← Chapters

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း ၃၁၁

Vol. 32 Ch. 311

အခန်း(၃၁၁)

"နင် တကယ် အရိုက်မခံရတာ သေချာလို့လား" ယိုဂျင်က တီဗွီကိုကြည့်နေရာကနေ မျက်လုံးလွှဲရင်း မေးလိုက်တယ်။

"သေချာပေါက် အရိုက်မခံရဘူးပေါ့။ အစကတည်းက ကြိုစီစဉ်ထားတာပဲဟာ"

"တကယ်လား။ ဒါပေမဲ့ တကယ့်အစစ်အတိုင်းပဲနော်"

မာရူးက သူ့ကိုယ်သူ တိရစ္ဆာန်ရုံထဲက မျောက်တစ်ကောင်လို ခံစားလိုက်ရတယ်။ သူက ဘယ်ဘက်ကို လှည့်ကြည့်လိုက်တော့ ဘိုဆောင်း မိန်းကလေးအထက်တန်းကျောင်းက ကျောင်းသူတွေ အမြန် မျက်နှာလွှဲသွားကြတယ်။ သူနဲ့ မျက်လုံးချင်းဆုံသွားပေမယ့်လည်း အစကတည်းက စိတ်မဝင်စားသလိုမျိုး ဟန်ဆောင်ပြီး လှည့်သွားကြတာလေ။ မာရူး သက်ပြင်းချလိုက်မိတယ်။

ဘိုဆောင်းအထက်တန်းကျောင်း လေ့ကျင့်ပြီးလို့ ဝူဆောင်းအထက်တန်းကျောင်းက သူတို့အလှည့်ကို စတော့မယ့်အချိန်လေးမှာပဲ ဒေးမြောင်က ဇာတ်လမ်းတွဲအကြောင်း စကားစပ်မိသွားတယ်။ မာရူးက အဲဒီကိစ္စကို ဖုံးဖိကျော်သွားဖို့ ကြိုးစားပေမယ့် ယိုဂျင်က ကြားသွားခဲ့တာကိုး။ နောက်ဆုံးတော့ သူတို့တွေ တီဗွီဖွင့်ပြီး ဇာတ်လမ်းကို အတူတူ ထိုင်ကြည့်ဖြစ်သွားကြတယ်။ လူအများကြီးနဲ့အတူတူ ကိုယ့်သရုပ်ဆောင်တာကို ကိုယ်ပြန်ကြည့်ရတာက တော်တော်လေးကို ရှက်စရာကောင်းတယ်။ အဲဒါကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးတာမျိုးကို တစ်ယောက်တည်းပဲ လုပ်ရတာပေါ့။ သူ့မျက်နှာတစ်ခုလုံး ပူထူလာတယ်။

"ငါတို့ ဒီကို လေ့ကျင့်ဖို့ ရောက်နေတာ မဟုတ်ဘူးလား" ရီမုတ်ကို ကိုင်ထားတဲ့ ယိုဂျင်ကို မာရူး လှမ်းမေးလိုက်တယ်။

"နင် ဆက်မပါတော့ဘူးလား"

"ငါက ဇာတ်ရံပဲဟာ၊ ဒီလောက်ဆို ပြီးပြီပေါ့"

ယိုဂျင် ခေါင်းညိတ်လိုက်ပြီး တီဗွီကို ပိတ်လိုက်တယ်။

"ကဲ... ဘယ်လိုလဲ၊ နင့်ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲ ပွဲဦးထွက်က"

"အခုက အဲဒီအကြောင်း ပြောရမယ့်အချိန်လား။ သိပ်မမိုးချုပ်ခင် လေ့ကျင့်ကြရအောင်"

မာရူးက ဒေးမြောင်ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ ယိုဂျင်လည်း မာရူးပြောတာကို လက်ခံပြီးတော့ သူ့ဂျူနီယာတွေကို နေရာရှင်းလင်းဖို့ ပြောလိုက်တယ်။

"ဒါပေမဲ့ ငါတို့ကပြတာကို ကြည့်ပြီး သူတို့ ဘာမှရလိုက်မယ် မထင်ဘူးနော်။ သူတို့လည်း မဆိုးပါဘူး"

ဘိုဆောင်း မိန်းကလေးအထက်တန်းကျောင်း ကပြတဲ့ ပြဇာတ်မှာ ကြီးကြီးမားမား အားနည်းချက်တွေ မရှိပါဘူး။ ပွဲတော်အတွက် ကမယ့်ပြဇာတ်ပဲဟာ။ ပရိသတ်တွေ သဘောကျနေသရွေ့ ဘာပြဿနာမှ ရှိလာမှာမဟုတ်ဘူး။ မာရူးက ဟိုနားဒီနားက အသေးအဖွဲ အမှားလေးတချို့ကိုတော့ သတိထားမိပေမယ့် အဲဒီအမှားလေးတွေကပဲ ပရိသတ်ရဲ့ အာရုံကို ဖမ်းစားပြီး ပိုအာရုံစိုက်လာအောင် လုပ်ပေးနိုင်တယ်။ သူတို့က ပြိုင်ပွဲဝင်ဖို့ မဟုတ်ဘဲ ပွဲတော်အတွက် ကကြမှာဆိုတော့ ပိုပြီးတောင် ကြည့်ကောင်းနေနိုင်ပါသေးတယ်။

"မဆိုးဘူးဆိုတာ သိပ်မကောင်းဘူးလို့လည်း ပြောလို့ရတာပဲလေ။ လုပ်မယ့်လုပ်တော့လည်း ပြီးပြည့်စုံအောင် လုပ်သင့်တာပေါ့။ အဲဒီလို မထင်ဘူးလား"

ယိုဂျင်ရဲ့ စကားကို ကြားတော့ မိန်းကလေးတွေအကုန်လုံးက 'ဟုတ်ကဲ့' လို့ ပြန်ဖြေကြတယ်။ ညရှစ်နာရီ ကျော်နေပြီ ဖြစ်ပေမယ့် မိန်းကလေးတွေရဲ့ အာရုံစိုက်မှုက နည်းနည်းလေးတောင် လျော့မသွားပါဘူး။ ပွဲတော်အတွက် ကမယ့် ပြဇာတ်မို့လို့ အလယ်အလတ်လောက်ပဲ ကမယ်ဆိုတဲ့ ရည်ရွယ်ချက် သူတို့ဆီမှာ ရှိပုံမရဘူး။ သူတို့ရဲ့ မျက်လုံးတွေကို ကြည့်ရင်းနဲ့ မာရူးလည်း စိတ်ပြောင်းသွားတယ်။ သူတို့တောင် အစွမ်းကုန် ကြိုးစားနေကြမှတော့ သူ့ဘက်ကလည်း ပေါ့ပေါ့ဆဆ လုပ်နေလို့ မရတော့ဘူးလေ။

"ရည်ညွှန်းစရာတော့ ဖြစ်မလား မသိဘူး၊ ဘာပဲဖြစ်ဖြစ် ငါတို့ပြပါ့မယ်"

မာရူးက ဒေးမြောင်ကို လှမ်းကြည့်လိုက်တယ်။ ဒေးမြောင်လည်း ကျန်တဲ့အဖွဲ့ဝင်တွေကို ကြည့်ပြီး အသင့်ပြင်ခိုင်းလိုက်တယ်။ ဒါက ကလပ်အခန်းကလွဲပြီး တခြားနေရာမှာ 'ငါ တကယ် မတရားခံရတာပါ' ပြဇာတ်ကို ပထမဆုံးအကြိမ် ကပြတာပဲဖြစ်တယ်။

ပထမနှစ်ကျောင်းသားတွေရဲ့ မျက်နှာတွေက နည်းနည်း နီရဲနေကြတယ်။ အတည်ငြိမ်ဆုံးပုံပေါက်နေတာကတော့ ဂျီယွန်းပဲ။ သူ့ရဲ့ မိသားစုကိစ္စတွေ ပြေလည်သွားကတည်းက သူ့ရဲ့ စရိုက်ကလည်း ပြောင်းလဲလာတာကိုး။ အဲဒီအချိန်မှာပဲ ကလပ်အခန်းထဲမှာဆို ယုံကြည်မှုအပြည့်ရှိနေတတ်တဲ့ အာရမ်က တော်တော်လေး စိတ်လှုပ်ရှားနေပုံရတယ်။ ပုံမှန်ဆိုရင် သူက ဟိုဒီလျှောက်နောက်ပြောင်နေတတ်ပေမယ့် ဒီကျောင်းကို ရောက်ကတည်းက တစ်ခွန်းမှ မဟတော့ဘူး။ ဘန်ဂျူးကတော့ ခပ်မှန်မှန် အသက်ရှူနေတယ်။ သူက နည်းနည်းလေး တွန့်ဆုတ်နေပေမယ့်လည်း တောင့်တင်းမနေပါဘူး။

ဒိုဝူးကတော့ တံတွေးတွေကို ဆက်တိုက် မျိုချနေတယ်။ သူက မထင်မှတ်ထားတဲ့ အခြေအနေတွေကြုံလာရင် စိတ်လှုပ်ရှားတတ်တဲ့ လူစားမျိုးလေ။ သူက တခြားသူတွေရဲ့ အကြည့်ခံရတာကို အသားကျဖို့ လိုအပ်နေသေးတယ်။

"ဒါက တကယ့်ပြိုင်ပွဲကြီး မဟုတ်ပေမယ့် တကယ့်အစစ်လိုပဲ သဘောထားစေချင်တယ်"

ဒေးမြောင်က အားလုံးကို နှစ်သိမ့်ပေးရင်း အသက်ပြင်းပြင်းရှူဖို့ ပြောလိုက်တယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ပုံမှန်လုပ်နေကျအတိုင်းသာ လုပ်ဖို့ သူက အားပေးစကား ဆိုလိုက်တယ်။

"သေချာကြည့်ထား" ယိုဂျင်က သူ့ဘေးမှာ ထိုင်နေတဲ့ ဂျူနီယာကို ပြောလိုက်တယ်။

အဲဒီဂျူနီယာက မာရူးနဲ့ အခန်းတူတဲ့ ကုမ္ပဏီဝန်ထမ်းနေရာက သရုပ်ဆောင်ရတာလေ။ ပြဇာတ်တစ်ခုလုံးထက် မာရူးတစ်ယောက်တည်းကို ပိုပြီး အာရုံစိုက်ဖို့ သူက သတိပေးလိုက်တယ်။ ဂျူနီယာကလည်း ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြတယ်။

မာရူး မသိလောက်ပေမယ့် ဒါရိုက်တာ ချွဲဂျုန်ဂွန်က သူ့ရဲ့ရိုက်ကူးရေးတွေအပြီးမှာ မာရူးနာမည်ကို တခါတလေ ထည့်ပြောလေ့ရှိတယ်။ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က သူ့လို ဇာတ်ရံတစ်ယောက်ကို မှတ်မိနေတယ်ဆိုတာက ထူးခြားတဲ့ကိစ္စတစ်ခုလေ။ ပြီးတော့ ဒါရိုက်တာ ချွဲဂျုန်ဂွန်က ဘယ်သူလဲ။ ဆက်တိုက်ဆိုသလို အောင်မြင်တဲ့ ဇာတ်ကားတွေကို ဖန်တီးခဲ့တဲ့ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပဲဟာ။ အဲဒီလိုလူမျိုးက မှတ်မိနေတယ်ဆိုမှတော့ သူ အဲဒီတုန်းက တော်တော်လေး ကောင်းခဲ့လို့ပဲ ဖြစ်ရမယ်။ သူက စာဖတ်လေ့ကျင့်စဉ်တုန်းကထက် ပိုပြီးတော့လည်း တိုးတက်လာမှာ အသေအချာပဲ။

ယိုဂျင်က နံရံကိုမှီပြီး ဝူဆောင်းအထက်တန်းကျောင်းရဲ့ ပြဇာတ်ကို ကြည့်နေလိုက်တယ်။ လေ့ကျင့်စဉ်တုန်းကနဲ့မတူဘဲ ဟိုနားဒီနားမှာ အဆင်မပြေတာလေးတွေ ရှိနေတယ်။ အများအားဖြင့် ပထမနှစ်တွေဆီကနေ အမှားတွေ ထွက်လာတာပါ။ ပြဇာတ်အကြောင်း မသိတဲ့သူတွေအတွက်ကတော့ သတိမထားမိနိုင်တဲ့ အမှားမျိုးပေမယ့် ဒိုဝူးတောင် အမှားလုပ်မိသွားသေးတယ်။

တစ်ချိန်တည်းမှာပဲ ဒေးမြောင်က တော်တော်လေး တည်ငြိမ်တဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြသနေတယ်။ သူက ပုံမှန်ဆို ရှက်တတ်ပေမယ့် သရုပ်ဆောင်ပြီဆိုတာနဲ့ တခြားလူတစ်ယောက်လို လုံးဝပြောင်းလဲသွားတယ်။ ခြေချိတ်ထိုင်ရင်း သန်းဝေလိုက်တဲ့ သူ့ပုံစံက ပျင်းရိနေတဲ့ ရဲတစ်ယောက်ဆိုတာ သံသယဝင်စရာတောင် မလိုဘူးလေ။

ဒါပေမဲ့ မာရူးနဲ့ ယှဉ်လိုက်ရင်တော့ ဒေးမြောင်ရဲ့ တည်ရှိမှုက သိသိသာသာ မှေးမှိန်သွားတယ်။ စင်လယ်မှာ အသံကို နည်းနည်း နှိမ်ထားတဲ့ မာရူးဆီကို သူ အကြည့်လွှဲလိုက်တယ်။ အကယ်၍ မာရူးက ဝတ်စုံပြည့်ဝတ်ပြီး မျက်နှာကို ဖုံးထားမယ်ဆိုရင် 'ဒီသရုပ်ဆောင်ရဲ့ အသက်က ဘယ်လောက်လောက်ရှိပြီလို့ ထင်လဲ' လို့ တခြားလူတွေကို မေးကြည့်လိုက်တာနဲ့ အသက်လေးဆယ်နှောင်းပိုင်းလောက်လို့ အကုန်လုံးက ဖြေကြမှာပဲ။ အထက်တန်းကျောင်းသားတစ်ယောက်က အဲဒီအသက်အရွယ်နဲ့ လိုက်ဖက်တဲ့ မျက်နှာအမူအရာကို ပြသနိုင်တာက တော်တော်လေး အံ့ဩစရာကောင်းတယ်။ တကယ်ဆိုရင် သူက လူငယ်ပုံပေါက်အောင် အထူးမိတ်ကပ်တွေ ပြင်ဆင်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်လို့ ပြောရင်တောင် ပိုပြီး ယုံကြည်စရာကောင်းနေဦးမယ်။

သူက အဲဒီလောက်ထိ သဘာဝကျတာပါ။ သရုပ်ဆောင်နေတယ်လို့ကို မခံစားရဘူး။ ဒေးမြောင်က သရုပ်ဆောင်တဲ့နေရာမှာ ဘယ်လောက်ပဲ တည်ငြိမ်နေပါစေ အထက်တန်းကျောင်းသားတစ်ယောက် သရုပ်ဆောင်နေတယ်ဆိုတာတော့ သိသာနေတုန်းပဲ။ တခြားသူတွေဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။ ပိုပြီး သိသာလွန်းတယ်လေ။

မာရူးတစ်ယောက်တည်းကသာ တခြားသူတွေနဲ့ ကွာခြားနေတာ။ သူက သူ့ရဲ့ ဇာတ်ကောင်နဲ့ တစ်သားတည်း ဖြစ်နေတယ်၊ ဒီလိုအသုံးအနှုန်းမျိုးက အခုလို အခြေအနေမှာ အလိုက်ဖက်ဆုံးပဲ ဖြစ်လိမ့်မယ်။ အားနည်းချက်တစ်ခု ရှိတယ်ဆိုရင်တောင် သူက အရမ်းငယ်ရွယ်လွန်းနေတာပဲ ရှိတယ်။ ဘယ်လိုလုပ် အဲဒီလောက်တောင် ကောင်းနေရတာလဲ။

'ပြီးတော့ လေ့ကျင့်နေတာ မဟုတ်တဲ့အတွက် အခု ပိုတောင် ကောင်းနေသေးတယ်'

ပုံမှန်ဆိုရင်တော့ သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့အစွမ်းအစအပြည့်ကို ထုတ်ပြဖို့ ပိုလွယ်ကူတတ်တယ်။ ပရိသတ်တွေရဲ့ အကြည့်ဆိုတာ အဲဒီလောက်ထိ ကြောက်စရာကောင်းတာလေ။ ကြည့်နေတဲ့သူတွေဆီကနေ ရလာတဲ့ ဖိအားက လူတော်တော်များများကို တွန့်ဆုတ်သွားစေနိုင်တယ်။

ဒါပေမဲ့ မာရူးကတော့ အဲဒီဖိအားကိုပဲ သူ့ရဲ့ ခွန်အားတစ်ခုလို အသုံးချနေပုံရတယ်။ တကယ်တော့ သူက ဖိအားတွေကြားထဲမှာ ပိုပြီး တော်လာတတ်တဲ့ လူစားမျိုးများလား။

အစကတော့ သူ့ဂျူနီယာတွေကို ကူညီပေးဖို့အတွက် ဝူဆောင်းအထက်တန်းကျောင်းကို သူ ဖိတ်ခေါ်ခဲ့တာဖြစ်ပေမယ့် အခုတော့ ပြောင်းပြန်တွေ ဖြစ်နေပြီလို့ သူ တွေးလိုက်မိတယ်။ သူ့ရဲ့ မူလရည်ရွယ်ချက်က အဆိုတော်တွေက လမ်းညွှန်သီချင်းတွေကို နားထောင်ပြီး နောက်ဆုံးမှာ အဲဒီသီချင်းကို သူတို့ရဲ့ ကိုယ်ပိုင်သီချင်းဖြစ်လာအောင် ဖန်တီးသလိုမျိုးပဲ သူ့ဂျူနီယာတွေက ဝူဆောင်းအထက်တန်းကျောင်းရဲ့ အချောသပ်ထားတဲ့ ပြဇာတ်ကို ကြည့်ပြီး သူတို့ရဲ့ အားနည်းချက်တွေကို ရှာဖွေကာ တိုးတက်အောင် လုပ်နိုင်ဖို့ပဲ ဖြစ်တယ်။ သူ့ဂျူနီယာတွေက ဉာဏ်ကောင်းပြီး ဒါကို လုပ်နိုင်စွမ်းရှိတယ်လို့ သူ ထင်ခဲ့သလို အတိုင်းအတာတစ်ခုအထိ မှန်ကန်ပုံလည်း ရပါတယ်။ ဒါပေမဲ့ မာရူးနဲ့ ဇာတ်ကောင်တူတဲ့ ဂျူနီယာအတွက်တော့ အထောက်အကူဖြစ်မှာ မဟုတ်ဘူးလို့ သူ ခံစားလိုက်ရတယ်။

ပစ်မှတ်က ကိုယ့်လက်တစ်ကမ်းမှာရှိတဲ့ လူတစ်ယောက်ဆိုရင်တော့ ယုံကြည်မှုတချို့ရလာပြီး ပိုကောင်းအောင် ကြိုးစားနိုင်မှာ ဖြစ်ပေမယ့် ကိုယ်နဲ့ အဆင့်အရမ်းကွာတဲ့ လူတစ်ယောက်ကို မြင်လိုက်ရရင်တော့ သူ့ရဲ့ယုံကြည်မှုတွေ ယိမ်းယိုင်သွားဖို့က ပိုများတယ်။ ယိုဂျင်က သူ့ဘေးမှာ ထိုင်နေတဲ့ ဂျူနီယာကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ သူက ရည်မှန်းချက်ကြီးတဲ့ ဂျူနီယာတစ်ယောက်လေ။ ဆောင်းရာသီ သရုပ်ဆောင်ပြိုင်ပွဲအတွက် အဓိကဇာတ်ကောင်နေရာတွေထဲက တစ်ခုကို သူက ရယူထားတာ။ သူ့ရဲ့ ရည်မှန်းချက်နဲ့ လိုက်ဖက်တဲ့ စွမ်းရည်မျိုး သူ့ဆီမှာ ရှိပေမယ့် အခုတော့ သူ့မျက်နှာက တော်တော်လေး လေးနက်နေတယ်။ တစ်ခုခုကို နားလည်နေတဲ့ပုံမျိုး မဟုတ်ဘူး။ သူစိမ်းပြင်ပြင် တစ်ခုခုကို ကြည့်နေရသလိုမျိုး ဖြစ်နေတယ်။

"ဒီအတိုင်းပဲ ကြည့်နေလိုက်။ သူက ထူးဆန်းတဲ့လူတစ်ယောက်ပဲ။ ဒါကြောင့် သူ့ကို ထူးခြားတဲ့သူတစ်ယောက်အနေနဲ့ပဲ သဘောထားလိုက်ပါ"

နောက်ဆုံးတော့ သူ စကားပြောင်းပြောလိုက်ရတယ်။ မာရူးကို အတုခိုးဖို့ ပြောလိုက်ရင် သူ့ဂျူနီယာ အခုချိန်ထိ စုဆောင်းလာခဲ့တဲ့ သရုပ်ဆောင်ခြင်းနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ အကုန်ပြိုလဲသွားလိမ့်မယ်လို့ သူ ခံစားလိုက်ရလို့ပဲ။

သူ့ရဲ့ နည်းပြဆီကနေ သရုပ်ဆောင်သင်တန်း ယူတုန်းက ယိုဂျင် အများဆုံးကြားခဲ့ရတဲ့ စကားက ကိုယ်မမီနိုင်တဲ့အရာတွေကို မလိုက်ဖို့ပါပဲ။ စာကလေးတစ်ကောင်က လင်းယုန်တစ်ကောင်ကို ဘယ်လိုမှ မမီနိုင်ဘူးလေ။ တောင်ခြေကနေ တောင်ထိပ်ကို မော့ကြည့်ပြီးမှ တက်မယ်ဆိုရင် အရမ်းလွယ်လွယ်နဲ့ ပင်ပန်းသွားလိမ့်မယ်။ လူတွေက ရှေ့က သစ်ပင်ဆီကို ရောက်အောင်သွားမယ် ဆိုတဲ့ နီးစပ်ရာ ရည်မှန်းချက်တွေကိုပဲ အာရုံစိုက်ဖို့ လိုအပ်တယ်။ အဲဒီလိုလုပ်မှသာ တောင်ထိပ်ကို ရောက်နိုင်မှာပေါ့။

ယိုဂျင်ရဲ့ ဂျူနီယာက ခဏလောက်တော့ လက်မခံနိုင်ဖြစ်သွားပေမယ့် သူ လက်ခံမှကို ရတော့မယ်လေ။ မာရူးရဲ့ တစ်ယောက်တည်း ပြောရတဲ့ စကားပြောခန်းကို မြင်ပြီးသွားတဲ့ နောက်ပိုင်းမှာပေါ့။

အလယ်အလတ်လောက်ပဲ လုပ်ရမယ့် မာရူးက လူတိုင်းကို အရှင်လတ်လတ် မျိုချတော့မယ့်ပုံစံမျိုး ဖြစ်နေတယ်။ ဒါက ဘယ်လိုလုပ် အလယ်အလတ်ဖြစ်သွားရတာလဲလို့ ယိုဂျင် တွေးနေမိတယ်။ မာရူးက အစွမ်းကုန်ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပေမယ့် အဲဒီအကျိုးဆက်အနေနဲ့ သူ့ဂျူနီယာရဲ့ စိတ်အားထက်သန်မှုကို သူကိုယ်တိုင် သတ်ပစ်လိုက်သလို ဖြစ်သွားတယ်။ အခုတော့ မာရူးကို အလယ်အလတ်လောက်ပဲ လုပ်ပေးဖို့ သူက တောင်းဆိုချင်နေမိပြီ။ လေ့ကျင့်စဉ်တုန်းကထက်တောင် ပိုကောင်းနေတာမို့ သူ့မှာ အနေခက်စွာနဲ့ပဲ ပြုံးလိုက်ရတော့တယ်။

"ဟင်း... နည်းနည်းပါးပါး အထောက်အကူဖြစ်ရဲ့လား" သူတို့ ကပြပြီးသွားတဲ့အခါ ဒေးမြောင်က လှမ်းမေးတယ်။

သူ့ဂျူနီယာတွေရဲ့ မျက်နှာအမူအရာတွေ သိပ်မကောင်းတာကို ယိုဂျင် မြင်လိုက်ရတယ်။ ဒါက သဘာဝပါပဲလေ။ ဝူဆောင်းအထက်တန်းကျောင်းနဲ့ ယှဉ်ရင် သူတို့တွေ လိုအပ်ချက်တွေ ရှိနေသေးတာကိုး။

"သေချာပေါက် ဖြစ်တာပေါ့။ နင်တို့ကျေးဇူးကြောင့် ပွဲတော်အတွက် ငါတို့တွေ ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ထင်တယ်"

"တကယ်လား။ ကောင်းတာပေါ့။ ဒါပေမဲ့ ငါတို့လည်း အမှားတွေ လုပ်မိတာမို့ အရမ်းကြီးတော့ ကွာခြားမယ် မထင်ပါဘူး"

ဒေးမြောင်က ရယ်မောရင်း ခေါင်းကုတ်လိုက်တယ်။

"ငါတို့ ပြီးပြီလား" မာရူးက မေးတယ်။

ယိုဂျင် လက်ပိုက်လိုက်တယ်။ ကိုးနာရီလေးပဲ ကျော်သေးတာလေ။ နောက်ဆုံးရထားချိန်အထိ အချိန်နည်းနည်း လိုပါသေးတယ်။

"ငါ နောက်ထပ် တစ်ခုလောက် တောင်းဆိုလို့ရမလား"

မာရူးက လုံးဝကို စိတ်မရှည်တော့တဲ့ပုံပါပဲ။ သူ့အလုပ်ပြီးသွားပြီမို့ အိမ်ပြန်ချင်နေတဲ့ သူ့ရဲ့ဆန္ဒကို လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ယိုဂျင်လည်း ဒေးမြောင်ဆီကို အမြန်လှမ်းကြည့်လိုက်တယ်။

"ရပါတယ်"

ဒေးမြောင်က ခွင့်ပြုလိုက်တဲ့အခါ မာရူးက လက်မြှောက်အရှုံးပေးလိုက်တဲ့ အတိုင်းပဲ သက်ပြင်းချလိုက်တယ်။

"ငါတို့ရဲ့ အားသာချက် အားနည်းချက်တွေကို ပြောပြပေးစေချင်လို့ပါ။ အသေးအဖွဲလေးတွေဖြစ်ဖြစ် ရပါတယ်။ ဒီကောင်မလေးတွေက သူတို့အချင်းချင်းကလွဲပြီး တခြားလူတွေဆီကနေ မှတ်ချက် ပြန်မရဖူးကြဘူးလေ။ အချိန်အကြာကြီး မယူပါဘူး။ အားလုံးကို စကားနည်းနည်းလောက်စီပဲ ပြောစေချင်တာပါ"

အထက်တန်းကျောင်းသားတွေအတွက် ရည်ရွယ်တဲ့ သရုပ်ဆောင်ပြိုင်ပွဲတွေက သိပ်မများလှဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို တော်တော်များများ ရှိပေမယ့် ဒေသဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ကျောင်းသားတွေ နှစ်စဉ် ပါဝင်ခွင့်ရတဲ့ ပြိုင်ပွဲအရေအတွက်က အကန့်အသတ် ရှိတယ်။ အထင်ရှားဆုံးကတော့ နွေရာသီမှာ တစ်ကြိမ်၊ ဆောင်းရာသီမှာ တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ အမျိုးသား လူငယ်သရုပ်ဆောင်ပြိုင်ပွဲပဲ ဖြစ်တယ်။ ကလပ်မှာရှိတဲ့ လူ ၄၀ အနက်က တစ်စိတ်တစ်ပိုင်းလောက်ကသာ အဲဒီလို စင်မြင့်ပေါ်ကို တက်ခွင့်ရတာလေ။ ကျန်တဲ့လူတွေကတော့ ဝန်ထမ်းတွေအဖြစ်ပဲ နေကြရမှာ။

အဲဒီအတွက်ကြောင့် တခြားသူတွေရှေ့မှာ သူတို့ရဲ့ စွမ်းရည်ကို ပြသဖို့ အခွင့်အရေးက အဲဒီလောက် မများပါဘူး။ ဒီမှာ စုဝေးနေကြတဲ့ ပထမနှစ်တွေထဲမှာဆိုရင် ကျောင်းပြီးတဲ့အထိ စင်ပေါ်တက်ခွင့်မရတဲ့ သူတွေတောင် ပါချင်ပါနေနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဘိုဆောင်း မိန်းကလေးအထက်တန်းကျောင်းက စင်ပေါ်တက်ခွင့်နဲ့ ပတ်သက်လာရင် တော်တော်လေးကို တင်းကျပ်တာကိုး။

ဒါကြောင့်လည်း မှတ်ချက်တွေ ပြန်ရနိုင်မယ့် အခွင့်အရေးမျိုးက တော်တော်လေးကို အရေးကြီးပါတယ်။ အထူးသဖြင့် ဝေဖန်ပေးမယ့်သူတွေက ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း မြင့်မားတဲ့ မာရူးနဲ့ ဒေးမြောင်လို လူမျိုးတွေဆိုရင် ပိုပြီးတော့တောင် အရေးကြီးသေးတယ်။ သူလည်း သူ့အမြင်တွေကို ပြောပြနိုင်ပေမယ့် တခြားလူတွေ ပြောတာလောက်တော့ တွန်းအားဖြစ်စေမှာ မဟုတ်ဘူးလေ။

"အားလုံးက အရမ်းကောင်းနေတာကို..."

ဒေးမြောင်က သူ့ဂျူနီယာတွေကို ကြည့်ရင်း ပြောလိုက်တယ်။ သူ တော်တော်လေး အခက်တွေ့နေတဲ့ပုံပါပဲ။ ယိုဂျင်က ထပ်တောင်းဆိုလိုက်မှပဲ အသေးအဖွဲလေးတွေလောက်တော့ ဖြစ်နိုင်တယ်ဆိုပြီး ဒေးမြောင်က လက်ခံလိုက်တော့တယ်။

"ကျေးဇူးပဲ"

ယိုဂျင် ပြုံးလိုက်တယ်။

* * * * * * * * *

ချယ်ရင်က မန်နေဂျာမောင်းတဲ့ ကားပေါ်ကို တက်လိုက်တယ်။

"သွားကြတော့မလား"

"ဟုတ်ကဲ့ အစ်ကို"

ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ နေအိမ်ကို ပြန်ရောက်နေကြပြီလေ။ သူတို့ ပွဲဦးထွက်ခဲ့တာ နှစ်နှစ်ရှိပြီ။ 'တက်ကြွတဲ့ ရည်းစားကောင်မလေး' ဆိုတဲ့ အငွေ့အသက်ပါတဲ့ သူတို့ရဲ့ ပထမဆုံးသီချင်းက အစက မျှော်မှန်းထားတာထက်ကို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုရခဲ့တယ်။ သူ့အေဂျင်စီရဲ့ ဥက္ကဋ္ဌက သူတို့ နှစ်နှစ်လောက် ပြင်းပြင်းထန်ထန် ကြိုးစားပြီးရင် စင်မြင့်ကြီးတွေပေါ်မှာ ရပ်တည် သီဆိုနိုင်လိမ့်မယ်လို့ ပြောခဲ့ပေမယ့် တကယ်တမ်းကျတော့ ပွဲဦးထွက်ပြီး သုံးလအကြာမှာပဲ ပြည်သူပိုင် ရုပ်သံလိုင်းတစ်ခုရဲ့ ဂီတအစီအစဉ်မှာ သူတို့ ပထမဆု ရခဲ့ကြတယ်။ ရုပ်သံလိုင်း သုံးခုစလုံးမှာကို ရခဲ့တာပါ။ အဲဒါကြောင့်လည်း လူတွေက ထိပ်တန်း အမျိုးသားအိုင်ဒေါအဖွဲ့က TTO ဖြစ်ပြီး ထိပ်တန်း အမျိုးသမီးအိုင်ဒေါအဖွဲ့ကတော့ BLUE လို့ မကြာခဏ ပြောလေ့ရှိကြတယ်။

မထင်မှတ်ဘဲ ရုတ်တရက် အောင်မြင်သွားပြီးတဲ့နောက် သူတို့တွေက တစ်နိုင်ငံလုံး အနှံ့ နေရာမျိုးစုံမှာ လိုက်လံ သီဆိုခဲ့ကြတယ်။ အဲဒီအချိန်ကျမှ တိုင်းပြည်မှာ ကောလိပ်တွေ ဒီလောက်တောင် များပါလားဆိုတာကို ချယ်ရင် သိလိုက်ရတယ်။ သူ့အေဂျင်စီရဲ့ ဥက္ကဋ္ဌက ချက်ချင်း နာမည်ကြီးသွားတာနဲ့ပဲ စူပါစတားတွေလို မောက်မောက်မာမာ လုပ်နေရင် ဝေဖန်မှုတွေ ပြန်ခံရလိမ့်မယ်လို့ ပြောပြီး ပွဲအမျိုးအစားပေါင်းစုံကို စီစဉ်ပေးခဲ့တယ်။ အဲဒါကြောင့်လည်း သူတို့တွေ ပွဲဦးထွက်ပြီး တစ်နှစ်ပတ်လုံး မိဘတွေနဲ့တောင် တွေ့ရခဲပါတယ်။ တကယ်တော့ သူတို့ရဲ့ မိဘတွေကသာ သူတို့နေတဲ့နေရာကို လာပြီး တစ်ခါတလေ လာအားပေး နှစ်သိမ့်ရတာလေ။

တစ်နှစ်လောက် အလုပ်တွေ ရှုပ်နေခဲ့တာကြောင့် ကျောင်းသွားဖို့ အချိန်တောင် သိပ်မရှိတော့ဘူး။ သူ့အတန်းဖော်တွေရဲ့ မျက်နှာတွေကိုတောင် မေ့လုမတတ် ဖြစ်နေချိန်မှာပဲ ဥက္ကဋ္ဌရဲ့ အကြံပြုချက်နဲ့ မြောင်ဟွာအထက်တန်းကျောင်းကို ပြောင်းလာခဲ့တယ်။ အဲဒါက အနုပညာရှင်ဖြစ်နေတဲ့ ကျောင်းသားအများစု တက်ရောက်တဲ့ ကျောင်းဖြစ်ပြီး အနုပညာရှင်တွေရဲ့ အလုပ်ဇယားကြောင့် ကျောင်းပျက်တာကို ခွင့်ပြုပေးတဲ့ ကျောင်းအနည်းငယ်ထဲက တစ်ကျောင်းဖြစ်တယ်။ ဘာမှမသွားဘဲ နေလို့တော့ မရပေမယ့် သူ့ရဲ့ အရင်ကျောင်းထက်စာရင်တော့ လွတ်လပ်ခွင့် ပိုရှိတာ သေချာပါတယ်။

မြောင်ဟွာအထက်တန်းကျောင်းမှာတောင် သူက စူပါစတားတစ်ယောက် ဖြစ်နေဆဲပါပဲ။ အစပိုင်းမှာတော့ အဲဒီလို အကြည့်တွေကြောင့် သူ ဖိအားဝင်ပြီး ကြောက်ရွံ့ခဲ့ပေမယ့် တစ်နှစ်လောက်ကြာတော့လည်း အသားကျသွားပါတယ်။

သူ့အရွယ် လူအများစုက နီးကပ်လာတဲ့ ကောလိပ်စာမေးပွဲတွေကြောင့် တုန်လှုပ်နေချိန်မှာ သူကတော့ ပြည့်ကျပ်နေတဲ့ အလုပ်ဇယားတွေကြောင့် တုန်လှုပ်နေရတယ်။

အရင်က သူ့ကို တွန့်ဆုတ်သွားစေခဲ့တဲ့ လူတွေရဲ့ အကြည့်တွေက အခုတော့ သူ့ကို ပြုံးလာစေတယ်။ လူတွေရဲ့ အာရုံစိုက်မှု ဗဟိုချက်မှာ ရှိနေရတာထက် ပိုပျော်စရာကောင်းတာ မရှိတော့ဘူး။ အဲဒါက အနုပညာရှင်တစ်ယောက်ရဲ့ အရည်အချင်းလို့ သူ့အေဂျင်စီရဲ့ ဥက္ကဋ္ဌက ပြောခဲ့တယ်။ မကြာသေးခင်ကမှ သူစပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲမှာ အစကတော့ အရည်အချင်း မပြည့်မီလို့ဆိုပြီး စော်ကားမှုတွေ အများကြီး ခံခဲ့ရပေမယ့် အခုတော့ သူ့ကို အားပေးတဲ့သူတွေ ပိုပိုများလာတယ်။ ပရိသတ်တွေဆီက ရတဲ့ လက်ဆောင်တွေကလည်း များလာတယ်။ ဒါက ပရိသတ်တွေ သူ့ကို ပိုပြီး စိတ်ဝင်စားလာတယ်ဆိုတဲ့ သဘောပဲလေ။ အရင်ကတော့ သူ့အရွယ်လူတွေလောက်ပဲ သူ့ကို သိကြပေမယ့် အဓိကဇာတ်ကောင်တွေထဲက တစ်ယောက်အနေနဲ့ ဇာတ်လမ်းတွဲ စရိုက်ကတည်းက လူကြီးတွေကပါ သူ့ကို သိလာကြတယ်။ သူ့ရဲ့ နယ်ပယ်ကို ချဲ့ထွင်နေရတယ်လို့ ခံစားရတဲ့အတွက် နေ့တိုင်း သူ ပျော်ရွှင်နေမိတယ်။

"ဟင်း..."

ချယ်ရင်က သူ့မေးစေ့ကို လက်နဲ့ထောက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေလိုက်တယ်။ ဒီနေ့ ပြသခဲ့တဲ့ ဇာတ်လမ်းတွဲအပိုင်းမှာ သူ တော်တော်လေး ပါဝင်ခဲ့တာလေ။ အဲဒါက အဓိကဇာတ်ကောင်နှစ်ယောက်ရဲ့ အချစ်ရေးကို အကျဉ်းချုံးပြသထားတဲ့ အပိုင်းဖြစ်တယ်။ တော်တော်လေးကို နာမည်ကြီးတဲ့ အိုင်ဒေါအဖွဲ့တွေက ကောင်လေးနှစ်ယောက်နဲ့ အတူတူ သရုပ်ဆောင်နေရတာကို နည်းနည်းလေး ကြွားချင်တာကြောင့် သူ ကျောင်းကို လာလည်ခဲ့တာ။ သူက သက်သက်ကို လာလည်ခဲ့တာပါ။ သရုပ်ဆောင်ကလပ်က သူ့ကို ချီးကျူးတာမျိုး လိုချင်ခဲ့ပြီး အမျိုးသားသရုပ်ဆောင်တွေနဲ့ တွေ့ရတဲ့အတွက် သူ့ကို မနာလိုဖြစ်စေချင်ခဲ့တယ်။

ဒါပေမဲ့ သူရည်ရွယ်ထားသလို ဖြစ်မလာခဲ့လို့ အဲဒါကို သူ သဘောမကျဘူး။ တီဗွီထဲမှာက သူ့ပုံပေါ်နေပေမယ့် တခြားသူတွေက တခြားတစ်ယောက်ကို ကြည့်နေကြတာလေ။ အရာရာက သူ့အစီအစဉ်အတိုင်း ဖြစ်မလာတဲ့အတွက် သူ့ကို ဒေါသထွက်စေတယ်။

"အစ်ကို... ရေဒီယိုလေး ဖွင့်ပေးလို့ရမလား"

"ရေဒီယိုလား။ အိုကေလေ"

ချယ်ရင်က အခက်တွေ့နေတဲ့ပုံပေါက်နေတဲ့ ကောင်မလေးအကြောင်း တွေးမိပေမယ့် နောက်ဆုံးတော့ ခေါင်းခါပစ်လိုက်တယ်။ သူတို့က ဘယ်လိုမှ နှိုင်းယှဉ်လို့မရပါဘူး။ အဲဒီကောင်မလေးက အထက်တန်းကျောင်းက သရုပ်ဆောင်ကလပ်တစ်ခုက ကျောင်းသူတစ်ယောက်ပဲ ဖြစ်ပြီး သူကတော့ လူအများချစ်ခင်အားပေးရတဲ့ အိုင်ဒေါတစ်ယောက်လေ။ ဟုတ်တယ်၊ သူတို့က ဘယ်လိုမှကို နှိုင်းယှဉ်လို့ မရဘူး။

* * * * * * * * *

All Chapters