ တန်ကြေးကို မြင့်တက်လာစေတာပေါ့"
"ဟုတ်တယ်။ အဲဒါက ကန်ထရိုက်ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ဇာတ်လမ်းတွဲတွေမှာ နာမည်ကြီး သရုပ်ဆောင်တွေကို တတ်နိုင်သလောက် အများကြီး ထည့်ရိုက်ဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပဲ။ အဲဒါကလည်း ပြဿနာတစ်ခုဆိုပေမယ့် ပိုကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေသေးတယ်။ ရုပ်သံလိုင်းတွေက ဘယ်လို တာဝန်ကင်းလွတ်သွားလဲဆိုတာ ငါ မင်းကို ပြောခဲ့တယ်မလား။ ငါ တကယ်ပြောတာ။ ရုပ်သံလိုင်းတွေက ကန်ထရိုက်ကုမ္ပဏီတွေကို ဘတ်ဂျက်ချပေးလိုက်ရုံပဲ၊ အဲဒီနောက်ပိုင်း ဖြစ်လာတဲ့ ပြဿနာ ဘာတစ်ခုကိုမှ သူတို့ ဝင်မဖြေရှင်းပေးတော့ဘူး။ ဘာလို့လဲဆိုတော့ ကန်ထရိုက်ကုမ္ပဏီမှာ ရိုက်ကူးရေး ဘတ်ဂျက် ရှိနေပြီဖြစ်လို့ပဲ။ ကန်ထရိုက်ကုမ္ပဏီတွေနဲ့ သူတို့ ငှားရမ်းထားတဲ့ လူတွေကြားမှာ ဖြစ်တဲ့ပြဿနာက အခြေခံအားဖြင့် ရုပ်သံလိုင်းရဲ့ ပြဿနာပဲ။ ဒါပေမဲ့ သူတို့က 'ရိုက်ကူးရေး ဘတ်ဂျက် အပြည့်အဝ ပေးပြီးပြီ' ဆိုတဲ့ ဆင်ခြေနဲ့ တာဝန်ယူမှုအားလုံးကို ရှောင်လွှဲနေကြတယ်။ နောက်ဆုံးတော့ အင်အားကြီးတဲ့သူက အပေါ်ကနေ ထိုင်ကြည့်နေပြီး အောက်ခြေက အားနည်းတဲ့သူ နှစ်ယောက်က အချင်းချင်း ချနေကြတာပဲ။ ဒီနိုင်ငံရဲ့ ပြဿနာက အမြဲတမ်း အထက်အောက် အနိုင်ကျင့်မှုတွေကြောင့် မဟုတ်ဘဲ အဆင့်တူ အချင်းချင်းကြားက အနိုင်ကျင့်မှုတွေကြောင့်ပဲ"
ရှေ့နေပတ်က ရွံရှာစရာကောင်းတဲ့ အပြုံးတစ်ခုကို ပြုံးလိုက်ရင်း ဆက်ပြောတယ်။
"နောက်တစ်ချက် ရှိသေးတယ်။ ကန်ထရိုက်ကုမ္ပဏီတွေက နာမည်ကြီး သရုပ်ဆောင်တွေကို ငှားနိုင်ဖို့ အချင်းချင်း အပြိုင်အဆိုင် ဖြစ်နေကြပေမယ့် ကြည့်လေ... ဘတ်ဂျက်ကတော့ အပြောင်းအလဲမှ မရှိတာ။ သူတို့ရထားတဲ့ သန်း ၃၀ ထဲကနေ နာမည်ကြီး သရုပ်ဆောင်ကို ပေးလိုက်ရရင် သူတို့မှာ ဘာမှ မကျန်တော့ဘူး။ အဲဒီတော့ အလွယ်တကူ လျှော့ချလို့ရတဲ့ အသုံးစရိတ်က ဘာဖြစ်မယ်လို့ မင်း ထင်လဲ"
"လုပ်အားခတွေလေ"
"မှန်တာပေါ့။ သူတို့က အဲဒီငွေကို လျှော့ချပစ်လိုက်ကြတာ။ မဟုတ်ဘူး... သူတို့က လုံးဝကို အချိန်ဆွဲပစ်လိုက်တာ။ 'အချိန်ဆွဲတာ' က ရာဇဝတ်မှု မဟုတ်ဘူးလေ။ အဲဒီလိုနဲ့ သူတို့က ဇာတ်လမ်းကို အရင်ထုတ်လွှင့်လိုက်ပြီး ကြော်ငြာတွေ၊ ဘာတွေကနေတစ်ဆင့် ရလာတဲ့ ဝင်ငွေနဲ့ သူတို့ ဆုံးရှုံးသွားတာတွေကို ပြန်ဖြည့်ကြတယ်။ အဲဒီကျမှပဲ လုပ်အားခကို ရှင်းပေးနိုင်တော့တာ"
"တကယ်လို့ အမြတ်မရဘူးဆိုရင်ရော"
"အဲဒီကျရင် သူတို့ ဘာလုပ်မယ်လို့ မင်း ထင်လဲ"
သူတို့ ဘာလုပ်နိုင်မှာလဲ။ ပေးစရာ ပိုက်ဆံမှ မရှိတာ။ မဟုတ်ဘူး... သူတို့က ပေးချင်မှာတောင် မဟုတ်ဘူး။ အိတ်ထဲမှာ ပိုက်ဆံရှိနေရင် ဒီကိစ္စအတွက် ဥပဒေရေးရာ တာဝန်ယူမှုတွေကနေ ဘယ်လို ရှောင်လွှဲကြမလဲ။
"တကယ်လို့ သူတို့ ဒေဝါလီခံပြီး ကုမ္ပဏီအသစ်တစ်ခု ထောင်လိုက်ရင်ရော..."
"ငါ့ရှေ့မှာ အလားအလာရှိတဲ့ လိမ်လည်သူ တစ်ယောက်ကို တွေ့နေရပါလား။ တကယ်လို့ တရားဝင် ကုမ္ပဏီတစ်ခုက ဒေဝါလီခံသွားပြီလို့ ဆုံးဖြတ်ခံရရင် အစိုးရက အကြွေးတွေကို ပမာဏ တစ်ခုအထိ သူတို့အစား ဝင်ရှင်းပေးရတယ်။ အဲဒီတော့ သူတို့က လောလောဆယ် ဒီနည်းနဲ့ ဖြေရှင်းလိုက်ကြတာ။ အဲဒီနောက်တော့ သူတို့ နာမည်နဲ့ မဟုတ်ဘဲ ကုမ္ပဏီအသစ်တစ်ခုကို ထပ်ထောင်ကြလိမ့်မယ်။ ဒါပေမဲ့ အာဏာကိုတော့ သူတို့ပဲ ဆက်ကိုင်တွယ်ထားမှာပဲ။ အရင်တုန်းက ငါ ကူညီပေးခဲ့ဖူးတဲ့ ကိစ္စကလည်း အဲဒီလိုမျိုးပဲ။ ဥပဒေဆိုတာ တရားမျှတသူတွေကို ကူညီဖို့ ရှိနေတာ မဟုတ်ဘဲ ဥပဒေသိတဲ့လူတွေ စိတ်ကြိုက်သုံးဖို့ ရှိနေတာမို့လို့ သတိထားနေတဲ့ကြားကနေ အလိမ်ခံရတဲ့လူတွေ အများကြီးပဲ"
"အဲဒါက တကယ်ရော အဆင်ပြေရဲ့လား"
"ဥပဒေအရပြောရရင် ဘာပြဿနာမှ မရှိဘူး"
"အဲဒါ ကောင်းတာပေါ့။ ဥပဒေကို ပြောတာပါ"
"ဟုတ်တာပေါ့"
"ဒါဆိုရင် ကျွန်တော်က ဘာလုပ်လို့ရမလဲ။ သူတို့က ကျွန်တော်တို့ကို ပိုက်ဆံပေးချင်တဲ့ပုံ မပေါ်ဘူး။ ပြီးတော့ တကယ်လို့ ကျွန်တော်တို့ သပိတ်မှောက်လိုက်မယ်ဆိုရင်လည်း ပရိုဂျူဆာက သူ ပြောခဲ့တဲ့အတိုင်း တခြားလူတွေကို ငှားလိုက်မှာပဲ"
"ဥပဒေက သိတဲ့လူတွေ စိတ်ကြိုက်အသုံးချဖို့ ရှိနေတာလို့ ငါ မင်းကို ပြောခဲ့တယ်မလား။ ဝန်ထမ်းတွေအတွက် မပေးရသေးတဲ့ လုပ်အားခက သိပ်များများစားစား ရှိမှာမဟုတ်ဘူး။ တကယ်လို့ ဝမ်သန်း ၂၀ အောက်ဆိုရင် သူတို့ကို တရားစွဲလို့ ရတယ်။ အမှုသေးတရားမမှု အနေနဲ့ပေါ့။ ဒီမှာ အရေးကြီးတာက မင်း တရားရုံးသွားစရာ မလိုတာပဲ။ တရားစွဲဆိုတဲ့သူ ကိုယ်စား မိသားစုဝင် တစ်ယောက်ယောက်က ဝင်လုပ်ပေးလို့ ရတယ်။ ဒါက သာမန်ပြည်သူတွေအတွက် တကယ်ကို ထည့်သွင်းစဉ်းစားပေးတဲ့ လူတွေက ဖန်တီးထားတဲ့ စနစ်တစ်ခုပဲ။ ပြီးတော့ တစ်ယောက်တည်း မလုပ်ဘဲ အဖွဲ့လိုက် လုပ်ကြ။ ငွေပေးချေဖို့ အမိန့်ချဖို့က အချိန်အတော်ကြာလိမ့်မယ်"
ရှေ့နေပတ်က ကော်ဖီကို သောက်လိုက်တယ်။ ပြီးတော့ ကော်ဖီခွက် အလွတ်ကို ချေမွပြီး သူ့ဘေးက အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။
"ဒါက လူကြီးတစ်ယောက်အနေနဲ့ ငါ မင်းကို ပေးနိုင်တဲ့ အကြံဉာဏ်ပဲ။ အဖိုးအခအနေနဲ့ ဒီကော်ဖီကိုပဲ ယူလိုက်မယ်"
"ကျေးဇူးတင်ပါတယ်။ အဲဒီကိစ္စကို သူတို့နဲ့ သွားပြောလိုက်ပါ့မယ်"
"မြန်မြန်လုပ်ဖို့ သူတို့ကို ပြောလိုက်။ တကယ်တမ်း ငွေရဖို့က နှစ်လလောက်အထိ ကြာနိုင်တယ်။ အစပိုင်းပဲ ရှိသေးတယ်ဆိုတော့ သူတို့ဆီမှာ ဘတ်ဂျက် အနည်းအကျဉ်း ကျန်လောက်သေးတယ်။ ဘဏ္ဍာရေးကိစ္စတွေကို ထည့်တွက်ကြည့်ရင် ငွေကြေးစီးဆင်းမှုအပေါ် မူတည်ပြီး ဝန်ထမ်းတွေအတွက် သူတို့ ရှင်းပေးနိုင်ပါလိမ့်မယ်။ ကုမ္ပဏီက ဘာမှမသိချင်ယောင်ဆောင်ပြီး မပေးဘဲ နေနိုင်မှာမဟုတ်ဘူး။ ငါဆိုလိုတာက သူတို့ ရိုက်ကူးရေး ဆက်လုပ်နေတုန်းပဲလေ။ ရုပ်သံလိုင်းနဲ့ သူတို့ကြားမှာ ပြဿနာဖြစ်တာကို သူတို့ လိုချင်မှာမဟုတ်ဘူး။ ဒါကြောင့်မလို့ သူတို့ ကိစ္စတွေကို မြန်မြန်ရှင်းပြီး ဝန်ထမ်းတွေကို ပိုက်ဆံပေးလိမ့်မယ်"
ရှေ့နေပတ်က အပေါ်ဝတ်စုံကို ပြန်ဝတ်လိုက်တယ်။
"ငါ့သမီးလည်း မင်းလောက် ဉာဏ်ကောင်းရင် သိပ်ကောင်းမှာပဲ။ အခုတလော သူက အနုပညာရှင် လုပ်ချင်တယ်ဆိုပြီး ငါ့ကို ပူဆာနေတာ"
"မိသားစု အခြေအနေကလည်း ပေးနေတာပဲဆိုတော့ သူ့ကို လုပ်ခွင့်ပေးလိုက်ပါလား"
"ပိုက်ဆံရှိတာက ငါလေ၊ သူမှမဟုတ်တာ။ သူ အသက်နှစ်ဆယ် ပြည့်တာနဲ့ အိမ်တစ်လုံး ဝယ်ပေးပြီး ငါ့တာဝန် ကျေပြီလို့ပဲ သတ်မှတ်လိုက်တော့မယ်။ ပိုက်ဆံရှာရတာ ဘယ်လောက် ခက်ခဲလဲဆိုတာကို သိသွားတဲ့အခါကျမှပဲ သူ ပိုက်ဆံဖြုန်းတာကို ရပ်လိမ့်မယ်"
"ဟားဟား"
"တကယ်လို့ သူ့ကို အိမ်တစ်လုံး ဝယ်ပေးလိုက်ရင်တောင် အဲဒါက ငါ လုပ်ပေးရမယ့် တာဝန်လို့ သူက ထင်နေမှာပဲ။ ငါပြောချင်တာက အခုခေတ် ကလေးတွေက တော်တော် ကြောက်စရာကောင်းတယ်ဆိုတာပဲ"
"သူ့မှာ အလုပ်အကိုင် အဆင်ပြေနေတဲ့ အဖေတစ်ယောက် ရှိနေတာဆိုတော့ သူက ကလေးတစ်ယောက်လို ဆိုးချင်နေတာလည်း မဆန်းပါဘူး"
ရှေ့နေပတ်က သူ့လက်ပတ်နာရီကို ကြည့်လိုက်တယ်။
"ရိုက်ကူးရေး ပြီးရင် မင်း ဘာလုပ်စရာ ရှိသေးလဲ"
"မရှိတော့ပါဘူး"
"ဟုတ်လား။ ဒါဆို ငါနဲ့ ညစာ အတူတူ သွားစားကြမလား"
"ခင်ဗျားက သမီးဖြစ်သူနဲ့ သွားစားမလို့ မဟုတ်ဘူးလား"
"သူ့သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်ဆိုပြီး ငါ့ကို ငြင်းလိုက်ပြီ။ နောင်တစ်ချိန် မင်း အိမ်ထောင်ကျတဲ့အခါ သမီး မယူဘဲ သားပဲယူ။ အနည်းဆုံးတော့ သူ ကြီးလာတဲ့အခါ အတူတူ အရက်သောက်လို့ ရသေးတယ်။ ငါကလည်း အချိန်တွေ ပိုနေသလို တစ်ယောက်တည်းလည်း မစားချင်ဘူးဆိုတော့ မင်းကိုပဲ အဖော်စပ်ရတော့မယ်။ မင်းဆီမှာ ငါ့ဖုန်းနံပါတ် ရှိတယ်မလား။ ပြီးတာနဲ့ ငါ့ကို ဖုန်းဆက်လိုက်"
နည်းနည်းတော့ ရုတ်တရက်ဆန်တဲ့ ဖိတ်ခေါ်မှုဖြစ်ပေမယ့် ငြင်းစရာ အကြောင်းတော့ မရှိဘူးလေ။ သူ့အနေနဲ့ ရင်းနှီးအောင် ပေါင်းထားနိုင်ရင် မာရူးအတွက် အများကြီး အကျိုးရှိစေမယ့် လူတစ်ယောက်မို့လို့ မာရူးကိုယ်တိုင်ကတောင် သူ့ကို အပြင်ထွက်ဖို့ ဖိတ်ချင်နေခဲ့တာ။
"ဒါဆို ရိုက်ကူးရေး ပြီးတာနဲ့ ကျွန်တော် ဖုန်းဆက်လိုက်ပါ့မယ်"
"ကောင်းပြီ၊ ကောင်းပြီ။ ဒါနဲ့ မင်းက အရက်သောက်နိုင်ရဲ့လား"
"ကျွန်တော် အဆင်ပြေပါတယ်"
"ကောင်းတယ်။ လီဂျွန်မင်းရဲ့ လက်အောက်ကကောင်ပီသပါပေတယ်"
ရှေ့နေပတ်က လန်းဆန်းတဲ့ အပြုံးတစ်ခုကို ပြုံးပြရင်း လှည့်ထွက်သွားတယ်။ မာရူးက သူ့ကို အရိုအသေပေးလိုက်ပြီး ထမင်းစားဆောင်ဆီ ပြန်လာခဲ့တယ်။
* * * * * * * * *