အခန်း ၃၀၆
Vol. 31 Ch. 306
အခန်း(၃၀၆)
ရှေ့နေပတ်က မာစီဒီးစ် ဘင့်ဇ်ကားရဲ့ ယာဉ်မောင်းခုံဘက်ကို လျှောက်သွားပြီး ကားမှန်ကို ခေါက်လိုက်တယ်။ အဲဒီတော့မှပဲ ကားမှန်က ပွင့်လာတယ်။ စတီယာရင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ကို မာရူး မြင်လိုက်ရတယ်။ သူမက တော်တော်လေး ပြာယာခတ်နေပုံရတယ်။
"အဟမ်း၊ မစ်။ လောလောဆယ် ဘရိတ်ပေါ်ကနေ ခြေထောက်ကို ဖယ်ထားလိုက်ပါ။ လီဗာကိုလည်း မနင်းထားနဲ့ဦး"
"ဘ... ဘာဖြစ်လို့လဲ"
"အန္တရာယ်ရှိလို့ပါ။ မစ် လန့်သွားတယ်ဆိုတာ သိပေမယ့် ဒါက ကြီးကြီးမားမား ယာဉ်တိုက်မှုတော့ မဟုတ်ပါဘူး။ ဒါကြောင့် အရင်ဆုံး စိတ်ကိုလျှော့ထားပြီး စတီယာရင်ပေါ်ကနေ လက်ကို ဖယ်လိုက်ပါ။ အဲဒီလိုမျိုး စတီယာရင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင် နောက်ထပ် မတော်တဆမှုတွေ ထပ်ဖြစ်သွားနိုင်လို့ပါ"
ရှေ့နေပတ်က အင်မတန် တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ်။ လူလတ်ပိုင်းအမျိုးသမီးကလည်း သူ့စကားကို နာနာခံခံပဲ လိုက်လုပ်တယ်။
"ဘယ်နားများ ထိခိုက်ဒဏ်ရာရသွားတာ ရှိသေးလဲ"
"မ... မရှိပါဘူး"
"ကံကောင်းတာပေါ့၊ ကျွန်တော်လည်း ဘာမှမဖြစ်ပါဘူး" လို့ ရှေ့နေပတ်က ပြုံးရင်း ပြောလိုက်တယ်။
တခြားသူတွေနဲ့ စကားပြောဆိုဆက်ဆံတဲ့နေရာမှာ သူ့ဆီကနေ ရည်မွန်တဲ့အသွင်အပြင်ကို ခံစားသိရှိနိုင်တယ်။ တစ်ဖက်လူရဲ့ အမှားအတွက် ဒေါသထွက်မယ်ဆိုရင်တောင် မဆန်းပေမယ့် သူက အဲဒီလို မလုပ်ခဲ့ဘူး။
"ကားပေါ်ကဆင်းပြီး တိုက်မိသွားတဲ့နေရာကို ကြည့်မလား"
"ဆင်းကြည့်ဖို့ လိုလို့လား" လို့ လူလတ်ပိုင်းအမျိုးသမီးက တွန့်ဆုတ်ဆုတ်နဲ့ ပြန်မေးတယ်။
"ဟားဟား။ ယာဉ်တိုက်မှုဖြစ်ထားတာဆိုတော့ ဆင်းကြည့်တာ ပိုကောင်းတာပေါ့။ နည်းနည်းလေး ပွတ်မိသွားရုံပါ၊ ကြီးကြီးမားမား ဘာမှမဖြစ်ပါဘူး။ ဒါကြောင့် အဲဒီအတွက် စိတ်ပူစရာ မလိုပါဘူး။ ခင်ဗျားမှာ အာမခံထားတာ ရှိလား"
"အာမခံလား။ ရှိလောက်ပါတယ်..."
သူမဖြေပုံထောက်ရင် သူ့ယောက်ျားနာမည်နဲ့ ဝယ်ထားတဲ့ ကားကို မောင်းလာပုံရတယ်။ လူလတ်ပိုင်းအမျိုးသမီးက ရှေ့နေပတ်ကို ခဏစောင့်ဖို့ပြောပြီး တစ်နေရာရာကို ဖုန်းဆက်လိုက်တယ်။ ဖုန်းချသွားပြီးတဲ့နောက် အမျိုးသမီးက ရှေ့နေပတ်ကို ဂဏာမငြိမ်တဲ့ပုံစံနဲ့ ကြည့်ပြီး ကားပေါ်မှာပဲ ငြိမ်ငြိမ်ကလေး ထိုင်နေတယ်။
"အာမခံကုမ္ပဏီကို ဖုန်းဆက်လိုက်တာလား"
"မဟုတ်ဘူး၊ ညီမလေးဆီ ဖုန်းဆက်လိုက်တာ။ သူ ဒီကျောင်းမှာ ရှိနေလို့လေ"
"ဪ၊ ဟုတ်ကဲ့။ ကောင်းတာပေါ့"
ဒီအချိန်တစ်လျှောက်လုံး ရှေ့နေပတ်က သူမကို ယဉ်ယဉ်ကျေးကျေးပဲ ဆက်ဆံခဲ့တယ်။ မိနစ်အနည်းငယ်လောက် ကြာတော့ ကားပါကင်မှာ အမျိုးသမီးတစ်ယောက် ပေါ်လာတယ်။ ဒါပေမဲ့ သူမမျက်နှာက နည်းနည်းလေး စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ပုံစံ ပေါက်နေတယ်။ ရင်းနှီးနေတဲ့ အဲဒီမျက်နှာကို မြင်လိုက်ရတော့ မာရူးက စုပ်သပ်လိုက်တယ်။ နေ့ခင်းတုန်းက ဝူဂျူး အပြစ်မလုပ်ဘဲနဲ့ ဝိုင်းဆူခဲ့ကြတဲ့ အုပ်စုထဲမှာ ဒီအမျိုးသမီးလည်း ပါတာကိုး။ သူမရဲ့ လက်ချောင်းမှာ လက်စွပ်အကြီးကြီးတစ်ကွင်းကို ဝတ်ဆင်ထားပြီး ရှေ့နေပတ်ကို လျစ်လျူရှုကာ သူ့ဘေးကနေ ဖြတ်လျှောက်သွားရင်း ကားပေါ်က အမျိုးသမီးနဲ့ ခဏလောက် စကားပြောလိုက်တယ်။ ခေါင်းကို အကြိမ်အနည်းငယ် ညိတ်ပြပြီးတဲ့နောက် သူမက ရှေ့နေပတ်ဘက်ကို လှည့်ကြည့်လာတယ်။
"ဒီမှာ ဘာတွေဖြစ်နေကြတာလဲ" လို့ လက်စွပ်နဲ့အမျိုးသမီးက သိသိသာသာကို စိတ်မရှည်တဲ့လေသံနဲ့ မေးတယ်။
ရှေ့နေပတ်က ပြုံးပြုံးလေးပဲ ပြန်ဖြေလိုက်တယ်။
"ယာဉ်တိုက်မှုလေး နည်းနည်းဖြစ်သွားတာပါ။ ကားမောင်းတဲ့သူက နောက်ဆုတ်ရင်းနဲ့ တိုက်မိသွားတာလေ။ သိပ်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အာမခံကို မခေါ်ချင်ဘူးဆိုရင်တော့ ကားပြင်ခ ဘေလ်ပြေစာကို ပို့ပေးလိုက်ပြီး ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်မယ်လို့ စဉ်းစားထားပါတယ်"
"ငါ့အစ်မက နောက်ဆုတ်ရင်း ရှင်တို့ကားကို ဝင်တိုက်တာ သေချာလို့လား။ ရှင်တို့က သူ့ကို ဝင်တိုက်တာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား"
"ဒီလိုတွေးမယ်ဆိုရင်လည်း တွေးစရာပါပဲ။ ဒါပေမဲ့ ကားမောင်းတဲ့သူကို မေးကြည့်လိုက်ရင် အခြေအနေကို သဘောပေါက်သွားမှာပါ"
"ငါ့အစ်မကတော့ ပြာယာခတ်နေတာပဲ။ ရှင် သူ့ကို အော်ဟစ်လိုက်တာမျိုးတွေ ဘာတွေများ လုပ်သေးလား"
"ဘယ်ဝံ့ရဲပါ့မလဲဗျာ။ ကျွန်တော်က ရှက်တတ်တဲ့သူမို့လို့ အသံတောင် ဘယ်လိုကျယ်ကျယ် ပြောရမှန်း မသိပါဘူး"
ရှေ့နေပတ်က သူမကို အင်မတန် ကျွမ်းကျွမ်းကျင်ကျင် ပြန်ဖြေနေတာကို မြင်တော့ အမျိုးသမီးက နှုတ်ခမ်းမဲ့လိုက်တယ်။ သူမကပဲ ရစ်ချင်နေတာလားလို့ မာရူး တွေးမိသွားတယ်။ အမျိုးသမီး မကြည့်နေတဲ့အချိန်မှာ သူက ပခုံးတွန့်ပြလိုက်တယ်။ ရှေ့နေပတ်က ခပ်ဖျော့ဖျော့လေး ပြုံးတယ်။
"ယာဉ်တိုက်မှု ဖြစ်သွားတယ်ဆိုပေမယ့်လည်း ကားအပြင်ဘက်ကနေ ယောက်ျားတစ်ယောက်က စိုက်ကြည့်နေမယ်ဆိုရင် အမျိုးသမီးတစ်ယောက်အနေနဲ့ လန့်သွားတတ်တာ သဘာဝပဲလေ၊ မဟုတ်ဘူးလား"
"ဟွန်း။ အဲဒီလိုလည်း ဖြစ်နိုင်တာပဲ"
"ပြီးတော့ ရှင့်ကားကလည်း အဲဒီလောက် ဈေးကြီးမယ့်ပုံ မပေါ်ပါဘူး။ မုန့်ဖိုးလောက်ရှိတဲ့ ပိုက်ဆံလေးအတွက်နဲ့ လူတစ်ယောက်ကို လာခြိမ်းခြောက်လို့ မရဘူးလေ"
မုန့်ဖိုးတဲ့။ ဘာကြောင့်မှန်းမသိပေမယ့် ဒီနေ့ ဒီစကားလုံးကို မာရူး ခဏခဏ ကြားနေရတယ်။ ဒီအမျိုးသမီးက သူများကိစ္စကို ဝင်မပါရရင် မနေနိုင်တဲ့ပုံစံမျိုးပဲ။ ပြီးတော့ သူမရဲ့စကားတွေက အရမ်းကို စော်ကားလွန်းရာကျနေတယ်။ သူမရဲ့ ယဉ်ကျေးမှုတွေကို စက္ကူနဲ့ထုတ်ပြီး အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တဲ့အတိုင်းပဲ။ ဒီလောက် ယုံကြည်မှုတွေ ဘယ်ကနေများ ရနေသလဲလို့ မာရူး စဉ်းစားမိတယ်။ ယာဉ်တိုက်မှုဖြစ်အောင် လုပ်ခဲ့တာ အဲဒီလူလတ်ပိုင်းအမျိုးသမီးဆိုတဲ့ အချက်ကို သူမ မသိလို့များလား။
"ကျွန်တော့် လူကောင်က နည်းနည်း ကြီးနေလို့နေမှာပါ။ အဲဒီအချက်ကို ကျွန်တော် သတိမထားမိလိုက်ဘူး" လို့ ရှေ့နေပတ်က သဘောကောင်းတဲ့အပြုံးနဲ့ တောင်းပန်လိုက်တယ်။
မာရူးက စိတ်ထဲကနေ လက်ခုပ်တီးလိုက်မိတယ်။ အဲဒီလို လိုက်လျောညီထွေ နေတတ်တဲ့အကျင့်က အတုယူဖို့ ကောင်းတယ်။ လက်စွပ်နဲ့ အမျိုးသမီးက အခုချိန်မှာ စိုးရိမ်ပူပန်နေရတော့မှာပဲ။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက သူမ တွက်ထားသလိုမျိုး အလွယ်တကူ အလျှော့ပေးမယ့်ပုံ မပေါ်ဘူးလေ။
"ဒါဆိုရင် စောစောက ကျွန်တော်ပြောတဲ့အတိုင်းပဲ ဆက်လုပ်ကြမလား"
"ခဏလေး၊ ငါ့အစ်မ နောက်ဆုတ်လာတာကို မြင်ရင် ရှင်က ဖယ်ပေးသင့်တာပေါ့။ ဘာလို့ အချိန်မီ မရှောင်လိုက်ရတာလဲ"
"ကျွန်တော် စောင့်နေခဲ့တာပါ"
"ရှင် စောင့်နေတာ ဟုတ်ဟုတ် မဟုတ်ဟုတ် ဂရုမစိုက်ဘူး။ အဲဒီလိုမျိုး မြင်တယ်ဆိုရင်တော့ ရှင်က ဖယ်ပေးရမှာပေါ့"
"ကားပါကင်ကနေ ထွက်ဖို့ အချိန်တော်တော် ယူရမယ်လို့ ထင်လိုက်မိလို့ ကျွန်တော်က ကားကိုရပ်ပြီး အရှေ့ဘောက်စ်ထဲမှာ ပစ္စည်းတစ်ခု ရှာနေလိုက်တာ။ အဲဒါကြောင့် သူ့ကား ကပ်လာတာကို မမြင်လိုက်ဘူးလေ"
"ဒါဆိုရင် ရှင့်ဘက်ကလည်း အပြစ်တစ်စိတ်တစ်ပိုင်း ပါတယ်ဆိုတာကို ဝန်ခံတာပေါ့"
"သာမန်လမ်းမကြီးပေါ်မှာဆိုရင်တော့ သူမအပြစ်က ရာခိုင်နှုန်းပြည့် သေချာပါတယ်။ ဒါပေမဲ့ ဒါက ကျောင်းဝင်းထဲမှာဖြစ်ပြီး ကားပါကင်နားမှာ ဖြစ်တာကိုး။ ကျွန်တော့်ကားကလည်း သတ်မှတ်ထားတဲ့ နေရာမှာ ရပ်မထားတာကို ထည့်တွက်မယ်ဆိုရင် ကျွန်တော့်ဘက်ကလည်း အပြစ် ၁၀ ရာခိုင်နှုန်းလောက်တော့ ရှိတယ်လို့ ပြောလို့ရပါတယ်။ အဲဒီအတိုင်း ဆက်လုပ်လိုက်ရမလား"
"အဲဒါ သေချာလို့လား။ ငါ ဆိုလိုတာက ရှင် ဖယ်ပေးလိုက်လို့ ရသားနဲ့"
"ဟားဟားဟား" လို့ ရှေ့နေပတ်က အသံထွက်အောင် ရယ်လိုက်တယ်။ မာရူး အလိုလို သဘောပေါက်လိုက်တာက အဲဒီရယ်သံဟာ သူ့ရဲ့ သည်းခံနိုင်စွမ်း အဆုံးစွန်ပဲ။
"အာမခံကိုပဲ ခေါ်ပြီး အလွယ်တကူ ဖြေရှင်းလိုက်ရင် မကောင်းဘူးလား"
ရှေ့နေပတ်က ဖုန်းထုတ်လိုက်တဲ့အချိန်မှာ လက်စွပ်နဲ့အမျိုးသမီးက ကားထဲက အစ်မဖြစ်သူဆီကို သွားလိုက်တယ်။ ခဏလောက် စကားပြောပြီးတဲ့နောက် လက်စွပ်နဲ့အမျိုးသမီးက ပြန်ပြောတယ်။
"အာမခံခေါ်တာ အဆင်မပြေဘူး"
သူမက သဘောထားကို ရှင်းရှင်းလင်းလင်းပဲ ထုတ်ပြောလိုက်တယ်။ ကားထဲက အမျိုးသမီးက အာမခံကို မခေါ်ချင်တဲ့ပုံပဲ။ သူမက ယာဉ်တိုက်မှုဖြစ်ထားတာကို ယောက်ျားဖြစ်သူ သိသွားမှာကို မလိုလားတာလည်း ဖြစ်နိုင်တယ်။
"ဟူး... ဒါဆိုရင် ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တစ်ခု ပေးခဲ့ပါ။ ကားပြင်ခ ဘယ်လောက်ကျမလဲဆိုတာ သေသေချာချာ သိရပြီဆိုတာနဲ့ ကျွန်တော် ဆက်သွယ်လိုက်ပါ့မယ်"
"အဲဒီလို လုပ်စရာမလိုပါဘူး။ ဒီမှာတင် ရှင်းကြတာပေါ့။ ရှင့်ကို ဖုန်းနံပါတ်ပေးဖို့ စိတ်ချရတယ်ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ"
လက်စွပ်နဲ့အမျိုးသမီးက ယာဉ်တိုက်မှုဖြစ်သွားတဲ့နေရာကို တစ်ချက်ကြည့်လိုက်ပြီး သူမရဲ့ပိုက်ဆံအိတ်ထဲကနေ ၁၀၀၀၀ တန် ငါးရွက်ကို ရုတ်တရက် ဆွဲထုတ်လိုက်တယ်။
"ဒီလောက်ဆို ရပြီမလား။ ကားက တစ်ပတ်ရစ်ကားပုံလည်း ပေါက်နေတာပဲ"
"ရှေ့ဘမ်ပါကို အသစ်လဲရမှာဖြစ်သလို ဒီနေရာကိုလည်း ဆေးပြန်သုတ်ရဦးမှာဆိုတော့ အဲဒီလောက်နဲ့ မလောက်ပါဘူး"
"ဒီလိုကားမျိုးအတွက် ဘယ်လောက်တောင် သုံးဖို့ စဉ်းစားထားလို့လဲ"
"ဈေးပေါတဲ့ ကိုရီးယားကားတွေတောင်မှ လက်ခကို ထည့်တွက်မယ်ဆိုရင် ဝမ် တစ်သိန်းထက်ပိုပြီး ကုန်မှာပါ။ အဲဒါတောင် ဆေးသုတ်ရမယ့်စရိတ်ကို ထည့်မတွက်ရသေးဘူးနော်"
"ရှင်ကတော့ လွန်လာပြီ။ ဒီကားကို မြင်လား။ ဒါ မာစီဒီးစ် ဘင့်ဇ်ကား။ ကားပြင်ခ ဘယ်လောက်ကုန်မယ်လို့ ထင်နေလဲ။ ကျွန်မက အေးအေးဆေးဆေး ဖြေရှင်းမလို့ပါပဲ။ ဒါပေမဲ့ ကျွန်မ သည်းခံနိုင်စွမ်းလည်း ကုန်နေပြီ ထင်တယ်။ ရိုးရိုးသားသားပဲ ပြောစမ်းပါ။ ဈေးအရမ်းကြီးတဲ့ ကားကို တွေ့လိုက်တော့ ရှင် ကံကောင်းသွားပြီလို့ တွေးလိုက်တယ်မလား။ ပြီးတော့ ငါ့အစ်မက ကြောက်နေတဲ့ပုံ ပေါက်နေလို့ သူ့ဆီကနေ ပိုက်ဆံ ညှစ်ချင်နေတာမလား။ ဒါက မကြည့်ဘဲနဲ့တောင် သိသာနေတာပဲ။ အဲဒါကြောင့် လူတွေက သုံးစားမရတာ"
"ဘာက သုံးစားမရတာလဲ"
"ငါက အတိအလင်း ပြောပြနေဖို့ လိုသေးလို့လား။ ဘာပဲဖြစ်ဖြစ် အခု ငါပေးမယ့် ဝမ် ငါးသောင်းကို ယူမလား။ မယူဘူးဆိုရင်တော့ ငါတို့ကားပြင်ခ ဘေလ်ပြေစာကိုလည်း ရှင့်ဆီကို ပို့ပေးရလိမ့်မယ်"
အဲဒီအမျိုးသမီးက တကယ့်ကို ခေါင်းမာပြီး စကားနားမထောင်တဲ့သူပဲ။ သူမက ဒီတိုက်ပွဲမှာ အနိုင်ရသွားပြီလို့ ခံစားနေရတဲ့အလား မျက်နှာမှာ မောက်မာတဲ့အပြုံးတစ်ခုတောင် ပေါ်နေသေးတယ်။
မာရူးက ရှေ့နေပတ်ကို လှမ်းကြည့်လိုက်တယ်။ ရှေ့နေပတ်က သက်ပြင်းချလိုက်ပြီး သူ့နက်တိုင်ကို ပြန်ပြင်လိုက်တယ်။ သူက ရှပ်အင်္ကျီရဲ့ အပေါ်ဆုံးကြယ်သီးကို ပြန်တပ်လိုက်ပြီး နက်တိုင်ကလစ်ကိုပါ တပ်လိုက်ကာ သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်လိုက်တယ်။
မာရူးအမြင်မှာတော့ သူက ခေတ်လယ်ပိုင်းက စစ်သူရဲကောင်းတစ်ယောက် သံချပ်ကာဝတ်စုံကို ဝတ်ဆင်နေတဲ့အတိုင်းပဲ။ သူက တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေတာကိုး။ လက်စွပ်နဲ့အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူမကိုယ်သူမ အင်မတန် သဘောထားကြီးတဲ့သူတစ်ယောက်လိုမျိုး အိတ်ကပ်ထဲကနေ နောက်ထပ် ပိုက်ဆံတစ်ရွက် ထပ်ထုတ်လိုက်တယ်။
"ရော့... ဒီလောက်နဲ့ပဲ ကျေအေးလိုက်ကြရအောင်"
ရှေ့နေပတ်က သူမကို ပြုံးပြလိုက်ပြီး ပိုက်ဆံကို ငြင်းလိုက်တယ်။ အဲဒီအချိန်မှာပဲ လူလတ်ပိုင်းအုပ်စုတစ်စု ကားပါကင်ကို ရောက်လာကြတယ်။ ကျောင်းဆင်းပြီဖြစ်လို့ မိဘတွေလည်း အိမ်ပြန်ကြတော့မယ့်ပုံပဲ။ လူတွေက ဝိုင်းအုံလာကြတယ်။ သူတို့အချင်းချင်း သိကျွမ်းပုံရပြီး လက်စွပ်နဲ့အမျိုးသမီးကို ဘာဖြစ်တာလဲလို့ အားလုံးက ဝိုင်းမေးကြတယ်။
"နည်းနည်း ပြဿနာဖြစ်သွားလို့ပါ။ ဒီကလူက ကျွန်မကို အရူးတစ်ယောက်လို လာဆက်ဆံနေလို့လေ"
"ဒီကလူ ဟုတ်လား"
လက်စွပ်နဲ့အမျိုးသမီးကို ကြည့်နေတဲ့ အမျိုးသားက ရှေ့နေပတ်ဘက်ကို လှည့်ကြည့်လိုက်တယ်။ သူတို့ဘက်ကို ကျောပေးပြီး အဝတ်အစား သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်နေတဲ့ ရှေ့နေပတ်က လှည့်ကြည့်လာတယ်။ အဲဒီအခါ အမျိုးသားရဲ့မျက်နှာက သိသိသာသာ ဝင်းလက်သွားပြီး နှုတ်ဆက်လိုက်တယ်။
"ရှေ့နေပတ်။ ဘယ်နားများ ရောက်နေလဲလို့ ရှာနေတာ။ ဒီနေရာကို ရောက်နေတာကိုး"
အဲဒီအမျိုးသားက ရှေ့နေပတ်ကို ဝမ်းသာအားရ နှုတ်ဆက်လိုက်တဲ့အခါ လက်စွပ်နဲ့အမျိုးသမီးက ချက်ချင်းပဲ ဂဏာမငြိမ် ဖြစ်သွားတယ်။
"ဪ၊ မတွေ့ရတာ တော်တော်ကြာပြီပဲ။ အဖွဲ့လိုက် ညစာစားပွဲတုန်းက တွေ့ခဲ့ကြတယ်မလား"
"ဟုတ်ပါတယ်။ ကျွန်တော့်ကို မှတ်မိသားပဲ"
"မှတ်မိတာပေါ့။ ခင်ဗျားရဲ့ ကလေးကလည်း ဒီကျောင်းကိုပဲ တက်တာလား"
"ဟုတ်တယ်။ ရှေ့နေပတ်ရဲ့ ကလေးကရော"
"တိုက်ဆိုင်လိုက်တာ။ ကျွန်တော့်သမီးလည်း ဒီကျောင်းပဲ တက်တာ"
"ဪ။ ကျွန်တော်တို့ မိသားစုချင်း တစ်ခေါက်လောက် ညစာအတူတူ စားကြရင် မကောင်းဘူးလား။ ကျွန်တော့်သမီးနဲ့ ခင်ဗျားရဲ့သမီး သူငယ်ချင်း ဖြစ်သွားစေချင်လို့ပါ"
"ဟားဟား၊ ကောင်းပါပြီ။ အရင်တုန်းက စားသောက်ဆိုင်မှာပဲ တစ်ခေါက်လောက် ဆုံကြတာပေါ့"
"ဝိုး၊ ဂုဏ်ယူစရာပါပဲ"
အမျိုးသားက ရှေ့နေပတ်ကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး နှုတ်ဆက်လိုက်တယ်။ လက်စွပ်နဲ့အမျိုးသမီးက အနောက်ဘက်ကို ဖြည်းဖြည်းချင်း ဆုတ်သွားတာကို မာရူး မြင်လိုက်တယ်။
"ဒါပေမဲ့ ဒီမှာ နားလည်မှုလွဲတာလေးတစ်ခု ရှိနေပုံရတယ်။ ရှေ့နေပတ်က ဘယ်သူ့ကိုမှ မကောင်းမွန်တဲ့ပုံစံနဲ့ ဆက်ဆံမယ့်သူမှ မဟုတ်တာ"
အမျိုးသားက ရှေ့နေပတ်ရဲ့ဘက်ကနေ အခြေအနေကို ဝင်ရှင်းပေးဖို့ ကြိုးစားတယ်။ သူက လက်စွပ်နဲ့အမျိုးသမီးကိုလည်း သိနေတာမို့လို့ ဒီကိစ္စကို ကြီးကြီးမားမား မဖြစ်စေချင်ဘူးလေ။ သူသာ စောစောကတည်းက ရောက်လာခဲ့မယ်ဆိုရင် ရှေ့နေပတ်က ပြုံးပြပြီး သူပြောတဲ့အတိုင်း လုပ်ပေးခဲ့မှာ သေချာပေမယ့် အခုချိန်မှာတော့ ဘယ်လိုလုပ်မလဲ။
"အို... မဟုတ်ပါဘူး။ တိုက်ဆိုင်မှုလေးတစ်ခု ဖြစ်သွားရုံပါ"
"ဪ၊ ဟုတ်ကဲ့ပါ..."
"ဒါဆိုရင် အာမခံကိုပဲ ခေါ်လိုက်တာ ကောင်းမယ်ထင်တယ်"
ရှေ့နေပတ်က လက်စွပ်နဲ့အမျိုးသမီးကို ခေါင်းတစ်ချက်ညိတ်ပြပြီး ကားထဲကအမျိုးသမီးဆီကို လျှောက်သွားတယ်။ ကားထဲက အမျိုးသမီးက အပြင်ကို ထွက်လာပြီ။ ဒီကလူတွေအားလုံးရဲ့ ဆက်ဆံပုံကိုကြည့်ပြီး ရှေ့နေပတ်က အထင်သေးလို့ရတဲ့သူ မဟုတ်ဘူးဆိုတာကို သူမ သဘောပေါက်သွားတဲ့ပုံပဲ။
"အဟမ်း၊ တောင်းပန်ပါတယ်။ ယာဉ်တိုက်မှုဖြစ်တာ ဒါ ပထမဆုံးအကြိမ်မို့လို့ပါ၊ ပြီးတော့ ဒါက ကျွန်မယောက်ျားရဲ့ ကားဆိုတော့ မောင်းရတာ သိပ်မကျွမ်းသေးလို့ပါ။ ချက်ချင်း တောင်းပန်လိုက်ရမှာကို။ အဲဒီအတွက် တောင်းပန်ပါတယ်"
"ရပါတယ်။ တောင်းပန်စရာ မလိုပါဘူး။ အာမခံက အကုန်လုံး ရှင်းပေးသွားမှာပါ"
"ရှင့်... ရှင့်ကားပြင်ခ အကုန်လုံးကို ကျွန်မ ပေးပါ့မယ်နော်။ ဒီကိစ္စကိုသာ ကျွန်မယောက်ျား သိသွားရင် တော်တော်လေး ပြဿနာတက်မှာမို့လို့ပါ"
"ဪ"
ရှေ့နေပတ်က အဲဒီလိုပြောရင်း လက်စွပ်နဲ့အမျိုးသမီးကို ကြည့်လိုက်တယ်။ ကားမောင်းတဲ့အမျိုးသမီးက ချက်ချင်းပဲ လက်စွပ်နဲ့အမျိုးသမီးရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး တောင်းပန်တဲ့မျက်နှာထားနဲ့ ကြည့်တယ်။
"သူ့မှာ ဘာရည်ရွယ်ချက်ဆိုးမှ မရှိပါဘူး။ ကျွန်မ ဆိုလိုချင်တာက အခုခေတ်ကြီးက သိပ်စိတ်ချရတာ မဟုတ်ဘူးလေ။ ဒါကြောင့် သူက နည်းနည်းလေး လွန်သွားတာပါ၊ အဲဒီအတွက် သူ့ကို စိတ်မဆိုးပါနဲ့လို့ တောင်းဆိုချင်ပါတယ်"
ကားမောင်းတဲ့အမျိုးသမီးက လက်စွပ်နဲ့အမျိုးသမီးကို တံတောင်နဲ့ တွတ်လိုက်တယ်။ လက်စွပ်နဲ့အမျိုးသမီးက မလိုလားတဲ့ပုံစံနဲ့ တောင်းပန်လိုက်တယ်။
"တောင်းပန်ပါတယ်။ ဒါပေမဲ့..."
သူမ စကားမဆုံးခင်မှာပဲ ကားမောင်းတဲ့အမျိုးသမီးက ဖြတ်ပြောလိုက်တယ်။ ရှေ့နေပတ်ကလည်း ဒီကိစ္စကို ဒီထက်ပိုပြီး ရှည်ငင်အောင်လုပ်မယ့် ရည်ရွယ်ချက် မရှိတဲ့ပုံပါပဲ၊ ဒါကြောင့် သူ့မျက်နှာထားကို လျှော့ချလိုက်ပြီး ကားပြင်ခ ဘေလ်ပြေစာကို သူတို့ဆီ ပို့ပေးလိုက်မယ်လို့ သဘောတူလိုက်တယ်။
"ဆူဆူညံညံ ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်ဗျာ"
"မလိုပါဘူးရှင်။ ဒီမှာ အချင်းများလိုက် ဟိုမှာ စကားများလိုက်နဲ့ဆိုတော့မှ ဘဝက ပိုစိတ်ဝင်စားစရာကောင်းတာပါ။ ဒီကိစ္စအတွက် စိတ်မပူပါနဲ့၊ ပြန်လို့ရပါပြီ"
"ဒါဆိုရင် ကျွန်တော် အရင်သွားနှင့်ပါရစေ"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့။ သွားနှင့်ပါ"
ရှေ့နေပတ် အချက်ပြတာကို မြင်တော့ မာရူး ကားပေါ်တက်လိုက်တယ်။ နောက်ကြည့်မှန်ကနေတစ်ဆင့် လူလတ်ပိုင်းအုပ်စုကို လှမ်းကြည့်လိုက်တော့ အားလုံးက ပြုံးနေကြတာကို သူ မြင်လိုက်တယ်။
"ဦးလေးပတ်က တော်တော်လေး ဩဇာတိက္ကမကြီးတဲ့သူ ဖြစ်ရမယ်"
"မင်းလည်း အားကျတယ်ဆိုရင် အဲဒီလိုလူမျိုး ဖြစ်အောင် ကြိုးစားလေ"
"ကျွန်တော်က စာလုပ်ရတာ ဝါသနာမပါဘူးလို့ ပြောထားတယ်လေ"
ရှေ့နေပတ်က ပြုံးပြုံးလေးနဲ့ ကားစမောင်းထွက်သွားတယ်။
* * * * * * * * *
ကားထွက်သွားတာကို ကြည့်ရင်း အင်ဘစ်နာ က စုပ်သပ်လိုက်တယ်။ အဲဒီလူက သူမပြောသမျှကို တစ်ခွန်းမကျန် ပြန်ချေပနေတာကို သဘောမကျပေမယ့် အခြေအနေတွေက တလွဲစီ ဖြစ်သွားတာကိုး။
"အဲဒီရှေ့နေက အဲဒီလောက်တောင် အရေးပါတဲ့သူမို့လို့လား"
ပြဿနာကို ဝင်ရှင်းပေးလိုက်တဲ့ အမျိုးသားကို ဘစ်နာ က လှမ်းမေးလိုက်တယ်။ သူတို့က တိုက်ခန်းတစ်ခုတည်းမှာ နေကြတာဖြစ်လို့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာမို့ အခုနက သူဝင်လုပ်သွားတဲ့ပုံစံကို သူမ သဘောမကျဘူး။
"စကားပြောတာ ဆင်ခြင်ပါဦး ဗျာ။ သူက သာမန်ရှေ့နေတစ်ယောက်ဆိုရင် ကျွန်တော်က အဲဒီလိုမျိုး လုပ်နေစရာလား။ သူက မတူဘူး"
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ သူက အစိုးရရှေ့နေချုပ်ဟောင်း တစ်ယောက်လေ။ အဲဒီရာထူးကို သူ့အသက် လေးဆယ်ကျော်မှာတင် ရခဲ့တာဆိုတော့ သူ ဘယ်လောက်တောင် တော်သလဲဆိုတာ သဘောပေါက်ပြီလား"
"အဲဒါက အဲဒီလောက်တောင် အံ့ဩစရာကောင်းတဲ့ ကိစ္စလား" လို့ သူမ မသိလို့ပဲ ဘစ်နာ က မေးလိုက်တယ်။
အမျိုးသားက စိတ်ပျက်လက်ပျက်နဲ့ မျက်မှောင်ကြုတ်လိုက်တယ်။
"ဘာပဲဖြစ်ဖြစ် သူ့ကို မကျေမနပ်ဖြစ်အောင် သွားမလုပ်ပါနဲ့၊ နောက်တစ်ခါ သူ့ကိုတွေ့ရင် ပြုံးပြလိုက်ပါ။ ဘဝမှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သိနိုင်မှာလဲ"
"ဒါပေမဲ့ သူက ရှေ့နေတစ်ယောက်ပဲလေ။ ပိုက်ဆံပေးပြီး ငှားလို့ရတဲ့သူပဲဟာကို"
"ဒုက္ခပါပဲဗျာ၊ အဲဒီလိုမျိုး ဘယ်သူ့ကိုမှ သွားမပြောပါနဲ့။ တကယ့် ပြဿနာအကြီးကြီး တက်သွားလိမ့်မယ်"
ရှေ့နေတွေနဲ့ ဆရာဝန်တွေကို လေးစားကြရတဲ့ အကြောင်းရင်းက သူတို့တွေက ပိုက်ဆံအများကြီး ရှာနိုင်ကြလို့ပဲလေ။ ပိုက်ဆံမရှိတဲ့ ဆင်းရဲသားတွေကသာ သူတို့ကို ရိုရိုသေသေ ဆက်ဆံကြတာဖြစ်ပြီး ပိုက်ဆံရှိတဲ့သူတွေကတော့ သူတို့ကို ပိုက်ဆံပေးငှားလို့ရတဲ့ သူတွေအဖြစ်ပဲ သတ်မှတ်ကြတာ။ ဘစ်နာ က နှာခေါင်းရှုံ့လိုက်တယ်။ သူမက စပေါ်ငွေနဲ့ပတ်သက်တဲ့ ပြဿနာတချို့ကြောင့် ရှေ့နေတစ်ယောက်နဲ့ တိုင်ပင်ဖူးတယ်။ အဲဒီတုန်းက ရှေ့နေက သူမကို ဘုရင်မတစ်ပါးလို ဆက်ဆံခဲ့တာ။ ပိုက်ဆံပေးပြီး ငှားလို့ရတဲ့ အလုပ်တစ်ခုက ဘာတွေများ အဲဒီလောက်တောင် အံ့ဩစရာကောင်းနေလို့လဲ။
သတိထားဖို့ ပြောတဲ့ အမျိုးသားရဲ့ စကားကို သူမက လျစ်လျူရှုလိုက်ပြီး အစ်မဖြစ်သူဆီ သွားလိုက်ဦးမယ်လို့ ပြောကာ အဲဒီနေရာကနေ ထွက်လာခဲ့တယ်။ သူမမှာ ချိန်းဆိုထားတာ ရှိသေးတယ်။
"ဟုတ်ကဲ့၊ မန်နေဂျာချုပ်ပတ်"
မီးပွိုင့်ရှေ့မှာ ရပ်နေတုန်း သူမဆီကို ဖုန်းဝင်လာတယ်။ အခန်းတွေကို စီမံခန့်ခွဲရတဲ့ မန်နေဂျာချုပ်ပတ် ဆီကပဲ။ အဲဒီမှာ အလုပ်လုပ်တဲ့ ကောင်မလေးတစ်ယောက် နေမကောင်းလို့ အလုပ်မဆင်းဘူးတဲ့လေ။
"သူ့ဆီ သွားကြည့်လိုက်ဦး။ ရာသီလာတာလည်း မဟုတ်ဘဲနဲ့ နေမကောင်းဖြစ်စရာ အကြောင်းမရှိပါဘူး။ သူ တကယ် နေမကောင်းဖြစ်နေရင်လည်း ဆေးရုံကို ခေါ်သွားလိုက်ပါ။ ဒါပေမဲ့ တောက်... သူသာ မရှိရင် စားပွဲဝိုင်းတွေက သိပ်မလည်ပတ်တော့ဘူးကွ။ သူနဲ့ အဆင့်တူလောက်တဲ့ တခြားကောင်မလေးတွေကော ရှိသေးလား။ ရှိတယ်ဆိုရင် သူ့ကို ဆက်သွယ်ပြီး နေမကောင်းတဲ့ကောင်မလေးနေရာမှာ အစားထိုးခိုင်းလိုက်။ TC အားလုံးကိုလည်း သူ့ကိုပဲ ပေးလိုက်။ ဒါပေမဲ့ ကြည့်ကောင်းတဲ့ ကောင်မလေးကိုပဲ ခေါ်လာရမယ်နော်၊ ကြားလား။ ငါတို့ဆိုင်က ကောင်မလေးအလန်းစားတွေ ရှိတဲ့ အကောင်းဆုံးနေရာတွေထဲက တစ်ခုဆိုတာ မင်း သိပါတယ်နော်။ အေးအေး၊ ကျေးဇူးပဲ"
ဘစ်နာ က ဆေးလိပ်ကို မီးညှိလိုက်တယ်။ နာမည်ကြီး ကောင်မလေးတစ်ယောက် နေမကောင်းဖြစ်ပြီဆိုရင် သူတို့က ဖုန်းဆက်ခေါ်တတ်တယ်။ တစ်လကို ဝမ် ဆယ်ဂဏန်းသန်းချီပြီး ရှာပေးနိုင်တဲ့ ဒီလိုကောင်မလေးတွေက နေမကောင်းလို့ ခွင့်ယူတိုင်း ဘစ်နာ က အရမ်းဒေါသထွက်လေ့ရှိတယ်။
"တောက်... အဲဒီလူကြောင့် ငါ စိတ်တိုနေရတဲ့အထဲ"
အဲဒီအချိန်မှာပဲ တခြားကားပေါ်ကနေ အမျိုးသားတစ်ယောက်က သူမကို စိုက်ကြည့်နေတာကို မြင်လိုက်ရတယ်။ ဘစ်နာ က ကားမှန်ကိုချပြီး အော်လိုက်တယ်။
"ဘာလဲ။ မိန်းမတစ်ယောက် ဆေးလိပ်သောက်တာ ပထမဆုံးအကြိမ် မြင်ဖူးတာလား"
လူငယ်လေးက မျက်နှာလွှဲသွားတယ်။ မီးပွိုင့်စိမ်းသွားတာနဲ့ ဘစ်နာ က ဆေးလိပ်တိုကို ကားမှန်ကနေ အပြင်ဘက်ကို လွှင့်ပစ်လိုက်ပြီး မောင်းထွက်လာခဲ့တယ်။ သူမက စိတ်ကို ငြိမ်အောင်ထားပြီး မှန်ထဲမှာ မျက်နှာကို ပြန်စစ်လိုက်တယ်။ ဒီနေ့ သူမ တွေ့ရမယ့် ဧည့်သည်က သူမရဲ့ ကြည့်ရဆိုးတဲ့အသွင်ကို ပြလို့မရတဲ့လူမျိုးလေ။
ချောင်းဒမ်ဒုံ က ဆိုင်ကို ရောက်တဲ့အခါ ဘစ်နာ က ကားပေါ်ကဆင်းပြီး ဆိုင်ထဲကို ဝင်သွားတယ်။ ဧည့်သည်ရောက်လာတော့မယ့် အချိန်ပဲ။ သူမက အဝတ်အစားလဲပြီး ရေမွှေးဆွတ်လိုက်တယ်။ အသက် လေးဆယ်ကျော်နေပြီ ဖြစ်ပေမယ့် မှန်ထဲက သူမရဲ့ ခန္ဓာကိုယ်အချိုးအစားက ကြည့်ကောင်းနေတုန်းပဲ။
"အစ်မ... ဒီနေ့ အချစ်ကလေး လာမှာလား"
"ကောင်မလေး။ ငါ့ကို ဂရုမစိုက်နဲ့၊ မင်းရဲ့စားပွဲဝိုင်းကိုပဲ သေသေချာချာ သွားလုပ်။ နေပါဦး... မင်း ဝလာသလားလို့"
"မဝပါဘူး"
ကောင်မလေးက ပြုံးပြီး ထွက်သွားတယ်။ ဘစ်နာ က ဧည့်သည်ဝယ်ပေးထားတဲ့ ရှပ်အင်္ကျီကို ဝတ်လိုက်တယ်။ အဲဒီလူက ဘာအကြောင်းကြောင့်ရယ်မသိ ရှပ်အင်္ကျီတွေကို သဘောကျတယ်။ သူမက အခန်းလွတ်တစ်ခုထဲမှာ တိတ်တိတ်ကလေး စောင့်နေတုန်း တံခါးမခေါက်ဘဲ အခန်းတံခါး ပွင့်လာတယ်။ ဘစ်နာ က ဧည့်သည်ကို ကြည့်ပြီး ပြုံးပြလိုက်ကာ မန်နေဂျာချုပ်ကို ထွက်သွားဖို့ လက်ကာပြလိုက်တယ်။
"ဒီနေ့ ဘယ်လေနှင်လို့ ရောက်လာတာလဲ"
"သောက်ချင်လို့ပါ"
ဘစ်နာ က မတ်တတ်ရပ်လိုက်ပြီး အမျိုးသားချွတ်ပေးတဲ့ အပေါ်အင်္ကျီကို လှမ်းယူလိုက်တယ်။ ပြီးတော့ သူ့ရဲ့ နက်တိုင်ကို ဖြုတ်ပေးလိုက်တယ်။ ပင်ပန်းနေပုံရတဲ့ အမျိုးသားကို ဆိုဖာဆီ ခေါ်သွားလိုက်တယ်။ အမျိုးသားက သမ်းဝေလိုက်တယ်။
ဘစ်နာ က အမျိုးသားရဲ့ မုတ်ဆိတ်မွေးကြမ်းကြမ်းတွေကို ပွတ်သပ်ပေးရင်း မေးလိုက်တယ်။
"ဒီနေ့ ငါ့ရဲ့အချစ်ကလေး မစ္စတာ ဟောင်ဂျန်ဟဲ က ဘာဖြစ်လို့ ဒီလောက်တောင် ပင်ပန်းနေရတာလဲ"
* * * * * * * * *