အခန်း ၃၀၇
Vol. 31 Ch. 307
အခန်း(၃၀၇)
ဘစ်နာက ဂျန်ဟဲဆီကနေ ဗော့ဒ်ကာတစ်ခွက်ကို လှမ်းယူလိုက်တယ်။ မြစိမ်းရောင် ဗော့ဒ်ကာအရည်တွေက ကြည်လင်နေတဲ့ဖန်ခွက်ထဲမှာ တလက်လက် တောက်ပနေတယ်။ သူမက ခွက်ကို ဘေးဘက်ကို အသာလေးလွှဲလိုက်ပြီး နှုတ်ခမ်းနားမတေ့ခင်မှာပဲ ပြင်းရှရှ အရက်နံ့ကို ရှူရှိုက်လိုက်တယ်။
"အိုပါးလည်း နည်းနည်းလောက် သောက်သင့်တယ်နော်"
ဘစ်နာက ဂျန်ဟဲရဲ့ ခွက်ထဲကို အရက်ငဲ့ထည့်ပေးလိုက်တယ်။
"ဒီနေ့ ဂေါက်ရိုက်သွားမလို့ဆို"
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက တစ်ယောက်ကိုတစ်ယောက် လေးစားတဲ့အနေနဲ့ တွေ့ဆုံဖို့အတွက် အချိန်ကို ကြိုတင်ဖယ်ထားပေးရတဲ့ ပုံစံမျိုးလေ။ ဒါ့အပြင် နှစ်ယောက်လုံးကလည်း အလုပ်များကြတော့ သူတို့တွေ့ချင်တဲ့အချိန်တိုင်း တွေ့လို့မရဘူး။ ဒါပေမဲ့ ဒီနေ့တော့ ဂျန်ဟဲက သူမကို တွေ့ချင်တယ်လို့ တစ်ဖက်သတ် ဆုံးဖြတ်ပြီး ပြောလာတယ်။ အဲဒီအချိန်က အားနေတာမို့လို့ ဘစ်နာက လက်ခံလိုက်ပေမယ့် သူမ သိချင်နေခဲ့တယ်။ ဒီလို စေ့စပ်သေချာလွန်းတဲ့လူက ဘာလို့များ သူမကို ရုတ်တရက်ကြီး တွေ့ချင်ရတာလဲ။
"ပွဲဖျက်လိုက်လို့"
"အဲဒါဆိုရင်တော့ စိတ်ပျက်စရာပဲ။ ရှင်က ချိန်းထားတာ ပျက်သွားလို့သာ ကျွန်မကို ခေါ်လိုက်တာပေါ့လေ"
"ဒါဆို ငါ ပြန်သွားရမလား"
"ရပါတယ်လေ" လို့ ပြောရင်း ဘစ်နာက သူ့ရဲ့ပေါင်ပေါ်ကို လှဲချလိုက်တယ်။
ပါးစပ်ကသာ အဲဒီလိုပြောလိုက်ပေမယ့် သူမ အားနေတဲ့အချိန်မှာ သူ လာတွေ့တဲ့အတွက် သူမ တကယ် ဝမ်းသာနေတာပါ။ ဂျန်ဟဲက သူမရဲ့ ဆံပင်တွေကို သပ်ပေးလိုက်တယ်။
"ငါတို့ တခြားတစ်နေရာမှာ တွေ့ခဲ့သင့်တာ။ မင်း ကြည့်ရတာ ဗိုက်ဆာနေပုံပဲ"
"တခြားနေရာတွေမှာကျတော့ ကျွန်မတို့ အခုလိုမျိုး နေလို့မှ မရတာ"
"အဲဒီလိုလား"
ဘစ်နာက ဂျန်ဟဲ ခွံ့ကျွေးတဲ့ စပျစ်သီးတွေကို စားလိုက်တယ်။ ဂျန်ဟဲက သူ့စိတ်ထဲမှာ တစ်ခုခုကို ဆုံးဖြတ်ထားပြီးပြီဆိုရင် သူ့အမြင်ကို ချက်ချင်း ထုတ်ပြောတတ်တဲ့ လူစားမျိုးလေ။ သူ အခုလို ငြိမ်နေတယ်ဆိုတာက သူ့ရဲ့ အတွေးတွေကို စုစည်းနေတယ်ဆိုတဲ့ သဘောပဲ။ သူမအနေနဲ့ သူ့ကို စကားပြောဖို့ တိုက်တွန်းနေစရာ မလိုပါဘူး။
"စိန်ခေါ်မှုတစ်ခုလို့ တွေးကြည့်ရင်တော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ အဲဒီလို နောက်ဆုံးဖြစ်ခဲ့တာ သိပ်တောင် မကြာသေးဘူး" လို့ အတော်ကြာမှ ဂျန်ဟဲက စကားစတယ်။
"စိန်ခေါ်မှု ဟုတ်လား"
"အင်း"
"အိုပါး လိုချင်တာမှန်သမျှ အကုန်ရခဲ့ပြီ မဟုတ်ဘူးလား။ စီနီယာမန်နေဂျင်းဒါရိုက်တာ ဖြစ်ရတာက လူတိုင်း အားကျရတဲ့ ရာထူးတစ်ခုပဲ မဟုတ်ဘူးလား"
"ဒါပေမဲ့ ငါ့အဆင့်က အဲဒီ စီနီယာမန်နေဂျင်းဒါရိုက်တာမှာပဲ ရပ်နေတာလေ။ ဒီနှစ်ဆို ငါလည်း ငါးဆယ့်ငါးနှစ် ရှိနေပြီ။ အထက်ကို ဆက်တက်ဖို့ လမ်းမမြင်တော့ဘူးဆိုတော့ လမ်းကြောင်းပြောင်းရမယ့် အချိန်ရောက်ပြီပေါ့"
"အိုပါးက ငါးဆယ့်ငါးနှစ်တောင် ရှိသွားပြီလား။ အိုပါး တော်တော် အသက်ကြီးနေပြီပဲ"
"ငါက နုတဲ့ရုပ်ရှိလို့ ကိစ္စမရှိပါဘူး"
"အဲဒါတော့ ဟုတ်တယ်"
ဘစ်နာက ဂျန်ဟဲရဲ့ မျက်နှာကို သပ်ပေးရင်း တခစ်ခစ် ရယ်လိုက်တယ်။ ဒီလူနဲ့ ပထမဆုံး စတွေ့တုန်းကဆို သူမ သူ့ကို တော်တော်လေး ကြောက်ခဲ့တာ။ သူ့မျက်လုံးတွေထဲကနေ လေဆာတန်းတွေများ ပစ်လွှတ်တော့မလားလို့တောင် ထင်ရတာလေ။ အခုတော့ သူမက သူ့ကို နွေးနွေးထွေးထွေး စကားပြောနိုင်နေပြီ။
"ကုမ္ပဏီက အိုပါးကို ထွက်စေချင်နေတာလား"
"ခပ်ဆင်ဆင်ပဲ ပြောရမှာပေါ့"
ဂျန်ဟဲက ခပ်ရေးရေး ပြုံးလိုက်တယ်။
"ဟင်"
"အခုချိန်ထိ ငါလုပ်နေတာနဲ့ ဆင်တော့ဆင်တယ်။ ဒါပေမဲ့ သိပ်မရေရာတဲ့ ကိစ္စတစ်ခုကို တာဝန်ယူဖို့ ဖြစ်လာတာ။ ငါတို့ ကော်ပိုရေးရှင်းရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုက ခွဲထွက်လာတဲ့ ကုမ္ပဏီခွဲတစ်ခု ရှိတယ်။ ငါ အဲဒီမှာ သွားလုပ်ဖို့ စီစဉ်နေတာ"
"မရေရာဘူးဆိုတာ ဘာကိုပြောတာလဲ"
"ဖြန့်ချိရေးအလုပ်ဆိုပေမယ့် ငါက လူတွေရယ်၊ ဂီတရယ်နဲ့ အဓိက အလုပ်လုပ်ရမှာ။ နာမည်ကြီး အနုပညာရှင်တွေနဲ့လည်း ပါချင်ပါမှာပေါ့"
"ရှင်။ ဂီတ ဟုတ်လား။ အနုပညာရှင်တွေ။ ဟားဟား... သိပ်ရယ်ရတာပဲ။ အိုပါးနဲ့ နည်းနည်းမှ မလိုက်ဘူး"
ဒီလို တောင့်တောင့်ကြီးနေတတ်တဲ့ လူနဲ့ ဂီတနဲ့ ဟုတ်လား။ အဲဒီနှစ်ခုက လုံးဝကို မအပ်စပ်တာ။ ဂျန်ဟဲလည်း သူ့ဘာသာသူ ရယ်ချင်နေပုံရတယ်။ သူက ရယ်ခဲတဲ့လူပေမယ့် အခုတော့ ရယ်နေတာပဲ။
"အဲဒါဆို သီချင်းအခွေတွေ ဘာတွေ ရောင်းရမှာလား"
"ဝက်ဘ်ဆိုက်က အကြောင်းအရာတွေနဲ့ ပလက်ဖောင်းတည်ဆောက်တာတွေကို ကိုင်တွယ်ရမှာ။ ဒါပေမဲ့ အခွေတွေလိုမျိုး အပြင်မှာ ကိုင်တွယ်လို့ရတဲ့ မီဒီယာပိုင်းကိုတော့ ငါလုပ်ရမှာ မဟုတ်ဘူး"
"ဘာကြီးလဲ။ နားထောင်ရတာ တော်တော် ခက်မယ့်ပုံပဲ"
ဘစ်နာက ဖရဲသီးတစ်စိတ်ကို ဂျန်ဟဲရဲ့ ပါးစပ်ထဲ ထိုးထည့်လိုက်ပြီး သူ့ကို အသံတိတ်သွားစေတယ်။ ဂျန်ဟဲက ဖရဲသီးကို တိတ်တဆိတ် စားရင်း သူမကိုသာ စိုက်ကြည့်နေတယ်။ အဲဒီအချိန်မှာပဲ တံခါးက ရုတ်တရက် ပွင့်လာပြီး လူနှစ်ယောက် ဝင်လာတယ်။ သူတို့နောက်မှာတော့ အနေရခက်နေပုံရတဲ့ စားပွဲထိုးတစ်ယောက်နဲ့ မဒမ်ငယ်လေးတစ်ယောက် ပါလာတယ်။
"ဒါက ဘာနေရာကြီးလဲ။ ဘာလို့ ငါတို့ကို ဒီထဲ ဝင်စေချင်ရတာလဲ"
အဲဒီလူနှစ်ယောက်ထဲက တစ်ယောက်က နှာခေါင်းရှုံ့ချင်စရာကောင်းတဲ့ အပြုံးကြီးနဲ့ အခန်းထဲကို ဝင်လာတယ်။ စားပွဲထိုးနဲ့ ကောင်မလေးက ဂျန်ဟဲကို ကြည့်ပြီး ခေါင်းညိတ်အရိုအသေပေးလိုက်ကြတယ်။
"ဟင်၊ ဒီက အမျိုးသမီးက ဘယ်သူလဲ။ ဒီနားတစ်ဝိုက်မှာ တစ်ခါမှ မမြင်ဖူးပါဘူး"
"အာ... လူကြီးမင်း..."
အဲဒီလူက စားပွဲထိုးရဲ့လက်ကို ရိုက်ချလိုက်တယ်။
"နေပါဦး။ ငါက လူကောင်းပါကွ။ ငါ ဘာအဆိုးမှ မလုပ်ပါဘူး။ ဒီနားမှာ တစ်ခါမှ မမြင်ဖူးတဲ့ အမျိုးသမီးတစ်ယောက်ကို မြင်လိုက်လို့ သိချင်သွားရုံပါ"
"သူက မဒမ် မဟုတ်ပါဘူး..."
"ဟင်"
ဘစ်နာက သက်ပြင်းချလိုက်ပြီး စားပွဲထိုးကိုယ်စား ဝင်ပြောဖို့ မတ်တပ်ရပ်လိုက်တယ်။
"ဟလို။ အခန်းမှားဝင်လာတာဆိုရင် တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်ထွက်သွားပေးပါ"
"ဟယ်၊ ဒီအမျိုးသမီးကတော့လေ။ သူ့ပါးစပ်လေးကို ကြည့်ပါဦး။ ဆွဲဆောင်မှုရှိလိုက်တာ"
အဲဒီလူနှစ်ယောက်က တခစ်ခစ် ရယ်ကြတယ်။ ဘစ်နာလည်း ရယ်လိုက်ပြီး သူတို့ဆီကို လျှောက်သွားလိုက်တယ်။ သူမက သူတို့ရဲ့ မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ရင်း ခဏလောက် ရပ်နေလိုက်တယ်။ အချိုးမပြေတဲ့ အဲဒီလူနှစ်ယောက် ရုတ်တရက်ကြီး တောင့်တင်းသွားကြတယ်။
"မင်းရဲ့ ဧည့်သည်ကို ဘာတွေ လာလုပ်နေတာလဲ"
"ဧည့်သည် ဟုတ်လား။ ရှင်တို့လို ဧည့်သည်မျိုးကို ကျွန်မ မလိုအပ်ဘူး"
"မင်း ရူးနေလား။ ဆိုင်ရှင်ကို သွားခေါ်စမ်း"
"ဆိုင်ရှင်က ရှင့်ရှေ့မှာပဲ ရှိနေတာလေ။ ပြောစရာရှိတာ ပြော"
"ဘာ... ဘာပြောတယ်"
"ပြောစရာရှိတာ ပြောလို့။ အခု ရှင်က ဆိုင်ရှင်နဲ့ စကားပြောနေတာ"
အဲဒီလူနှစ်ယောက်ရဲ့ အနောက်မှာ ရပ်နေတဲ့ မဒမ်လေးက ဂျန်ဟဲကို ကြည့်ရင်း တော်တော်လေး အနေရခက်နေတာကို ဘစ်နာ သတိထားမိလိုက်တယ်။ ဒီနှစ်ယောက်က ဂျန်ဟဲ ခေါ်လာတဲ့လူတွေများလား။ သူမက ဘာမှဆက်မပြောဘဲ နေလိုက်တော့ အဲဒီလူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မျက်မှောင်ကြုတ်သွားကြတယ်။
"မင်းက ဆိုင်ရှင်လား။ မဒမ်ပတ် ကရော"
"အဲဒီ အစ်မကြီးက ဆိုင်ရဲ့ မဒမ်ကြီးလေ။ ငါက ဒီအဆောက်အအုံကို ပိုင်တာ"
ဘယ်သူ့ကို လာပြီး မဒမ်လို့ ခေါ်နေတာလဲ။ ဘစ်နာက မျက်မှောင်ကြုတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ စီနီယာမန်နေဂျင်းဒါရိုက်တာရယ်၊ မန်နေဂျာချုပ်ရယ်၊ မဒမ်ကြီးရယ် ရောက်လာကြတယ်။ အဲဒီလူနှစ်ယောက်က ဘေးဘီကို ဝေ့ကြည့်ပြီး အနေရခက်စွာ ချောင်းဟန့်လိုက်ကြတယ်။
"အစ်မကြီး။ ဒီနှစ်ယောက်က ဘယ်သူတွေလဲ။ သူတို့ကို သိလား" သူမက မဒမ်ကြီးကို မေးလိုက်တယ်။
မဒမ်ကြီးက စကားမပြောရသေးခင်မှာပဲ တခြားတစ်ယောက်က ဝင်ဖြေတယ်။
"မန်နေဂျာလီ၊ မန်နေဂျာချာ"
ဂျန်ဟဲရဲ့ အသံကို ကြားလိုက်ရချိန်မှာတော့ အဲဒီလူနှစ်ယောက်က အထိတ်တလန့်ဖြစ်ပြီး ပြာယာခတ်သွားကြတယ်။
"စီ... စီနီယာဒါရိုက်တာဟောင်"
"အဖွဲ့ ၁ နဲ့ အဖွဲ့ ၃ က မန်နေဂျာတွေက အလုပ်ရှိလို့ အပြင်ထွက်သွားတယ်ဆိုပြီး မင်းတို့နှစ်ယောက်က တကယ်တမ်းကျတော့ ဒီကို ရောက်နေကြတာလား။ ကလေးလေးတစ်ယောက်ကို ဖုန်းစောင့်ခိုင်းထားခဲ့ပြီး လက်ထောက်မန်နေဂျာကတော့ ဆောင်းနားကို သွားတယ်။ ဒါ တကယ့်ကို ကောင်းတဲ့ ကုမ္ပဏီပဲ။ မင်းတို့ကော အဲဒီလို မထင်ဘူးလား"
"စီ... စီနီယာဒါရိုက်တာ..."
"ဟေ့ကောင်တွေ။ ငါ မင်းတို့ကို ပြောထားတယ် မဟုတ်လား။ ငါ မထွက်သွားခင်အထိ မင်းတို့ကို ငြိမ်ငြိမ်လေးနေဖို့လေ။ ကောင်းကောင်းမွန်မွန် ထွက်သွားတော့မယ့်လူကို ဘာလို့ သေးမွှားတဲ့အလုပ်တွေ လာပေးနေရတာလဲ။ အရောင်းဆိုင်လုပ်ငန်း အဖွဲ့ ၃ က လူသစ်က ငါ့မျက်နှာကိုတောင် မသိဘူး။ ပြီးတော့ ကျန်တဲ့အဖွဲ့သားတွေ ဘယ်ရောက်သွားလဲလို့ ငါမေးတော့ အဲဒီလူသစ်က ငါ့ကို ပြန်မေးတယ်လေ 'ခင်ဗျားက ဘယ်သူလဲ' တဲ့။ အဲဒီအပြင် တချို့က အလုပ်ချိန်မှာ ဆောင်းနားကို သွားတယ်ဆိုတာကိုပါ ဗြောင်ကျကျ ပြောပြသေးတယ်။ ဟား... အဲဒါ လွန်ခဲ့တဲ့ တစ်ပတ်က ဖြစ်ခဲ့တာ။ မင်းတို့ အဲဒါကို သိလား"
"က... ကျွန်တော်တို့ မသိပါဘူး"
"အခု မင်းတို့ အဲဒါကိုများ ဂုဏ်ယူနေသေးတာလား"
ဂျန်ဟဲက ဖရဲသီးအခွံတချို့ကို ကောက်ကိုင်လိုက်ပြီး အဲဒီလူနှစ်ယောက်ဆီကို ပစ်ပေါက်လိုက်တယ်။ အခွံတစ်ခုက လူတစ်ယောက်ရဲ့ ခေါင်းကို ထိသွားပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားတယ်။
"ခွေးကောင်တွေ"
"တ... တောင်းပန်ပါတယ် ခင်ဗျာ"
အဲဒီလူနှစ်ယောက်က ခေါင်းငုံ့သွားကြတယ်။
ဂျန်ဟဲက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီးမှ စကားပြောတယ်။
"မင်းတို့ တောင်းပန်နေစရာ မလိုပါဘူး။ အော်၊ ပြီးတော့ ငါ ဒါလေး ပြောချင်တယ်။ ငါက ဥက္ကဋ္ဌရယ်၊ အထွေထွေမန်နေဂျာကင်မ်ရယ်နဲ့ ဂေါက်သွားရိုက်မလို့ပဲ။ ဒါပေမဲ့ လူနှစ်ယောက်ကြောင့် အဲဒီပွဲကို ဖျက်လိုက်ပြီလို့ သူတို့ကို ငါ ပြောလိုက်တယ်။ ဘယ်လိုလဲ၊ စိတ်ဝင်စားဖို့ ကောင်းတယ် မဟုတ်လား။ မနက်ဖြန် အလုပ်သွားပြီး အထွေထွေမန်နေဂျာကင်မ်ရဲ့ မျက်နှာကို သွားကြည့်လိုက်ပါလား။ တော်တော် ပျော်စရာကောင်းမှာ"
ဟောင်ဂျန်ဟဲက ထွက်သွားတော့လို့ ပြောလိုက်တဲ့အခါ မန်နေဂျာနှစ်ယောက်က ကမန်းကတန်းနဲ့ အခန်းထဲကနေ ထွက်သွားကြတယ်။ မဒမ်လေးက စားပွဲထိုးကို ပါကင်ထိုးပေးတဲ့ ကောင်လေးကို ခေါ်ခိုင်းလိုက်တယ်။
"အစ်မကြီး။ အဲဒီနှစ်ယောက်က ဖောက်သည်တွေလား"
"မဟုတ်ပါဘူး။ သူတို့က ရံဖန်ရံခါမှ လာတဲ့သူတွေပါ။ သူတို့အတွက် စိတ်ပူစရာ မလိုပါဘူး"
"ဒါဆိုလည်း ပြီးတာပါပဲ"
"ဒါထက် ဥက္ကဋ္ဌရေ၊ တီးဝိုင်းအတွက် ပေးရမယ့် ငွေနဲ့ ကောင်မလေးတွေကို ကြိုပေးရမယ့် လစာအကြောင်း နည်းနည်းလောက် ပြောလို့ရမလား"
"အဲဒါကို စီနီယာဒါရိုက်တာနဲ့ပဲ ပြောလိုက်ပါ။ ငါက အပျော်သဘောနဲ့ ဆိုင်က နာမည်ကြီးလေး နှစ်ယောက်လောက်ကိုပဲ စီမံခန့်ခွဲတာဆိုတော့ အဲဒီအသေးစိတ်တွေကို သိပ်မသိဘူး"
"ဟုတ်ကဲ့။ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ကောင်းကောင်း အနားယူပါဦး"
"ကောင်းပါပြီ"
စားပွဲထိုးက ကြမ်းပြင်ကို အမြန်သုတ်လိုက်ပြီး ထွက်သွားတယ်။
ဘစ်နာက လက်နဲ့ မျက်နှာကို ထောက်ထားပြီး ပင်ပန်းနေတဲ့ မျက်နှာထားနဲ့ ဖြစ်နေတဲ့ ဂျန်ဟဲဆီကို တိုးသွားလိုက်တယ်။
"ဘာလို့ ဒီမှာ လာတွေ့ချင်ရတာလဲလို့ စဉ်းစားနေတာ။ အကြောင်းရင်းက ဒါကိုး။ အိုပါးက အကြောင်းမရှိဘဲ ကျွန်မကို လာရှာမယ့်လူမျိုး မဟုတ်ဘူးဆိုတာ ကျွန်မ သိသားပဲ။ ပြီးတော့ သိပ်လည်း ဒေါသမထွက်ပါနဲ့။ အိုပါးရဲ့ ကျန်းမာရေးအတွက် မကောင်းဘူး"
"ဟူး... အဲဒီ အရူးတွေက ငါ့ကို ခေါင်းကိုက်စေတာပဲ"
"ဒီလို နေလို့တော့ မဖြစ်သေးပါဘူး။ ထပါ။ အိုပါး ကြည့်ရတာ မှိုင်တိုင်တိုင် ဖြစ်နေတယ်။ အိုပါး တစ်ခုခု စားဖို့ လိုမယ်ထင်တယ်"
ဘစ်နာက ဂျန်ဟဲကို ဆွဲထူလိုက်တယ်။ ဂျန်ဟဲလည်း သူမ ဆွဲရာကို ပါလာပြီး မပါ့တပါနဲ့ မတ်တပ်ရပ်လိုက်တယ်။
"ဟိုတစ်ခေါက်က ကျွန်မတို့သွားခဲ့တဲ့ ကျွန်မရဲ့ စားသောက်ဆိုင်က ဘယ်လိုနေလဲ။ စတိတ်ကင်က မဆိုးဘူး မဟုတ်လား"
"မင်း ပိုင်တဲ့ဆိုင်တွေက တစ်ဆိုင်၊ နှစ်ဆိုင်မှ မဟုတ်တာ"
"ကျွန်မမှာ စတိတ်ကင်ဆိုင်က တစ်ဆိုင်ပဲ ရှိတာလေ"
ဘစ်နာက ဂျန်ဟဲရဲ့ လက်မောင်းကို ချိတ်လိုက်ပြီး အခန်းထဲကနေ ထွက်လာခဲ့တယ်။ ဆိုင်ကို လာတဲ့ကားတွေကို စီမံပေးတဲ့ ပါကင်ထိုးတဲ့ ကောင်လေးက ဂျန်ဟဲရဲ့ကားကို ချက်ချင်း ယူလာပေးတယ်။
"ကျွန်မပဲ မောင်းလိုက်မယ်"
ဘစ်နာက ဂျန်ဟဲကို ခရီးသည်ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်ပြီး သူမက ကားမောင်းသူနေရာမှာ ဝင်ထိုင်လိုက်တယ်။ ဂျန်ဟဲက ထိုင်ခုံကို မှီချလိုက်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။
"အခုတလော အိုပါးရဲ့ မိန်းမနဲ့ ဘယ်လိုနေလဲ။ ခွဲနေတုန်းပဲလား"
"ငါတို့က အမြဲတမ်း ခွဲနေကြတာလေ"
"အဲဒါဆို ကွာရှင်းလိုက်ပါတော့လား"
"အတန်းဖော်ဟောင်းတွေ ပြန်ဆုံတဲ့ပွဲလိုမျိုးတွေမှာ သူ့ကို လိုအပ်တယ်လေ။ သူလို မိန်းမမျိုးက အဲဒီလို ပွဲမျိုးတွေမှာဆို တောက်ပနေတာ။ ငါတို့က လိုအပ်တဲ့အချိန်မှပဲ တစ်ယောက်ကိုတစ်ယောက် ဖုန်းဆက်ကြတာ။ ကဲပါလေ... ဒါက ဆိုးဝါးတဲ့ ဆက်ဆံရေးတော့ မဟုတ်ပါဘူး။ သူ့ကို စီးပွားရေးလုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက်လိုပဲ သဘောထားပါတယ်"
"စီးပွားရေးလုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက် ဟုတ်လား။ ကျွန်မနဲ့ အိုပါးလည်း အဲဒီလိုပဲ ထင်တယ်နော်"
"ပိုပြီး သံယောဇဉ်တွယ်ရတဲ့ ဆက်ဆံရေးမျိုးကို လိုချင်လို့လား"
"ဟင့်အင်း။ ကျွန်မလည်း ဒီလိုပုံစံကိုပဲ သဘောကျတယ်။ လူတွေနဲ့ အရမ်းရင်းနှီးလာရင် ငြီးငွေ့စရာ ကောင်းလာတတ်တယ်လေ"
"အဲဒီကိစ္စနဲ့ ပတ်သက်ရင်တော့ မင်းကို ငါ အပြည့်အဝ ထောက်ခံတယ်"
ဂျန်ဟဲက အဲဒီလိုပြောလိုက်တဲ့အခါ ဘစ်နာက ပြုံးလိုက်တယ်။ ဂျန်ဟဲနဲ့ လက်ထပ်ဖို့ သူမ စိတ်ကူးမယဉ်ခဲ့ဖူးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကို လက်ထပ်လိုက်ရင် ပြဿနာတွေ တက်လာမယ်ဆိုတာ သေချာနေတော့ အခုလို ဆက်ဆံရေးကိုပဲ ဆက်ထိန်းထားတာက ပိုကောင်းတယ်။ အိမ်ထောင်ပြုတယ်ဆိုတာက အလုပ်ခွင်ထဲကနေ ရုန်းထွက်ဖို့ အကူအညီလိုနေတဲ့ မိန်းမတွေအတွက်ပဲ လိုအပ်တာလေ။ ငွေကြေးပြည့်စုံနေတဲ့ သူတစ်ယောက်အနေနဲ့ အိမ်ထောင်ရေးကို အရမ်းကြီး အာရုံစိုက်နေစရာ မလိုပါဘူး။ ဒါကြောင့်ပဲ ရွေးချယ်စရာလမ်းကြောင်း များများစားစားရှိတဲ့ လူတွေက အဆင်ပြေနေကြတာပေါ့။ အဲဒီအထဲမှာမှ ကလေးနှစ်ယောက်ရှိတဲ့ ယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ဆိုတာ သူမရဲ့ စိတ်ထဲမှာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စလေ။
သူမ ပိုင်တဲ့ စားသောက်ဆိုင်ကို ရောက်တဲ့အခါမှာတော့ ဘစ်နာက ဆိုင်ကဝန်ထမ်းတစ်ယောက်ကို ကားအပ်ခဲ့ပြီး အဆောက်အအုံထဲကို ဝင်သွားတယ်။ သူမက ဒုတိယထပ်မှာ သူမအတွက် အမြဲတမ်း သီးသန့်ဖယ်ထားတဲ့ စားပွဲကို သွားပြီးတော့ အစားအသောက်တွေကို မှာလိုက်တယ်။
"လူတွေကို အပေးအယူလုပ်တဲ့ စီးပွားရေးကို အိုပါး ဘယ်လောက်ကြာကြာ ဆက်လုပ်ဦးမှာလဲ"
"ပိုက်ဆံ ဆက်မရတော့တဲ့အထိလို့ ထင်တာပဲ။ အခုတလော တန်ပရိုက တော်တော်လေး အလုပ်ဖြစ်နေတယ် မဟုတ်လား။ ငါက တခြားဆိုင်က မဒမ်ကြီးတစ်ယောက်ကို ခေါ်လာလိုက်ရင် သူတို့မှာ တီးဝိုင်းတွေ၊ ကောင်လေးတွေနဲ့ အားလုံး အသင့်ရှိနေပြီးသားဆိုတော့ ငါ့ဘက်က ဘာမှ ကြိုးစားအားထုတ်နေစရာ မလိုတော့ဘူး။ ပြီးတော့ အဲဒီထဲက တချို့ကို တာဝန်ယူရတာကလည်း တော်တော်လေး ပျော်စရာကောင်းတယ်။ ဒါပေမဲ့ ဒီလိုမျိုး စားသောက်ဆိုင်တွေကျတော့ ငါ ဝင်စွက်ဖက်စရာ နေရာမရှိဘူးလေ။ သူတို့က ငါ့ကို နေရာငှားခပေးတယ်၊ အဲဒီလောက်ပဲ။ ဒါပေမဲ့ ဟိုဆိုင်တွေကျတော့ ငါ့စိတ်ထဲ အသက်ဝင်နေသလို ခံစားရတယ်လို့ ပြောရမလား။ မသန့်ရှင်းတဲ့ စည်းမျဉ်းတွေကို မကျော်လွန်သရွေ့ ဝါသနာတစ်ခုအနေနဲ့ လုပ်ရတာ တော်တော်ကောင်းပါတယ်။ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ဘယ်လိုပြဿနာတွေ လာတတ်လဲဆိုတာကိုလည်း ငါ သိခွင့်ရတာကိုး"
"ကျစ်... မင်းက တကယ့်ကို ထူးဆန်းတဲ့ မိန်းမပဲ"
"လက်ဝတ်ရတနာဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ စားသောက်ဆိုင်၊ ဘား၊ အော့ဖစ်တဲလ်... ကျွန်မ သဘောကျတဲ့အရာကို မတွေ့မချင်း အရာအားလုံးကို လက်တည့်စမ်းကြည့်ဦးမှာ"
"မင်းမှာ ပိုက်ဆံတွေ အများကြီး ရှိနေတာကို ထပ်လိုချင်သေးတာလား"
"ဘာမှမလုပ်ဘဲ ထိုင်နေတော့ကော ဘာထူးမှာလဲ။ လူတွေက ဘာလို့ အာဂျီမားတွေ ဖြစ်သွားကြလဲဆိုတာ အိုပါး သိလား။ အိမ်မှာ ဘာမှမလုပ်ဘဲ ကလေးတွေကိုပဲ ထိုင်ကြည့်နေလို့လေ။ လူဆိုတာက လှုပ်လှုပ်ရှားရှား ရှိနေဖို့ လိုတယ်"
ဂျန်ဟဲက ဘစ်နာ လှီးပေးတဲ့ စတိတ်ကင် တစ်တုံးကို စားလိုက်တယ်။ အသက်နှစ်ဆယ်အရွယ် လူငယ်တွေနဲ့ လျှောက်လည်ရတာက ပျော်စရာကောင်းပေမယ့် ရင်ခုန်စရာတော့ မကောင်းဘူး။ ဒါပေမဲ့ သူမရှေ့မှာရှိနေတဲ့ ဂျန်ဟဲနဲ့ အချိန်ဖြုန်းရတာကတော့ ရင်ခုန်စရာကောင်းတယ်။ သူ့ရဲ့ နက်နဲတဲ့ မျက်လုံးတွေနဲ့ ဆင်ခြင်တုံတရားပြည့်ဝတဲ့ အကြည့်တွေကို လူငယ်တွေမှာ ဘယ်တော့မှ မတွေ့နိုင်ဘူးလေ။ ပြီးတော့ သူက သူ့ရဲ့ အားနည်းချက်တွေကို ပြသတတ်တဲ့ အချိန်တွေလည်း ရှိသေးတယ်။ သူက သူမကို အချိန်အကြာကြီး ဆက်ကြည့်နေချင်စိတ် ဖြစ်စေတဲ့ အမျိုးသားတစ်ယောက်ပါ။
"အိုပါးရဲ့ သားတွေကော အဆင်ပြေကြရဲ့လား။ အိုပါးရဲ့ သားအကြီးက အိုပါးကို ပြန်ရန်တွေ့တယ်လို့ ပြောဖူးတယ်ထင်တယ်"
"သူက လူကြီးဖြစ်နေပြီလေ၊ သူ့အဖေကိုတောင် အစွယ်ထုတ်ပြနေပြီ"
ဂျန်ဟဲက စူးရှတဲ့ အကြည့်နဲ့ ပြောလိုက်တယ်။ သူ့ရဲ့ ကြောက်စရာကောင်းတဲ့ မျက်လုံးတွေကို မြင်လိုက်ရချိန်မှာ ဘစ်နာက သူမရဲ့ ပေါင်ကြားထဲကို နွေးထွေးမှုတွေ စီးဆင်းသွားသလို ခံစားလိုက်ရတယ်။ သူမက ပြုံးစိစိလုပ်လိုက်ပြီး ဒေါက်ဖိနပ်ထဲကနေ ခြေထောက်ကို ထုတ်ကာ ဂျန်ဟဲရဲ့ ပေါင်ကြားထဲကို ဖိချလိုက်တယ်။ ဂျန်ဟဲကတော့ ဘာမှမဖြစ်ခဲ့သလိုပဲ ဆက်စားနေတယ်။
"ဒုတိယသားကကော ဘယ်လိုနေလဲ"
"သူက စကားနားထောင်တဲ့ ခွေးတစ်ကောင် ဖြစ်လာပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သားအကြီးက သူ့ကို ခေါ်သွားတယ်။ ထားပါလေ၊ အရေးမကြီးပါဘူး။ ပျက်စီးသွားတဲ့ အရာတွေကို ငါ စိတ်မဝင်စားဘူး"
"ရက်စက်လိုက်တာ။ ဒါပေမဲ့ သားအကြီး အောင်မြင်သွားတဲ့အတွက် အိုပါး ဝမ်းမသာဘူးလား"
"ဝမ်းသာရမယ် ဟုတ်လား။ ဘယ်တော့မှပဲ။ သူ့ရဲ့ အောင်မြင်မှုက ငါ့ရဲ့ အောင်မြင်မှုနဲ့ ဘာမှမဆိုင်တာ၊ ငါက ဘာလို့ ဝမ်းသာနေရမှာလဲ"
"တကယ့်ကို သဘောထားသေးသိမ်တဲ့ ယောက်ျားပဲ"
ဘစ်နာက ဝိုင်နီနည်းနည်းကို စုပ်သောက်လိုက်တယ်။
"အော်၊ သတိရတယ်။ အိုပါးကို မေးစရာတစ်ခု ရှိတယ်"
"ဘာလဲ"
"ရှေ့နေတစ်ယောက်အတွက် အကြီးတန်းအစိုးရရှေ့နေဟောင်းဆိုတာ အရမ်းမိုက်လား။ အကြီးတန်း အစိုးရရှေ့နေဆိုတာ ဘာကြီးလဲ။ ကြီးကျယ်တဲ့ လူတစ်ယောက်လား"
"အဲဒီလူတွေက တစ်ဦးတည်းသော နိုင်ငံတော်ရှေ့နေချုပ်ဆီကို တိုက်ရိုက်အစီရင်ခံရတာဆိုတော့ တော်တော်လေး မြင့်တယ်။ တကယ်လို့ သူက ဆိုးလ်အဆင့်မြင့်အစိုးရရှေ့နေရုံးက ဖြစ်နေမယ်ဆိုရင် နာမည်ကြီး ရှေ့နေကုမ္ပဏီတွေက သူ့ကို ငှားဖို့ ပိုက်ဆံအများကြီး ပေးရလိမ့်မယ်"
"ဟင်း... အဲဒီလိုကိုး"
"ဒီလိုကိစ္စတွေနဲ့ ပတ်သက်ရင် မင်းက တကယ်ကို ဘာမှမသိတာပဲ"
"ကျွန်မ သိဖို့မလိုဘူး မဟုတ်လား။ ကျွန်မက ဥပဒေမရှိလည်း အဆင်ပြေတဲ့လူမျိုးလေ။ ဒါပေမဲ့ အင်း... သူက တကယ်ကို အထင်ကြီးစရာကောင်းတဲ့ လူတစ်ယောက် ဖြစ်နေတာပဲ"
"ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး၊ ကျွန်မ စကားများခဲ့လို့ပါ။ ဒါနဲ့ နေပါဦး။ အဲဒီလိုလူမျိုးက ဘာလို့ ကားစုတ်ကြီး မောင်းနေရတာလဲ။ နားလည်ရ ခက်လိုက်တာ"
"သူက ရိုးသားတဲ့ ရှေ့နေတစ်ယောက် ဖြစ်မှာပေါ့"
"အိုပါး တကယ်ပြောနေတာလား"
ဂျန်ဟဲက ပခုံးတွန့်ပြလိုက်တယ်။
"အဲဒါဆို ရှေ့နေတွေ၊ တရားသူကြီးတွေနဲ့ အစိုးရရှေ့နေတွေတင် မဟုတ်ဘူးပေါ့။ ဘာကြီးလဲ။ ဥပဒေနဲ့ အလုပ်လုပ်နေတဲ့ လူတွေမှာတောင် အဆင့်အတန်းတွေ ရှိနေတာလား"
"ဘယ်နေရာမှာမဆို အဲဒါတွေက ရှိနေတာချည်းပါပဲ"
"ကျွန်မမှာတော့ မရှိပါဘူးနော်"
ဘစ်နာက ပြုံးရင်း ပြောလိုက်တယ်။ အဲဒီအချိန်မှာပဲ စားပွဲထိုးကောင်မလေးတစ်ယောက်က ခြေချော်ပြီး သူမရဲ့ ဖန်ခွက်ကို သွားတိုက်မိတယ်။ လုံးဝန်းနေတဲ့ ဝိုင်ခွက်က ယိုင်သွားပြီးမှ မူလနေရာကို ပြန်ရောက်သွားတယ်။ ဘစ်နာက သူမရဲ့ ရှပ်အင်္ကျီကို ငုံ့ကြည့်လိုက်တယ်။ သူမ လက်ဆောင်ရထားတဲ့ ရှပ်အင်္ကျီပေါ်မှာ အနီရောင်စွန်းထင်းမှုတစ်ခု ဖြစ်သွားတယ်။
"တကယ် တောင်းပန်ပါတယ် ဧည့်သည်ရှင်"
စားပွဲထိုးကောင်မလေးက ပြာယာခတ်သွားပြီး လက်သုတ်ပုဝါတစ်ထည်ကို ထုတ်ယူလိုက်တယ်။ ဘစ်နာက ခေါင်းယမ်းလိုက်ပြီး သူမဆီ ကမ်းလာတဲ့ စားပွဲထိုးကောင်မလေးရဲ့ လက်ကို ဖမ်းဆွဲလိုက်တယ်။
"နင့်လက်ကို ဖယ်လိုက်စမ်း"
"ရှင့်... ဘာပြောတယ်"
"နင် အခုချက်ချင်း ဒီနေရာကနေ ထွက်သွားဖို့ လိုမယ်ထင်တယ်"
"ရှင်"
"ငါ ပြောတာ မကြားဘူးလား။ ထွက်သွားလို့ ပြောနေတာ။ နင် အဝတ်အစားသွားလဲပြီး ထွက်သွားလိုက်တော့။ နင့်လစာကို နင့်ဘဏ်အကောင့်ထဲ လွှဲပေးလိုက်မယ်။ ဟုတ်တယ် ငါ့အင်္ကျီ လျှော်ခကို နှုတ်ပြီးမှပေးမှာ။ တကယ်လို့ တခြားအင်္ကျီဆိုရင်တော့ ငါ အသစ်တစ်ထည် ဝယ်လိုက်မှာပဲ၊ ဒါပေမဲ့ ဒီအင်္ကျီကတော့ ငါ မဖြစ်မနေ လျှော်ရမှာမို့လို့"
"အာ... ရှင် ဘာကို ဆိုလို..."
"ငါ ဘယ်သူလဲဆိုတာ နင် မသိဘူးလား။ အော်၊ ဒါကြောင့်ကိုး။ အဲဒါက နင် ထွက်သွားသင့်တဲ့ ပိုခိုင်လုံတဲ့ အကြောင်းပြချက်ပဲ"
ဘစ်နာက လက်ဖျောက်တီးလိုက်ပြီး သူမမျက်နှာကို သိတဲ့ ဝန်ထမ်းတစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။ စားပွဲထိုး အသစ်လေးရဲ့ မျက်နှာ သွေးဆုတ်ဖြူရော်သွားတာကို မြင်လိုက်ရတော့ သူမ စိတ်ထဲ ပိုကောင်းသွားတယ်။ တောက်လျှောက်တောင်းပန်နေတဲ့ အဲဒီစားပွဲထိုးကောင်မလေးကို သူမက ထွက်သွားဖို့ပဲ ပြောလိုက်တယ်။ သူမဆိုင်မှာ အဲဒီလို ကောင်မလေးမျိုးကို မလိုအပ်ဘူးလေ။
"အခုမှပဲ အိုပါး ဘယ်လိုခံစားရလဲဆိုတာကို ကျွန်မ နားလည်တော့တယ်။ သူတို့က ကျွန်မမျက်နှာကို ဘယ်လိုလုပ် မသိရတာလဲ" လို့ ဘစ်နာက ပြုံးရင်း ပြောတယ်။
ဂျန်ဟဲကတော့ ဝိုင်ကိုသာ စုပ်သောက်နေတယ်။
"အိုပါး။ ဒီနေရာက သိပ်မကောင်းတော့ဘူး။ သွားရအောင်"
"တကယ့်ကို စိတ်ကူးပေါက်ရာ လုပ်တတ်တဲ့သူပဲ"
"အဲဒါကပဲ ကျွန်မရဲ့ ဆွဲဆောင်မှုလေ။ ပြီးတော့ အိုပါးအတွက် ဝတ်စုံတစ်စုံလောက် သွားဝယ်ရအောင်။ ကျွန်မ နေရာကောင်းတစ်ခု တွေ့ထားတယ်။ ဝမ်ရှစ်သန်းတန် ဝတ်စုံကောင်းကောင်းတွေ ရှိတယ်။ သွားကြစို့"
ဘစ်နာက ဂျန်ဟဲနဲ့အတူ မတ်တပ်ရပ်လိုက်တယ်။ သူတို့ ပထမထပ်က ကောင်တာကို သွားတဲ့အခါ ကြောင်တောင်တောင် မျက်နှာထားနဲ့ ဖြစ်နေတဲ့ စားပွဲထိုးကောင်မလေးကို သူမ မြင်လိုက်တယ်။
"နင် မထွက်သွားသေးဘူးလား။ ဘာလဲ၊ ဒီမှာ စားချင်လို့လား"
"တောင်းပန်ပါတယ်။ အားလုံးက ကျွန်မ အမှားပါ။ နောက်တစ်ခါ ဒီလိုအမှားမျိုး ထပ်မလုပ်တော့ပါဘူး၊ ဒါကြောင့် ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ" လို့ စားပွဲထိုးကောင်မလေးက အသေအချာ အရိုအသေပေးရင်း ပြောတယ်။
ဘစ်နာက သူမကို နှာခေါင်းရှုံ့ပြလိုက်တယ်။
"တစ်ဆိတ်လောက်။ နင်က ဝန်ထမ်း မဟုတ်တော့ဘူးဆိုတော့ ငါ နင့်ကို ယဉ်ယဉ်ကျေးကျေးပဲ ဆက်ဆံလိုက်မယ်။ ဒီက ဝန်ထမ်းတွေကို တစ်လ ဝမ်နှစ်သန်း ဘာလို့ပေးထားလဲဆိုတာ နင်သိလား။ ဘာလို့လဲဆိုတော့ ဒီနေရာက အဆင့်မြင့် စားသောက်ဆိုင်ဖြစ်ရမှာမို့လို့ပဲ။ ဒီကိုလာတဲ့ လူတွေက သူတို့ကိုယ်သူတို့ အထက်တန်းလွှာတွေ ဖြစ်သွားသလို ခံစားရဖို့ လိုတယ်။ အဲဒီလိုဖြစ်ဖို့အတွက် ငါ့ဆိုင်မှာ အမှားအယွင်း ရှိလို့မရဘူးလေ၊ ဟုတ်တယ်မလား။ အစားအသောက်တွေ သယ်ရုံလေးနဲ့ တစ်လကို ဝမ်နှစ်သန်း ပေးထားတာ မဟုတ်ဘူး။ ဝန်ဆောင်မှုပေးဖို့အတွက် လူတွေကို နှစ်သန်းပေးထားတာ၊ ပြီးတော့ နင်က အဲဒီစံနှုန်းနဲ့ မကိုက်ညီတာ သေချာနေပြီပဲ။ နင့်ကို ဒါတွေ သင်ပေးထားပြီးပြီလို့ ထင်နေတာ"
"တကယ်ကို တောင်းပန်ပါတယ်"
"တောင်းပန်ရုံနဲ့ အရာအားလုံး ပြေလည်သွားမယ်ဆိုရင် အစကတည်းက ဘာလို့ ပြဿနာတွေ ရှိလာဦးမှာလဲ။ အခုပဲ ထွက်သွားလိုက်တော့။ မန်နေဂျာ၊ စားပွဲထိုး အသစ်တစ်ယောက် ရှာလိုက်ပါ"
ဘစ်နာက ဆိုင်ထဲကနေ မထွက်သွားခင် အဲဒီအမျိုးသမီးကို စုန်ချည်ဆန်ချည် ကြည့်လိုက်တယ်။ သူမက ကားပေါ်တက်ရင်း စကားပြောတယ်။
"ဖြတ်လမ်းကနေ လိုက်ချင်တဲ့လူတွေကို ကျွန်မ အမုန်းဆုံးပဲ။ တခြားလူတွေရဲ့ ပိုက်ဆံကိုသာ လိုချင်ပြီး သူတို့ကျတော့ ဘာမှ ကြိုးစားအားထုတ်မှု မရှိဘူး"
"ဒေါသထွက်တာက ကျန်းမာရေးအတွက် မကောင်းဘူးလို့ ပြောခဲ့တာ ဘယ်သူပါလိမ့်"
"ကျစ်... ကောင်းပြီလေ။ ကျွန်မ ဒေါသမထွက်တော့ဘူး"
ဘစ်နာက ပြုံးရင်း လီဗာကို နင်းလိုက်တယ်။
* * * * * * * * *
မာရူးက သူ့ရှေ့မှာရှိတဲ့ မည်းမှောင်နေတဲ့ အဆောက်အအုံကို ကြည့်ရင်း မျက်တောင်တွေ ခဏခဏ ခတ်လိုက်မိတယ်။ ကာလီဂရပ်ဖီ အရေးအသားနဲ့ ရေးထားတဲ့ 'အိတ်ချ်ဟောက်စ်' ဆိုတဲ့ စားသောက်ဆိုင်နာမည်ကတင် အဲဒီနေရာက ဘယ်လောက်တောင် စျေးကြီးလဲဆိုတာကို အော်ပြောနေသလိုပဲ။ အဆောက်အအုံ တစ်ခုလုံးကို စားသောက်ဆိုင်တစ်ခုတည်းအတွက် သီးသန့်ဆောက်ထားတာလို့ သိလိုက်ရတဲ့အချိန်မှာလည်း သူ အံ့ဩသွားသေးတယ်။ အဝင်ဝမှာ ခင်းထားတဲ့ ကော်ဇောကတောင် မယုံနိုင်စရာကောင်းလောက်အောင် နူးညံ့နေတာလေ။
"ဒီဘက်ကို ကြွပါ"
ကြိုတင်မှာထားပြီးသားမို့လို့ သူတို့ကို ဒုတိယထပ်ဆီကို ခေါ်သွားတယ်။ ထိုင်ခုံမှာ ဝင်ထိုင်ပြီးတဲ့နောက်မှာ သူက ရှေ့နေပတ်ကို မေးလိုက်တယ်။
"ခင်ဗျားက တခြားတစ်ယောက်ယောက်နဲ့ ချိန်းထားတာလား။ အခုလို ကြိုမှာထားတာကို ကြည့်ရတာ..."
"ငါ့သမီးနဲ့ လာဖို့ စီစဉ်ထားတာလို့ မင်းကို ပြောထားတယ်လေ။ ဒါပေမဲ့ သူက ငါ့ထက် သူ့သူငယ်ချင်းတွေကို ပိုသဘောကျနေတော့လည်း ငါ တတ်နိုင်ဘူးလေ။ ဒီစားသောက်ဆိုင်မှာ နေရာကြိုရဖို့ဆိုတာ တော်တော်ခက်တာ၊ ဒါကြောင့် အလဟဿ အဖြစ်ခံလိုက်ရရင် နှမြောစရာကြီး။ အဲဒါကြောင့် မင်းကို ခေါ်လာတာ"
"အဲဒါဆို ခင်ဗျားမိန်းမကို ခေါ်လာခဲ့သင့်တာပေါ့"
"သူက အခု ဂျပန်ကို ရောက်နေတာလေ။ သူ့အတန်းဖော်ဟောင်းတွေနဲ့ ခရီးသွားနေတာ။ ငါ့သမီးအကြီးကလည်း ဥရောပကို သွားတယ်။ ငါက အထီးကျန်နေတဲ့ အဖေတစ်ယောက်ပါကွာ"
"အာ... ဟုတ်ကဲ့"
ချမ်းသာတဲ့လူတွေရဲ့ အိမ်ထောင်စုတွေမှာ အံ့ဩစရာကောင်းတဲ့ အခြေအနေတွေ ရှိနေတာပဲလို့ တွေးရင်း မာရူးက ခေါင်းညိတ်လိုက်တယ်။
* * * * * * * * *