အခန်း ၃၀၅
Vol. 31 Ch. 305
အခန်း(၃၀၅)
"ဒါဆို ကျွန်တော်တို့က ဒီအသေးစားတရားစွဲဆိုမှုနဲ့ပဲ သွားရတော့မလား"
"အဲဒီလိုမလုပ်ခင် ခင်ဗျား နောက်ဆုံးအနေနဲ့ သူ့ဆီ ဖုန်းတစ်ခေါက်လောက် ဆက်ကြည့်သင့်တယ်"
"ဖုန်းဆက်ရုံနဲ့တော့ အဲဒီလူက ပိုက်ဆံပေးမှာ မဟုတ်ပါဘူးဗျာ။ သူက ကျွန်တော်တို့ကို ဒီလိုလုပ်စေချင်နေတာလေ"
"အခု ကျွန်တော်တို့ ညှိနှိုင်းလို့ရပြီဆိုတော့ ဘာပဲဖြစ်ဖြစ် ခင်ဗျား ကြိုးစားကြည့်တာ ပိုကောင်းမယ်။ တရားရုံးဆိုတဲ့ စကားလုံးကို ထုတ်ပြောလိုက်ရင် သူ့စိတ်ပြောင်းသွားနိုင်တယ်။ နောက်ပြီး တစ်ယောက်ယောက်က ပိုက်ဆံရသွားတယ်ဆိုတာက သူတို့ဆီမှာ ဘတ်ဂျက်နည်းနည်း ကျန်နေသေးတယ်ဆိုတဲ့ သဘောပဲလေ။ ဒါကြောင့် ခင်ဗျားက ပြတ်ပြတ်သားသားပြောရင် သူက ပေးဖို့ကျန်နေတဲ့ လုပ်အားခတွေကို ပေးလိုက်ပါလိမ့်မယ်။ သူ နောက်တစ်ခါလည်း ဒီလိုလုပ်ချင်လုပ်ဦးမှာပဲ။ ဒါပေမဲ့ အခုလောလောဆယ် ပေးစရာရှိတာတွေ ပေးဖို့အတွက် ငွေနည်းနည်းရလာနိုင်တယ်။ နောက်တစ်ခါ သူ အဲဒီလိုထပ်လုပ်ရင်တော့ ခင်ဗျားတို့ သပိတ်မှောက်တာမျိုး လုပ်ရမှာပေါ့"
မာရူးက စကားပြောပြီးတာနဲ့ ဝန်ထမ်းတွေကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ သူတို့အားလုံးက တုံ့ဆိုင်းနေတဲ့ပုံပဲ။ မစ္စတာကင်ကလည်း မေးစေ့ကို လက်နဲ့ထောက်ရင်း စဉ်းစားခန်း ဝင်နေတယ်။
"ဟိုက ရှေ့နေက မင်းကို အဲဒီလိုပြောလိုက်တာလား"
"ဟုတ်ကဲ့"
"တကယ်လို့ တစ်ခုခုအဆင်မပြေဖြစ်ခဲ့ရင် ကျွန်တော်တို့ကို ကူညီပေးဖို့ သူ့ကို အကူအညီတောင်းလို့ရမယ် ထင်လား"
"အဲဒါကတော့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ သူက သေချာဆွေးနွေးပေးတာမဟုတ်ဘဲ ဒီကိစ္စအတွက် အကြံပေးရုံပဲ အကြံပေးလိုက်တာလေ။ တကယ်လို့ ခင်ဗျားက သူ့ကို ကူညီစေချင်ရင် သူ့ကို ပိုက်ဆံပေးရမှာဆိုတော့ အဆင်ပြေမယ် မထင်ဘူး"
"ဘာလို့လဲ။ သူ ကျွန်တော်တို့ကို ကူညီပေးပုံထောက်ရင် သူက လူကောင်းတစ်ယောက်လိုပါပဲ။ သူ့ကို အကူအညီတောင်းလို့ ရနိုင်မယ်ထင်တယ်"
"လူကောင်းဖြစ်တာနဲ့ အခမဲ့ဝန်ဆောင်မှုပေးတာက မတူဘူးလေ။ ပြီးတော့ ကျွန်တော်လည်း သူနဲ့ အဲဒီလောက်ကြီး ရင်းနှီးတာမဟုတ်တော့ ဒီလိုကိစ္စမျိုးအတွက် အကူအညီတောင်းဖို့ အဆင်မပြေဘူးဗျ"
"ဒါဆို အခြေအနေဆိုးလာရင် သူ့ကိုပဲ တရားဝင် ငှားလိုက်တာပေါ့။ သူသိတဲ့လူအတွက် လုပ်ပေးရတာဆိုတော့ သူ ကျွန်တော်တို့ကို ပိုပြီး ကူညီပေးနိုင်မှာပါ"
"အဲဒါလည်း... အဆင်ပြေမယ် မထင်ဘူး"
"ဘာဖြစ်လို့လဲ"
"ကျွန်တော်သိသလောက်တော့ ခင်ဗျားတို့ ရမယ့်ပိုက်ဆံတွေကို သူ့ကို အခကြေးငွေအဖြစ် ပေးရနိုင်တယ်"
"...သူက နာမည်ကြီးတဲ့လူတစ်ယောက်ပုံပဲ"
"ဟုတ်တယ်။ သူက Lee & Kang Law Firm ကလေ"
"Lee & Kang Law Firm ဟုတ်လား။ ငါက အဲဒီလိုကိစ္စတွေကို သိပ်နားမလည်ဘူး။ အဲဒါက ဧရာမကုမ္ပဏီကြီးတစ်ခုခုလား"
ဒါက နိုင်ငံရဲ့ နံပါတ်တစ် ဥပဒေအကျိုးဆောင်ကုမ္ပဏီဖြစ်တယ်လို့ တစ်ယောက်ယောက်က သူ့ကို ပြောပြလိုက်တယ်။
"ဒါဆိုရင်တော့ ဖြစ်နိုင်မှာမဟုတ်တော့ဘူး။ ဒါပေမဲ့ အခုလို နည်းလမ်းတစ်ခု သိသွားတာ ကောင်းပါတယ်။ ငါတို့လိုလူတွေက စာအုပ်တွေကို ဘယ်လိုဖတ်ရမလဲဆိုတာ မသိဘဲ ပိုက်ဆံရဖို့ အလုပ်လုပ်ရုံပဲ သိတာလေ။ သူက မခက်ဘူးလို့ပြောတော့ ဖုန်းဆက်ကြည့်ကြတာပေါ့။ သူက မသိချင်ယောင်ဆောင်နေတုန်းဆိုရင်တော့ ငါတို့က ကြမ်းကြမ်းတမ်းတမ်းပဲ လုပ်ရတော့မှာပေါ့။ အားလုံး သဘောတူကြလား"
မစ္စတာကင်ရဲ့စကားကို ဝန်ထမ်းတွေက ခေါင်းညိတ်ထောက်ခံကြတယ်။ တရားရုံးသွားစရာ မလိုဘူးဆိုတာကို သိလိုက်ရတဲ့အချိန်မှာ အားလုံးက ရဲရင့်လာကြတဲ့ပုံပဲ။ တရားရုံးသွားရတဲ့ကိစ္စမှာ အကြောက်ရဆုံးက အဲဒီကို အခေါ်ခံရတာနဲ့ အဲဒီကိစ္စတွေလုပ်ဖို့ အချိန်ပေးရတာပဲလေ။ တရားဥပဒေကြောင်းအရ အမှုအခင်းတစ်ခုက သာမန်လူတစ်ယောက်ရဲ့ ဘဝကို ပြိုလဲသွားစေနိုင်တယ်။ တရားရုံးကို လာဖို့ခေါ်တာတွေ၊ ညှိနှိုင်းဖို့ ဖုန်းဆက်တာတွေအပြင် အမှုက ကြာလာတာနဲ့အမျှ အချိန်ရော ငွေရော အများကြီး ကုန်ကျရတာကိုး။ ဒါကြောင့်ပဲ သာမန်လူအများစုက ကုမ္ပဏီတွေကို မနိုင်ကြတာပဲ။ တကယ်လို့ ကုမ္ပဏီတွေက ရှေ့နေတွေငှားပြီး အချိန်ဆွဲနေမယ်ဆိုရင် ကုမ္ပဏီဘက်က အမှားလုပ်ထားတာ သေချာနေရင်တောင် တရားစွဲတဲ့သူက ပင်ပန်းလာပြီး နောက်ဆုံးမှာ ညှိနှိုင်းလိုက်ရတာချည်းပဲလေ။ ဒါက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။
မစ္စတာကင်က သူ့ဖုန်းနဲ့ ကန်ထရိုက်ကုမ္ပဏီ ဥက္ကဋ္ဌဆီ ဖုန်းဆက်လိုက်တယ်။ ထွက်ပေါက်တစ်ခု ရှာတွေ့သွားလို့ပဲလားမသိဘူး၊ သူက ဒေါသတကြီးမဖြစ်ဘဲ နှုတ်ဆက်စကားနဲ့ပဲ စတင်လိုက်တယ်။ စကားပြောရင်းနဲ့ သူက သူ့စကားတွေကို ပိုပြီးဖိပြောလာသလို တရားစွဲမယ့်ကိစ္စကိုလည်း ထည့်ပြောလိုက်တယ်။ သူတို့အဖွဲ့လိုက်လုပ်ဖို့ ပြင်ဆင်ထားပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေ့နေတစ်ယောက်နဲ့ပါ တိုင်ပင်ပြီးပြီဖြစ်ကြောင်းပေါ့။ လိမ်ပြောတာ နည်းနည်းပါသွားပေမယ့် ပြဿနာတော့ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီကန်ထရိုက်ကုမ္ပဏီက သူတို့ရဲ့ ပိုက်ဆံတွေကို ကိုင်ထားတာပဲဟာ။
"ဒီနေ့ ရိုက်ကူးရေးကတော့ အဆင်ပြေပြေနဲ့ ပြီးသွားပါပြီ၊ ဒါပေမဲ့ မနက်ဖြန်အတွက်တော့ အဲဒီလိုပြောလို့ရမယ် မထင်ဘူး။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီနော်။ မနက်ဖြန် ရိုက်ကူးရေးမတိုင်ခင် ခင်ဗျားတို့ ပေးဖို့ကျန်နေတဲ့ လုပ်အားခတွေကို မလွှဲပေးဘူးဆိုရင်... ကျွန်တော်တို့ KPU ကိုသွားပြီး သပိတ်မှောက်မယ်။ ကျွန်တော်ကတော့ ဒီကိစ္စကို အဆုံးထိ ဆွဲခေါ်သွားဖို့ စီစဉ်ထားတယ်၊ ဒါကြောင့် သေချာစဉ်းစားပါ။ နောက်ပြီး ကျွန်တော်တို့ကို ကူညီနေတဲ့ရှေ့နေက သူ Lee & Kang Law Firm ကလို့ ပြောတယ်။ အဲဒါကိုလည်း သေချာစဉ်းစားဦးနော်"
မစ္စတာကင်က ပြုံးလျက်နဲ့ ဖုန်းချလိုက်တယ်။
"အဆင်ပြေသွားမယ် ထင်လား"
"ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့"
အဲဒီအချိန်မှာပဲ အဝေးကနေ စောင့်ကြည့်နေတဲ့ ဒါရိုက်တာလီက သူ့ဖုန်းကို ကောက်ကိုင်လိုက်တယ်။
"ဟုတ်ကဲ့ ဥက္ကဋ္ဌ"
ဒါရိုက်တာလီက သူတို့ဆီကို ဖြည်းဖြည်းချင်း လျှောက်လာတယ်။ သူက ဖုန်းကို နားကနေခွာလိုက်ပြီး တစ်ဖက်လူရဲ့အသံကို ပိုပြီး ကြားရအောင် စပီကာ ဖွင့်လိုက်တယ်။
“ခုလေးတင် ဖုန်းလာတယ်၊ ရှေ့နေတစ်ယောက်နဲ့ စကားပြောထားတယ်ဆိုလားပဲ။ အဲဒါ တကယ်လား”
"အာ၊ ဟုတ်ကဲ့။ ကျွန်တော် သူ့ဘေးမှာ ရှိနေတာ"
“နေပါဦး၊ မင်းက ဘာမှမလုပ်ဘဲ သူ ဖုန်းဆက်နေတာကို ထိုင်ကြည့်နေတာလား”
"သူ့ကို တားဖို့ ကျွန်တော့်မှာ ဘာအာဏာရှိလို့လဲ။ သူက နာမည်ကြီးရှေ့နေဆိုပဲ"
“ရိုက်ကွင်းမှာ ရှေ့နေက ဘာလာလုပ်တာလဲ။ တကယ်ရော ဟုတ်ရဲ့လား။ သူ လျှောက်ပြောနေတာ မဟုတ်ဘူးဆိုတာ သေချာလား”
"ဒီကျောင်းက ကိုယ်ပိုင်ကျောင်းလေ သိတယ်မလား။ သူဌေးသားတွေချည်း တက်တဲ့ကျောင်းလေ။ အဲဒီရှေ့နေရဲ့ ကလေးက ဒီကျောင်းမှာ တက်နေတာနေမှာပေါ့"
အစပိုင်းမှာတော့ မစ္စတာကင်က သူတို့နှစ်ယောက် ဖုန်းပြောနေတာကို မျက်နှာပျက်ပျက်နဲ့ ကြည့်နေခဲ့ပေမယ့် ကြားရလေလေ သူ့မျက်နှာထားက ပိုပြီး ပြေလျော့လာလေလေပဲ။ ဒါရိုက်တာလီက ဥက္ကဋ္ဌကို ဝန်ထမ်းတွေအတွက် ပိုက်ဆံပေးလာအောင် စကားလမ်းကြောင်းလွှဲပြီး ပြောလာတယ်။ နောက်ဆုံးမှာတော့ ဥက္ကဋ္ဌက လက်ခံလိုက်ရပြီး ဖုန်းချသွားတော့တယ်။
"ပရိုဂျူဆာလီ၊ ခင်ဗျားက ဘာလို့ အခုမှ သဘောထားပြောင်းသွားရတာလဲ"
"ဒါရိုက်တာကင်၊ ကျွန်တော့်မှာလည်း ခင်ဗျားလိုပဲ ကျွေးမွေးရမယ့် မိသားစုရှိတယ်ဗျ။ အိမ်မှာ ကျောင်းလခပေးဖို့ ပူဆာနေတဲ့ ကလေးတွေရှိသလို မိန်းမကလည်း အကြွေးအတွက် အတိုးပေးရဦးမယ်လို့ ပြောနေတယ်။ ဥက္ကဋ္ဌပေးမယ့် ပိုက်ဆံကို ကျွန်တော် လက်မခံလို့မှ မရတာ။ ပြီးတော့ ကျွန်တော် ခင်ဗျားအပေါ်ကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တာမှ မဟုတ်တာ၊ ဟုတ်တယ်မလား။ လုပ်အားခပြဿနာကို ဖြေရှင်းပေးဖို့ ဥက္ကဋ္ဌကို ကျွန်တော် အကြိမ်ကြိမ် တောင်းဆိုခဲ့တာကို ခင်ဗျား မြင်တာပဲ"
ဒါရိုက်တာလီက တိုးတိုးလေး တောင်းပန်လိုက်တယ်။ မစ္စတာကင်က သက်ပြင်းချလိုက်ပြီး ကျောခိုင်းလိုက်တယ်။
"ခင်ဗျားရဲ့ အခြေအနေကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော် နားလည်ပေးရုံပဲ နားလည်ပေးနိုင်မယ်ဆိုတာကို သိထားပါ"
ဒါရိုက်တာလီက ဘာမှထပ်မပြောတော့ဘဲ မျက်နှာမကောင်းစွာနဲ့ လှည့်ထွက်သွားတယ်။
"လုပ်အားခကိစ္စ ရှင်းသွားပြီဆိုတော့ ခင်ဗျားတို့ ရိုက်ကူးရေး ဆက်လုပ်တော့မှာလား" လို့ မာရူးက မေးလိုက်တယ်။
"လုပ်ရမှာပေါ့။ သူတို့က ပိုက်ဆံပေးပြီးရင် အလုပ်လုပ်ဖို့ ပူညံပူညံလုပ်တတ်တဲ့ လူစားမျိုးတွေလေ။ ကျွန်တော်တို့က ဒီဇာတ်လမ်းကို မကြိုက်လို့ ဒီလိုလုပ်နေတာမှ မဟုတ်တာ။ သူတို့က ပိုက်ဆံကို သေချာပေးနေသရွေ့တော့ ကျွန်တော်တို့ကလည်း အလုပ်ကို သေချာလုပ်ပေးရမှာပဲ"
မစ္စတာကင်က မတ်တတ်ရပ်လိုက်ရင်း မာရူးကို ကျေးဇူးတင်စကား ပြောလိုက်တယ်။ တခြားဝန်ထမ်းတွေကလည်း ကျေးဇူးတင်ကြောင်း ပြောကြတယ်။ ဒါရိုက်တာလီကတော့ ဒီနေ့အတွက် အလုပ်ဆက်လုပ်ရဖို့ မရှိတော့တဲ့အတွက် အားလုံးကို သိမ်းကြဖို့ ပြောလိုက်တယ်။ အဓိကသရုပ်ဆောင်တွေကလည်း ရိုက်ကွင်းမှာ မရှိကြတော့ဘူးလေ။ သူတို့လည်း ကားထဲမှာ ဒါမှမဟုတ် တစ်နေရာရာမှာ စောင့်နေကြလောက်တယ်။
သရုပ်ဆောင်တွေရဲ့ နေရာတွေမှာ စောင့်ပေးနေတဲ့ မန်နေဂျာတွေက ဝန်ထမ်းတွေကို နှုတ်ဆက်ပြီး ခပ်သုတ်သုတ် ထွက်သွားကြတယ်။ ရုပ်သံလိုင်းက လူတွေကလည်း ပစ္စည်းတွေကို စပြီး သိမ်းဆည်းနေကြတယ်။ သူတို့ထဲက တချို့က တခြားဝန်ထမ်းတွေကို အားတင်းထားဖို့တောင် ပြောသွားကြသေးတယ်။ သူတို့တွေက မတူညီတဲ့အဖွဲ့အစည်းတွေအတွက် အလုပ်လုပ်နေကြတယ်ဆိုပေမယ့် တကယ်တမ်းကျတော့လည်း သူတို့လိုပဲ နေ့စားခနဲ့ အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေချည်းပါပဲ။
"အိမ်ပြန်ကြတော့။ အချိန်ဇယားကို ကြည့်ပြီးရင် မင်းတို့အားလုံးဆီ စာပို့လိုက်မယ်၊ ပါချင်ရင် ပြန်စာပို့လိုက်ကြ။ ပြီးတော့ အိပ်ရာထနောက်ကျရင် ကြိုပြောရမယ်နော်။ ငါ အစားထိုးဖို့ လူရှာရဦးမယ်"
ခေါင်းဆောင်က အားလုံးကို ကျေးဇူးတင်စကားပြောပြီးနောက် လူစုခွဲလိုက်တယ်။ မာရူးက အားကစားဝတ်စုံကို ချွတ်ပြီး ပြန်ပေးလိုက်တယ်။ ပြန်ပေးတဲ့အချိန်မှာ ဝန်ထမ်းတွေက သူ့ကို နှုတ်ဆက်ကြတယ်။ တစ်ရက်တည်းဆိုပေမယ့် သူတို့က မာရူးကို ခင်သွားကြတဲ့ပုံပဲ။ မာရူးကလည်း ပြုံးပြလိုက်တယ်။ အားလုံး အဆင်ပြေသွားဖို့ကို သူ မျှော်လင့်မိတယ်။
"ဟေ့၊ ဟိုမှာ"
မစ္စတာကင်က သူ့ဆီ လျှောက်လာတယ်။ ကန်ထရိုက်ကုမ္ပဏီကို အထိနာအောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက် သူက မာရူးကို ပါတီလုပ်ဖို့ ဖိတ်ခေါ်နေတာ။ မာရူးအနေနဲ့ ကျေးဇူးတင်ပေမယ့် သူ့မှာ ချိန်းထားတာရှိနေတယ်။
"အားနာပါတယ်ဗျာ။ ကျွန်တော် တွေ့ရမယ့်သူ ရှိနေလို့ပါ"
"စောစောက ရှေ့နေလား"
"ဟုတ်ကဲ့"
"ဒါဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့။ ဒါနဲ့ မင်းက ကျောင်းသားမလား"
"ကျွန်တော် အထက်တန်း ဒုတိယနှစ်ပါ"
"ဒီလောကမှာ ရပ်တည်ဖို့ဆိုတာ လွယ်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းလုပ်ပုံကိုင်ပုံကို ကြည့်ရတာတော့ မင်းက ငါ့ထက်တောင် ပိုပြီး အဆင်ပြေပြေ ရင်ဆိုင်နိုင်မယ့်ပုံပဲ။ မင်း နောက်တစ်ခေါက် လာဦးမှာလား။ လာမယ်ဆိုရင် ခေါင်းဆောင်နဲ့ စကားပြောပြီး နောက်တစ်ခေါက် မင်းကို ခေါ်ခိုင်းလိုက်မယ်လေ"
"လိုအပ်ရင် ကျွန်တော် ဆက်ဆက် ဆက်သွယ်လိုက်ပါ့မယ်"
"အေးပါကွာ။ လမ်းမှာ သတိထားသွားဦး။ ဘာပဲဖြစ်ဖြစ် လုံးဝမသိတဲ့ သူစိမ်းတွေဖြစ်ပေမယ့် ဒီနေ့ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါပဲ"
"ကျွန်တော့်လုပ်အားခကလည်း ဒီအပေါ်မှာ မူတည်နေတာကိုး။ ရိုက်ကွင်းမှာ မကြာခဏ ပြန်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်"
"ကောင်းပါပြီ။ အာ၊ ငါ့နာမည်က ကင်ဂျန်ဆူ ပါ"
"ကျွန်တော့်နာမည်ကတော့ ဟန်မာရူး ပါဗျ"
ဂျန်ဆူက သူ့ပခုံးကို ပုတ်ပေးရင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ပြောလိုက်တယ်။ ပြီးတော့ မာရူးက ဒီနေ့တစ်ရက်လုံး အတူတူ အချိန်ဖြုန်းခဲ့တဲ့ တခြား ဖြတ်လျှောက်သရုပ်ဆောင်တွေကို နှုတ်ဆက်လိုက်တယ်။
"တော်တယ်ကွာ။ ပြီးတော့... စောစောက ငါ့ကို ဆွပေးခဲ့တဲ့အတွက်လည်း ကျေးဇူးပဲ" လို့ ဝူဂျူးက အနေရခက်စွာနဲ့ ပြောလိုက်တယ်။
မာရူးက ခေါင်းခါပြလိုက်တယ်။
"တောင်းပန်ပါတယ်။ ကျွန်တော် နည်းနည်း လွန်သွားတယ်ထင်တယ်"
"မဟုတ်ပါဘူး။ မင်း အဲဒီလိုလုပ်လိုက်တာ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ငါက ပိုပြီး တည်ငြိမ်သင့်တာ၊ ဒါပေမဲ့ ငါက ပေါ့ပေါ့ဆဆ လုပ်မိသွားပုံရတယ်။ နည်းနည်းတော့ ရှက်စရာကောင်းပေမယ့် မင်းကြောင့် တစ်ခုခုကို နားလည်သွားသလို ခံစားရတယ်"
"အဲဒီလိုတွေးပေးရင်တော့ ကျွန်တော်ကပဲ ကျေးဇူးတင်ရမှာပါ"
"နောက်ရိုက်ကူးရေးကိုရော လာဦးမှာလား"
"မသေချာသေးဘူးဗျ"
"အားရင် လာခဲ့လေ"
"ဟုတ်ကဲ့၊ လာခဲ့ပါ့မယ်"
ပစ္စည်းတွေသယ်နေတဲ့ လူတွေကြားထဲကနေ မာရူး ထွက်လာခဲ့တယ်။ နေတောင် ဝင်နေပြီပဲ။ သူက ဖုန်းကိုထုတ်ပြီး ရှေ့နေပတ်ဆီ ဖုန်းဆက်လိုက်တယ်။ ရိုက်ကူးရေးပြီးပြီလို့ ပြောလိုက်တဲ့အခါ အဲဒီမှာပဲ ခဏစောင့်နေဖို့ ပြန်ပြောတယ်။
လူတွေ ပြန်ထွက်သွားတာကို သူ ကြည့်နေတုန်း ကျောင်းရဲ့ ပင်မအဆောက်အအုံထဲကနေ ကမန်းကတန်း ထွက်လာတဲ့ ကျောင်းသားတွေကို မြင်လိုက်ရတယ်။ သူတို့ထဲက အများစုက ကျောပိုးအိတ်တွေ လွယ်ထားကြတယ်။ ပညာရေးကို အဓိကထားတဲ့ကျောင်းမှာ ကြားရက်ဆိုရင် ဒါမျိုးက မြင်ရခဲတဲ့ မြင်ကွင်းတစ်ခုပဲ။ ကျောင်းဆင်းပြီးရင် ကိုယ်ပိုင်စာကြည့်ချိန်တွေ မရှိတော့ဘူးလားလို့ မာရူး တွေးမိတယ်။ သူက ပင်မအဆောက်အအုံရှေ့ကို ရောက်အောင် နည်းနည်း လျှောက်သွားလိုက်တယ်။ ကျောင်းဂိတ်ပေါက် အပြင်ဘက်မှာ ကျူရှင်ကားတွေ တန်းစီနေတာကို သူ မြင်လိုက်ရတယ်။ ကျောင်းသားတွေက အဲဒီကားတွေပေါ်ကို တက်ကြတယ်။ ပြီးတော့ အဲဒီကားတွေက အဝေးကို ထွက်သွားကြတယ်။ အဲဒီမြင်ကွင်းက အကြိမ်ကြိမ် ထပ်ဖြစ်နေတယ်။ ကျောင်းထဲက ကျောင်းသားတွေအားလုံးကို တင်သွားသလိုမျိုးပဲ။
"မယုံနိုင်စရာပဲနော်။ အခုခေတ်မှာ ကျောင်းတွေထက် ကျူရှင်တွေက ပိုခေတ်စားနေတယ်လို့ ပြောကြတယ်"
ရှေ့နေပတ်က သူ့အနောက်မှာ ပေါ်လာတယ်။ ကျောင်းသားတွေကို ကြည့်နေတဲ့ သူ့မျက်လုံးတွေက တော်တော်လေး ရှုပ်ထွေးနေပုံရတယ်။
"ခင်ဗျားသမီးရော တက်နေရတာပဲမလား"
"သူကတော့ ညစာစားပြီးမှ သွားလောက်တယ်။ မင်းရော မတက်ဘူးလား"
"ကျွန်တော်က စာနဲ့ ရေစက်မပါဘူး ထင်ပါတယ်"
"ဘာလို့လဲ။ မင်းကြည့်ရတာ ဉာဏ်ကောင်းမယ့်ပုံပါ"
"ဉာဏ်တော့ကောင်းပါတယ်၊ ဒါပေမဲ့ ပညာရေးပိုင်းမှာ မဟုတ်ဘူးလေ"
"အဲဒီလိုလား"
ရုတ်တရက် ရှေ့နေပတ်က အနေရခက်စွာနဲ့ သူ့ညာဘက်လက်ကို မြှောက်လိုက်တယ်။ ကျောင်းတံခါးပေါက်ကနေ တခြားကောင်မလေးတွေနဲ့ လက်ချင်းချိတ်ပြီး ထွက်လာတဲ့ ကောင်မလေးတစ်ယောက်က ရှေ့နေပတ်ကို ကြည့်ပြီး နှုတ်ခမ်းစူပြလိုက်တယ်။ ကောင်မလေးက ဖိနပ်လဲပြီးတာနဲ့ ကျောင်းဂိတ်ပေါက်ဘက်ကို လျှောက်သွားတယ်။ နှုတ်ခမ်းစူပြသွားတဲ့ ကောင်မလေးနဲ့ လက်ချင်းချိတ်ထားတဲ့ ကောင်မလေးတွေက သူ့ကို လှည့်ကြည့်သွားကြတယ်။
"ဒါဆို သူက ခင်ဗျားသမီးပေါ့"
"သူက တဇွတ်ထိုးနိုင်တဲ့ ကောင်မလေးလေ။ ငါ့စကားကို ဘယ်တော့မှ နားမထောင်ဘူး"
"ခင်ဗျားက သူ့ကို နာမည်ကြီးသရုပ်ဆောင်တစ်ယောက် မဖြစ်ခိုင်းလို့ စိတ်ဆိုးနေတာ ဖြစ်မယ်"
"မည်သူမဆို နာမည်ကြီးသရုပ်ဆောင်ဖြစ်နိုင်တယ်လို့ မင်းထင်နေလား။ အဲဒီလိုဖြစ်ဖို့က အရည်အချင်းလိုတယ်လေ။ အဲဒါထက် အဲဒီကောင်မလေးက သူ့အဖေကိုတောင် နှုတ်မဆက်ဘူးဗျာ"
"အဖေနဲ့သမီး ဆက်ဆံရေးက အများအားဖြင့် ဒီလိုပါပဲ။ ငယ်ငယ်တုန်းကတော့ ကမ္ဘာပေါ်မှာ ခင်ဗျားတစ်ယောက်ပဲ ရှိသလိုမျိုး တွယ်ကပ်နေမှာပေါ့၊ ဒါပေမဲ့ ကျောင်းဝတ်စုံ စဝတ်တဲ့အချိန်ကစပြီးတော့ ခင်ဗျားမျက်နှာကိုတောင် ကြည့်မှာ မဟုတ်တော့ဘူး"
"...ဟေ့ကောင်၊ မင်းက ဒါတွေကို ဘယ်လိုလုပ်သိနေတာလဲ"
"အာ၊ အဲဒါက ကျွန်တော့်အဖေက အမြဲတမ်း သက်ပြင်းချနေတတ်လို့လေ"
မာရူးက ရယ်ပြီးပဲ လွှဲချလိုက်တယ်။ အဖေတွေအားလုံးက တူတူပဲဖြစ်မယ်လို့ ရှေ့နေပတ်က ပြောရင်း ခေါင်းညိတ်လိုက်တယ်။
"တစ်ခုခုသွားစားကြရအောင်။ ငါ့သမီးက အဖေထက် သူ့သူငယ်ချင်းတွေကို ပိုချစ်တယ်ဆိုတော့ ငါလည်း မတတ်နိုင်တော့ဘူးပေါ့"
"သူ လူကြီးဖြစ်လာရင်တော့ ခင်ဗျားကို ရင်ဖွင့်လာမှာပါ"
"သူလည်း တစ်ခါတလေတော့ ရင်ဖွင့်တတ်ပါတယ်။ အဲဒါက သူ တစ်ခုခုဝယ်ချင်တဲ့အချိန်ပေါ့လေ။ အဲဒီလိုအချိန်တွေဆိုရင်တော့ သူ့အမေလိုပဲ လှည့်စားတတ်တဲ့ မြေခွေးမလေးကျနေတာပဲ"
ရှေ့နေပတ်က သူ့သမီးအကြောင်း ညည်းတွားနေပေမယ့် တစ်ချိန်လုံး သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုက ရှိနေတယ်။ သူ့ခံစားချက်ကို မာရူး နားလည်ပါတယ်။ မိဘတွေက ကလေးတွေ ဘေးကင်းကင်းနဲ့ ကြီးပြင်းလာရင်ကို ကျေနပ်နေကြတာလေ။
ကားပါကင်ကို လျှောက်သွားရင်းနဲ့ လုပ်အားခရဖို့ ကျန်နေတဲ့ကိစ္စကို မာရူးက သူ့ကို ပြောပြလိုက်တယ်။ တော်တော်လေး ဟောင်းနေတဲ့ ကားတစ်စီးရှေ့မှာ ရှေ့နေပတ်က ခြေလှမ်းတန့်သွားတယ်။ တော်တော်လေး ဟောင်းနေတဲ့ မော်ဒယ်တစ်ခုလိုပဲ။ ပြည်တွင်းထုတ် အလယ်အလတ်တန်းစား ဆီဒင်ကားတစ်စီးဖြစ်တယ်။
"နည်းနည်းတော့ ညစ်ပတ်နေတယ်မလား။ ငါ ဒီကားကို မဆေးရတာ တော်တော်ကြာနေပြီ"
"အဲဒီလို မဟုတ်ပါဘူး"
"ဒါဆို သူ့ဘေးကကားထက် စျေးပေါသလိုဖြစ်နေလို့လား"
"ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ နည်းနည်းတော့ မထင်မှတ်ထားဘူးဗျ"
မာရူးက စကားပြောရင်းနဲ့ တစ်တန်းတည်းရပ်ထားတဲ့ တခြားကားတွေကို လှမ်းကြည့်လိုက်တယ်။ တောင်ကိုရီးယားထုတ် ကားအဟောင်းလေးက ဝမ်သန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ တန်တဲ့ကားတွေကြားထဲမှာ မှားယွင်းနေတဲ့ ပဟေဠိအပိုင်းအစတစ်ခုလို လုံးဝမလိုက်ဖက်ဘူးလေ။ ပြီးတော့ သူ့ရဲ့ ငွေရေးကြေးရေး အခြေအနေအရ ဒီထက်အများကြီး ပိုကောင်းတဲ့ ကားတစ်စီးကို စီးနိုင်လျက်နဲ့ အခုလိုကားမျိုးကို စီးနေတာကလည်း မထင်မှတ်ထားတဲ့ အရာပါပဲ။
"ငါ ကားတစ်ခါလဲဖူးတယ်၊ ဒါပေမဲ့ နှစ်ရက်အတွင်းမှာပဲ အက်ဆီးဒင့်ဖြစ်သွားတယ်။ တော်တော်ကြီးတဲ့ အက်ဆီးဒင့်ပဲ။ အဲဒီတုန်းက ငါ သေတောင်သေမလို့။ ငါ နောက်ထပ်ဝယ်တဲ့ ကားမှာလည်း အဲဒီလိုပဲ ထပ်ဖြစ်တယ်။ ဂြိုဟ်မွှေနေပြီလို့ ထင်တာနဲ့ ဒီကားလေးဆီပဲ ပြန်လာခဲ့လိုက်တာ။ ဒီကားလေးကို သံယောဇဉ်ဖြစ်နေတာလည်း ပါတာပေါ့"
သူက ပြုံးရင်း ကားထဲဝင်လိုက်တယ်။ မာရူးက ခေါင်းညိတ်လိုက်တယ်။ ကံကြမ္မာရဲ့ကျိန်စာဆိုတာ တော်တော်ကြောက်စရာကောင်းတဲ့ အရာပဲလေ။ နှစ်ခါလောက် အက်ဆီးဒင့်ဖြစ်ပြီးရင် နောက်ထပ် ကားအသစ်ဝယ်ချင်စိတ် ရှိတော့မှာ မဟုတ်ဘူး။
မာရူးလည်း ခရီးသည်ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ သူ ပထမဆုံး မြင်လိုက်ရတာက အနောက်ကြည့်မှန်မှာ ချိတ်ဆွဲထားတဲ့ ပုတီးစေ့တွေနဲ့ လက်ဝါးကပ်တိုင်တစ်ခုကိုပဲ။ ဒက်ရှ်ဘုတ်ရဲ့ ညာဘက်မှာတော့ မိသားစုဓာတ်ပုံတစ်ခု ရှိနေတယ်။ ဒီလိုနေရာမျိုးမှာ မိသားစုဓာတ်ပုံ ထားတယ်ဆိုတော့ သူက မိသားစုကို တော်တော်ချစ်တဲ့သူ ဖြစ်ရမယ်။
"ဘုရားသခင်ဖြစ်ဖြစ်၊ ဗုဒ္ဓပဲဖြစ်ဖြစ် ကိုယ့်ကို ကူညီပေးတဲ့သူက အကောင်းဆုံးပဲဆိုတာ ငါ နားလည်သွားတယ်" လို့ ရှေ့နေပတ်က ပြောလိုက်တယ်။
သူက ကားစက်နှိုးပြီး ဘရိတ်ကို ဖြုတ်လိုက်တယ်။ ကားစထွက်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ သူတို့ရှေ့တည့်တည့်မှာ ရပ်ထားတဲ့ မာစီဒီးစ် ဘင့်ဇ် ကားတစ်စီးက အနောက်မီးကို ဖွင့်ပြပြီး ပါကင်ကနေ စထွက်လာတယ်။ ကားပါကင်ရဲ့ လမ်းကျယ်က ကားနှစ်စီး ယှဉ်မောင်းလို့ရပေမယ့် မာစီဒီးစ် ဘင့်ဇ် က ကန့်လန့်ဖြတ် ထွက်နေတာမို့လို့ ရှေ့နေပတ်က ရပ်ပေးလိုက်ရတယ်။
"အဲဒီလူက အသစ်ထင်တယ်နော်"
"ငါလည်း အဲဒီလိုပဲ ထင်တယ်"
မာစီဒီးစ် ဘင့်ဇ် ကားက အရှေ့တိုးလိုက်၊ အနောက်ဆုတ်လိုက် ဆက်တိုက်လုပ်နေတယ်။ ကား ရှေ့တိုးနောက်ဆုတ် လုပ်နေတာကို မာရူးက ဆက်ကြည့်နေလိုက်တယ်။ အဲဒီအချိန်မှာပဲ၊
"ပီကေ စားမလား" လို့ ရှေ့နေပတ်က မေးလိုက်တယ်။
စားမယ်လို့ မာရူးက ပြန်ဖြေလိုက်တဲ့အခါ ရှေ့နေပတ်က ကားရှေ့က အံဆွဲထဲမှာ ရှိလိမ့်မယ်လို့ ပြောလိုက်တယ်။ မာရူးက လှမ်းပြီး အံဆွဲကို ဖွင့်လိုက်တယ်။ အထဲမှာ ပစ္စည်းမျိုးစုံ ရှိနေတယ်။
"အာ၊ ငါ အဲဒါကို မရှင်းရတာ တော်တော်ကြာပြီထင်တယ်"
ရှေ့နေပတ်က ပြုံးရင်းနဲ့ အံဆွဲကို လှမ်းနှိုက်လိုက်တယ်။ မာရူးကလည်း ပီကေရှာဖို့ အထဲကို ကြည့်လိုက်တယ်။ အဲဒီအချိန်မှာပဲ ကျယ်လောင်တဲ့ ဝင်တိုက်သံကြီးနဲ့အတူ ကားက တုန်ခါသွားတယ်။ ဘာဖြစ်တာလဲဆိုတာကို သိဖို့ သူတို့နှစ်ယောက်လုံး ခေါင်းမော့ကြည့်လိုက်တော့ မာစီဒီးစ် ဘင့်ဇ် ရဲ့ နောက်ပိုင်းက သူတို့အမြင်အာရုံရှေ့ တည့်တည့်မှာ ရောက်နေတာကို မြင်လိုက်ရတယ်။
"ကျစ်၊ ငါလည်း အဲဒါကို စိတ်ပူနေတာပဲ..."
ရှေ့နေပတ်က သက်ပြင်းချလိုက်တယ်။ သူက တစ်ဖက်လူ လာပြီး တောင်းပန်မယ့်အချိန်ကို စောင့်နေလိုက်တယ်။ ဒါပေမဲ့ ဟိုဘက်ကားဆီကနေ ဘာတုံ့ပြန်မှုမှ မရှိဘူး။
"ဘာဖြစ်တာလဲဟ"
ရှေ့နေပတ်က ခေါင်းကုတ်လိုက်ပြီး ကားထဲကနေ ထွက်လာတယ်။ မာရူးလည်း ကားပေါ်ကနေ ဆင်းလိုက်တယ်။
အရင်ကလည်း ကျွန်တော် ပြောခဲ့ဖူးမယ် ထင်ပါတယ်။ အထက်တန်းကျောင်းတွေမှာ ကျောင်းသားတွေ စာလေ့လာနိုင်ဖို့အတွက် ကျောင်းဆင်းပြီးရင် ကိုယ်ပိုင်စာကြည့်ချိန်တွေ ထားပေးတတ်တယ်။ တခြား အစီအစဉ်တွေ၊ ဥပမာ - ပွဲတစ်ခုခု ဒါမှမဟုတ် ကျူရှင်သွားစရာ မရှိဘူးဆိုရင်တော့ ကျောင်းသားအများစုက အဲဒီကိုယ်ပိုင်စာကြည့်ချိန်တွေအတွက် ကျောင်းမှာပဲ နေခဲ့ဖို့ ရွေးချယ်တတ်ကြတယ်။ တချို့ကျောင်းတွေကလည်း ကျောင်းသားတွေကို ကျောင်းမှာပဲ ညစာစားလို့ရမယ့် အစီအစဉ်မျိုးတွေ လုပ်ပေးတတ်သေးတယ်။
* * * * * * * * *