← Chapters

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း ၃၀၈

Vol. 31 Ch. 308

အခန်း(၃၀၈)

"ကျောင်းကကိစ္စ အဆင်ပြေပြေ ပြီးသွားပြီလား"

"ဟုတ်ကဲ့၊ ခင်ဗျားကျေးဇူးကြောင့် အားလုံး အဆင်ပြေသွားပါပြီ"

"ဒါဆိုရင်လည်း တော်သေးတာပေါ့။ အနိုင်ကျင့်ခံရတဲ့ ကလေးတွေကော ပုံမှန်အတိုင်းပဲ ကျောင်းတက်နေကြရဲ့လား"

"တက်နေမှာပါ"

"တက်နေမှာပါ ဟုတ်လား"

"အဲဒီနောက်ပိုင်း သူတို့နဲ့ စကားမပြောဖြစ်တော့ဘူး။ ကျောင်းမှာ တစ်ခါတလေ တွေ့ရတဲ့ပုံအရတော့ အဆင်ပြေနေကြပုံပါပဲ"

"နည်းနည်းတော့ ထူးဆန်းတယ်နော်။ ပုံမှန်ဆိုရင် သူတို့လာပြီး ကျေးဇူးတင်စကား ပြောကြမှာလေ"

"ကျွန်တော်ကလည်း သူတို့ကို ကျေးဇူးတင်စေချင်လို့ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ရော ကျွန်တော်ရော ရင်းနှီးရလောက်တဲ့ အကြောင်းပြချက်မှ မရှိတာကိုး။ အဲဒီတော့ သူစိမ်းတွေလို ဖြစ်သွားဖို့က အချိန်တစ်ခုပါပဲ"

"ငါ့အထင်တော့ မင်းက သနားလို့ အဲဒီလိုလုပ်ပေးခဲ့တာ မဟုတ်တဲ့ပုံပဲ"

"အင်း၊ အဲဒီလိုပေါ့"

"အနိုင်ကျင့်တဲ့ကောင်တွေက မင်းကို အမြင်ကတ်သွားလို့လား။ ဒါမှမဟုတ် မင်းကိုပါ အနိုင်ကျင့်လို့လား။ နေပါဦး၊ မင်းက အနိုင်ကျင့်ခံရမယ့်ပုံစံမျိုးမှ မဟုတ်တာ"

"စည်းကျော်သွားတဲ့ကောင် တစ်ယောက်ရှိလို့ပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူသာ ကျွန်တော့်ကို လာမရှုပ်ဘူးဆိုရင် သူတို့ကို ဒီအတိုင်းပဲ လွှတ်ထားမိမှာ"

"ငါက လူငယ်တွေကို ဒီလိုစကားမျိုး သိပ်မပြောတတ်ပေမယ့် အဲဒါက ပိုကောင်းပါတယ်။ ကိုယ် ဝင်ပါသင့်တဲ့နေရာနဲ့ မပါသင့်တဲ့နေရာကို စည်းခြားထားဖို့တော့ လိုတယ်လေ။ လူတိုင်းအပေါ် သဘောကောင်းနေဖို့ကိုတော့ ငါက အားမပေးချင်ဘူး"

မာရူးက တီဘုန်းစတိတ်ကို လှီးရင်း ခေါင်းညိတ်လိုက်တယ်။ သူ့ရဲ့ ဘဝခံယူချက်ကလည်း ရှေ့နေပတ်နဲ့ ဆင်တူတယ်လေ။ ပြောရရင်တော့ လူတော်တော်များများကလည်း အနည်းငယ် ကွဲပြားတာကလွဲရင် အလားတူ ခံယူချက်မျိုးတွေ ရှိကြမှာပါပဲ။

"အို... ရှေ့နေပတ်ပါလား"

သူက ပေါင်မုန့်ကို ထောပတ်သုတ်ပြီး ကိုက်စားလိုက်တဲ့အချိန်မှာပဲ အသက်လေးဆယ်စွန်းစွန်းလောက်ရှိမယ့် အမျိုးသမီးတစ်ယောက်က ရှေ့နေပတ်ကို လာနှုတ်ဆက်တယ်။ သူ့ဘေးမှာတော့ ချစ်စရာကောင်းတဲ့ ကလေးမလေးတစ်ယောက် ပါလာတယ်။ မူလတန်းအရွယ်လောက် ရှိမယ့်ပုံပဲ။

"မင်္ဂလာပါ။ ဒီမှာ တွေ့ရမယ်လို့ ထင်မထားဘူး"

"ဒီဆိုင်ပိုင်ရှင်က ကျွန်မသူငယ်ချင်းလေ။ ဒီကို လာလည်ရင်းနဲ့ ရင်းနှီးနေတဲ့ မျက်နှာကို လှမ်းမြင်လိုက်လို့ပါ။ ယယ်ဂျီ... နှုတ်ဆက်လိုက်ဦးလေ"

ကလေးမလေးက ရှေ့နေပတ်ကို ရိုရိုသေသေ နှုတ်ဆက်လိုက်တယ်။ လက်နှစ်ဖက်ကို ချက်နားမှာထားပြီး အရိုအသေပေးလိုက်တဲ့ ပုံစံလေးက တော်တော်လေး ချစ်စရာကောင်းတယ်။ ပြီးတော့ သူက မာရူးဘက်ကို လှည့်ပြီး သူ့ကိုပါ နှုတ်ဆက်လိုက်သေးတယ်။ ကလေးမလေးရဲ့အမေကတော့ သူ့သမီးကို ကြည့်ပြီး သဘောကျနေပုံရတယ်။

အမျိုးသမီးက ပြုံးယောင်ယောင်လုပ်ရင်း မာရူးကို တစ်ချက်လှမ်းကြည့်တယ်။ အဲဒီတော့မှ ရှေ့နေပတ်က မာရူးကို သူမနဲ့ မိတ်ဆက်ပေးလိုက်တယ်။

"သူက ကျွန်တော့်သူငယ်ချင်း ဖွင့်ထားတဲ့ ကုမ္ပဏီက လူငယ်လေးတစ်ယောက်ပါ"

ရှေ့နေပတ်က မိတ်ဆက်ပေးလာတာမို့ မာရူးလည်း ဒီအတိုင်း ငြိမ်မနေနိုင်တော့ဘူး။ သူက မတ်တတ်ရပ်ပြီး အမျိုးသမီးကို နှုတ်ဆက်လိုက်တယ်။

"အို... ရှင်တို့စားနေတာကို လာနှောင့်ယှက်သလို ဖြစ်သွားပြီ"

"ရပါတယ်။ ယောကျ်ားလေးနှစ်ယောက်တည်းဆိုတော့ ပျင်းစရာတောင် ကောင်းနေတာ။ ဒါနဲ့ ယယ်ဂျီ တောင် အရင်တစ်ခေါက်ကထက် အများကြီး ကြီးလာတာပဲ။ အခု မူလတန်း ဒုတိယနှစ် ရောက်ပြီလား"

"ဟုတ်တယ်"

"သူ့အမေလိုပဲ လှတာပဲ"

"အိုကွယ်... ရှေ့နေကတော့ လုပ်ပြန်ပြီ"

ကလေးမလေးက မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း စားပွဲကို စိုက်ကြည့်နေတယ်။ သူက ပေါင်မုန့်တစ်ပိုင်းကို ကြည့်နေတာလေ။ သူ့အမေနဲ့ ရှေ့နေပတ်ကို တစ်ချက်လှမ်းကြည့်ပြီးမှ ပေါင်မုန့်အပိုင်းသေးသေးလေးဆီကို လက်လှမ်းလိုက်တယ်။

"ယယ်ဂျီ."

အဲဒါကို မြင်တော့ ကလေးမလေးရဲ့အမေက သူ့ကို အသာအယာ လှမ်းဟန့်လိုက်တယ်။ ကလေးမလေးက စိတ်ပျက်သွားတဲ့ မျက်နှာထားနဲ့ လက်ကို ပြန်ရုပ်သွားတယ်။ အမေဖြစ်သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကလေးနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ရင်း ပါးလေးကို သပ်ပေးလိုက်တယ်။

"ခွင့်ပြုချက်မရဘဲ သူများပစ္စည်းကို ကိုင်လို့မရဘူးလို့ သမီးကို ပြောထားတယ်မလား"

ကလေးမလေးက ခေါင်းညိတ်ပြတယ်။ အဲဒါကို မြင်တော့ ရှေ့နေပတ်က ပြုံးလိုက်ပြီး ပေါင်မုန့်ကို လက်သုတ်ပဝါနဲ့ ကိုင်ကာ ကလေးမလေးဆီ ကမ်းပေးလိုက်တယ်။

"ရှေ့နေပတ်ကို ဘယ်လိုပြောရမလဲ"

"ကျေးဇူးတင်ပါတယ်"

ကလေးမလေးက ပေါင်မုန့်ကို ယူပြီးတော့ အရိုအသေပေးလိုက်တယ်။ အမေဖြစ်သူက 'လိမ္မာတယ်' လို့ပြောရင်း သူ့ခေါင်းလေးကို ပွတ်သပ်ပေးတယ်။

"ရှေ့နေ... နောက်တစ်ခေါက်ကျရင် ကျွန်မ ထမင်းဝယ်ကျွေးလို့ ရမလား။ ကျွန်မအမျိုးသားက ရှင်နဲ့ တွေ့ချင်နေလို့ပါ"

"ရတာပေါ့။ အချိန်မရွေး ဆက်လိုက်ပါ။ ကျွန်တော် တော်တော်လေး အားပါတယ်"

"ဟုတ်ကဲ့၊ ဒါဆိုရင် နောက်မှပဲ ပြန်တွေ့ကြတာပေါ့။ အေးအေးဆေးဆေး သုံးဆောင်ပါဦး"

ကလေးမလေးက ထွက်မသွားခင် နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြန်တယ်။

"အဲဒီအရွယ်က မိန်းကလေးတွေ အချစ်စရာအကောင်းဆုံး အရွယ်ပဲ။ သိပ်ပြီး ဂရုစိုက်ပေးစရာ မလိုဘဲ ချစ်စရာလေးတွေလေ။ စကားလည်း နားထောင်ကြတယ်"

"အဲဒါတော့ ဟုတ်တယ်။ နောက်ထပ် နှစ်နှစ်လောက်ကြာသွားရင်တော့... ဟူး... တွေးတောင် မတွေးချင်တော့ဘူး"

သူ့ကို စိုက်ကြည့်နေတဲ့ ရှေ့နေပတ်ကို မာရူးက အနေရခက်စွာနဲ့ ပြုံးပြလိုက်တယ်။ ကိုယ့်သမီးကိုယ် သတိရသွားလို့ အမှတ်တမဲ့ အသံထွက်ပြီး ပြောမိသွားတာလေ။ ထမင်းစားပြီးတဲ့နောက် ငွေရှင်းဖို့ ကောင်တာကို သွားကြတော့ ဝန်ထမ်းက ရှေ့နေပတ်ကို ငွေရှင်းပြီးသွားပြီလို့ ပြောတယ်။

"အာ... ဟုတ်လား"

ရှေ့နေပတ်က အကြွေးဝယ်ကတ်ကို ပိုက်ဆံအိတ်ထဲ ပြန်ထည့်လိုက်တယ်။ စောစောက အမျိုးသမီးက သူတို့စားစရိတ်ကို ရှင်းပေးသွားတဲ့ပုံပဲ။

"ဘာပဲဖြစ်ဖြစ် သူတို့ဖိတ်တဲ့ နောက်တစ်ခေါက်ကိုတော့ သွားမှဖြစ်တော့မယ် ထင်တယ်" စားသောက်ဆိုင်ထဲက ထွက်လာရင်း ရှေ့နေပတ်က ပြောတယ်။

အိမ်အထိ လိုက်ပို့ပေးမယ်လို့ ပြောတာကြောင့် မာရူးလည်း ကားပေါ် တက်လိုက်တယ်။

"တော်တော်လေး စားလို့ကောင်းတယ် မဟုတ်လား"

"တကယ်ကို ကောင်းကောင်း စားလိုက်ရတာပါ။ နောက်တစ်ခေါက်ကျရင် မိဘတွေကိုပါ ဒီကို ခေါ်လာဖို့ စဉ်းစားနေတာ"

"ကောင်းတာပေါ့။ အရသာလည်း သိပ်မပြင်းတော့ လူကြီးတွေလည်း သဘောကျမှာပါ။ စတိတ်သား ဟင်းခတ်အမွှေးအကြိုင်ကလည်း ကိုယ်တွေ အကြိုက်နဲ့ ကိုက်ညီအောင် ပြင်ဆင်ပေးထားတာလေ"

"ဒါနဲ့ အခုနကလို စားသောက်ဖွယ်ရာ တစ်ဆက်လုံးဆိုရင် ဘယ်လောက်လောက် ကျမလဲ"

"သုံးသိန်းလောက်ကျမယ်"

"ဒါဆိုရင် တစ်ယောက်ကို တစ်သိန်းခွဲပေါ့။ ဈေးတော်တော်ကြီးတာပဲ"

"မဟုတ်ဘူးလေ၊ တစ်ယောက်ကို သုံးသိန်းလို့ ပြောတာ"

"...."

မာရူးရဲ့ အစာအိမ်ထဲက အစားအစာတွေ ရုတ်တရက် ကြီးထွားလာသလို ခံစားလိုက်ရတယ်။ သူက တစ်ထိုင်တည်းနဲ့ ဝမ်သုံးသိန်းဖိုးတောင် စားလိုက်တာလား။ အရက်သောက်ခဲ့တာလည်း မဟုတ်ဘူးလေ။ သူစားခဲ့တာဆိုလို့ ဟင်းသီးဟင်းရွက်နည်းနည်း၊ ပေါင်မုန့်၊ စွပ်ပြုတ်၊ ပင်လယ်စာ၊ စတိတ်သားနဲ့ အချိုပွဲနည်းနည်းပဲ ရှိတာ။ ဒါဆိုရင် ပေါင်မုန့်တောင်မှ ဂဏန်းငါးလုံးတန် ဈေးပေါက်နေတာပေါ့။

အဲဒီအချိန်မှာပဲ ဝမ်ခြောက်သိန်းကို ရှင်းသွားတဲ့ အမျိုးသမီးကို သူ သတိရသွားတယ်။ ဆိုင်ပိုင်ရှင်က သူ့သူငယ်ချင်းဆိုတော့ အကူအညီတောင်းလိုက်တာများလား။

"ဒီလောက်များတဲ့ ပိုက်ဆံကို ရှင်းသွားတာ သူက ဘယ်လိုလူမျိုးများလဲလို့ တွေးနေတာလား"

"အဲဒီလောက်တောင် သိသာနေလို့လား"

"မင်းက ငွေနဲ့ပတ်သက်လာရင် တော်တော်လေး အာရုံခံနိုင်တာပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုက်ဆံကို အရမ်းမက်နေရင် ထိပ်ပြောင်သွားလိမ့်မယ်နော်။ အင်း... သူ့အမျိုးသားက DK က မန်နေဂျင်းဒါရိုက်တာလေ။ သူကိုယ်တိုင်ကလည်း Korea Daily ဥက္ကဋ္ဌရဲ့ မြေးမပေါ့။ တစ်ခွန်းတည်း ပြောရရင်တော့ ချယ်ဘိုးလ် တွေလေ"

"နားလည်ရ လွယ်သွားတာပေါ့။ ချယ်ဘိုးလ် တွေဆိုတော့လည်း"

(TR Note: ချယ်ဘိုးလ်ဆိုတာကို ရီးယားမှာ မိသားစုတစ်စုကပိုင်ဆိုင်ပြီး လုပ်ငန်းခွဲများစွာကို ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းစုကြီးကိုခေါ်တာပါ)

မာရူးက ထိုင်ခုံခါးပတ် ပတ်လိုက်ရင်း စားသောက်ဆိုင်မှာ တွေ့ခဲ့တဲ့ သားအမိကို ပြန်သတိရသွားတယ်။ ချယ်ဘိုးလ်။ သတင်းတွေနဲ့ နာမည်ကြီး မဂ္ဂဇင်းတွေမှာ ခဏခဏ ပါလေ့ရှိတဲ့ စကားလုံးပဲ။ ပြီးတော့ သာမန်ပြည်သူတွေရဲ့ ဒေါသကို ဆွပေးတဲ့ စကားလုံးတစ်ခုလည်း ဖြစ်တယ်။ မာရူးကိုယ်တိုင်လည်း ချယ်ဘိုးလ် ဆိုတဲ့ စကားလုံးအပေါ် သိပ်ပြီး အမြင်ကြည်လှတာ မဟုတ်ဘူး။ အံ့ဩစရာတော့ မဟုတ်ပါဘူးလေ၊ သူတို့နဲ့ပတ်သက်တဲ့ သတင်းတွေဆိုတာကလည်း အလွဲသုံးစားလုပ်တာတွေ၊ တရားမဝင် အမြတ်အစွန်းရဖို့ စီးပွားရေးမှာ မသမာမှုလုပ်တာတွေ၊ လျှို့ဝှက်ရန်ပုံငွေတွေနဲ့ အများအားဖြင့် ငွေကြေးနဲ့ပတ်သက်တဲ့ ပြစ်မှုတွေချည်းပဲကိုး။

ဒါပေမဲ့ သူကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ အပြင်က ချယ်ဘိုးလ် တစ်ယောက်ကတော့ တခြားလူတွေလိုပါပဲ။ မဟုတ်ဘူး၊ တကယ်တော့ လူအများစုထက်တောင် ပိုပြီး ယဉ်ကျေးနေသေးတယ်။ ရှေ့နေတစ်ယောက်နဲ့ စကားပြောနေလို့များလားလို့ မာရူး တွေးမိသွားတယ်။

ရှေ့နေပတ်က ကားကို နောက်ဆုတ်ရင်း စကားစပြောတယ်။ မာရူးကတော့ ဘာခံစားချက်မှ မပြဘဲ ရှေ့ကိုပဲ ကြည့်နေတယ်။ ရှေ့နေပတ်နဲ့ အဆင်ပြေပြေ ရင်းနှီးနေတဲ့ လူတွေအကြောင်းကို သူ အဆိုးမပြောနိုင်ဘူးလေ။

"လူတော်တော်များများကတော့ ချယ်ဘိုးလ် မိသားစုတွေကို အမြင်မကြည်ကြဘူး"

မာရူးက သူ့ကို တစ်ချက်စောင်းကြည့်လိုက်တယ်။

"ရယ်စရာကောင်းတာက လူတိုင်းက အဲဒီလိုမျိုး ဖြစ်ချင်ကြပေမယ့် သူတို့ကိုကျတော့ ရွံမုန်းကြတာပဲ။ ဒီလို ဆန့်ကျင်ဘက်ဖြစ်နေတာတွေကို ဖန်တီးခဲ့တာကလည်း ချယ်ဘိုးလ်တွေကိုယ်တိုင်မို့ သူတို့လည်း သိပ်တော့ အံ့ဩနေမှာ မဟုတ်ပါဘူး။ ပြောရရင်တော့ Sungjoo Corp. ရဲ့ ဥက္ကဋ္ဌဆိုရင် တီဗီပေါ်မှာ ဘီးတပ်ကုလားထိုင်နဲ့ ပေါ်လာတာလေ။ အဖမ်းမခံရအောင် ကြိုးစားနေပုံက မျက်ရည်ကျချင်စရာတောင် ကောင်းတယ်"

"ကျွန်တော်လည်း အဲဒီသတင်းကို မြင်ပါတယ်။ စတော့ရှယ်ယာတွေနဲ့ ပတ်သက်တာ မဟုတ်လား"

"အခွန်ရှောင်ဖို့အတွက် ရုပ်ရှင်ရိုက်ကူးနေတာကို ပေါ်သွားတာလေ။ စိတ်ဝင်စားစရာတော့ ကောင်းတယ်။ ချယ်ဘိုးလ် တွေလို့ သိကြတဲ့ မိသားစုတွေက ဂဏန်းတစ်လုံးတည်းရာခိုင်နှုန်းလောက်ပဲရှိတဲ့ စတော့ရှယ်ယာတွေနဲ့ ကော်ပိုရေးရှင်းတစ်ခုကို ချုပ်ကိုင်ထားနိုင်တာကိုး။ ရှယ်ယာတွေကို အပြန်အလှန် ချိတ်ဆက်ပိုင်ဆိုင်ကြတဲ့ အိုင်ဒီယာကို ဘယ်သူက စပြီး တွေးခဲ့တာလဲတော့ မသိပေမယ့် အဲဒီလူကတော့ တကယ့် ပါရမီရှင်ပဲ ဖြစ်ရမယ်" ရှေ့နေပတ်က တဟားဟားရယ်ရင်း ပြောတယ်။

"ဘာပဲဖြစ်ဖြစ်၊ ချယ်ဘိုးလ် တွေမှာ ပြဿနာတွေ အများကြီး ရှိပေမယ့် သူတို့က အများအားဖြင့် တိတ်တိတ်လေးပဲ နေဖို့ ကြိုးစားကြတယ်။ အဲဒီလိုမျိုး ပြဿနာတွေ ပေါ်လာပြီဆိုရင်တော့ အများအားဖြင့် သူတို့ ကြိုတင်ပြင်ဆင်မှုတွေကို သေချာမလုပ်ခဲ့လို့ပဲ"

"ကြိုတင်ပြင်ဆင်မှုတွေ ဟုတ်လား"

"မသမာတဲ့ အပေးအယူတွေပဲဖြစ်ဖြစ်၊ ဈေးကွက်ကို ကစားတာပဲဖြစ်ဖြစ်၊ သူတို့က ခြေရာဖျောက်ဖို့တော့ လိုတာပေါ့။ ဒါပေမဲ့ မပေါက်ကြားသင့်တဲ့ အသေးစိတ် အချက်အလက်တွေက ထွက်လာတော့တာပဲလေ။ အဲဒီတော့မှ CEO တွေက ရုတ်တရက်ကြီး ဘီးတပ်ကုလားထိုင်တွေနဲ့ ထွက်လာကြတော့တာပေါ့။ အို... ဒါက ငါက ရှေ့နေတစ်ယောက်အနေနဲ့ ပြောနေတာမဟုတ်ဘဲ သာမန်လူတစ်ယောက်အနေနဲ့ ပြောနေတာနော်"

"ဟုတ်ပါပြီ"

"ဧရာမကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်လာပြီဆိုရင် တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ မီဒီယာတွေရှေ့ ရောက်သွားတတ်တာမို့ ပြဿနာတွေကတော့ ပေါ်လာတတ်တာပါပဲ။ ဒါပေမဲ့ သူတို့ မိသားစုတွေကတော့ လူသိရှင်ကြား မဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ အာဏာရှိတဲ့သူတွေ အကြောက်ဆုံးအရာက ဘာလဲဆိုတာ မင်း သိလား"

"အင်း... သူတို့ရဲ့ အာဏာကို ဆုံးရှုံးသွားမှာကို နေမှာပေါ့"

"ဟုတ်တယ်၊ ရှင်းပါတယ်။ ဒါကြောင့်မို့လို့လည်း အာဏာရှိတဲ့သူတွေက သူတို့လက်ထဲက အာဏာကို မလွတ်သွားအောင် ကိုယ့်ကိုယ်ကိုယ် သတိထားနေကြရတာလေ။ ခေတ်က ပြောင်းနေပြီ။ ပြည်တွင်းထုတ်ကုန်တွေကို ဝယ်ယူပြီး တိုင်းပြည် ပြန်လည်ဦးမော့လာအောင် ကုမ္ပဏီတွေကို ထောက်ခံအားပေးခဲ့ကြတဲ့ လူတွေက ကိုယ့်အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ်တိုင် လမ်းစရှာလာကြပြီ။ အထူးသဖြင့် IMF အကျပ်အတည်း ဖြစ်ပြီးကတည်းက အဲဒီလို ပိုဖြစ်လာတာ။ အဲဒီကျေးဇူးကြောင့် ကုမ္ပဏီတွေက ပြည်သူတွေကို နှစ်သိမ့်ဖို့နဲ့ ပြည်သူတွေရဲ့ အမြင်မကြည်တာကို မခံရအောင် ကိုယ့်ကိုယ်ကိုယ် သတိထားလာကြတယ်။ သူတို့က လျှို့ဝှက်ချက်ကို အာမခံထားတဲ့ နေရာတွေမှာတော့ အာဏာကို သုံးနိုင်ချင် သုံးနိုင်လိမ့်မယ်။ ဒါပေမဲ့ အဲဒီလို မဟုတ်တဲ့ နေရာတွေမှာတော့ အရမ်းကို ယဉ်ယဉ်ကျေးကျေး ပြုမူကြရလိမ့်မယ်"

ရှေ့နေပတ်က တော်တော်လေး ထူးဆန်းတဲ့ မျက်နှာထားမျိုး ဖြစ်သွားတယ်။ ဘာလို့လဲဆိုတာကို သူပြောလိုက်တဲ့ နောက်စကားတွေကတစ်ဆင့် မာရူး သိလိုက်ရတယ်။

"သူတို့ ပိုက်ဆံတွေ မဆုံးရှုံးရအောင် ဟိုသွားဒီသွားနဲ့ အလုပ်လုပ်ပေးရင်း ကျွန်တော်က ပိုက်ဆံရှာနေရတာလေ။ ကျွန်တော်က ချယ်ဘိုးလ် တွေကို မကြိုက်ပေမယ့် ကျွန်တော်တို့ ရှေ့နေရုံးက အမှုသည်အများစုက သူတို့တွေပဲဆိုတော့ သူတို့ကို အပြည့်အဝကြီး မမုန်းနိုင်ဘူးလေ။ ကျွန်တော့်မိန်းမနဲ့ သမီးအကြီးရဲ့ ခရီးစရိတ်တွေအပြင် သမီးအငယ်ရဲ့ ကျောင်းစရိတ်ကလည်း သူတို့အိတ်ကပ်ထဲကနေ လာတာပဲလေ။ ဒါကြောင့်မို့လို့ တခြားလူတွေကို ကျွန်တော် တကယ် အပြစ်မတင်ရက်ပါဘူး။ ကျွန်တော်ကိုယ်တိုင်က စကားပြောခွင့်ရှိတဲ့ အနေအထားမှာမှ မရှိတာဆိုတော့ ဘယ်သူ့ကိုမှ ဘယ်လိုလုပ် အဆိုးပြောနိုင်ပါ့မလဲ"

"လူတိုင်းက တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ဒီလိုကိစ္စမျိုးတွေ ကြုံတွေ့နေရတာပါပဲ"

အခြေအနေကောင်းတဲ့ လူတွေကို ကဲ့ရဲ့နေပေမယ့် သူတို့လိုဖြစ်ဖို့ အိပ်မက်မက်ကြတယ်။ လူ့အဖွဲ့အစည်းအကြောင်းကို ညည်းညူနေပေမယ့် အဲဒီအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ ဒါကတော့ မတတ်နိုင်ပါဘူးလေ၊ တခြားလူတွေရဲ့ ဖယ်ကြဉ်တာကို ခံရရင် ငတ်သေသွားနိုင်တဲ့ လောကကြီးဖြစ်နေတာကိုး။ တက္ကသိုလ်ကောင်းကောင်းတွေ တက်ပြီး အလုပ်အကိုင်ကောင်းကောင်း ရနေတဲ့သူတွေရဲ့ အဆုံးစွန် ရည်မှန်းချက်က ချယ်ဘိုးလ် ဖြစ်ဖို့ပဲ။ တချို့လူတွေမှာတော့ တခြားရည်မှန်းချက်တွေ ရှိတတ်တာပေါ့လေ။ အဲဒီလိုလူတွေက အများအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင် ထူးခြားတဲ့ ပန်းတိုင်တွေကိုပဲ လိုက်ကြတယ်။ ဒါပေမဲ့ ဒီနိုင်ငံရဲ့ အခြေခံစနစ်ကြီးက ပုန်ကန်မှုနည်းပြီး စက်ရုပ်ဆန်တဲ့ အလုပ်သမားတွေ ထုတ်ပေးဖို့ ဦးတည်နေတာဖြစ်ပြီး အလုပ်သမားတစ်ယောက်ရဲ့ အိပ်မက်ကလည်း အလုပ်သမားခေါင်းဆောင် ဖြစ်လာဖို့ပဲလေ။

RBS မှာ မြင်ခဲ့ရတဲ့ အနုပညာရှင်တွေရဲ့ ပြည့်တန်ဆာကိစ္စကို မာရူး ပြန်သတိရသွားတယ်။ အောင်မြင်တဲ့ CEO တစ်ယောက်ဆီကို လိင်ဆက်ဆံဖို့ အခေါ်ခံခဲ့ရတယ်လို့ မင်းသမီးတစ်ယောက်က ထွက်ဆိုထားတာလေ။ ကောင်းတဲ့ကိစ္စတွေပဲဖြစ်ဖြစ်၊ ဆိုးတဲ့ကိစ္စတွေပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းတွေနဲ့ ဖျော်ဖြေရေးလောကက တကယ်တော့ ဆက်စပ်နေပုံရတယ်။

"ဇာတ်လမ်းတွဲတွေထဲမှာဆိုရင် ချယ်ဘိုးလ် မိသားစုရဲ့ ဒုတိယမျိုးဆက်တွေကို တော်တော်လေး မောက်မာတဲ့သူတွေအဖြစ် ပုံဖော်ကြတယ် မဟုတ်လား။ အရာအားလုံးကို ငွေနဲ့ ဖြေရှင်းဖို့ ကြိုးစားတာ၊ ခြိမ်းခြောက်တာ၊ လူတွေကို ရိုက်နှက်တာ... အဲဒီလိုလူတွေလည်း ရှိပါတယ်။ အဲဒီလိုလူမျိုး မရှိဘူးလို့တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ငါတွေ့ဖူးတဲ့လူတွေကတော့ သဘောကောင်းကြပါတယ်။ မဟုတ်ဘူး၊ သဘောကောင်းတာထက်တောင် ပိုသေးတယ်။ သူတို့က ရိုးအကြတယ်"

မီးပွိုင့်အနီရှေ့မှာ ရပ်လိုက်ပြီးတဲ့နောက် ရှေ့နေပတ်က စီးကရက်တစ်လိပ်ကို ပါးစပ်ထဲ ထည့်လိုက်တယ်။ ဒါပေမဲ့ မီးတော့ မညှိပါဘူး။ သကြားလုံးတစ်လုံးလို နှုတ်ခမ်းနဲ့ ကိုက်ထားရုံပါပဲ။

"ငါ ရှေ့နေရုံးထဲ မဝင်ခင်တုန်းက အစိုးရရှေ့နေရုံးမှာ အလုပ်လုပ်ခဲ့တာ။ ပြစ်မှုဆိုင်ရာ အမှုအခင်းတွေကို အရူးတစ်ယောက်လို ကိုင်တွယ်ခဲ့ရတယ်။ လူတွေ ဘယ်လောက်တောင် ရက်စက်ယုတ်မာနိုင်လဲဆိုတာကို အကြိမ်ကြိမ် မြင်ခဲ့ဖူးတယ်။ တရားစွဲဆိုချက်တွေကို ရေးနေရင်းနဲ့ ဒေါသထွက်ပြီး တုန်ယင်ခဲ့ရတဲ့ အကြိမ်ရေကိုတောင် မမှတ်မိတော့ဘူး။ ကိုယ့်မိဘကို သတ်တဲ့သူ၊ ကိုယ့်သားသမီးကို သတ်တဲ့သူ၊ လူကို ကားနဲ့တိုက်တဲ့သူ၊ မုဒိမ်းကောင်တွေ၊ တိုက်ခိုက်သူတွေ၊ အစရှိသဖြင့်ပေါ့။ ငါ မြင်ခဲ့ရသလောက်တော့ ပိုဆိုးဝါးတဲ့ ပတ်ဝန်းကျင်တွေမှာ ကြီးပြင်းလာတဲ့သူတွေက ပိုပြီး အစွန်းရောက်တဲ့ ပြစ်မှုတွေကို ကျူးလွန်တတ်ကြတယ်။ ချွင်းချက်တွေတော့ ရှိတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ လက်တွေ့ဘဝကြီးက ငရဲလို ဖြစ်နေတာမို့လို့ သူတို့က ဂရုမစိုက်ကြတော့တာပါ။ ပြီးတော့ လူသတ်မှုတွေမှာဆိုရင်လည်း မတော်တဆမဟုတ်တဲ့ လူသတ်မှုအများစုက ငွေကြေးပြဿနာတွေနဲ့ ဆက်စပ်နေတတ်တယ်"

ရှေ့နေပတ်က မေးရိုးကို လှုပ်ပြီး ပါးစပ်ထဲက စီးကရက်ကို ကစားနေလိုက်သေးတယ်။ ပြီးမှ ပြာခွက်ထဲကို ပစ်ချလိုက်တယ်။ ပြာခွက်ထဲမှာ မီးမညှိရသေးတဲ့ စီးကရက်တွေ အပြည့်ဖြစ်နေတာကို မာရူး မြင်လိုက်ရတယ်။

"ခင်ဗျား ဘာပြောချင်လဲဆိုတာကို ကျွန်တော် သဘောပေါက်ပြီ ထင်တယ်"

"ဟုတ်လား"

"ဟုတ်တယ်။ သူဌေးမိသားစုတွေရဲ့ ဒုတိယမျိုးဆက်တွေက ဘာလို့ ဖြူစင်ပြီး ရိုးအကြတာလဲပေါ့။ စီးပွားရေးလောကထဲ ဝင်ဖို့အတွက် စီးပွားရေးအကြောင်း စတင်လေ့လာတဲ့အချိန်မှာတော့ သူတို့ ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်အထိတော့ သူတို့တွေက တကယ်ကို ဖြူစင်ပြီး ရိုးအကြမှာပဲ။ ဆိုလိုတာက သူတို့တွေက ဘာမှမလိုလေသေးမရှိတဲ့ အကောင်းဆုံး ပတ်ဝန်းကျင်မှာ ကြီးပြင်းခွင့်ရကြတာ မဟုတ်လား။ သာမန်အိမ်ထောင်စုတွေမှာ မွေးဖွားကြီးပြင်းလာတဲ့ လူတွေအတွက် အဖြစ်များတဲ့ ပြဿနာတွေကို သူတို့ လုံးဝ ရင်ဆိုင်ရမှာ မဟုတ်ဘူးလေ"

"ဟုတ်တယ်၊ အဲဒါပဲလေ။ ပညာရေးအပါအဝင် အကောင်းဆုံးဆိုတာတွေနဲ့ချည်း ကြီးပြင်းလာကြတဲ့ လူတွေမို့လို့ အခြေခံအားဖြင့် ယဉ်ကျေးပြီး ကြင်နာတတ်ကြတာပေါ့။ ကိုယ်ရည်ကိုယ်သွေး အားနည်းချက်တွေကို ဖန်တီးပေးတာက ကြမ်းတမ်းတဲ့ စမ်းသပ်မှုတွေပဲလေ။ ဒါပေမဲ့ သူတို့က အဲဒီလိုမျိုးတွေကိုမှ မကြုံတွေ့ရတာ။ ငါအရင်က ပြောခဲ့သလို ကိုယ့်သဘောနဲ့ကိုယ် ထင်ရာလုပ်တတ်တဲ့သူတွေ ရှိပေမယ့်လည်း မိသားစုထဲက လူကြီးတွေရဲ့ ဖိအားပေးမှုနဲ့ ချက်ချင်း ငြိမ်ကျသွားတတ်ကြတယ်"

ကားက တော်တော်လေး လှုပ်သွားတယ်။ အရှိန်လျှော့ကုန်းကို ဖြတ်မောင်းသွားတဲ့ပုံပဲ။

"အခုတလော သတင်းတွေထဲမှာ ပါနေတဲ့ အနုပညာရှင်တွေရဲ့ ပြည့်တန်ဆာကိစ္စကို မင်း သိလား"

"ဟုတ်ကဲ့၊ သတင်းတွေမှာ တွေ့ပါတယ်"

"ကလေးတစ်ယောက်ကို မပြောသင့်တဲ့ကိစ္စဆိုပေမယ့် မင်းလည်း ဒီလောကထဲ ရောက်နေတာမို့ ငါ ပြောလိုက်မယ်။ ကုမ္ပဏီတွေက လူတွေနဲ့ အတတ်နိုင်ဆုံး မပတ်သက်ပါနဲ့။ ဖျော်ဖြေရေးလောကမှာ အာဏာရှိတဲ့သူတွေက ကြော်ငြာရှင်တွေပဲ။ ပြီးတော့ ကြော်ငြာရှင်တွေက စီးပွားရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်တယ်။ စီးပွားရေးအရ သူတို့နဲ့ တွေ့တာက အဆင်ပြေပေမယ့် ကိုယ်ရေးကိုယ်တာအရ သွားမရင်းနှီးပါနဲ့"

"အရင်ဆုံး နာမည်ကြီးအောင် လုပ်ပြီးမှပဲ စဉ်းစားပါတော့မယ်"

"ဟားဟား၊ အဲဒါလည်း ဟုတ်တာပဲ"

အဲဒီအချိန်မှာ ဖုန်းမြည်လာတယ်။ ရှေ့နေပတ်က အသံချဲ့စက်နဲ့ ဖုန်းကို ကိုင်လိုက်တယ်။

"မင်းကတော့ ကွက်တိပဲ လှမ်းခေါ်တာပဲ။ ငါ အခု မာရူးနဲ့ အတူရှိနေတာ။ ဘာလို့ အတူရှိနေတာလဲ ဟုတ်လား။ ကိစ္စလေးတွေ ရှိလို့ပါ။ ဘာလို့ ဖုန်းဆက်တာလဲ။ အတူတူ သောက်ချင်လို့လား။ မင်း ကျန်းမာရေးကို သေချာဂရုစိုက်သင့်တယ်နော်။ ခါတိုင်းလို ဂျင်ဆင်းလက်ဖက်ရည်ပဲ သောက်လိုက်ပါလား။ ဟုတ်ပါပြီ၊ အရက်ကို မေ့ထားလိုက်တော့။ အခုလောက်ကြာမှ အိမ်တွင်းငါးမျှားတာကို သွားမလုပ်ကြဘူးလား။ သိတယ်မလား၊ ငါတို့ ငယ်ငယ်တုန်းကလိုလေ။ ဟုတ်ပါပြီ၊ ဒါဆိုရင် အဲဒီကျမှ တွေ့ကြတာပေါ့"

ရှေ့နေပတ်က ဖုန်းချလိုက်တယ်။ မာရူးက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်တယ်။ မြေအောက်ရထားဘူတာရုံတစ်ခုကို ဖြတ်သွားနေတာကို မြင်လိုက်ရတယ်။

"ချိန်းထားတာ ရှိတယ်ဆိုတော့ ကျွန်တော် ဒီနားတင်ပဲ ဆင်းတော့မယ်။ ဆူဝမ်အထိ မောင်းပြီးမှ ဆိုးလ်ကို ပြန်လာရတာ ခင်ဗျားအတွက် တော်တော် အလုပ်ရှုပ်သွားလိမ့်မယ်"

"အိမ်ရောက်တဲ့အထိ လိုက်ပို့ပေးချင်ပေမယ့် ကားပိတ်လာရင် ငါ့အတွက် တော်တော် ခက်ခဲသွားလိမ့်မယ် ထင်တယ်"

ရှေ့နေပတ်က ကားကို ဘေးကပ်ရပ်ပေးတယ်။ မာရူးက ကားပေါ်ကဆင်းပြီး နှုတ်ဆက်လိုက်တယ်။ ကောင်းကောင်းမွန်မွန် စားသောက်ခဲ့ရတဲ့အပြင် အကူအညီလည်း ရခဲ့တာမို့ သူ့ကို ကျေးဇူးတင်မိတယ်။

"သရုပ်ဆောင်တဲ့နေရာမှာ ကံကောင်းပါစေ"

"ကျေးဇူးတင်ပါတယ်။ လမ်းမှာ ဂရုစိုက်သွားပါဦး"

ကားမောင်းထွက်သွားတာကို ခဏလောက်ကြည့်ပြီးတဲ့နောက် မာရူးက လှည့်ထွက်လာခဲ့တယ်။ မြေအောက်ရထားပေါ် တက်ပြီး တိုင်ကို မှီနေလိုက်တယ်။ လွန်ခဲ့တဲ့ တစ်နာရီတောင် မပြည့်သေးခင်က သူ ချောင်းဒမ်ဒုံမှာ စတိတ်သား လှီးနေခဲ့တာ။ ဒါပေမဲ့ အခုတော့ အလုပ်ကနေ အိမ်ပြန်နေကြတဲ့ လူအုပ်ကြီးကြားထဲ ရောက်နေပြီလေ။ ဒီလို တောင်ကိုရီးယားဆိုတဲ့ မြေကွက်သေးသေးလေးမှာတောင် လူတွေက ဒီလောက်အထိ ကွာဟနိုင်တယ်ဆိုတာကို သူကိုယ်တိုင် ကြုံတွေ့လိုက်ရတယ်။

'ဘာ ချယ်ဘိုးလ်တွေလဲကွာ။ ငါ့မိန်းမနဲ့ ကလေးကို ကျွေးမွေးနိုင်ရင် ရပြီပေါ့။'

သူတို့တွေနဲ့ ဘာမှ ပတ်သက်စရာရှိမှာ မဟုတ်ဘူးလို့ သူ တွေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့တွေက ကမ္ဘာခြားမှာ နေကြတာကိုး။ မာရူးက မြေအောက်ရထားအပြင်ဘက်ကို ကြည့်ရင်း အနာဂတ်အကြောင်း တွေးနေမိတယ်။ သရုပ်ဆောင်ပြိုင်ပွဲက စတော့မှာမို့လို့ အဲဒီအပေါ် အာရုံစိုက်ထားရမယ်လေ။ ပြဇာတ်ကလည်း အရင်ကထက် အများကြီး ပိုပြည့်စုံလာပြီဆိုတော့ ပြိုင်ပွဲရက်မှာ ကောင်းကောင်းလုပ်နိုင်ရင် ဆုတစ်ခုခုတော့ ရနိုင်မှာပါ။

မြေအောက်ရထားက စည်းချက်ကျကျ လှုပ်ခါသွားတယ်။

K-drama ပရိသတ်အများစု သိကြတဲ့အတိုင်း ချယ်ဘိုးလ် တွေဆိုတာ 'မိသားစုစီးပွားရေး' အနေနဲ့ ဧရာမကုမ္ပဏီကြီးတွေကို လုပ်ကိုင်နေကြတဲ့ အလွန်ချမ်းသာတဲ့ မိသားစုတွေကို ခေါ်တာပါ။

* * * * * * * * *

All Chapters