← Chapters

အခန်း ၃၀၉

Vol. 31 Ch. 309

အခန်း ၃၀၉

Vol. 31 Ch. 309

အခန်း(၃၀၉)

မာရူးက ရိုက်ကူးရေး ပြီးသွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်။ ဖုန်းကို ချလိုက်ပြီးနောက် ပြုံးလိုက်ရင်း မျက်နှာကြက်ကို မော့ကြည့်လိုက်တယ်။ အခုတော့ အရာအားလုံး ပြီးဆုံးသွားပြီလေ။ တကယ်တော့ ရိုက်ကူးရေးထက် ပိုအရေးကြီးတဲ့ တည်းဖြတ်ပိုင်းတွေ ကျန်နေသေးတာမို့ ရုံတင်ဖို့ဆိုရင် အချိန်အတော်လေး လိုပါသေးတယ်။ ဒါပေမဲ့ အကြမ်းထည်တစ်ခု ပြီးသွားတယ်ဆိုတဲ့ သဘောပါပဲ။ သူ့ရဲ့ ပထမဆုံးအလုပ်လေး အဆင်ပြေပြေနဲ့ ပြီးဆုံးသွားတဲ့အတွက် သူ တော်တော်လေး ဂုဏ်ယူမိတယ်။ သူ့ရဲ့ အစွမ်းကုန် ကြိုးစားအားထုတ်ထားတဲ့ အဲဒီအခန်းတိုလေးမှာ သူ ဘယ်လို ပုံစံမျိုးနဲ့ ထွက်လာမလဲဆိုတာကို မျှော်လင့်နေမိတယ်။

"ဘာကိစ္စ ထူးလို့လဲ" လို့ ဘေးနားကနေ ဒေးမြောင်က လှမ်းမေးတယ်။

"ရိုက်ကူးရေး ပြီးသွားပြီတဲ့"

"တကယ်"

"အင်း"

"ဂုဏ်ပြုပါတယ်ကွာ"

"ငါက ဂုဏ်ပြုခံရမယ့်သူမှ မဟုတ်တာ"

"ဒါပေမဲ့လည်း မင်းက ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့တာပဲလေ။ ဒါက ဂုဏ်ပြုခံရမယ့်ကိစ္စလို့ ငါထင်တယ်" ဒေးမြောင်က သူ့လက်ချောင်းတွေနဲ့ ဗွီပုံစံလေး လုပ်ပြရင်း ပြောတယ်။

"အဲဒါဆို မင်းက ရုပ်ရှင်လည်း ရိုက်ဖူးပြီ၊ အခု ဇာတ်လမ်းတွဲဆိုတော့..."

"နှစ်ခုလုံးက ဇာတ်ရံတွေချည်းပါပဲကွာ"

"ဟေ့ကောင်... မင်း ပါဝင်ခွင့်ရတာပဲဟာ။ ဒါက မင်း တဖြည်းဖြည်း တက်လမ်းပွင့်လာတယ်ဆိုတဲ့ သက်သေပဲ။ အေး... ဒါနဲ့ မင်း အရင်က ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲက ဘယ်တော့ ပြမှာလဲ"

"နှစ်ပတ်ခြား တစ်ခါ ရိုက်တာလို့ ပြောတယ်၊ ဒါကြောင့် ဒီနေ့လောက်ဆို ပြလောက်ပြီ"

"ငါ ကြည့်ရတော့မှာပေါ့"

"မင်း အဲဒီလောက်ကြီး အချိန်ပေးပြီး ကြည့်စရာ မလိုပါဘူး။ ခဏလေးပဲ ပါမှာကို"

"မင်းက အရိုက်ခံရမှာဆို"

"အင်း"

သူတို့စကားပြောနေတာကို ဘေးကနေ နားထောင်နေတဲ့ ဒိုဂျင်က ဝင်ပြောတယ်။

"ပထမတစ်ခါကျတော့ လူဆိုး၊ အခုကျတော့ အရိုက်ခံရပြန်ပြီ။ မင်းက ဘယ်တော့မှ အထာကျတဲ့ ကာရိုက်တာမျိုး သရုပ်ဆောင်ရမှာလဲ"

"မသိပါဘူးကွာ"

သူတို့ စကားပြောနေတုန်းမှာ အတန်းခေါင်းဆောင်က အတန်းထဲ ဝင်လာပြီး ဒီနေ့ ညနေ အတန်းပိုင်အချိန် မရှိဘူးလို့ အားလုံးကို လှမ်းပြောတယ်။ မနက်ဖြန်က ကလပ်လှုပ်ရှားမှု အပြည့်လုပ်ရမယ့်နေ့ဆိုတော့ ဒီနေ့မှာ သရုပ်ဆောင်ကလပ်က လေ့ကျင့်ချိန်လည်း မရှိဘူး။ အိမ်စောစောပြန်၊ ကုတင်ပေါ်မှာ ပက်လက်လှန်ပြီး အေးအေးဆေးဆေး နားရမယ့် အကောင်းဆုံးနေ့လေးပါပဲ။ သူတို့ အတန်းထဲကနေ ထွက်လာတဲ့အချိန်မှာ ကျောင်းဝတ်စုံနဲ့ မိန်းကလေးတစ်ယောက် သူတို့ကို စောင့်နေတယ်။ သူကတော့ တခြားသူမဟုတ်ဘူး၊ ယိုဂျင်ပဲ။ အတန်းထဲက ကောင်လေးတွေက တီးတိုးတီးတိုးနဲ့ စကားတွေ ပြောနေကြပြီ။

မာရူးက ယိုဂျင်ဆီကို လျှောက်သွားလိုက်တယ်။

"ဒီနေ့ လေ့ကျင့်ချိန် မရှိဘူး"

"ငါ သိတယ်"

"ဒါဆို ဘာလို့ လာတာလဲ။ ဒီလိုပုံစံကြီးနဲ့ကို"

"ငါတို့ကို နည်းနည်းလောက် ကူညီပါလား"

"ဘာကိုလဲ"

"ငါတို့ကျောင်းက သရုပ်ဆောင်ကလပ်က လေ့ကျင့်နေကြလို့၊ အဲဒါ နင်တို့ကို ကူညီပေးစေချင်လို့။ ငါက ကလပ်ကနေ ထွက်လိုက်ပြီဆိုပေမယ့် သူတို့ရဲ့ စီနီယာဖြစ်နေတုန်းပဲလေ"

"နင့်စကားတွေက ငါ့ကို ပိုရှုပ်ထွေးသွားစေပြီ။ ငါတို့က နင်တို့ကို သင်ပေးစရာ ဘာမှမရှိဘူး။ ပြောရရင် နင်တို့က ငါတို့ထက် ပိုတော်နေတာကို"

"မဟုတ်ဘူး၊ ဒီတစ်ခါအတွက်တော့ နင်တို့က ဒီအလုပ်နဲ့ အကိုက်ညီဆုံးပဲ"

ဒါက ဘာအကြောင်းလဲ။ မာရူးက ခေါင်းလေးစောင်းပြီး ယိုဂျင်ကို စိုက်ကြည့်လိုက်တယ်။

"ငါတို့ကျောင်းက ပြင်ဆင်နေတဲ့ ပြဇာတ်က 'ငါ တကယ် မတရားခံရတာပါ' ဆိုတဲ့ ပြဇာတ်မို့လို့"

* * * * * * * * *

မာရူးက နာရီကို တစ်ချက်ကြည့်လိုက်တယ်။ အချိန်က ငါးနာရီ ထိုးနေပြီ။ ပုံမှန်အားဖြင့် ဒီအချိန်ဆို သူ အိမ်ရောက်ပြီး ရေမိုးချိုး၊ ရေခဲသေတ္တာထဲက ဟင်းကျန်တွေနဲ့ ညစာစားနေလောက်ပြီ။ အဲဒီနောက်မှာတော့ ကုတင်ပေါ်လှဲပြီး စာအုပ်ဖတ်ရင် ဖတ်၊ မဟုတ်ရင်လည်း တစ်ခုခုလုပ်နေမှာ အသေအချာပဲ။ ဒါပေမဲ့ အခုတော့ သူက ရထားပေါ်မှာ မတ်တတ်ရပ်လို့နေတယ်။

"ငါ ပြောသားပဲ၊ ရယ်ရတယ် မဟုတ်လား"

စူးရှရှ အသံတစ်သံက သူ့နားထဲ ဝင်လာတယ်။ မာရူးက အာရမ်၊ ဂျီယွန်းတို့နဲ့ လက်ချင်းချိတ်ထားပြီး တောက်ပတဲ့ အပြုံးတွေနဲ့ ရယ်မောနေတဲ့ ယိုဂျင်ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ဒီကောင်မလေးရဲ့ ဖော်ရွေမှုကတော့ တကယ်ကို အသက်အန္တရာယ် ပေးနိုင်လောက်တယ်။

သူတို့ လေ့ကျင့်နေတာတွေကို လာကြည့်ရင်းနဲ့ပဲ သူမက သရုပ်ဆောင်ကလပ်က အဖွဲ့ဝင်တွေနဲ့ တော်တော်လေး ရင်းနှီးသွားခဲ့တာ။ သဘောကောင်းတဲ့ ဂျီယွန်းကို သူမက ပထမဆုံး စည်းရုံးနိုင်ခဲ့တာပေါ့။ အဲဒီနောက် ဂျီယွန်းနဲ့ ရင်းနှီးတဲ့ အာရမ်လည်း သူမဘက်ကို ပါသွားတယ်။ ဒီလိုနဲ့ တစ်ယောက်တည်း ကျန်နေတဲ့ ပထမနှစ်ကျောင်းသား ဘန်ဂျူးပါ သူမနဲ့ သွားသွားလာလာ လုပ်လာရာကနေ နောက်ဆုံးတော့ သူမက သူတို့ သရုပ်ဆောင်ကလပ်က အဖွဲ့ဝင်တစ်ယောက်လိုကို ဖြစ်နေတော့တယ်။

ယိုဂျင်က တခစ်ခစ် ရယ်ရင်း အာရမ်ရဲ့ ပေါင်ကို လှမ်းဆွဲစိတ်လိုက်တယ်။ သူတို့အရှေ့မှာတော့ ဒေးမြောင်နဲ့ ဒိုဝူးတို့ ရှိနေတယ်။ အခု သရုပ်ဆောင်ကလပ် တစ်ခုလုံးက ဘိုဆောင်း မိန်းကလေးအထက်တန်းကျောင်းဆီကို သွားနေကြတာ။ မဟုတ်သေးဘူး၊ ဒါက ပြန်ပေးဆွဲခံနေရတာ။ ဒီကလူတွေအားလုံး စတော့ဟုမ်း ဆင်ဒရုန်း လက္ခဏာတွေ ပြနေပြီလို့ မာရူးက တွေးလိုက်မိတယ်။

ယိုဂျင်က သူ့ကို ကြည့်ပြီး ပြုံးစိစိ လုပ်ပြတဲ့အခါ မာရူးက ခေါင်းခါပြလိုက်တယ်။ လွန်ခဲ့တဲ့ တစ်နာရီလောက်က ယိုဂျင် သူ့ကို လိုက်ခဲ့ဖို့ ပြောတုန်းက သူက စိတ်မဝင်စားဘူးလို့ ငြင်းခဲ့တာ။ တကယ်လည်း သူ စိတ်ရှုပ်မခံချင်ဘူးလေ။ သူ မသွားချင်ရတဲ့ ပိုကြီးမားတဲ့ အကြောင်းရင်းက သူတို့တွေကလည်း အတူတူ ပြဇာတ်ကိုပဲ ပြင်ဆင်နေကြလို့ပဲ။

သရုပ်ဆောင်ပြိုင်ပွဲမှာ ကျောင်းနှစ်ကျောင်းက ပြဇာတ်တစ်ပုဒ်တည်းကို တင်ဆက်မယ်ဆိုရင် ဒိုင်တွေက သေချာပေါက် တစ်ကျောင်းကို ဖြုတ်ချမှာပဲလေ။ သရုပ်ဆောင်ပြိုင်ပွဲက အရင်ဆုံး ဒေသတွင်း အရည်အချင်းစစ်ပွဲတွေ လုပ်ပြီးမှ ဆိုးလ်မှာ ဗိုလ်လုပွဲကို ကျင်းပတာ။ အကယ်၍ တူညီတဲ့ ပြဇာတ်နှစ်ပုဒ် ရှိနေခဲ့ရင် သူတို့က အရည်အချင်းစစ်ပွဲမှာတင် တစ်ပုဒ်ကို အသေအချာ ဖြုတ်ပစ်မှာ။ ပြိုင်ဘက်ကို ကူညီပေးစရာ အကြောင်း ရှိလို့လား။ လုံးဝ မရှိဘူးလေ။ သူက ယိုဂျင်ရဲ့ တောင်းဆိုမှုကို ငြင်းတော့မလို့ပဲ၊ ဒါပေမဲ့ သူမက အဲဒီအစား ဒေးမြောင်ဆီက အကူအညီ သွားတောင်းလိုက်တယ်။

မာရူးက မြေအောက်ရထားအပြင်ဘက်ကို ကြည့်ရင်း သက်ပြင်းချလိုက်တယ်။ အဲဒီအချိန်တုန်းက သူက ဒေးမြောင်ကို ဆွဲပြီး အသက်လု ထွက်ပြေးခဲ့တာ။ ယိုဂျင်ရဲ့ အဖမ်းခံလိုက်ရတဲ့ ဒေးမြောင်ကတော့ သူမရဲ့ ဇာတ်ကြောင်းကို နားထောင်ပြီး လက်ခံသွားတယ်။ သန့်ရှင်းတဲ့ ပြိုင်ပွဲတဲ့လေ၊ လှပတဲ့ ပြိုင်ဘက်တွေတဲ့။ ဒေးမြောင်က အဲဒီစကားတွေနဲ့ သူ့ဆီ လာပြောတဲ့အခါ မာရူး ခေါင်းကုတ်ရင်း ခေါင်းခါလိုက်မိတယ်။ အဲဒီနောက် မလုပ်ချင်တာကို အတင်းခိုင်းရင် သိပ်မုန်းတဲ့ ဒိုဝူးကို သူ လှမ်းကြည့်လိုက်တယ်။ ဒါပေမဲ့ ဒိုဝူးက ယိုဂျင်ရဲ့ ကျောင်းဟာ ဘိုဆောင်း "မိန်းကလေး" အထက်တန်းကျောင်း ဖြစ်နေတာကို တော်တော်လေး စိတ်ဝင်စားနေပုံပဲ။ မာရူးက အဲဒီအချိန်က ဒိုဝူးရဲ့ပုံကို ဓာတ်ပုံရိုက်ပြီး သူ့ညီမဆီ ပို့လိုက်ချင်စိတ် ပေါက်သွားတယ်။ ပြီးတော့ ဒါက နင်ကြိုက်နေတဲ့ ကောင်လေးရဲ့ မျက်နှာစစ်ကြီးပါလို့ ပြောပြလိုက်ချင်တယ်။

ပထမနှစ်တွေကလည်း ဘာမှ မငြင်းဘဲ လက်ခံလိုက်ကြတယ်။ ယိုဂျင်က အကူအညီတောင်းတော့ ပထမနှစ်တွေက 'ရတာပေါ့' လို့ တက်တက်ကြွကြွ ပြန်ဖြေကြတဲ့အခါ မာရူးက စုပ်သပ်လိုက်မိတယ်။ ဒါက ဧည့်သည်က အိမ်ရှင် နေရာယူသွားသလို ခံစားရတယ်။

သူတို့ကို ကူညီတာက ကိုယ့်သရုပ်ဆောင်ကလပ်အတွက် နစ်နာမှုတွေ ဖြစ်လာနိုင်တယ်လို့ ဒေးမြောင်ကို သူ ပြောပြခဲ့တယ်။ ဒါပေမဲ့ ဒေးမြောင်ကတော့ သူတို့ကို ကူညီပေးတာကလည်း လေ့လာသင်ယူဖို့ အခွင့်အရေးတစ်ခု ဖြစ်လာမှာမို့လို့ ဘာပြဿနာမှ မရှိနိုင်ဘူးလို့ ပြန်ဖြေခဲ့တယ်။ အဲဒီနောက် တူညီတဲ့ ပြဇာတ်ကိုပဲ တင်ဆက်မယ်ဆိုရင်တောင် သူတို့ နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ရှိတယ်လို့ ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သေးတယ်။ မာရူးက သူ့ရဲ့ ရည်မှန်းချက်ကြီးမားမှုကို သဘောကျပေမယ့် အပြောင်းအလဲတွေကိုတော့ မကြိုက်ဘူးလေ။ ဒါကြောင့် ဒေးမြောင်က နည်းနည်းလေး ပေါ့ဆနေတယ်လို့ သူ ထင်မိတယ်။

ဒါပေမဲ့လည်း သူ့ရင်ဘတ်ထဲက တစ်ထောင့်တစ်နေရာမှာတော့ ပြုံးနေမိပါတယ်။ ဒါက လူငယ်သဘာဝပဲလေ။ အကျိုးအမြတ်ကို မတွက်ဘဲ သူငယ်ချင်းတွေမို့လို့ ကူညီပေးကြတာကို တွေ့ရတဲ့အခါ သူ ဘယ်လိုလုပ် မပြုံးဘဲ နေနိုင်မှာလဲ။

အဲဒါကြောင့်ပဲ သူ အလံဖြူလွှင့်ပြီး အတူတူ လိုက်လာခဲ့တော့တာ။ ပြိုင်ပွဲကျမှ သူတို့သာ ဘိုဆောင်း မိန်းကလေးကျောင်းကို ရှုံးသွားခဲ့ရင်တော့ ဒီကောင်တွေကို သူကိုယ်တိုင် မှတ်လောက်သားလောက်အောင် ဆုံးမပစ်မယ်လို့ တေးထားလိုက်တယ်။

* * * * * * * * *

"ဒါပေမဲ့ မိန်းကလေးကျောင်းထဲကို ငါတို့ ယောက်ျားလေးတွေ ဝင်ခွင့်ရှိလို့လား" မြေအောက်ရထားပေါ်ကနေ ဆင်းလိုက်ချိန်မှာ ဒီမေးခွန်းက မာရူးခေါင်းထဲ ဝင်လာတယ်။ သူက ယိုဂျင်ကို လှမ်းကြည့်လိုက်တယ်။

"ငါတို့က ခိုးဝင်ရမှာ"

"ဘာ"

"ကျောင်းဂိတ်ပေါက် ဘေးနားက ခြံစည်းရိုးတွေက တခြားနေရာတွေထက် နည်းနည်း ပိုနိမ့်တယ်။ ငါတို့ အဖမ်းမခံရအောင် အဲဒီကနေ ဝင်ကြမယ်"

"ဟေ့လူတွေ... အားလုံး ပြင်ကြတော့။ ငါတို့ ပြန်ကြမယ်"

"ငါက နောက်နေတာပါ။ ခွင့်ပြုချက် တောင်းပြီးပါပြီ"

"ငါတို့ လာမယ်၊ မလာဘူးဆိုတာ နင်က ဘယ်လိုသိလို့လဲ"

"နင်တို့ ရောက်နေပြီပဲဟာ၊ အဲဒီမေးခွန်းက အဓိပ္ပာယ်မှ မရှိတာ"

ယိုဂျင်က မသင်္ကာစရာကောင်းတဲ့ အပြုံးနဲ့ ပြုံးပြတယ်။ ဒီနေ့ကစပြီး သူမကို မီဆိုအသေးစားလေးလို့ ခေါ်ဖို့ မာရူး ဆုံးဖြတ်လိုက်တယ်။

သူတို့က မြေအောက်ရထားဘူတာရုံနားက ဘတ်စ်ကားပေါ် တက်လိုက်ကြတယ်။

"ဒီဘက်မှာ"

ဘိုဆောင်း မိန်းကလေးအထက်တန်းကျောင်းက တိုက်ခန်းတွဲကြီးဘေးမှာ ခန့်ခန့်ထည်ထည်ကြီး ရှိနေတယ်။ အင်ဂျင်နီယာအထက်တန်းကျောင်းဖြစ်တဲ့ ဝူဆောင်းနဲ့မတူဘဲ ကျောင်းဆင်းပြီးနောက် စာကျက်နေတဲ့ ကျောင်းသားတွေ ရှိနေတာကြောင့် အတန်းထဲမှာ မီးတွေ လင်းနေတုန်းပဲ။ မိန်းကလေးတွေက အရှေ့ဂိတ်ပေါက်ကနေ ထွက်လာကြတယ်။ သူတို့က ညစာစားဖို့ အနီးနားက စားသောက်ဆိုင်တွေကို သွားမယ့်ပုံပဲ။ သူတို့က လက်ချင်းချိတ် လမ်းလျှောက်လာတဲ့ မိန်းကလေးတချို့ကို ကျော်ဖြတ်ပြီး ဝင်ပေါက်ဆီ ရောက်လာကြတယ်။ အာရမ်နဲ့ ဂျီယွန်းတို့ကတော့ ဘာအကန့်အသတ်မှ မရှိဘဲ ကျောင်းဂိတ်ပေါက်ကို ဖြတ်ဝင်သွားနိုင်ကြပေမယ့် ကျန်တဲ့သူတွေကတော့ မရဘူးလေ။

ယောက်ျားလေး ကန့်သတ်ဇုန်ထဲကို ဝင်ရတော့မယ်ဆိုပြီး သူတို့ ဝမ်းသာနေရမှာလား။ ယိုဂျင်က သူ့ကို လာခဲ့ဖို့ လက်ယပ်ခေါ်တာကို မြင်တော့ မာရူးက ဝင်ပေါက်ကို ဖြတ်ဝင်လိုက်တယ်။ မိန်းကလေးတွေက သူ့ကို တစ်ချက် လှမ်းကြည့်ပြီး သူတို့ဘာသာ ဆက်သွားကြတယ်။ သူက ကျောင်းဝတ်စုံ ဝတ်မထားတာကြောင့်ပဲ မိန်းကလေးတွေ စိတ်ဝင်စားမှု မရှိတာ ဖြစ်နိုင်တယ်။

ဒါပေမဲ့ ကျောင်းအဆောက်အအုံထဲ ဝင်လိုက်တာနဲ့ အခြေအနေက ပြောင်းလဲသွားတယ်။ စင်္ကြံလမ်းပေါ်က မိန်းကလေးတွေအားလုံးက ကောင်လေးတွေကို စိုက်ကြည့်နေကြတယ်။ သူတို့ရဲ့ အကြည့်တွေက တော်တော်လေး စူးရှတယ်။ လမ်းမှာတွေ့တဲ့ ဆရာ၊ ဆရာမတွေကို ယိုဂျင်က အကြိမ်ကြိမ် ရှင်းပြနေရတယ်။ အများစုကတော့ ဆရာမတွေက သူမကို အားပေးစကားပြောရင်း သွားခွင့်ပြုကြတယ်။ အဲဒီတုံ့ပြန်မှုတွေက ဝူဆောင်းကျောင်းနဲ့ဆို လုံးဝကို ဆန့်ကျင်ဘက်ပဲ။ ဝူဆောင်းကျောင်းမှာသာဆိုရင် သရုပ်ဆောင်ကလပ်ကဆိုတာကို ကြားလိုက်တာနဲ့ ဘာပြဿနာမှ မလုပ်ဖို့ ဆရာတွေက သတိပေးလောက်ပြီ။

သူတို့ လေးလွှာကို တက်သွားပြီး စင်္ကြံလမ်းအဆုံးကို လျှောက်သွားလိုက်တဲ့အခါ တခြားအဆောက်အအုံတစ်ခုဆီကို သွားတဲ့ လမ်းကလေးနဲ့ တွေ့တယ်။

"တွဲဖက်အဆောက်အအုံရဲ့ ဝင်ပေါက်က ပြင်နေတာမို့လို့၊ ငါတို့ ဒီကနေ သွားမှ ရမယ်"

သူတို့က ယိုဂျင်နောက်ကို လိုက်ပြီး လမ်းကလေးကနေ ဖြတ်သွားကြတယ်။ တွဲဖက်အဆောက်အအုံရဲ့ နံရံတွေပေါ်က ဆေးတွေက ပြောင်လက်နေတုန်းပဲ။ ဆောက်ထားတာ သိပ်မကြာသေးတဲ့ပုံပဲ။

"ဆိုးလ်က ကျောင်းတွေအကုန်လုံးက ဒီလိုမျိုး ငွေကြေးတောင့်တင်းကြတာလား"

သူ့ဘာသာ တွေးနေပေမယ့် ယိုဂျင်က သူ့ကို ပြန်ဖြေတယ်။

"ဒါက သီးသန့်ရပ်တည်နေတဲ့ ကျောင်းတွေရဲ့ အင်အားလေ"

တွဲဖက်အဆောက်အအုံရဲ့ တတိယထပ်ကို သူတို့ ဆင်းသွားကြတော့ အလုပ်ရှုပ်နေတဲ့ မိန်းကလေးတွေကို တွေ့လိုက်ရတယ်။ သူတို့က ဧရာမဆိုင်းဘုတ်ကြီးကိုလည်း ကိုင်ထားကြတယ်။

"မကြာခင် ကျောင်းပွဲတော် ရှိတယ်လေ"

တော့ပိုကီအနံ့လေးလည်း ရနေတယ်။ အခုမှ မာရူး ပြန်တွေးကြည့်တော့ ဝူဆောင်းကျောင်းမှာလည်း နွေရာသီကျောင်းပိတ်ရက်မတိုင်ခင် သူ့ကိုယ်ပိုင် ကျောင်းပွဲတော် ရှိတာပဲ။ အဲဒါကို ဝူဆောင်းပွဲတော်လို့ နာမည်ပေးထားပြီး နှစ်နှစ်တစ်ကြိမ်ပဲ ကျင်းပတာဆိုတော့ မနှစ်ကတော့ မရှိခဲ့ဘူးလေ။

ယိုဂျင်က တတိယထပ်ရဲ့ ဘယ်ဘက်နံရံက တံခါးကို ခပ်ပြင်းပြင်း တွန်းဖွင့်လိုက်တယ်။ အထဲမှာ လေ့ကျင့်နေတဲ့ မိန်းကလေးတွေက မျက်တောင်လေး တဖျတ်ဖျတ်ခတ်ရင်း တံခါးဆီကို လှမ်းကြည့်ကြတယ်။

"ငါ ရောက်ပြီ"

ယိုဂျင်က စစ်သူကြီးတစ်ယောက်လို ဝင်သွားတယ်။ မာရူးက လမ်းပြဖို့ အရင်ဆုံး ဝင်သွားလိုက်တယ်။ မိန်းကလေးကျောင်းဖြစ်တာကြောင့် ကလပ်အဖွဲ့ဝင်တွေကလည်း သဘာဝကျကျပဲ မိန်းကလေးတွေချည်း ဖြစ်နေတယ်။ သူတို့ရဲ့ ကလပ်အခန်း၊ ဒါမှမဟုတ် လေ့ကျင့်ရေးအခန်းက ဝူဆောင်းကျောင်းက ပဉ္စမထပ် ခန်းမရဲ့ ထက်ဝက်လောက် ကျယ်တယ်။ အဖွဲ့ဝင်တွေအကုန်လုံး လွတ်လွတ်လပ်လပ် ပြေးလွှားလို့ရလောက်အောင် ကျယ်ဝန်းတာမို့ လေ့ကျင့်ဖို့ တော်တော်ကောင်းတဲ့ နေရာလို့ ထင်ရတယ်။ ကြမ်းပြင်ပေါ်မှာ အိစက်တဲ့ ဖျာတွေ ခင်းထားတော့ ဝင်ပေါက်မှာတင် ဖိနပ်တွေ ချွတ်ခဲ့ရတယ်။ အသုံးမပြုတဲ့ အတန်းတစ်ခန်းကို သိမ်းပိုက်ထားရတဲ့ သူတို့ ဝူဆောင်းကျောင်းရဲ့ အခြေအနေနဲ့တော့ လုံးဝကို ကွာခြားလွန်းလှတယ်။

"ဝိုး..."

တခြားအဖွဲ့ဝင်တွေကလည်း အံ့ဩတကြီး ရေရွတ်ရင်း ဝင်လာကြတယ်။ ဘိုဆောင်းကျောင်းရဲ့ သရုပ်ဆောင်ကလပ် အဖွဲ့ဝင်တွေက ချက်ချင်းပဲ နေရာတွေ ရှင်းလင်းလိုက်ကြတယ်။ ဒါကို သူတို့ ကြိုသိထားပြီးသားပုံပဲ။

"ဒီလူတွေက ငါ့ဂျူနီယာတွေ"

"မင်္ဂလာပါ"

မိန်းကလေး အယောက်နှစ်ဆယ်လောက်က ပြိုင်တူ နှုတ်ဆက်ကြတယ်။ မာရူးက သူတို့အားလုံး ပထမနှစ်တွေလားလို့ တွေးရင်း ဒေးမြောင်ကို လှမ်းကြည့်လိုက်တယ်။ ဒီလောက်များတဲ့ မိန်းကလေးတွေရဲ့ရှေ့မှာ မရပ်ချင်သလိုမျိုး သူ့မျက်နှာက သိပ်ကြည့်မကောင်းလှဘူး။ မာရူးက သူ့ကျောကို တွန်းပေးလိုက်တယ်။ ဒီနေရာမှာ သူက ကိုယ်စားလှယ်လေ။

"ပြီးတော့ သူက ဝူဆောင်းကျောင်း သရုပ်ဆောင်ကလပ်ရဲ့ ဥက္ကဋ္ဌ၊ ပတ်ဒေးမြောင်။ သူက ဒုတိယနှစ်... ပြီးတော့ နင်က ကောင်မလေးမရှိဘူးလို့ ငါ့ကို ပြောထားတယ်မလား။ ဒီက မိန်းကလေးတွေက အကုန်လုံး သဘောကောင်းပြီး လှကြတာဆိုတော့ စိတ်ကြိုက်သာ ရွေးလိုက်တော့"

ယိုဂျင်က ပြုံးစိစိနဲ့ ပြောတယ်။ သူမက အဲဒီလို ပြောနေပေမယ့် အကြည့်တွေက ဂျီယွန်းဆီ ရောက်နေတယ်။ ဒီကောင်မလေးက ဘာဖြစ်နေလဲဆိုတာ သေချာသိရက်နဲ့ တမင်သက်သက် လုပ်နေတာပဲ။

"မင်္ဂလာပါ"

ဘာကြောင့်မှန်းမသိပေမယ့် မိန်းကလေးတွေက တော်တော်လေး စည်းကမ်းကြီးပုံပေါ်တယ်။ လေထုက ပိုပြီး ပေါ့ပေါ့ပါးပါးနဲ့ ပြေပြစ်နေမယ်လို့ မာရူး ထင်ထားခဲ့ပေမယ့် သူတို့က အခြေခံစစ်သင်တန်းဆင်းစ စစ်သားတွေနဲ့ တူနေတယ်။ သူတို့ရဲ့ မျက်လုံးတွေက သူတို့ရဲ့ ရာထူးနဲ့ နာမည်တွေကို အော်ပြောတော့မယ့်အတိုင်းပဲ။

"သူတို့က အမြဲတမ်း ဒီလိုပဲလား၊ ဒါမှမဟုတ် နင့်ကို ကြောက်နေကြတာလား"

"သူတို့ကို ယဉ်ကျေးတယ်လို့ပဲ သဘောထားလိုက်ပါ" ယိုဂျင်က ပြောတယ်။

ဒါနဲ့ပဲ သူတို့က ဘိုဆောင်းကျောင်းက ယဉ်ကျေးတဲ့ အဖွဲ့ဝင်တွေနဲ့ မိတ်ဆက်ဖို့ အချိန်တိုလေး ရလိုက်တယ်။ မိန်းကလေး ၂၀ ရဲ့ နာမည်တွေက လျှပ်တစ်ပြက် ဖြတ်သွားတာမို့ အကုန်လုံးကို မှတ်မိဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်ဘူး။ မိတ်ဆက်ပြီးတာနဲ့ သူတို့ ချက်ချင်းပဲ လေ့ကျင့်ရေး စလုပ်ကြတယ်။ မိန်းကလေးတွေက နေရာကို မြန်မြန်ဆန်ဆန် ရှင်းလင်းပြီး ပြဇာတ်အတွက် စတင်ပြင်ဆင်ကြတော့တယ်။

"ဒုတိယနှစ်တွေကော ဘယ်မှာလဲ"

"ဒီနေ့ လေ့ကျင့်ချိန် မရှိဘူးဆိုတော့ သူတို့ အိမ်ပြန်သွားကြလောက်ပြီ"

"သူတို့ကျတော့ကော၊ လေ့ကျင့်ချိန် မရှိတာတောင် ဒီမှာ လူနှစ်ဆယ်လောက် ရှိနေတယ်နော်"

"ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ ဒုတိယနှစ်တွေနဲ့ ပထမနှစ်တွေက ဒီမှာ မရှိဘူးလေ။ ဒီမှာရှိတဲ့ မိန်းကလေးတွေက ကျောင်းပွဲတော်မှာ ကမယ့် ပြဇာတ်အတွက် လေ့ကျင့်နေကြတာ"

"ကျောင်းပွဲတော်လား"

"ဘာလဲ၊ ငါက ပြိုင်ပွဲအတွက် ကမယ့် ပြဇာတ်ကို နင်တို့ဆီ အကူအညီတောင်းတယ်လို့ ထင်နေတာလား"

"မဟုတ်ဘူးလား"

"ငါတို့မှာလည်း ငါတို့ဂုဏ်သိက္ခာနဲ့ ငါတို့ ရှိတယ်လေ။ ပြီးတော့ ဒီလိုကိစ္စမျိုးကို အကူအညီတောင်းရလောက်အောင် ငါက အဲဒီလောက် အသိတရားမဲ့နေမယ် ထင်လို့လား။ ဒီနှစ်မှာ ပထမနှစ်တွေ အများကြီး ဝင်လာတော့ ပြိုင်ပွဲအတွက်ရော ကျောင်းပွဲတော်အတွက်ပါ ပြဇာတ် ကသင့်တယ်လို့ ဆွေးနွေးဖြစ်သွားတာ။ ငါက အစတုန်းက မြောင်ဟွာကျောင်းကို သွားချင်ခဲ့တာ၊ ဒါပေမဲ့ သူတို့က ထိပ်တန်းတွေလေ။ ဆိုလိုတာက နင့်ကောင်မလေးက တကယ်ကို အလုပ်ရှုပ်နေတာ"

"အဲဒါကြောင့် နင်က ငါတို့ဆီ ရောက်လာတာပေါ့"

"အင်းလေ"

မာရူး ခါးခါးသီးသီး ပြုံးလိုက်မိတယ်။ သူက အလကားသက်သက် စိုးရိမ်နေခဲ့တာပဲ။ အခုတော့ သူ တော်တော်လေး စိတ်သက်သာရာ ရသွားပြီ။ ဒေးမြောင်လည်း ပြုံးနေတယ်။ သူက အဲဒီလို လှပတဲ့ စကားတွေ ပြောခဲ့ပေမယ့် တကယ်တမ်းတော့ စိတ်ထဲမှာ တော်တော်လေး စိုးရိမ်နေခဲ့ပုံပဲ။

"ဒါပေမဲ့ နင်က ကလပ်ကနေ ထွက်သွားတာတောင် သူတို့ကို တော်တော်လေး ဂရုစိုက်ရှာသားပဲ"

"သေချာတာပေါ့။ ငါက အလုပ်ရှုပ်လို့ ထွက်လိုက်ရပေမယ့် တစ်ချိန်က ဒီမှာ အဖွဲ့ဝင် ဖြစ်ခဲ့တာပဲလေ။ လောလောဆယ် သူတို့ ကတာကို အရင် ကြည့်ပေးလိုက်ပါဦး၊ ပြီးတော့ နင်တို့ပုံစံလေး ပြပေးလိုက်။ အဲဒါဆိုရင် သူတို့ အကြမ်းဖျင်း သဘောပေါက်သွားလောက်မှာပါ"

ယိုဂျင်ရဲ့ လမ်းညွှန်မှုအောက်မှာ လေ့ကျင့်ရေး စတင်ခဲ့တယ်။ အယောက် ၂၀ ထဲက ၆ ယောက် ထွက်လာပြီး သရုပ်ဆောင်ကြတယ်။ ကျန်တဲ့လူတွေက အုပ်စုနှစ်စုခွဲပြီး ဘေးတစ်ဖက်စီမှာ ထိုင်နေကြတယ်။

"ကျန်တဲ့လူတွေကကော"

"မနက်ဖြန်ကျမှ ပြဇာတ်ကမယ့်သူတွေကို ရွေးမှာ။ အဖွဲ့ ၁ နဲ့ အဖွဲ့ ၂ ဆိုပြီး ရှိတယ်"

"နင်တို့က ငါတို့နဲ့ တကယ်ကို အဆင့်ချင်း ကွာတာပဲ"

"ငါတို့က မြောင်ဟွာကျောင်းနဲ့ ယှဉ်ရင် ဘာမှမဟုတ်သေးပါဘူး။ သူတို့ရဲ့ သရုပ်ဆောင်ကလပ်မှာက တကယ့် နာမည်ကြီး အနုပညာရှင်တွေ ရှိတာ"

"တကယ်"

"သူတို့က တစ်နိုင်ငံလုံးက ဆုတွေကို ဘယ်လို သိမ်းကျုံးယူသွားတယ် ထင်နေလဲ။ အဲဒီမှာ ကလေးသရုပ်ဆောင်တွေအပြင် အိုင်ဒေါတွေလည်း အများကြီး ရှိတယ်။ သူတို့အားလုံးကို သီးသန့်ထားတဲ့ အတန်းတစ်တန်းတောင် ရှိတာ။ အဲဒါတွေထား၊ အခု စနေပြီ။ ဟိုးဘက်က ကောင်မလေးကို နင် ကြည့်လိုက်။ သူက ကုမ္ပဏီဝန်ထမ်းလေ"

မာရူးက ခေါင်းညိတ်လိုက်ပြီး ဆံပင်တိုတိုနဲ့ ကောင်မလေးကို လှမ်းကြည့်လိုက်တယ်။

* * * * * * * * *

"အခုလောလောဆယ် ဒီလောက်ပဲ။ ငါတို့ နားကြမယ်"

ကလပ်ဥက္ကဋ္ဌရဲ့ စကားကို ကြားတော့ သူမ ခေါင်းညိတ်လိုက်တယ်။ သူမ အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ လမင်းကြီးကို မြင်လိုက်ရတယ်။ အချိန်တွေ တော်တော်လေး ကုန်သွားခဲ့ပြီ။ သူမက ရေနည်းနည်း သောက်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်တယ်။ နိုင်ငံလုံးဆိုင်ရာ ပြိုင်ပွဲက လဝက်ပဲ လိုတော့တာမို့ လူတိုင်းက စိတ်လှုပ်ရှားနေကြတယ်။ မနှစ်ကလည်း သူတို့ အမြင့်ဆုံးဆုကို ရခဲ့တယ်၊ အဲဒီမတိုင်ခင်နှစ်ကရော၊ အဲဒီမတိုင်ခင်နှစ်ကပါ ရခဲ့တာပဲ။ ကလပ်အခန်းရဲ့ ထောင့်တစ်နေရာမှာ အလံတစ်ခုနဲ့ ဆုဖလား တော်တော်များများ ရှိတယ်။ ဆုဖလားကိုတော့ သူတို့ကို ပေးထားပေမယ့် အလံကတော့ အဲဒီနှစ်အတွက် ပြိုင်ပွဲမှာ အနိုင်ရတဲ့ ကျောင်းကပဲ သိမ်းထားခွင့်ရှိတာ။ ဆိုလိုတာက ဒီနွေရာသီမှာ သူတို့ ပြိုင်ပွဲကို ထပ်မနိုင်ခဲ့ရင် အဲဒီအလံကို ပြန်ပေးရမှာ။ အလံက သူတို့ဆီမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာဆိုတော့ ပျောက်သွားရင် နှမြောစရာကြီးလေ။

အမြင့်ဆုံးဆုကို ရယူနိုင်တဲ့ အစဉ်အလာကို ထိန်းသိမ်းထားဖို့အတွက် စီနီယာတွေက လေ့ကျင့်ချိန်မှာ တော်တော်လေး စည်းကမ်းကြီးရတာလေ။

"ပထမနှစ်တွေ၊ သွားပြီး ကင်မ်ဘတ်နဲ့ မုန့်တွေ သွားဝယ်ချေ"

ကလပ်ဥက္ကဋ္ဌက ပိုက်ဆံလှမ်းပေးရင်း ပြောတယ်။ သူမက ကျောင်းမှာပဲ ညစာစားဖို့ စီစဉ်ထားပုံရတယ်။

သူမက နေရာမှာတင် အကြောလျှော့လိုက်တယ်။ သူမက ဒီအတိုင်း ငေးမိုင်နေရင် ခန္ဓာကိုယ်က အေးစက်သွားတတ်တဲ့သူမျိုးလေ။ သူမ နံရံကိုမှီပြီး ခြေထောက်တွေကို ဆန့်ထုတ်လိုက်ချိန်မှာပဲ ကလပ်ဥက္ကဋ္ဌက ရောက်လာပြီး သူမရဲ့ ကျောကို ဖိချပေးတယ်။

"စောစောက နင့်စကားပြောခန်း တစ်ချက် မှားသွားတယ်"

"အာ... တောင်းပန်ပါတယ်"

"ပြိုင်ပွဲက ရှေ့နားရောက်နေပြီ၊ ဇာတ်ဆောင်က ငါတို့အပေါ် အမှားလုပ်လို့ မရဘူးလေ"

ကလပ်ဥက္ကဋ္ဌက တခစ်ခစ် ရယ်လိုက်ပြီးနောက် လွှတ်ပေးလိုက်တယ်။ သူမက ဥက္ကဋ္ဌကို မော့ကြည့်ရင်း ပြုံးပြလိုက်တယ်။

* * * * * * * * *

All Chapters